Switch Mode

ရွှေမင်းသမီး ၄

The Princess Garden of Memento
Chapter 4 – အတိတ်

ဖီးလစ်လူမှန်းသိတတ်စအရွယ်ကတည်းက သူ့မှာမိဘတွေမရှိကြတော့ဘူး။

လမ်းပေါ်က ကလေကချေတစ်ယောက်အနေနဲ့ သူ့အသက်တော်တော်ကြီးတဲ့အထိ လေလွင့်နေခဲ့ရတယ်။ ဆိုင်တွေက ပစ္စည်းတွေကို ခိုးဝှက်ရင်း အသက်ဆက်ခဲ့တာပေါ့။

တစ်နေ့တော့ သူ့ကိုလူတွေဖမ်းမိသွားပြီး ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံခဲ့ရတယ်။ တရားရုံးက သူ့ကိုလူငယ်ထိန်းသိမ်းရေးစခန်းပို့ဖို့တောင် အမိန့်ချတော့မယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ ဘဝအလှည့်အပြောင်းဆိုတာကြီး သူ့ဆီမှာဖြစ်လာခဲ့တယ်။

တရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ နာမည်မရှိ မျိုးရိုးမဲ့ကောင်လေးကို တိုက်ဆိုင်စွာရောက်ရှိလာတဲ့ ဘုရားကျောင်းက ဂုဏ်သရေရှိဖာသာတစ်ယောက်တွေ့သွားပြီး ကယ်မပေးခဲ့တယ်။ အနည်းဆုံးတော့ ဖီးလစ်ခံဝန်နဲ့ စောင့်ကြည့်ခံရရုံပဲရှိပြီး ထိန်းသိမ်းရေးစခန်းဆိုတာကြီးကို ရောက်မသွားခဲ့ဘူး။

ဖာသာက သူ့ရဲ့ဘုရားကျောင်းမှာ ဖီးလစ်လိုကလေးတော်တော်များများကို စောင့်ရှောက်ပေးထားတယ်။ သူကိုယ်တိုင်က မပြည့်စုံဘဲ တော်တော်လေးဆင်းရဲပေမဲ့ပေါ့။

ဖီးလစ်မှာ နာမည်မရှိမှန်းသိတဲ့အခါ သူ့ကိုနာမည်ပေးခဲ့တယ်။ ဒါပေမဲ့ သူ့မှာမျိုးရိုးနာမည်တော့ ရှိမလာခဲ့ဘူး။ ဖာသာကြီးကတော့ လူသားတိုင်းဟာ ဘုရားသခင်ရဲ့သားသမီးတွေဖြစ်တဲ့အတွက် မျိုးရိုးနာမည်မရှိလည်း ကိစ္စမရှိပါဘူးတဲ့။

ဖာသာက သူ့ကိုစောင့်ရှောက်ခဲ့ပေမဲ့ ဖီးလစ်ဟာ ဘုရားသခင်ဆိုတာကြီးကို အယုံအကြည်နည်းနည်းလေးမှမရှိ။ ဘုရားသခင်က လူတိုင်းကိုတန်းတူဆက်ဆံတယ်ဆိုရင် ဘာလို့လူသားတိုင်းက တူညီတဲ့စမှတ်တစ်ခုကို မရရတာလဲ။

ဒါပေမဲ့ ဖာသာဟာ သူ့ရဲ့ကျေးဇူးရှင်ဖြစ်လို့ ဖာသာဆုံးမသမျှကိုတော့ သူနာခံခဲ့တယ်။ လူလူချင်းကြင်နာတတ်ဖို့၊ ရိုးသားဖို့နဲ့ ဖေးမကူညီတတ်ဖို့ဆိုတာတွေက ဘာသာတရားကိုအယုံအကြည်မရှိရင်တောင်
လူတွေလိုက်နာရမယ့် ကျင့်ဝတ်တွေ။ ဒါမှလည်း လူသားဆန်ရာကျမှာကိုး။

လူသားဆိုတာက တစ်သီးတခြားတည်း နေနိုင်တဲ့ သက်ရှိတွေမဟုတ်ဘူး။ ဒါဆိုဘာကြောင့်များ ကိုယ်အသက်ရှင်နေချိန်မှာ ကိုယ်နေထိုင်ရာအုပ်စုလေးကို ပိုပြီးကောင်းမွန်လှပလာအောင် မလုပ်ချင်ရမှာတုန်း။

စမှတ်ကိုက နောက်ကျနေတဲ့အတွက် ဖီးလစ်တစ်ယောက် အများတကာထက်ကို ပိုပြီးကြိုးစားခဲ့တာပေါ့။

ဖာသာကြီးက ဖီးလစ်ကိုဉာဏ်ကောင်းတဲ့ကလေးမှန်း သိတဲ့အတွက်ကြောင့် ဘုရားကျောင်းစရိတ်ထဲကနေ ကျောင်းထားပေးခဲ့တယ်။ ဖီးလစ်ကိုယ်တိုင်လည်း ကြိုးစားတဲ့အတွက်ကြောင့် ကျောင်းရဲ့ဂုဏ်ဆောင်လေး ဖြစ်ခဲ့တာပေါ့။

ဒါပေမဲ့ မြို့စွန်က သာမန်မိဘမဲ့ကလေးတွေကို စောင့်ရှောက်ပေးနေတဲ့ ဘုရားကျောင်းကလေးသာဖြစ်လို့ ချမ်းသာတဲ့မိသားစုတွေက ဒီနေရာလေးကိုလာပြီး ကလေးမွေးစားဖို့ စဥ်းစားခဲ့တယ်။ ဖီးလစ်တော်တော်ကြီးလာတဲ့အထိ မွေးစားမိဘတွေနဲ့မတွေ့ခဲ့ရဘူး။

ဖီးလစ် အထက်တန်းကျောင်းကို ထူးထူးချွန်ချွန်နဲ့ အောင်မြင်တဲ့နေ့ကိုတော့ အဖေလိုလေးစားချစ်ခင်ရတဲ့ ဖာသာကြီး မြင်မသွားခဲ့ရရှာပါဘူး။ ချောင်းဆိုးသွေးပါရောဂါနဲ့ အသက်ငါးဆယ်အရွယ်မှာ ဆုံးပါးသွားခဲ့။ ဖာသာဟာလည်း သူတို့လိုပဲ ချို့ချို့တဲ့တဲ့နေခဲ့တာမလို့ ကျန်းမာရေးချူချာလှပါတယ်။

သေခါနီးတော့ ဖာသာကြီးက ဖီးလစ်ကို အမှာထားရစ်တယ်။ ‘ငါ့သား၊ ဖီးလစ်။ ဒီဘုရားကျောင်းကကလေးတွေကိုစောင့်ရှောက်ပြီး ဒေသနာတော်ကို ပြန့်ပွားအောင်လုပ်တဲ့။’ ဖာသာကြီးခင်ဗျာ ဖီးလစ်က ဘာသာမဲ့ဖြစ်နေမှန်း သေတဲ့အထိသိမသွားရှာဘူး။ ဖီးလစ်ကလည်း ကျွေးဖခင်စိတ်ထိခိုက်မှာစိုးလို့ မပြောမှမပြောတာကိုး။

ဖာသာကြီးမရှိတော့တဲ့နောက် ဘုရားကျောင်းကို နောက်ထပ်တာဝန်ယူတဲ့ ဖာသာဟာ သိပ်မလွန်းလှပါဘူး။ ပြောရရင်တော့ တရားဟောညံ့လှသလို ကြင်နာတတ်သူလည်းမဟုတ်ပြန်ဘူး။ ဒါကြောင့် နဂိုကမှ အလျှူရှင်နည်းလှတဲ့ကျောင်းလေးခင်ဗျာ မလောက်မငဖြစ်လာပါတော့တယ်။ ဖာသာအသစ်က ကလေးတွစရိတ်ကာမိစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ မိဘမဲ့ကလေးတွေကို အလုပ်ကြမ်းတချို့ လိုက်လုပ်ခိုင်းခဲ့တယ်။

အစ်ကိုကြီးဖြစ်တဲ့ ဖီးလစ်လည်း ကျေနပ်လှတယ်မဟုတ်ပေမဲ့ အလျှူရှင်နည်းပါးလာတာကို ဖြေရှင်းဖို့အတွက် သူ့မှာလည်းတခြားနည်းလမ်းမရှိ။

တစ်ခုတည်းသော ရွေးချယ်စရာက သူအလုပ်ကောင်းကောင်းရပြီး ဘုရားကျောင်းကို ပြန်ထောက်ပံနိုင်တဲ့အထိ ချမ်းသာလာဖို့ပဲ။ ဒီအတွက် ဖီးလစ်ဟာ တက္ကသိုလ်ကောင်းကောင်းဝင်ခွင့်ရဖို့အတွက် ပန်းတိုင်တစ်ခု သတ်မှတ်ထားလိုက်တယ်။

ဒါပေမဲ့ လောကကြီးက ရယ်ဖို့တော့ကောင်းသား။ သူတို့မြို့နယ်လေးအတွက် စကော်လာကို သူ့ထက်အမှတ်နည်းတဲ့ သူဌေးသားက လာဘ်ထိုးပြီးရသွားတယ်လေ။ အဖေလုပ်တဲ့သူက ပညာသင်ဆုပေးပွဲအခမ်းအနားမှာ မိန့်ခွန်းအရှည်ကြီးတောင် ပြောသွားသေးတယ်။

ဘာလို့ တတ်နိုင်နေတဲ့လူတွေက ဆင်းရဲသားတွေဆီက စကော်လာဝင်လုပြီး ဂုဏ်ပြုမိန့်ခွန်းလေးပြောခွင့်တစ်ခုအတွက် သူ့ကိုပုတ်ချရတာလည်း သူနားမလည်။ ဒီလောက်ချမ်းသာနေတာ ကိုယ့်စရိတ်နဲ့ကိုယ် ကျောင်းတက်လို့ရနေတာပဲမဟုတ်လား။

ဒီလိုနဲ့ ဖီးလစ်တစ်ယောက် စိတ်ပျက်ပျက်နဲ့ အထုပ်သိမ်းအိမ်ပြန်။ ကြည့်ရတာ ဒီတစ်သက်တော့ တက္ကသိုလ်တက်နိုင်တော့မယ်မထင်။ တစ်နေရာရာမှာ အထက်တန်းကျောင်းအောင်လက်မှတ်နဲ့ ရိုးရိုးအလုပ်လေးဝင်လုပ်ရမလား၊ ဒါမှမဟုတ်လည်း သမ္မာကျမ်းသင်ပြီး သူ့ဘုရားကျောင်းစုတ်လေးမှာ ဘုန်းတော်ကြီးလုပ်ရမလား။

အဲ၊ ဘုန်းတော်ကြီးကိစ္စကတော့ သိပ်အဆင်ပြေမယ်မထင်ဘူး။ နဂိုကတည်းက ကျောင်းထိုင်ဖာသာရှိပြီးသားဆိုတော့ နောက်က ဟိုလိုက်ဒီလိုက်အဆင့်လောက်ပဲ ဖြစ်တော့မှာ။ ပြီးတော့ နဂိုတည်းက ဘုရားသခင်အပေါ် အယုံမကြည်မရှိတော့ လူတကာကို အလွတ်ကျက်ထားတဲ့ ဒေသနာတွေနဲ့ ဂျင်းသိပ်တဲ့ လူလိမ်ကိုယ်တော်ကြီးဖြစ်နေတော့မှာ။ အေးလေ၊ ကိုယ်တော်တိုင်က ဘုရားကိုမယုံဘဲ သူများကိုလိုက် တရားဟောနေရင် နောက်လိုက်သာဝကတွေကို ဆိုးဆိုးဝါးဝါးလိမ်ရာမရောက်ပေဘူးလား။

အိန်း၊ သေပြီးခါမှ ဘုရားတကယ်ရှိတယ်ဆိုရင် သူ့ကိုငရဲတန်းပို့မှာ။

ကဲ၊ ဒီကိစ္စဒီမှာတင် ထားပေဦးတော့။

ဖီးလစ်စိတ်ပျက်ပျက်နဲ့ ဘုရားကျောင်းပြန်ရောက်လာပြီးတဲ့နောက်တော့ ဖာသာအသစ်က စေတနာနဲ့ လာအသိပေးရှာပါတယ်။

“ကဲ၊ ဖီးလစ်။ မင်းအသက်လည်း ဆယ့်ခြောက်နှစ်ကျော်ပြီကွာ။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်ဖို့အချိန်သင့်ပြီ။ အချိန်ရရင် တို့ဘုရားကျောင်းက ညီငယ်လေးတွေကို လာစောင့်ရှောက်ပါဦးတဲ့။”

ဟုတ်တော့လည်းဟုတ်တာပဲ၊ သူက မိဘမဲ့ဆိုပေမဲ့ ဘုရားကျောင်းက သူ့ကိုတစ်သက်လုံးတော့ တင်ကျွေးထားလို့မရဘူးလေ။

ဒီလိုနဲ့ စျေးပေါပေါနဲ့အခန်းလေးတစ်ခန်းငှားပြီး ရရာအလုပ်လုပ်ဖို့ဖြစ်လာတယ်။

ဒါပေမဲ့ တစ်လမကြာလိုက်ဘူး၊ စကော်လာဘုတ်အဖွဲ့က လူကြီးတစ်ယောက် သူ့ရှေ့ကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါလေရော။

“ကိုင်း၊ ဖီးလစ်။ ဖြစ်ခဲ့တာတွေအကုန်လုံးအတွက် ဦးလေးတောင်းပန်ပါတယ်ကွာ။ ငါ့မှာ မြင်နိုင်ကြားနိုင်တဲ့ မျက်လုံးတွေနားတွေရှိပေမဲ့၊ စဥ်းစားနိုင်တဲ့ဦးနောက်တွေရှိပေမဲ့ ငွေကြောင့်မှောက်မှားကုန်တယ်။” တဲ့။

ငွေနောက်လိုက် မိုက်ခဲ့ပြီး ဟိုသူဌေးမိသားစုကို မျက်နှာသာပေးခဲ့ပေမဲ့ အဲဒီနေ့ပြီးကတည်းက တစ်ညမှအိပ်မပျော်ဘူးတဲ့။ စိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့ အထုပ်သိမ်းပြန်သွားတဲ့ ဖီးလစ်မျက်နှာကိုပဲ မြင်ယောင်ပြီး အိပ်မပျော်ဘူးတဲ့။ ဒါကြောင့် ကိုယ်တိုင်ကိုယ်ကျ လာတောင်းပန်ရင်း အပြစ်ပြေရာပြေကြောင်း လာလုပ်တာတဲ့။ ပြီးရင် ဖီးလစ်နေတဲ့ဘုရားကျောင်းကိုသွားပြီး ဝန်ချတောင်းပန်ဦးမှာတဲ့။

ဖီးလစ်ကတော့ ဘုတ်အဖွဲ့လူကြီးမင်းပြောတာအများစုကို စိတ်မဝင်စားဘူး။ ဒါပေမဲ့ ပြန်ခါနီးသူပေးသွားတဲ့ ထောက်ခံစာလေးကိုတော့ စိတ်ဝင်စားတယ်။

ဂုဏ်သရေကြီးမားလှတဲ့ အင်ပါယာတော်ဝင်ကျောင်းတော်ဝင်ခွင့်အတွက် စာမေးပွဲဖြေခွင့်ထောက်ခံစာ။ ပြောရရင်တော့ နောက်စကော်လာတစ်ခု ဝင်လျှောက်ဖို့အတွက် ထောက်ခံစာပဲ။ ဒါပေမဲ့ သူအရင်ဝင်ဖြေတဲ့ ပြည်နယ်တက္ကသိုလ်လေးထက်တော့ အများကြီးပိုမြင့်တယ်။

တော်ဝင်တက္ကသိုလ်က နိုင်ငံရဲ့ဆွေကြီးမျိုးကြီးတွေအတွက်ပဲ၊ သာမန်လူတွေတက်ဖို့အတွက်ဆို ကျောင်းဖက်က တောင်းဆိုတဲ့ လိုအပ်ချက်တွေများလွန်းတယ်။ အင်မတန်တော်ပေထက်ပေ့ဆိုတဲ့ ကျောင်းသားမျိုးကိုသာ လက်ခံတာဖြစ်ပြီးတော့ ဘာသာရပ်တိုင်းအတွက် မေးတဲ့မေးခွန်းတစ်ရာဖိုးမှာ ဆယ်မှတ်ပဲမှားပိုင်ခွင့်ရှိတာ။ တကယ်လို့ အမှတ်ကိုးဆယ်ကျော်တွေနဲ့ချည်း အောင်တယ်ထားဦး၊ အများဆုံးလူတစ်ယောက်ကိုပဲ လက်ခံတာ။

တော်ဝင်ကျောင်းက တစ်နှစ်မှာသာမန်လူတစ်ယောက်ကိုပဲ လက်ခံတာဖြစ်သလို သက်မှတ်ချက်တွေ များလွန်းတဲ့အတွက် ဆယ်နှစ်မှာတစ်ယောက်လောက်ပဲ တက်နိုင်တာများတယ်။ ပြောရရင် ဘုတ်အဖွဲ့လူကြီးမင်းက တစ်သက်လုံးမပေါက်တော့မယ့် ထီလက်မှတ်ကြီးကို ဖီးလစ်လက်ထဲထိုးထည့်လိုက်သလိုလို။

အခွင့်အရေးက တော်တော်နည်းပေမဲ့ ကမ္ဘာပေါ်မှာ ဆန်းကြယ်မှုတွေဆိုတာ အမြဲဖြစ်နေတာပဲမဟုတ်လား။ ပေါက်တဲ့နဖူး မထူးတော့ပြီဆိုပြီး ကြိုးစားလိုက်တဲ့ ဖီးလစ်လည်း တစ်ခါတည်း အင်ပါယာစကော်လာဖြစ်သွားပါလေရောလား။

နောက်ထူးဆန်းမှုတစ်ခုကတော့ အင်ပါယာဘုရင်ကြီးရဲ့တစ်ဦးတည်းသောသမီး မင်းသမီးလီလီယာဟာ သူ့ကိုမြင်မြင်ချင်း ချစ်သွားခဲ့တာပါပဲ။

တက္ကသိုလ်ရဲ့သုံးနှစ်တာကာလက ဖီးလစ်အတွက် ပျော်စရာကောင်းဆုံး ကာလတွေဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ယောက် ရှိနေချိန်မှာ ဖီးလစ်ဟာ သူ့ကိုယ်သူ သာမန်မိဘမဲ့ကောင်လေးတစ်ယောက်ဆိုတာကို မေ့ထားခဲ့ပြီး လီလီယာကတော့ သူ့ရဲ့ရွှေပေါ်မြတင် မင်းသမီးဘဝကို မေ့ထားခဲ့တယ်။

ဒီကမ္ဘာမှာ အချစ်ဆိုတာက လူတိုင်း၊ သတ္တဝါတိုင်း သက်ရှိတိုင်းအတွက် ဖြစ်တည်နေတာပါ။ ဖီးလစ်နဲ့လီလီယာရဲ့အချစ်က ပထမဆုံးသော အဆင့်အတန်းမတူညီတဲ့ အချစ်တစ်ခုမဟုတ်ခဲ့ဘူး။

အလားတူပဲ ဆန့်ကျင်ကန့်ကွက်မှုတွေကလည်း ပထမဆုံးအကြိမ်မဟုတ်ခဲ့ဘူး။ နောက်ဆုံးမှာတော့ အဲဒီအဖြစ်အပျက်လေးဟာ မင်းသမီးလီလီယာကို နန်းစွန့်ရတဲ့အထိ ကြီးမားသွားခဲ့တယ်။

“ကျွန်မအပေါ် မျှော်လင့်ချက်ကြီးကြီးထားခဲ့တဲ့ လူတိုင်းကို ဒီနေရာကနေပဲ တောင်းပန်ပါရစေ။ ကျွန်မ နှလုံးသားက စေစားတဲ့အတိုင်းလုပ်ဖို့ ဆုံးဖြတ်ပြီးသားဖြစ်လို့ ဒီနေရာမှာပဲ အားလုံးကိုနှုတ်ဆက်ပါရစေ။”

….

ကျောင်းပြီးတဲ့နောက်တော့ ကြင်သူနှစ်ဦးဟာ အသက်ထက်ဆုံး အတူရှိနေကြဖို့အတွက် တစ်ဦးနဲ့တစ်ဦး သစ္စာပြုခဲ့ကြတယ်။

တော်ဝင်အဆင့်အတန်းတွေမပါဘဲ သာမန်မင်္ဂလာပွဲလေးတစ်ခု ကျင်းပခဲ့ကာ ရင်းနှီးတဲ့မိတ်ဆွေတချို့ကိုပဲ ဖိတ်ကြားခဲ့တယ်။

ဖီးလစ်တစ်ယောက် နှစ်အတန်ကြာအလုပ်လုပ်ပြီးတဲ့နောက်တော့ မြို့စွန်က မြေကွက်လေးတစ်ခုကိုဝယ်ပြီီး အိမ်လေးတစ်လုံးကို​ ဆောက်နိုင်ခဲ့တယ်။ သူတို့ဘဝကြီးထဲကို အိမ်ဆည်းလည်းလေးတစ်ယောက် ဝင်မလာခဲ့သလို ချမ်းသာတဲ့နေထိုင်မှုပုံစံမျိုးလို့ ဆိုလို့မရနိုင်ပေမဲ့ ငြိမ်းချမ်းပြီးပျော်ရွှင်ရတဲ့အချိန်တွေက မကုန်ဆုံးနိုင်သလိုမျိုး ရှေ့ဆက်နေခဲ့တယ်။

လက်မထပ်ခင်ကအထိ မင်းသမီးတစ်ပါးအဖြစ်နေထိုင်ခဲ့တဲ့ လီလီယာဟာ အိမ်ရှင်မကောင်းတစ်ယောက်တော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ သူ့ကိုဂရုစိုက်ပေးမဲ့ အိမ်ရှင်ထီးတစ်ယောက် ရှိနေခဲ့ပြီးသားလေ။

နေ့စဥ်စားနေရတဲ့ ဟင်းလျာတွေဟာ ကမ္ဘာအဆင့်စားဖိုမှူးတစ်ယောက် ချက်ထားတာမဟုတ်ခဲ့ပေမဲ့ တစ်ဦးမျက်နှာတစ်ဦးကြည့်ရင်း စားလို့မြိန်ခဲ့တယ်။

မနက်ခင်း လမ်းလျှောက်ဖို့အတွက် ကိုယ်ပိုင်ဥယျာဥ်တော် မရှိတော့ပေမဲ့ ဖီးလစ်စိုက်ပျိုးပေးခဲ့တဲ့ ပန်းပင်တွေဟာ မနက်ခင်းတိုင်းမှာ ရနံသင်းပျံစွာနဲ့ သူ့ကိုနှုတ်ဆက်နေတယ်။

ငြိမ်းချမ်းတဲ့အချိန်တွေ တိတ်တဆိတ် ကုန်ဆုံးသွားတဲ့အထိပေါ့။

….

“ပြောရမှာတော့ စိတ်မကောင်းပါဘူး၊ ဆာ။ မင်းသမီး လီလီယာမှာ ကင်ဆာဖြစ်နေတာကြာပါပြီ၊ အဆင့် ၂ ထဲကိုရောက်နေပြီမလို့ တော်တော်ကြီးအကုန်ကျခံကုရတော့မှာပါ။ စောစောတွေ့ခဲ့ရင်တော့ ကံကောင်းနိုင်ပေမဲ့ပေါ့။”

ထာဝရရဲ့နောက်ထပ် အနက်တစ်ခုက တဒင်္ဂတဲ့။ ထာဝရဆိုတာဟာ အဆုံးမဲ့တဲ့အရာတစ်ခုတော့မဟုတ်ခဲ့ဘူး။ ငါတို့ရဲ့စကြဝဠာကြီးမှာတောင် အဆုံးသတ်ဆိုတာ ရှိနေခဲ့မှတော့ သေမျိုးလူသားတွေအတွက်ကတော့ ဘဝဆိုတာဟာ တစ်ခဏတာပါပဲ။

ချစ်ရတဲ့ လီလီယာရဲ့ဘဝဟာ စောစီးစွာနဲ့ အဆုံးသတ်ကို ရောက်လာခဲ့တယ်။

တကယ်လို့ အဲဒီနေ့က သင်သာ တော်ဝင်နန်းတော်ကြီးထဲမှာ ရှိနေခဲ့မယ်ဆိုရင်တော့ ဘုရင်ကြီးနဲ့တွေ့ဖို့အတွက် အသနားခံနေခဲ့တဲ့ အိမ်နိမ့်စံကြင်ယာတော်မင်းသားကို ဧည့်ခန်းမထဲမှာ တွေ့နိုင်မှာပါ။

အချိန်အတော်ကြာ စောင့်ဆိုင်းပြီးတဲ့နောက်မှာတော့ တော်ဝင်ဘဏ္ဍာစိုးတစ်ယောက် စာရွက်စာတမ်းတချို့ကိုင်ပြီး ဧည့်ခန်းထဲကို ဝင်လာခဲ့ပါတယ်။

“မစ္စတာ… အာ… ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ။ ခင်ဗျားမှာမျိုးရိုးနာမည်မရှိဘူးဆိုတော့။”

“ဖီးလစ်လို့ပဲခေါ်ပါ၊ ဆာ။”

“ဟုတ်ပါပြီ၊ ဆာဖီးလစ်။ ခင်ဗျားပြောတဲ့အကြောင်းကို ဘုရင်ကြီးဆီ အစီအရင်ခံပြီးပါပြီ။ ဘုရင်ကြီးကလည်း သူ့သမီးဒီလိုရောဂါဆိုးမျိုးကို ခံစားနေရတဲ့အတွက် ဝမ်းနည်းတဲ့အကြောင်း ပြောပါတယ်။ သူက အတော်ဆုံးဆရာဝန်တွေကိုခေါ်ပြီး ကုသပေးဖို့အတွက် သဘောတူပါတယ်။”

ဖီးလစ်က မျှော်လင့်ချက်ကြီးစွာနဲ့ တော်ဝင်ဘဏ္ဍာစိုးကို မော့ကြည့်လိုက်တယ်။ ဒါပေမဲ့ ဘဏ္ဍာစိုးကတော့သူ့ကိုမကြည်ဟန်နဲ့ စာရွက်အထပ်လိုက်ကိုသာ ပေးလိုက်တယ်။ စာချုပ်စာတမ်းတွေမှာတော့ တော်ဝင်မိသားစုတံဆိပ်ပါပြီး လက်မှတ်ထိုးဖို့တစ်နေရာကတော့ အလွတ်ဖြစ်နေတယ်။

“ဒါပေမဲ့၊ အခြေအနေတစ်ခုတော့ ခင်ဗျားဘက်က လိုက်ရောပေးရပါမယ်။ ဘုရင်ကြီးက သူ့သမီးကိုပဲ ပြန်လိုချင်တာပါ။ ခင်ဗျားတော့မပါဘူးလေ။ ဒီတော့ ခင်ဗျားသူ့ကိုကွာရှင်းပေးပြီး တော်ဝင်မိသားစုကို မင်းသမီးအဖြစ်ပြန်လာဖို့ ခွင့်ပြုပေးရပါမယ်။”

ဖီးလစ်တုန်ရီနေတဲ့ သူ့လက်တွေနဲ့ စာချုပ်မှာလက်မှတ်ထိုးပေးလိုက်တယ်။ သူ တစ်ကိုယ်ကောင်းမဆန်ချင်ဘူး။

နောက်တစ်နေ့ရောက်တော့ မင်းသမီးလီလီယာကို တော်ဝင်မိသားစုကလူတွေ ပြန်ခေါ်သွားကြတယ်။ ဖီးလစ်တစ်ယောက်သာ အထီးကျန်စရာကောင်းတဲ့ အိမ်ငယ်လေးထဲမှာ ကျန်ရစ်ခဲ့ရင်းပေါ့။

ရက်တွေလတွေကို သူမမှတ်မိတော့ဘူး။ လီလီယာမရှိတော့ပေမဲ့ ပန်းခြံလေးထဲက ပန်းတွေကို သူစောင့်ရှောက်ပေးနေဆဲပဲ။ ဘုရားကိုသူမယုံပေမဲ့ သူနေ့တိုင်းဆုတောင်းဖြစ်တယ်၊ အသက်ရှည်ရှည်နေရအောင် စောင်မပေးပါလို့ပါ။

တစ်နေ့တော့ သူ့အိမ်တံခါးလေး ပွင့်နေတာကို သတိထားမိခဲ့တယ်။ ပန်းခြံထဲမှာတော့ ဘီးတပ်ကုလားထိုင်လေးတစ်လုံး။ အဲဒီဘီးတပ်ကုလားထိုင်ပေါ်မှာတော့ မမှတ်မိနိုင်လောက်အောင် ပိန်ကျသွားတဲ့ လီလီယာရှိနေခဲ့တယ်။ သူက ဖီးလစ်ကို ပျော်ရွှင်စွာပြုံးပြလို့။

ဝင်လုဆဲဆဲနေကတော့ သူတို့နှစ်ယောက်လုံးနဲ့ပန်းခြံပေါ်ကို ဖြာကျလို့နေခဲ့တာပေါ့။ နောက်တော့ ဘာစကားမှမပြောဖြစ်ပဲ သူတို့တစ်ယောက်ကိုယ်တစ်ယောက် ထွေးပွေ့ထားဖြစ်ကြတယ်။

တချို့အရာတွေက ငွေကြေး၊ အာဏာတွေကိုသုံးပြီး အရယူလို့မရနိုင်ဘူး။ အဲဒီအထဲမှာ ကျန်းမာရေးလည်းပါတယ်။ ဘုရင်ကြီးအမိန့်နဲ့အတူ အတော်ဆုံးဆရာဝန်တွေ၊ အတော်ဆုံးကုထုံးတွေကိုသုံးပြီး လီလီယာကို ကုသပေးခဲ့ပေမဲ့ ဘာမှမထူးခြားခဲ့ဘူး။ သေခြင်းတရားနဲ့လီလီယာကြားမှာ အခုတော့စက္ကူပါးပါးလေးတစ်ချပ်ပဲ ကျန်တော့တယ်။

နောက်ဆုံးတော့ သူ့ကိုလွတ်မြောက်ခွင့်ပေးဖို့အတွက် ခမည်းတော်ဖြစ်သူကို ပြောခဲ့ပြီး အချစ်အသိုက်အမြုံလေးဆီကို ပြန်လာခဲ့တယ်။ နောက်ဆုံးအချိန်တွေကို ဒီနေရာမှာပဲ ဖြတ်သန်းဖို့အတွက်ပေါ့။

သူတို့နှစ်ယောက် တစ်ဦးကိုတစ်ဦး ပွေ့ဖက်ထားရင်းနဲ့ နေဝင်ဆည်းဆာကို အတူကြည့်ခဲ့ကြတယ်။ လီလီယာတစ်​ယောက် ချစ်ရသူဖီးလစ်ရဲ့ရင်ခွင်ထဲမှာ ထာဝရအိပ်မောကျမသွားခင်အထိပေါ့။

Comment

Leave a Reply

Options

not work with dark mode
Reset