Switch Mode

ရွှေမင်းသမီး ၃

The Princess Garden of Memento
Chapter 3 – မိသားစု

“လူနာ၊ အရင်တစ်ခေါက်ရေးခဲ့တဲ့ နတ်သမီးပုံပြင်အကြောင်း စာစီစာကုံးက သိပ်ကောင်းတယ်။ ဆရာမ ဂျာနယ်တစ်ခုမှာအလုပ်လုပ်တဲ့ သူငယ်ချင်းကိုပြကြည့်တော့ တင်ပြပုံအဆင့်မီတယ်ပြောတယ်။ သဒ္ဒါနဲ့စကားလုံးအသုံးအနှုန်းပိုင်းမှာ နည်းနည်းကြိုးစားဖို့လိုသေးပေမဲ့ပေါ့။ ဒီတစ်ခေါက်လည်း အားကိုးမယ်နော်။”

လူနာစိတ်ကောက်ပြီး ဦးလေးကြီးခြံထဲအတင်းခိုးဝင်တဲ့ကိစ္စက တစ်ပတ်ကြာခဲ့ပြီ။ ဦးလေးကြီးနဲ့လည်း တော်တော်လေးခင်နေပြီမလို့ နေ့တိုင်းသွားကစားဖြစ်တယ်။

ဒါကြောင့်ဦးလေးကြီးအကြောင်းတချို့ကို ပိုသိလာရတယ်။ ဦးလေးကြီးက မုန့်ဖုတ်တတ်ပြီး သူလုပ်ပေးတဲ့ ကွက်ကီးတွေက စားလို့သိပ်ကောင်းတယ်။ ပြီးတော့ လူနာကိုစစ်တုရင်ကစားတတ်အောင် သင်ပေးခဲ့သေးတယ်။

လူနာလေးက နတ်သမီးပုံပြင်တွေ ကိုယ်တိုင်ရေးနေတဲ့အကြောင်းပြောတော့ ဦးလေးကြီးက သိပ်လိုလားပုံမပြဘူး။ ဘာလို့ဆို အဓိပ္ပါယ်မရှိလို့တဲ့။ အင်း၊ ဦးလေးကြီးက လူကြီးဆိုတော့ နတ်သမီးပုံပြင်တွေကို မနှစ်ခြိုက်တော့တာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။

ဒါပေမဲ့ ဒီနေ့ပေးလိုက်တဲ့ စာစီစာကုံးခေါင်းဆောင်ကြောင့် လူနာတော်တော်လေးစိတ်ညစ်နေတယ်။ တကယ်လို့ ဆောင်းဦးရာသီတို့၊ ကျောင်းစာကြည့်တိုက်တို့အကြောင်းဆိုရင် သူနည်းနည်းပါးပါးရေးတတ်ဦးမယ်။ ဒါပေမဲ့ ဒီတစ်ခါက မိသားစုအကြောင်းတဲ့။

တခြားကျောင်းနေဖက် ကလေးတွေရဲ့မိသားစုတွေနဲ့ယှဥ်ရင် လူနာလေးရဲ့မိသားစုက ရိုးရှင်းပြီး သိပ်ကိုငြီးငွေ့ဖို့ကောင်းတယ်။

လူနာ ကျောင်းသွားတယ်၊ ကျောင်းပြန်တယ်။ ပန်းခြံထဲမှာကစားတယ်။ မေမေက နောက်ကျမှ အိပ်ရာထတယ်၊ ညနက်တဲ့အထိ ပုံဆွဲတယ်။ နောက်ကျမှအိပ်ရာဝင်တယ်။ ပြီးရင် တစ်နှစ်တစ်ခါအိမ်ပြောင်းတယ်။ ဒါသူတို့မိသားစုသံသရာပဲ။ ကစားကွင်းသွားတာလိုမျိုး ပျော်စရာသေးသေးလေးတောင်မရှိဘူး။

“ကယ်ဗင်၊ နင်ရောဘယ်လိုရေးမယ် စဥ်းစားထားလဲ။” အတန်းထဲက တခြားစာတော်တဲ့ကလေးကို မေးကြည့်တော့ အဖြေက သိပ်မထူးခြား။

“မိသားစုဆိုမှတော့ နင့်အဖေတို့အမေတို့အကြောင်းပဲ ထည့်ရေးရမှာပေါ့ဟဲ့။” ကယ်ဗင်ပြန်ဖြေတာက နည်းနည်းအသံကျယ်သွားလို့လားမသိဘူး အတန်းထဲက တချို့ကောင်လေးနဲ့ကောင်မလေးတချို့လည်း ကြားသွားပြီး ဟားတိုက်ရယ်မောလိုက်ကြတယ်။

“အင်း… ငါတော့အမေတစ်ယောက်တည်းအကြောင်းပဲ ရေးရတော့မယ်ထင်ပါရဲ့။” လူနာတစ်ယောက် စိတ်ညစ်ညစ်နဲ့ တစ်​ယောက်တည်းညည်းလိုက်မိလေရဲ့။

အိမ်ပြန်ရောက်တော့ ပန်းခြံထဲကို အရင်မသွားသေးဘဲ လူနာက ကုတင်ကိုစာကြည့်စားပွဲလိုသုံးပြီး စားအုပ်တွေကို ဖြန့်ခင်းလိုက်တယ်။ ကျောင်းကပြန်လာကတည်းက ခက်ခဲတော့မယ့် စာစီစာကုံးနဲ့ပတ်သက်ပြီး တိုက်ပွဲကြိုဝင်ဖို့ စဥ်းစားထားတာ။

“ကျွန်မနာမည်က လူနာ ယာရီဗယ်ပါ။ ကျွန်မအမေကတော့ လူစီ ဟာရီဗယ်။ မိသားစုထဲမှာ အမေနဲ့သမီးနှစ်ယောက်တည်းရှိတာ။ ကျွန်မအမေက နာမည်ကြီးပန်းချီဆရာမ၊ ခုတော့ Pivixမှာ ကောင်မရှင်လက်ခံတယ်။ မနက်နာရီအလန်းမြည်လို့ ကျွန်မနိုးလာရင် အမေ့ကို အရင်သွားနှိုးရတယ်။ ဒါမှအမေနောက်ကျမှနိုးပြီး မနက်စာလွတ်မယ့်ရန်ကနေ ကာကွယ်နိုင်မှာ။”

သုံးလေးကြောင်းလောက် ရေးပြီးတဲ့နောက်တော့ လူနာလည်း မနေနိုင်တော့ဘဲ ရေးလက်စစာရွက်ကို စုတ်ဖြဲလိုက်မိတယ်။ ဘယ်လောက်တောင် ဆိုးဝါးတဲ့ စာစီစာကုံးလဲ။ အတန်းထဲကလူတွေ အူတက်ပြီးသေကုန်လိမ့်မယ်။

တစ်ချိန်တည်းမှာပဲ လူနာဟာ တစ်ခါမှ သူမတွေ့ခဲ့ဖူးတဲ့ အဖေအကြောင်းကို စိတ်ကူးယဥ်မိလာပြန်တယ်။ ပျင်းစရာကောင်းတဲ့ အမေအကြောင်းထက် အဖေအကြောင်းကိုပါ ထည့်ရေးရရင်မကောင်းဘူးလား။

ဒါပေမဲ့ လူနာရဲ့အဖေဟာ သူမွေးပြီးကတည်းက တစ်ခါမှလာကြည့်ဖော်မရသလို သူတို့ရှိလို့ရှိမှန်းလည်း သိပုံမရဘူးရယ်။ အရင်နှစ်တွေတုန်းက အဖေ့အကြောင်းမေးဖူးပေမဲ့ လူနာ့မေမေက သိပ်မပြောပြဘူး။ အမြဲရှောင်ထွက်နေသလိုပဲ။ ဒါပေမဲ့ ဒီနေ့တော့ရအောင် မေးကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။

လူနာတစ်ယောက် သူ့အခန်းထဲကထွက်လာပြီး ပုံဆွဲနေတဲ့ အမေဖြစ်သူနားကို ရောက်လာတယ်။ အခုတလော လူနာပျော်နေတာတွေ့လို့လားတော့မသိပေမဲ့ လူနာ့မေမေလည်း စိတ်ကောင်းဝင်နေတယ်။

“အမေ… သမီးတစ်ခုလောက်မေးလို့ရမလား။”

လူနာအနားရောက်လာတာကို သတိထားမိတော့ လူနာ့မေမေက လက်ထဲက ဒီဂျစ်တယ်ပင်ကို ချထားပြီး လှည့်ကြည့်လိုက်တယ်။

“သမီး၊ ခါတိုင်းဆိုရင် အိမ်ရှေ့အိမ်ရောက်နေပြီမဟုတ်လား။ ဘယ်လိုလုပ်ပြီး အိမ်မှာရှိနေသေးတာလဲ။”

လူနာလည်း အမေ့ဆီကနေ သူတစ်ခါမှမတွေ့ဖူးတဲ့ အဖေအကြောင်းကိုမေးဖို့ တုံ့ဆိုင်းနေမိတာနဲ့ တံထွေးကို လည်ချောင်းထဲပြန်မျိုချလိုက်မိတယ်။

“ကျောင်းက သမီးကို စာစီစာကုံးရေးခိုင်းလိုက်လို့လေ၊ ခက်တာနဲ့ သမီးအမေ့ဆီက အကူအညီတောင်းမလို့ပါ။” မေးခါနီးခါမှ လူနာလည်း သတ္တိတွေကြက်ပျောက်ငှက်ပျောက်ပျောက်သွားပြီ။ တကယ်လို့ သူတို့သားအမိကိုဂရုမစိုက်တဲ့ အဖေအကြောင်းမေးမိလို့ အမေဒေါသထွက်သွားရင် ဘယ်လိုလုပ်မလဲ။

ပြီးတော့ လူနာအကြောက်ဆုံးက လူနာစိတ်ကူးယဥ်ထားတဲ့ အဖေဆိုတာက လူကောင်းတစ်ယောက်မဟုတ်ခဲ့ရင်ရော။

သူကြည့်ခဲ့ဖူးတဲ့ တီဗီစီးရီးတွေထဲကလို မကောင်းတဲ့အဖေမျိုးဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ လူနာအနေနဲ့ လက်ခံဖို့ခဲယဥ်းတာမျိုးဖြစ်နေရင် ဘယ်လိုလုပ်မလဲဆိုပြီး ကိုယ့်ဘာသာပြန်တွေးကြောက်မိနေတာမျိုး။

လူနာမေမေကတော့ သူ့သမီးရှက်ကိုးရှက်ကန်းဖြစ်နေတာတွေ့တော့ ပြုံးလိုက်ပြီး မေးလာတယ်။ “ပြောလေ၊ သမီးကိုကျောင်းက ဘာစာစီစာကုံးရေးခိုင်းလိုက်လို့လဲ။ အမေကူညီနိုင်ရင် ကူညီပေးမယ်လေ။”

နောက်တော့ လူနာလည်း တွန့်ဆုတ်တွန့်ဆုတ်နဲ့ စပြောတော့တယ်။ “သမီးကို မိသားစုအကြောင်းရေးခိုင်းလိုက်တာပါမေမေ။ ဒါပေမဲ့ အမေအကြောင်းပဲရေးရင် ငြီးငွေ့ဖို့ကောင်းတယ်ထင်တာနဲ့ ဖေဖေ့အကြောင်းပါ ရေးချင်လာတယ်လေ။ ဒါပေမဲ့ သမီးက ဖေဖေ့ကိုမတွေ့ဖူးတော့ အမေ့ကိုမေး…မေးလို့။”

လူနာက အမှားလုပ်ထားတဲ့ ကြောင်လေးတစ်ကောင်လိုမျိုး နောက်ကိုရို့ရို့လေးဆုတ်သွားလေရဲ့။ ဒါပေမဲ့ အမေ့မျက်နှာပေါ်မှာ သူစိတ်ကူးယဥ်ထားသလိုမျိုး ဒေါသကြောင့် တင်းမာသွားတာမျိုးမရှိဘူး။

“ဘာများလဲလို့… သမီးက သမီးအဖေအကြောင်း သိချင်နေတာပဲ။” ဘယ်လိုကလေးမျိုးပဲဖြစ်ဖြစ် မိဘတွေအကြောင်း စိတ်ဝင်စားတာက သဘာဝပဲလေ။

“အင်း… အမေသမီးကို သမီးအဖေအကြောင်း အရင်က တစ်ခါမှမပြောပြခဲ့ဖူးတော့ သမီးစိတ်ထဲ တစ်မျိုးကြီးဖြစ်နေမှာပေါ့။”

အဲဒီနောက်တော့ လူနာကို လူနာ့မေမေက အခုထိပေါ်မလာခဲ့တဲ့ ဖခင်အကြောင်းကို ပြောပြခဲ့တယ်။ နည်းနည်းတော့ နာကျင်စရာကောင်းပေမဲ့ လူနာရဲ့အမေက တာဝန်မဲ့တဲ့ဖခင်နဲ့ပတ်သက်ပြီး အ​ငြိုးကြီးကြီးထားခဲ့ပုံမပေါ်ဘူး။

“သမီး။ သမီးအမေက ဖခင်ကောင်းတစ်ယောက်၊ ခင်ပွန်းကောင်းတစ်ယောက် ပီသချင်မှ ပီသလိမ့်မယ်။ ဒါပေမဲ့ သမီးမုန်းရလောက်အောင်တော့ ထိုက်တန်တဲ့သူတစ်ယောက်မဟုတ်ပါဘူး။ အမေတို့ကံပေါ့။”
မစ္စတာဟာရီဘယ်က ကိုယ့်ကိုယ်ကိုယ်တောင် တာဝန်မယူနိုင်တဲ့ လူရမ်းကားတစ်ယောက်။ အချိန်ရှိသရွေ့ ကြီးမြတ်တဲ့အလုပ်လို့ သူယူဆခဲ့တဲ့ ဂိုဏ်းစတားဆန်ဆန်အလုပ်တွေပဲ လုပ်နေခဲ့တာ။ ဆိုင်ကယ်ကို ကြမ်းကြမ်းတမ်းတမ်းမောင်းမယ်၊ သောက်မယ်စားမယ်၊ နေ့ရှိသ၍ရန်ဖြစ်မယ်။ စတာတွေပဲ သူ့ခေါင်းထဲမှာရှိတယ်။

မစ္စတာဟာရီဘယ်ရဲ့မိဘတွေက အတန်သင့်ချမ်းသာပြီး သူ့ကိုအလိုလိုက်ထားတယ်။ ငယ်ရွယ်စဥ်က မိုက်ရူးရဲဆန်ခဲ့တဲ့ လူစီကလည်း အဲဒီပေပေတေတေ လူမိုက်ကောင်လေးနဲ့ ချစ်ကြိုက်ခဲ့ပြီး လက်မထပ်ဘဲ အတူနေခဲ့တဲ့အထိပဲ။

မစ္စတာဟာရီဘယ်က လူစီကိုလက်ထပ်ဖို့ ရည်ရွယ်ထားပေမဲ့ ဟာရီဘယ်မိသားစုကတော့ ဒီလိုမိုက်ရူးရဲမိန်းကလေးမျိုးကို သဘောမတူခဲ့ဘူး။ နဂိုသူတို့သားကိုက မိုက်ရူးရဲဆန်လှပြီ၊ အချစ်တစ်ခုတည်းအတွက်နဲ့ ယောက်ျားလေးတစ်ယောက်နောက်လိုက်နေရဲတဲ့ မိန်းကလေးတစ်​ယောက်နဲ့ ပေးစားရလောက်တဲ့အထိ သူတို့မစွန့်စားရဲဘူး။

ပိုဆိုးတာကတော့ လူနာလေးကို မွေးဖို့လအနည်းငယ်ပဲ ကျန်တော့ချိန်မှာ မစ္စတာဟာရီဘယ်က ရန်ပွဲကြီးတစ်ခုဝင်ဆင်နွှဲခဲ့ပြီး တခြားဆယ်ကျော်သက် ကောင်လေးတစ်ယောက်ကို သတ်မိခဲ့တာပဲ။ မိဘတွေက ချမ်းသာပြီးဩဇာရှိပေမဲ့ တရားဥပဒေဘောင်ကိုတော့ မကျော်လွှားပေးနိုင်ခဲ့ဘူး။

မစ္စတာဟာရီဘယ်လည်းထောင်ကျပြီး လက်ထပ်မယ့်အစီအစဥ်လည်းပျက်သွားတယ်။ ဟာရီဘယ်မိသားစုကတော့ ကလေးနဲ့ကျန်နေခဲ့တဲ့ ဒီမိန်းကလေးကို နည်းနည်းလေးမှ တာဝန်မယူတာပါ။

နောက်ဆုံးတော့ လူစီလည်း အရှက်ရနေတဲ့ မိဘတွေအိမ်ကနေ ဆင်းလာပြီး ဟာရီဘယ်တွေနဲ့ဝေးရာမြို့ကိုပါ ထွက်လာခဲ့တယ်။ ဆယ်နှစ်ကျော်လုံး တစ်ဦးတည်းရုန်းကန်ရင်း လူနာ့ကိုပျိုးထောင်ပေးခဲ့ရင်းနဲ့ပေါ့။

“အမေလည်း သမီးအဖေ့ကိုချစ်ပါတယ်၊ သူကလည်း အမေ့ကိုချစ်တယ်။ ဒါပေမဲ့ အချစ်တစ်ခုတည်းနဲ့ ဘဝကိုတည်ဆောက်လို့မရဘူးလေ။ သူပြောတဲ့ ပြုပြင်မယ်ဆိုတဲ့ မတည်နိုင်တဲ့ကတိတွေကိုလည်း အမေမုန်းလှပြီ။ ပြီးတော့ သမီးကိုမလိုလားတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ အမေမထားချင်ဘူး။ ဒါကြောင့် တစ်ကိုယ်ကောင်းဆန်ခဲ့တာ။”

စကားဆုံးတဲ့နောက်မှာ အင်မတန်အားတင်းထားရတဲ့ပုံစံနဲ့ လူစီက သမီးဖြစ်သူကို နာကျင်စွာပြုံးပြလိုက်တယ်။ လူနာလည်း မျက်ရည်တွေဝိုင်းလာတဲ့အထိပဲ။ ဒါပေမဲ့ သူ့အဖေအကြောင်းကို နားထောင်လိုက်ရပြန်တော့လည်း သူထင်ထားသလောက် မဆိုးဘူးလို့ ခံစားရပြန်တယ်။

အနည်းဆုံးတော့ သူကိုယ်တိုင်က တာဝန်မဲ့ပစ်သွားတာမဟုတ်ဘူး၊ လူစီနဲ့မစ္စတာဟာရီဘယ်တို့ဘဝက ပေါင်းစပ်မရနိုင်ခဲ့ရုံလေးပဲ။

“အမေ… ဟိုနေ့က အမေ့ကိုပြောမိတဲ့အတွက် တောင်းပန်ပါတယ်။ သမီးနောက်ဆို လိမ္မာပါ့မယ်။” လူနာက အမေ့ကိုပြေးဖက်တယ်။ လူနာ့မေမေကလည်း သမီးဖြစ်သူကို တင်းတင်းဖက်ထားလိုက်လေရဲ့။

“တကယ်တော့ သမီးကိုမပြည့်မစုံနဲ့ ရှင်သန်စေခဲ့ရတာ အမေ့အမှားတွေပါ။”

“ဒါပေမဲ့ အမေသမီးအတွက် အကောင်းဆုံးကြိုးစားခဲ့တယ်လေ။”

အဲဒီနောက်တော့ လူနာက မေမေ့ရင်ခွင်ကနေ ခွာလိုက်ရင်း လက်ကလေးကိုဆုပ်ကာ လက်သီးလက်မောင်းတန်းပြီး ပြောလိုက်လေရဲ့။

“သမီးဆုံးဖြတ်ပြီးပြီ၊ သမီးအဖေလူဆိုးကြီးအကြောင်း မရေးတော့ဘူး။ မေမေ့အ​ကြောင်းပဲ ထည့်တော့မယ်။”

ဒီလိုနဲ့ကိစ္စက ဒုံရင်းကဒုံရင်းပဲ ပြန်ဖြစ်သွားပြန်ရော။

နောက်နာရီဝက်လောက်ကြာတော့ ငါးသေကြီးလိုမျက်နှာနဲ့လူနာတစ်ယောက် ဦးလေးကြီးပန်းခြံထဲမှာ ဒူးနှစ်ဖက်ကိုထောင်ပြီး ထိုင်နေရပြန်ရော။

အကြောင်းက ခုနကလိုပဲ စာလေးကြောင်းနဲ့စာစီစာကုံးတစ်ပုဒ်ပြီးသွားလို့။ တစ်ကြောင်းပိုလာပေမဲ့ ‘ဒီလိုပျင်းစရာကောင်းပေမဲ့ ကျွန်မမေမေက ကမ္ဘာ့အကောင်းဆုံးမေမေပါ။’ဆိုပြီး တစ်ခုထပ်တိုးလာလို့။

ခုထိမိသားစုစာစီစာကုံးကို ကောင်းကောင်းရေးပြီး အတန်းဖော်တွေကို ဟာဒရရွှင်ဆေးတိုက်ကျွေးသလို ဖြစ်မယ့်ဘေးကနေ မလွတ်သေးဘူး။

လူနာလေးက ပန်းခြံထဲမှာ အလုပ်လုပ်နေတဲ့ ဦးလေးကြီးကို မော့ကြည့်လိုက်တယ်။ အခုဦးလေးကြီးက ဂေါ်ပြားနဲ့မြေတွေဆွပြီး သဘာဝမြေဩဇာဖြည့်နေတာ။ သဘာဝမြေဩဇာဆိုတာက နွားချေးကိုပြောတာလေ။ နံကလည်းနံသေး။

ရုတ်တရ​က် လူနာက မနေနိုင်တော့ဘဲ ဦးလေးကြီးကို မေးလိုက််တယ်။ “ဦးလေးကြီး၊ ဦးလေးငယ်ငယ်တုန်းက မိဘတွေရှိတယ်မလား။ သူတို့အကြောင်းပြောပြလို့ရလား။”

ကိုယ့်အကြောင်းရေးပြလို့ အဆင်မပြေမှတော့ လံကြုတ်လုပ်ပြီး ဦးလေးကြီးရဲ့ငယ်ဘဝမိသားစုအကြောင်း ရေးထည့်ပေးလိုက်လို့ အဆင်ပြေတယ်မဟုတ်လား။ ဒါပေမဲ့ နောက်ပြန်ရလာတဲ့ အဖြေကတော့ တကယ့်ကို စိတ်ပျက်စရာပဲ။

“ငါက မိဘမဲ့လေ၊ ကောင်မလေးရ။ လူမှန်းသိတတ်စအရွယ်ကတည်းက ဂေဟာမှာကြီးပြင်းလာတာ။”

ကြည့်ရတာ ဦးလေးကြီးက လူနာထက် ပိုခက်ခဲတဲ့ဘဝကို ဖြတ်သန်းခဲ့ရပုံပဲ။ ကြည့်ရတာ ဦးလေးကြီးဆီက အကူအညီရမယ့်ပုံမပေါ်ဘူး။

“စိတ်မကောင်းပါဘူး။” လူနာလေး တောင်းပန်လိုက်တယ်။ အဲဒီနောက် ပန်းခြံမြေပြင်ပေါ်မှာ အုပ်စုဖွဲ့လမ်းသလားနေတဲ့ ပုရွက်ဆိတ်အနက်အဖွဲ့ကို ပြန်စိုက်ကြည့်လိုက်တယ်။

“ဒါနဲ့၊ ဘာလို့မေးတာလဲ။” ဦးလေးဖီးလစ်က ဂေါ်ပြားကို ဘေးချထားလိုက်ရင်း မေးလိုက်တယ်။

“ကျောင်းက စာစီစာကုံးအတွက်ပါ၊ ခေါင်းစဥ်က မိသားစုလေ။”

“မိသားစု ဟားဟား…” အဖိုးကြီးက အဲဒီခေါင်းစဥ်ကိုကြားတော့ ကောင်းကင်ကြီးကိုမော့ကြည့်ပြီး ရယ်တယ်။

“ဒီလောက်မခက်လှပါဘူး။” သူက ပြောလိုက်တယ်။

“ဒါပေမဲ့ ဦးလေးကြီးဆိုရင်ရော အဲဒီစာစီစာကုံးကို ဘယ်လိုရေးမှာလဲ။ သမီးမှာက ရေးစရာအမေရှိတယ်လေ။”

ဦးလေးကြီးက ချက်ချင်းပြန်မဖြေသေးဘဲ ကောင်မလေးကို လက်ယပ်ခေါ်လိုက်တယ်။ “ဒီကိုလာ အလုပ်ကူမလုပ်ဘဲ ငါ့ခြံထဲမှာ ကစားချင်တိုင်း ကစားလို့ရမယ်ထင်နေတာလား။ ဟိုနားက အပင်တွေကို ပိုးသတ်ဆေးသွားဖြန်း။”

နောက်တော့ ဦးလေးကြီးက ပိုးသတ်ဆေးဖြန်းတဲ့ ဘူးကြီးတစ်ဘူးကို ကမ်းပေးလိုက်တယ်။ ပြီးမှ သူငယ်ငယ်က အဲဒီလိုခေါင်းစဥ်နဲ့စာစီစာကုံးရေးခဲ့တဲ့အကြောင်း ပြန်ပြောပြတယ်။

“မိသားစုဆိုတဲ့နေရာမှာ မိဘတွေ၊သားသမီးတွေ၊ညီအစ်ကိုမောင်နှမတွေပဲ ပါတာမဟုတ်ဘူးလေ။ မင်းနဲ့အကျွမ်းတဝင်ရှိတဲ့လူတွေအကုန်လုံး ပါလို့ရတာပဲမဟုတ်လား။”

ဒီအဖြေကို ကြားကြားချင်းမှာပဲ လူနာတစ်ယောက် ဉာဏ်အလင်းပွင့်သွားသလိုမျိုး မျက်လုံးတွေပြူးကျယ်သွားတယ်။

“ဟုတ်တာပဲ၊ သမီးတို့တိုက်ခန်းက အဒေါ်ကြီးတွေအကြောင်းနဲ့ဦးလေးကြီးကိုပါ ထည့်ရေးလို့ရတာပဲ။ ဦးလေးတို့က သမီးတို့နဲ့မိသားစုလို ဖြစ်နေတာပဲလေ။” အကြံကောင်းတစ်ခုရသွားတဲ့ လူနာလေးရဲ့မျက်နှာပေါ်မှာ ချစ်စရာအပြုံးပေါ်လာတယ်။

အဲဒီနောက် သူက ဦးလေးကြီးကိုကြည့်လိုက်ပြီး မေးလိုက်တယ်။ “ဒါဆို သမီးအတွက် ဦးလေးတို့က မိသားစုဖြစ်နေတယ်ဆိုရင်၊ ဦးလေးအတွက်ကရော။”

ကောင်မလေးက ဆက်ပြီးတော်ကီဖုတ်ချင်သေးပေမဲ့ အလုပ်မပြီးလို့ဆိုပြီး ဦးလေးဖီးလစ် ကျိန်းမောင်းတာသာ ခံလိုက်ရတယ်။

အဲဒီနေ့ ပန်းခြံကနေ လူနာပြန်လာတော့ ငိုရမလိုလို ရယ်ရမလိုလိုနဲ့။ စိတ်ထဲ ဦးလေးဖီးလစ်ကြီးကို သနားမိနေပြန်ရော။

“အင်း… ဒါဆိုဦးလေးဖီးလစ်က ငယ်ငယ်တုန်းကလည်းတစ်ယောက်တည်း ကြီးလာတော့လည်း တစ်ယောက်တည်းဖြစ်နေတာမဟုတ်လား။ သူတော်တော်အထီးကျန်မှာပဲ။”

ညပိုင်း စာစီစာကုံးပြန်ရေးတဲ့အချိန်ကျတော့ အဲဒီအကြောင်းတွေးမိပြီး မျက်နှာပိုးသတ်လို့ကိုမရတော့ဘူး။

“ဟီးဟီး… ဒီတော့ သူ့ကိုအကူအညီပေးတဲ့အနေနဲ့ နေ့တိုင်းသွားရှုပ်ပေးလို့ရတာပေါ့။” နောက်နေ့ ပန်းခြံထဲသွားရင် ပိုကဲဖို့အတွက် လူနာဆုံးဖြတ်လိုက်တယ်။

အမေလုပ်တဲ့သူကတော့ တစ်ယောက်တည်းစပ်ဖြီးဖြီးလုပ်နေတဲ့ လူနာလေးကိုကြည့်ရင်း ခေါင်းကိုသာ တဖျင်းဖျင်းကုတ်နေလေရဲ့။

“ခပ်တော့တာပဲ၊ ဒီကောင်မလေးနဲ့တော့ တစ်ယောက်တည်း ရွပိုးထိုးနေတော့တာပဲ။”

“မိသားစုတဲ့လား…” ဖီးလစ် သူ့အိမ်အတွင်းက သစ်သားခုံပေါ် ထိုင်လိုက်ရင်း နံရံမှာချိတ်ထားတဲ့ အိမ်သူရဲ့ပုံကို မကြည့်ဘဲမနေနိုင်ဘူး။

“အင်း… ငါတို့အဲဒီစိတ်ကူးလေးကို တွေးမိခဲ့တာ တော်တော်ကြာပြီပဲ။”

Next Chapter – ရွေးချယ်မှုများ

Comment

  1. heintayzar955588257 says:

    😇😇

Leave a Reply

Options

not work with dark mode
Reset