Switch Mode

ရွှေမင်းသမီး ၂

The Princess Garden of Memento
Chapter 2

“ကျွန်မအပေါ် မျှော်လင့်ချက်ကြီးကြီးထားခဲ့တဲ့ လူတိုင်းကို ဒီနေရာကနေပဲ တောင်းပန်ပါရစေ။ ကျွန်မ နှလုံးသားက စေစားတဲ့အတိုင်းလုပ်ဖို့ ဆုံးဖြတ်ပြီးသားဖြစ်လို့ ဒီနေရာမှာပဲ အားလုံးကိုနှုတ်ဆက်ပါရစေ။”

ရုပ်ရည်ချောမောသည့် အသက်နှစ်အသက်နှစ်ဆယ်အရွယ် အမျိုးသမီးက အားလုံးကို ဦးညွှတ်၍ တောင်းပန်လိုက်သည်။ ရောက်ရှိနေကြသည့် မီဒီယာများနှင့် ဧည့်ပရိသတ်အားလုံးဟာ ထိုမိန်းကလေး၏ စကားများကြောင့် အံ့အားသင့်နေကြဆဲဖြစ်သည်။

နန်းမွေခံစာရင်းတွင် ထိပ်ဆုံးကပြေးနေသော နိုင်ငံ၏ပထမမင်းသမီး လီလီယာက သာမန်အရပ်သားကောင်လေးကို လက်ထပ်ရန်ဆုံးဖြတ်လိုက်ပြီး တော်ဝင်မိသားစုမှ နှုတ်ထွက်လိုက်သည်။ ထိုမင်းသမီးကို ထောက်ခံခဲ့သည့် ပြည်သူအများအပြားနှင့် နိုင်ငံရေးသမားများဖို့ မည်မျှတုန်လှုပ်ဖွယ်ကောင်းသည့် သတင်းမျိုးဖြစ်မှန်း မှန်းဆ၍ရနိုင်ပေသည်။

“ကျွန်မတစ်သက်လုံး ရှင်တို့မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာအောင်ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ကျေးဇူးပြုပြီး ကျွန်မကိုတစ်ကိုယ်ကောင်းဆန်ခွင့်ပေးပါ။”

ထို့နောက် မင်းသမီးက မေးခွန်းများမေးရန် စောင့်ဆိုင်းနေကြသည့် မီဒီယာများကို နည်းနည်းလေးမှ ဂရုမစိုက်တော့ဘဲ ခန်းမအတွင်းမှ ထွက်ခွာသွားခဲ့သည်။ သူ၏မျက်နှာပေါ်တွင်တော့ ဝမ်းနည်းမှုများရှိမနေဘဲ စစ်မှန်သည့် အပြုံးတစ်ပွင့်သာ ရှိနေခဲ့၏။

အဖိုးကြီးဖီးလစ်က အိုဟောင်းနေပြီဖြစ်သည့် အိမ်ငယ်လေးထဲတွင် တစ်ဦးတည်းအထီးကျန်စွာ ထိုင်နေရင်း ရေရောင်ပေါက်နေသည့် လက်ဖက်ရည်ကို အရသာခံ သုံးဆောင်နေ၏။ နာရီကိုကြည့်လိုက်တော့ မနက်ခင်း ပန်းခြံရေလောင်းရန်အတွက် အချိန်ရောက်နေပေပြီ။

ဖီးလစ်က သက်ပြင်းချလိုက်ရင်း အိုဟောင်းနေပြီဖြစ်တဲ့ အပေါ်ရုံကုတ်အင်္ကျီကို ဝတ်ဆင်လျက် ပန်းခြံထဲ ဆင်းလာ၏။ သို့သော် ပန်းခြံထဲရောက်တော့ ရင်ဝဆောင့်ကန်ခံလိုက်ရသလို ခံစားလိုက်ရသည်။

သူမဟုတ်သည့် အခြားလူတစ်ယောက်၏ခြေရာများက ရေဝနေသည့် မြေဆီလွှာပေါ်တွင် ထင်ကျန်လျက်ရှိ၏။

ဖီးလစ်က အိုမင်းနေသည့် သူ၏ခါးကိုကိုင်းလိုက်ရင်း ခြေရာကိုသေသေချာချာ စူးစမ်းကြည့်လိုက်သည်။ အရွယ်ရောက်ပြီး လူတစ်ဦး၏​ခြေရာနှင့် ယှဥ်ကြည့်ပါက တော်တော်လေးသေးကြောင့် သတိထားမိပြီးသည့်နောက် နှာခေါင်းရှုံလိုက်၏။

“ကလေးတွေ….” ထို့နောက် ဦးဖီးလစ်ကြီးက ပန်းပင်စိုက်လျှင်သုံးသည့် ဂေါ်ပြားအသေးလေးကိုဆွဲကာ ပန်းခြံထဲသို့ ဖြည်းဖြည်းချင်း လျှောက်ဝင်လာသည်။

“ငရှုပ်လေးတွေ၊ အရင်တစ်ခါလည်း ငါစိုက်ထားတဲ့ ပန်းငရုတ်တွေကို ဆွဲနှုတ်သွားတယ်။ ဒီတစ်ခါတော့ ကောင်းကောင်း ပညာပေးရသေးတာပေါ့။”

ပန်းခြံမှာ ပေလေးဆယ်ခြောက်ဆယ် ခြံတစ်ဝက်လောက်ပြည့်နေသဖြင့် ခြံထဲခိုးဝင်လာသည့် တရားခံကို မကြားရသေး။ သို့သော်လည်း နုငယ်သည့်ကလေးမလေးတစ်​ယောက် ပျော်ရွှင်စွာဆော့ကစားနေသည့်အသံကိုတော့ ကြားနေရပေပြီ။

“ဟေး၊ ပက်ထရစ်။ မင်းရဲ့မင်းသမီးလေးကို ငါဖမ်းထားလိုက်ပြီကွ။ မင်းဘာတတ်နိုင်သေးလဲ။ မင်းလည်း ဒီနေရာမှာ သေရတော့မယ်။ မင်းရဲ့ထီးနန်းနဲ့ မင်းကလေး​က ငါ့အတွက်ပဲကွ။”

“ဝိုးဝိုး… ပြောဖို့စောပါသေးတယ်ကွ၊ ငါ့မှာငါ့ကိုကူညီပေးမယ့် သူငယ်ချင်းရှိတယ်လေ။ နဂါးနီကြီး… အဲဲဒီမကောင်းတဲ့ကောင်ကို ပြာချပစ်လိုက်။”

ကလေးမလေးတစ်ယောက်က ပန်းခြံတစ်နေရာတွင်
တစ်ယောက်တည်း ဆောင့်ကြောင့်ထိုင်လျက် အိမ်မှသည်လာသော ကစားစရာများဖြင့် အစွမ်းကုန်ကမြင်းလို့နေသည်။ သေချာကြည့်ပါက အန​ည်းငယ် ခြောက်နေသော သဲမြေများကိုစုကာ သဲရဲတိုက်လေးတစ်ခုပင် ဆောက်ထားသေး၏။

ဘာဘီအရုပ်များက သဲရဲတိုက်ထက် သိသိသာသာ ကြီးနေသော်လည်း သူ့စိတ်ကူးထဲမှာတော့ တိုင်းပြည်ကြီးတစ်ပြည်၏ရဲတိုက်သဖွယ် သရုပ်ဖော်ခံထားရပုံပေါ်နေပြီး ကိုယ်ပိုင်နတ်သမီးပုံပြင်ပြဇာတ်လေးကို ပျော်ရွှင်စွာ ဆက်လက်ကပြဖျော်ဖြေနေ၏။

ဦးလေးဖီးလစ်က လူနာ၏ကျောနောက်တွင် ရပ်လိုက်ပြီး ချောင်းဟန့်သံပေးလိုက်သည့်တိုင်အောင် မည်သို့မှ သတိမထားမိသေးပေ။

“အိုးနိုး၊ ရဲတိုက်ကြီးပါ မီးလောင်သွားပြီ။ နဂါးနီကြီး မင်းဘာလို့ ရဲတိုက်ကိုပါ မီးရှို့ပစ်လိုက်တာလဲ။ တာဝါပေါ်မှာ မင်းသမီးလေးရှိနေသေးတယ်။”

“ငါ့ကျောပေါ်တက်၊ ကျန်တာတွေနောက်မှပြော။” လူနာက နဂါးရုပ်ကြီးကျောပေါ်သို့ မင်းသားရုပ်ကို တင်လိုက်ပြီး ရဲတိုက်ကြီးဆီ ပျံသန်းသွားသည့်ပုံစံမျိုး လေထဲမှာမြှောက်ဆော့နေလိုက်သေးသည်။

​ခဏကြာတော့ မင်းသမီးလေးကို ကယ်မယ့်အခန်းရောက်လာ၏။ ဖီးလစ်က ကောင်မလေးကို အပြင်ဆွဲထုတ်ချင်နေသော်လည်း ကောင်မလေးဇာတ်တိုက်နေသည့်ပုံပြင်က သူတစ်ခါမှမကြားဖူးသည့် ပုံပြင်မျိုးဖြစ်နေသည့် စျာန်ဝင်သွားပြီး ဆက်ကြည့်နေမိ၏။

“မင်းသမီးလေး… ကိုယ်ရောက်လာပြီလေ။”

“အိုးပက်ထရစ်၊ ရှင်လာတာကောင်းပေမဲ့ နောက်ကျသွားခဲ့ပြီ။”

လူနာက မင်းသားလေးအရုပ်ကိုကိုင်ကာ မင်းသားလေးအဖြစ် ပထမဆုံးအိုင်ယာလော့ကို ပြောလိုက်ပြီး
အခြားလက်တစ်ဖက်ကတော့ မင်းသမီးအရုပ်ကိုကိုင်လျက် မင်းသမီးလေးဒိုင်ယာလော့ကို ပြောလိုက်၏။

နောက်မှရပ်ကြည့်နေသည့် ဦးလေးဖီးလစ်ကတော့ မျက်ခုံးပင့်လိုက်၏။ ‘စိတ်မကောင်းစရာ ဇာတ်သိမ်းမျိုးလား။’ သာမန်အားဖြင့် နတ်သမီးပုံပြင်များက ထာဝရပျော်ရွှင်စွာ နေသွားကြလေသတည်းဆိုတာမျိုးသာများသည်။ အလွမ်းဇာတ်ခင်းလည်း တစ်ခဏလောက်သာ။

အဆိပ်ပါတဲ့ပန်းသီးစားမိတာတောင် ဘာမဟုတ်တဲ့ အနမ်းလေးနဲ့တင် ပျောက်သွားတာမျိုးလေ။ တကယ့်ကို အဓိပ္ပါယ်မရှိတာ။

ကြမ်းတမ်းခက်ခဲလွန်းတဲ့ နှစ်သုံးဆယ်ကြာခရီးကို ဖြတ်သန်းပြီးတဲ့နောက် ဖီးလစ်တစ်ယောက် နတ်သမီးပုံပြင်တွေကို မကြိုက်တော့ဘူး။ ပြောရရင် မုန်းတောင်မုန်းနေသေးတယ်။ နတ်သမီးပုံပြင်တွေသာ အမှန်ဆိုရင်….

ဒါပေမဲ့ သူဘယ်လိုပဲတွေးတွေး လူနာလေးကတော့ သူ့ရဲ့ကိုယ်ပိုင်ပြဇာတ်ကို တစ်ကိုယ်တည်းကပြနေဆဲပါ။ ဇာတ်ဆရာလည်း သူ၊ မင်းသားလည်း သူ၊ ဗီလိန်လည်း သူ၊ မင်းသမီးလည်း သူ၊ နောက်ဆုံး ပရိသတ်ကလည်း သူ။

“ကျွန်မက တကယ်တော့ လူသားစင်စစ်မဟုတ်ရပါဘူး၊ ခုနစ်ရက်တာ လူသားအဖြစ် ပြောင်းလဲခွင့်ရခဲ့တဲ့ စပယ်ပန်းလေးတစ်ပွင့်ပါ။”

“အိုး… ဂျက်စမင်…”

ထို့နောက် မင်းသမီးလေးက လူ့ဘဝအဖြစ် နေရသည့် ခုနစ်ရက် ပြည့်သွားသည့်သဘောဖြင့် မင်းသမီးလေးရုပ်ကို ပယ်ရှားလိုက်ပြီး မြေပေါ်မှာကျနေသည့် စပယ်ပန်းလေးကို အစားထိုးလိုက်၏။

“အိုး ဂျက်စမင်…” မင်းသားလေးက နောက်ဆုံးအနေဖြင့် ဝမ်းနည်းစွာ ရေရွတ်လိုက်ပြီး နဂါးနီကြီးကလည်း နှစ်သိမ့်ပေးသည့်အနေဖြင့် မင်းသားလေးရင်ခွင်ကို ခေါင်းဖြင့်တိုးဝေ့လိုက်၏။

“အား….” ရုတ်တရက် လူနာတစ်ယောက် သူ့နားရွက်မှ နာကျင်မှုကို ခံစားလိုက်ရသောကြောင့် မျက်ရည်ဝိုင်းသွားသည်။ လှည့်ကြည့်လိုက်တော့ ဂေါ်ပြားကြီးကိုင်ထားသည့် ကြောက်စရာဦးလေးကြီးတစ်ယောက်က သူ့ကိုစိုက်ကြည့်နေ၏။

ဒေါသအလွန်ထွက်နေသည့်အလား ဦးလေးကြီး၏ မျက်လုံးများက နီရဲနေသည်။

“ပန်းတွေကို ယူဆော့စရာလား၊ တော်တော်ပြောရခက်တဲ့ကလေးတွေ။ အရုပ်တွေသိမ်းပြီး ကိုယ့်အိမ်ကိုယ်ပြန်တော့။”

လူနာလေး အသိပြန်ဝင်လာတော့ ခြံရှေ့တံခါးဝ ပြန်ရောက်နေပြီဖြစ်ပြီး ဦးလေးကြီးက ဆွဲခေါ်လာခြင်းဖြစ်၏။

“ဒါပေမဲ့ ကျွန်မက ကြွေကျနေတဲ့ တစ်ပွင့်တည်းယူဆော့မိတာလေ။”

သို့သော်လည်း ဦးလေးကြီးက နည်းနည်းလေးမှ နားမထောင်ဘဲ ခြံတံခါးကို ဂျိန်းခနဲဆွဲပိတ်လိုက်၏။ ထို့ကြောင့် လူနာလေးနောက်ဆုံးပြောလိုက်သော ကျိန်ဆဲစကားကို ကြားမသွား။

“အလကား စိတ်ပုပ်ကြီး။”

ခြံတံခါးတစ်ဖက်ခြမ်းတွင်တော့ ဖီးလစ်က ခေါင်းကိုခါယမ်းလိုက်၏။

“ဘာလို့ ၇ ဖြစ်နေရတာလဲ။ တခြားဂဏန်းတွေ အများကြီးရှိနေတဲ့ဥစ္စာကို။” ဖီးလစ်မှာ တခြားသူများနှင့်မတူဘဲ ၇ဂဏန်းကို အင်မတန်ကြောက်တတ်သည့် အစွဲအလမ်းကြီးသူတစ်ယောက်မဟုတ်လော။

ရွှေရောင်ဆံပင်နှင့် လှပကျော့ရှင်းသည့်မိန်းကလေးက အားလုံး၏အာရုံကို ဖမ်းစားနိုင်သော ကျောင်းဖွင့်ပွဲမိန့်ခွန်းကို ပြောကြားပြီးသည့်နောက် စင်ပေါ်မှဆင်းသွား၏။

အခမ်းအနားမှူးကလည်း နောက်အလှည့်ကျသူကို ကြေညာလိုက်သည်။

“နောက်ထပ် မိန့်ခွန်းပြောဖို့ အလှည့်ကျသူကတော့
ခုံနံပါတ် ၇၊ ဖီးလစ် ဟောင်းဝပ်။ ဂုဏ်ထူးဆောင် ဝင်ခွင့်ရကျောင်းသားပါ။”

ကျောင်းသားအားလုံးလည်း ထိုစကားကြောင့် အံ့ဩကုန်ကြ၏။ သူတို့တက်နေသည့် ကျောင်းကြီးမှာ အထက်တန်းလွှာများအတွက်ဖြစ်ပြီး ဘယ်တုန်းကမှ သာမန်ကျောင်းသားတစ်ယောက် မရှိခဲ့ပေ။ ယခုနှစ်တွင်တော့ ဆယ်စုနှစ်တစ်ခုလုံးတွင် တစ်ယောက်သာ တွေ့ရလေ့ရှိသည့် ဂုဏ်ထူးဆောင်ကျောင်းသားကို သူတို့မြင်တွေ့ခွင့်ရပြီဖြစ်၏။

“အားလုံးပဲ၊ တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်က ဖီးလစ် ဟောင်းဝပ်ပါ။” ဖီးလစ်က တုန်ရီနေသည့် သူ့လက်များကို တင်းတင်းဆုပ်ထားလိုက်ရင်း မိန့်ခွန်းကို စပြောလိုက်၏။ သူ့မျက်လုံးများက မနေနိုင်ဘဲ ပရိသတ်ကျောင်သားများထိုင်သည့် ရှေ့ဆုံးတန်းခုံကို ကြည့်လိုက်မိသည်။

ထိုနေရာတွင် သာမန်လူများအတွက်ရော အထက်တန်းလွှာများအတွက်ပါ စံပြဖြစ်သည့် ထိုမိန်းကလေးက သူ့ကိုအသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။

‘အခြားပိုကောင်းတဲ့ ရွေးချယ်နိုင်စရာတွေ ရာနဲ့ချီပြီး ရှိခဲ့ပေမဲ့ မင်းကဘာကြောင့် ငါ့ကိုပဲမျက်စိမှိတ်ပြီး ရွေးချယ်ခဲ့ရတာလဲ။’

“သမီး၊ ကျောင်းအသစ်မှာ အဆင်ပြေရဲ့လား။”

ကျောင်းကနေ အိမ်ကိုပြန်ရောက်တော့ အလုပ်ရှုပ်နေသည့် အမေဖြစ်သူက လက်တော့မျက်နှာပြင်ကိုကျော်ကာ လူနာကိုကြည့်ပြီး မေးလိုက်၏။

လူနာကတော့ ဒီလိုပါပဲဟူသည့်ပုံစံဖြင့် ပခုံးတွန့်ပြလိုက်သည်။ စင်စစ်ကျောင်းမှာ စာစီစာကုံးအတန်းရှိပြီး သူကိုယ်တိုင်ရေးထားသည့် နတ်သမီးပုံပြင်ကို အတန်းရှေ့တွင် ဖတ်ပြလိုက်ရာ အားလုံးက အံ့ဩနေသည့်အကြည့်များဖြင့် ဝိုင်းကြည့်ကြ၏။

ကံကောင်းစွာဖြင် အရင်ကျောင်းတုန်းကလိုတော့ ဝိုင်းရယ်မခံရတော့ပေ။ ပြီးတော့ အတန်းပိုင်ဆရာမကလည်း အတော်လေးသဘောကောင်းပြီး သူ့ကိုကျောင်းမဂ္ဂဇင်းတွင် ထည့်ချင်လားဟု မေးလိုက်သေးသည်။

လူနာက ချက်ချင်းတော့ သဘောမတူခဲ့ပေ။ သူ့ပုံပြင်တိုလေးတွင် လိုအပ်ချက်များ ရှိနေသေးသည်ဟု ခံစားရ၍ဖြစ်သည်။ လူနာ၏ဆန္ဒက အကောင်းဆုံး နတ်သမီးပုံပြင်တစ်ပုဒ်ကိုရေးပြီး သူ့အမေနှင့်အားလုံးကို အံ့ဩအောင်လုပ်ရန်ဖြစ်၏။

‘ဘာလို့အားလုံးလို့ပြောတာလဲဆိုတော့ ဖတ်တဲ့လူတွေမှန်သမျှ အံ့ဩသွားချင်လို့လေ။’ လူနာကို တစ်ယောက်ယောက်က အဲဒီအကြောင်းမေးခဲ့ရင် ဒီလိုပြန်ဖြေမှာတော့အမှန်ပါ။

“သူငယ်ချင်းအသစ်တွေရော ရခဲ့သေးလား။”

“ဒီလိုပါပဲ…” ဒီတစ်ခါတော့ လူနာ၏အမေက ပုံဆွဲနေသည်ကို ရပ်လိုက်ပြီး လူနာကို သေချာကြည့်လိုက်၏။

“ဒီတော့ သမီးသူငယ်ချင်းအသစ် ရှာမလာဘူးလား။”

လူနာကတော့ စိတ်ကောက်သွားသည့်ပုံစံဖြင့် နှုတ်ခမ်းကို ဆူထားလိုက်သည်။ သူ့အမေက သူ့ခံစားချက်ကို မသိ၍လား သိလျက်နှင့် တမင်သက်သက် မေးလိုက်သည်လားတော့ မပြောတတ်။

“အမေ… သမီးတို့က နှစ်တိုင်းအိမ်ပြောင်းနေရတာလေ၊ သမီးမှာ သူငယ်ချင်းအသစ်မရှိလို့လည်း ဘာမှမဖြစ်ပါဘူး။ ပြီးရင် သူတို့နဲ့ခွဲရမှာပဲဥစ္စာကို။”

လူနာ့အမေက သက်ပြင်းချလိုက်ပြီး ထိုင်ခုံမှထလိုက်သည်။ ထို့နောက် ကလေးမ၏ပခုံးနှစ်ဖက်ကို လက်နှင့်ဆုပ်ကိုင်လိုက်ပြီး ဒူးကိုထောက်လိုက်ကာ မျက်နှာချင်းဆိုင်အနေအထားမျိုးဖြစ်အောင် လုပ်လိုက်သည်။

“လူနာ၊ တချို့အရာတွေက တစ်ချိန်မှာဆုံးရှုံးသွားမှာမှန်တယ်ဆိုပေမဲ့ သမီးမလိုအပ်တာမျိုး မဟုတ်ဘူးလေ။ ပန်းချီဆွဲဖို့အတွက်ဆိုရင် သမီးဆီဆေးနဲ့ဘရက်တွေလိုမယ်။ ဘဝတစ်ခုကို တည်ဆောက်ဖို့အတွက်တော့ မိတ်ဆွေတွေလိုအပ်တယ်။ တစ်ဘဝလုံး သမီးတစ်ယောက်တည်း နေသွားလို့မဖြစ်ဘူးလေ။”

ဒါပေမဲ့ လူနာကတော့ ခါးခါးသီးသီးပါပဲ။ သူ့အမေကို စူးစူးရဲရဲကြီး စိုက်ကြည့်နေတုန်းပဲ။

“ဒါဆိုရင် အမေဘာဖြစ်လို့ သမီးအတွက် အိမ်နေရာလေးတစ်ခုတောင် အတည်တကျဖြစ်အောင်မပေးနိုင်ဘဲနဲ့ လူ့ဘဝထဲခေါ်လာရတာလဲ။ သမီးမသိတဲ့ လူအသစ်တွေနဲ့ပြည့်နေတဲ့ စာသင်ခန်းတွေကို စိတ်ကုန်နေတာကြာပြီ။ ခွဲခွာပြီးခါမှ သူငယ်ချင်းတွေကို သတိရနေမယ့်အစား အစကတည်းက မရှိတာက ပိုမကောင်းဘူးလား။”

လူနာရဲ့စကားတွေကြောင့် လူနာ့အမေလည်း ဘာပြန်ပြောရမှန်းမသိတော့ဘူး။ အဲဒီနောက်တော့ လူနာတစ်ယောက် ကျောင်းလွယ်အိတ်ကိုချပြီး အပြင်ထွက်သွားတယ်။ သူ့ခြေလှမ်းတွေကတော့ အိမ်ရှေ့အိမ်က ပန်းခြံလေးဆီကို။

“လူနာ… သမီးဘယ်သွားမလို့လား…”

“အမေမရှိတဲ့နေရာကိုလေ…” လူနာတစ်ယောက် စိတ်ဆိုးဆိုးနဲ့ပြောလိုက်ပြီး အိမ်လှေကားကနေ ဆင်းသွားတယ်။

အဒေါ်ကြီးနန်စီလည်း တံခါးဖွင့်ပြီး ကြည့်ရှာပါတယ်။ သားအမိနှစ်ယောက်ရန်ဖြစ်နေတာမြင်တော့ မေမေလူနာကို ပြောလိုက်တယ်။

“ပုန်ကန်တတ်တဲ့အရွယ်ကို ရောက်လာပြီဆိုတော့ ခက်တော့ခက်သား။ သိပ်တော့စိတ်မပူပါနဲ့၊ သူအိမ်ရှေ့အိမ်ကို သွားတာနေမှာ။ အဖိုးကြီးဖီးလစ်က ဒီလောက်မဆိုးပါဘူး။”

….

ဖီးလစ်ကတော့ ညနေအတွက် ပန်းခြံတွင်းမှာ ရေလောင်းပြီးနေပြီ။ ဗလာဖြစ်သွားတဲ့ ရေပုံးကို ပြန်ချလိုက်ပြီး နဖူးပေါ်ကချွေးတွေကို အင်္ကျီလက်နဲ့သုတ်လိုက်တယ်။ ပြောရရင် အသက်ကြီးလာတဲ့ဒုက္ခက မသေးဘူး။ အရင်နှစ်တွေကလောက် အဖိုးကြီးဖီးလစ် မသန်စွမ်းတော့ဘူးမဟုတ်လား။

ရုတ်တရက် အခန်းခြံတံခါးပွင့်သွားတဲ့အတွက် ဖီးလစ်လှည့်ကြည့်လိုက်တယ်။ မနက်က ပန်းခြံထဲလာကစားနေတဲ့ ကလေးမလေးကိုတွေ့တော့ မျက်နှာကြီးနီရဲလာပြီး လှမ်းအော်ပြောတယ်။

“ဟေး… ငါ့ပန်းခြံက ကလေးကစားကွင်းမဟုတ်ဘူး။ မင်းတို့ကလေးတွေ လာလို့မရဘူး။”

နဂိုကတည်းက စိတ်ဆိုးနေတဲ့ လူနာလေးကတော့ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ဦးလေးဖီးလစ်ကို ပြန်မော့ကြည့်တယ်။ သူ့မျက်နှာက ဖီးလစ်ထက်တောင် နီရဲနေပြီ။

“ကျွန်မကို ကျွန်မဘာသာကျွန်မ ပေးနေစမ်းပါ၊ ရှင့်ပန်းပင်တွေကို မထိပါဘူး ဟုတ်ပြီလား။”

အဲဒီနောက်တော့ အရိပ်ကောင်းကောင်းရတဲ့ ခြံထောင့်က သစ်ပင်လေးတစ်ပင်ကို ဒူးလေးကွေး ကျောမှီပြီး ထိုင်နေတော့တာပဲ။

ဖီးလစ်ကတော့ အကြောင်သား၊ အိမ်ရှင်ဖြစ်တဲ့သူက တခြားသူအော်တာ ခံလိုက်ရတယ်လား။

အချိန်တွေ ဘယ်လောက်ကြာသွားလဲမသိဘူး။ ကောင်းကင်တောင် မှောင်စပြုလာနေပြီ။ အိမ်ထဲပြန်ဝင်နေတဲ့ ဦးလေးဖီးလစ်က ကောင်မလေးကို တစ်ခေါက်ပြန်လာပြီးကြည့်တယ်။

“အပြင်မှာမှောင်နေပြီ၊ မင်းပြန်သင့်တယ်။ မင်းမိသားစုကို စိတ်ပူအောင် မလုပ်သင့်ဘူးလေ။”

ဒါပေမဲ့ စိတ်ကောက်မပြေသေးတော့ လူနာကတော့ ခေါင်းကိုသာ ခါပြပါတယ်။ “ကျွန်မ မပြန်ချင်ဘူး။”

ဖီးလစ်ကတော့ ယောင်ယောင်လေးပြုံးလိုက်ပြီး။ “တယ်စိတ်ကြီးတဲ့ကလေးပါလား။ ဒါဆိုလည်း မင်းအိမ်ထဲဝင်သင့်တယ်၊ ညပိုင်းဆိုရင် ပန်းခြံထဲမှာ ပိုးကောင်တွေကျက်စားတတ်တယ်။ မင်းစိတ်ထဲက ပန်းခြံလှလှလေးဆိုတဲ့ပုံရိပ်ကို အပျက်စီးမခံချင်စမ်းပါနဲ့။”

ဦးလေးကြီးအိမ်ထဲရောက်တော့ အိုဟောင်းနေတဲ့ ဧည့်ခန်းငယ်လေးကိုကြည့်ရင်း အံ့အားသင့်ရပြန်တယ်။ သစ်သားအိမ်လေးက ပြိုကျတော့မယ်လို့ ထင်ရလောက်အောင် ဟောင်းနွမ်းနေပေမဲ့လည်း သန့်ရှင်းရေး သေသေချာချာလုပ်ထားတာကြောင့် နေချင်စရာလေး ဖြစ်နေတုန်းပဲ။ နံရံမှာချိတ်ထားတဲ့ မိသားစု ဓာတ်ပုံတစ်ပုံကိုလည်း မြင်ရသေးတယ်။

ငယ်ရွယ်သေးပုံရတဲ့ ဦးလေးကြီးနဲ့လှပတဲ့ အမျိုးသမီးနှစ်ယောက်တည်းပဲ။ သားသမီးတွေရဲ့ပုံကိုတော့ တစ်နေရာမှမတွေ့ရဘူး။

“ဒါက ဦးလေးတို့မိသားစုပုံလား၊ ‘သူ’ဘယ်ရောက်သွားတာလဲ။” လူနာပြောတဲ့ ‘သူ’ဆိုတာက ဓာတ်ပုံထဲက အမျိုးသမီးမှန်းသိသာပါတယ်။ ဦးလေးကြီးက တစ်ယောက်တည်းနေနေတာမဟုတ်လား။

ဖီးလစ်က ခေါင်းခါလိုက်ပြီး “သူထွက်သွားတာ တော်တော်ကြာပါပြီ။”

“စိတ်မကောင်းပါဘူး။” လူနာက ချက်ချင်းတောင်းပန်လိုက်တယ်။ ကြည့်ရတာ ဦးလေးကြီးရဲ့အမျိုးသမီးက ပြန်မလာနိုင်တော့ဘူးထင်တယ်။ ဒါကြောင့် သူတစ်ယောက်တည်းဖြစ်နေတာ။ ဦးလေးဖီးလစ်က အကြောင်းအရင်းကို သေချာရှင်းမပြပေမဲ့ လူနာနားလည်နိုင်တယ်။ အကြောင်းက သူ့မှာလည်း အဖေမရှိလို့။ အမေ့ကိုမေးတိုင်း မသေချာမရေရာတဲ့ ဝေ့လည်ကြောင်ပတ်အဖြေတွေပဲ အမြဲရတတ်တယ်။

“ဒီမှာ၊ သောက်လိုက်ဦး။” နောက်ခန်းထဲကို ခဏဝင်သွားတဲ့ ဦးလေးကြီးက သန့်ရှင်းနေတဲ့ ကြွေခွက်နှစ်ခွက်နဲ့အတူ ပြန်ရောက်လာတယ်။ လူနာ့အတွက် ကြေခွက်တွေထဲမှာတော့ နွားနို့ထည့်ထားတဲ့ လက်ဖက်ရည်စစ်စစ်အပြည့် ရှိနေပေမဲ့ ဦးလေးကြီးခွက်ထဲမှာတော့ ခပ်ကျဲကျဲလက်ဖက်ရည်ပဲရှိနေတာ။

“ကိုယ်တိုင်ဖျော်ထားတာလား၊ ဦးလေးက ဘယ်လိုလုပ်ပြီး…”

“ငါ့မိန်းမက လက်ဖက်ရည်ကို လက်ဖျော်မှကြိုက်တတ်တာလေ။”

“ဪ…” သူတို့စကားဝိုင်းက နောက်တစ်ဖန် တိတ်ဆိတ်သွားပြန်တယ်။ စကားပြန်ဆက်လိုက်သူက ဦးလေးဖီးလစ်ပါ။

“အိမ်နဲ့ ရန်ဖြစ်လာတာလား… ဘယ်သူနဲ့လဲ။”

“အမေနဲ့ပါ။” နောက်တော့ လူနာလည်း သူ့စိတ်ထဲက မကျေနပ်ချက်တွေကို ဦးလေးဖီးလစ်ကို ပြောပြမိတယ်။

“ဒီတော့ မင်းအိမ်ခဏခဏပြောင်းနေရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မင်းအမေနဲ့ရန်ဖြစ်ခဲ့တာပေါ့။”

ဖီးလစ်ကပြောလိုက်တဲ့ လူနာလည်း ခေါင်းညိတ်ပြတယ်။ နောက်ဆုံးတော့ ဖီးလစ်က သက်ပြင်းချလိုက်တယ်။

“ဘာလို့ ပြည့်စုံအောင်လုပ်မပေးနိုင်ဘဲ လူ့ဘဝထဲ ခေါ်ခဲ့တာလဲတဲ့၊ ဟုတ်တယ်။ မင်းတို့ကလေးတွေက မင်းတို့မိဘ ဘယ်သူဘယ်ဝါဆိုတာကို ရွေးချယ်ခွင့်မရှိကြဘူး။ တကယ်တော့၊ မိဘတွေမှာလည်း ကိုယ့်သားသမီး ဘယ်သူဘယ်ဝါဖြစ်မလဲဆိုတာကို ရွေးချယ်ခွင့်မရှိကြဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ မင်းဘဝကို မင်းဘယ်လိုနေမလဲဆိုတာ ရွေးချယ်နိုင်တယ်လေ။”

လူနာကတော့ လူကြီးရဲ့ထူးဆန်းတဲ့ အတွေးအခေါ်တွေကို နားမလည်နိုင်ဘူး။ “ရွေးချယ်နိုင်တယ်၊ ကျွန်မဘဝအတွက်ကျွန်မကိုလား…”

“ဟုတ််တယ်၊ မင်းဘဝကိုမင်း ကောင်းအောင်နေဖို့ ဆုံးဖြတ်နိုင်တယ်။ ဒါက မင်းအခွင့်အရေးပဲလေ။”

ဦးလေးကြီးက ချိုမြိတ်တဲ့ အမှတ်တရတစ်ခုကို တွေးလိုက်မိတဲ့အလား ပြုံးလိုက်တယ်။

“သူက ငါ့ကိုရွေးချယ်ခဲ့တာကွ၊ တခြားရွေးချယ်စရာတွေ အားလုံးထဲမှမှပေါ့။ အမြဲတမ်း နှလုံးသားစေစားရာကိုလိုက်ဖို့ ငါ့ကိုပြောတတ်တယ်။”

“ဘယ်သူ…” ဒီဦးလေးကြီးက နည်းနည်းကြောင်နေတယ်လို့ လူနာခံစားရတယ်။ ဘယ်လိုလုပ်ပြီး သူ့အကြောင်းပြောနေရာကနေ အဆုံးမရှိအစမရှိ တခြားတစ်ယောက်အကြောင်း ရောက်သွားရပြန်တာတုန်း။

“အာ့…” သတိပြန်ဝင်လာတဲ့ ဦးလေးကြီးက ကောင်မလေးခေါင်းကို ခေါက်လိုက်ပြီး ပြောလိုက်တယ်။

“ဘာပဲဖြစ်ဖြစ် မင်းအမေက မင်းအတွက်အကောင်းဆုံးလုပ်ပေးချင်မှာပဲ။ ဒါပေမဲ့ သူက လူသားတစ်ယောက်ဖြစ်တဲ့အတွက် ပြည့်စုံမနေဘူး။ ဒီအတွက် သူ့ကိုအပြစ်မတင်နဲ့ ဟုတ်ပြီလား။ ပြီးတော့ သူငယ်ချင်းကိစ္စအတွက်လည်း ဘာမှလျှောက်တွေးမနေနဲ့။ မင်းဘာသာမင်း ထားချင်ချင် မထားချင်ချင် မင်းကိုခင်ချင်တဲ့လူတွေက အလိုလိုနေရင်းရောက်လာကြမှာပဲ။ မင်းသူတို့ကို တားလို့မရဘူး။ ငါ့ခြံထဲကို မင်းအတင်းဝင်လာသလိုပဲလေ။ အခုတော့ အိမ်ပြန်လိုက်တော့။”

ဦးလေးကြီးက နောက်တစ်ခါ ခေါင်းခေါက်လိုက်ပြီးနောက် လူနာရဲ့ဗလာကျင်းနေပြီဖြစ်တဲ့ လက်ဖက်ရည်ခွက်ကို ပြန်ယူလိုက်တယ်။ နောက်တော့ ဂုတ်ကနေဆွဲပြီး ခြံပြင်ကိုခေါ်သွားတယ်။

လမ်းပေါ်ရောက်တော့ “ဒုက္ခပဲ ဒီကောင်မလေးတော့ ညကလည်းမှောင်နေပြီ။ ငါပဲလိုက်ပို့လိုက်ပါတော့မယ်လေ။”

အိမ်က လမ်းတစ်ဖက်ခြမ်းတင်ဆိုပေမဲ့ စိုးရိမ်နေပုံပေါ်တဲ့ ဦးလေးကြီးက အိမ်အပေါက်ဝအထိ လိုက်ပို့ပေးတယ်။ လူနာရဲ့အမေက တိုက်တံခါးဝရှေ့မှာ စိုးရိမ်နေတဲ့မျက်နှာနဲ့ တစ်ချိန်လုံးစောင့်နေခဲ့တာ။

ဦးလေးကြီး ကိုယ်တိုင်လိုက်ပို့ပေးတာမြင်တော့ ချက်ချင်းပဲ ကျေးဇူးတင်လိုက်တယ်။ ဦးလေးကြီးကတော့ စိတ်ထဲမထားဘူး။

“ရပါတယ်၊ အိမ်နီးနားချင်းတွေပဲဥစ္စာ။” အဒေါ်ကြီးနန်စီကတော့ အေးစက်စက်အဖိုးကြီးက အခုလိုလုပ်ပြနေတဲ့အတွက် သရဲမြင်ရတဲ့မျက်နှာမျိုးနဲ့ ကြည့်နေလေရဲ့။

“ဦးလေးကြီး၊ သမီးနောက်တစ်ခါ လာလို့ရသေးလား။” ပြန်ခါနီး လူနာမေးတော့ ဦးလေးကြီးမျက်နှာက ချက်ချင်းမဲ့သွားတယ်။ နောက်တော့ နည်းနည်းပြေလျော့သွားပြီး…

“မင်းငါ့ပန်းတွေကို ဆွဲနှုတ်မပစ်မချင်းပေါ့။”

Comment

Leave a Reply

Options

not work with dark mode
Reset