Switch Mode

ရွှေမင်းသမီး ၁

The Princess Garden of Memento
Chapter 1 – မျက်နှာချင်းဆိုင်အိမ်က ပန်းခြံငယ်

(၁)

လမ်းထဲဝင်လာကတည်း​က ဒီကလေထုကို ကျွန်မသဘောမကျ။

အရာရာက အုံ့မှိုင်းနေပြီး ပူအိုက်စွတ်ဆိုနေတယ်။ လမ်းတစ်ဖက်တစ်ချက်စီမှာတော့ အချိန်မရွေးလဲကျလာတော့မလိုထင်ရတဲ့ ညောင်ပင်အိုကြီးတွေ၊ အပင်ကိုင်းတွေကနေ ညောင်မုတ်ဆိတ်ရှည်ကြီးတွေက တွဲကျလို့။ လမ်းကလေးကလွန်း ကျဥ်းလွန်းလို့ ညောင်ရိပ်ကျနေပြီး နေရောင်ကိုတောင် ကောင်းကောင်းမမြင်ရ။

အဝေးမှာစောင့်ကြိုနေတဲ့ ခေတ်ဟောင်းပုံစံ ခြောက်ထပ်တိုက်လေးကို လှမ်းကြည့်မိပြီး ကျွန်မသက်ပြင်းချလိုက်မိပြန်တယ်။

အိမ်ပြောင်းရပြန်ပြီ။ ကျွန်မ လူမှန်းသိတတ်စအရွယ်ကတည်းက အမြဲအိမ်ပြောင်းနေခဲ့ရတာ။ ကျွန်မတို့မိသားစုမှာ အမေနဲ့သမီးနှစ်ယောက်တည်းပဲရှိတာ။ အရင်ကတော့ အမေက ကျော်ကြားတဲ့ ပန်းချီဆရာမဒါပေမဲ့ အနုပညာခေတ်ကြီးမှာ အနုပညာတွေ ခေတ်စားမှုလျော့ကျလာတာနဲ့အမျှ ကျွန်မကိုကျောင်းထားဖို့ အဆင်မပြေတော့ အလုပ်ထွက်လုပ်ရတယ်။

ဒါပေမဲ့ ပန်းချီဆွဲတာကလွဲပြီး တခြားဘာမှမလုပ်ရလေတော့ အလုပ်တွေခဏခဏပြောင်းရတတ်တယ်။
အိမ်ငှားခလည်း မှန်အောင်မပေးနိုင်တဲ့လတွေရှိတာမလို့ အိမ်ရှင်နှင်ချလို့ ပြောင်းရတဲ့အခေါက်ပေါင်းလည်း မနည်းတော့ပါဘူး။

ဒီတော့ ကျွန်မလည်း သွားရလာရအဆင်ပြေအောင် ဆိုပြီး ကျောင်းတွေခဏခဏပြောင်းရတတ်တယ်။ အိမ်တစ်ခါပြောင်းတိုင်း မြို့ပြင်ရပ်ကွက်​တွေဆီ ပိုပြီးရောက်ရောက်သွားတာကိုး။ ဒါကြောင့်ပဲ ကျောင်းတစ်ကျောင်းမှာ တစ်နှစ်ထက်ပိုပြီး မနေခဲ့ရဘူး။ ဒါကြောင့် ကျွန်မရခဲ့တဲ့ အခင်ဆုံးသူငယ်ချင်းတွေက လမ်းဘေးက ညောင်ပင်အိုကြီးတွေလောက်ကိုများပြားပေမဲ့ တစ်ယောက်နဲ့မှ တစ်နှစ်ထက်ပိုပြီး သိခွင့်မရခဲ့ဘူး။

ကြာလာတော့ ကျွန်မမှာ သူငယ်ချင်းအတည်တကျတောင် ရှိမနေတော့ဘူး။ ကြုံရတာ များလာတာနဲ့အမျှ တဖြည်းဖြည်း အင်ထရိုပန့်ပိုဆန်လာပြီးသူငယ်ချင်းတွေကို ကျွန်မသိပ်ပြီး မခင်တွယ်တော့ဘူး။ အမြဲလိုလို အွန်လိုင်းစာဖတ်ပလက်ဖောင်းတစ်ခုပေါ်မှာ အလကားရတဲ့ နတ်သမီးပုံပြင်တွေနဲ့ပဲ အချိန်ကုန်နေတော့တယ်။

ဟုတ်တယ်၊ ခေတ်သစ်မှာ အရာရာက စျေးကြီးတယ်၊ စာဖတ်ဝါသနာပါတဲ့ ကျွန်မလိုမိန်းကလေးတစ်ယောက်က တခြားမိန်းကလေးတွေလိုမျိုး တားမြစ်အချစ်ဝတ္ထုပုံထဲမှာ နစ်မြုပ်နေသင့်တာ။

ဒါပေမဲ့ အိပ်မက်တွေဆိုတာက အမြဲစျေးကြီးတယ်လေ။ ခေတ်သစ်မှာ စိတ်ကူးယဥ်ခွင့်ရဖို့တောင်မှ ပိုက်ဆံပုံပေးရတာမျိုး။ လွန်ခဲ့တဲ့ သုံးလလောက်ကလည်း အမေဒီဂျစ်တယ်ပန်းချီဆွဲတာသင်ပြီး ကောင်မရှင်လက်ခံတော့ ဝင်ငွေလေးကောင်းလာတယ်။

အိမ်အတည်တကျနေချင်တဲ့ ကျွန်မအိပ်မက်လေးများ ဖြစ်လာမလားလို့။ ဒါပေမဲ့ သံမဏိနှလုံးသားနဲ့ အခန်းပိုင်ရှင်ကြီးက ငှားခကို ၄၀% တင်ပစ်လိုက်တယ်လေ။ ဒါနဲ့ အိမ်ထပ်ပြောင်းဖို့ထပ်ဖြစ်လာတော့တာပဲ။

အင်း၊ ရှင်တို့ပြောသလို အလကားချပေးတဲ့အပိုင်းတွေလောက်တော့ ဖတ်ဖူးတာပေါ့။ ဒါပေမဲ့ နောက်အပိုင်းတွေကျတော့ ကြော်ငြာကြည့် ကွိုင်စုရမှာဆိုတော့ အလယ်တန်းကျောင်းသူတစ်ယောက်ဖြစ်တဲ့ ကျွန်မအတွက်တော့ အချိန်ပေးနိုင်ဖို့ ခက်ခဲလွန်းတယ်။

အခုခေတ်ကလေးတွေအကုန်လုံးက ကျောင်းကပေးတဲ့ အိမ်စာတွေနဲ့ချည်း ပိနေတော့တာလေ။ ရှင်တို့ခေတ်ကလို ကလေးဖြစ်ရတာ လွယ်တယ်မှတ်လို့လား။

ကံကောင်းတာက ကျွန်မအမေဟာ သူ့အချိန်ပိုင်းအလုပ်တွေအများကြီးနဲ့ ဒီဂျစ်တယ်ကောင်မရှင်တွေကြောင့် တစ်နေကုန်တစ်နေခန်း အလုပ်ရှုပ်နေပြီး ကျွန်မရဲ့ဖုန်းမျက်နှာပြင်ပေါ်မှာ ကုန်ဆုံးနေတဲ့အချိန်တွေကို ဂရုစိုက်ဖို့မအားဘူး။

ဒါကြောင့်ပဲ ဖုန်းစသုံးတဲ့ အလယ်တန်းပထမနှစ်ကနေ တတိယနှစ်အထိ တစ်ထောင့်တစ်ညပုံပြင်တွေကို အခေါက်သုံးဆယ်လောက် အစအဆုံးဖတ်နိုင်ခဲ့တယ်လေ။

တကယ်တော့ ခုခေတ်မှာ နတ်သမီးပုံပြင်အများစုက အိုဟောင်းနေပြီး လူငယ်အမျိုးစု မနှစ်သက်နိုင်တော့ဘူး။ ဖန်တရာတေနေတဲ့ ဇာတ်ကွက်တွေနဲ့ အကြောင်းအရာတွေပဲ ပါနေတာမဟုတ်လား။

ကျွီ…။

တစ်ယောက်တည်း ဟိုတွေးဒီတွေးတွေးနေတုန်း ကျွန်မတို့စီးလာတဲ့ အိမ်ပြောင်းကားက ထိုးရပ်သွားတယ်။ စိတ်ကူးထဲကနေ လက်တွေ့ဘဝဆီကို ပြန်ရောက်လာတော့ ကျွန်မတို့ကားက ငှားနေရမယ့် တိုက်ရှေ့မှာ ရပ်ထားနှင့်ပြီးသား ဖြစ်နေပြီ။

“လူနာ၊ အမေ့ကို ပစ္စည်းတွေကူချပေးဦး။” ဆိုတဲ့ အမေ့စကားကိုလည်း တစ်ချိန်တည်းလိုလိုမှာ ကြားလိုက်ရတယ်။

လမ်းမပေါ်မှာတော့ ကျွန်မထက်ငယ်တဲ့ ကလေးတချို့ကစားနေတယ်။ သူတို့တွေက ဘောလုံးကန်နေကြတာ။ ဒီနေရာက မြို့စွန်ဖက်ဆိုတော့ ယာဥ်သွားယာဥ်လာ ကျဲပါးတယ်။

ဒါပေမဲ့ ကျွန်မပစ္စည်းတွေ ကူရွှေ့ပေးနေတုန်း သတိထားမိတာက အဲဒီကလေးအုပ်စုက ဆန့်ကျင်ဖက်တိုက်ထဲကို ဟောင်းနွမ်းနေတဲ့ အနွေးထည်ဝတ်ထားတဲ့ လူကြီးတစ်ယောက်ဝင်သွားတော့ အားလုံးကစားနေတာကိုရပ်လိုက်ပြီး တစ်ယောက်နဲ့တစ်ယောက် သတိပေးလိုက်ကြတယ်။

“အရူးကြီးရောက်လာပြီ… အရူးကြီးရောက်လာပြီ။”

အဲဒီနောက်တော့ အဲဒီကလေးတွေက လမ်းဘေးမှာကျနေတဲ့ အုတ်ခဲအပိုင်းအစတွေ၊ ကျောက်စရစ်ခဲတွေကို ကောက်ယူပြီးတော့ အဲဒီလူကြီးကို ပစ်ပေါက်ကြတယ်။ အခြေအနေမကောင်းမှန်းသိပုံပေါ်တဲ့ လူကြီးကတော့ တိုက်ခန်းဆီကို ချက်ချင်းပြေးဝင်သွားတယ်။ ဒါပေမဲ့ ကလေးတွေကတော့ ဆက်ပြီး ခဲတွေနဲ့ပေါက်နေကြတုန်းပဲ။

“ဟဲ့…ဟဲ့… ဪ… ကလေးတွေနဲ့တော့ ခက်တော့တာပါပဲ၊ ထိခိုက်မိကုန်မှဖြင့်။”

ကျွန်မအမေလည်း သတိထားမိသွားပြီး ကလေးတွေကို လှမ်းအော်တော့မှ ထွက်သွားကြတယ်။ ကျွန်မ တစ်ဖက်တိုက်ကို ကြည့်လိုက်တော့ အဲဒါက နှစ်ထပ်အိမ်ကလေး။

လွန်ခဲ့တဲ့ နှစ်များစွာကတော့ အများကြီးချစ်စရာကောင်းခဲ့မယ့် ပုံစံမျိုးဆိုပေမဲ့ အခုတော့အိုဟောင်းပြီး နံရံတချို့မှာတောင် အက်ကြောင်းတွေရှိနေပြီ။ အမိုးအုတ်ကြွပ်တချို့ဆိုရင်လည်း ရှိမနေတော့ဘူး။

ထူးခြားချက်တစ်ခုဆိုလို့ ခြံဝင်းထဲမှာ ပန်းမျိုးစုံအောင်ပွင့်နေတဲ့ ပန်းခြံလေးတစ်ခုရှိနေတာပါပဲ။ ပန်းခြံလေးက လှလွန်းလို့ နတ်သမီးပုံပြင်တွေထဲက လိပ်ပြာနတ်သမီးလေးတွေနေထိုင်တဲ့ ကမ္ဘာငယ်လေးလို့တောင် ထင်ချင်စရာပါ။

“အဲဒီအိမ်ကလူကြီး စိုက်ထားတဲ့ ပန်းတွေလား။” ပန်းကလေးတွေကို ဒီလိုလှအောင်စိုက်ထားတဲ့ လူတစ်ယောက်က လူဆိုးတစ်ယောက်တော့ မဖြစ်နိုင်ဘူးမဟုတ်လား။ ဒါပေမဲ့ ဘာလို့ဟိုကလေးတွေက သူ့ကိုခဲတွေနဲ့ ပစ်နေကြတာလဲ။

အိမ်ပြတင်းပေါက်က ကွဲနေတဲ့မှန်ချပ်တွေကိုတွေ့တော့ ကျွန်မမျက်မှောင်ကြုတ်လိုက်မိတယ်။ အခုက ဆောင်းရာသီမဟုတ်ပေမဲ့ သစ်ပင်တွေကြောင့် ချမ်းစိမ့်နေတဲ့ နေရာမျိုးမှာ ညဖက်ဆို လေအေးတွေတိုက်နေမှာပဲမဟုတ်လား။

အဲဒီကလေးတွေက နည်းနည်းလွန်လွန်းမနေဘူးလား၊ ပြီးတော့ ကွဲနေတဲ့ ဖန်ချပ်အဟောင်းတွေ ဒီအတိုင်းရှိနေသေးပုံထောက်တော့ သူမှန်လဲဖို့ မတတ်နိုင်လို့များလား။

ဒီရပ်ကွက်လေးမှာ နေတဲ့သူတွေက ကျွန်မတို့လိုပဲ အဆင်မပြေကြတာများတယ်။

“လူနာ၊ အပြင်မှာ ရပ်ကြည့်နေပြီး ဘာလုပ်နေတာလဲ။”

ကျွန်မ စက္ကူပုံးတစ်ထပ်နဲ့ လမ်းတစ်ဖက်ခြမ်းက တစ်ထပ်အိမ်လေးကိုကြည့်နေတုန်း ကျန်တဲ့ပစ္စည်းတွေကို ငှားထားတဲ့အခန်းရှိရာ အပေါ်ဆုံးထပ်ဆီ သယ်သွားပြီးပြီဖြစ်တဲ့ ကျွန်မအမေက လှမ်းအော်လိုက်တယ်။

“ဟုတ်… လာပြီအမေ။”

….

(၂)

“လာ၊ ဒီမှာလာထိုင်ကြ။ တို့တိုက်ခန်းက ရိုးရိုးအေးအေး နေကြတဲ့သူတွေချည်းပဲ။ အရင်တုန်းက အဖွားကြီးတွေပဲနေတာဆိုတော့ အခုလိုငယ်ငယ်ရွယ်ရွယ်ကလေးတွေရောက်လာတော့ အားကိုးဖော်ရတာပေါ့။”

အမေကတော့ တိုက်ခန်းမှာ နဂိုနေနှင့်ပြီးသား မိသားစုတွေနဲ့ စကားကောင်းနေပြီ။ တိုက်က ခြောက်ထပ်တိုက်ဆိုပေမဲ့ ငှားနေတဲ့သူတွေက သိပ်များဘူး။ ကျွန်မတို့ပါမှ မိသားစုလေးခုတည်းရယ်။

အခုကျွန်မတို့နဲ့ စကားပြောနေတဲ့ အမျိုးသမီးကြီးက အသက်ခြောက်ဆယ်လောက်ရှိပြီ။ မျက်လုံးမှေးမှေးနဲ့မလို့ စကားမပြောဘဲ သူထိုင်နေရင် ငိုက်နေလား နိုးနေလားတောင် ပြောရခက်တယ်။

လက်ထဲမှာလည်း အဝါနဲ့အနက်စပ်ထားတဲ့ ကြောင်လေးတစ်ကောင်ကို ပိုက်ထားလို့ပေါ့။

နာမည်ကတော့ မစ်နန်စီလို့ ပြောတာပဲ။ ယောက်ျားမရှိတဲ့ တစ်ကိုယ်တည်းအပျိုကြီး။ ကလေးချစ်တတ်လို့လားတော့ မပြောတတ်ပေမဲ့ ကျွန်မကို စမြင်တော့ ရွယ်တူကလေးတွေနဲ့ယှဥ်ရင် ပိန်လိုက်တာဆိုပြီး မုန့်တွေအများကြီး ချကျွေးတော့တာပဲ။

မုန့်တွေက ဒီလောက်ကောင်းတာတော့မဟုတ်ပေမဲ့ စေတနာနဲ့ကျွေးတာမလို့ တစ်ခုနှစ်ခုလောက် စားပြရတာပေါ့။ ကျွန်မတို့မိသားစုက အဆင်သိပ်မပြေတော့ သရေစာတွေ သိပ်မစားဖြစ်ဘူး။ အဟာရဖြစ်ပြီး လိုအပ်သလောက်ပဲ စားတာများတယ်။

မစ်နန်စီက ဒီတိုက်ခန်းမှာ နေတာအကြာဆုံးနဲ့ အသက်အကြီးဆုံးဖြစ်တော့ တိုက်ရဲ့ကိစ္စတော်တော်များများကို အိမ်ရှင်အစား ဆုံးဖြတ်ပေးရတာများတယ်။ ပြောရရင်တော့ အဆောင်မှူးသဘောမျိုးကို ဖြစ်နေတော့တာ။

အခုကျွန်မတို့ရောက်နေတာက မစ်နန်စီရဲ့တိုက်ခန်းထဲမှာဖြစ်ပြီး ဒုတိယမြောက်အထပ်မှာ။ တခြားအခန်းတွေက မိသားစုဝင်တွေလည်း ကျွန်မတို့ကို လာတွေ့ကြတယ်။

တော်တော်များများက ဖော်ရွေကြပါတယ်။ ဒါပေမဲ့ အများစုက အသက်ကြီးနေပြီဖြစ်တဲ့ အဖိုးကြီးအဖွားကြီးတွေဖြစ်ပြီး ဒီရပ်ကွက်လေးရဲ့ထူးခြားချက်လို့တောင် ထင်လာမိပြီ။

ကျွန်မ သူတို့ပြောနေတဲ့စကားတွေကို သိပ်စိတ်မဝင်စားတာမလို့ ပြတင်းပေါက်ကို ကျော်ကြည့်လိုက်မိတယ်။

မစ်နန်စီရဲ့တိုက်ခန်းက ရှေ့မျက်နှာစာမှာမလို့ မျက်နှာချင်းဆိုင်တိုက်က ပန်းခြံလေးကို မြင်နေရတယ်။

စီစီရီရီညှပ်ထားတဲ့ အဲဘားဂရမ်းပင်ပုလေးတွေက အားလုံးထဲမှာ အထင်ရှားဆုံးပဲ။ သူတို့ကို ​ပန်းခြံရဲ့စည်းရိုးအဖြစ် သုံးထားပြီးတော့ တိရစ္ဆာန်ငယ်လေးတွေ မဝင်နိုင်အောင်လို့ ကာရံထားတာ။

ပန်းတွေထဲမှာ အတောက်ပဆုံးကတော့ ရဲရဲနီနေတဲ့ နှင်းဆီပန်းတွေပဲ။ ပန်းတွေထဲမှာ ရိုမန့်တစ်အဆန်ဆုံးပဲ မဟုတ်လား။ လာဗင်ဒါပန်းတွေလည်းရှိပြီးတော့ ရာသီစုံမှာပွင့်တဲ့ နှစ်ရှည်ပန်းတွေကိုလည်း စုံစုံလင်လင်မြင်နိုင်တယ်။

ခဏနေတော့ ကျွန်မမြင်ခဲ့တဲ့ ဦးလေးကြီးက ပန်းခြံရေလောင်းတဲ့ ရေခရားပုံးနှစ်ခုကို ဆွဲလာပြီးတော့ ခြံလယ်က ရေတွင်းလေးထဲကနေ ရေစခပ်တယ်။

“သူရေတင်မော်တာတို့၊ ပိုက်တွေတို့ မသုံးဘူးလား။”

နောက်မှကျွန်မဘယ်လောက်အတွေးခေါင်လဲဆိုတာကို တွေးမိပြီး ကိုယ့်ခေါင်းကိုယ်ခေါက်လိုက်မိပြီ။ အဲဒီဦးလေးကြီးကြည့်ရတာ ကျွန်မတို့မိသားစုထက်တောင် ဆင်းရဲနေသေးပုံပဲ။ သူလည်း မီတာခချွေတာချင်မှပေါ့။ ဒါမှမဟုတ် အစကတည်းက သူ့အိမ်မှာ မီတာတပ်မထားတာလည်း ဖြစ်နိုင်တာပဲလေ။

“လူနာ… လူနာ…”

ကျွန်မပန်းခြံလေးကို ငေးကြည့်နေတုန်း ဘယ်လောက်ကြာသွားမှန်းတောင် မသိတော့ဘူး။ အမေက ကျွန်မပခုံးကိုကိုင်ပြီး လှုပ်နှိုးမှပဲ သတိဝင်လာတော့တယ်။

“အမေတို့ပြန်ကြမယ်လေ၊ အချိန်လင့်နေပြီ။”

ဟုတ်တယ်၊ ​ကျွန်မတို့ အန်တီနန်စီရဲ့တိုက်ခန်းထဲမှာ အချိန်ဖြုန်းနေတာ ညနေတောင်စောင်းတော့မယ်။ ပန်းခြံထဲမှာ အလုပ်လုပ်နေတဲ့ ဦးလေးကြီးတောင် ပြန်သွားပြီ။ ကျွန်မနောက်ဆုံးသတိရှိနေတုန်းက သူအဲဗားဂရင်းပင်တွေကို ကပ်ကြေးနဲ့လိုက်ညှိနေတာ။

မစ်နန်စီက ပန်းခြံကိုကြည့်နေခဲ့တဲ့ ကျွန်မစိတ်ကို နားလည်သွားပုံပဲ။

“ဟားဟား… ကလေးမလေးတော့ အိမ်ရှေ့က အဖိုးကြီးဖီးလစ်ရဲ့ပန်းခြံကို သဘောကျနေပြီထင်တယ်။ ပန်းခြံလေးကလှပေမဲ့ အဲဒီအဖိုးကြီးက တအားစိတ်ပုတ်တာ။ အလကား…”

ကြည့်ရတာ ပန်းပင်စိုက်တဲ့ဦးလေးကြီးက ပတ်ဝန်းကျင်နဲ့လည်း တည့်တဲ့ပုံမပေါ်ဘူး။ ဒါနဲ့၊ အန်တီနန်စီက သူနဲ့ရွယ်တူလို အဖိုးကြီးလို့ခေါ်နေပေမဲ့ တကယ်တမ်းက အဲဲဒီပန်းခြံဦးလေးကြီးက မစ်နန်စီထက် အများကြီးငယ်တယ်။

ကျွန်မ ပန်းခြံကို စိတ်ဝင်စားနေမှန်း သိနေတော့ အန်တီနန်စီက နည်းနည်းခြောက်တဲ့အနေနဲ့ ပြောလိုက်တယ်။

“အဲဒီအဖိုးကြီး​က ကလေးတွေကို မချစ်တတ်ဘူးနော်၊ သူ့ကိုသွားစရင် ဗိုက်ဖောက်ပြီးစားလိမ့်မယ်။”

အန်တီနန်စီက ကျွန်မကြောက်သွားအောင်လို့ တမင်ရှေ့ကိုတိုးလာပြီး မျက်လုံးပြူးပြူးနဲ့ ပြောလိုက်တာပါ။

ဒါပေမဲ့ ကျွန်မတော့ မယုံပါဘူး။ ကျွန်မ အန်တီနန်စီရဲ့ဝရန်တာကိုကြည့်လိုက်တော့ ညိုးခြောက်နေတဲ့ ပန်းပင်တချို့ကို တွေ့လိုက်ရသေးတယ်။ ဖြစ်နိုင်တာက ဟိုဦးလေးကြီးလိုမျိုး ပန်းပင်တွေကို ကောင်းကောင်းမစိုက်နိုင်လို့ မနာလိုဖြစ်နေတာများလား။

ဒါပေမဲ့ ကလေးတွေကို မဖော်ရွေဘူးဆိုတာတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘာပဲပြောပြော အိမ်မှန်ပြတင်းတွေကို ခဲနဲ့ပေါက်ပြီးဖျက်ဆီးထားတဲ့ ကလေးဆိုးတွေကို ဘယ်သူက သဘောကျမှာလဲ။

ကျွန်မတို့လည်း ဘာမှလုပ်စရာမရှိတော့တဲ့အတွက် အန်တီနန်စီရဲ့အခန်းကနေ ထွက်လာခဲ့တယ်။ ပြီးတော့ အခုတိုက်ခန်းမှာနေရင် လိုက်နာရမယ့် ဆောင်ရန်ရှောင်ရန် စည်းကမ်းချက်တွေရေးထားတဲ့ စာရွက်တစ်ရွက်ကိုလည်း ကိုင်လာရသေးတယ်။

အန်တီနန်စီပြောတာကတော့ အခန်းနံရံမှာကပ်ထားပြီး သေချာမှတ်ထားရမယ်တဲ့။ တစ်ခုခုချိုးဖောက်မိရင် အိမ်ရှင်ကိုတိုင်မှာတဲ့။

ဒါကြောင့် အန်တီနန်စီကို ကလေးချစ်တတ်ပြီး ဖော်ရွေတဲ့အမျိုးသမီးကြီးလို့ ကျွန်မဆက်မမြင်နိုင်တော့ဘူး။ မူလတန်းတုန်းက တအားစည်းကမ်းတင်းကျပ်တဲ့ ဆရာမတစ်​ယောက်ကို ပြန်မြင်နေရသလိုပဲ။

ဒီလိုနဲ့ အိပ်ချိန်ရောက်လာတော့ မွေ့ရာပေါ်လှဲပြီး ခေါင်းအုံးပေါ် ခေါင်းတင်လိုက်ပေမဲ့ ချက်ချင်းအိပ်မပျော်သေးဘူး။

စိမ်းသက်နေတဲ့ နေရာတစ်ခုမှာ ကျောခင်းထားရပေမဲ့ အသားမကျသလိုမျိုး ကျွန်မမခံစားရဘူး။ ခဏခဏ အိပ်ရာပြောင်းအိပ်နေရလို့ ထုံတောင်ထုံနေပြီ။

ဒါပေမဲ့ အခုကျွန်မအိပ်မပျော်သေးတာက ပန်းပင်တွေအများကြီးရှိနေတဲ့ ပန်းခြံလေးအကြောင်းကို စိတ်ကူးယဥ်နေမိလို့။

“တစ်နေ့ ငါလည်း ငါပိုင်တဲ့အိမ်လေးမှာ ပန်းခြံလှလှလေး စိုက်ချင်လိုက်တာ။”

နောက်တော့ ကျွန်မကိုယ်ကျွန်မတောင် သတိမထားမိတော့ဘဲ အိပ်မောကျသွားတော့တယ်။ အဲဒီနေ့က အိပ်မက်ထဲမှာတော့ ပန်းခြံလေးထဲမှာ နတ်သူငယ်လေးတွေနဲ့အတူ ပြေးလွှားရင်း ဆော့ကစားနေခဲ့တာပေါ့။

Comment

Leave a Reply

Options

not work with dark mode
Reset