Switch Mode

အိမ်မှာနေတဲ့ သရဲမလေး ၄

Girl Ghost in My House
Chapter 4 – လျှို့ဝှက်ချက်များ

“ငြိမ်ငြိမ်နေ လှုပ်နေရင် မင်းအသားတွေပါ ညှပ်မိကုန်လိမ့်မယ်။” ကိုနိုင်က ဒေါသတကြီးဖြင့် ခုံပေါ်တွင် စိတ်ဆိုးမာန်ဆိုးပုံစံဖြင့် ထိုင်နေ​သော သရဲမကို ပြောလိုက်သည်။

သူ့လက်ထဲတွင်တော့ လက်သည်းညှပ်သည့် ကလစ်လေးကို ကိုင်ထားကာ သူနှင့်မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် ပေကပ်ကပ်မိန်းကလေး၏လက်သည်းရှည်များကို ညှပ်ပေးနေ၏။

ယနေ့က ပိတ်ရက်ဖြစ်သည်။ ကိုနိုင်လည်း မလုပ်မရှိ ကြောင်ရေချိုးဆိုသည့် စကားပုံထဲကအတိုင်း အလုပ်မရှိ သရဲမလေးကို လက်သည်းညှပ်ပေးနေခြင်းဖြစ်သည်။

“ဒီလောက်ရှည်တဲ့လက်သည်းတွေနဲ့ အစာစားနေရင် ကျန်းမာရေးထိခိုက်လိမ့်မယ်။ ငါမင်းကို လက်ဆေးနည်းသင်ပေးထားတယ်မဟုတ်လား။ လက်မဆေးရင် ဗိုက်နာလိမ့်မယ်။”

ကိုနိုင်က သရဲမ၏ကျန်းမာရေးကို စိတ်ပူစွာဖြင့် ပြောပြပေးနေခြင်းဖြစ်သည်။ ကံကောင်းစွာဖြင့် သရဲမက လူရေလည်ပြီး သင်ရလွယ်ကူ၏။ တကယ်တော့ ဒီလောက်ကြီး ထုံအလှသည်မဟုတ်ဘဲ မည်သို့တစ်ကိုယ်ရည်သန့်ရှင်းရေး လုပ်ရမည်ကို နားလည်ပုံရကာ သူ့မိဘများရှိစဥ်က သင်ပေးထားခြင်း၊ ဒါမှမဟုတ် အခြားလူများကို အတုယူကာ လိုက်လုပ်နေခြင်း ဖြစ်နိုင်ပေသည်။ အနည်းဆုံးတော့ ညစ်ပေတူး သရဲမဟုတ်ပေ။

ကိုနိုင်က လက်သည်းများညှပ်ပေးပြီးနောက် သက်ပြင်းချလိုက်သည်။ ဒီသရဲမနဲ့ ဘယ်လိုစခန်းသွားရမလဲ သူစဥ်းစား၍မရ။ သရဲမဟုသာ ဆက်ခေါ်နေသော်လည်း ဒီမိန်းကလေးက လူစင်စစ်ဖြစ်ပြီး ဝိညာဥ်လည်းမဟုတ် မကျွတ်မလွတ်သည့် တစ္ဆေလဲမဟုတ်ပေ။ ကိုနိုင်က နာမည်မသိ၍သာ ထိုသို့သုံးနှုန်းနေရခြင်းဖြစ်သည်။

“ထားတော့။ သက်ဆိုင်ရာကို အကြောင်းကြားရင်ကောင်းမလား၊ ရပ်ကွက်လူကြီးတွေကို အကြောင်း ကြားရမလား။ စိတ်ညစ်လိုက်တာ။”

အရွယ်ရောက်ပြီး မိန်းကလေးတစ်ယောက်အနေဖြင့် ကိုနိုင်လို လူပျိုလူလွတ်တစ်ယောက်နေသည့်အိမ်တွင် နေထိုင်ရန်မသင့်တော်ပါ။ ထို့ကြောင့်လည်း ကိုနိုင်က ဒီမိန်းကလေးကို ဘာလုပ်ပေးရမှန်း စဥ်းစားမရ ဖြစ်နေသည်။

ကိုနိုင်တစ်ဖက်ကို အာရုံရောက်နေတုန်း သရဲမလေးက စားပွဲပေါ်တင်ထားသည့် အစိမ်းကြော်ပန်းကန်ကို လက်နှိုက်ကာ ဟင်းတစ်ဆုပ်စာကိုယူပြီး ပါးစပ်ထဲထိုးထည့်လိုက်၏။ ထို့နောက် ကိုနိုင်ကို ​စပ်ဖြဲဖြဲပြုံးပြလိုက်သည်။ ဂေါ်ဘီဖက်တချို့က ကောင်မလေးပါးပေါ်တွင် ကပ်နေပြီး တစ်မျိုးချစ်စရာကောင်းနေ၏။

“ဟေး…ဟေး… ဇွန်းကိုင်ပြီးစားပါလို့ ဘယ်နှစ်ခါပြောရမှာလဲ၊ ကလေးလည်းမဟုတ်ဘဲနဲ့။”

ကိုနိုင်တစ်ယောက် ကလေးအမေကြီးလို အူကြောင်ကြားသရဲမကို ဆူနေရပြန်ပါပြီ။ သရဲမကတော့ ကိုနိုင်ပါးကို လက်သည်းနဲ့ကုတ်ပြီး အိမ်ထဲပတ်ပြေးနေသည်။ နှစ်ယောက် ယုံကြည်မှုရပြီးသည့်နောက် သရဲမက ကိုနိုင်ကို အမျိုးမျိုးအနိုင်ကျင့်တတ်လာသည်။ လက်လည်းအရှည်ကြီးနှင့် စနောက်သည့်သဘောဖြင့် ပါးကိုကုတ်တတ်ရာ ကိုနိုင့်မျက်နှာမှာ ကြောင်ကုတ်ထားသလိုမျိုး လက်သည်းရာဗရပွနှင့် ဖြစ်နေလေပြီ။

အဆိုးဆုံးကတော့ ကိုနိုင့်ဖုန်းကို အလစ်တွင်ယူကြည့်တတ်ပြီး You Tubeထဲမှ တွေ့ရာဗီဒီယိုများကို လိုက်ဖွင့်လေ့ရှိသည်။ ထို့နောက် ကလေးတစ်ယောက်လိုမျိုး သီချင်းဖွင့်ကာ ဆိုးဆိုးဝါးဝါးပုံစံမျိုးဖြင့် ကနေတာမျိုးလည်း လုပ်တတ်သည်။

‘ဒေါက်…ဒေါက်…ဒေါက်…’ အိမ်ရှေ့တံခါးမှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။ သရဲမက တခြားလူတစ်ယောက်ယောက် တွေ့မှာစိုးသည့်ပုံစံဖြင့် စားပွဲခုံအောက် ဝင်ပြေးသွား၏။

“ဟေး… ဒီစားပွဲခုံက စားပွဲခင်းအရှည်ကြီးမရှိဘူးလေ၊ မင်းအောက်ထဲဝင်ပုန်းလ​ည်း မြင်နေရမှာပဲဥစ္စာကို။”

သရဲမကတော့ ကိုနိုင့်စကားကို နားမလည်နိုင်သည့်ပုံစံဖြင့် ခေါင်းမော့ကြည့်ပြီး မျက်လုံးကို ပေကလပ် ပေကလပ် ခတ်ပြသည်။

“ငါတော့ သေချင်တယ်။” ကိုနိုင်က ကိုယ့်နဖူးကိုယ် လက်ဝါးဖြင့်ရိုက်လိုက်ပြီး တံခါးကို သွားဖွင့်ပေး၏။

ဝဝတုတ်တုတ်မောင်ကောင်းက လက်ထဲတွင် အထုပ်အပိုးတစ်ပွေ့တစ်ပိုက်ကြီးကို ကိုင်ထားပြီး တံခါးရှေ့တွင် ရပ်နေသည်။ နဂိုကတည်းက အရပ်ပုသူဖြစ်သဖြင့် သူ့မျက်နှာကို အရင်မမြင်ရဘဲ အထုပ်များကိုသာ မြင်ရပေသည်။

“Deliveryလား၊ အိမ်မှားပို့တာများလား။ ကျွန်တော့်အိမ်က ပစ္စည်းမှာမထားဘူး။”

ကိုနိုင့်စကားကြောင့် မောင်ကောင်းစိတ်ဆိုးသွားပြီး အထုပ်အပိုးများကို အောက်သို့နှိမ့်လိုက်ကာ ကိုနိုင်ကို မဲ့ပြလိုက်သည်။

“ဟေ့ကောင်၊ ငါဟငါ။ မင်းသရဲမက ချောမချော လာကြည့်တာ။”

“ချောရင် မင်းကဘာလုပ်မလို့လဲ။”

“ဟဲဟဲ…” မောင်ကောင်းက ကောက်ကျစ်တော့မည့်ပုံစံကြီးဖြင့် ပြုံးပြလိုက်၏။

ကိုနိုင်ကတော့ ဒီကောင်က မဟုတ်တာလုပ်ဖို့ ဘာသတ္တိမှမရှိမှန်း သိပါသည်။ ငယ်ငယ်တုန်းက သူကြိုက်သည့် ကောင်မလေးကိုပင် ဖွင့်မပြောရဲသဖြင့် ခုထိအိမ်တွင်းပုန်း လူပျိုသိုးကောင် ဖြစ်နေသည်မဟုတ်လား။

ကိုနိုင်က ​မောင်ကောင်း အိမ်ထဲဝင်လို့ရအောင် လမ်းဖယ်ပေးလိုက်သည်။ မောင်ကောင်းကလည်း သူ့ပစ္စည်းများကို အထဲယူလာပြီး ထမင်းစားစားပွဲပေါ် တင်လိုက်၏။ ထို့နောက် တစ်စုံတစ်ခုကို လိုက်ရှာသည့်ပုံစံဖြင့် မျက်လုံးကို သုံးရာ့ခြောက်ဆယ်ဒီဂရီလှည့်ရင်း အိမ်ထဲဝေ့ကြည့်သည်။

“ငနိုင်ရေ၊ မင်းသရဲမက လူလားသရဲလား။ ငါလည်း မမြင်ရပါလား။ မင်းတစ်ယောက်တည်းကိုပဲ ကိုယ်ယောင်ပြတာထင်တယ်။” တော်တော်ကြာသည်အထိ လူတစ်ယောက်မှ မတွေ့သောကြောင့် မောင်ကောင်းက မေးလိုက်သည်။

“လူလေ၊ ငါတောင် သူ့လက်ကို ကိုင်ကြည့်သေးတယ်။” ကိုနိုင်က မဲ့ပြုံးပြုံးလိုက်ပြီး ပြန်ဖြေသည်။

“ဒါဖြင့် သူက ဘယ်မှာတုန်း။”

“လှေကားပေါ်မှာလေ။” ကိုနိုင့်အဖြေကြောင့် မောင်ကောင်း လှေကားဖက်ကို ကြည့်လိုက်ခါမှ ကုပ်ချောင်းကုပ်ချောင်းဖြင့် အပေါ်ထပ်တက်ပြေးရန် ကြိုးစားနေသော ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရသည်။

မောင်ကောင်းနှင့်သရဲမ မျက်လုံးချင်းဆုံသွား၏။ သရဲမကတော့ မောင်ကောင်ကို မမြင်ချင်ယောင် ဆောင်သည့်အနေဖြင့် မျက်နှာကို လက်ဖြင့်ကာကာ အပေါ်သို့ တိတ်တိတ်လေး ဆက်တက်သွားသည်။ ထိုသို့ကာထားခြင်းဖြင့် သူ့ကို ဘယ်သူမှမမြင်နိုင်တော့ဟု အထင်မှားနေပုံပေါ်သည်။ ခဏနေတော့ ဒုတိယထပ် သော့ခတ်ထားသော အခန်းတံခါးပွင့်သွားသံနှင့် ပြန်ပိတ်သွားသံတို့ကိုသာ ကြားလိုက်ရ၏။

“မင်းသရဲမက ချောသားပဲ။” မောင်ကောင်းပြောလိုက်သည်။ ကိုနိုင်က​တော့ နှုတ်ဆိတ်လျက်သား။

“…..”

“ဒီတော့ မင်းဘယ်လိုစဥ်းစားထားလဲ၊ သူနဲ့ ဒီအတိုင်းပဲ ဆက်နေသွားမှာလား။” မောင်ကောင်းနှင့်ကိုနိုင်က စားပွဲခုံမှာ မျက်နှာချင်းဆိုင်ထိုင်ရင်း စကားကောင်းနေကြသည်။

ကိုနိုင်ကလည်း မောင်ကောင်းစကားကြောင့် တွေးတွေးဆဆဖြင့် ပြောလိုက်သည်။ “အင်း၊ အစကတော့ ရပ်ကွက်လူကြီးတွေကို အကြောင်းကြားပြီးတော့ အကူအညီတောင်းကြည့်ဦးမလို့ပဲကွ။ မိန်းကလေးတစ်ယောက်အနေနဲ့ ယောက်ျားလေးတစ်ယောက်အိမ်မှာနေတာက တကယ်မသင့်တောဘူးလေ။”

“နောက်တော့ရော၊ ဘာဆက်ဖြစ်လဲ။”

ကိုနိုင်က မောင်ကောင်းအမေးကို ပြန်မဖြေခင် ခြေထောက်နှစ်ချောင်းကို စေ့လိုက်ကာ ဒူးပေါ်လက်တင်လိုက်ပြီး သက်ပြင်းချလိုက်သည်။ သူ့မှာ ထိုသို့လုပ်မှ စိတ်သက်သာရာရသော အကျင့်မျိုးရှိသည်။

“တကယ်တော့ ရပ်ကွက်ကို အကြောင်းကြားမယ်ဆိုရင် ဒီမိန်းကလေးကို စိတ်မနှံဘူးလို့ သူတို့ယူဆပြီးတော့ စိတ်ရောဂါကုဆေးရုံကို ခေါ်သွားကြလိမ့်မယ်။ မင်းသိတဲ့အတိုင်းပဲ သူက ဒီအိမ်မှာ နှစ်နှစ်ဆယ်နီးပါးလောက် နေလာခဲ့တာလေ။ ဒါက သူ့အိမ်ပဲ။ နေရာသစ်မှာ အသားကျဖို့လွယ်မှာမဟုတ်ဘူး။ သူဝမ်းနည်းနေလိမ့်မယ်။”
မောင်ကောင်းကလည်း ကိုနိုင့်စကားကြောင့် ခေါင်းညိတ်လိုက်သည်။ ကိုနိုင်ကတော့ ဆက်ပြောလိုက်သည်။

“ပြီးတော့ သူက တကယ်ဉာဏ်ရည်မမီတာမှမဟုတ်တာ။ လူကြီးတစ်ယောက်ဖြစ်အောင် ပျိုးထောင်မပေးခံခဲ့ရတာပဲရှိတယ်။ တကယ်လို့ သူ့ကိုသင်ကြားပေးမယ့်သူရှိရင် ရင့်ကျက်လာနိုင်တယ်။”

မောင်ကောင်းက​တော့ ခေါင်းညိတ်ပြီးရင်း ညိတ်နေပြီး ထပ်ပြောလိုက်သည်။ “ဒီတော့ မင်းက သရဲမလေးကို ကိုယ်တိုင်ဂရုစိုက်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့။ အနည်းဆုံးတော့ သူ့ဆွေမျိုးတွေ ရှိသေးလားသိရအောင် လုပ်သင့်တယ်ထင်တယ်။ အိုးအိမ်ဌာနမှာ ငါ့အသိသူငယ်ချင်းရှိတယ်။ ငါမေးပေးမယ်။ ကံကောင်းရင်တော့ သူ့မှာ အဖိုးအဖွားတွေ ရှိလောက်ဦးမှပါ။”

ကိုနိုင်လည်း ခေါင်းညိတ်သဘောတူလိုက်သည်။ ဘာပဲပြောပြော သူက အပြင်လူတစ်ယောက်သာဖြစ်သည်။ သရဲမလေးကို သူ့မိသားစုဝင်တွေလက်ထဲ ပြန်ထည့်ပေးလိုက်တာက ပိုကောင်းသည်မဟုတ်လား။

ကိုနိုင်အတွေးလွန်နေတုန်း မောင်ကောင်းက သူဝယ်လာသည့် အထုပ်လေးတချို့ကို ဖြေလိုက်သည်။ ပထမဆုံးတစ်ခုက အိပ်ရာခင်းနှင့်ခေါင်းအုံးစွပ် တစ်တွဲထဲပါသည့် အထုပ်ဖြစ်ကာ ကိုနိုင်ထံ မောင်ကောင်းပစ်ပေးလိုက်၏။

“မင်းသရဲမလေး အိပ်ရာခင်းကောင်းကောင်းနဲ့အိပ်ရအောင် ဝယ်လာပေးတာ၊ သူ့အတွက် အိပ်ရာတော့ မင်းဝယ်ပေးထားတယ်မဟုတ်လား။”

မောင်ကောင်းစကားကြောင့် ကိုနိုင်တစ်ခုခုကို သတိရသွားပုံရပြီး မျက်နှာပေါ်မှာအပြုံးမှာ တောင့်တောင့်ကြီး ဖြစ်သွားသည်။ မောင်ကောင်းလည်း ပုံမှန်မဟုတ်သည့်ကိုနိုင်ကြောင့် မျက်လုံးပြူးသွားပြီး

“ခွေးကောင်၊ မင်းသူ့ကို မွေ့ရာဝယ်မပေးဘဲ ကြမ်းပြင်ပေါ်မှာ ဒီအတိုင်းအိပ်ခိုင်းထားတာလား။”

သတိကောင်းကောင်းမလည်သေးသည့် ကိုနိုင်က နံရံကို တွေတွေကြီး စိုက်ကြည့်နေရင်းအတက်အကျမရှိသည့်လေသံဖြင့် တစ်လုံးချင်း ပြန်ဖြေလိုက်သည်။

“မ..ဟုတ်…ဘူး…”

“ဘာ… ကြမ်းပြင်ပေါ်မှာ မအိပ်ခိုင်းရင်း တစ်ညတာကို သူဘယ်လိုဖြတ်သန်းရအောင် မင်းထားထားတာလဲ။ မဟုတ်မှလွဲရော…” မောင်ကောင်းက တစ်ခုခုကို တွေးမိသွားဟန်ဖြင့် ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး မေးလိုက်သည်။

“ငါ့ကောင်၊ မင်းအခွင့်ကောင်းယူပြီး မင်းနဲ့အတူခေါ်ထားတာလား။”

ကိုနိုင်က လူယုတ်မာအပြုံးကြီးနှင့်ပြုံးနေသော မောင်ကောင်းကို တအံ့တဩမော့ကြည့်လိုက်၏။ အတွေးလွန်နေသော မောင်ကောင်း၏မျက်နှာကြီးက ရုပ်ရှင်ထဲက ရုပ်ဆိုးဗီလိန်ကောင်ကြီးနှင့်ပင် တူသေးသည်။ ကိုနိုင်က မောင်ကောင်းခေါင်းကို လက်သီးဆုပ်ဖြင့် ထုလိုက်ပြီး…

“အတွေးမလွန်နဲ့၊ ငါသူ့ကို ညဖက်ဘယ်လိုအိပ်လဲ မမေးရသေးဘူး။ ဒါကြောင့် ငါမသိဘူး။”

….

ဒုတိယထပ် သော့ခတ်ထားသော အခန်းလေးထဲတွင်ဖြစ်သည်။ သရဲမလေးက အခန်းတံခါးကိုပိတ်လိုက်ပြီး ရှေးကျွန်းသားဗီရိုကြီး၏အစိတ်အပိုင်းတစ်ခုကို နှိပ်လိုက်ရာ ​ဗီရိုကြီးက ဘေးသို့ သူ့ဘာသာအလိုလို ရွေ့သွား၏။ နဂိုဗီရိုရှိခဲ့သည့် နေရာတွင်တော့ ပိတ်ထားသော မီးခိုးခေါင်းတိုင်ထဲသို့ ဆင်းသည့်အုတ်လှေကားငယ်လေးတစ်ခု ရှိနေသည်။ အုတ်ခဲတစ်ခဲစီဖြင့် မသိမသာစီထားခြင်းဖြစ်ရာ ကျဥ်းမြောင်းပြီး ဆင်းရတက်ရ ခက်ခဲ၏။

သရဲမလေးက ထိုလမ်းအတိုင်း ဆင်းသွားလေရာ လူတစ်ကိုယ်စာဝင်ဆံ့ရုံသာရှိသော မီးခိုးခေါင်းတိုင် အောက်ခြေသို့ ရောက်သွားသည်။ အောက်ခြေရှိ မြေအောက်ထပ်တံခါးက သတ္ထုတံခါးကြီးဖြစ်ကာ ယခုအထိ အကောင်းအတိုင်းရှိနေသေးပြီး ခေါင်းတိုင်အောက်ခြေမှာ အခန်းငယ်လေးတစ်ခုကဲ့သို့ ဖြစ်နေပေသည်။

အကယ်၍ ခေါင်းတိုင်အပေါ်သို့ မော့ကြည့်မည်ဆိုပါက ကြယ်လင်နေသော ကောင်းကင်ကြီးကို မြင်တွေ့ရမည်ဖြစ်ကာ လျှို့ဝှက်လမ်းအတွင်းရှိ တစ်ခုတည်းသော လေဝင်ပေါက်လည်းဖြစ်သည်။

သရဲမလေးက ထိုအခန်းကျဥ်းလေးထဲတွင် လဲချလိုက်ကာ ကိုယ့်လက်ကိုယ်ခေါင်းအုံးရင်း မျက်လုံးကို မှိတ်ထားလိုက်တော့သည်။ ပြင်ပဖြစ်ရပ်များက သူ့အပေါ်မသက်ရောက်သည့်အလား။

ကိုနိုင်တို့အိမ်ကလေးနှင့် မျက်နှာချင်းဆိုင်တွင်ဖြစ်သည်။ ပစ္စည်းပို့သည့်ကားအဖြစ် ပုံဖျက်ထားသော ဗန်ကားလေးတစ်စင်းမှာ လမ်းဘေးချရပ်ထားပြီး ထိုကားပေါ်တွင်တော့ ရုပ်ရည်ကြမ်းတမ်းသည့် သတ်လတ်ပိုင်းလူကြီးနှစ်ယောက် ရှိနေကြ၏။

သူတို့မျက်လုံးများက ကိုနိုင်၏ရှေးပုံစံ ဗီလာအိမ်အပေါ်တွင် ရောက်ရှိနေကြကာ မကောင်းသည့်ကိစ္စတစ်ခုခုကို အကြံထုတ်နေကြပုံပေါ်သည်။

“ဒီအိမ် သေချာလို့လား။” ကားဒရိုက်ဘာခုံ၏တစ်ဖက်ခုံတွင် ထိုင်နေသောလူက မေးလိုက်သည်။ ထိုလူက အရပ်ပုပု ခေါင်းပြောင်ပြောင်နှင့်ဖြစ်ကာ အရက်အလွန်အကျွံသောက်လေ့ရှိဟန်ဖြင့် မျက်နှာတစ်ခုလုံး ဖောနေသည်။

“အေး… ဒီမြို့လေးမှာ ကိုလိုနီခေတ်စတိုင် ဗီလာဘယ်နှစ်ခု ရှိလို့လဲကွ။”

ဒရိုက်ဘာခုံတွင် ရှိနေသည့်လူက ပြန်ဖြေလိုက်၏။
ထိုလူက ကွမ်းကို အဆက်မပြတ်ဝါးနေပြီး ဘေးမှလူကို အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။ သူတို့နှစ်ဦးက အလုပ်အတူလုပ်ကြသော်လည်း တစ်ယောက်ကိုတစ်ယောက် လေးစားမှုမရှိပေ။

ဒရိုက်ဘာက ကားဒတ်ဘုတ်ရှိ အံ့ဆွဲထဲမှ ဖိုင်လေးတစ်ဖိုင်ကို ဆွဲထုတ်လိုက်သည်။ အတော်ကြာပြီဖြစ်ပုံရသည့် သတင်းစာအဟောင်းများ၊ မိတ္တူစာရွက်များနှင့် အိမ်ဗိသုကာပုံစံတစ်ခုကိုပါ တွေ့ရသည်။

“ဒီစာချုပ်မိတ္တူကိုကြည့်၊ အိုးအိမ်ဌာနကနေ ငါသွားစုံစမ်းပြီး ခက်ခက်ခဲခဲရလာတဲ့ဟာ။ ငွေလည်းနည်းနည်းပါးပါးတော့ ပေးခဲ့ရတာပေါ့။ ကိုလိုနီခေတ်တုန်းက ဒီအိမ်ကို မြန်မာသူဌေးကြီး ဦးဘရှိန်ပိုင်ခဲ့တာ။ အရပ်ထဲက ပြောကြသလိုမျိုး ချစ်တီးကုလားပိုင်တာမဟုတ်ဘူး။ စစ်ကြီးတုန်းကလည်း ကင်ပေတိုင်ရုံးဖြစ်ခဲ့တယ်ဆိုတာတွေကလည်း မမှန်ဘူး။ ဒီအတိုင်း ဗုံးကျဲတဲ့အထဲ ကံကောင်းပြီး မပါခဲ့ရုံပဲ။”

“ပန်းချီဆရာကြီးဦးဘဉာဏ် ဆွဲခဲ့တဲ့ ပန်းချီကားတစ်ခုကို ဦးဘရှိန်က နိုင်ငံခြားသားတွေနဲ့အပြိုင်လေလံဆဲဲပြီး နိုင်သွားတယ်ဆိုတဲ့သတင်းက ဒီမှာ။ ဒီသတင်းစာကလည်း အမျိုးသားစာကြည့်တိုက်ကနေ ငါလစ်လာတာ။ ပန်းချီကားနာမည်က တောင်တန်းပေါ်က မြို့ငယ်လေးတဲ့၊ ဒီမြို့လေးပုံကို ဆွဲထားတာ။ အဲဒီပန်းချီကားက စစ်အတွင်းမှာပျောက်သွားလို့ ပျက်စီးသွားပြီလို့ လူတကာယူဆထားကြတာ။”

ဒရိုက်ဘာက သတင်းစာစက္ကူအပိုင်းအစလေးကို လက်ညိုးထိုးပြလိုက်သည်။ ဘေးမှာရှိနေသည့်လူကတော့ ခေါင်းကိုခါယမ်းပြလိုက်၏။

“မင်းဟာက မသေချာပါဘူးကွာ၊ ပန်းချီက အဲဒီအိမ်မှာ ရှိခဲ့ရင်တောင် အိမ်ပိုင်ရှင်အဆက်ဆက် ပြောင်းပြီးပြီပဲ။ ငါတို့ထက်လက်ဦးတဲ့လူက မှောင်ခိုစျေးနဲ့ ရောင်းစားရင်စားပစ်ပြီးလောက်ပြီ။”

ကမ္ဘာပေါ်မှာရှိတဲ့ ပျောက်ဆုံးနေတဲ့ အနုပညာလက်ရာ ငါးဆယ်ရာခိုင်နှုန်းလောက်က မြေအောက်လောကမှာ လည်ပတ်နေခဲ့တာပါ။ ဒါကြောင့် ရောင်းစားခံရပြီးတာ ဖြစ်နိုင်ပါတယ်။

“မဟုတ်ဘူးကွ၊ ငါ့နာမည်က ခွေးနှာခေါင်း ဘသိုက်တဲ့ကွ။ ရှေးဟောင်းပစ္စည်းတွေနဲ့ ပတ်သက်လာရင်  ​ခွေးတစ်ကောင်လို အနံခံသိပ်ကောင်းတယ်။ အဲဒီပန်းချီက မှောင်ခိုစျေးကွက်ထဲမှာ ရှိမနေဘူး။ ပြီးတော့ ဒီအိမ်ပုံစံကိုကြည့်။”

ဘသိုက်က အိမ်ဗိသုကာပုံစံကို လက်ညိုးဖြင့်ညွန်ပြလိုက်သည်။ “ပုံမှန်ကိုလိုနီဗီလာတွေမှာက မီးခိုးခေါင်းတိုင် တစ်ခုပဲရှိတာ။ ဒါပေမဲ့ ဒီအိမ်မှာတော့ ခေါင်းတိုင်နှစ်ခုဖြစ်နေတယ်။ ဟိုတလောက အိမ်ထဲဝင်ဖူးတဲ့ အိမ်​ပြောင်းတဲ့ကောင်တွေကို ငါမေးကြည့်ဖူးတယ်။ ပိတ်ထားတဲ့ ခေါင်းတိုင်တစ်ခုရှိတယ်တဲ့။”

“မင်းလည်း သူခိုးလောကမှာ ကျင်လည်နေတာ ကြာပြီပဲ။ ပိတ်ထားတဲ့ ခေါင်းတိုင်တွေက လျှို့ဝှက်ချက်ရှိတယ်ဆိုတာပဲ။ ကိုလိုနီခေတ်တုန်းက သူဌေးတွေအားလုံးက သူတို့အိမ်တွေမှာ မြေအောက်ခန်းတွေထားတတ်ကြတယ်။ တောင်တန်းမြို့ပန်းချီကားက မှောင်ခိုစျေးကွက်မှာလည်း ရှိမနေဘူး၊ အိမ်ကလည်း စစ်အတွင်းမှာ မဖျက်ဆီးခံရဘူး၊ ပန်းချီက အိမ်မှာချိတ်ထားတာမျိုးလည်းမဟုတ်တော့ လျှို့ဝှက်ထားတဲ့နေရာမှာ ရှိနေမှာကျန်းသေးတယ်။”

ဘေးခုံမှလူလည်း ဘသိုက်စကားကြောင့် စိတ်ဝင်စားလာပုံပေါ်သည်။ သူက ဝင်ပြောလိုက်၏။

“ဒါပေမဲ့ အိမ်ပြောင်းလာတဲ့လူရှိတယ်မလား။ လူရှိနေရင် ဖောက်ထွင်းဖို့က ပိုခက်သွားလိမ့်မယ်။”

“မပူပါနဲ့၊ အိမ်ပြောင်းရွှေ့လုပ်ငန်းကကောင်တွေပြောတာတော့ ကောင်လေးတစ်​ယောက်ပဲ အိမ်မှာနေတာတဲ့။ သူ့အလေ့အထကို ငါတို့လေ့လာလိုက်ရုံနဲ့ ဘာဆက်လုပ်ရမလဲ ငါတို့သိမှာပဲ။”

ဘသိုက်နှင့်သူ့အဖော်နှစ်ယောက်လုံး တစ်​ယောက်ကိုတစ်ယောက်ကြည့်ကာ သွားပေါ်သည်အထိ ပြုံးလိုက်ကြသည်။

Comment

Leave a Reply

Options

not work with dark mode
Reset