Ghost Girl in My House
Chapter 3 – နောက်ကြောင်း
ကေသီကို မွေးခဲ့တာက လူနေကျဲပါးပြီး သာယာအေးချမ်းတဲ့ ဒီမြို့ကလေးမှာ။
ကေသီရဲ့အဖေက နာမည်ကျော်လုပ်ငန်းရှင်ကြီးတစ်ယောက်ရဲ့သား။ နာမည်ကတော့ သူရလို့ခေါ်တယ်။ ငယ်ငယ်ကတည်းက အလိုလိုက်ခံရသူမလို့ သိပ်ဆိုးသွမ်းတယ်။ အရာရာတိုင်းမှာ ပြီးပြည့်စုံချင်တဲ့လူတစ်ယောက်။ ဒါပေမဲ့ ငယ်စဥ်ကတည်းက ချမ်းချမ်းသာသာနေလာတဲ့သူမလို့ မောက်မာပြီး သဘောထားသေးသိမ်တယ်။
သူချစ်မိသွားတဲ့ မိန်းကလေးကတော့ သာမန်လက်လုပ်လက်စား ကောင်မလေးတစ်ယောက်။ အဲဒီမိန်းကလေးရဲ့နာမည်က တစ်လုံးတည်းပဲ၊ ဖြူတဲ့။ ထုံးစံအတိုင်း မိဘတွေက သဘောမတူခဲ့ဘူးပေါ့။ ဒါပေမဲ့ သူ့မိဘတွေ သဘောမတူတာက မိန်းကလေးက ဆင်းရဲလို့မဟုတ်ဘူး။ ဘာမဟုတ်တဲ့ အကြောင်းပြချက်လေးတစ်ခုကြောင့်ပါ။
ဆိုရှယ်လစ်စနစ် ဖျက်သိမ်းပြီးစကာလ ၁၉၉၀ နှစ်တွေတုန်းက မိသားစုတော်တော်များများဟာ ဗေဒင်နဲ့ယတြာတွေကို အင်မတန်ယုံကြည်ကြတယ်။ ကေသီရဲ့အမေဖြစ်လာမယ့် မိန်းကလေးကို ဗေဒင်ဆရာက ဟောခဲ့တဲ့ဟောကိန်းတစ်ခုရှိတယ်။
“ဒီမိန်းကလေးကို လက်ထပ်တဲ့သူက အသေဆိုးနဲ့သေလိမ့်မယ်၊ မိသားစုလည်း ဆင်းရဲလိမ့်မယ်။” လို့ပေါ့။ ဘာမှမဟုတ်တဲ့ အကြောင်းပြချက်လေးတစ်ခုကြောင့်နဲ့ သူတို့ဝေးသွားမှာကို ကောင်လေးက မလိုလားခဲ့ဘူးလေ။
ဒါကြောင့် သူတို့ခိုးပြေးပြီး ဒီမြို့လေးမှာ လာအခြေချခဲ့တယ်။ တိတ်ဆိတ်စွာ လောကကြီးနဲ့ အဆက်အသွယ်ဖြတ်ပြီး နေထိုင်ခဲ့ကြတာ။ ပါလာတဲ့ငွေလေးနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက တည်ဆောက်ခဲ့တဲ့ အနောက်တိုင်းဆန်ဆန် ဗီလာကလေးကို သူတို့ဝယ်လိုက်ကြတယ်။
အိမ်ကြီးရဲ့သမိုင်းက ဆန်းကြယ်တယ်။ ဟိုအရင်က အမြတ်ကြီးစားတဲ့ အိန္ဒိယပြည်က ချစ်တီးကြီးတစ်ယောက် ပိုင်ဖူးသလိုလို၊ ဂျပန်ခေတ်က ကင်ပေတိုင်ရုံးပဲ ဖြစ်ခဲ့ဖူးသလိုလိုနဲ့ပေါ့။
လူငယ်ပီပီ အစွဲအလမ်းသိပ်မရှိကြတဲ့ မောင်နှံနှစ်ယောက်က စျေးကွက်တန်ကြေးထက် စျေးပိုလျှော့ပြီး ရောင်းချနေတဲ့ ဒီအိမ်ကလေးကို ဝယ်လိုက်ကြတယ်။
နှစ်ယောက်အတူ အလုပ်ကြိုးစားရင်း အိမ်ကလေးကို ပြန်ပြုပြင်နိုင်တဲ့အထိ သူတို့ငွေရှာနိုင်ခဲ့ကြတယ်။ ခေတ်ပညာတတ်ဖြစ်တဲ့ ယောက်ျားဖြစ်သူက ပွဲရုံတစ်ခုမှာ မန်နေဂျာလုပ်ရင်း မိန်းမဖြစ်သူကတော့ စပယ်ပန်းကလေးတွေကို ပန်းကုံးလုပ်ပြီး အပိုဝင်ငွေရှာတတ်တယ်။ သူတို့နှစ်ယောက်ရဲ့အိမ်ထောင်သည်ဘဝက နှစ်အတန်ကြာသည်အထိ ငြိမ်းအေးနေခဲ့တယ်။
နှစ်ထောင်ပြည့်နှစ်ရောက်တဲ့နေ့မှာတော့ သူတို့ဘဝထဲကို နောက်လူတစ်ယောက် ဝင်လာခဲ့တယ်။ သူတို့မှာ ရင်သွေးလေးတစ်ယောက် ရှိလာခဲ့ပြီ။ ချစ်ရတဲ့ သမီးလေးကို သူတို့တွေ ကေသီလို့နာမည်ပေးခဲ့ကြတယ်။
ဒါပေမဲ့ လူ့ဘဝဆိုတာက ပြောရခက်လွန်းတယ်။ တစ်နေ့မှာတော့ သူတို့အိမ်နားကို ဟိန်းထက်ဆိုတဲ့ လူငယ်တစ်ယောက် ပြောင်းလာခဲ့တယ်။ အဲဒီလူငယ်က ဖြူရဲ့ငယ်သူငယ်ချင်း၊ ဖြူကိုသိမ်ချစ်ခဲ့တာ။ အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာပြီးနောက် ပြန်တွေ့ရချိန်မှာ ဖြူဟာအိမ်ထောင်ကျပြီး ကလေးတစ်ယောက်တောင် ရနေခဲ့ပြီ။
ဟိန်းထက်ဟာ တကယ်ပဲ ရိုးသားပါတယ်။ သူဟာ အပြင်လူတစ်ယောက်လို့ပဲ သူ့ကိုယ်သူအမြဲလက်ခံထားသူပါ။ တစ်ချိန်က ဖြူကို ဟိန်းထက်ချစ်ခဲ့ဖူးပေမဲ့ သစ္စာရှိတဲ့ ယောက်ျားသားတစ်ဦးအနေနဲ့ ဂုဏ်သိက္ခါကို အင်မတန်တန်ဖိုးထားခဲ့တယ်။
ဒါပေမဲ့ ပတ်ဝန်းကျင်ဆိုတာက သိတဲ့အတိုင်းပဲ။ သိပ်မကြာခင်မှာပဲ ဟိန်းထက်ရဲ့လျှို့ဝှက်ချက်ကို လူတွေသိသွားကြပြီး ကောလာဟလတွေ စပြန့်လာခဲ့တယ်။ သူရတစ်ယောက် မိန်းမဖြစ်သူနဲ့ဟိန်းထက်ရဲ့လှည့်စားတာ ခံခဲ့ရသလိုလို၊ ကလေးကပဲ သူရကလေးမဟုတ်သလိုလို မလိုတမာစကားတွေ ပေါက်ပွားလာခဲ့လေရဲ့။
ဟိန်းထက်ဟာ ဖြူ့ရင်သွေးဖြစ်တဲ့ ကေသီလေးကို အင်မတန်ခင်တွယ်တယ်။ သူအပြင်ကနေ ပြန်လာတိုင်း ကေသီအတွက် တစ်ခုမဟုတ်တစ်ခု ပါလာနေကျ။ ဒီအပြုအမူတွေက ပိုပြီးလူပြောစရာဖြစ်လာခဲ့တယ်လေ။ စကားတွေက တဖြည်းဖြည်း ကားလာပြီ။ ဟိန်းထက်နဲ့ဖြူက သူရနောက်ကွယ်မှာပဲ တွဲနေသလိုလို။ တစ်နေ့ကျရင် ဟိန်းထက်က ကလေးနဲ့ဖြူ့ကိုခေါ်ပြီး သူရကိုပဲ ထားခဲ့တော့မလိုလို အပြောများလာခဲ့တယ်။
ဒါကြောင့် သူရလည်း ကေသီလေးကို ဟိန်းထက်နဲ့ပေး မကစားတော့ဘူး။ သံသယတွေကြောင့် သူတို့မေတ္တာသိုက်မြုံလေးလည်း ပျက်စီးသွားခဲ့ပြီ။
သူရဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီးကြမ်းတမ်းလာခဲ့တယ်။ အလုပ်ကနေပြန်လာတိုင်း ဖြူ့ကို အမြဲလိုလို ပြဿနာရှာတတ်တယ်။ အရက်တွေလည်း နေ့တိုင်းသောက်လာပြီး ကလေးဖြစ်တဲ့ ကေသီကိုတောင် အခန်းထဲပိတ်ထားတာမျိုးတွေ လုပ်လာတတ်တယ်။ တစ်ခါကဆိုရင် ငါးနှစ်ပဲရှိသေးတဲ့ သမီးလေးကို စိတ်ရှိလက်ရှိရိုက်ခဲ့လို့ အရေပြားတွေပွန်းပဲ့ပြီး သွေးတွေဖြာထွက်လာတဲ့အထိပဲ။
အဲဒီနောက်တော့ ဖအေဖြစ်သူကို ကြောက်ရွံသွားတဲ့ ကေသီဟာ စကားမပြောနိုင်တော့ဘူး။ သူ့အသံတွေက မျက်ရည်တွေနဲ့အတူ ပျောက်ဆုံးသွားခဲ့ပြီ။ စကားမပြောတတ်တော့တဲ့ ကေသီလေးကို ဟိန်းထက်တကယ် ခေါ်ထုတ်သွားဖို့အတွက် စဥ်းစားလာခဲ့မိတယ်။ လောကကြီးအကြောင်း ကောင်းကောင်းမသိသေးတဲ့ ကလေးမလေးက အပြစ်ကင်းတယ်။ ဟိန်းထက်အနေနဲ့လည်း ဘာအမှားမှလုပ်မထားဘူး။ သူနဲ့ဖြူက ငယ်သူငယ်ချင်းတွေ ဖြစ်ခဲ့ကြရုံပဲ။ တကယ်မှားနေတာက နှုတ်မစောင့်တဲ့လူတွေနဲ့ ကိုယ်ပိုင်စဥ်းစားဉာဏ်မရှိတဲ့သူရ။
အဲဒီနေ့ညက သူရတို့ခြံထဲကို ဟိန်းထက်ခိုးဝင်ခဲ့တယ်။ အဲဒီနောက် အပေါ်ထပ်လေသာဆောင်နဲ့တွဲထားတဲ့တံခါးကို သော့တူနဲ့ဖွင့်ပြီး အိပ်နေပြီဖြစ်တဲ့ ကေသီကို ပွေ့ချီခဲ့တယ်။
ရုတ်တရက် ပွေ့ချီခံလိုက်ရတဲ့အတွက် ကေသီလည်း လန့်နိုးလာခဲ့တယ်လေ။ ဟိန်းထက်က သူ့လက်ထဲမှာရှိနေတဲ့ ကလေးမလေးကို ပြောလိုက်တယ်။
“ဦး အဲဒီလူမဆန်တဲ့ကောင်ဆီကနေ သမီးကို ခေါ်ထုတ်သွားတော့မယ်။” ကေသီအသံမထွက်ခဲ့ဘူး။ ဒါပေမဲ့ သူ့မျက်လုံးအိမ်ထဲကနေ မျက်ရည်တွေ စီးကျလာခဲ့တယ်။ အဲဒီအချိန်တုန်းက ကေသီဘယ် လိုခံစားနေခဲ့ရလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး။
ဟိန်းထက်ဟာ ကလေးမလေးကိုချီပြီး အောက်ထပ်ကို ပြန်ဆင်းလာခဲ့တယ်။ အသံမထွက်အောင် လှေကားကို တစ်ထပ်ချင်းဆင်းရင်း သူတို့အောက်ထပ်ကို ရောက်လာကြပြီ။
နောက်ဆုံးတော့ ဟိန်းထက်က ကလေးမလေးနဲ့အတူ အိမ်အောက်ထပ်တံခါးကို ဖွင့်လိုက်ပြီး အပြင်ကိုထွက်ဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ သူ့နောက်ကို လူတစ်ယောက်ရောက်လာခဲ့တယ်။
နောက်မှာ တစ်ယောက်ယောက်ရှိနေတဲ့ ခံစားချက်ကြောင့် ဟိန်းထက်နောက်ကိုလှည့်ကြည့်လိုက်တော့ လက်တလောဆင်းရဲဒုက္ခတွေကြောင့် မျက်တွင်းတွေချောင်ကျနေပြီဖြစ်တဲ့ ဖြူကိုတွေ့လိုက်ရတယ်။
“ရှင်ဒါဘာလုပ်တာလဲ။” ဖြူက ဟိန်းထက်ကို လေသံတိုးတိုးနဲ့ မေးလိုက်တယ်။ ညကြီးတစ်ခေါင် သူများအိမ်ထဲဝင်ပြီး ကလေးခိုးနေတဲ့လုပ်ရပ်က လူကောင်းတစ်ယောက်ရဲ့လုပ်ရပ်မျိုးမဟုတ်ဘူး။
“အဲဒီမိစ္ဆာကောင်ရဲ့လက်ထဲမှာ ကေသီလေးကို ကိုယ်ဆက်မထားနိုင်တော့ဘူး။ ကေသီ့ကိုခေါ်ပြီး တခြားတစ်နေရာကို ထွက်သွားတော့မယ်။”
“ရှင့်ကိုယ်ရှင် ဘာလုပ်နေတာလဲဆိုတာရော သိသေးရဲ့လား။ ဒါပြစ်မှုမြောက်တယ်နော်။”
ဟိန်းထက်က ဖြူ့ရဲ့အေးစက်နေတဲ့လက်ကို ဖမ်းဆုပ်လိုက်တယ်။ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုက သူ့မျက်လုံးထဲမှာ ထင်ဟပ်နေတယ်။
“အခွင့်အရေးရတုန်း ကိုယ်နဲ့လိုက်ခဲ့စမ်းပါ။ အဲဒီရူးနေတဲ့ကောင်က မင်းတို့ကို နေ့တိုင်းရိုက်နှက်နှိပ်စက်နေတာ ငါမကြည့်ရက်တော့ဘူး။”
ဖြူကတော့ အံ့ကိုတင်းတင်းကြိတ်ထားပြီး ဟိန်းထက်ကို ခေါင်းခါပြတယ်။ “မဟုတ်ဘူး၊ သူက ဘယ်လောက်ပဲ ဆိုးဝါးပါစေ ကျွန်မချစ်ရတဲ့ယောက်ျားလေ။ ရှင်မရောက်လာခင်အထိ သူက ယောက်ျားကောင်း ပီသခဲ့ပါတယ်။”
“နေ့တိုင်းမူးရူးနေပြီး ကိုယ့်ကလေးနဲ့မိန်းမကို သေလုမျောပါးဖြစ်တဲ့အထိ ရိုက်တဲ့ကောင်က ခင်ပွန်းကောင်းတစ်ယောက်ဖြစ်မလား။ အဲဒီကတည်းက မင်းငါ့ကို ရွေးခဲ့သင့်တာ။” ဟိန်းထက်က ခါးသီးစွာနဲ့ ပြောလိုက်တယ်။
“ဒါပေမဲ့ ဒီကလေးက ရှင်နဲ့ဘာမှမဆိုင်ဘူး၊ ကျွန်မကလည်း ရှင်နဲ့ဘာမှမဆိုင်ဘူး။ ရှင်ကျွန်မတို့ကို ဘာမှကူညီစရာမလိုဘူး။”
ဖြူရဲ့စကားကြောင့် ဟိန်းထက်ပြောစရာစကား မရှိတော့ပေ။ သူက အစကနေအဆုံးအထိ ဘေးလူတစ်ယောက်မျှသာမဟုတ်လား။ ဒါပေမဲ့ သူ့လက်ထဲမှာ မျက်ရည်တွေနဲ့ အသံမထွက်ရဲဘဲ ရှိနေတဲ့ကလေးကို ပြန်ငုံကြည့်မိတော့ သူ့ခေါင်းခါယမ်းလိုက်တယ်။
“ငါ ဒီကလေးကိုတော့ အဲဒီမိစ္ဆာကောင်လက်ထဲ မထားခဲ့နိုင်….”
ဟိန်းထက်စကားမဆုံးသေးခင်မှာပဲ နောက်က ဝင်ရိုက်တာခံရပြီး ပစ်လဲသွားတယ်။ ကေသီလည်း ဟိန်းထက်ရင်ခွင်ထဲကနေ ပြုတ်ကျသွားပြီ။ ဟိန်းထက်ကို ဝင်ရိုက်လိုက်တဲ့သူက ဘယ်ကနေဘယ်လို ခြံထဲကြိုရောက်နေမှန်းမသိတဲ့ သူရ၊ သူ့လက်ထဲမှာတော့ သွေးတွေစိုရွဲနေတဲ့ တူရွင်းပြားတစ်ခုရှိနေတယ်။
“ရှင်ဘယ်လိုလုပ်လိုက်တာလဲ။” ဖြူလည်း အော်ဟစ်ရင်း မြေပေါ်မှာ ပုံလျက်သားလေးပြုတ်ကျနေတဲ့ ကေသီကိုဝင်ဆွဲရင်း နောက်ကိုဆုတ်ပြေးသွားတယ်။ သူရကတော့ ရူးနေသူတစ်ယောက်လိုမျိုး လက်ထဲက တူရွင်းပြားနဲ့ ဟိန်းထက်ခေါင်းကို ကြေမွသွားတဲ့အထိ မရပ်မနား ရိုက်ချပစ်လိုက်တယ်။ နောက်ဆုံးအိမ်ရှေ့မြက်ခင်းပြင်မှာ သွေးနဲ့ဦးနောက်အနှစ်ဖြူဖြူတွေ အိုင်ထွန်းသွားတဲ့အထိပဲ။
ရိုက်ရတာ လက်ညောင်းသွားတဲ့အခါမှ သူရက လက်ထဲက တူရွင်းပြားကို လွှင့်ပစ်လိုက်ပြီး ဖြူ့ကို ပြုံးပြလိုက်တယ်။ သူ့မျက်နှာက ဟိန်းထက်ရဲ့သွေးတွေ လာစင်နေတာကြောင့် နီရဲနေတယ်။
“မင်းက လင်ငယ်နဲ့လိုက်ပြေးဖို့ လုပ်ရဲတယ်ပေါ့လေ၊ ခွေးမ…”
ကေသီလေးကတော့ သူ့ရှေ့က ရက်စက်လွန်းတဲ့ မြင်ကွင်းတွေကြောင့် မျက်လုံးလေးအပြူးသားနဲ့ ကြည့်နေခဲ့တယ်။ သူရရှေ့ကိုတိုးလာတယ်။ ဖြူလည်း ကေသီ့ကိုချီထားရင်း နောက်ကိုဆုတ်သွားတယ်။
“ဘာလဲ… မင်းက ငါ့ကိုလူသတ်သမားဆိုပြီး ရွံနေတာလား။ ဒီလိုတွေဖြစ်လာတာတွေအားလုံးက မင်းကြောင့်၊ မင်းသစ္စာမရှိလို့ဖြစ်နေတာ။”
“ရှင်ရူးနေပြီလား။” အတ္တကြီးလွန်းတဲ့ သူရကြောင့် ဖြူကိုယ်တိုင်လည်း ရူးချင်စိတ်ပေါက်နေပြီ။ ဒီယောက်ျားကို သူကိုယ်တိုင် ချစ်ခဲ့ပေမဲ့၊ အခုတော့ အဲဒီအချစ်တွေက အမုန်းတရားနဲ့ရွံရှာမှုအဖြစ်ကို ပြောင်းလဲနေပြီ။
“ဟုတ်တယ်၊ ငါရူးနေပြီ။ ငါ့အနားကနေ မင်းထွက်သွားမှာကြောက်လို့ ငါရူးနေပြီ။ ညတိုင်း ညတိုင်း ငါအိပ်မရခဲ့ဘူး။ အဲဒီကောင်နဲ့ မင်းထွက်သွားမှာကို ငါအမြဲတမ်း စိုးရိမ်နေခဲ့တာ။ စိုးရိမ်တဲ့အတိုင်းလည်း တကယ်ဖြစ်လာတာပဲ။”
သူရမျက်နှာပေါ်မှာတော့ လောကကြီးတစ်ခုလုံးကို စိတ်ပျက်နေတဲ့ အပြုံးမျိုးနဲ့။ ဖြူကတော့ ဘယ်ကနေဘယ်လို ရှင်းပြရမှန်းမသိတော့ဘူး။ သူရက ဖြူ့ကို တဆတ်ဆတ်တုန်ရင်နေတဲ့ လက်ညိုးနဲ့ ထိုးလိုက်တယ်။
“မင်းအကောင်လည်း အခုသေပြီ၊ အခုကနေစပြီး မင်းက ငါ့အတွက်ပဲ အသက်ရှင်ရမယ်။ ဒီလိုမှမဟုတ်ရင်တော့ မင်းကိုရော မင်းသမီးကိုပါ သတ်ပစ်မယ်။”
သူရက ဖြူနှင့်သမီးလေးကို အိမ်ထဲပြန်ဆွဲခေါ်သွားပြီး ကေသီလေးကိုတော့ ဒုတိယထပ်မှ အခန်းလေးထဲမှာ သော့ခတ်ထားလိုက်တယ်။ ဖြူ့ကိုတော့ အော်ဟစ်ပြီး အကူအညီတောင်းမှာ စိုးရိမ်တဲ့အတွက် အောက်ထပ်မှာပဲ ထိုင်ခုံမှာကြိုး ချည်ပြီး ပါးစပ်ကိုတိတ်နဲ့ကပ်ထားခဲ့တယ်။ အဲဒီနောက်တော့ ခြံထဲပြန်ဆင်းလာပြီး အသက်ကင်းမဲ့နေပြီဖြစ်တဲ့ ဟိန်းထက်ရဲ့အလောင်းကို ခြေထောက်ကနေကိုင်ပြီး ခြံနောက်ရေတွင်းရှိရာကို တရွတ်တိုက်ဆွဲသွားလိုက်တယ်။
အဲဒီနောက် အလောင်းကို ရေကန်ထဲပစ်ချပြီး ရေတွင်းနှုတ်ခမ်းဝအထိဖုံးအောင် အပေါ်ကနေ သဲနဲ့မြေကြီးတွေကို လောင်းထည့်ခဲ့တယ်။ ရေတွင်းက နှစ်တွေကြာပြီဖြစ်လို့ ရေနောက်နေပြီး တိမ်လည်းတိမ်ပါတယ်။ တစ်အိမ်သုံးစာသာဖြစ်လို့ ရေတွင်းအကျယ်က သုံးပေမပြည့်ဘူး။ ဒါကြောင့် အခုလိုမြေကြီးတွေနဲ့ အပြည့်ဖြည့်ဖို့က တစ်ရက်သာကြာခဲ့တယ်။ အိမ်နီးနားချင်းတွေကလည်း သူရတစ်ယောက် ပျောက်နေတဲ့ရေတွင်းကို အပြီးပိတ်ပစ်ဖို့ လုပ်တယ်လို့ပဲ ယူဆခဲ့ကြပြီး သံသယမဝင်ခဲ့ကြဘူး။
ဒီလိုနဲ့ ကလေးနဲ့မိန်းမဖြစ်သူကို အိမ်ထဲမှာချုပ်ထားခဲ့တာ လအနည်းငယ်ကြာသွားပြီ။ သူရဟာ ဒီရက်တွေထဲမှာ ဟန်မပျက် အလုပ်သွားနေခဲ့တယ်။
“ကျွန်တော့်မိန်းမက နှင်းဆီပန်းလေးတွေ သိပ်ကြိုက်တာလေ။”လို့ အမြဲပြောတတ်ပြီး အလုပ်ပြန်တိုင်း နှင်းဆီပန်းတွေကို ဝယ်လာတတ်တယ်။ နေ့စဥ်လိုလို အိမ်အောက်ထပ်မှာ ချုပ်ထားတဲ့ မိန်းမဖြစ်သူကို သမီးရည်းစားဘဝက အကြောင်းတွေကိုပြောပြီး ဝယ်လာတဲ့ နှင်းဆီပန်းကို ပန်ပေးတတ်တယ်။
ကေသီလေးကိုတော့ တစ်နေ့ကို နှစ်ကြိမ်သာ စားစရာသွားပို့တယ်။ သမီးအရင်းဖြစ်သူကို ရူးနေတဲ့ ဒီအမျိုးသားက သမီးအဖြစ် အသိအမှတ်မပြုခဲ့ဘူး။ မသတ်ဘူးကတိပေးထားလို့ မသေအောင်စောင့်ရှောက်ရုံတစ်မယ်ပဲ။
ကံကောင်းစွာနဲ့ ဉာဏ်ကောင်းတဲ့ ကေသီလေးဟာ ဒုတိယထပ်တံခါးရဲ့လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့တယ်။ အတွင်းကဖွင့်မှပွင့်တဲ့ တံခါးအောက်ပိုင်းက ပျဥ်ပြားကြောင့် စကားမပြောတတ်တဲ့ ဒီကလေးက အပြင်ထွက်လာနိုင်ခဲ့တယ်။ အပြင်ထွက်ပြီး အကူအညီတောင်းဖို့ကိုတော့ ကေသီ ကြိုးစားကြည့်ဖူးပေမဲ့ စကားမပြောနိုင်တာကြောင့် လူကြီးတွေကို သဘောပေါက်အောင် မပြောနိုင်ခဲ့ပါဘူး။
ဒုတိယထပ်ရဲ့ပိုပြီးကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခုလည်း ရှိနေသေးတယ်။ သော့ခတ်ထားတဲ့ အခန်းလေးထဲက ဗီရိုနောက်မှာ လျှို့ဝှက်လမ်းတစ်ခုရှိနေတယ်။ အဲဒီလမ်းက တကယ်တော့ ပထမထပ်မှာရှိနေတဲ့ ပိတ်ထားတဲ့ မီးခိုးခေါင်းတိုင်ထဲကို ဆင်းတဲ့လမ်း။ ပထမထပ်မီးခိုးခေါင်းတိုင်ကို မသုံးတော့တာကြာပြီဖြစ်ပြီး အုတ်နံရံအသစ်နဲ့ ပိတ်ထားခဲ့တာပါ။ တကယ်တော့ အဲဒီခေါင်းတိုင်ကို မသုံးတော့တဲ့အကြောင်းက ခေါင်းတိုင်အောက်ခြေမှာ ဖုံးကွယ်ထားတဲ့ မြေအောက်ထပ်ကို ဆင်းလို့ရတဲ့လမ်းရှိနေလို့ပဲ။
ခန္ဓာကိုယ်သေးငယ်ပြီး ခွန်အားကင်းမဲ့တဲ့ ကလေးမလေးက အဲဒီမြေအောက်ထပ်ကို သွားတဲ့လမ်းကိုတော့ မဖွင့်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ပိတ်ထားတဲ့ မီးခိုးခေါင်းတိုင်ထဲကိုတော့ မကြာခဏ ဝင်ကစားလေ့ရှိတယ်။
ဖခင်ဖြစ်သူက တစ်ခါတလေ စိတ်တိုင်းမကျတဲ့အခါ အချုပ်ခံထားရတဲ့ မိခင်ဖြစ်သူကို ရိုက်နှက်လေ့ရှိတယ်။ အဲဒီလိုဖြစ်တဲ့အကြိမ်တိုင်းမှာ ပင်ကိုယ်ကြောက်စိတ်ကြောက် ပိတ်ထားတဲ့ခေါင်းတိုင်ထဲကို ဝင်ပုန်းလေ့ရှိပါတယ်။ ဖခင်ဖြစ်သူ စိတ်ဆိုးလာပြီး သူ့ကိုလာသတ်မှာ ကြောက်လို့ပါ။
အဲဒီနေ့ကလည်း အလားတူပဲ။ သူရအရက်ကို မူးအောင်သောက်ပြီး အိမ်ပြန်လာတယ်။ ဖြူနဲ့စကားများရင်းကနေ ကြိုးအတုပ်ခံထားရတဲ့ ဖြူ့ကိုရိုက်နှက်ဖို့ကြိုးစားတယ်။ ကြောက်နေတဲ့ ကေသီကလည်း သူ့ကိုလာရန်ရှာမှာစိုးရိမ်တဲ့အတွက် ပိတ်ထားတဲ့ မီးခိုးခေါင်းတိုင်ထဲ ဝင်ပုန်းနေလိုက်တယ်။
ကံမကောင်းစွာနဲ့ ဖြူဟာ တမင်သက်သက် သူရပြန်လာတာကို စောင့်နေခဲ့တာ။ လပေါင်းများစွာ ပိတ်လှောင်ခံရပြီးတဲ့နောက် ကြိုးတုပ်ခံထားရာကနေ လွတ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကို နည်းလမ်းရှာခဲ့ပြီးသား။
သူရအလုပ်သွားပြီး ပြန်မလာခင် ဖြူဟာ လက်နောက်ပြန် ကြိုးတုပ်ခံထားရတဲ့အနေအထားနဲ့ သစ်သားထိုင်ခုံနောက်မီကို ကြိုးနဲ့ပွတ်တိုက်နေခဲ့တယ်။ နောက်ဆုံးမှာတော့ ကြိုးဟာတဖြည်းဖြည်းပါးလာပြီး ရုန်းလို့ပြတ်နိုင်တဲ့ အနေအထားကို ရောက်သွားခဲ့တယ်လေ။
ဖြူလည်း လွတ်လွတ်ချင်း သူရရဲ့ခေါင်းကို ထမင်းစားစားပွဲပေါ်မှာရှိနေတဲ့ အရက်ပုလင်းနဲ့ ရိုက်လိုက်တယ်။ မူးဝေနေတဲ့ သူရလည်း ဒေါသထွက်ပြီး အင်္ကျီထဲထည့်ဝှက်ထားတဲ့ ဓားမြှောင်နဲ့ လက်တုံ့ပြန်တဲ့အနေနဲ့ ထိုးလွှတ်လိုက်တယ်။
“ခွေးမ… နင်က ငါ့ကို ပြန်လုပ်ရဲတယ်ပေါ့။”
ဖြူဟာ ဓားနဲ့အထိုးခံရပြီး လဲမကျခင်မှာပဲ သူရရဲ့လည်ပင်းကို ကွဲသွားတဲ့အရက်ပုလင်းထိပ်ချွန်နဲ့ ထိုးသွင်းခဲ့တယ်။
အဲဒီနောက်တော့ သူတို့နှစ်ယောက်လုံး ရှေးဆန်တဲ့ အိမ်လေးထဲမှာပဲ သေဆုံးသွားကြတယ်။
နှစ်ယောက်လုံး ကျယ်ကျယ်လောင်လောင် သတ်ပုတ်နေခဲ့တာကြောင့် အိမ်နီးချင်းတွေလည်း သတိထားမိကုန်ပြီး ရဲကိုအကြောင်းကြားလိုက်ကြတယ်။
ရဲတွေဟာ အခင်းဖြစ်ပွားရာကို သေချာစစ်ဆေးခဲ့ပေမဲ့ လင်မယားနှစ်ယောက် အချင်းချင်းရန်ဖြစ်ပြီး သတ်ကြတယ်ဆိုတာနဲ့ ကလေးမလေးပျောက်နေတယ်လို့သာ ကောက်ချချနိုင်ခဲ့တယ်။ ပိတ်ထားတဲ့ မီးခိုးခေါင်းတိုင်ထဲမှာ ကလေးမလေးပုန်းနေတယ်လို့တော့ သူတို့လုံးဝမသိခဲ့ကြဘူး။
အလားတူပဲ ဟိန်းထက်ရဲ့အလောင်းကိုလည်း သူတို့ရှာမတွေ့ခဲ့ဘူး။
အဲဒီနောက်ပိုင်းတော့ မီးခိုးခေါင်းတိုင်ထဲမှာ ပုန်းနေတဲ့ ကလေးမလေးက သော့ခတ်ထားတဲ့အခန်းတံခါးရဲ့လျှို့ဝှက်ချက်ကိုသုံးပြီး အပြင်ကိုခိုးထွက်လာနိုင်တယ်။ အိမ်နီးချင်းတွေရဲ့စားစရာတွေကိုခိုးစားရင်း နှစ်ပေါင်းများစွာ အသက်ဆက်ရှင်ခဲ့တယ်။
စားစရာတွေပျောက်နေတဲ့အတွက် အဓိပ္ပါယ်မရှိတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်လာခဲ့တယ်။ သေသွားတဲ့ ကိုသူရကြီးကပဲ ညဖက်ထွက် အစာရှာနေသလိုလို၊ ဟိုနားဒီနား ရိပ်ခနဲဖြတ်ခနဲ မြင်သလိုလို။ ရိပ်ခနဲဖြတ်ခနဲ မြင်တာကတော့ အမှန်ပါ၊ သရဲမဟုတ်ဘဲ ဆာလောင်နေတဲ့ ကလေးမလေး ဖြစ်နေရုံပဲ။
နှစ်တွေကြာလာပြီးနောက် အဲဒီကလေးမလေးလည်း ကြီးပြင်းလာပြီး ဆံပင်ဖားလားနဲ့သရဲမတစ်ယောက် ကားလမ်းပေါ်တက်ပြီး လျှောက်သွားနေတာကိုမြင်တဲ့ ကားသမားတွေလည်း မနည်းလှပါဘူး။
LIKE