Switch Mode

အိမ်မှာနေတဲ့ သရဲမလေး ၂

Ghost Girl in My House
Chapter 2 – ပြဿနာမရှာရင် ပြီးတာပါပဲ

ကိုနိုင်တစ်ယောက် အင်တာနက်ပေါ်မှာတွေ့သည့် CCTV တချို့ကိုမှာယူကာ အိမ်အပေါ်ထပ်တက်သော လှေကား၊ အပေါ်ထပ်နှင့် အောက်ထပ်ရေခဲသေတ္တာနားတွင် အဓိကတပ်ဆင်ထားလိုက်သည်။ ဒီတစ်ခါတွင်တော့ ကိုနိုင်က ညစာအဖြစ် အိမ်ချက်ထမင်းကြော်လေးတစ်ပွဲကို ချက်ရန် စဥ်းစားထားသည်။

ညနေခင်းဖြစ်၍ ထမင်းကြမ်းက မကျန်တော့ပေ။ ထို့ကြောင့် ထမင်းအသစ်ကိုသာ သုံးရန်စဥ်းစားလိုက်သည်။ ကြက်သားကြော်သည့်ဆီနည်းနည်းကို ဒယ်အိုးအပြားလေးထဲ ခပ်ထည့်လိုက်ပြီး နောက် ဆီကိုပူအောင်ထားလိုက်၏။ ထို့နောက်တွင်တော့ မနက်က ကြက်သားကြော်ရာတွင် သုံးပြီးနောက်ကျန်သည့် ကြက်သားပြုတ်အနည်းငယ်ကို ဆီနွေးနွေးထဲ ထည့်ကြော်လိုက်သည်။ ကြက်သွန်ဖြူကို ဓားပြားနှင့်ရိုက်ပြီး ထည့်ဖို့လည်း မမေ့ခဲ့ပေ။ ဒုတိယအဆင့်အနေဖြင့် ​ထမင်းကိုဒယ်အိုးထဲထည့်ကာ ငံပြာရည်အနောက်ထည့်ပြီး အိုးကိုမွှေလိုက်သည်။

များမကြာမီမှာပင် မွှေးရနံထွက်လာပြီး ထမင်းကြော်က အညိုရောင်ပေါက်လာသည်။ နောက်ဆုံးအနေဖြင့် ကိုနိုင်က ကြက်ဥနှစ်လုံးကြော်လိုက်ပြီး ပါးစပ်မှလည်း နောက်တောက်တောက်ဖြင့် ပြောလိုက်၏။

“ဟား…. ထမင်းကြော်တာ များသွားပြီပဲ၊ နောက်တစ်ယောက် စားလို့ရဦးမယ်ထင်တယ်။”

ထို့နောက် ကိုနိုင်က ပန်းကန်လုံးလေးနှစ်လုံးထဲကို ထမင်းကြော်အနည်းငယ်နှင့် ကြက်ဥတစ်လုံးစီ ထည့်လိုက်ပြီး တစ်ခုကို စားပွဲပေါ်တင် တင်ထားခဲ့ကာ အခြားတစ်ခုကိုတော့ သူနှင့်အတူ ခြံထဲယူသွားသည်။

ကိုနိုင်က ဒီနေ့တော့ ​ခြံပြင်မှာထမင်းစားဖို့ဆုံးဖြတ်ထား၏။ သူ့မုန့်များကို ခိုးစားနေသည့် သူခိုးသရဲကောင်အား မြင်ချင်လှပြီဖြစ်၍ ယခုလို ဉာဏ်ဆင်လိုက်ခြင်းဖြစ်သည်။

ထို့နောက် အိမ်အပြင်ဖက်ကိုထွက်လာကာ ခုံတစ်လုံးချပြီး ထိုခုံမှာပင် ညစာစားလိုက်၏။ သူ့လက်ထဲတွင်တော့ ဖုန်းလေးတစ်လုံးကိုကိုင်ထားကာ CCTVနှင့်ချိတ်ထားပြီး ကြည့်နေသည်။

ပထမငါးမိနစ်တွင်တော့ ဘာဆိုဘာမှမဖြစ်ခဲ့ပေ။ သို့သော် အပေါ်ထပ်သော့ခတ်ထားသော အခန်းတံခါးအောက် ဖောင်းကြွသစ်သားပြားက အထဲသို့ ကျွံဝင်သွားပြီး တံခါးတစ်ချပ်ကဲ့သို့ ပွင့်သွားသည်။

“တံခါးဝှက်လား… သော့ခတ်ထားတဲ့ တံခါးအောက်ပိုင်းမှာ တံခါးဝှက်တစ်ခုရှိနေတာလား။”

ကိုနိုင်မျက်ခုံးပင့်လိုက်သည်။ ကြည့်ရတာ ယခုအိမ်အိုကြီးက ထင်သလောက် ရိုးရှင်းသည့်ပုံမပေါ်ပေ။ ခဏနေတော့ ထိုတံခါးဝှက်အတွင်းထဲမှ ဖြူရော်ရော်လက်တစ်ဖက် ထွက်လာသည်။ ပိန်ကပ်ကပ်နှင့်ဆံပင်ရှည်များရှိသည့် သတ္တဝါတစ်ကောင် ဖြည်းဖြည်းချင်း တွားသွားထွက်လာ၏။ ကိုနိုင်ကတော့ ထိုသတ္တဝါကိုကြည့်ရင်း အံ့ဩပြီးရင်း အံ့ဩနေသည်။

“ဘာ… ဒီသရဲက ငါ့အဝတ်တွေ ဝတ်ထားတာလား။ ငါကတော့ ပင်မင်းဆိုင်မှာ ပျောက်သွားတာလို့ ထင်ခဲ့တာလေ။”

သရဲက မတ်တပ်ရပ်လိုက်သော်လည်း ပခုံးက နိမ့်ကျနေကာ ကုန်းကုန်းကွကွ မျောက်ကြီးတစ်ကောင်နှင့်တူနေသည်။ ပုံမှန်ထက်ရှည်နေသော လက်သည်းများရှိပြီး ကိုနိုင်၏ရှပ်အင်္ကျီကို ကြယ်သီးမတပ်ဘဲ ဝတ်သား၏။ ခန္ဓာကိုယ်အချိုးအစားအရတော့ ခပ်ပိန်ပိန်အမျိုးသမီးတစ်ယောက် ဖြစ်သည့်ပုံရသည်။

သရဲမက ဖြည်းဖြည်းချင်း အောက်ထပ်ရောက်လာကာ ထမင်းကြော်ပန်းကန်နား ကပ်သွားသည်။ ထို့နောက် သူ၏လက်များဖြင့် ပူနွေးနွေးရှိနေဦးမည့် ထမင်းကြော်ကို နှိုက်စားလိုက်၏။ ထမင်းစေ့များ ကြမ်းပြင်နှင့်စားပွဲပေါ်တွင် ပြန့်ကျဲကုန်သည်။ ကိုနိုင်ကတော့ ထိုသရဲမ ထမင်းကြော်ကို ပြောင်အောင်စားပြီးသည်အထိ ဆွံအနေသူတစ်​ယောက်အလား ကြည့်နေခဲ့မိသည််။ သရဲမကတော့ စားလို့သောက်လို့ပြီးသည်နှင့် အပေါ်ထပ်သို့ တက်သွားကာ တံခါးဝှက်မှတစ်ဆင့် သော့ခတ်ထားသော အခန်းတွင်းသို့ ပြန်ဝင်သွားလေ၏။ နောက်ဆုံးတွင်တော့ တံခါးက ပြန်ပိတ်သွားသည်။

“ငကောင်းရေ၊ လူသားသရဲလားတော့မသိပေမဲ့ ငါ့ပစ္စည်းတွေပျောက်နေတဲ့ တရားခံတော့တွေ့ပြီထင်တာပဲ။”

ကိုနိုင်က သရဲမပါသည့် CCTV မှတ်တမ်းကို ငကောင်းထံသို့ ဖိုင်တွဲအဖြစ် ပို့ပေးလိုက်သည်။ ငကောင်းကတော့ ထိုဗီဒီယိုအတိုလေးကို ကြည့်ပြီးနောက် ချက်ချင်းလိုလိုပင် စာပြန်လာပါသည်။

“သောက်ကျိုးနည်း… မင်းကွာညဖက်ကြီး ဒါမျိုးပို့ရလားဟ။ ညဖက်အိပ်ပျော်မှာမဟုတ်တော့ဘူး။ မင်းဟာက Paranormal websiteထဲမှာ သွားတင်ရင်တောင် နာမည်ကြီးလောက်တယ်။”

“ဒါပေမဲ့ သရဲမလေးက ချောတော့ချောသားကွ၊ သူဝတ်ထားတာက မင်းအင်္ကျီမဟုတ်လား။”

ကိုနိုင်ကတော့ ပေါက်ကရအတွေးများ ခေါင်းထဲပြည့်နေသည့် မောင်ကောင်းကြောင့် ဘာပြောလို့ပြောရမှန်း မသိတော့ပေ။ အတော်ကြာပြီးမှ သူစာပြန်လိုက်သည်။

“သရဲမဟုတ်တာတော့ သေချာတယ်ကွ၊ ဘယ်သရဲက အဝတ်တွေခိုးဝတ်ပြီး တံခါးဖွင့်တတ်တာ မြင်ဖူးလို့လဲ။”

မောင်ကောင်းကလည်း ချက်ချင်းစာပြန်လိုက်၏။ “ငါကလည်း နောက်တာပါကွ၊ သေချာတာတော့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ပျောက်နေတဲ့ ကလေးမလေးကို မင်းရှာတွေ့ပြီထင်တာပဲ။ ကွန်းကွန်းကွာ…”

….

ထို့နေ့ပြီးနောက် နောက်တစ်နေ့တွင်တော့ ကိုနိုင်က ဒုတိယထပ်ကို တက်သွားသည်။ သူ့လက်ထဲတွင်တော့ ပူတင်းဘူးလေးတစ်ဘူးကို ကိုင်ထား၏။ သော့ခတ်ထားသောတံခါးမှသော့ခလောက်ကို ပလာရာအကြီးစားဖြင့် ဆွဲဖြုတ်ပြီးနောက် ကိုနိုင်က တံခါးကိုဆွဲဖွင့်ကာ အခန်းတွင်းသို့ ဝင်လိုက်သည်။

“ဟနကိုရေ… ငါက နင့်ကိုဒုက္ခပေးဖို့ လာတာမဟုတ်ဘူးနော်။ မနက်စာမစားရသေးဘူးမဟုတ်လား။”

ကိုနိုင်က သူအွန်လိုင်းပေါ်မှ ဖတ်ဖူးသည့် ဂျပန်သရဲမ၏နာမည်ကို ရေရွတ်လိုက်ရင်း တံခါးတစ်ဖက်ကို တိတ်တိတ်လေး ကြည့်လိုက်သည်။ မည်သူမှ ရှိမနေပါ။ ပြန့်ကျဲနေသည့် မုန့်ခွံများ၊ အမှိုက်များနှင့် ပစ္စည်းအဟောင်းများကိုသာ တွေ့ရသည်။

“သူမရှိပါလား….” ကိုနိုင် ခေါင်းခြောက်သွား၏။ မနေ့ညက ထိုသရဲမ သော့ခတ်ထားသည့်အခန်းထဲ ဝင်သွားတာ ကိုယ်တိုင်တွေ့ခဲ့ရသည်။ အခုတော့ လေထဲတွင် ပျောက်သွားသလိုလို။ အခန်းထဲကို ကိုနိုင်ပတ်ရှာကြည့်တော့ ခြေလက်များပြုတ်နေသော ဘာဘီအရုပ်တချို့နှင့် သားရေခါးပတ် အစုတ်တစ်ခုကို တွေ့ရသည်။ ထိုခါးပတ်၏ဘေးအနားများမှာ စုတ်ပြတ်ကာ အမွှေးများဖြာထွက်နေပြီး တစ်စုံတစ်ခုနှင့် ပြင်းပြင်းထန်ထန် ရိုက်နှက်ထားခဲ့ပုံပေါ်နေ၏။

….

“အဲဒီအခန်းထဲမှာ သူမရှိဘူး၊ ဟုတ်လား။ ငါတော့ ငါပြောခဲ့တာကို ပြန်ပြောင်းပြောရတော့မယ်ထင်တယ်။ အဲဒါက သရဲအစစ်များ ဖြစ်နေမလားပဲ။”

ကိုနိုင်နှင့်မောင်ကောင်းတို့က မြို့ထဲရှိ ကဖေးဆိုင်လေးတစ်ခုတွင် အထူထိုင်ကာ ကော်ဖီသောက်နေကြသည်။ မောင်ကောင်းက ကြောက်ကြောက်ဖြင့် ပြန်ဖြေလိုက်သည်။

မောင်ကောင်က ခပ်ဝဝ ဆံပင်ဖွားဖွားနှင့်ဖြစ်ကာ မျက်နှာပေါ်တွင် ဝက်ခြံတချို့ရှိ၏။ လူငယ်တစ်ယောက်အနေဖြင့် ချောမောသည်ဟု မဆိုင်နိုင်ပါ။ ထို့ကြောင့်လည်း ယခုထိကောင်မလေးမရှိတာ ဖြစ်နိုင်ပေသည်။

ကိုနိုင်ကတော့ မောင်ကောင်းနှင့်ဆန့်ကျင်ဖက်၊ အရပ်ရှည်၊ ဗလကောင်းပြီး ကြည်ရှင်းသောမျက်နှာရှိသည်။ ဝတ္ထုများထဲတွင် မ​ကြာခဏပါလေ့ရှိသည့် ဇာတ်လိုက်များနှင့်တူသည်။

“သရဲဆိုမှတော့ အဲဒီတံခါးကို ဖြတ်ဝင်သွားမှာပေါ့ကွ။ သူတို့က အငွေ့လိုလို ပလက်စမာလိုလိုဟာတွေလေ။ ပြီးတော့ သူတို့က စားချင်ရင်တောင် သက်ရှိတွေကို ဝင်ပူးမှရတာမဟုတ်လား။ ဒီကောင်မလေးက သရဲတော့မဟုတ်လောက်ဘူးကွ။” ကိုနိုင်ကတော့ သူ့ယူဆချက်ကိုပင် ခိုင်ခိုင်မာမာ လက်ကိုင်ထားဆဲဖြစ်၏။ မောင်ကောင်းကတော့ အကြောက်လွန်နေပုံရသည်။

“ငါ့ကောင်ရ၊ ငါဒီမြို့လေးအကြောင်းကို အင်တာနက်ပေါ်မှာ ရှာကြည့်ပြီးသွားပြီကွ။ မြို့ရဲ့သရဲပုံပြင်တွေထဲမှာ မင်းအိမ်လေးလဲပါတယ်ကွ။ အရင်က အဲဒီအိမ်နားမှာ တခြားလူနေအိမ်တွေရှိဖူးတယ်။ ဒါပေမဲ့ စားစရာတွေပျောက်တာ၊ အဝတ်တွေပျောက်တာတွေ ခဏခဏဖြစ်ပြီး ရိပ်ခနဲဖြတ်ခနဲ မြင်တာတွေဖြစ်နေလို့ ပြောင်းပြေးကုန်ကြတာကွ။”

ကိုနိုင်ကတော့ ခေါင်းကိုသာ ခါယမ်းလိုက်ပြီး ကော်ဖီခါးခါးကို တစ်ငုံမြည်းကာ ခရိုးဆန့်မုန့်ကို တစ်ကိုက်ကိုက်လိုက်၏။

“အရူးရဲ့၊ မင်းဟိုတလောက ပြောတဲ့အတိုင်းဆိုရင် မိဘတွေက သေသွားပြီး အခန်းထဲအပိတ်ခံထားရတဲ့ ကလေးမလေးတစ်ယောက်ပဲ အိမ်ထဲမှာ ကျန်ခဲ့တာမဟုတ်လား။ အဲဒီတံခါးကို ငါစစ်ကြည့်သွားပြီ၊ တံခါးမှာ အတွင်းထဲကပဲ ဖွင့်လို့ရတဲ့ တံခါးဝှက်တစ်ခုပါတယ်။ ခွေးတိုးပေါက်နီးပါးပဲ ရှိတာဆိုပေမဲ့ ခပ်ပိန်ပိန်လူတစ်ယောက် တိုးဝင်ဖို့တော့ အဆင်ပြေနေတုန်းပဲ။”

မောင်ကောင်ကတော့ နဖူးမှ ချွေးစေးများထွက်သည်အထိ ဖြစ်နေပြီး ကိုနိုင်ကို စကားနည်းနည်းသာ ပြောလိုက်သည်။

“ငါ့ကောင်ရေ၊ ဘာလို့အရှုပ်ထုပ်ကြီးထဲမှာ ဝင်ပါချင်ရတာတုန်းကွ။ မင်းလဲပိုက်ဆံတတ်နိုင်တာပဲကွာ၊ အန်တီတို့ကိုပြောပြီး တခြားမြို့တစ်မြို့မှာ ဆိတ်ငြိမ်သန့်ရှင်းတဲ့ အိမ်လေးတစ်လုံးဝယ်ပြီး နေတာဖြစ်ဖြစ် လုပ်ပါလားကွ။ မင်းပိုက်ဆံနဲ့မင်းလုပ်ချင်တယ်ဆိုလည်း အိမ်ပြောင်းငှားပြီးနေကွာ။”

ကိုနိုင်ကတော့ မောင်ကောင်းကို မျက်နှာသေကြီးနှင့် အတော်ကြာအောင် ဆိုက်ကြည့်နေပြီးမှပြောလိုက်သည်။

“ဆောရီးပဲငါ့ကောင်၊ တစ်နှစ်စာ စရံပေးပြီးသားကွ။ ငါ့ပန်းချီကားလေးတွေ ရောင်းလို့ရထားတဲ့ငွေကိုတော့ အဆုံးမခံနိုင်ဘူး။”

….

ကိုနိုင်အိမ်ကို ပြန်လာခဲ့သည်။ သရဲမကိစ္စကိုတော့ ခဏမေ့ထားလိုက်၏။ လက်ထဲတွင်တော့ အထုပ်အပိုင်းတချို့ကိုကိုင်ထားပြီး စားရလွယ်သော အသားညှပ်ပေါင်မုန့်တချို့ကိုပါ ဝယ်လာခဲ့သည်။ သရဲမကိစ္စကို မေ့ထား၍ရသော်လည်း သရဲမကိုတော့ သူအငတ်မထားရဲပေ။ တော်ကြာ ဟိုကောင်ပြောသလို တကယ့်သရဲဖြစ်နေရင် ညအိပ်နေတုန်း သူ့ကိုကိုက်စားသွားမှာပေါ့။

ကိုနိုင် အိမ်မိန်းခလုတ်ကို တင်လိုက်သဖြင့် တစ်အိမ်လုံးမှမီးများ ပြန်လင်းလာသည်။ တစ်နေကုန် အပြင်သွားနေခဲ့သောကြောင့် အိမ်မှာဘယ်သူမှမရှိသည်နှင့် မီးရေးထင်းရေး စိတ်ချရအောင် မိန်းချခဲ့ခြင်းဖြစ်၏။

သူမိန်းကိုတင်ပြီး အောက်ထပ်က ထမင်းစားခန်းထဲ လှည့်ကြည့်လိုက်တော့ ကြယ်သီးတပ်မထားသည့် ရှပ်အင်္ကျီကို ဖြတ်သလိုဝတ်ထားသည့် သရဲမက စားပွဲပေါ်မှာ အခန့်သားထိုင်ပြီး သူမနက်ကထားခဲ့သည့် ပူတင်းနှစ်ဘူးလုံးကို ရေခဲသေတ္တာထဲမှထုတ်ပြီး ယူစားနေကြောင်း တွေ့လိုက်ရသည်။

သရဲမနှင့်ကိုနိုင် မျက်လုံးချင်းဆုံမိသွားလေပြီ။

သရဲမက ထင်ထားသလိုတော့ ကြောက်စရာမကောင်းလှ။ မျက်နှာက သွေးမရှိသလိုမျိုး ဖြူရော်နေသော်လည်း ဘဲဥပုံမျက်နှာရှိပြီး ပါးလျ​သောနှုတ်ခမ်း၊ ကြည်လင်သော မျက်လုံးတို့ရှိ၏။ ရှုပ်ပွနေသော ခါးအထိရောက်သည့် ဆံပင်အရှည်ကြီးရှိကာ အလွန်ပိန်ကပ်နေသည်မှလွဲလျင် မိန်းမလှလေးဟု ပြော၍ရနိုင်သည်။

ကိုနိုင်ကိုတွေ့သည်နှင့် ထိုသရဲမက ပူတင်းများကို ပါးစပ်ထဲအတင်းထိုးသွပ်လိုက်ပြီး အိမ်အပေါ်ထပ်သို့ ပြေးတက်သွား၏။

“ဟေး…ဟေး… နေဦးလေ…” ကိုနိုင်က နောက်မှ ပြေးလိုက်သော်လည်း သရဲမကတော့ သော့မရှိတော့သည့် သူ့အခန်းတံခါးကို ဆွဲပိတ်ပြီး အတွင်းမှဂျက်ထိိုးကာ ကိုနိုင်ဝင်မလာနိုင်အောင် လုပ်လိုက်သည်။

ထို့နောက်တွင်တော့ တစ်စုံတစ်ခုကို ဖွင့်လိုက်သည့် အသံနှင့်အတူ အခန်းတစ်ခုလုံး တိတ်ဆိတ်သွား၏။ ထိုသရဲမက အခန်းတွင်းတွင် ဘယ်တုန်းကမှ မရှိတော့သည့်အလား။

“ငါက သူ့ကိုပေါင်မုန့်ကျွေးမလို့ပါကွာ၊ ပူတင်းလောက်နဲ့ ဘယ်ဝမလဲ။”

ကိုနိုင်ကတော့ ခေါင်းကိုခါယမ်းရင်း သူဝယ်လာသည့် ပေါင်မုန့်ကို တံခါးရှေ့ကြမ်းပြင်တွင် ချထားကာ တံခါးခေါက်အချက်ပေးလိုက်ပြီး အောက်ထပ်သို့ ပြန်ဆင်းလာလိုက်သည်။

“စားချင်စား၊ မစားချင်နေ။ ငါကတော့ ငါ့တာဝန်ကျေပြီ။”

….

နောက်ရက်များတွင်တော့ ကိုနိုင်တစ်ယောက် သရဲမအတွက် ထမင်းပိုချက်ရသည်မှာ အလုပ်တစ်ခုလို ဖြစ်လာခဲ့သည်။ တစ်ခါတရံ သူတို့နှစ်ယောက် မတော်တဆ ဆုံတွေ့မိသည်မှအပ တခြားထူးထူးခြားခြား မဖြစ်ခဲ့ပါ။ သရဲမကလည်း ကိုနိုင်ကိုဒုက္ခမပေး၊ ကိုနိုင်ကလည်း သူ့ကို သွားမနှောင့်ယှက်ပေ။

ဒီနေ့တော့ မနက်စာအတွက် ကိုနိုင်ကြက်အူချောင်းကြော်နေသည်။ တကယ်တော့ သူချက်တတ်တာဆိုလို့ ကြက်ဥဟက်ပွိုင့်ကြော်၊ ကြက်ဥမွှေကြော်၊ ကြက်ဥထမင်းကြော်၊ ကြက်ဥခေါက်ဆွဲကြော်၊ ကြက်ဥလမ်းသရဲကြော်၊ ကြက်သားကြော်၊ ကြက်သားကုန်းဘောင် စသည်ဖြင့် ကြက်ခြံထဲက မထွက်ပေ။ တခြားဘာမှမချက်တတ်သောကြောင့် မောင်ကောင်းပင် ကြက်အတောင်တွေပေါက်လာဦးမယ်ဟု စနောက်တတ်သေးသည်။

သို့သော်လည်း တစ်ကိုယ်တည်းနေ ယောက်ျားသားတစ်ယောက်အဖို့တော့ ထိုသို့သော ဟင်းချက်ပညာက လုံလောက်နေပြီဖြစ်၏။ ယနေ့လည်း ကြအူချောင်းကြော်နေပြီး ကြက်တောထဲက မထွက်သေးပေ။

ရုတ်တရက် အိမ်ပေါ်ထပ်မှ သရဲမပြေးဆင်းလာသည့်အသံကို ကြားရသည်။ ချက်ချင်းပင် သရဲမက သူ့ဘေးနား ရောက်လာသဖြင့် ကိုနိုင်ကျောချမ်းသွား၏။ သရဲမက ဒယ်အိုးထဲရှိ​နေသေးသည့် ကြက်အူချောင်းထံသို့ လက်လှမ်းလိုက်သဖြင့် ကိုနိုင်ထအော်လိုက်သည်။

“ဟေး…ဟေး… အပူလောင်မယ်။” ပြောနေတုန်းရှိသေး သရဲမလက်အပူလောင်ပြီး အော်ဟစ်နေတော့သည်။ ကိုနိုင်ကတော့ မီးဖိုကိုပိတ်ကာ စတီးဇလုံထဲ ရေအပြည့်ဖြည့်လိုက်ပြီး အပူလောင်သွားသော သရဲမ၏လက်ကိုဆွဲကာ နှစ်ပေးလိုက်၏။

သရဲမက ဖရိုဖရဲဆံပင်များကို ဖယ်သည့်အနေဖြင့် ခေါင်းကိုစောင်းလိုက်ကာ ကိုနိုင်ကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည်။

“ဆီပူလောင်ရင်၊ မင်းလက်တွေမှာ အရည်ကြည်ဖုတွေထွက်လာလိမ့်မယ်။ တအားနာတာ၊ ရေထဲခဏစိမ်ထားဦး။ ငါဆေးသွားယူပေးမယ်။”

ကိုနိုင်က ခြေဟန်လက်ဟန်ဖြင့် ပြောလိုက်သည်။ အနှီသရဲမကတော့ နားလည်သည့်ပုံမရ။

ကိုနိုင်ဆေးယူပြီး ပြန်လာတော့ အေးသွားပြီဖြစ်သော ကြက်အူချောင်းများကို သရဲမက လက်နှင့်ကိုင်ပြီး ပီပီပြင်ပြင် စားနေပြီဖြစ်သည်။ သူ့ဖို့ပင် မကျန်တော့။

“ငါ့ရဲ့မနက်စာလေး…” ကိုနိုင် အကျယ်ကြီးအော်ငိုချင်သွားသည်။ တစ်ခုကောင်းသည်က သရဲမက အရင်တစ်ခါကလို ချက်ချင်းထပြေးမသွားတော့ပေ။ ဒါကြောင့် ဆေးထည့်ပေးလိုက်နိုင်သည်။

တစ်လနီးပါးလောက် ထမင်းချက်ကျွေးခဲ့ရခြင်းက အကျိုးယုတ်ခံပုံမပေါ်ပေ။ အနည်းဆုံးတော့ ယုံကြည်မှုတစ်ခု တည်ဆောက်ပေးနိုင်ခဲ့ပုံရသည်။

မနက်စာစားပြီးပြီဖြစ်သော သရဲမကတော့ ကိုနိုင်ပတ်ပေးထားသည့် ပလာစတာများကိုအထူးအဆန်းသဖွယ်ကြည့်ရင်း အပေါ်ထပ်သို့ ပြန်တက်ရန် ပြင်နေပြီဖြစ်၏။ ကိုနိုင်က သူဝယ်လာသော ဝတ်ရလွယ်သည့် ဂါဝန်ပွပွကြီးတချို့ကို သရဲမထံ ပစ်ပေးလိုက်သည်။ သူဆေးယူတုန်းက အတူယူလာချင်းဖြစ်၏။

“မင်းမှာ ဝတ်စရာတစ်ထည်ပဲ ရှိတာမဟုတ်လား။ မင်းဆိုက်မသိလို့ လွယ်လွယ်ဝတ်လို့ရတဲ့ဟာပဲယူလာတယ်။ အဆင်ပြေမလား။”

သရဲမကတော့ ဘာမှမပြောဘဲ ကိုနိုင်ပေးသည့် အဝတ်များကို ဖမ်းလိုက်ပြီး တစ်ချက်ကြည့်ကာ အပေါ်ထပ်သို့ ပြန်ပြေးတက်သွားသည်။

ကိုနိုင်လည်း ခေါင်းကိုခါယမ်းလိုက်ပြီး လျှပ်စစ် မီးဖိုကို ပြန်ဖွင့်လိုက်သည်။ ကြက်အူချောင်းများ သရဲမဗိုက်ထဲ ရောက်သွားပြီဖြစ်၍ သူစားဖို့ တခြားတစ်ခုခု လုပ်ရတော့မည်မဟုတ်လား။ ကိုနိုင်က ရုတ်တရက်ဆိုသလို စားပွဲခုံပေါ်ကို ကြည့်လိုက်မိသည်။ စားပွဲခုံပေါ်တွင် စံပယ်ပန်းကုံးလေးတစ်ခုရှိနေပြီး ထိုးထားသည့်ကြိုးမှာ အပ်ချည်မဟုတ်ဘဲ ခပ်ရှည်ရှည် မြက်ရိုင်းကွင်းလေးဖြစ်၏။

“သူငါ့ကို ကျေးဇူးတင်တဲ့အနေနဲ့ လုပ်ပေးထားတာလား၊ သူပြဿနာမရှာရင် ပြီးတာပါပဲလေ။”

Comment

Leave a Reply

Options

not work with dark mode
Reset