Switch Mode

ကျစ်ရန်သူ ဇာတ်သိမ်း

ကျန်ရစ်သူ
အပိုင်း (၂) ဇာတ်သိမ်းပိုင်း

ဟယ်ရီတို့ကားလေးက တဖြည်းဖြည်း တောင်တန်း​ဒေသတွေဆီ ခရီးဆက်ခဲ့ကြတယ်။ လူနေထူထပ်တဲ့​ဒေသတွေမှာ ဗလာကောင်တွေပြည့်ကျပ်နေပြီဆိုပေမဲ့ လူနည်းကျဲပါးတဲ့နေရာတွေမှာတော့ အနည်းငယ်ပဲရှိပါသေးတယ်။ အသက်ရှင်ကျန်သူများ နေဖို့သင့်တော်တဲ့ နေရာမျိုးပါ။

ကားလမ်းနံဘေးက ဆီဆိုင်လေးကိုတွေ့တော့ ဟယ်ရီကားဝင်ရပ်တယ်။ ဆီဆိုင်ထဲက ဦးထုပ်ပြောင်းပြန်စောင်းထားတဲ့ လူတစ်ယောက် နှစ်လုံးပြူးရိုင်ဖယ်ကိုင်ပြီး ထွက်လာတယ်။ ဟယ်ရီက ရန်သူမဟုတ်ကြောင်း လက်ဟန်ခြေဟန်ပြပြီး ဆီရမရမေးလိုက်တယ်။

“ဓာတ်ဆီလား၊ ဒီဇယ်လား။”

“ဒီဇယ်၊ ထည့်နိုင်သလောက်ထည့်။ ဒီပုံးထဲမှာပါ ဖြည့်ပေး။” ဟယ်ရီက ဦးထုပ်နောက်ပြန်နဲ့လူကို ဝက်အူချောင်းတစ်ပါကင် ပစ်ပေးလိုက်ရင်း ပြောလိုက်တယ်။

“ဒါပဲလား…”

“ငါတို့စားဖို့လည်း လိုသေးတာကိုး။”

“ဟုတ်ပါပြီကွာ။” ကမ္ဘာပျက်ကြီးမှာ ငွေစက္ကူတွေ အသုံးမဝင်တော့ဘူး။ စားနပ်ရိက္ခာနဲ့လက်နက်လိုမျိုး လက်တွေ့အသုံးဝင်တဲ့ ပစ္စည်းတွေနဲ့ပဲ ကုန်ဖလှယ်ဖို့ဖြစ်နိုင်တော့မှာ။ ကျေးလက်ဒေသမှာ လူတွေရှိနေသေးတယ်ဆိုတာ သိလိုက်ရတော့ ဟယ်ရီပြုံးမိတယ်။ အခြေအနေက သူထင်သလောက် မဆိုးနိုင်သေးဘူး။

ဆီပိုက်ကို ကားဓာတ်ဆီပေါင်ထဲထည့်လိုက်တဲ့အချိန်ကလယ်ရာ ကားပေါ်ကဆင်းလာတယ်။ “ကျွန်မအပေါ့သွားမလို့။”

“ခါတိုင်းလိုပဲ နီးနီးနားနားသွားပါလား။”

“အရင်က ရှင်နဲ့ကျွန်မပဲရှိလို့ ဘာမှမဖြစ်ဘူးလေ။ အခုက အနားမှာ လူစိမ်းတွေရှိနေလို့။” ကလယ်ရာက မျောက်ကိုပခုံးပေါ်တင် ဓာတ်ဆီဆိုင်နဲ့တွဲထားတဲ့သန့်စင်ခန်းထဲဝင်ဖို့လုပ်တယ်။

ဒါပေမဲ့ သတိလက်လွတ်တော့မဟုတ်၊ ဓားကတော့ အမြဲလိုပဲခါးမှာ။ “ဇာတ်လမ်းတွေထဲတော့ ကမ္ဘာပျက်ကပ်မှာ ကောင်လေးတွေက ကောင်မလေးတွေကိုကာကွယ်ပေးရတယ်ဆိုတယ်။ ငါကျတော့ ဂျစ်ကန်ကန်ဟာမလေးတစ်​ယောက်နဲ့ပဲ တွေ့ရတယ်လို့။”

ဟယ်ရီမကျေမနပ်နဲ့ ဆီပိုက်ကိုပြန်ထုတ်၊ ပုံးထဲဆီဖြည့်တယ်။ ပုံးဆီပြည့်သွားတော့ ပစ္စည်းတွေတင်ဆီပေါက်ပိတ်ပြီး ကားတံခါးကိုမှီ ရပ်စောင့်တယ်။

ရုတ်တရက် သူ့ခေါင်းကို တစ်ယောက်ယောက်လာရိုက်တဲ့အတွက် ရှေ့ကိုငိုက်ကျသွားတယ်။ လူတချို့သူ့ကို လာချုပ်ဖို့ကြိုးစားတယ်။ စစ်သားဟောင်းတစ်ယောက်မလို့ အတင်းရုန်းကန်ပြီး လွတ်နေတဲ့ခြေနဲ့ ရန်ပြုလာသူတွေကို ကန်ထုတ်လိုက်တယ်။

ဦးထုပ်နောက်ပြန်စောင်းထားတဲ့လူနဲ့ တခြားတစ်ယောက် လွင့်သွားတယ်။ ကြည့်ရတာ ဆီဆိုင်ကလူ လောဘတက်ပြီနဲ့တူတယ်။ နောက်ထပ် စတီးတုတ်တွေကိုင်ထားတဲ့ တခြားလူသုံးယောက်လည်း သူ့ဆီပြေးလာနေပြီ။ ဒီရှင်ကျန်သူအုပ်စုက ခရီးသွားတွေကို ဓားပြတိုက်စားနေကျဖြစ်မယ်။

ဦးထုပ်​နောက်ပြန်နဲ့လူက အော်ပြောလိုက်တယ်။ “သတိထားကြ၊ ဒီလူက လေ့ကျင့်ထားတဲ့ တိုက်ခိုက်ရေးသမားပဲ။”

ဓားပြအုပ်ထဲက တချို့ကလည်း မှော်ပညာကျင့်ကြံထားတဲ့ တိုက်ခိုက်ရေးသမားတွေပဲ။ တချို့က ကနဦးဗီဇနိုးထပြီးသူတွေဖြစ်ပြီး ဟယ်ရီထက် တစ်ဆင့်နိမ့်တယ်။ ဟယ်ရီက ပြုံးလိုက်ပြီး လက်တွေကိုလှုပ်ရှားလိုက်တယ်။

“ဟား….”

ဟယ်ရီရဲ့ဖြောင့်လက်သီးက ဦးထုပ်ပြောင်းပြန်နဲ့သူရဲ့ရင်ဝကို တည့်တည့်ထိမှန်သွားတယ်။ အနီးဆုံးက တုတ်တွေနဲ့လူတစ်ယောက် ဝင်ရိုက်ပေမဲ့ ဟယ်ရီက အသာလေးရှောင်လိုက်ပြီး ညာခြေကိုဆန့်ထုတ်တယ်။ အဲဒီလူလည်း ဗိုက်ကိုအကန်ခံလိုက်ရပြီး ကွေးကွေးလေးလဲသွားတယ်။

ငါးယောက်တစ်ယောက်ပေမဲ့ ဟယ်ရီက မြန်မြန်ဆန်ဆန်လှုပ်ရှားပြီး တိုက်ခိုက်နေတဲ့အတွက် ဓားပြတွေဟာ ပြန်တိုက်ဖို့တောင် အချိန်မရဘူး။ နောက်တော့ ဟယ်ရီ့လက်ထဲမှာ စတီးတုတ်တစ်ချောင်းရောက်နေပြီး ခံရတဲ့သူတွေက ဓားပြတွေဖြစ်သွားတယ်။

နောက်တော့ ဟယ်ရီက လည်ပင်းက သစ်ပင်ပုံလော့ကတ်သီးကို ဆုပ်ကိုင်လိုက်ပြီး မန္တန်တစ်ပုဒ်ရွတ်ဆိုလိုက်တယ်။ အနီးအနားမှာရှိနေတဲ့ သစ်နွယ်တွေအသက်ဝင်လာပြီး ဓားပြတွေကို ချုပ်နှောင်ထားလိုက်တယ်။ ဒါပေမဲ့ အခုလိုမှော်ပညာသေးသေးလေးအတွက်နဲ့တင် ဟယ်ရီတော်တော်မောနေပြီ။ စစ်ပွဲတုန်းက ဒဏ်ရာအဟောင်းတွေရဲ့ ကျေးဇူးနဲ့ပေါ့။

“မှော်ဆရာ၊ ခင်ဗျားက မန္တန်သုံးတတ်တဲ့ မှော်ဆရာပဲ။”

ဟယ်ရီမှော်ဆရာမှန်းလည်းသိရော ဦးထုပ်နောက်ပြန်စောင်းထားတဲ့လူက ဟယ်ရီကို ရှိခိုးလုမတတ် တောင်းပန်တယ်။ “တောင်းပန်ပါတယ်ဗျာ၊ ကျုပ်တို့မှာ စားစရာမရှိလို့ ကြံမိကြံရာ ကြံမိတာပါ။”

ဟယ်ရီစိတ်ထဲ နည်းနည်းစိတ်မကောင်းဖြစ်ပြီး ငေးငိုင်သွားမိတယ်။ ကမ္ဘာမှာ ကိုယ်တိုင်ရိက္ခါထုတ်လုပ်တတ်တဲ့သူ ဘယ်နှစ်ယောက်ရှိလို့လဲ။ စိုက်တတ်ပျိုးတတ်ရင်တောင် ဗလာကောင်တွေလျှောက်သွားနေတဲ့ ကမ္ဘာပျက်ကပ်ကြီးထဲ ဘယ်လိုလုပ်လုံခြုံမှာလဲ။

“ငတုံး၊ အဲဒီနေရာကနေဖယ်။”

ဟယ်ရီ နွယ်တွေကိုပြန်ဖယ်ပေးဖို့ စဥ်းစားလိုက်ပေမဲ့ သူ့ကို တစ်ယောက်ယောက်က ခန္ဓာကိုယ်နဲ့ တွန်းဖယ်ပြီးဖြစ်နေတယ်။

ရွှတ်…

ဟယ်ရီ့နားကနေ အနားကတစ်ခုခုဖြတ်သွားတဲ့အသံကြားလိုက်ရပြီး မြားတစ်စင်း ဆီဆိုင်က တိုင်မှာစိုက်ဝင်သွားတာ သတိထားမိလိုက်တယ်။ အတော်ပြင်းတဲ့ ကွန်ကရစ်ကိုပါ ဖောက်နိုင်တဲ့မြားပါ။

မှော်ပညာလည်း ပျက်သွားပြီဖြစ်လို့ ဆီဆိုင်ကဓားပြတွေလည်း ပြန်လွတ်လာပြီ။ ကလယ်ရာက ဟယ်ရီကိုထူပေးလိုက်ပြီး ပြောလိုက်တယ်။

“ကျွန်မ ဒီလူငါးယောက်ကို ကြည့်လုပ်ထားလိုက်မယ်။ ရှင်က အဲဒီလေးသမားကိုရှာ။”

လေးသမားက အခုဓားပြတွေနဲ့ တစ်ဖွဲ့တည်းလည်း ဟုတ်ချင်ဟုတ်လိမ့်မယ်၊ ဒါမှမဟုတ် တတိယလူတစ်ယောက်လည်း ဖြစ်နေနိုင်တာပဲလေ။ ဘာပဲဖြစ်ဖြစ် အခုလိုအားကောင်းတဲ့ မြားမျိုးကိုပစ်နိုင်တဲ့သူက အမှောင်ထဲမှာပုန်းပြီး သူတို့ကိုစောင့်နေတာ မကောင်းဘူး။

ဟယ်ရီက ကျောက်တုံးတစ်တုံးနောက်မှာ အကွယ်ယူလိုက်တယ်။ မြားတွေက ဆက်မလာတော့ပေမဲ့ ဟယ်ရီက မြားလာခဲ့တဲ့ လမ်းကြောင်းကို ခန့်မှန်းနိုင်နေတုန်းပဲ။ ဆီဆိုင်နဲ့ခပ်လှမ်းလှမ်း မြက်ရိုင်းရှည်တွေပေါက်နေတဲ့ တောင်ခါးပန်းဘေးမှာ လူရိပ်တစ်ခုကို ဟယ်ရီတွေ့လိုက်ပြီ။

ဟယ်ရီက ဖြတ်လတ်စွာနဲ့ ပြေးဝင်သွားပြီး အဲဒီလူဆီ မြန်မြန်ဆန်ဆန်ပဲရောက်သွားတယ်။ လေးသမားလည်း အံ့ဩသွားပုံပဲ။

“မင်းလားကွ၊ သေစမ်း။” ဟယ်ရီက လေးသမား မတုံ့ပြန်နိုင်ခင် လက်သီးနဲ့မျက်နှာကိုပိတ်ထိုးလိုက်တဲ့အတွက် လေးသမားနောက်ပြန်လဲကျသွားတယ်။

လေးသမားက ပြန်ထပြေးပေမဲ့ ဟယ်ရီက ခြေနဲ့ကန်ပြီး မြေပြင်နဲ့လူနဲ့ကပ်သွားအောင် ဖိနင်းထားလိုက်တယ်။ ဒါပေမဲ့ လေးသမားကတော့ ဟယ်ရီ့ကိုပြုံးပြနေပါတယ်။ လုံးဝ ပုံမှန်မဟုတ်ဘူး။

“ကိုယ့်လူ၊ ခင်ဗျားရောကျုပ်ရော သေတော့မယ်ဗျ။ ဒီနေရာက ဘာလဲရောသိရဲ့လား။” လေးသမားစကားကြောင့် ဟယ်ရီမျက်နှာပျက်သွားပြီး ပတ်ဝန်းကျင်ကို သတိထားကြည့်တယ်။

တောင်ကမူရဲ့အကျော်မှာ လျှိုကြီးတစ်ခုရှိနေတယ်။ ပြီးတော့ မသတီစရာသွေးပုပ်နံကြီးကလည်း လှိုင်ထလို့နေတယ်။ လျှိုအောက်က​နေ အကောင်ကြီးတစ်ကောင်ရဲ့လှုပ်ရှားသံကို သူကြားနေရတယ်။

နောက်တော့ ဧရာမလက်ကြီးတစ်ဖက်က လျှိုထဲက ထွက်လာတဲ့အတွက် ဟယ်ရီနောက်ကို အသေအလဲခုန်ဆုတ်လိုက်တယ်။ လက်ကြီးက မြေပေါ်မှာလဲနေဆဲ လေးသမားကို ဖမ်းကိုင်လိုက်ပြီး လူတစ်ကိုယ်လုံးကို မျိုချနိုင်တဲ့ ပါးစပ်ကြီးထဲ ပစ်ထည့်လိုက်တယ်။

နောက်တော့ ပါးစပ်ကြီးက ပိတ်သွားပြီး သွေးမှုန်တွေက ပန်းထွက်လာတယ်။ လေးသမားသေပြီ။

ဟယ်ရီကတော့ ဧရာမဗလာကောင်ကြီးနဲ့ ရင်ဆိုင်နေရပြီ။ ပါးစပ်ပေါက်တစ်ခု၊ မျက်လုံးရှစ်လုံးနဲ့ လူလက်ခြောက်ဖက်ပါတဲ့ ထူးထူးဆန်းဆန်းဗလာကောင်ကြီး။

“အိုမီဂါအဆင့် ဗလာကောင်။” ဗဟိုဧကရာဇ်နိုင်ငံက ကပ်ဘေးအစမှာ ဗလာကောင်တွေကို အဆင့်ရောအမျိုးအစားတွေပါ သတ်မှတ်ခဲ့တယ်။ တပ်ကြပ်ဟောင်းတစ်​ယောက်အနေနဲ့ ဟယ်ရီလည်းအနည်းနဲ့အများတော့ ကြားဖူးတယ်။ အယ်ဖာတွေက သာမန်ထက်စွမ်းတယ်ဆိုရင် အိုမီဂါတွေကတော့ ဗလာကောင်တွေရဲ့ဘုရင်လိုပဲ။

ဟယ်ရီက ရင်ဘတ်က လော့ကတ်သီးကိုဆုပ်ကိုင်ပြီး သစ်နွယ်တွေအားလုံးကို ထိန်းချုပ်ကာ အကောင်ကြီးကို အနှောင့်အယှက်ပေးတယ်။

“ဝုန်း…” အနားကသစ်ပင်ကြီးတချို့ အမြစ်ကနေကျွတ်ထွက်ပြီး အကောင်ကြီးအပေါ်ပိကျတယ်။ သူ့မှော်ပညာက အကောင်ကြီးအတွက် ဘာမှမဟုတ်ပေမဲ့ အာရုံလွှဲထားနိုင်ပြီး ချက်ချင်းနောက်လှည့်ပြေးဖို့ အခွင့်ရသွားတယ်။

ခပ်လှမ်းလှမ်းမှာ ကလယ်ရာကတော့ ဟိုလူမိုက်တွေနဲ့တိုက်နေတုန်း။ လူမိုက်သုံးယောက်က ကလယ်ရာရဲ့ဓားချက်နဲ့ အပိုင်းပိုင်းပြတ်သေနေပြီ။ သူတို့တစ်ကိုယ်လုံးမည်းတူးနေတာပဲ။ ကလယ်ရာ့ဓားက မီးဓာတ်ပါတဲ့ဓား၊ ဒီဓားက ဗဟိုဧကရာဇ်နိုင်ငံထုတ်ဖြစ်ပြီး ဗလာကောင်သတ်ဖို့ ဓားတွေလိုပဲ အသုံးဝင်တယ်။

ဟယ်ရီပြေးလာနေချိန်မှာပဲ ကလယ်ရာက တခြားလူနှစ်ယောက်ကို မီးလိုနီရဲနေတဲ့ဓားသွားနဲ့ ပိုင်းဖြတ်ပြီးပြာချပစ်လိုက်တယ်။ မျောက်ကလေးမက်စ်ကတော့ ကလယ်ရာ့ပခုံးပေါ်က​နေ လက်သီးလက်မောင်းတန်းပြီး အောင်ပွဲခံနေတယ်။

“ကလယ်ရာ၊ ငါတို့ပြေးရမယ်။”

ဟယ်ရီက လှမ်းအော်လိုက်တယ်ါ
ကလယ်ရာက ဟယ်ရီဖက်လှည့်ကြည့်လိုက်တော့ တောင်ကမူပေါ်ကအကောင်ကြီး နှစ်ချို့သစ်ပင်တွေကို ဖယ်ရှားဖို့ကြိုးစားရင်း အော်ဟစ်နေတာကို တွေ့လိုက်ရတယ်။

“ရှင်က တကယ့်မိစ္ဆာကိုမှ ရန်စလာတာပဲ။”

“လျှိုထဲက တက်လာတာ၊ ငါလည်းသူရှိမှန်းမသိဘူး။ ဒီလူတွေကလွဲလို့ ရွာတစ်ခုလုံးကလူတွေကို သူစားပစ်ထားတာဖြစ်မယ်။”

ကလယ်ရာက ကားပေါ်တက်ပြီး စက်နှိုးတယ်။ ဟယ်ရီကတော့ ဘေးခုံမှာထိုင်ပြီး လက်ဆွဲတော် ရိုင်ဖယ်ကြီးကို ဆွဲထုတ်တယ်။ သူက မှော်ဆရာပေမဲ့ မှော်ပညာကို သေချာသုံးဖို့လောက်အထိ သက်လုံမရှိဘူး။ ဒီတော့ သေနတ်တွေကို အားကိုးရမှာပဲ။

“ငါတော့ ဒီသေနတ်တွေလောက်နဲ့ သူ့ကိုအသေသတ်နိုင်မယ်မထင်ဘူး။ ဒါပေမဲ့ စမ်းကြည့်ရမှာပဲ။”

“သတိထား။”

ဟယ်ရီနဲ့ကလယ်ရာက တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြတယ်။ နှစ်ယောက်အတူတိုက်ခိုက်ဖူးတာ ကြာပြီမလို့ အခုလိုအခြေအ​နေနဲ့ ရင်ဆိုင်ရတာ ပထမဆုံးအကြိမ်မဟုတ်။

ကလယ်ရာက တောင်ဆင်းလမ်းအတိုင်း မြန်နိုင်သမျှမြန်မြန် မောင်းချသွားတယ်။ ဟယ်ရီက ကားခေါင်မိုးဖွင့်ပြီး သစ်တောဘက်ကို ရိုင်ဖယ်နဲ့အသင့်ချိန်တယ်။ အကောင်ကြီးက သစ်ပင်တွေကိုဖယ်ပြီး လွတ်လာပြီ။ အခုလမ်းပေါ်ရောက်လာတော့မယ်။

“ကာနေးရှားသခင် ခင်ဗျားမကယ်ရင် ကျုပ်တော့ ဗလာကောင်စာဖြစ်တော့မယ်။” ဟယ်ရီက ရိုင်ဖယ်နဲ့ လက်ခြောက်ဖက်ဗလာကောင်ကြီးမျက်လုံးကို ချိန်ပစ်တယ်။ ပုံမှန်ဗလာကောင်တွေမှာ ပါးစပ်ကလွဲလို့ ဘာမှမပါပေမဲ့ ဒီကောင်ကြီးကတော့ အတော်ထူးခြားတယ်ဆိုရမယ်။

“ဒိန်း။” လေဟာနယ်ကျည်က ဗလာကောင်ကြီးရဲ့အစိတ်အပိုင်းတချို့ကို ဒိုင်မေးရှင်းတစ်ဖက်ကို ပို့လိုက်ပေမဲ့ အကောင်က သိပ်ကြီးလွန်းနေတယ်။ ဟယ်ရီက ကျည်ကုန်တဲ့အထိ ဆက်တိုက်ပစ်ပေမဲ့ မသေသေးဘူး။

ကားကရှေ့ကပြေးနေပြီး ဗလာကောင်က နောက်ကနေ လိုက်လာနေတယ်။ ကျည်ထိုးဖို့အချိန်မရတော့ ဟယ်ရီက ကလယ်ရာ့စနိုက်ပါနဲ့အူဇီသေနတ်ကိုယူပြီး ဆက်ပစ်တယ်။ ဒါပေမဲ့ ဗလာကောင်ကြီးကို အနည်းငယ်လောက် ထိခိုက်စေတာကလွဲလို့ ဘာမှမဖြစ်။ ရုတ်တရက် သူတို့ကားက လမ်းဘေးသို့ထိုးကျပြီးရပ်သွားတယ်။

“ကလယ်ရာ… ဘာဖြစ်လို့လဲ။”

ဟယ်ရီက ကားထဲခေါင်းဝင်ပြီးမေးတော့ ကလယ်ရာ့မျက်နှာက အကြောဆွဲနေပြီး မျောက်လေးက စိုးရိမ်စွာအော်ဟစ်နေတယ်။

“တောင်းပန်ပါတယ်၊ ငါကားမမောင်းနိုင်တော့ဘူး။”

ဟယ်ရီက ဆေးကိုမြန်မြန်ဖြည့်လိုက်ပြီး ကလယ်ရာကို ဆေးထိုးပေးလိုက်တယ်။

“မပူနဲ့ ငါအဲဒီကောင်ကို သွားကင်ပေးမယ်။”

ဟယ်ရီက သေနတ်ကျည်ထိုးမနေတော့ဘဲ ကလယ်ရာ့​ဓားကိုကိုင်ကာ ဓားပင်မစွမ်းအင်ဗဟိုချက်နဲ့တွဲထားတဲ့ လုံခြုံရေးမောင်းခလုတ်ကို လုံးဝဆွဲဖြုတ်ပစ်လိုက်တယ်။

ပုံမှန်နည်းနဲ့ အဲဒီကောင်ကို ဓားနဲ့ခုတ်ရင် ဘာမှမဖြစ်တာ သေချာနေတာပဲ။ နျူကလီးယားပေါင်းစည်းစွမ်းအင်ဓာတ်ပေါင်းဖိုငယ်က လုံခြုံရေးခလုတ်ကိုဖြုတ်ပြီး အားကုန်သွားခုတ်မှ အောင်မြင်နိုင်ခြေရှိဦးမယ်။

ဟယ်ရီ့မျက်လုံးရှေ့မှာတင် ကလယ်ရာ့ဓားက မီးတွေထတောက်လာပြီး သတ္တုတောင်အရည်ပျော်ကျတော့မလိုပဲ။

ဟယ်ရီကားပေါ်က ခုန်ဆင်းလိုက်ပြီး အကောင်ကြီးဆီကိုပြေးတယ်။ တကယ်တော့ အကောင်ကြီးက ကားနားကိုရောက်နေပြီမလို့ မီတာအနည်းငယ်ပဲပြေးစရာလိုတယ်။

မီးတွေက ဟယ်ရီ့လက်ကိုတောင် လာဟပ်နေပြီဆိုပေမဲ့ ဟယ်ရီက ပူလောင်ဟန်မပြဘဲ ဓားကိုဆက်ကိုင်ထားတုန်းပဲ။ မီးတွေက သူ့အဝတ်အစားတွေကိုတောင်စွဲစပြုနေပြီ။

“အကောင်ကြီး၊ သေစမ်း။”

ဟယ်ရီက ဓားကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး ဓားနဲ့မိုးခုတ်။ အကောင်ကြီးကလည်း ပါးစပ်ကိုဟ လက်တွေကိုဖြန့်ထုတ်ပြီး ဟယ်ရီကိုဖမ်းစားဖို့လုပ်တယ်။

ကံကောင်းတာက ဟယ်ရီ့တွက်ကိန်းမှန်သွားတယ်။ လုံခြုံရေးမောင်းဖြုတ်ထားတဲ့ဓားက အကောင်ကြီးရဲ့လက်တွေကို လောင်ကျွမ်းသွားစေတယ်။ အခုဟယ်ရီက အကောင်ကြီး​မျက်နှာရှေ့ရောက်နေပြီ။

“မင်းက တော်တော်သတ်ရခက်တယ်လို့ ပြောပေမဲ့ အခုကျ ထင်သလောက်မဟုတ်ပါလား။”

ဟယ်ရီက ဓားနဲ့ဗလာကောင်ကြီးခေါင်းကိုထိုးထည့်လိုက်တယ်။ ဓားက လက်ကိုင်တွေတောင် အရည်ပျော်နေပြီ။ စွမ်းအင်ဗဟိုချက် ဓာတ်ပေါင်းဖိုကလည်း မတည်ငြိမ်တော့ဘူး။ ဟယ်ရီက နောက်ဆုံးအနေနဲ့ လောင်ကျွမ်းခံနေရလို့အော်ဟစ်နေတဲ့ ဗလာကောင်ကြီးမျက်နှာကိုကန်ထုတ်ပြီး ကားဆီပြန်ပြေးတယ်။

အကောင်ကြီးတစ်ကိုယ်လုံးက လောင်ကျွမ်းနေပြီး သေချာလှုပ်ရှားမရတာကြောင့် သူ့ကိုရန်မပြုနိုင်သေးဘူး။ ဒါပေမဲ့ဟယ်ရီက ဓာတ်ပေါင်းဖိုထပေါက်တော့မယ်မှန်းသိနေတယ်။ သူတို့ဒီမှာဆက်ရှိနေရင် ဗလာကောင်နဲ့အတူ သေပွဲဝင်ရလိမ့်မယ်။

ဒါပေမဲ့ ကားထဲပြန်ရောက်တဲ့အထိ ကလယ်ရာက ကားကိုမမောင်းသေးဘူး။

“တစ်ခုခုမှားနေလို့လား။”

“ကျွန်မခြေထောက်တွေ လှုပ်လို့မရတော့ဘူး။”

ကလယ်ရာက သူ့ခြေထောက်တွေကို လက်နဲ့ပုတ်ပြတယ်။ ကလယ့်ရာ့ခြေထောက်တွေက ပြာနှမ်းနေပြီး သွေး​မလျှောက်တော့ဘူး။ ဟယ်ရီက ကပျာကယာ ကလယ်ရာ့ကို တစ်ဖက်ခုံပြောင်းပေးပြီး သူကိုယ်တိုင်စမောင်းတယ်။

တစ်ချိန်တည်းမှာပဲ သူ့စိတ်ထဲမှာ တစ်ခုခုကိုဆုံးရှုံးလိုက်ရသလို ခံစားရတယ်။ “ငါနဲ့လက်တွဲပြီး တိုက်ခိုက်မယ့်သူမရှိတော့ဘူးပေါ့။”

ဗလာကောင်က ကလယ်ရာရဲ့ဓားနဲ့အတူပေါက်ကွဲသွားပြီး ဂျစ်ကားလေးကတော့ ဘေးလွတ်ရာကို ဆက်သွားနေတယ်။

မိုးက သည်းကြီးမည်းကြီးရွာနေတယ်။

ကလယ်ရာ ရောဂါဖောက်လာပြန်တယ်။ ဒီတစ်ခါကတော့ သူတို့လူသူမရှိတဲ့ တောတွင်းမှာစခန်းချထားတာ။ ဟယ်ရီဆေးသေတ္တာကိုဖွင့်ကြည့်တော့ ဆေးမရှိတော့ဘူး။

“ဒီနားမှာ တောင်ပေါ်မြို့လေးရှိတယ်။ အဲဒီကဆေးရုံမှာ ဒီဆေးရှိလောက်တယ်။” ဟယ်ရီက တစ်ကိုယ်လုံး တဆက်ဆက်တုန်နေတဲ့ ကလယ်ရာကိုကြည့်ရင်း ပြောလိုက်တယ်။

“ကျွန်မ အောက်ပိုင်းသေပြီးပြီ၊ ဒီတစ်ခါတော့ သွားရတော့မယ်ထင်ပါ့ရဲ့။”

“အိုမသွားရပါဘူး၊ ငါတစ်ယောက်လုံးရှိသားပဲ။ ငါက စစ်သားဟောင်းတစ်ယောက်ပါ။ ဒါလောက်တော့ လုပ်နိုင်ပါတယ်။”

“ဆေးရုံက ဗလာကောင်တွေကို တစ်ယောက်တည်းသတ်မလို့လား။ ပြီးတော့ ရှင်ဆေးရလာရင်တောင် ကျွန်မအသက်ရှင်ချင်မှရှင်မှာလေ။ ဒီရောဂါကို ကျွန်မဆရာဝန်တွေက သုံးခါဖောက်အသက်ပျောက်ဆိုပြီး နာမည်ပြောင်ပေးထားကြတာ။”

ကလယ်ရာက ဟယ်ရီ့ကိုကြည့်ပြီး ပြုံးပြလိုက်တယ်။ ဒီမိန်းကလေးက သေခြင်းတရားကိုတောင် ဟာသလို တစ်ခုဆက်ဆံနေပြီ။ သေခြင်းတရားကို လက်ခံပြီး ပွေ့ပိုက်ထားဖို့ ဆုံးဖြတ်ခဲ့ပုံပဲ။ ဟယ်ရီကတော့ လုံးဝလက်လျှော့မယ့်ပုံမရ။

“ကျွန်မတစ်ယောက်တည်းမသေချင်ဘူး။ ဘေးနားမှာ အဖော်ရှိချင်တယ်။” ကလယ်ရာက တတ်နိုင်သည့်နည်းဖြင့် တားဖို့ကြိုးစားတယ်။ ဒါပေမဲ့ ဟယ်ရီက မျောက်ကလေးကို ကလယ်ရာ့ကိုယ်ပေါ်တင်ပေးလိုက်တယ်။

“မင်း မသေရပါဘူး၊ မဟုတ်ဘူး ငါလက်မခံဘူး။ အဖော်လိုချင်ရင် သူ့ကိုခေါ်ထားလိုက်။ ငါသေချာပေါက်ပြန်လာမယ်။ မက်စ်၊ ကလယ်ရာကို စောင့်ကြည့်နေနော်။ သူ့ကိုမသေစေနဲ့။”

မတ်က နားလည်ဟန်နဲ့ ခေါင်းငြိမ့်ပြတယ်။ ဟယ်ရီက ရှိသမျှလက်နက်တွေကို ကျည်ထိုးပြီးဂျစ်ကားနဲ့မောင်းကာ မြို့ဖက်မောင်းသွားတယ်။

ကလယ်ရာကတော့ နောက်ဆုံးအနေနဲ့ အသက်ကိုလေးပင်စွာ ရှုရှိုက်လိုက်တယိ။

“တကယ်မရတော့ပါဘူးဆို။” ကလယ်ရာ၏မျက်လုံးများက မှေးစင်းလာပြီးအသက်ရှုသံမကြားရတော့။ မက်စ်က ကလယ်ရာ့ကိုယ်ပေါ်မှာ ထိတ်လန့်တကြား ခုန်ပေါက်နေတယ်။ မက်စ်က ကလယ့်ရာ့လက်ကို ကိုက်ပြီး ကိုယ်ကိုလှုပ်နှိုးပေမဲ သူအကြောင်းမပြန်နိုင်တော့။

ဟယ်ရီက တိုက်နယ်ဆေးရုံလေးတစ်ရုံရှေ့မှာ ကားကိုရပ်လိုက်တယ်။ ဆေးရုံအပြင်ကနေတောင် ဆေးရုံဝင်းထဲမှာ ဗလာကောင်တွေအများကြီးလှုပ်ရှားနေပြီးပုံမှန်ထက်ထူးခြားတဲ့ ဗလာကောင်တွေအများကြီးကိုပါ သူမြင်နေရတယ်။

ဟယ်ရီက သက်ပြင်းချလိုက်ပြီး လည်ဆွဲမှ သစ်ပင်ပုံလေးကို ကိုင်လိုက်ကာ သူ့အကြောင်းသူပြန်တွေးမိတယ်။ “ငါ့စွမ်းအားအပြည့်ကို သုံးရင်သေလိမ့်မယ်တဲ့လား။”

အဲဒီတိုက်ပွဲမှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပြီး သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်ကြာပန်းတွေပျက်စီးသွားကတည်းက မှော်ဆရာတစ်ယောက်အနေနဲ့ ဟယ်ရီဘဝသေဆုံးသွားခဲ့တယ်။ ဒါပေမဲ့ အခုတော့ သူလူတစ်ယောက်ကို ကာကွယ်ပေးချင်နေခဲ့တယ်မဟုတ်လား။ နောက်တော့ သူဂါထာတစ်ပုဒ်ကို စပြီးရွတ်တယ်။

“ကာနေးရှားသခင်၏သားတော် ဟယ်ရီ ဂျေကိုး မှ သခင့်ကိုဆက်သွယ်ပါတယ်။ သခင့်ရဲ့သဘာဝစွမ်းအားများကို ကျွန်ုပ်အား ငှားရမ်းတော်မှုပါ။ အရှင့်ရဲ့အဆုံးမရှိသောစွမ်းအားများဖြင့် အရှင့်ရန်သူများကို အနိုင်ယူပါရစေ။”

မြို့ထဲက သစ်ပင်တွေအားလုံး အသက်ဝင်လာသလိုမျိုး လှုပ်ယမ်းလာတယ်။ ဟယ်ရီက ဒူးထောက်ချလိုက်ပြီး သူ့လက်ဝါးကို ဓားမြှောင်နဲ့လှီးချတယ်။ သူ့လက်က သွေးတွေက မြေပေါ်ကိုတစ်စက်ချင်းစီးကျလာလို့နေတယ်။

သစ်မြစ်သစ်နွယ်တွေက သူ့သွေးစက်ကျရာမှာ စုစည်းလာပြီး ယဇ်ပလ္လင်တစ်ခုအဖြစ် ပြောင်းလဲသွားတယ်။ “အရှင့်အား ကျွနုပ်၏သက်တမ်းတစ်ဝက်နှင့် အသက်သွေးတို့ဖြင့် ပူဇော်ပါသည်။ တိုက်ပွဲကို အောင်ရစေသား။”

ဟယ်ရီ့ဆံပင်တွေက ချက်ချင်းဖြူဖွေးသွားပြီး သွေးတစ်လုပ်ကို သူအန်ထုတ်လိုက်မိတယ်။ ယဇ်ပူဇော်လို့ ပေးလိုက်ရတဲ့သက်တမ်းအပြင် သူ့နဂိုဒဏ်ရာအဟောင်းတွေလည်း ပြန်ထကြွလာနေပြီ။ သူ့မှာ အချိန်ခဏလေးပဲရတော့တာ။

“ငါ့ဆီကို လာကြစမ်း….” ဟယ်ရီအော်ဟစ်လိုက်တယ်။

သစ်မြစ်တွေ မြေပြင်ကနေထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားတယ်။ မိနစ်အနည်းငယ်ကြာတော့ နှစ်မီတာလောက်မြင့်တဲ့ ဧရာမသစ်ဘီဘူးကြီးက တိုက်ပွဲဝင်ဖို့အသင့်ပုံစံနဲ့ ဆေးရုံရှေ့မှာပေါ်လာတယ်။ ဟယ်ရီကတော့ သစ်ဘီဘူးကြီးရဲ့ရင်ဘတ်နေရာမှာ ရှိနေတယ်။

“ဟား….။”

သစ်ဘီဘူးကြီးက ဆေးရုံထံပြေးသွားတယ်။ ဗလာကောင်တွေလဘ်း သားကောင်ကိုအနံရသွားပြီး ဆေးရုံအတွင်းက ပြေးထွက်လာကြပြီ။ သစ်ဘီလူးကြီးနဲ့ ဗလာကောင်တွေ ရင်ဆိုင်မိကြတယ်။

သစ်ဘီလူးက ရိုက်တယ်။ ဗလာကောင်တွေက ပြန်ကိုက်တယ်။ နောက်ဆုံးတော့ ရာထောင်ချီတဲ့ ဗလာကောင်​တွေက သစ်ဘီဘူးကြီးကို ဖုံးအုပ်သွားတယ်။

သစ်ဘီလူးကြီးက ဗလာကောင်တွေထဲကနေ ပြန်တိုးထွက်လာပြီး ရှေ့ဆက်ဖို့လုပ်တယ်။ ဟယ်ရီ့ရင်ဘတ်မှာ သွေးတွေစိုရွဲနေတယ်။ သူ့တစ်ကိုယ်လုံး ဒဏ်ရာတွေချည်းပဲ။ ဗလာကောင်တွေက သစ်မြစ်တွေကိုပါ ကိုက်စားနေကြပြီ၊ သူမြန်မြန်မလုပ်ရင် သူ့မှော်ပညာ ပျက်သွားလိမ့်မယ်။

အဲဒီအချိန်မှာပဲ ဆေးရုံထဲကနေ သစ်ဘီလူးကြီးနဲ့အရွယ်တူ ဗလာကောင်တစ်ကောင် ထွက်ပေါ်လာပြီး ပါးစပ်ကိုဟလိုက်တယ်။ အဖြူရောင်အလင်းတန်းကြီး သူ့ဆီလာနေတာကို ဟယ်ရီသိတယ်။ ဒါပေမဲ့ ရှောင်ရှားဖို့ နောက်ကျသွားပြီ။

အလင်းရောင်ပေမဲ့ နွေးထွေးမှုကို လုံးဝမခံစားရဘဲ အထီးကျန်ဆန်ပြီး မျှော်လင့်ချက်မဲ့မှုကို ခံစားရစေတဲ့ အလင်းရောင်မျိုး။

အဲဒီအလင်းတန်းက သစ်ဘီလူးကြီးရဲ့ရင်ဘတ်တည့်တည့်မှာရှိနေတဲ့ ဟယ်ရီကိုထိမှန်သွားပြီး သစ်ဘီလူးကြီး နောက်ပြန်လဲကျသွားတယ်။

နောက်တော့ ပြန်ထမလာတော့။ ရာထောင်ချီတဲ့ ဗလာကောင်အုပ်ကြီးအောက်မှာပဲ လူသားတစ်ယောက်ဟာ အစပျောက်သွားခဲ့ပါပြီ။

တောင်ပေါ်မှာတော့ မိုးစက်မိုးပေါက်တွေက အဆက်မပြတ် ကျဆင်းနေဆဲ။ မျောက်ကလေးကတော့ မိုးရေထဲမှာထွက်ထိုင်ရင်း လူတစ်ယောက်ကိုစောင့်နေဆဲ။ တစ်ခါတလေ အအေးဓာတ်ကြောင့် သူနှာချေမိပေမဲ့ သူစောင့်မျှော်နေဆဲပါ။

သူ့စိတ်ထဲမှာ တစ်ယောက်ယောက်ပြန်လာနိုင်ဦးမယ်လို့ မျှော်လင့်နေဆဲမဟုတ်ပါလား။

Comment

  1. Poဆော့ဝဲချပေးပါ ဆရာ Po says:

    Good

Leave a Reply

Options

not work with dark mode
Reset