Switch Mode

ကျန်ရစ်သူ ပထမပိုင်း

ကျန်ရစ်သူ
အခန်း (၁) အစပိုင်း

လူသူကင်းမဲ့နေတဲ့ လမ်းမတွေထက်မှာ ကြော်ငြာလက်ကမ်းစာဆောင်တချို့ လေနဲ့အတူလွင့်ပါလို့ပေါ့။ စိုထိုင်းစများပြီး အုံ့မှိုင်းနေတဲ့လေထုကြောင့် သက်မသာခံစားရ ချောင်ချားစိတ်ဝင်လာစေတယ်။

ကျွီ….

ဘရိတ်အုပ်သံနှင့်အတူ ဘက်စုံသုံးဂျင်းကားတစ်စင်း ဖားမော့ကဇာတ်ရုံရှေ့တွင် ရပ်လိုက်တယ်။ ကားပေါ်ကနေ အမျိုးသမီးတစ်ယောက်နဲ့ယောကျ်ားကြီးတစ်ယောက် ခြေသုံလုံလုံနဲ့ဆင်းလာတယ်။

အမျိုးသားဆံပင်က ခပ်နက်နက်၊ အသက်ကတော့ သုံးဆယ်ကျော်လောက်ပြီ။ အနက်ရောင် သားရေဂျာကင်ဝတ်ထားပြီး ကျောမှာအမဲပစ်ရိုင်ဖယ်တစ်လက် ပိုးထားတယ်။

အမျိုးသမီးကတော့ အသားဖြူဖြူ၊ ပုံမှန်မြင်တွေ့လေ့မရှိတဲ့ ဆံပင်အနီရောင်နဲ့။ ခန္ဓာကိုယ်ကျစ်လစ်သွယ်လှပြီး ဂျင်းဘောင်းဘီရှည်နဲ့ဂျာကင်ကိုဝတ်ထားတယ်။ သူ့ခါးမှာတော့ ကာတာနာတစ်လက်ကို ချိတ်ထားတယ်။

“ဟယ်ရီ၊ ကဇာတ်ရုံထဲမှာ မုန့်ဆိုင်တစ်ဆိုင်ရှိတယ်။ အဲဒီကရိက္ခာတွေရရင် ငါတို့နှစ်ပတ်လောက် တောင့်ခံနိုင်လိမ့်မယ်။” အမျိုးသမီးက ယောက်ျားကြီးကို တီးတိုးပြောလိုက်တယ်။ သူတို့စကားသံကို တစ်ယောက်ယောက်ကြားသွားမှာ စိုးရိမ်နေတဲ့အတိုင်းပဲ။

“ကလယ်ရာ၊ ငါတို့သတိထားရမယ်။ ကဇာတ်ရုံတွေက လူထူထပ်တဲ့ အဆောက်အဦးမျိုးမလို့ ဗလာကောင်ကျက်စားတဲ့နေရာမျိုး ဖြစ်နေလောက်ပြီ။” ဟယ်ရီကလည်း တီးတိုးလေသံနဲ့ပြန်ဖြေတယ်။

“အင်း…” ကလယ်ရာက အဲဒီစကားကို လက်ခံတဲ့အနေနဲ့ ခါးကဓားကို ဆွဲထုတ်တယ်။ ဟယ်ရီကလည်း သူ့သေနတ်ကျည်အိမ်ကိုဖွင့်ပြီး အသင့်ဖြစ်အောင် ကျည်တွေတစ်ထောင့်ချင်းဖြည့်ရတာပေါ့။

အချိန်က ၂၀၃၅ခုနစ်၊ မတ်လ။
ကမ္ဘာကြီးတစ်ခုလုံးရဲ့အဆုံးသတ်လို့ ကာနေရှားကမ္ဘာကလူတွေ လက်ခံထားတဲ့ကာလတစ်ခု။ သာမန်အတိုင်း ကမ္ဘာကြီးလည်ပတ်နေတဲ့တစ်နေ့မှာ မိုးသားကောင်းကင်ကြီးတစ်ခုလုံးကို တစ်စုံတစ်ယောက်က ဆွဲဖြဲပစ်လိုက်သလိုမျိုး အက်ကြောင်းတွေပေါ်လာပြီး ဗလာကောင်လို့ခေါ်တဲ့ ကြောက်စရာသတ္တဝါတွေ လူ့လောကကြီးထဲ ကျူးကျော်လာခဲ့တယ်။

သူတို့ရှိနေ​တဲ့နေရာကနေ ဗဟိုဧကရာဇ်မြို့တော်ရဲ့တစ်နေရာမှာ။ သိပ္ပံပညာနဲ့မှော်ပညာမှာ ခေတ်ရှေ့ရောက်နေတဲ့ တိုင်းပြည်တစ်ခုအနေနဲ့ ဗဟိုဧကရာဇ်နိုင်ငံက ရန်သူတွေကို ဦးဆောင်ခုခံခဲ့ပါရဲ့။ ဒါပေမဲ့ ကမ္ဘာကြီးပျက်စီးသွားတော့မယ့် ကံကြမ္မာကိုတော့ သူတို့လည်းလွန်ဆန်နိုင်ခဲ့ပုံမရဘူး။

ခံစစ်ကာလ ၅လကျော်လာတော့ လူတွေလည်းစိတ်ဓာတ်ကျလာကြပြီ။ မြို့တော်လည်းကျဆုံးသွားပြီး သန်းနဲ့ချီတဲ့လူတွေအကုန်လုံး ဗလာကောင်တွေ ဝါးမျိုတာခံလိုက်ရတယ်။ သူတို့နှစ်ယောက်လို ခေတ်ပျက်မှာ ကံကောင်းပြီးရှင်ကျန်ခဲ့သူတချို့ပဲ ဆက်ရုန်းကန်နေရတာ။

ဟယ်ရီက ကဇာတ်ရုံခန်းမကြီးကို ဖြတ်သွားတယ်။ အထဲမှာတော့ လူရိပ်လူယောင်လုံးဝမတွေ့ရ။ ကြမ်းပြင်တွေမှာတော့ မည်းမည်းအကွက်အကွက်တွေရှိနေပြီး သွေးစွန်းရာတွေ။ ဗလာကောင်တွေကို လူတွေကို အရိုးရောအသားပါမချန် ဝါးမျိုပစ်တတ်တာမလို့ ဘာဆိုဘာမှမကြွင်းကျန်ပေမဲ့ သွေးကွက်ရာတွေကတော့ ဒီနေရာမှာလူသေဖူးတဲ့ သက်သေပဲ။

“ဂဲဟဲဟဲ….” ဗလာကောင်တစ်ကောင် ခန်းမမျက်နှာကျက်ပေါ်မှာ တွားသွားနေရင်း ဟယ်ရီကိုငုံကြည့်​လိုက်တယ်။ သူ့ကိုတွေ့သွားပြီ။

ငုံကြည့်တယ်လို့ပြောပေမဲ့ ဒီကောင်တွေမျက်နှာမှာ ပါးစပ်ကလွဲလို့ ဘာမှမပါဘူး။ တစ်ကိုယ်လုံးကို လူသေအလောင်းလိုမျိုး ဖြူရော်ရော်အ​ရေပြားက ဖုံးအုပ်ထားပြီး လူတစ်ယောက်နဲ့ရွယ်တူပဲ။ ဗလာကောင်က ဟယ်ရီ့ရှေ့ကို ခုန်ဆင်းလိုက်တယ်။

“သေစမ်း။”

ဟယ်ရီက သေနတ်နှင့်ချိန်ပစ်လိုက်တယ်။

ဒိန်း၊ ဝေါဝရော။

သေနတ်ကျည်က ဗလာကောင်ကိုမှန်တာနဲ့ ပေါက်ကွဲသွားပြီး ​​လေဟာနယ်အပေါက်တစ်ခုပွင့်လာတယ်။ ဗလာကောင်ကတော့ အဲဒီအပေါက်ထဲစုပ်ယူခံလိုက်ရပြီ။

လေဟာနယ်ကျည်၊ ဗလာကောင်တွေကို ဖြေရှင်းဖို့ ဗဟိုဧကရာဇ်နိုင်ငဲက တီထွင်ခဲ့တဲ့ လက်နက်တစ်ခု။ ဗလာကောင်တွေက အသက်အရမ်းပြင်းပြီး တစ်စစီဖြစ်သွားရင်တောင် အကောင်ပြန်ဖြစ်လာနိုင်တယ်။ အကောင်းဆုံးက လေဟာနယ်ကိုဖြတ်ပြီး တခြားဒိုင်မေးရှင်းထဲ ပို့ပစ်တာပဲ။

ဒါပေမဲ့ ဟယ်ရီမနားရသေးဘူး။ သေနတ်သံကိုကြားပြီး ဗလာကောင်လေးကောင် ထပ်ရောက်လာတယ်။ သူက ရိုင်ဖယ်ကိုမောင်းပြန်ချိန်ရင်း တစ်ကောင်တစ်ချက်နှုန်းနဲ့ ရှင်းပစ်တယ်။

နောက်တော့ ခန်းမဘေးက တံခါးတစ်ခုကို ဆွဲဖွင့်တယ်။ ဒါပေမဲ့ အစွယ်အဖွေးသားနဲ့ လူဝကြီးပုံပေါ်နေတဲ့ သာမန်ထက်ပိုသန်တဲ့ ဗလာကောင်က တံခါးဟိုဖက်မှာ သူ့ကိုစောင့်နေပြီး ပါးစပ်ကိုဟပြီး လူကြီးကို ဝါးမျိုဖို့ ကြိုးစားတယ်။

ဒိန်း…ဒိန်း…ဒိန်း…ဒိန်း။

သေနတ်ကို လေးချက်ဆင့်ပစ်လိုက်မှ အကောင်ကြီး ကို အပျောက်ရှင်းလိုက်နိုင်တယ်။ ဒါတောင်သူ့ လက်မောင်းအသားတချို့ ပဲ့ပါသွားပြီး သွေးတွေရေလိုစီးကျလာတယ်။

“အား…ဟား….။”

ဟယ်ရီက သွေးတွေစီးကျနေတဲ့လက်မောင်းကို တခြားလက်နဲ့ဖိထားတယ်။ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ကြက်ခြေနီတံဆိပ်ကပ်ထားတဲ့ အခန်းကိုတွေ့လိုက်ရပြီး သူပြုံးမိလိုက်တယ်။
သေနတ်တစ်ဖက်ကိုကိုင် တံခါးကိုကိုယ်နဲ့တိုက်ဖွင့်တော့ အပေါစားအခန်းတံခါးသော့ခလောက်က ကျိုးပြီး တံခါးပွင့်သွားတယ်။ အောက်သိုးသိုးအနံက ထောင်းခနဲထလာလို့ အန်မိတော့မလိုပဲ။ အခန်းထဲကို ကြည့်လိုက်တော့ သူနာပြုဝတ်စုံနဲ့မိန်းကလေးတစ်ယောက်ရဲ့ပုပ်စပြုနေပြီဖြစ်တဲ့ အလောင်းကို သူတွေ့လိုက်ရတယ်။

ခုံပေါ်မှာထိုင်လျက်သားသေနေတဲ့ သူနာပြုလည်ပင်းမှာ ဓားခြစ်ရာတစ်ခုရှိနေပြီး ခဲနေတဲ့သွေးစီးကြောင်းတစ်ခုရှိတယ်။ လက်ထဲမှာတော့ ခွဲစိတ်ခန်းသုံး စကေဘာဓားကိုကိုင်ထားတယ်။

“ဗလာကောင်တွေကြောင့် အသေခံမယ့်အစား သူ့ကိုယ်သူ သတ်သေသွားတာပဲ။” ဟယ်ရီက ပြောလိုက်ပြီး သက်ပြင်းချတယ်။

“ဗလာကောင်တွေက လူသေတွေကိုမှ မစားတာ။” တစ်နည်းပြောရရင် သူနာပြုမိန်းကလေးက သူ့နည်းသူ့ဟန်နဲ့ ပိုကောင်းမယ်ထင်တဲ့ ရွေးချယ်သွားတာပါပဲ။

“ကာနေရှားသခင် ခွင့်လွှတ်ပါစေ။” ဟယ်ရီက လည်ပင်းမှာစွဲထားတဲ့ သစ်ပင်ပုံလော့ကတ်သီးကို ကိုင်ပြီး သူနာပြုမိန်းကလေးအစား ဆုတောင်းပေးတယ်။ ကာနေးရှားဘာသာက ဒီကမ္ဘာမှာအဓိကကိုးကွယ်တဲ့ဘာသာတရားဖြစ်ပြီး သူလည်း အဲဒီဘာသာဝင်တစ်ယောက်ပါ။

“ကူး…. ကူး… ကူး….” အကောင်တစ်ကောင်ရဲ့အော်သံကြောင့် ဟယ်ရီက သေနတ်နဲ့တစ်ဖက်ကိုချိန်ပြီး လှည့်ကြည့်ပေမဲ့ လှောင်ချိိုင့်ထဲထည့်ခံထားရတဲ့ မျောက်သေးသေးလေးတစ်ကောင်ဖြစ်နေတယ်။

“မျောက်လား… မင်းအခုထိမသေသေးတာလား။” မျောက်ကလေးက လက်ဝါးထဲတင်ထားလို့ရအောင်ကို သေးတယ်။ ရှဥ့်မျောက်မျိုးလို့ခေါ်ပြီး ဆယ်လက်မလောက်ပဲရှိတာ။

ဟယ်ရီက သူနာပြုအလောင်းကို ခုံပေါ်ကဖယ်ပြီး သူဝင်ထိုင်ပြီး စားပွဲပေါ်က ရှေးဦးသူနာပြုဆေးသေတ္တာကိုဖွင့် လက်ကဒဏ်ရာကို ပိုးသတ်ပတ်တီးစီးလိုက်တယ်။

မျောက်ကတော့ သူ့ကိုအရေးမလုပ်လို့ လှောင်အိမ်တံခါးကို တဒုန်းဒုန်းထုနေပြီ။ ဟယ်ရီထကြည့်တော့ လှောင်အိမ်နဲ့တွဲထားတဲ့ အချိန်အဆနဲ့ကျတဲ့ အစာသေတ္တာလေးက ကုန်တော့မယ်။

“မင်းအသက်ရှင်နေရတဲ့အကြောင်းက ဒီအစာတွေကြောင့်လား။ ဘယ်သူလုပ်ပေးထားတာလဲ။”

မျောက်က အခုကြမ်းပြင်ပေါ်မှာရှိနေတဲ့ သူနာပြုအလောင်းကို လက်ညိုးထိုးပြတယ်။ ဟယ်ရီလည်း မျက်ခုံးပင့်လိုက်တာပေါ့။ “မင်းက လူစကားနားလည်တယ်ပေါ့။”

“မင်းရဲ့သခင်ရော…” ဟယ်ရီမေးတော့ မျောက်ကလေး မျက်နှာညိုးကျသွားတယ်။ မျောက်ကိုကြည့်ပြီး ဟယ်ရီသနားလာသလိုလို။

“စိတ်မကောင်းပါဘူး၊ မင်းနာမည်ကရော။” ဟယ်ရီမေးတော့ မျောက်က နံရံမှာကပ်ထားတဲ့ ပိုစတာတစ်ခုကို ညွန်ပြလိုက်တယ်။ ဟယ်ရီကြည့်လိုက်တော့ မျောက်ကလေးပုံနဲ့ ​ပြပွဲကြော်ငြာပါ။ ပိုစတာထဲမှာ သခင်ဖြစ်ပုံရတဲ့ ရွှေရောင်ဆံပင်နဲ့ကောင်မလေးက မျောက်ကလေးကိုချီမြှောက်ထားတယ်။

[ဉာဏ်ရည်မြင့်မျောက်လေး မက်။ ပွဲစမည့်အချိန် ည ၇နာရီ။ မေ ၅ရက်၊ ၂၀၃၅။’] ခေတ်စနစ်တွေတိုးတက်လာတာကြောင့် ကပွဲရုံဓလေ့က ပျောက်ကွယ်လုနီးပါးဖြစ်ပေမဲ့ မတ်စ်ကတော့ ဟယ်ရီထင်တာထက် ပိုကျော်ကြားတဲ့ ဆယ်လီမျောက်တစ်ကောင်ဖြစ်ပုံပဲ။

“ဝိုး၊ မင်းက အတော်နာမည်ကြီးမယ့်ပုံပဲ။” မျောက်က ဟယ်ရီ့စကားကြောင့် လူအတိုင်းပဲ ပခုံးတွန့်ပြတယ်။ နာမည်ကြီးတော့ရော အခုဘာလုပ်လို့ရလဲဆိုတဲ့ အဓိပ္ပါယ်မျိုး။

“ကောင်းပြီ၊ မင်းငါနဲ့လိုက်မလား မက်။” ကုန်ခါနီးအစာပုံးအကြောင်းတွေးရင် ဟယ်ရီမေးလိုက်တယ်။
မျောက်ကလည်း ခေါင်းညိတ်ပြတယ်။ သူလှောင်ချိုင့်ထဲမှာရှိနေတာ အချိန်အတော်ကြာပြီ။

“ကောင်းတယ်…” ဟယ်ရီက မျောက်ကလေးရဲ့စတီးလှောင်ချိုင့်တန်းတွေကို သူ့လက်အားသက်သက်နဲ့ ဆွဲဖြဲပစ်လိုက်တယ်။ သွေးသားအဆင့်စွမ်းအားရှိသူမလို့ ဒီလောက်က သူ့အတွက်သိပ်အခက်အခဲမရှိလှဘူး။ မျောက်လည်း အပြင်ရောက်လာပြီး ဟယ်ရီ့ပခုံးပေါ်တက်တယ်။

“ဟုတ်ပြီ၊ ငါ့နာမည်က ဟယ်ရီ ဂျေကိုး။ ငါက မင်းသခင်အသစ်ပဲ၊ မှတ်ထားနော် မက်။” မျောက်က အလိုက်သိစွာနဲ့ ဟယ်ရီကိုခေါင်းညိတ်ပြတယ်။

“သွားကြစို့။” ဟယ်ရီက သေနတ်ကို ကျည်ပြန်ဖြည့်ပြီး အခန်းထဲက ထွက်တယ်။ မျောက်ကလေးညွန်ပြတဲ့အတိုင်း မုန့်ဆိုင်ရှိရာဆီ လမ်းလျှောက်သွားတယ်။လူအရိပ်အယောင် လုံးဝမတွေ့ရ၊ ခြောက်နေပြီဖြစ်တဲ့ သွေးကွက်တွေနဲ့ ဖရိုဖရဲကျန်နေခဲ့တဲ့ ဖိနပ်တွေ ဦးထုပ်တွေကိုပဲ တွေ့ရတယ်။

“ဒီမှာ အစားခံရတဲ့သူတင် ထောင်နဲ့ချီလောက်တယ် ကာနေးရှားသခင်ရေ။ ခင်ဗျား အိပ်ပျော်နေတာလား၊ဒီမှာလူတွေသေလို့ ကုန်တောင်ကုန်တော့မယ်။”

ဟယ်ရီ သူကိုးကွယ်တဲ့ဘုရားကိုသူ ပြန်မေးခွန်းထုတ်မိပြန်တယ်။ “ခင်ဗျားက ဘာသာမဲ့တွေပြောသလို တကယ်မရှိတာလား၊ ဒါမှမဟုတ် လူတွေလိုပဲ ဗလာကောင်စားတာပဲခံရသလား။” ဟယ်ရီက ဒဏ်ရာကြောင့် ဆေးပင်စင်ယူလိုက်ရတဲ့ စစ်တပ်တပ်ကြပ်ဟောင်းတစ်ယောက်။ ဘုရားတရားသိပ်လုပ်ပြီး နည်းနည်းကြောင်တယ်ထင်ရပေမဲ့ ခုတော့သူ့ဘုရားသူ သံသယတွေဝင်လို့ပေါ့။

ကဇာတ်ရုံထဲက အသေးစားဟူပါမားကတ်လေးရဲ့တံခါးကို ဆွဲဖွင့်လိုက်တော့ သူ့ထက်စောရောက်နေတဲ့ ကလယ်ရာကို တွေ့လိုက်ရတယ်။ ကလယ်ရာက လက်တွန်းလှည်းတစ်ခုကိုယူထားပြီး ကြာရှည်ခံမယ့်စားစရာတွေကို သေချာရွေးထည့်နေတယ်။

“ဟေး ဟယ်ရီ၊ ရှင်နောက်ကျနေပါလား။ ကျွန်မက ရှင်သေပြီလို့တောင်ထင်နေတာ။”

“ငါက လွယ်လွယ်မသေပါဘူး၊ ကလယ်ရာရယ်။”

ဟယ်ရီက သေနတ်ကို ပုတ်ပြတယ်။ ကလယ်ရာက အားကျမခံ သွေးရည်ကြည်စွန်းနေတဲ့ အထူးကာတာနာဓားကို ဓားအိမ်ထဲက ထုတ်ပြတယ်။
“သန္ဓေပြောင်းနှစ်ကောင်တွေ့တယ်၊ အလစ်မှာ ခုတ်သတ်ခဲ့တယ်။”

“နင်က တကယ့်လုပ်ကြံသူပဲကို။”

“ရှင်ကရော တပ်ကြပ်ဟောင်းမဟုတ်ဘူးလား။”

ကလယ်ရာက ဗဟိုဧကရာဇ်နိုင်ငံ မြေအောက်လောကရဲ့ကြေးစားလူသတ်သမားတစ်ယောက်လေ။ အရင်က တွေ့တောင်မတွေ့ဖူးပေမဲ့ မြို့တော်ကျပြီးတဲ့နောက် တစ်နေရာမှာတွေ့လာပြီး အတူခရီးသွားဖို့ ဆုံးဖြတ်လိုက်ကြတာ။

“ဘာပဲဖြစ်ဖြစ် ဒီမှာကြာကြာနေလို့မကောင်းဘူး။ ငါတို့အသံကိုကြားပြီး အယ်ဖာတွေ​ရောက်လာရင် သေကုန်လိမ့်မယ်။”
….
စားစရာများကို ကားပေါ်တင်ပြီးနောက် ဟယ်ရီက ကားဒရိုက်ဘာနေရာယူလိုက်တယ်။ မျောက်ကလေးကို နောက်ခန်းထဲပို့ရင်းနဲ့ပေါ့။

“ကောင်းကောင်းနေ မတ်၊ ခါးပတ်ပတ်ထား။”

မတ်က သူ့ကို အရာရှိတစ်ယောက်လိုအလေးပြုလိုက်ပြီး ခါးပတ်ပတ်လိုက်တယ်။ တကယ့်စစ်သားလေးတစ်ယောက်အတိုင်းပဲ။

“နင်က လက်အောက်ငယ်သားတောင်ရနေပြီပဲ ဆားပုလင်းကြီး။”

“ငါတကယ်ရချင်တာက မိန်းမဟ။”

“ဟားဟားဟား။”

ဂျစ်ကားလေးက ဗဟိုဧကရာဇ်မြို့တော်ရဲ့လူသူကင်းမဲ့တဲ့ လမ်းတွေကနေတစ်ဆင့် မြို့ပြင်ကို တဖြည်းဖြည်း​မောင်းနှင်နေတယ်။ စက်သံငြိမ်အောင်လုပ်ထားတဲ့ကားမလို့ မြို့ထဲက ဗလာကောင်တွေ သူတို့ကို သတိမထားမိကြ။ ဒါပေမဲ့ မြို့ပြင်ရောက်လာတော့ ဟယ်ရီစိတ်ထဲထင့်လာတယ်။

“ငါတို့နောက် အယ်ဖာတစ်ကောင် လိုက်လာနေပြီထင်တယ်။”

သူက ကားနောက်မှန်ကိုကြည့်ရင်း ပြောလိုက်တယ်။ အဖြူရောင်အကျားအကျားများနဲ့ လူသဏ္ဍာန်တစ်ခုက သူတို့ကားနောက်မှ ပြေးလိုက်လာနေတယ်ါ
လူနှစ်ယောက် ကျောချင်းကပ်ထားသကဲ့သို့ သဏ္ဍာန်ရှိပြီး အောက်ခေါင်းက ပြေးလွှားရန် တာဝန်ယူပြီး
အပေါ်ခေါင်းက ပါးစပ်ကိုဟပြီး သူတို့ဂျစ်ကားကို ဝါးမျိုဖို့ကြိုးစားနေတယ်။

“ငါတာဝန်ယူလိုက်မယ်။” ကယ်လယ်ရာက ဟယ်ရီ့ပခုံးကိုပုတ်လိုက်ပြီး ဂျစ်ကားခေါင်မိုးပေါက်ကို ဖွင့်တယ်။ တစ်ချိန်တည်းမှာပဲ ဘေးလွယ်အိတ်ကိုဇစ်ဖွင့်ပြီး အထဲက လက်ဖြောင့်စနိုက်ပါကို ထုတ်ယူတယ်။

ဟယ်ရီက ကားကိုဖြစ်နိုင်သမျှ ငြိမ်ငြိမ်မောင်းပေးပြီး ကလယ်ရာက အယ်ဖာကောင်ကို တစ်ချက်ချင်းစီ ချိန်ပစ်တယ်။

ဗလာကောင်တွေက သက်မဲ့အရာဝတ္ထုတွေကို ဝါးမျိုရတာမကြိုက်ပေမဲ့ သူတို့စိတ်ရှိတာမှန်သမျှ ဝါးမျိုနိုင်တယ်။ ဒါကြောင့် ပေါ့ဆလို့မရဘူး။

ဒိန်း…၊ ဖြောင်း။

လေဟာနယ်ကျည်ဆန်က စနိုက်ပါပြောင်းက ထွက်ပြီး ဗလာကောင်ပါးစပ်ထဲ ဝင်သွားကာ ထပေါက်တယ်။ ဒါပေမဲ့ အယ်ဖာဗလာကောင်က နည်းနည်းပိုကြီးတဲ့အတွက် တစ်ကောင်လုံးပါမသွားဘဲ ဗိုက်တစ်ခြမ်းနဲ့အောက်ခြေတစ်ဖက်ပါသွားရုံပဲရှိတာ။

“သေစမ်း။” ကလယ်ရာကျိန်ဆဲလိုက်တယ်။ အယ်ဖာက သူ့ကောင်းနေသေးတဲ့ခန္ဓာကိုယ်ကို ပျက်စီးသွားတဲ့အောက်ပိုင်းနဲ့ ပြောင်းပြန်လှန်သုံးတယ်။ တစ်ချိန်တည်းမှာပဲ အဖြူရောင်အလင်းတန်းတစ်ခုနဲ့ ကားပေါ်က ကလယ်ရာကိုလှမ်းပစ်တယ်။

ကယ်လယ်ရာက ခေါင်းကိုနည်းနည်းစောင်းရှောင်တဲ့အတွက် တိုက်ရိုက်ထိမသွားဘဲ ခြစ်မိရုံပဲရှိတယ်။ သွေးနည်းနည်းစို့သွားပြီး ဒဏ်ရာပတ်ဝန်းကျင်က အသားအရေက ခြောက်သွေ့သွားတယ်။

ဒိန်း…

ဒေါသထွက်နေတဲ့ ကလယ်ရာက မောင်းပြန်တင်ပြီး နောက်တစ်ချက်ပစ်တယ်။ နောက်တစ်ခါထိသွားပေမဲ့ တစ်ချက်တည်းမသေမှာစိုးလို့ ကျည်ကပ်ကုန်တဲ့အထိ အကြိမ်ကြိမ်မောင်းတင်ပြီးပစ်တယ်။

ကျည်ကုန်သွားပေမဲ့ အယ်ဖာကောင်က မသေသေးဘူး။ လက်တစ်ဖက် ခြေတစ်ဖက်ပဲကျန်တော့လို့ သူတို့နောက် ဆက်မလိုက်လာနိုင်တာပဲရှိတာ။ ဒီအကောင်ပြန်ကောင်းဖို့ အချိန်ယူရလောက်သေးတယ်။ ဒါပေမဲ့ အဲဒီလောက်ဆိုရင် သူတို့အဝေးကြီးရောက်နေလောက်ပြီ။
….

တောင်တက်ကားလမ်းလေးဘေးမှာ ကျောက်​ဆောင်ကြီးတစ်ခုရှိနေတယ်။ ဟယ်ရီက စစ်သုံးကားလေးကိုရပ်ပြီး ကျောက်တုံးအကွယ်မှာ မီးဖိုလိုက်တယ်။

ညဦးပိုင်းရောက်လာတော့ ရာသီဥတုက ချမ်းစိမ့်စိမ့်။ ဟယ်ရီ၊ ကလယ်ရာနဲ့မျောက်လေးမက်စ်တို့က တစ်နေရာကုန် ကားစီးလာရလို့ စခန်းချနားဖို့ဆုံးဖြတ်လိုက်တာ။

“ဒီတော့ ရှင်ဘာလုပ်ဖို့ စဥ်းစားထားလဲ။”

“တခြားအသက်ရှင်နေသေးတဲ့သူတွေကို လိုက်ရှာမယ်။ သူတို့နဲ့အတူ ဗလာကောင်တွေကို ပြန်တိုက်ထုတ်မယ်။”

“ရှင်လူတွေအကြောင်းကို မသိသေးပါဘူး။ လူတွေက ဗလာကောင်တွေထက် ပိုကြောက်ဖို့ကောင်းတယ်ရှင့်။” ကလယ်ရာက ပြောလိုက်ရင်း သက်ပြင်းချတယ်။

“ပြီးတော့ ကမ္ဘာပေါ်မှာ ကျွန်မတို့နှစ်ယောက်ပဲ ကျန်တော့တယ်ထင်တယ်။” ဗလာကောင်ကပ်ဘေးက သိပ်ဆိုးဝါးတာ သိသာသားပဲ။ သူတို့က နောက်ဆုံးကျန်တဲ့သူတွေ ဖြစ်နေနိုင်သေးတယ်။

ဟယ်ရီက ခနဲ့ပြုံးပြုံးလိုက်ရင်း ပြန်ဖြေတယ်။
“ဒါဆိုရင်တော့ မင်းနဲ့ငါက ကမ္ဘာပျက်ကြီးရဲ့အာဒံနဲ့ဧဝဖြစ်သွားပြီပေါ့။ ငါမင်းနဲ့လက်ထပ်မယ်၊ ကလေးတွေအများကြီးမွေးမယ်။”

“နေစမ်းပါ။” ကလယ်ရာက မီးပုံနားက ကင်လက်စဝက်အူချောင်းကိုယူပြီး ဟယ်ရီဆီကို စိတ်ဆိုးမာန်ဆိုးနဲ့ ပစ်ပေးလိူက်တယ်။ ဟယ်ရီက ကျွမ်းကျင်စွာနဲ့ ဝက်အူချောင်းပူပူကိုဖမ်းလိုက်ပြီး ပါးစပ်ထဲပစ်ထည့်ဝါးစားတယ်။ အပူဒဏ်ကို မခံရတဲ့အတိုင်းပဲ။

“ကျွန်မ လင်ယူသားမွေးလုပ်လို့မရတာ ရှင်သိရဲ့သားနဲ့။” ကလယ်ရာက တစ်ခုခုကို ကြောက်နေသည့်အလား သူ့ဒူးကိုသူဖက်ထားလိုက်တယ်။

“ငါမရည်ရွယ်ပါဘူး။”

“ကျွန်မသေမှာကြောက်တယ်။”

“ကွီး…ကွီး…ဝူးဝူး။” မျောက်ကလေးက သူ့ကိုသူ အတင်းလက်ညိုးထိုးပြလိုက်တယ်။ ဟယ်ရီက ပြောလိုက်တယ်။

“ဘာလဲ မင်းလဲကျန်သေးတယ်ပေါ့၊ ဒါဖြင့် ဖေဖေရယ်မေမေရယ် သားလေးရယ်ကျန်တာပေါ့။”

“ဟယ်ရီ ရှင်မသောက်ဘဲ မူးနေတာလား။”

“ဘာလဲ၊ သောက်ပြီးမှ မူးရမှာလား။ ပြောခါမှ ငါဝိုင်ပုလင်းနည်းနည်း ထည့်လာသေးတယ်။” ဟယ်ရီက မီးပုံဘေးကနေ ထသွားပြီး ကားနောက်ဖုံးတံခါးသွားဖွင့်တယ်။ ဝိုင်ယူဖို့ဆိုပေမဲ့ ကလယ်ရာရဲ့ညည်းညူသံကြောင့် သူချက်ချင်းပြန်ပြေးလာတယ်။

“ကလယ်ရာ၊ ဘာဖြစ်တာလဲ။” ကလယ်ရာက တစ်ကိုယ်လုံးအကြောဆွဲနေပြီး ​ဘေးလွယ်အိတ်ကို ညွန်ပြလိုက်တယ်။

“အထဲမှာဆေးရှိတာလား။” ဟယ်ရီက စနိုက်ပါအိတ်ကိုဖွင့်ကြည့်တော့ စနိုက်ပါတစ်လက်၊ အူဇီတစ်လက်၊ဆက်စပ်ပစ္စည်းနဲ့ ကျည်ဆန်တွေအပြင် အနက်ရောင်နည်းပညာမြင့်ဆေးသေတ္တာလေးကို တွေ့လိုက်ရပါတယ်။ ဘက်ထရီရှိနေသမျှ ဆေးတွေကို သတ်မှတ်အပူချိန်မှာ ထားနိုင်တဲ့သေတ္တာမျိုး။

ဟယ်ရီက သေတ္တာကိုဖွင့်၊ ဆေးထိုးအပ်တဲ့ ဆေးဖြည့်ပြီး ကလယ်ရာလက်မောင်းကနေ ဆေးသွင်းပေးလိုက်တယ်။ မိနစ်အနည်းငယ်ကြာတော့ ကလယ်ရာမျက်နှာမှာ သွေးရောင်ပြန်သန်းလာပြီး ဟယ်ရီကိုပြောလိုက်တယ်။

“ဒီရောဂါက ကျွန်မတစ်နှစ်သမီးကတည်းက ဖြစ်နေတဲ့ရောဂါ။ အရှင်းပျောက်အောင်ကုလို့မရလို့ ဆေးဖိုးတွေနဲ့ တစ်သက်လုံးနပန်းလုံးနေခဲ့ရတာ။”

ဟယ်ရီ၊ ကလယ်ရာ့နဖူးပေါ်က ဆံစတချို့ကို ဖယ်ရှားပေးမိတယ်။ သူ့ကိုယ်သူ ဘာလို့ဒီလိုလုပ်နေမိလဲ နားမလည်။ “ဆေးက လွယ်လွယ်ကူကူရနိုင်လား။”

“ဆရာဝန်ညွန်ကြားချက်နဲ့ဆေးလေ၊ ဗလာကောင်ကပ်ဘေးအစတုန်းက ဆေးရုံတစ်ရုံကနေ သွားခိုးလာတာ။ အခုဆိုရင်တော့ ဆေးရုံတွေက ဗလာကောင်တွေနဲ့ ပြည့်နေပြီမလို့ သွားခိုးရင် သေလိမ့်မယ်။”

“မင်းဆေးကုန်သွားရင် ဘယ်လိုလုပ်မလဲ။”

“သေရုံပေါ့။” မျောက်ကလေးက သေဆိုတဲ့စကားကြားတာနဲ့ ကလယ်ရာအပေါ် အတင်းဖက်တက်လာပြီး ပခုံးပေါ်ရောက်တော့ လက်အုပ်ချီပြီး အတင်းတောင်းပန်နေတယ်။

ဟယ်ရီက “မျောက်ကလေးက မင်းကိုမသေပါနဲ့လို့ တောင်းပန်နေတာ။ သူ့သူနာပြုက သူ့ရှေ့မှာတင်သေသွားတာလေ။”

ကလယ်ရာက မျောက်ခေါင်းကို ပွတ်ပေးလိုက်ပြီး “စိတ်လည်း အရမ်းပြီးပူမနေပါနဲ့၊ ငါ့ရောဂါက တစ်လတစ်ခါတောင် ထဖောက်တာရှားပါတယ်။”

Comment

Leave a Reply

Options

not work with dark mode
Reset