Switch Mode

ဖိုးကျော့နှင့်ခွေးနီကြီး

ဖိုးကျော့နှင့်ခွေးနီကြီး (ဝတ္ထုတို)

ကြယ်တွေစုံတဲ့ ကောင်းကင်ကြီးအောက်က ရှုမြင်ခင်းလေးတစ်ခု။

လယ်တောရွာလေး​က ကြယ်ရောင်တွေအောက်မှာ သာယာလှပနေတယ်။ အဆုံးမဲ့​တဲ့ လယ်ကွင်း​ပြင်တွေနဲ့ စိမ်းစိုတဲ့ ရှုမြင်ခင်းတွေက လရောင်အောက်မှာ လှပစွာတည်ရှိနေတယ်။

လယ်တောရွာလေးက မကြီးလှပါဘူး။ ဒါပေမဲ့ နေရာတိုင်းက အနုပညာဆန်ပြီး လှပလို့နေပါတယ်။ တကယ်လို့ ပန်းချီဆရာတစ်ယောက်သာ ဒီရွာငယ်လေးကို ရောက်လာခဲ့ရင် ညကောင်းကင်ကြီးနဲ့စပါးရိတ်သိမ်းပြီးခါစ လယ်ကွင်းပြင်ကိုကြည့်ပြီး ဗင်ဂိုးရဲ့ကြယ်တွေစုံတဲ့လကို တမ်းတမိကြမှာပါ။

လယ်ကွင်းပြင်ထဲက ကောက်ရိုးပုံလေးထဲမှာတော့ အသက် ခြောက်နှစ်အရွယ်ကောင်လေးတစ်ယောက်က ကောင်းကင်ကြီးကို မော့ကြည့်နေတယ်။ သူနဲ့အတူ ခွေးနီကြီးတစ်ကောင်လည်းပါတယ်။ လရောင်အောက်မှာ ကောင်လေးနဲ့ခွေး သက်ရှိနှစ်ဦးသာရှိတယ်။

ကောင်လေးကတော့ ငိုထားဟန်နဲ့ မျက်ခွံတွေဖောင်းအစ်နေပြီး နှာကိုတရှုံ့ရှုံ့လုပ်နေတယ်။ ခွေးကြီးကတော့ စိတ်မကောင်းဖြစ်နေတဲ့ ကောင်လေးကိုချောမော့နေတဲ့အလား နီးနီးကပ်ကပ်တိုးထိုင်ပြီး သူ့ကိုယ်ကိုမှီခွင့်ပေးထားတယ်။

“ငနီရေ၊ အဖေနဲ့အမေ ရန်အမြဲမဖြစ်ဘဲ ချစ်ချစ်ခင်ခင် နေကြရင်ကောင်းမှာပဲနော်။” ကောင်လေးစကားကြောင့် ခွေးနီကြီးက ကောင်လေးကို မော့ကြည့်တယ်။ ခွေးကြီးက လျှာကိုတစ်လစ်ထုတ်ထားရင်း ကောင်လေးကို အဖြေပေးတဲ့အနေနဲ့ ဟောင်ပြတယ်။

ကောင်လေးကတော့ သူ့ကိုကိုက်နေတဲ့ခြင်တွေ လက်နဲ့သက်ချလိုက်ရင်း ထပ်သက်ပြင်းချတယ်။ “ဒါတွေအားလုံးက ငါ့ကြောင့်ဖြစ်တာနေမှာပါ၊ ငါရှိနေတော့ ကျောင်းစရိတ် စားစရိတ်တွေပိုလာတယ်လို့ အမေပြောတာပဲ။ ဆန်အိုးထဲတောင် ဆန်မရှိတော့ဘူးတဲ့။”

ကောင်လေးက တွေးတွေးပြီး ပိုပြီးစိတ်မကောင်းဖြစ်လာပုံပဲ။ သူ့ဒူးကိုကွေးထားပြီး လက်နဲ့ဒူးကိုပိုက်ထားလိုက်တယ်။ သူ့နှာခေါင်းက နှာရည်တွေကိုသုတ်ဖို့အတွက် အင်္ကျီလည်ပင်းကိုသုံးရတယ်။

အတော်အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ သူစကားစပြောတယ်။ “အဖေလည်း အရက်မသောက်တော့ရင်ကောင်းမှာပဲ။ ဒါဆို အမေလည်းစိတ်ချမ်းသာပြီး နေ့တိုင်းရန်ဖြစ်နေစရာ မလိုတော့ဘူးလေ။”

ကောင်လေးက ခွေးနီကြီးကို သူ့သူငယ်ချင်းအရင်းလို သဘောထားပြီး သူ့ရင်ထဲက စကားတွေပြောနေတယ်။ ခွေးနီကြီးကလည်း ငြိမ်ပြီးနားထောင်တယ်။ လူစကားကိုနားလည်တဲ့ သဘာဝတစ်ကောင်လိုမျိုး။

ညနက်လာတာနဲ့အမျှ အအေးကပိုလာတယ်။ ကောင်လေးမှာ အအေးဒဏ်ခံနိုင်တဲ့ ဘာအဝတ်အစားမှပါမလာဘူး။ ကံကောင်းစွာနဲ့ ကောက်ရိုးပုံကြီးထဲကို သူနစ်နစ်တိုးဝင်လိုက်တော့ လေတိုက်တဲ့ဒဏ်ကို ခံနိုင်ရည်ရှိသွားတယ်။ ငနီကြီးကလည်း သူ့သခင်ချမ်းနေမှန်းသိရှာတော့ အနားကိုပိုတိုးကပ်လာပြီး သူ့ကိုယ်ငွေ့နဲ့ နွေးနေအောင်လုပ်ပေးတယ်။

ခွေးနဲ့လူက လရောင်အောက်က ကောက်ရိုးပုံမှာ ညနက်ရဲ့အအေးဒဏ်နဲ့ခြင်တွေရဲ့ရန်ကို အံ့တုရင်ဆိုင်နေရတယ်။ အအေးဒဏ်ကြောင့် ခြင်တွေ နည်းနည်းပါးသွားလို့ ခံသာပါသေးတယ်။ ဒါပေမဲ့ တစ်ညလုံး ခြင်ကိုက်ခံထားရလို့ တစ်ကိုယ်လုံးမှာ ခြင်ကိုက်ဖုတွေနဲ့။

“ဖိုးကျော့ရေ… ဟေးဖိုးကျော့၊ ဒီမှာထွက်ထိုင်နေပြန်ပြီလား။ ညကြီးမိုးချုပ် အန္တရာယ်များပါဘိနဲ့တော့။”

နာမည်ခေါ်သံကြားတဲ့အတွက် ကောင်လေးလည်း ကောက်ရိုးပုံကနေထကြည့်လိုက်တယ်။ တုန်ချိချိနဲ့ အဖွားအိုတစ်ယောက် သူ့ဆီကို ဖြည်းဖြည်းချင်း လျှောက်လာနေတယ်။ အဖွားအိုက စုတ်ပြဲနေတဲ့ ခပ်ရိုးရိုး ချည်အင်္ကျီကိုဝတ်ထားတယ်။ ကောင်လေးဝတ်ထားတဲ့ အင်္ကျီနဲ့အသားချင်းအတူတူပဲ။ ကောင်လေးက အဖွားအိုကိုမြင်တော့ ဝမ်းသာအားရနဲ့ ပြုံးပြတယ်။

“ဖွားဖွားသန်း၊ ဘာလို့ဒီရောက်လာတာလဲ။”

“နင်က အိမ်ကနေထွက်ပြေးပြီး လယ်ထဲသွားနေတော့ တကူးတကလိုက်ရှာရတော့တာပေါ့၊ မြေးဆိုးလေးရဲ့။”

ကောင်လေးခေါင်းငုံထားလိုက်တယ်။ ကလေးတစ်ယောက်အနေနဲ့ ညဖက်အိမ်ကနေပြေးထွက်ပြီး တစ်နေရာသွားနေတာ မကောင်းတဲ့ အပြုအမူမှန်း ဖိုးကျော့သိပါတယ်။ ဒါပေမဲ့ အဲဒီလိုမနေလို့ သူဘယ်လိုနေရမှာလဲ။

“အဖွား၊ သူတို့ရန်ဖြစ်ကြပြန်ပြီ။ သူတို့ရန်ဖြစ်နေတာ သားမကြည့်ရက်လို့ ထွက်ပြေးလာတာ။”

အဖွားအိုက ကောင်လေးဖိုးကျော့ကို ကြည့်လိုက်တယ်။ မှုန်မှိုင်းတဲ့အကြည့်တွေနောက်မှာ သနားဂရုဏာသက်ခြင်းက တွဲပါလာတယ်။ ကောင်လေးကတော့ ခေါင်းကိုငုံထားတုန်းပဲ။ ခွေးနီကြီးကတော့ အဖွားအိုကို အမြီးတနှံနှံနဲ့ကြိုတယ်။

“နေပါဦးအေ၊ ဒီလင်မယားကို ငါတွေ့မှ ​ပြောပါဦးမယ်။ ကလေးတစ်ယောက်လုံး ရွာပြင်ထွက်ထိုင်နေတာတောင် လိုက်မရှာကြဘူး။ တကယ်တည်းတော်။”

အဖွားအိုက တစ်ယောက်တည်း ဒေါသထွက်ထွက်နဲ့ ရေရွတ်တယ်။ ကောင်လေးကတော့ ရှက်လွန်းလို့ ခေါင်းကိုမဖော်တော့တာ။ အဖွားအိုလည်း အပိုစကားတွေပြောနေတာ ရပ်လိုက်ပြီး ပြောလိုက်တယ်။

“လာ၊ သားလေး အဖွားအိမ်ကိုလိုက်ခဲ့။ ဒီမှာမြွေပါးကင်းပါးအပြင် ခြင်ကပေါပါဘိနဲ့။ ညစာရော စားပြီးပြီလား။ မစားရသေးဘူးနဲ့တူပါတယ်လေ။”

အဖွားအိုက ဖိုးကျော့လေးလက်ကိုဆွဲပြီး ရွာထဲပြန်ဝင်တယ်။ ခွေးနီကြီးကတော့ နောက်ကနေ တစ်ကောက်ကောက်လိုက်လို့။

“တော် ဒီအရည်တွေသောက်လာပြန်ပြီလား၊ တော့်လုပ်စာ တော်တော်များနေလား။”

“ဟာ၊ ဒီမိန်းမတော့ကွာ။ ငါရှာသမျှပိုက်ဆံ နင်ချဲထိုးလို့ ကုန်တာချည်းပဲမဟုတ်လား။ ငါရှာတဲ့ပိုက်​ဆံနဲ့ ငါ့ဘာသာ သောက်ချင်သလောက်သောက်မယ်။ မင်းအပူပါသလား။”

“ရှင်လေ၊ ပြောလေကဲလေပါလား။ ရှင့်လုပ်စာ ဘယ်နှစ်ပြားရှိလို့လဲ။ အိမ်ကကြွက်ကိုတောင် ထမင်းဝအောင် ကျွေးနိုင်လို့လား။”

ဖိုးကျော့လေး စာကျက်နေတာကိုရပ်ပြီး ထရံအကာကနေ တစ်ဖက်ကို ချောင်းကြည့်လိုက်တယ်။ အဖေ အလုပ်က​နေပြန်လာပြီ။ အရက်လည်းမူးလာတယ်။ အမေကလည်း ထမင်းချက်စရာဆန်မရှိလို့ ပိုက်ဆံတောင်းတယ်။ မရတော့ ရန်သတ်ကြပြန်ပြီ။

မနက်ဖြန် ဆရာမစာမေးဖို့ရှိလို့ ဖိုးကျော့လေးစာကျက်ဖို့ ကြိုးစားနေတာ။ မရရင် ကျောကွဲအောင် အရိုက်ခံရဦးမယ်။ နယ်ကျောင်းတွေက ဒီလိုချည်းပဲ။ဒါပေမဲ့ ဒီနေ့လည်း စာကျက်လို့ရဦးမယ့်ပုံမပေါ်ဘူး။

မကြာခင်မှာပဲ အိမ်ခန်းတစ်ဖက်မှာ ငရုတ်ကျည်ပွေ့တွေ၊ သနပ်ခါးတုံးတွေ လွန်းပျံကုန်ပြီ။ ဖိုးကျော့လေးလည်း နေရမှာကြောက်လာပြီး စာအုပ်ကလေးပိုက် အိမ်နောက်ဖေးပေါက်ကနေ ပြေးထွက်သွားလိုက်တယ်။

ညနေကတော့ စောင်းနေပြီ၊ ဒါပေမဲ့ ရွာပြင်ထွက်ပြီး စာကျက်မယ်ဆိုရင်တော့ ဖိုးကျော့လေး စာရလောက်ဦးမှာပါ။ သခင့်အရိပ်ကိုချောင်းနေတဲ့ ခွေးနီကြီးကလည်း ဝိုင်းအပြင်မှာအိပ်နေရာကနေ ငေါက်ခနဲထပြီး သခင့်​နောက်ကိုလိုက်တယ်။

ဒါပေမဲ့ ဖိုးကျော့လေးမှားသွားတယ်၊ ခြင်တွေကိုက်လွန်းလို့ စာထဲကို သူဂရုမစိုက်နိုင်ခဲ့ဘူး။ လမ်းမှာ မြွေတစ်ကောင်နဲ့တွေ့သေးပေမဲ့ ငနီကြီး အချိန်မီမောင်းထုတ် ဘေးကင်းသွားတယ်။ အဲဒီညမှာလည်း အမေဖက်က အမျိုးတော်တဲ့ ဖွားဖွားသန်းက ဖိုးကျော့ကို လာခေါ်ပြီး ထမင်းကျွေးရပြန်တယ်။

“ဖိုးကျော့၊ ဒီတစ်ခါလည်း စာမရပြန်ဘူးနော်။ အဆော့မက်နေပြန်ပြီလား။”

ဆရာမက မေးလည်းမေး ရိုက်လည်းရိုက်၊ ကျွဲရိုက်နွားရိုက်။ ကျောင်းကပြန်လာတော့ ဖိုးကျော့လေး ခြေသလုံးမှာ အချိုးရာတွေထပ်လို့။

အိမ်ပြန်ရောက်တော့ တစ်ချိုးတည်းအိပ်ပျော်သွားတယ်။ နောက်တစ်နေ့မနက် သူနိုးလာတော့ တစ်ကိုယ်လုံးအေးစက်ပြီး ဖျားလို့ရယ်။ အဖေကတော့ အလုပ်သွားနေပြီဖြစ်ပြီး အမေကတော့ ဖွားကျော့ အိပ်ရာထနောက်ကျတယ်အမှတ်နဲ့ စျေးသွားနှင့်ပြီ။

ဖွားဖွားသန်းက မနက်စာလာပို့တော့ အိမ်ရာထဲကွေးနေတဲ့ ဖိုးကျော့လေးကို တွေ့ရတော့တာပဲ။

“ဟယ်၊ ကလေးက ခြေဖျားလက်ဖျားတွေအေးစက်နေပါလား။ ဆေးခန်းပြမှ တော်ရာကျမယ်။”

ကလေးက အဖျားကြီးနေတာနဲ့ ဖွားဖွားသန်းက ကလေးကိုချီပြီး ရွာထိပ်က ဆေးပေးခန်းဆီခေါ်ပြေး။ ရွာဆေးမှူးက စမ်းသပ်ကြည့်ပြီးတဲ့နောက် သွေးလွန်တုပ်ကွေးရောဂါသံသယနဲ့ မြို့နယ်ဆေးရုံကို တစ်ခါတင်။

ဖိုးကျော့လေးနိုးလာတော့ ဆေးရုံကုတင်ပေါ်ရောက်နေပြီး ဖွားဖွားသန်းက သူ့ကိုလူနာစောင့်ကြည့်နေရတယ်။ ကလေးအမေကတော့ ခြေမကိုင်မိလက်မကိုင်မိ။ အဖေကတော့ ရောက်လာတဲ့ပုံမပေါ်ဘူး။ ဆေးဖိုးကလည်း တစ်ပြားမှမရှိဘူး။ နောက်ဆုံးတော့ သက်ကြားအိုအဖွားကြီးကပဲ သက်ပြင်းချပြီး နားကပ်ချွတ်ပေါင်ပေးရတော့တယ်။

“ကလေးနေကောင်းသွားဖို့က အရေးကြီးတာပါပဲလေ။”

ဆေးရုံတင်ထားတဲ့ ဒုတိယမြောက်နေ့ကျတော့ ကလေးက အန်ဖက်ညိုညိုတွေအန်သတဲ့။ ဆရာဝန်က သွေးလွန်တုပ်ကွေးရောဂါ ပြင်းထန်အဆင့်လို့ အတည်ပြုလိုက်ပြီ။ ကလေးဖျားနေတာ ကြာနေပြီတဲ့ ဘာလို့စောစောစီးစီးဆေးရုံမတင်တာလေးမေးတော့ ဖွားဖွားသန်းနဲ့ကလေးအမေတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြ။

အမယ်အိုကြီးက ဒီကလေးကို ဘယ်အချိန်ပြည့် စောင့်ရှောက်နိုင်မလဲ။ ကလေးအမေကတော့ နှစ်လုံးထီနဲ့ ရန်ဖြစ်တာအတွက် အိမ်ကပ်တဲ့တစ်ညတာရဲ့သုံးချိုးနှစ်ချိုးကို ကုန်လွန်ခဲ့သူပါ။

“ဆရာ၊ ကျွန်မတို့မြေးလေးကို ရန်ကုန်ဆေးရုံတင်ဖို့ လိုမလားဟင်။”

“မပူပါနဲ့၊ ကျွန်တော်တို့ဆေးရုံက ဒီလောက်တော့နိုင်ပါတယ်။” ဒါကတော့ ဆရာဝန်ကြီးရဲ့ကတိစကား။ နယ်ဆေးရုံမလို့ ဆေးပစ္စည်းမပြည့်စုံပေမဲ့ ဆရာဝန်ကြီးက သူ့အရပ်မှာတော့ ဂုဏ်သိက္ခာရှိသမားတော်ဆိုတော့ ဖွားဖွားသန်းစိတ်ချထားလိုက်တယ်။

ဒါပေမဲ့ ရက်အတန်ကြာတဲ့အထိ ကလေးက နည်းနည်းလေးမှ မသက်သာပဲ ရောဂါက ပြင်းသည်ထက် ပြင်းလာတော့တယ်။ နောက်ဆုံးတော့ ဆရာဝန်ကြီးက ခေါင်းခါပြတယ်။

“ကလေးက အရောက်နောက်ကျလို့ ကုလို့မနိုင်တော့ဘူး။ ပြင်ဆင်စရာရှိတာသာ ပြင်ဆင်ထားလိုက်ပါ။” ဆရာဝန်ကြီးက လူနာရှင်တွေကို ကလေးကွယ်ရာခေါ်ပြီး အသိပေးတယ်။ ရန်ကုန်သွားဖို့ပါ နောက်ကျသွားပြီတဲ့။ ကလေးအမေကတော့ ခုမှမျက်ရည်နဲ့မျက်ခွက်။

အဖွားအေကတော့ ဆရာဝန်ကို ခပ်မာမာကြည့်ရင်း ပြောလိုက်တယ်။ “ပြောတော့ ရှင်တို့နိုင်ပါတယ်ဆို၊ အခုကျတော့ ဘယ်လိုဖြစ်ရတာလဲ။”

“တောင်းပန်ပါတယ်ဗျာ။ ကလေးက အရောက်နောက်ကျလို့ပါ။” ဒါပေမဲ့ ဆရာဝန်ကြီးကတော့ ဒီစကားတစ်ခွန်းနဲ့အတူ အခန်းထဲက ထွက်သွားတယ်။ ကြည့်ရတာ သူ့တာဝန်ကုန်ပြီလို့ ယူဆလိုက်ပုံပဲ။

ဖွားဖွားသန်းတစ်ယောက် အတတ်နိုင်ဆုံးပြုံးထားရင်း လူနာဆောင်ထဲ ဝင်လာတယ်။ ကောင်လေးဖိုးကျော့ကတော့ တစ်ကိုယ်လုံးဖြူဖျော့လို့။ ကလေးကို ဘာလိုချင်လည်းမေးတော့ ဖိုးကျော့လေးက ဒီလိုပြန်ဖြေရှာတယ်။

“သားလေ၊ ရွာက မိဝိုင်းဆော့တဲ့ ယုန်ရုပ်လေးတွေနဲ့ သိပ်ကစားချင်တာ။ ဖွားဖွားဝယ်ပေးပါလားဟင်။”

ဖိုးကျော့တို့နယ်ဆိုတာက ခေါင်ကလည်းခေါင် ဝေးကလည်းဝေး၊ နိုင်ငံခြားဖြစ် ကလေးကစားစရာတောင် ရွာသူဌေးသားသမီးမှ ပိုင်နိုင်ဆိုင်နိုင်တဲ့ခေတ်။

“အင်း၊ ဖွားဖွား နောက်တစ်ခါလာရင် ယူလာပေးမယ်နော်။”

ဒါပေမဲ့ ဖွားဖွားသန်းခင်ဗျာ သူ့ရှိစုမဲ့စုလေးကို ပေါင်နှံပြီး ကလေးကို ဆေးရုံတင်ပေးထားရရှာတာ။ ကလေးမိသားစုမှာက ငွေရေးကြေးရေးဆိုတော့ ဘာဆိုဘာမှမရှိ။ ဒီတော့ ဖြစ်သလိုကြံရဖန်ရတော့တာပေါ့။

နောက်တစ်ရက်တော့ ရွာသူဌေးမိဝိုင်းတို့အိမ်ကို ဖွားဖွားသန်းက အလစ်ဝင်ယုန်ရုပ်ကလေးနှစ်ယုန် ခိုးလာခဲ့။ ဆေးရုံရောက်လာပြီး ကလေးကိုပေးတော့ ကောင်လေးက ယုန်ရုပ်လေးနှစ်ရုပ်ကို လက်ထဲမှာပိုက်ပြီး မျက်ရည်လေးဆက်လက်နဲ့ ပြောရှာတယ်။

“ယုန်ရုပ်လေးနှစ်ရုပ်က သိပ်ချစ်ဖို့ကောင်းတာပဲ၊ သားသေရင်တောင် သူတို့ကို ယူသွားဦးမှာ။”

အဲဒီစကားနဲ့အတူ ကောင်လေးစကားပြောတာရပ်သွားတယ်။ လုံးဝမလှုပ်တော့ဘူး။ ဖွားဖွားသန်းက မြေးလေးကိုယ်ကို လှုပ်ကြည့်ပေမဲ့ ပြန်ထူးသံမကြား။

“လုပ်ကြပါဦး၊ မြေးလေးကို ခေါ်လို့မရတော့ဘူး။” နောက်တော့ ဆရာဝန်ပေါက်စတစ်ယောက် ပြေးဝင်လာပြီး စမ်းသပ်ကြည့်ပြီးနောက် ခေါင်းခါပြလေရဲ့။

“စိတ်မကောင်းပါဘူး၊ လူနာအသက်မရှိတော့ပါဘူး။”

အရင်တစ်နေ့က ဆရာဝန်ပြောထားလို့ စိတ်ကိုပြင်ဆင်ထားခဲ့ပေမဲ့ ဖိုးကျော့လေး ထွက်သွားမယ့်အချိန်က ဒီလောက်စောခဲ့လိမ့်မယ်လို့တော့ ဖွားဖွားသန်း ထင်မထားမိခဲ့ဘူး။ ငိုချင်ပေမဲ့ မျက်ရည်က မကျ။ ဆံပင်ဖြူသွားကျိုးနေတဲ့ အဖွားအိုကြီးခင်ဗျ မငိုနိုင်တဲ့အဆုံး မာမာချာချာလေသံနဲ့သာ ရယ်မောလိုက်တော့တယ်။

ငနီကြီးကတော့ တစ်ကိုယ်တည်း ကောက်ရိုးပုံပေါ်မှာ တမှိုင်မှိုင်နဲ့ ဝပ်နေလေရဲ့။

“ဟေး၊ ငနီကြီး။ မင်းမှိုင်လှခြေလား။” လယ်ထဲဆင်းဖို့လုပ်နေတဲ့ လယ်သမားတစ်ယောက်က ငနီကြီးကို သတိထားမိသွားပြီး လှမ်းပြောတယ်။ ငနီကြီးကတော့ နည်းနည်းလေးမှမလှုပ်။ သူ့ဘေးနားက တစ်စုံတစ်ယောက်ရှိခဲ့ဖူးတဲ့ နေရာကတော့ ကွက်လပ်။

ငနီကြီးက တစ်နေရာကို လှမ်းကြည့်လိုက်တယ်။ လူတစ်စုက သစ်သားအခေါင်းသေးသေးလေးကို ထမ်းထုတ်လာတယ်။ လူသိပ်မများပေမဲ့ အသုဘတစ်ခုအနေနဲ့တော့ လူရှိတယ်ပြောလို့ရနိုင်တယ်။

“အောင်မလေး၊ သားလေးရဲ့။ အဖြစ်ဆိုးလှခြေလား သားလေးရဲ့။”

“ဘာလို့အဖေတို့ကို ထားခဲ့တာလဲကွာ။” လူအုပ်ထဲမှာတော့ လူနှစ်ယောက်ရဲ့ငိုသံက အကျယ်လောင်းဆုံး။ အဖွားအိုကတော့ နည်းနည်းလေးမှမငိုဘူး။ အဲဒီအစား အတတ်နိုင်ဆုံးပြုံးထားတယ်။ သံမဏိလို မာကျောတဲ့အပြုံးမျိုးပါ။

ခွေးနီကြီးနားက အသုဘချတဲ့အဖွဲ့ဖြတ်သွားတော့ ခွေးကြီးက အမြီးတနှံနှံနဲ့ ပြေးထွက်လာပြီးဟောင်တယ်။ တစ်စုံတစ်ယောက် သူ့ဆီပြန်ရောက်လာတာကို ကြိုဆိုနေဘိအလား။

“ဟေး ငနီ၊ သွားစမ်း။” အသုဘပို့တဲ့အဖွဲ့က ခြောက်လွှတ်ပေမဲ့ ငနီကြီးကတော့ နောက်ကနေ လိုက်နေတုန်းပဲ။

နောက်ဆုံး ဖိုးကျော့လေးကို အသုဘချတဲ့အထိ ငနီကြီးက အနားမှာရှိနေတုန်းပဲ။ အဖွားအိုကတော့ မြေတွင်းဘေးမှာရပ်နေရင်း လက်ထဲမှာကိုင်ထားတဲ့ ယုန်ရုပ်လေးနှစ်ရုပ်ကိုသာ စိုက်ကြည့်နေမိလေရဲ့။

“သားက ဒီအရုပ်လေးတွေကို သေရင်တောင် ယူသွားမှာ။” သနားစရာမြေးလေးရဲ့စကားကို အခုထိကြားယောင်နေဆဲ။ ဒီအရုပ်တွေက မြေးလေးလိုချင်လွန်းလို့ အသက်ကြီးခါမှ အဒီန္နာဒါနာကံကိုကျူးလွန်ပြီး ကိုယ်တိုင်ယူပေးခဲ့တာ။ အခုတော့ မြေးလေးမရှိတော့ဘူး။ အဖွားအိုကြီးက ​နောက်ဆုံးအနေနဲ့ မြေးလေးအခေါင်းအဖုံးကိုဖွင့်ပြီး ယုန်ရုပ်လေးနှစ်ရုပ်ကို ထည့်ပေးလိုက်တယ်။

ရှေးထုံးအယူအဆအရ မလုပ်သင့်ပေမဲ့ပေါ့။ နောက်ဆုံးတော့ အဖွားအိုကြီး သက်ပြင်းချလိုက်ပြီး မြေချလို့မပြီးခင် သချိုင်းကနေ ထွက်ခဲ့တယ်။

အသက်ကြီးပြီဖြစ်တဲ့ အဖွားအိုတစ်ဦးအတွက် သေခြင်းဆိုတာ မကြာခင်ရောက်လာတော့မယ့်အရာမှန်း ဖွားဖွားသန်းနားလည်ထားပါတယ်။ ဒါပေမဲ့ ဆံဖြူက ဆံမည်းကို အရင်ပို့ရတဲ့အဖြစ်မျိုး ကြုံရမယ်လို့တော့ မတွေးထားခဲ့မိဘူး။ အခုတော့ အရာအားလုံး ပြီးဆုံးသွားခဲ့ပါပြီလေ။

အားလုံးပြီးဆုံးသွားပြီး လူတွေပြန်သွားတဲ့အချိန်အထိ ပြန်မသွားခဲ့တဲ့ သက်ရှိတစ်ကောင်တော့ ရှိနေဆဲပါ။ ငနီကြီးက ဖိုးကျော့လေးရဲ့မြေပုံပေါ်မှာ မှိုင်တွေစွာနဲ့ ဝပ်နေတယ်။

သခင်မဲ့တဲ့ခွေးတစ်ကောင်ရဲ့ခံစားချက်ကို ဘယ်သူများနားလည်နိုင်ပါ့မလဲ။

ဒီလိုနဲ့ ရက်သတ္တပတ်အချို့ကြာသွားတယ်။

ခွေးကြီးကတော့ မြေပုံပေါ်မှာ ဝပ်နေဆဲပါ။ တစ်ကိုယ်လုံးက အမွှေးတွေကျွတ်နေပြီး သိသိသာသာ ပိန်ကျသွားတယ်။

သုဘရာဇာအဖိုးကြီးက ပိန်လိန်နေတဲ့ ဒန်ဇလုံထဲ ထမင်းကျန်ဟင်းကျန်တွေထည့်ကျွေးပေမဲ့ ငနီကြီးက မစား။

“ဟေး၊ ငနီကြီး။ မင်းထမင်းလည်းမစားပါလား။ မင်းသခင်နောက်ကို လိုက်ချင်နေတာတော့မဟုတ်ပါဘူးနော်။”

ခွေးနီကြီးက သုဘရာဇာကြီးကို မော့ကြည့်ပြီး တစ်ချက်အီလိုက်တယ်။ နောက်တော့ သူ့ခေါင်းက အားအင်ချိနဲ့စွာနဲ့ ခွေကျသွားပြီး မလှုပ်တော့ဘူး။ ဒါပေမဲ့ သူ့ရဲ့ပုံစံကတော့ သခင်ဖြစ်သူနဲ့ကောက်ရိုးပုံမှာ အတူအိပ်နေစဥ်က အတိုင်းပါပဲ။

သုဘရာဇာကြီးလည်း သက်ပြင်းချလိုက်လေရဲ့။

“အင်း… မင်းက မင်းသခင်နောက်ကိုလိုက်ဖို့ တကယ်ဆုံးဖြတ်ခဲ့တာပါလား။ ဪ… သတ္တဝါတစ်ခု ကံတစ်ခုပါလား။”

ဖြစ်ရပ်မှန်အပေါ် ဖွဲ့တည်လျက်
သော်လွင်ကိုကို

Comment

Leave a Reply

Options

not work with dark mode
Reset