လူ့ပြည်ရောက်မှတ်တမ်း (၄)
လူက ငယ်သေးသလို အိမ်အပြန်လမ်းကိုလည်းမသိပေမဲ့ ကောင်စုတ်လေးက တစ်ညမှာတော့ အရဲစွန့်ပြီး သူ့အိမ်လေးရှိရာဆီကို ပြန်သွားဖို့ ဆုံးဖြတ်ခဲ့တယ်။
မနက်ဆိုရင် အမေနိုးနေတာကြောင့် ခိုးထွက်ဖို့မဖြစ်နိုင်မှန်း ကောင်လေးသိတယ်။ ဒီတော့ ညအိပ်ချိန်မှ ခိုးထွက်ဖို့ သူကြိုးစားတယ်။ သူနဲ့အတူ ပါတစ်ခုမှမပါဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဓာတ်မီးအစုတ်ကလေးတစ်လုံးပဲပါတယ်။
အချိန်က ညကိုးနာရီ၊ မြို့သစ်ရပ်ကွက်ကလေးတစ်ခုလုံး အိမ်မောကျနေပြီဖြစ်တဲ့အချိန်။ ကောင်စုတ်လေးရဲ့အမေက ကောင်စုတ်လေးအိမ်ခန်းထဲကထွက်သွားမှန်း သိတော့သိတယ်။ ကောင်စုတ်လေးက အမှောင်ကြောက်တတ်လို့ အတူအိပ်ကြပေမဲ့ ခါတိုင်းလည်း ကိုယ့်ဘာသာကိုယ် ဓာတ်မီးလေးဆွဲပြီး အပေါ့သွားနေကျမလို့ စိတ်မပူဘဲ လွှတ်ထားခဲ့တာ။ နည်းနည်းကြာတော့ အိပ်လက်စရှိတာနဲ့ ပြန်အိပ်ပျော်သွားပြီး ကောင်စုတ်လေး အိမ်ထဲကနေ သော့ဖွင့်ခိုးထွက်သွားတာကို မသိလိုက်ဘူး။
လမ်းပေါ်ရောက်တော့ ကောင်စုတ်လေးက ဓာတ်မီးလေးဖွင့်လျက်သားနဲ့ စပြေးတယ်။ သူတို့ဒီရပ်ကွက်လေးကို ပြောင်းလာတဲ့အချိန်တုန်းက လမ်းတွေကို အနည်းအပါး မှတ်မိသေးတဲ့အတွက်ကြောင့် အဲဒီလမ်းတွေအတိုင်း ပြေးသွားဖို့အတွက် ကြိုးစားနေခဲ့တာ။
ညကမှောင်မှောင် လူက ရှင်းရှင်း၊ ကိုယ်စောင့်နတ်ဖြစ်တဲ့ကျွန်တော်ကလည်း သူ့ကိုကူညီပေးနိုင်တာ အများကြီးမရှိဘူး။
တစ်နေရာရောက်တော့ ခွေးတွေအုပ်စုလိုက် သွားလာနေတာတွေ့ပြီး ကောင်စုတ်လေးလန့်နေသေးတယ်။ ပုံမှန်ဆိုရင်တော့ အမေရေလို့အော်ရင်း အိမ်ကိုတန်းပြေးမှာပဲ။ ဒါပေမဲ့ ဒီရပ်ကွက်ကနေ ထွက်သွားချင်တဲ့စိတ်က သူ့ကိုကြီးစိုးနေတာမလို့ သူ့ခြေလှမ်းတွေက ခိုင်မာနေတယ်။
ကံကောင်းတာက ကောင်လေး ခွေးတွေရဲ့မြင်ကွင်းထဲရောက်လာတာတောင် ခွေးတွေက သူ့ကိုရန်မပြုခဲ့ဘူး။ ကြာတော့ ကောင်လေးလည်း ညအမှောင်ထုကို အသားကျလာပြီး ခွေးတွေကိုဖြတ်ပြီး ရဲရဲခရီးဆက်တယ်။
နောက်တော့ ဆက်သွားတယ်၊ သွားတယ်။ သူ့ခြေထောက်သေးသေးလေးတွေက ခရီးမဆက်နိုင်တော့တဲ့အထိပဲ။ နောက်ဆုံး လမ်းထောင့်နားလေးက အုတ်ခုံပေါ်မှာ ခဏနားရင်း အိပ်ပျော်သွားလေရဲ့။ သူ့လက်ထဲက ဓာတ်မီးလေးလည်း လွတ်ကျသွားရော။
….
နောက်တစ်နေ့မနက်မိုးလင်းတော့ ကလေးအမေလည်း ကလေးပျောက်နေတာကို သတိထားမိသွားပြီ။ အိမ်ထဲမှာ အတန်ကြာအောင်လိုက်ရှာပေမဲ့လည်း ဘယ်နေရာမှမတွေ့သလို တံခါးကြီးပွင့်နေတာလည်းတွေ့တော့ ခေါင်းနပန်းကြီးသွားပြီး စိုးရိမ်စိတ်က ငယ်ထိပ်ရောက်သွားတော့တာပေါ့။
“လုပ်ကြပါဦး၊ ကျွန်မကလေး ဘယ်ရောက်သွားပြီလဲမသိဘူး။” ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတဲ့ ကလေးအမေအနေနဲ့ ပထမဆုံးတွေးမိတာကတော့ အော်ဟစ် အကူအညီတောင်းခံဖို့ပါ။
အဲဒီနောက်တော့ အိမ်နီးနားချင်းတွေ သတိထားမိသွားကြပြီး အနားဝန်းကျင်မှ လိုက်ကူရှာကြည့်ကြတယ်။ ဒါပေမဲ့ ဘယ်နေရာမှာမှမတွေ့ဘူး။ နောက်တော့ အတွေ့အကြုံရှိတဲ့လူတစ်ယောက်က အကြံပေးလာတယ်။
“ဒီလိုရှာနေလို့တော့ ဘယ်လိုမှရှာတွေ့မယ်မထင်ဘူး။ သက်ဆိုင်ရာကို အကြောင်းကြားမှဖြစ်တော့မယ်။”
….
တစ်ယောက်ယောက် သူ့ကိုယ်ကိုလှုပ်နှိုးလိုက်တဲ့အတွက် ကောင်စုတ်လေး မျက်လုံးဖွင့်ကြည့်လိုက်တယ်။ အသားမည်းမည်း အင်္ကျီပေစုတ်စုတ်ကိုဝတ်ထားတဲ့ သူနဲ့သက်တူရွယ်တူကောင်မလေးက သူ့ကိုလှုပ်နှိုးနေတာ။ ဒီကောင်မလေးကို သူတစ်ခါမှ မမြင်ဖူးဘူး။
“အမေရေ၊ သူအသက်ရှင်နေသေးတယ်။”
ခဏနေတော့ ကောင်မလေးလိုပဲ နောက်ထပ်အသားမည်းမည်း ပေစုတ်စုတ်ဝတ်ထားတဲ့ ကလေးအမေတစ်ယောက်ပါ ရောက်လာတယ်။ အဒေါ်ကြီးက ကောင်လေးကို တတ်နိုင်သလောက်ပြုံးပြရင်း ကြင်နာတဲ့လေသံနဲ့ မေးလိုက်တယ်။
“သားလေး၊ သားအိမ်က ဘယ်မှာလဲ။ ဘာလို့အပြင်မှာ တစ်ယောက်တည်း ထွက်အိပ်နေရတာလဲ။ မိဘတွေမသိဘူးလား။”
ကောင်စုတ်လေး ခေါင်းခါပြလိုက်တယ်။ ဘေးဘီကိုကြည့်တော့ မနက်စောစော ဝေလီဝေလင်းပဲ ရှိသေးတာ။ တခြားလူတွေလည်း ရှိမနေသေးဘူး။ ညဖက်တိုက်တဲ့ လေအေးတွေကြောင့် ကောင်လေးတစ်ကိုယ်လုံး ထုံကျင်နေပြီး နောက်ဆုံး နှာတစ်ချက်ချေလိုက်တယ်။
“ဟက်ချိုး….” ကောင်လေးနှာချေတာတွေ့တော့ သူဆင်းရဲကလေးအမေက အပေါ်မှာခြုံဝတ်ထားတဲ့ ချည်အနွေးထည်လေးကိုချွတ်ပြီး ခြုံပေးလိုက်တယ်။
“အိမ်မမှတ်မိဘူးဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ အဒေါ်တို့နဲ့လိုက်ခဲ့၊ အဒေါ်တို့ဆိုင်ဖွင့်ပြီးရင် သားလေးကို အိမ်လိုက်ပို့ပေးမယ်။”
ပြောပြောဆိုဆိုနဲ့ သူဆင်းရဲအမေက ကောင်စုတ်လေးကို ပွေ့ချီပြီး သူတို့နဲ့အတူပါလာတဲ့ စက်ဘီးနောက်ခုံပေါ် တင်ပေးလိုက်တယ်။ ကောင်စုတ်လေး စက်ဘီးပေါ်ရောက်သွားတာတွေ့တော့ ကောင်မလေးက အမေလုပ်သူကို မော့ကြည့်ပြီးမေးတယ်။
“သမီးကရော ဘယ်မှာထိုင်ရမှာလဲဟင်။”
“သမီးလေးက ရှေ့ခုံမှာထိုင်။” သူဆင်းရဲအမေက ပြောလိုက်ရင်း သူ့ကလေးကို ရှေ့ခုံမှာတင်ပေးလိုက်တယ်။ ကြည့်ရတာ သူကိုယ်တိုင်တော့ စက်ဘီးစီးဖို့ အစီအစဉ်မရှိဘူးထင်တယ်။
“အမေတို့ ဈေးကိုစက်ဘီးတွန်းပြီး သွားကြတာပေါ့။” သူဆင်းရဲအမေက ပြောရင်း စက်ဘီးကို ဖြည်းဖြည်းလေး စတွန်းတယ်။ ကောင်စုတ်လေး မျက်စိကစားကြည့်တော့ သူတို့မှာ ရောင်းစရာတချို့ပါတယ်နဲ့တူတယ်။ အငွေ့တထောင်းထောင်းထွက်နေတဲ့ ပဲပြုတ်တောင်းက စက်ဘီးရှေ့ခြင်းထဲမှာ။ ဘယ်ဖက်စက်ဘီးလက်ကိုင်မှာတော့ သံနန်းကြိုးနဲ့ချိတ်ထားတဲ့ မီးသွေးမီးဖိုအသေးလေးတစ်လုံးပါတယ်။
စက်ဘီးက အတော်လေးအိုဟောင်းပြီး သံကြေးတွေတက်နေပြီ။ ဒါပေမဲ့ သားနားခဲ့ပုံပေါ်တဲ့ မိကျောင်းတံဆိပ်ကိုတော့ မြင်နိုင်ဆဲပဲ။
“အဒေါ်တို့က မနက်အစောကြီး ဘယ်သွားကြမလို့လဲဟင်။”
“ဈေးမှာ ပဲပြုတ်ရောင်းဖို့ပေါ့။ စောစောသွားမှ မနက်စောစာထွက်ဝယ်တဲ့သူတွေအတွက် အဆင်ပြေမှာပေါ့။ နင်ဒါလေးတောင်မသိဘူးလား။” သူဆင်းရဲအမေက ဘာမှမပြောခင် ကောင်မစုတ်လေးက ကပ်ကပ်လန် ပြောလိုက်တာကြောင့် ကောင်စုတ်လေး မျက်မှောင်ကြုတ်လိုက်တယ်။
‘သူ့ကို မေးမိလို့လား’ဆိုတဲ့ အမူအရာမျိုး။
“အင်း၊ သမီးလေးပြောတာ ဟုတ်တယ်။ အဒေါ်တို့က ဈေးကိုသွားပြီး ပဲပြုတ်ရောင်းမှာ။”
“ဒါပေမဲ့ တောင်းထဲက ပဲပြုတ်တွေက ပြုတ်ပြီးသားမဟုတ်လား။ ဘာလို့ မီးသွေးမီးဖိုကြီး သယ်လာကြတာလဲဟင်။”
“ဈေးကိုရောက်ရင် ပဲပြုတ်တွေအေးသွားမှာ စိုးလို့ပေါ့။ လူတိုင်းက ပဲပြုတ်ပူပူလေး စားချင်ကြတာပဲလေ။” သူဆင်းရဲအမေရဲ့စကားကြောင့် ကောင်စုတ်လေး သေချာပြန်တွေးကြည့်လိုက်မိတယ်။
ဟုတ်တယ်၊ အေးနေတဲ့ ပဲပြုတ်ကို ထမင်းနဲ့နယ်စားရတဲ့အချိန်ကို သူအမုန်းဆုံးပဲ။ ညနက်ချိန်ရောက်တဲ့အထိ အလုပ်များတတ်တဲ့ သူ့မေမေက မနက်ကိုနည်းနည်းနောက်ကျပြီးမှ ထတက်တယ်။ ဒါကြောင့် အမြဲလိုလို ပဲပြုတ်အေးအေးတွေပဲ ပါလာတတ်တာမလို့ အိမ်ကထမင်းကြမ်းကို ကောင်စုတ်လေးအကြိုက်မတွေ့ဘူး။
သူ့ရဲ့အရင်အိမ်လေးမှာတုန်းကတော့ အိမ်နီးချင်းဖိုးဖိုးဖွားဖွားတို့ဆီမှာပဲ ပဲပြုတ်ပူပူကိုဆီစမ်းပြီး စားလေ့ရှိတယ်။ သူငယ်ငယ်လေးကတည်းက ပဲပြုတ်ပူပူကို သဘောကျတယ်။
“ဒါဆို ဒေါ်ဒေါ်တို့က သားရဲ့ကျေးဇူးရှင်တွေပေါ့။”
ကောင်စုတ်လေးရဲ့နည်းနည်းထူးဆန်းတဲ့စကားကြောင့် ကောင််မလေးရော သူဆင်းရဲအမေပါ လှည့်ကြည့်လိုက်ကြတယ်။
“ဟုတ်တယ်လေ၊ သားတို့ကို ကျောင်းမှာသင်တဲ့အတိုင်းဆိုရင် သားတို့စားတဲ့ဆန်ကိုစိုက်တဲ့ တောင်သူဦးကြီးတွေက ကျေးဇူးရှင်တွေတဲ့။ သူတို့ကြောင့် သားတို့ဝဝလင်လင် စားရတာမဟုတ်လား။ ဒါကြောင့် မနက်တိုင်း ပဲပြုတ်ပူပူစားရအောင် ကြိုးစားပေးတဲ့ ဒေါ်ဒေါ်တို့ကလည်း သားအတွက်ကျေးဇူးရှင်တွေဖြစ်သင့်တယ်မဟုတ်လား။”
ဒီစကားကြောင့် သူဆင်းရဲမေမေ ပြုံးလိုက်တယ်။ မနက်နေက မြင့်လာပြီဖြစ်တာကြောင့် နေရောင်က စက်ဘီးနဲ့သူဆင်းရဲမေမေရဲ့မျက်နှာပေါ် ဖြာကျနေတယ်။
အရင်က လှပခဲ့ဖူးပေမဲ့ လောကဓံတွေကြောင့်မှေးမှိန်နေပြီဖြစ်တဲ့ သူ့ရဲ့မျက်နှာပေါ်မှာ အပြုံးစင်စစ်တစ်ခု ထွန်းတောက်လာတယ်။ အဲဒါက နေရောင်နဲ့အတူ လင်းလက်နေတာကြောင့် ကောင်စုတ်လေး အကြာကြီး ငေးကြည့်နေမိတယ်။
ဒီအခိုက်အတန့်လေးဟာ တစ်ဒင်္ဂဆိုပေမဲ့ ကောင်စုတ်လေးအတွက်တော့ ထာဝရကြာရှည်နေသလိုမျိုး။
….
စျေးကိုရောက်တော့ ကောင်စုတ်လေးနဲ့သားအမိနှစ်ယောက်က ဓာတ်တိုင်တစ်တိုင်အောက်မှာ ဆိုင်စဖွင့်တယ်။ ကောင်စုတ်လေးက တစ်ကိုယ်ကောင်းမဆန်ခဲ့ဘဲနဲ့ သားအမိနှစ်ယောက်လုံးကို ဆိုင်ဖွင့်ရာမှာ ကူညီပေးတယ်။ စျေးလာဝယ်တဲ့သူတွေကတော့ ထုံးစံထက်နောက်ကျပြီးရောက်လာတော့ ပဲပြုတ်သည်ကို စူးစမ်းလို့မဆုံးတော့ဘူး။
“ဟယ်… ဒေါ်မိအေးတို့သားအမိ ဒီနေ့နောက်ကျနေပါလား။ ပြီးတော့ ဒီက ဖြူဖြူလုံးလုံး မုန်လာထုတ်ကလေးက ဘယ်သူ့ကလေးလဲအေ။ ဒီသားလေးကို ငါတို့မသိအောင် အိမ်မှာဝှက်ထားတာများလား။”
ခပ်ဝဝအဒေါ်ကြီးတစ်ယောက်က ကောင်စုတ်လေးပါးကို ဆွဲဖြစ်ရင်း ပြောလိုက်တယ်။ ကောင်စုတ်လေးကတော့ မျက်နှာပေါ်မှာ လုပ်ပြုံးကလေးနဲ့။ မေမေပြောတာ သူမှတ်မိသေးတယ်။ ဆိုင်ကို စျေးဝယ်သူလာရင် အတတ်နိုင်ဆုံးပြုံးထားတဲ့။
“အသိတစ်ယောက်ရဲ့ကလေးပါ၊ လမ်းမှာတွေ့လို့ခေါ်လာတာ။” ပဲပြုတ်သည် ဒေါ်မိအေးကတော့ လာမေးသမျှလူတိုင်းကို ဒီလိုချည်းပဲ ပြောလွှတ်တယ်။
ကောင်မစုတ်လေးကတော့ ကောင်စုတ်လေးကို မနာလိုဖြစ်နေပြီ။ ခါတိုင်းဆိုရင် ဒေါ်မိအေး ပဲပြုတ်ရောင်းဝယ်ရေး ကုမ္မဏီလေမိတက်မှာ ကောင်မစုတ်လေးက လာဘ်ကောင်။ အခုတော့ စျေးဝယ်တွေက သူ့ကို သတိမရကြတော့ဘဲ ကောင်စုတ်လေးကိုပဲ ပါးဝိုင်းဖျစ်နေကြတဲ့အတွက် မနာလိုဖြစ်လာပြီ။
မနက်နေမြင့်လာပြီး စျေးကွဲချိန်ရောက်မှပဲ လာဘ်ကောင်လေးရဲ့အလုပ်ပြီးတော့တယ်။ ပဲပြုတ်တောင်းထဲက ပဲပြုတ်တွေလည်း ကုန်သွားပြီ။ အဒေါ်ကြီးတို့လည်း ပြန်ဖို့ပစ္စည်းတွေသိမ်းနေကြတယ်။
“ကောင်းပြီ၊ သားလေး အိမ်အပြန်လမ်းမှတ်မိပြီလား။” သူဆင်းရဲမေမေက ထပ်မေးလိုက်တယ်။ ကောင်စုတ်လေးက တစ်ချိန်တည်းမှာပဲ ခေါင်းလည်းညိတ်ပြသလို ခေါင်းလည်းခါပြတယ်။
“သားအိမ်က ဟိုဖက်ရပ်ကွက်မှာပါ ဒေါ်ဒေါ်၊ နေမြင့်လာလို့ သားလမ်းမှတ်မိလာပြီ။ ဒါပေမဲ့ သားမပြန်ချင်သေးဘူး။”
ကောင်စုတ်လေး ဒီနေရာကိုမှတ်မိတယ်။ လမ်းမကြီးအတိုင်းသွားရင် ခဏလေးနဲ့ရောက်တဲ့ အိမ်အသစ်ရှိရာရပ်ကွက်နဲ့ ဘေးချင်းကပ်လျက်ရပ်ကွက်ပါ။ ပြောရရင် ကောင်စုတ်လေးအရဲစွန့်ပြီး ညဖက်ထွက်ခဲ့တဲ့ခရီးက အဝေးကြီးမပေါက်ခဲ့ဘူး။ ရပ်ကွက်တစ်ခုစာပဲ သူသွားနိုင်ခဲ့တာ။
ကောင်စုတ်လေးရဲ့စကားကြောင့် သူဆင်းရဲမေမေက ထိုင်ချလိုက်ပြီး ကောင်စုတ်လေးနဲ့မျက်လုံးချင်းဆုံအောင် ကြည့်လိုက်တယ်။
“သားအိမ်မှာ တစ်ခုခုဖြစ်လာလို့လား။”
“သားအခုနေတဲ့အိမ်က သားနေချင်တဲ့အိမ်မဟုတ်တော့ဘူး ဒေါ်ဒေါ်။”
နောက်တော့ ကောင်စုတ်လေးက သူကြုံတွေ့ခဲ့ရသမျှအားလုံးကို ရှင်းပြလိုက်တယ်။ အိမ်ဟောင်းလေးမှာ သူပျော်ခဲ့ရတဲ့အကြောင်းတွေ၊ သူသတိရတဲ့ သူငယ်ချင်းတွေ၊ သူသွားနေကျနေရာတွေ၊ ပြီးတော့ နောက်ထပ် များပြားပြီး အသေးစိတ်ပြောပြဖို့ခဲယဥ်းတဲ့အကြောင်းတွေ။
“ဒါကြောင့်မလို့… ဒါကြောင့်မလို့… သားက သားအိမ်အစစ်ကို ပြန်ချင်တာပါ။” ပြောရင်းဆိုရင် ကောင်စုတ်လေးမျက်လုံးထဲကနေ မျက်ရည်တွေစီးကျလာတယ်။
“ခက်တော့တာပါပဲ… ဒီကလေးနဲ့တော့။” ကောင်စုတ်လေး ရှင်းပြတာကို နားထောင်ပြီးတဲ့နောက်တော့ ဒေါ်လေးမိအေးတစ်ယောက် သက်ပြင်းချလိုက်တယ်။
အဲဒီအချိန်မှာပဲ ကောင်မစုတ်လေးက ရှေ့တက်လာပြီး ကောင်စုတ်လေးကို တွန်းလှဲလိုက်တယ်။ အဲဒီ ကောင်မလေးရဲ့မျက်လုံးတွေက ဒီအခိုက်အတန့်မှာ လုံးဝနီရဲနေတယ်။
“နင်လဲသေလိုက်ပါလား….” ကောင်မစုတ်လေးရဲ့ခပ်ကျယ်ကျယ်အော်သံကြောင့် ကောင်စုတ်လေးလန့်ပြီးမော့ကြည့်မိတယ်။ ဘာလို့ ရုတ်တရက်ကြီး ဒီဟာမလေး ဒေါသထွက်သွားရတာလဲဆိုတာ သူနားမလည်ဘူး။
“သမီးလေး၊ အဲဒီလိုမလုပ်နဲ့လေ….” ဒေါ်လေးမိအေးက တားဖို့ကြိုးစားပေမဲ့ ကောင်မစုတ်လေးကတော့ နားမထောင်ဘဲ သူပြောစရာရှိတာကိုပဲ ဆက်ပြောနေတယ်။
“နင်က ချီးထုပ်ကောင်ပဲ။ အနည်းဆုံးတော့ နင့်မှာ မိုးလုံတဲ့အိမ်လေးတစ်အိမ်နဲ့ အဝေးမှာအလုပ်လုပ်နေသေးတဲ့ အဖေရှိသေးတယ်ဟဲ့။ ငါ့မှာက အဖေမရှိတော့ဘူး။ ငါ့အိမ်က မိုးလည်းမလုံဘူး၊ ငါကျောင်းလည်းမနေဖူးဘူး။ နင်ဆိုးဝါးတယ်လို့ထင်နေတာတွေအားလုံးက ငါ့အတွက်မနာလိုစရာတွေချည်းပဲ။ ချီးထုပ်ကောင်၊ နင်က အဲဒါတွေနဲ့မတန်ဘူး။”
ကောင်မစုတ်လေးက ကောင်လေးကို အတင်းရိုက်နှက်ဖို့ကြိုးစားလို့ ဒေါ်လေးမိအေးက နောက်ကနေ ပြေးဆွဲထားရတယ်။ ဒေါ်လေးမိအေးလက်ထဲမှာရှိနေတဲ့ ကောင်မစုတ်လေးကတော့ ကောင်စုတ်လေးကိုကြည့်ရင်း မျက်လုံးထဲက မျက်ရည်ပူတွေစီးထွက်လာပြီး တရှုံ့ရှုံ့ငိုနေတယ်။
“အမေ… သမီးသူ့ကို တအားမုန်းတာပဲ။” လောကဓံကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ရင့်ကျက်နေပြီဖြစ်တဲ့ ကောင်မလေးက အားလျော့လိုက်ပြီး သူ့အမေရင်ခွင်ထဲ ပုံကျသွားတယ်။
“ဪ… သမီးလေးရယ်…” အမေဖြစ်သူကတော့ သမီးလေးကို ပွေ့ပိုက်ထားလိုက်တယ်။ ကောင်စုတ်လေးကတော့ ဒီမြင်ကွင်းကို မမေ့နိုင်ဘဲ ကြောင်ကြည့်နေမိတယ်။
ပြေလည်တဲ့ လူလတ်တန်းစားတစ်ယောက်ရဲ့ဒုက္ခတွေဟာ လက်လုပ်လက်စားလူတန်းစားတွေမနာလိုဖြစ်ရတဲ့ သုခတစ်ခုအဖြစ်ရှိနေမှန်း ကောင်စုတ်လေးပထမဆုံးအကြိမ်အဖြစ် နားလည်လိုက်ရတာပဲ။
‘ငါမုန်းတဲ့ကျောင်းကို သူတို့တက်ချင်တာတောင်မှ မတက်နိုင်ကြဘူးလား။ ငါမုန်းတဲ့အိမ်မျိုးမှာ သူတို့နေချင်တာတောင်မှ နေခွင့်မရဘူးလား။’ ကြီးမားတဲ့ တုန်လှုပ်မှုကြီးက ကောင်စုတ်လေးရဲ့ရင်မှာ တွဲလွဲခိုနေတယ်။ အရင်က လစ်လျူရှုထားတဲ့အရာတစ်ခုကို အခုမှမြင်ခဲ့မိသလိုပဲ။
“ပြီးတော့ နင်ပြောတဲ့သူငယ်ချင်းတွေနဲ့ အိမ်နီးချင်းတွေက နင့်ကိုသတိရဦးမယ်လို့ထင်နေတာလား။ အခုသူတို့တွေက အခြားသူငယ်ချင်းအသစ်တစ်ယောက်နဲ့ ပျော်နေလောက်ပြီဟဲ့။” ကောင်မစုတ်လေးက ကပ်ကပ်လန်ရန်တွေ့နေတယ်။ အသက်တူဖြစ်တဲ့ ကောင်စုတ်လေးတောင် ဒီလောက်များတဲ့ စကားလုံးတွေကို မသိဘူး။
နောက်ဆုံးတော့ ဒေါ်လေးမိအေးက ကောင်စုတ်လေးကျေနပ်အောင်လို့ အိမ်ဟောင်းလေးရှိရာလမ်းကို ခေါ်သွားပေးဖို့အတွက် ဆုံးဖြတ်လိုက်တယ်။ အဲဒီနေရာကလည်း လူကြီးတွေအတွက်က သိပ်မှမဝေးတာကိုး။
အိမ်ဟောင်းလေးဆီကိုရောက်တော့ အိမ်ဟောင်းလေးမှာ သူတို့မိသားစုလေးထက် ပိုကြီးတဲ့မိသားစုတစ်စုရောက်နေတာကို ကောင်စုတ်လေးသတိထားမိတယ်။ ကလေးသုံးယောက်ရှိပြီး အခြားလူလတ်တန်းစား မိသားစုတစ်ခုပဲ။
ကလေးမရှိတဲ့အဖိုးကြီးအဖွားကြီးလင်မယားကတော့ ကလေးအစားဆုံးလေးကို ကူထိန်းနေကြပြီး လမ်းပေါ်ကိုတစ်ချက်နှစ်လက်လှည့်ကြည့်ပေမဲ့ သူ့ကိုဂရုမစိုက်ကြဘဲ လက်ထဲက ကလေးကိုပဲ မုန့်ကျွေးဖို့ကြိုးစားနေတယ်။ သူ့ကိုမြင်လားမမြင်လားတော့မသိပေမဲ့ အဝေးတစ်နေရာကနေ ဒီလိုမြင်ကွင်းမျိုးကို မြင်ရတာ မနာလိုစရာကောင်းလွန်းတယ်။
ကောင်စုတ်လေးက ကောင်မစုတ်လေးကိုကြည့်လိုက်တော့ ကောင်မစုတ်လေးက ‘ငါပြောသားပဲ’ ဆိုတဲ့ပုံစံမျိုးနဲ့ မေးငေါ့ပြတယ်။
တခြားသူသွားဖူးတဲ့ လမ်းတွေထဲက နေရာတွေကိုလည်း လိုက်ပြပေးသေးပေမဲ့ အကုန်လုံးက သူမရှိလည်း စည်ကားပြီးလည်ပတ်နေဆဲပဲ။ ဒီနေရာတွေက သူ့အတွက်ထပ်ပြီးပျော်စရာမဟုတ်တော့မှန်း၊ သူနဲ့မသက်ဆိုင်တော့မှန်း ကောင်စုတ်လေး သတိထားမိလာတယ်။
“အမေ… ဗိုက်ဆာတယ်။” နေ့မွန်းတည့်ချိန်နီးတော့ ကောင်မစုတ်လေးက သူ့အမေကို မော့ကြည့်ပြီးပြောတယ်။
“ကဲ…သားလေးရော၊ အခုအိမ်ပြန်တော့မလား။”
ဒေါ်လေးမိအေးရဲ့စကားကြောင့် ကောင်စုတ်လေး အားအင်ယုတ်လျော့စွာနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ သူ့မျက်လုံးတွေကတော့ မှုန်မှိုင်းလို့ရတယ်။
‘နန်ရွယ်ကရော တခြားသူငယ်ချင်းတွေနဲ့ပျော်နေပြီး ငါ့ကိုသတိမရတော့တာရော ဖြစ်နိုင်မလား။’ သူ့အခင်ဆုံးသူငယ်ချင်းကိုတွေးကြည့်မိတော့ သူ့နှလုံးသားတစ်ခုလုံး နာကျင်လာသလိုပဲ။
နောက်ဆုံးတော့ ကောင်စုတ်လေး ခေါင်းညိတ်ပြလိုက်တယ်။ “အင်း….”
…
ကောင်စုတ်လေး အိမ်ပြန်ရောက်တော့ ကောင်းကောင်းအဆူခံရတော့တာပဲ။ ဒါပေမဲ့ ကောင်စုတ်လေးကတော့ သူ့အမေဆူတဲ့စကားလုံးတွေအားလုံးကို ဟိုဖက်နားကဝင် ဒီဖက်နားကထွက် လုပ်ပစ်လိုက်တယ်။
အကြမ်းဖျင်းကတော့… “အမေကိုမပြောဘဲ အိမ်ကနေ ထွက်သွားစရာလား။ တစ်နေရာရာသွားချင်ရင် အမေ့ကိုပြောရင် လိုက်ပို့မေးမှာပေါ့။” ဒီလိုမျိုးပဲနေမှာ။ ကောင်စုတ်လေးရဲ့ကိုယ်စောင့်နတ်ပီသစွာနဲ့ ကျွန်တော်ကိုယ်တိုင်လည်း ကလေးအမေဆူတဲ့စကားတွေကို မှတ်မထားမိဘူး။
နောက်တော့ ဒေါ်လေးမိအေးတို့မိသားစုကို ကလေးအမေက နေ့လယ်စာထမင်းတစ်နပ်ကျွေးပြီး ဦးချမတတ် ကျေးဇူးတင်စကားဆိုတယ်။ အစကတော့ လက်ကလက်ကောက်လေးချွတ်ပေးဖို့ကြိုးစားပေမဲ့ ဟိုက အတင်းငြင်းတယ်လေ။
“ကျွန်မတို့က ငွေလိုချင်လို့ ကလေးပြန်ပို့တာမှမဟုတ်တာ။” ဒါကတော့ ဒေါ်လေးမိအေးရဲ့စကား။ ကောင်စုတ်လေးကတော့ တစ်ချိန်လုံးငြိမ်သက်စွာနဲ့ အဖြစ်အပျက်တစ်ခုလုံးကို ကြည့်နေမိတယ်။
တကယ်တော့ ကောင်စုတ်လေးတစ်ယောက် ကံကြီးပြီး လူကောင်းသူကောင်းနဲ့တွေ့တာ။ ပုံမှန်သာဆိုရင် သူ့ဗိုက်ခွဲရောင်းမယ့် လူကုန်ကူးသမားနဲ့တွေ့မှာ။
အောင်မလေး၊ ကံသီပေလို့ပဲ။ ဒီကိုယ်စောင့်နတ်က ဘာမှလုပ်နိုင်တာမဟုတ်ဘူး။
ကိစ္စအားလုံးရဲ့အဆုံးသတ်မှာတော့ ဒေါ်လေးမိအေးတို့ သားအမိက ပြန်ဖို့လုပ်ကြတယ်။ ဒေါ်လေးမိအေးက သမီးလေးကို နောက်ခုံပေါ်တင်ပြီး မိကျောင်းတံဆိပ် စက်ဘီးကြီးပေါ်ကိုယ်တိုင်ခွစီးပြီး သီချင်းလေးတအေးအေးနဲ့ နင်းတယ်။
သူတို့ပြန်ချိန်မှာ နေတောင်စောင်းနေပြီ။ ကျနေက ဒေါ်လေးမိအေးရဲ့မျက်နှာပေါ်ကို မတူညီတဲ့ဖက်ကနေ ဖြာကျနေတယ်။ နားဝင်ချိုတဲ့ သားချော့တေးကဗျာက နားထဲဝင်လာမှ ကောင်စုတ်လေးလည်း သတိဝင်လာပြီး နောက်ကနေ ပြေးလိုက်တယ်။
လမ်းမပေါ်ရောက်တော့ ကောင်စုတ်လေးလိုက်မမီတော့ဘူး။ အဲဒီအစား အသံကျယ်ကျယ်နဲ့ကောင်မစုတ်လေးကို လှမ်းအော်တယ်။
“သူငယ်ချင်း…. နင့်နာမည်ရော၊ ငါတို့သူငယ်ချင်းလုပ်ကြမယ်လေ။” ကောင်စုတ်လေးက ပြေးလိုက်ဖို့ကြိုးစားပေမဲ့ ကလေးအမေက သူ့ကိုမီလာပြီး ဖမ်းဆွဲထားတယ်။ ကောင်မစုတ်လေးကတော့ မကြားတာလား မကြားချင်ယောင်ဆောင်တာလား မသိပေမဲ့ ဘာမှပြန်မဖြေဘူး။
ကြည့်ရတာ နောင်အနာဂတ်မှာ ဒီကောင်မလေးကို ကောင်စုတ်လေးအနေနဲ့ ထပ်တွေ့ဖို့ခက်သွားပြီနဲ့တူပါရဲ့။ ဒါပေမဲ့ ကံကြမ္မာကတော့ ပြောရခက်သားရယ်။ သားချော့တေးသံသာ သူ့နားထဲမှာ တစ်သက်သာ စွဲကျန်ရစ်တယ်။
“လူကလေးရယ်ငို၊ ခိုဖမ်းလို့ပေး။ ခိုဖြူ၊ ခိုပြာ၊ နက်ကယ် ဖမ်းခက်လှသေး။”
….
အဲဒီနေ့ပြီးတဲ့နောက်တော့ ကောင်စုတ်လေး သိသိသာသာ လိမ္မာလာတယ်။ အမေက ဘုရားရှိခိုးဆိုရှိခိုးတယ်။ ဒါမလုပ်နဲ့ဆိုရင် မလုပ်တော့ပါဘူး။
အဆော့ကတော့ မက်နေတုန်းရယ်။ ကျောင်းနဲ့ သိပ်ပြီးအဆင်ပြေလှတယ်မဟုတ်ပေမဲ့ အတတ်နိုင်ဆုံး နေသားကျအောင်နေတယ်။ စာရအောင်ကျက်တယ်။
ကောင်စုတ်လေးရဲ့ဆယ့်နှစ်နှစ်ပြည့်မွေးနေ့က နောက်ဆုံးတော့ရောက်လာတယ်။ အရင်သူမှတ်မိခဲ့တဲ့ မွေးနေ့တုန်းကလိုတော့ ပျော်ဖို့မကောင်းဘူး။ ရိုးရှင်းတဲ့ မွေးနေ့ကိတ်တစ်လုံးရယ်၊ အိမ်နီးနားချင်း တချို့တလေရယ်ပဲပါတယ်။
ဒါပေမဲ့ နောက်နေ့ကျတော့ အတော်လေးကံကောင်းပါတယ်။ သူ့အဖေဆီကနေ ငွေပို့လာတယ်။ အိမ်ဆိုင်လေးလည်း တစ်ဆင့်တက်သွားတယ်။ ပါချီပါချဲ့ရောင်းရာကနေ အာလူး၊ ကြက်သွန်၊ ဂျင်း စသည်ဖြင့် အခြေခံစားသောက်ကုန်တချို့ကို တင်ရောင်းပြီး အလုပ်ဖြစ်လာတယ်။
ကောင်စုတ်လေးတောင် စျေးဝယ်သူလာရင် ‘အမေရေ၊ စျေးဝယ်။’ ဆိုပြီးအော်ဖို့အတွက် လေ့ကျင့်ပြီးသား ဖြစ်နေပြီ။ စျေးဝယ်လာတဲ့သူတွေကတော့ လက်တောက်လောက်ကောင်လေးက စကားတတ်လှတာကြောင့် သဘောကျနေကြတယ်။
ကောင်စုတ်လေး စာလည်းသေချာဖတ်တတ်လာပြီ။ ကျောင်း စာကြည့်တိုက်ကစာတွေကို ဖတ်ချင်ပေမဲ့ အမြဲသော့ခတ်ထားတော့ အခွင့်မကြုံဘူး။ ဒါပေမဲ့ စီးပွားရေးအဆင်ပြေလာတာနဲ့အတူ မေမေက တတိုင်းမွှေးဂျာနယ် အပတ်စဥ်ဝယ်ပေးဖို့ကြိုးစားတယ်။ ဒီလိုနဲ့ စာကိုသွက်သွက်လတ်လတ်ဖတ်တတ်လာတယ်။
ကျန်တဲ့အပိုင်းတွေမှာတော့ ဘာမှမပြောင်းလဲဘူး။ မနက်အစောကြီးထပြီး အိမ်နားက ပိတောက်ပင်ကြီးပေါ်ထိုင်ပြီး ရှုခင်းကြည့်တယ်။ ကျောင်းမသွားခင် လူတွေသွားလာနေတဲ့ မြင်ကွင်းကိုကြည့်ရတာ သူ့ရဲ့ဝါသနာတစ်ခုပါ။ ကျောင်းပြန်လာရင်တော့ မြေပေါ်မှာကြွေကျနေတဲ့ သုံးပန်လှပန်းပင်လေးတွေနဲ့အတူ ခဏတစ်ဖြုတ်ကစားတတ်တယ်။
ဒါကတော့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဖြစ်စပြုလာပြီဖြစ်တဲ့ ကောင်စုတ်လေးရဲ့တိုးတက်လာတဲ့ ဘဝအကြောင်းနိဒါန်းအစပါ။ သူ့ဘဝမှာ နောက်ထပ်ဖြစ်လာမယ့်အရာတွေ အများကြီးရှိနေသေးတယ်။
သူကိုယ်တိုင်ရော ကျွန်တော်ရော ခန့်မှန်းလို့မရနိုင်တဲ့ သိပ်ကိုလှပတဲ့ စွန့်စားခန်းတစ်ခုကို သူလျှောက်လှမ်းရတော့မှာ။ ဘဝဆိုတဲ့ ခရီးကြမ်းကြီးပေါ့။ သူအခုကြုံခဲ့ရတဲ့အရာတွေက သေးငယ်ပါသေးတယ်။ ဒါပေမဲ့ လူငယ်ဘဝကို ရင်ဆိုင်ဖို့တော့ သူ့မှာအတွေ့အကြုံရှိလာပြီ ဆိုရမှာပေါ့။
ကျွန်တော်သူနဲ့ပတ်သက်တဲ့ အကြောင်းတွေကို ကျွန်တော့်ရဲ့မှတ်စုလေးထဲမှာ နောက်ဆုံးအနေနဲ့ ထည့်ပြီးရေးမှတ်လိုက်တယ်။ ကောင်စုတ်လေးက နတ်ပြည်ရဲ့သတ်မှတ်ချက်အရ သင့်တော်တဲ့ရင့်ကျက်မှုရောက်ပြီလို့ ကျွန်တော်တို့ဆုံးဖြတ်လိုက်တယ်။
ကိုယ်စောင့်နတ်တစ်ယောက်အနေနဲ့ ကျွန်တော့်မှာ သူ့ရဲ့နောက်ဘဝအဖြစ်အပျက်တွေကို စောင့်ကြည့်ဖို့ တာဝန်မရှိတော့ပါဘူး။ ကျွန်တော့်တာဝန်ရဲ့အဆုံးဖြစ်သလို ကောင်လေးဘဝရဲ့နောက်ထပ် စမှတ်အသစ်လည်းဖြစ်ပါတယ်။
နောက်ထပ်ဘာတွေဆက်ဖြစ်မလဲ၊ ကျွန်တော်လည်းသိချင်တာပေါ့။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ သိဖို့မလိုတော့ပါဘူး။ တစ်ခါတလေမှာ တချို့ဇာတ်လမ်းတွေက အဆုံးသတ်ထားတဲ့အတိုင်းလေးပဲ ကောင်းတယ်မဟုတ်လား။
Yes