လူ့ပြည်ရောက်မှတ်တမ်း
Chapter 3 – အိမ်ပြန်ချင်တယ်
လေးနှစ်ပြည့်မွေးနေ့ပြီး နောက်တစ်နေ့ရောက်တော့ ကောင်စုတ်လေးရဲ့ဖေဖေနဲ့မေမေက မြို့ထဲမှာရှိတဲ့ မူကြိုကျောင်းတစ်ကျောင်းကို ပို့လိုက်ကြတယ်။
အိမ်မှာနေတာတော်ပြီ ပညာရေးစနစ်ကြီးရဲ့စတင်ထိတွေ့သင့်ပြီလို့ အားလုံးက ယူဆကြတဲ့ပုံပဲ။ ပညာရေးစနစ်အရ ၅နှစ်ဆိုရင် သူငယ်တန်းတက်ရတော့မှာဆိုတော့ ခုကတည်းက ကျောင်းနေတတ်တဲ့အကျင့်ရသွားအောင် ပြင်ဆင်တဲ့အနေနဲ့ ပို့လိုက်တာ။
ပထမဆုံး ကျောင်းရောက်သွားတဲ့နေ့တုန်းက ငိုလိုက်တာမှ ပြောမနေပါနဲ့တော့။ တစ်ခါမှ မရောက်ဖူးတဲ့အရပ်မှာ အဖေတွေအမေတွေမရှိဘဲ တစ်နေကုန်ဖြတ်သန်းရတာကိုး။
ကဗျာတွေရွတ်ပြီး စာသင်ရတဲ့အချိန်လည်းငို၊ စာသင်ခန်းတွင်းကစားချိန်မှာလည်း မကစားဘဲနဲ့ငို၊ နောက်ဆုံး အပြင်မှာကစားခွင့်ပေးတဲ့အချိန်မှာလည်း မဆော့ဘဲနဲ့ငို။
ဟောကြည့်ပါဦး၊ အခုလည်းကိုနေတာလေ။ သူများကလေးတွေက ဒန်းစီး၊ လျှောစီး၊ ဆီးဆောစီးရင်း ပြုံးပျော်နေချိန်မှာ ခုမှကျောင်းစတက်ဖူးတဲ့ ကောင်စုတ်လေးကတော့ မျက်ရည်တွေခမ်းခြောက်သွားတဲ့အထိငိုနေတာလေ။
ပထမက မူကြိုဆရာမသူ့ကိုချော့သေးပေမဲ့ ခုတော့မောသွားရင် တိတ်သွားလိမ့်မယ်ဆိုပြီး လွှတ်ထားလေရဲ့။ ဆရာမကလည်း တခြားကလေးတွေကို ထိန်းရဦးမှာကိုး။
“အီး…ဟီး….ဟီး… အိမ်ပြန်ချင်တယ်ဆို… အီး…. ဟီး…ဟီး…”
တကယ်လို့ ကျွန်တော်သာ သူ့ရဲ့ကိုယ်စောင့်နတ်မဟုတ်ဘဲ တခြားတစ်ယောက်သာဆိုရင် ငိုနေတဲ့ ကလေးလေးနားကနေခွာပြီးတော့ တခြားနေရာတွေ လျှောက်သွားအပျော်ရှာနေမိမှာပဲ။ စငိုငိုချင်းတုန်းက အတော်လေးသနားသွားပေမဲ့ ကြာလာလို့ ထုံလာပြီး နားညည်းတယ်လို့ပါ တွေးမိလာရော။
‘ဒီသောက်ကလေး အငိုတိတ်သွားအောင် တန်ခိုးနဲ့တစ်ခုခုလုပ်လို့မရဘူးလား။’ အဲဒီလိုတွေးမိပေမဲ့ ကောင်းကင်ပေါ်မော့ကြည့်မိတော့ ဦးမာဃကြီးပြုံးပြနေတယ်လို့ တန်းမြင်ယောင်လာမိတော့တာ။
‘မင်းကိုယ်စောင့်နတ်ကုမ္ပဏီရဲ့စည်းမျဥ်းစည်းကမ်းတွေကို ခိုးဖောက်ထားတယ်။ ဒီတော့ ဒဏ်ကြေးအနေနဲ့ လခလျှော့မယ်။’ အဲဒီလိုဖြစ်လာရင် ဘယ်သူက ကျွန်တော့်အသုံးစရိတ်ဖိုး မျှပေးမှာလဲ။
“မငိုပါနဲ့… ကျောင်းဆိုတာက ပျော်စရာကြီးပါဟာ။ တွေ့လား၊ သူများတွေဆော့နေတာလေ။”
ကောင်စုတ်လေးတို့အတန်း ကစားကွင်းထဲရောက်ပြီး မကြာခင်မှာပဲ နောက်အတန်းကပါ ကစားကွင်းထဲရောက်လာကြတယ်။
အလားတူပဲ ရင်းနှီးနေတဲ့ ကလေးမလေးတစ်ယောက်လဲပါလာပြီး ငိုနေတဲ့ကောင်စုတ်လေးရှေ့မှာ ရပ်ပြီးစကားလာပြောတယ်။
ကောင်စုတ်လေး ငိုနေတာကိုရပ်ပြီး မျက်လုံးဖွင့်ကြည့်တော့ မွေးနေ့တုန်းက သူ့ကိုအသားယူပြီး အသာလွတ်ပါးကိုခိုးနမ်းသွားတဲ့ ကောင်မလေးဖြစ်နေမှန်း သတိရသွားတယ်။ တကယ်လို့ ရပ်ကွက်ထဲမှာသာ ဒီကလေးမလေးကို ကောင်စုတ်လေးတွေ့ရင် ဆံပင်တွေဆောင့်ဆွဲမှာ။
ဒါပေမဲ့ အခုနေရာမှာ သူသိတဲ့သူဆိုလို့ ဒီကောင်မလေးပဲရှိတာဆိုတော့ မသိစိတ်က အလိုလို အားကိုးမိသွားတယ်။
“ဒါပေမဲ့… ကျောင်းမှာမေမေတို့မှာမရှိတာ….”
“နောက်ဆိုအဆင်ပြေသွားမှာပေါ့… ငိုနေရင် နင့်ကိုငါမခေါ်တော့ဘူးနော်….”
ကောင်မလေးက ညာဖက်လက်မနဲ့လက်ညိုးကို ထိပြပြီး ဘယ်ဖက်လက်ညိုးနဲ့စက်ပိုင်းပုံစံလေးပြတ်သွားအောင် လုပ်ပြတယ်။ ကောင်စုတ်လေးကလည်း ဘာလက်သင်္ကေတတွေမှန်း နားမလည်ပေမဲ့ ကလေးမလေး သူ့ကိုထားခဲ့မှာကြောက်လို့ အငိုတိတ်သွားပြီ။
“ဟုတ်ပြီ.. အတူသွားကစားရအောင်၊ လျှော်စီးကြမယ်လေ။”
နောက်တော့ ကလေးမလေးက ကောင်စုတ်လေးလက်ကိုဆွဲပြီး တခြားကလေးတွေကစားနေတဲ့ လျှောဆီကို ခေါ်လာတယ်။ နောက်တော့ သူက ရှေ့ကနေတက်ပြီး လျှောထဲဝင်ပြီး အောက်ကိုလှိမ့်သွားတယ်။ ကောင်စုတ်လေးလည်း ဘာမှန်းမသိပေမဲ့ လိုက်လုပ်ကြည့်တယ်။ ကောင်စုတ်လေးအောက်ရောက်တော့ သူ့ကိုကလေးမလေးက ကြိုစောင့်နေပြီး ပြုံးပြလိုက်တယ်။
“တွေ့လား… ပျော်စရာကောင်းပါတယ်ဆို… ထပ်လုပ်ကြမယ်လေ။” နောက်တစ်ခါ ကောင်မလေးက သူ့လက်ကိုဆွဲပြီး လျှောက်တစ်ဖက်ကနေ ပြန်တက်ကြတယ်။ သူတို့အကြိမ်ကြိမ်အခါခါ တက်လိုက်ဆင်းလိုက်လုပ်နေတာကိုကြည့်ရင်း ကျွန်တော်တောင် ငြီးငွေ့လာပြီ။
ဒါပေမဲ့ သူတို့နှစ်ယောက်ကြားမှာ အပ်ချည်မျှင်အရွယ် ကြိုးမျှင်တန်းလေးတွေကို ကျွန်တော်မြင်လိုက်ရတဲ့အတွက် မျက်လုံးပြူးသွားတယ်။
“အဲဒါတွေက မဟုတ်မှလွဲရော…”
ကျွန်တော်လည်း ဒီကိုမလာခင် နတ်ပြည်က လုပ်သားလေ့ကျင့်ရေးအစီအစဥ်မှာ ကိုယ်စောင့်နတ်တာဝန်တွေအကြောင်း ရှင်းပြတုန်းကပါတဲ့ ကြိုးနီလေးတွေအကြောင်း သတိရသွားတယ်။ ကြိုးနီလေးတွေကိုတွေ့ရင် အထက်ကိုသတင်းပို့ရမယ်တဲ့။
“ဖူးစာကြိုးနီလေးတွေပဲ…. အထက်ကိုအမြန်သတင်းပို့မှဖြစ်မယ်။”
ဒီအတွေးနဲ့အတူ ကျွန်တော်မူကြိုကစားကွင်းထဲကနေ ပျောက်သွားတယ်။ ဒါပေါ့၊ ဘယ်လူသားမှတော့ ကိုယ်စောင့်နတ်တစ်ယောက် သူတို့အနားကနေပျောက်သွားမှန်း သတိထားမိကြမှာမဟုတ်ဘူး။
သတင်းပို့ပြီး ကျွန်တော်ပြန်ရောက်လာတော့ သူတို့နှစ်ယောက် ကစားနေကြတုန်းပဲ။ ဒါပေမဲ့ လျှော်ပေါ်မှာမဟုတ်တော့ဘဲ စီးစောပေါ်မှာ။
တစ်ဖက်က မြင့်သွားလိုက်၊ တစ်ဖက်က နိမ့်သွားလိုက်။ နှစ်ယောက်လုံးရဲ့မျက်နှာပေါ်မှာတော့ စစ်မှန်တဲ့ အပြုံးတွေကိုမြင်နိုင်တယ်။ လူကြီးတွေမှာ တွေ့ရခဲတဲ့ အရာတစ်ခုပေါ့။
အဲဒီနေ့က ကောင်စုတ်လေးအများအားဖြင့်ငိုနေခဲ့ပေမဲ့ ပျော်ရွှင်စရာကောင်းတဲ့ နေ့တစ်နေ့အဖြစ် ပြီးဆုံးသွားခဲ့တယ်။
နောက်တစ်နေ့ ကျောင်းသွားရတော့ ကောင်စုတ်လေးက တက်တက်ကြွကြွပါပဲ။ အရင်ကလိုမျိုး တစ်နေကုန် ငိုမနေတော့ဘဲ တခြားသူငယ်ချင်းတွေနဲ့အတူကစားတယ်၊ စာလိုက်ဆိုတယ်၊ တစ်ခါတစ်ခါ တအားကဲလွန်းလို့ ဆရာမက သူ့လိုက်ထိန်းနေရတယ်။
တကယ်တော့ သူ့ရဲ့ပထမဆုံးသူငယ်ချင်းဖြစ်ခဲ့တဲ့ ကောင်မလေးနဲ့ ကစားရဖို့အတွက် မျှော်လင့်နေခဲ့တာလေ။ နောက်တော့ နေ့တိုင်းလိုလို သူတို့အတူကစားရင်း ပျော်ရွှင်မှုတွေကို မျှဝေခွင့်ရခဲ့ကြတယ်။
ကျွန်တော်လည်း သူတို့နှစ်ယောက်ကို တစ်နေရာကနေ ပြုံးပြုံးကြီးကြည့်နေရင်း ဆုမွန်ကောင်း တောင်းပေးနေမိတယ်။
“သူတို့နှစ်ယောက် ထာဝရပျော်ရွှင်နေခွင့်ရရင် ကောင်းမှာပဲနော်။” အဲဒီလို မဖြစ်ခဲ့တာတော့ စိတ်မကောင်းစရာပဲ။
…
နောက်တစ်နှစ် ကောင်စုတ်လေးငါးနှစ်ပြည့်တော့လည်း အဲဒီကလေးမလေးအမေတွေလာကြသေးတယ်။ ဒါပေမဲ့ အဲဒီနေ့က သူတို့နောက်ဆုံးတွေ့ခဲ့ရတဲ့ နေ့ဖြစ်ခဲ့တယ်။
“အယ်… ရှင်အလုပ်ထွက်လိုက်ပြီ ဟုတ်လား။”
ကောင်စုတ်လေးအမေက ကောင်စုတ်လေးအဖေ လက်ရှိအလုပ်ကနေ ထွက်လိုက်တဲ့အတွက် တအားအံ့ဩနေခဲ့တာ။ အလုပ်က တအားကြီးအဆင်ပြေလှတယ်မဟုတ်ပေမဲ့ အင်ဂျင်နီယာ အစိုးရစက်ရုံမှူးဆိုတော့ အရာရှိထဲမှာပါပြီး ဂုဏ်လေးလည်းရှိ၊ ငွေဝင်လည်းကောင်းတယ်။
ဒါပေမဲ့ နေ့တိုင်းလိုလို တိုးတက်မှုမရှိမှာနေရတဲ့ဘဝကို ပျင်းရိလာတဲ့ ကောင်လေးရဲ့အဖေက တခြားတစ်နေရာမှာ တိုးတက်မှုကိုရှာချင်လာခဲ့တယ်လေ။
အားလုံးပြင်ဆင်ပြီးတဲ့နောက် တစ်နေ့တော့ ကောင်စုတ်လေးအဖေက ကောင်စုတ်လေးကိုခေါ်တွေ့ပြီး နှုတ်ဆက်တယ်။
“အဖေက မလေးရှားကိုသွားတော့မှာ၊ သားလေးကို ဒီထက်ပိုကောင်းတဲ့အိမ်မှာထားပြီး ကောင်းကောင်းနေခွင့်ရအောင် ကြိုးစားပေးဖို့လေ။ ဒါကြောင့် ကောင်းကောင်းနေခဲ့နော်။”
အဲဒီနေ့က ကောင်စုတ်လေးတစ်ယောက် ရန်ကုန်လေဆိပ်အထိ သူ့အဖေကိုလိုက်ပို့ခဲ့ရပြီး လေယာဥ်ထွက်သွားတာကို သူစောင့်ကြည့်နေခဲ့ရတယ်။ ဘာကြောင့်မှန်းမသိ လွမ်းဆွတ်တဲ့ခံစားချက်ကို သူကနေပေမဲ့ နားမလည်ခဲ့ဘူး။
အဲဒီနောက်တော့ ကောင်စုတ်လေးမကြုံဖူးသေးတဲ့ ပိုပြီးကြီးမားတဲ့ ပြောင်းလဲမှုလှိုင်းတွေ ဝင်လာခဲ့တယ်။
နိုင်ငံခြားသွားဖို့ ကုန်ကျစရိတ်တွေကြောင့် လက်ရှိနေနေတဲ့ ဆိတ်ငြိမ်ရပ်ကွက်က အိမ်လေးကိုရောင်းပြီး ပိုမြေစျေးပေါတဲ့ မြို့သစ်ရပ်ကွက်က အိမ်တစ်အိမ်ဆီ သူတို့ပြောင်းရတယ်။
လက်ရှိနေနေတဲ့ မူကြိုကျောင်းကနေလည်း ထွက်လိုက်ရပြီ။ အဲဒီမူကြိုက မူလတန်းကျောင်းနဲ့တွဲဖွင့်ထားတာမလို့ ဟိုကလေးမလေးနဲ့သူငယ်တန်းအတူတူတက်ရလောက်တယ်လို့ ကျွန်တော်ထင်ထားပေမဲ့ မှားသွားတာပဲ။
အဲဒီအစား သာမန်ရပ်ကွက်က သာမန်ကျောင်းလေးတစ်ကျောင်းမှာ သူကျောင်းအပ်ပေးခြင်းကို ခံရတယ်။
ကျောင်းအသစ်နဲ့ရပ်ကွက်အသစ်မှာ ကောင်စုတ်လေး နေသားမကျခဲ့ဘူး။ အရာရာက သူ့အတွက် သိပ်ကို လွဲမှားလွန်းနေတယ်။
ပထမဆုံးသူ့အိမ်အသစ်က အိမ်အဟောင်းလိုမျိုး ခြံအကျယ်ကြီးမပါဘဲ လမ်းမတန်းပေါ်မှာ။ လမ်းမကြီးဘေးမှာဖြစ်လို့ ယာဥ်သွားယာဥ်လာထူထပ်ပြီး သူတက်ကစားလို့ရတဲ့နေရာမဟုတ်ဘူး။
နောက်တစ်ခုက သာမန်ရပ်ကွက်ဖြစ်တဲ့အတွက် လမ်းမတန်းပေါ်မှာ အရက်ဆိုင်တချို့ရှိနေပြီး လူနေမသန့်တဲ့အတွက် ကလေးတွေဆော့ရအဆင်ပြေတဲ့ ရပ်ကွက်မျိုးဟုတ်မနေဘူး။ နေရာတိုင်းမှာ ရန်ပွဲတွေ၊ ထူးဆန်းတဲ့လူတွေနဲ့ ပြည့်နေခဲ့တယ်လေ။
ဒါပေမဲ့ ကောင်စုတ်လေးကတော့ အိမ်ရှေ့မြေကွက်လပ်လေးမှာ ရအောင်ကစားဖို့ ကြိုးစားနေဆဲပါပဲ။ သူ့အရုပ်ကလေးတွေနဲ့ကစားရင်း လမ်းပေါ်မှာသွားလာနေတဲ့လူတွေကိုကြည့်ရတာ သူသဘောကျတယ်။ သူက လူသေးသေးလေးဆိုတော့ အရွယ်ရောက်ပြီးသားလူတွေက သူ့အတွက်တော့ သစ်ပင်ကြီးတွေလိုမျိုး ထင်ရတယ်။
တစ်ခါတစ်ရံအမေအလစ် အိမ်ရှေ့မြေကွက်လပ်ကနေကျော်ပြီး လမ်းထဲက တခြားနေရာတွေကိုလည်း သူသွားဖူးတယ်။ လမ်းဘေးမှာ စီစီရီရီစိုက်ပျိုးထားတဲ့ မလေးရှားပိတောက်ပင်ကြီးတွေကို သူသိပ်သဘောကျတယ်။ တစ်ခါတရံမနက်ခင်း မြူတွေဆိုင်းနေပြီး မလေးရှားပိတောက်ပန်းပွင့်မှုန်တွေ ကြွေကျနေတဲ့မြင်ကွင်းက သူ့အတွက်သိပ်လှတယ်။
ဒါပေမဲ့ တစ်လမ်းလုံးမှာ ကလေးဆိုလို့ သူတစ်ယောက်ပဲရှိတဲ့အတွက် သိပ်ပျင်းဖို့ကောင်းတယ်။ လမ်းပေါ်မှာ လူတွေအများကြီးရှိပေမဲ့ သူ့ကိုစိတ်ထဲမထည့်ကြဘဲ သူတို့လုပ်စရာရှိတာပဲ သူတို့လုပ်နေကြတာ။
အိမ်နီးချင်းတွေရှိပေမဲ့ ရပ်ကွက်အဟောင်းလိုမျိုး မဖော်ရွေကြဘူး။ တစ်လမ်းတည်းနေကြပေမဲ့ တစ်ဦးနဲ့တစ်ဦး မသိကြဘူး။
ပိုဆိုးတာက ခါတိုင်းလိုမျိုး သူနဲ့ကစားပေးမယ့် အဖေမရှိသလို အမေကလည်း အိမ်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် သူ့ကိုအာရုံမစိုက်နိုင်ခဲ့ဘူး။ တလောကလုံးက သူ့ကိုလစ်လျူရှုထားသလို ခံစားရတယ်။
နောက်ပြီး သူတို့အိမ်လေးက အရင်အိမ်ဟောင်းလေးနဲ့ယှဥ်ရင် သိပ်ကျဥ်းတယ်။ ကောင်လေးမေမေက ယောကျ်ားဖြစ်သူ နိုင်ငံခြားကနေ ပိုက်ဆံမပို့နိုင်ခင် ဝင်ငွေရအောင်လို့ အိမ်လေးမှာပဲ ကုန်စုံဆိုင်လေးဖွင့်လိုက်တယ်။ ဒါကြောင့် နဂိုကတည်းက ကျဥ်းတဲ့အိမ်လေးထဲမှာ ကုန်မာတွေနဲ့ပြည့်နေပြီး ကောင်စုတ်လေးအိပ်ဖို့အတွက် နေတောတောင်မကျန်တော့ဘူး။
အိပ်ချိန်ရောက်လို့ အိပ်ရာထဲကနေ မိုးပေါ်ကိုမော့ကြည့်ရင် အရင်လိုမျက်နှာကျက်မတပ်နိုင်လို့ ဒီအတိုင်းထားထားတဲ့ သွပ်အမိုးတွေကို မြင်နိုင်ပြီး ဘေးပတ်ပတ်လည်မှာတော့ ရောင်းကုန်ပစ္စည်းတွေ။ တစ်ခါတစ်ခါ အိပ်ရင်းခြင်ထောင်အပြင်ရောက်သွားရင်လည်း ကိုက်မယ့်ခြင်တွေက အသင့်။
အသားမကျတဲ့ကိစ္စတွေထဲမှာ သူအသားမကျဆုံးကတော့ ကျောင်းပြောင်းလဲမှုပါပဲ။ ဒီကျောင်းက သာမန်ကျောင်းတစ်ခုသာဖြစ်တဲ့အတွက် သိပ်ကို ဖြစ်ကတတ်စမ်းနိုင်တယ်။ ခေတ်က မတိုးတက်သေးတဲ့ခေတ်၊ ပညာရေးကလည်း အခြေအနေခပ်ဆိုးဆိုး။
ဒီကျောင်းက ဆရာမတွေဟာ အရင်ကျောင်းကလိုမျိုး သဘောမကောင်းဘူးလို့ ကောင်စုတ်လေးခံစားရတယ်။ သူကဗျာတွေမရတဲ့အခါ ရိုက်မယ်ဆိုတာချည်းပဲ။
တစ်ခါတလေ နာလွန်းလို့သူလမ်းလျှောက်ဖို့တောင် အဆင်မပြေတဲ့ရက်တွေရှိတယ်။ သူငယ်ချင်းအသစ်တွေလည်း သူမဖွဲ့နိုင်ခဲ့ဘဲ ရန်သူတွေသာရခဲ့တယ်။
ကောင်စုတ်လေးရဲ့မေမေက သူ့သားလေးစားဖို့ မုန့်တွေထည့်ပေးတတ်ပေမဲ့ သူမစားရတာများတယ်။ သူ့ထက် နည်းနည်းလူကောင်ထွားတဲ့ ကလေးတစ်သိုက်က အတင်းလုပြီးယူစားကြလို့။ ကလေးအများစုက မုန့်မပါဘဲ ထမင်းချိုင့်ပဲပါတာကိုး။
တစ်ခါတလေ သူဗိုက်ဆာလွန်းလို့ ငိုနေမိတဲ့အထိပဲ။ တစ်ခါတလေတော့ သူများစားရင်း မြေပေါ်ပြုတ်ကျတဲ့ မုန့်အကျန်လေးတွေ သူလိုက်ကောက်စားလို့။
နောက်ပြီး ဒီကျောင်းက အိမ်သာတွေက သူ့အတွက် အဆင်မပြေဘဲ အနံဆိုးဝါးလွန်းတယ်။ ဒါကြောင့် သူကျောင်းမှာ အိမ်သာမတက်ချင်ဘဲ ဆီးအောင့်ထားတဲ့အကျင့်ဖြစ်လာတဲ့အထိပဲ။
ကျောင်းတက်ပြီးနှစ်လလောက်ကြာတော့ ဆီးလမ်းကြောင်းပိုးဝင်လို့ သူဆေးရုံတက်လိုက်ရသေးတယ်။ အစကတည်းက ကောင်လေးက သူ့စည်းခုံယားတယ်လို့ ကလေးမေမေကိုပြောနေခဲ့ပေမဲ့ ကလေးမေမေခင်ဗျာ ဂရုမစိုက်နိုင်ခဲ့လို့ ရောဂါတော်တော်ပြင်းပြီး အိပ်ရာထဲလဲမှပဲ သိရှာတော့တယ်။
ဆေးရုံကဆင်းလာပြီး နောက်ရက်ကျတော့ ကောင်စုတ်လေး အိပ်ရာထဲမှာနေရင်း နဖူးပေါ်လက်တင်စဥ်းစားမိတယ်။ သူ့အရွယ်က ငယ်သေးပေမဲ့ မပြုံးနိုင်တော့တာကြာပြီ။
နေ့တိုင်း ဟိုမကောင်းတဲ့ကလေးတွေဆီက သူ့မုန့်ကိုလိုက်တောင်းနေရတာ သူပင်ပန်းလာပြီ၊ စာမရတိုင်း အရိုက်ခံရတာကိုလည်း သူငြီးငွေ့လာပြီ။ သူအိမ်ကို ပြန်ချင်တယ်။
ဒီနေရာက အိမ်မဟုတ်ဘူးလို့ သူအမြဲတမ်းခံစားနေရတယ်။ တဖြည်းဖြည်း သူတွေးပူရင်း မျက်လုံးတွေမှေးစင်းလာကာ အိပ်ပျော်သွားတယ်။
နောက်တစ်နေ့ရောက်တော့ ကောင်စုတ်လေး သူ့အမေကိုသွားရှာပြီး စကားပြောတယ်။
“မေမေ… သားအိမ်ပြန်ချင်တယ်။”
“အခုလည်း အိမ်မှာပဲမဟုတ်ဘူးလား သားရယ်။” မီးသွေးမီးဖိုနဲ့ ခက်ခက်ခဲခဲ ထမင်းချက်ဖို့ကြိုးစားနေတဲ့ ကလေးအမေက ပြန်ဖြေပေမဲ့ ကောင်လေးကတော့ ဇွတ်ကိုပြောနေတုန်းပဲ။ နောက်ဆုံးတော့ ကလေးအမေက ကောင်စုတ်လေးကို ကျောပြင်ကို ဗြောတင်ပြီးလွှတ်လိုက်တယ်။
အဲဒါက ကလေးအမေလုပ်ခဲ့တဲ့အထဲမှာ အကြီးဆုံးအမှားတစ်ခုလို့ ကျွန်တော်ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ နောက်ဖြစ်လာမှာတွေက ကောင်စုတ်လေးရဲ့ဘဝကို တစ်ဆစ်ချိုးပြောင်းလဲသွားစေခဲ့လို့ပါပဲ။
….
အဲဒီနေ့ သူကျောင်းကိုရောက်တော့ ဆရာမက စာမေးတယ်။ ဒါပေမဲ့ ရောဂါကြောင့် သူငါးရက်လောက် ကျောင်းပျက်ထားတာ။ သူဘာမှမသိနေဘူး။ ဒါကြောင့် ပြောပြခဲ့ပေမဲ့လည်း ကျူရှင်မှာသင်ကတည်းက ကြိုကျက်ထားလို့ရတာပဲဆိုပြီး ရိုက်တော့တာပဲ။ ဒါပေမဲ့ ကောင်စုတ်လေးက ကျူရှင်မှမတက်တာ ဘယ်လိုလုပ်သိမှာလဲ။
သူကျောင်းအပြန်လမ်းမှာတော့ ခြေလှမ်းတွေက လေးလံနေခဲ့တယ်။ သူ့အတွက် အိမ်က အိမ်မဟုတ်ဘူး၊ ကျောင်းက ကျောင်းမဟုတ်ဘူးလို့ခံစားနေရတယ်။
သူ့သူငယ်ချင်းတွေနဲ့ ပျော်ခဲ့ရတဲ့ သူ့ရင်ထဲက ကျောင်းအစစ်ကို သူလွမ်းတယ်။ သူ့အတွက် ကစားစရာနေရာကျယ်ကြီးရှိခဲ့တဲ့ ရင်ထဲက အိမ်အစစ်ကို သူလွမ်းတယ်။
သူ့ကို ဂရုစိုက်ပေးမယ့်လူ တစ်ယောက်မှမရှိတဲ့ အိမ်ကျဥ်းလေးကို သူမုန်းတယ်။ သူစကားပြောချင်တဲ့အခါတိုင်း ဘယ်သူမှမရှိနေဘူး။
ကျောင်းအသစ်ကိုလည်း သူမုန်းတယ်။ သူ့ကိုဖော်ရွေတဲ့သူတွေ ရှိမနေတဲ့နေရာမှာ သူဘာလို့နေရမှာလဲ။
အိမ်ပြန်ရောက်လာတော့ သူ့အမေကို ထပ်ပြောမိပြန်တယ်။ “အမေ… သားအိမ်ပြန်ချင်တယ်။” ဒါပေမဲ့ သူ့အမေကတော့ ကြားရတာ ရိုးသွားတဲ့အလား မကြားချင်ယောင်ဆောင်ပြီး ဘာမှပြန်မဖြေခဲ့ဘူး။
…
နောက်တစ်နေ့ ကျောင်းမုန့်စားချိန်။
ဒီတစ်ခါလည်း ကလေးတွေက သူ့မုန့်ကိုလုပြီးစားသွားကြပြန်တယ်။ ဒါပေမဲ့ကောင်လေးရဲ့စိတ်အခြေအနေက ပုံမှန်ဟုတ်မနေဘူး။ သူဒေါသ တအားထွက်နေတယ်။ ဒီအတွက် သူ့လက်ထဲမှာကိုင်ထားတဲ့ ခဲသားဘောပင်နဲ့ မုန့်လုစားတဲ့ကောင်လေးတစ်ယောက်ရဲ့မျက်လုံးကို တအားထိုးပစ်လိုက်မိတယ်။
ကလေးတစ်ယောက်ရဲ့နာနာကျင်ကျင်အော်သံနဲ့သွေးတွေကြောင့် တစ်တန်းလုံးထိတ်လန့်ကုန်တယ်။ တစ်တန်းလုံး အခန်းအပြင်ပြေးထွက်လာတဲ့အတွက် ဆရာမတွေလည်း သတိထားမိပြီး အခန်းထဲပြေးဝင်လာတော့ လက်ထဲမှာသွေးစွန်းနေတဲ့ ခဲတံကိုကောင်စုတ်လေး ကိုင်လျက်သား။
“ဆရာမ… သူသားတို့သူငယ်ချင်းကိုထိုးတာ။” မုန့်လုတဲ့အဖွဲ့မှာပါတဲ့ တခြားကလေးတွေက ဝိုင်းတိုင်တယ်။ မတိုင်လည်း ဖြစ်စဥ်ကို ဆရာတွေမြင်ကြပါတယ်။
ဒီလိုနဲ့ဆရာတွေက ကောင်စုတ်လေးကို ကျောင်းအုပ်ရုံးခန်းထဲပိတ်ထားဖို့ ဆုံးဖြတ်လိုက်ပြီး ဒဏ်ရာရတဲ့ကလေးကို ဆေးရုံကိုပို့။ နှစ်ဖက်မိဘတွေကိုလည်း လှမ်းခေါ်။
ကံကောင်းစွာနဲ့ ကျောင်းလည်းအထုတ်မခံရသလို၊ အမှုလည်းအဖွင့်မခံရပေမဲ့ ဒဏ်ရာရသွားတဲ့ကလေးအတွက် ဆေးဖိုးလျော်ပေးလိုက်ရပြီး ကောင်စုတ်လေး ကျောင်းဆယ်ရက်နားခံရတယ်။
အိမ်ပြန်လာတော့ အမေက ကလေးကိုဘာဖြစ်လဲ မမေးမမြန်းနဲ့ အသားကုန်ရိုက်တော့တာပဲ။ “လူကြီးတွေ အလုပ်ရှုပ်ရတဲ့ကြားထဲ နင်က တော်တော်မိုက်နေပါလား။ လူက လက်တောက်လောက်နဲ့ နင်က လူမိုက်လား။”
ဒါပေမဲ့ကောင်စုတ်လေးကတော့ နှုတ်ခမ်းကိုဖိကိုက်ထားပြီး ဘာမှပြန်မဖြေဘူး။ သူ့စိတ်ထဲမှာတော့ မပြောဖြစ်တဲ့ စကားတွေကိုဖိသိပ်လျက်။
“အနိုင်ကျင့်ခံရလို့ နေ့လယ်စာငတ်ခဲ့တဲ့နေ့တွေအကြောင်း မမေးတော့ဘူးလား၊ အမေ။ ဆရာမတွေကရော ငါအနိုင်ကျင့်ခံနေရတုန်းက ဘာလို့ရောက်မလာဘဲ ငါတစ်ခုခုလုပ်လိုက်မှ ရောက်လာကြတာလဲ။ မတရားဘူး… လုံးဝမတရားဘူး….”
ကောင်လေးရဲ့စိတ်ထဲမှာ ပထမဆုံးမုန်းတီးမှုတွေပေါ်ပေါက်လာပြီး နှလုံးသားထဲမှာ ရွံရှာစရာမိစ္ဆာတစ်ကောင် မွေးဖွားလာခဲ့တယ်။ အငြိုးအတေးတဲ့။
ကိုယ်စောင့်နတ်ဖြစ်တဲ့ကျွန်တော်ကတော့ ဖြူစင်တဲ့ကလေးတစ်ယောက်ရဲ့ဖြူစင်မှုတွေ တဖြည်းဖြည်းဆုံးရှုံးလာတာကို ဘာမှမတတ်နိုင်ဘဲ ဒီအတိုင်းကြည့်နေခဲ့ရတယ်။
အဲဒီနေ့ညက ကောင်စုတ်လေးတစ်ယောက် မီးအလင်းရောင်မရှိတဲ့ အိမ်နောက်ဖေးမှာတစ်ယောက်တည်းထိုင်နေရင်း ကျိတ်ငိုကြွေးနေခဲ့တယ်။
“ငါအိမ်ပြန်ချင်တယ်… အိမ်ပြန်ချင်တယ်….”
“မဟုတ်ဘူး… ငါအိမ်ပြန်ရမယ်… အိမ်ကိုရောက်အောင်ပြန်မယ်။”
Good