လူ့ပြည်ရောက်မှတ်တမ်း
Chapter 2 – ငါးနှစ်ပြည့်
ကောင်လေးရပ်ကွက်ထဲကို တော်တော်လေးလျှောက်သွားတတ်လာတော့ လယ်မြေဟောင်းတွေနေရာမှာ တိုင်စိုက်ပြီးတော့ လူကြီးတွေဘောလုံးကန်နေတဲ့ နေရာတစ်ခုကို ရှာတွေ့သွားတယ်။
အရင်ကလည်း လျှောက်သွားတယ်ဆိုပေမဲ့ လမ်းတစ်လမ်းကနေတစ်လမ်း ကူးရဲတာမဟုတ်ဘူး။ ခုတော့ နည်းနည်းလေးကြီးလာတာနဲ့ အရဲက စွန့်လာပြီ။ တစ်ခါတလေ လှစ်ခနဲ လှစ်ခနဲထွက်သွားလွန်းလို့ သူ့အမေပျောက်မှာစိုးပြီး လိုက်ရှာရတဲ့နေ့တွေမနည်းဘူး။
နေညိုမှအိမ်ပြန်လာတတ်ပြီး အရိုက်ခံရလည်း မမှတ်တဲ့နေ့တွေပေါ့။
ဘောလုံးကွင်းထဲမှာက ရွယ်တူကလေးတွေမရှိပေမဲ့ နည်းနည်းပိုကြီးတဲ့ကလေးတွေတော့ ရှိကြသေးတယ်။ သူတို့က လူကြီးတွေဘောလုံးကန်တဲ့ ကွင်းဘေးနားက မြေလွတ်လေးမှာ သံတိုင်တွေနဲ့ဝရိန်ဆော်ပြီးလုပ်ထားတဲ့ ဂိုးတိုင်အသေးလေးတွေချပြီး ကလေးကွင်းလုပ်ကန်ကြတယ်။
ကလေးနည်းနည်းကြီးကြီးတွေက ကမကထလုပ်ပြီး တစ်ယောက်နှစ်ရာစီစိုက်လုပ်ထားတယ်ပြောတာပဲ။ တစ်ခါတလေ ဟိုဖက်ရပ်ကွက်က ကလေးတွေတောင် လာကန်ကြသေးတယ်။
ကောင်စုတ်လေးကတော့ ငယ်သေးတော့ ဝင်ကန်လို့မရသေးဘူးပေါ့။ ဒါပေမဲ့ ပိုးကမသေတော့ အိမ်က ဘောလုံးသေးသေးလေး ကွင်းထဲယူလာပြီး တစ်ယောက်တည်းကန်နေတော့တာ။
မိုးက မကျသေးပေမဲ့ တစ်ခါတလေ မိုးဖွဲဖွဲရွာတတ်တော့ ဘောလုံးကွင်းထဲမှာ ရွံတွေချည်းပဲ။ ဒီတော့ ကောင်စုတ်လေးတစ်ကိုယ်လုံးလည်း ပေကျံကုန်တော့တာပေါ့။
ဟောကြည့်ပါဦး၊ တစ်ယောက်တည်း ဘောလုံးကို လှိမ့်လိုက်၊ ကန်လိုက်၊ ပြန်ကောက်လိုက်နဲ့ တဖြည်းဖြည်း ကလေးတွေကန်တဲ့ကွင်းနဲ့တောင် ဝေးလာပြီ။ နောက်တော့ လူကြီးတွေကန်တဲ့ ဘောလုံးကွင်းထဲရောက်လာတယ်။
ရုတ်တရက် အရိပ်မည်းကြီးတစ်ခုက သူ့ရှေ့မှာပေါ်လာရော။ ကောင်စုတ်လေး ဘောလုံးကြီးပိုက်ထားရင်း မော့ကြည့်လိုက်တော့ အသားမည်းမည်းနဲ့ အရပ်ရှည်ရှည်လူကြီးတစ်ယောက် သူ့ကိုယုံကြည့်နေတယ်။
သူနားမလည်တဲ့စာတွေရေးထားတဲ့ တီရှပ်ကိုဝတ်ထားပြီး ဒိုင်းပုံပေါ်မှာ အမြှောက်ပုံပါတဲ့ တံဆိပ်ကိုရင်ဘတ်မှာတွေ့နိုင်တယ်။
ကောင်စုတ်လေးက ကလေးဆိုတော့ ဘောလုံးအင်္ကျီကို နားမလည်နိုင်ရှာသေးဘူး။ ဒါပေမဲ့ အဲဒီဝတ်စုံနဲ့လူတွေက ကြောက်စရာကောင်းမှန်းတော့သိတယ်။ တကယ့်ကြောက်စရာလူတွေ။
ဘေးအိမ်က အဖိုးကြီးအဖွားကြီးလင်မယားနဲ့ လက်ဖက်ရည်ဆိုင်ပါသွားတိုင်း အဲဒီလူတွေကို သူမြင်နေကျ။
အစိမ်းရောင်အရွက်အထုပ်လေးတွေ သယ်လာပြီး ပါးစပ်ထဲထည့် သွေးလိုနီနီရဲရဲအရည်ကြီးတွေကို ပြန်ထွေး။ စကားသံကလည်း ကျယ်ကကျယ်။ တစ်ခါတစ်ခါဆို အားမလိုအားမရနဲ့ မနေ့ညက ဘောပွဲအကြောင်းပြောနေတတ်သေးတာ။
ကလေးလေးက ဘောလုံးဆိုတာ ဘာမှန်းတော့သိတယ်။ တီဗီမှာလာတဲ့ ဘောလုံးလေးတစ်လုံးတည်းကို အုပ်စုလိုက်ကြီးဝိုင်းလုတဲ့ပွဲလေ။ ဘာလို့လုနေမှန်းတော့နားမလည်ဘူး။ သူတို့အမေတွေက ဘောလုံးတစ်ယောက်တစ်လုံးစီ လောက်အောင်ဝယ်မပေးလို့ ဝိုင်းလုနေကြတယ်ပဲထင်တာ။
အင်း၊ ကလေးတစ်ယောက်ကို ဘောလုံးပွဲအကြောင်း နားလည်အောင်သင်ပေးဖို့ကလည်း အရွယ်မတိုင်သေးဘူး။ ခြောက်နှစ် ခုနစ်နှစ်လောက်ဆိုရင်တော့ နားလည်ရင်လည်မှာပေါ့။
“ကောင်လေး၊ ဒါက လူကြီးတွေဘောလုံးကန်တဲ့နေရာ။ ဘောလုံးမှန်မယ်။ ဟိုဖက်သွားဆော့။”
အရပ်မြင့်မြင့်နဲ့လူကြီးက ကောင်လေးကိုချိုင်းကြားကနေ ဆွဲမပြီး ဟိုဖက်ပြန်ပို့လိုက်တယ်။ ကလေးကတော့ ကြောက်လွန်းလို့အသံတောင်မထွက်ရဲဘူး။ ဒါပေမဲ့ ဟိုက ဘာမှလုပ်မသွားတာမလို့ ငိုတော့မငိုဘူးရယ်။
အမှန်တရားတစ်ခုကိုပြောရရင်တော့ ကလေးသေးသေးလေးတွေက ကစားကွင်းမှာအထီးကျန်တတ်တယ်။ လူကြီးတွေနဲ့လည်း ဘောလုံးဝင်ဆော့လို့မရ၊ ကလေးတွေကလည်း လက်မခံဆိုတော့ သူတစ်ယောက်တည်း လေလွင့်နေတော့တာပေါ့။
ကောင်လေးတစ်ယောက် စိတ်ပျက်ပျက်နဲ့ ကွင်းဘေးနားထွက် သွားထိုင်တယ်။ ဘောလုံးလေးရှိပေမဲ့ သူနဲ့ဆော့မယ့်သူမှမရှိတာကိုး။ ကျွန်တော်လည်း တစ်ခုခုကြံအောင်မှပါ။ ကောင်ကလေး မျောက်မှိုင်မှိုင်နေတာ မကြည့်ရက်တော့ဘူး။
သူနဲ့ကစားဖော်ရှာပေးရင်ကောင်းမလား။ ဘေးဘီကိုကြည့်တော့ ချစ်စရာ စုတ်ဖွားခွေးလေးတစ်ကောင်ရှာတွေ့တယ်။
‘ဝုတ်…ဝုတ်….’ ဖြစ်နိုင်တာက ဘောလုံးကွင်းနား အိမ်တစ်အိမ်က မွေးထားတဲ့ ခွေးတစ်ကောင်နေမှာ။ အင်း၊ လူမဟုတ်ပေမဲ့ လုံတော့လုံလောက်ပါတယ်။
တိရစ္ဆာန်တွေမှာက လူသားတွေလိုမျိုး ကိုယ်စောင့်နတ်မရှိဘူး။ တကယ်တော့ လူသားတွေမှာတောင် တကယ်နှလုံးသားသန့်စင်တဲ့လူတွေဆီမှာပဲ နေကြတာများတယ်။ ကြီးလာတာနဲ့အမျှ ကိုယ်စောင့်နတ်က ကိုယ့်အနားမှာမရှိတော့တာများတယ်။ နှလုံးသားဖြူစင်တဲ့ကလေးတွေနားမှာတော့ ရှိကြတယ်။
‘ဝုတ်…ဝုတ်…’ တန်ခိုးနဲ့ နည်းနည်းကလိပေးတော့ အာဝုစုတ်ဖွားလေးက ကလေးလေးနားရောက်လာပြီး အမြီးနှံ့ပြတယ်။
ကလေးလေးလည်း ပျော်သွားပြီး လက်ထဲက ဘောလုံးလေးကို ပစ်ချလိုက်တယ်။ ခွေးလေးကတော့ ဘောလုံးကို သူ့ရှေ့ခြေလေးနှစ်ချောင်းနဲ့ လူတွေကိုအတုခိုးပြီး ကန်ကြည့်တယ်။
‘ဟဲဟဲဟဲ…’ ကလေးလေးလည်း ပျော်သွားပြီး ခွေးလေးနဲ့ ဘောလုံးစကစားတယ်။ ချစ်စရာအပြုံးလေးတွေက ဝင်ခါနီးနေရောင်အောက်မှာ တောက်ပလို့။
နေပါဦး၊ ကျွန်တော်ခုနဘာပြောလိုက်တယ်။
‘နေဝင်တော့မယ်၊ ဟုတ်လား။’ မကောင်းတော့ဘူး။
အိမ်ပြန်ဖို့နောက်ကျနေပြီး သူ့အမေလိုက်ရှာနေလောက်ပြီ။ ကလေးမေမေ သူ့ကိုရှာလို့မတွေ့ခင် အိမ်ကိုအရင်ရောက်အောင် ပြန်ခိုင်းမှဖြစ်မယ်။
ဒါပေမဲ့ ဆုတောင်းမပြည့်လိုက်ပါဘူး။ ကလေးလေးအပေါ်ကို အရိပ်မည်းကြီးတစ်ခုက လာဖုံးတယ်။ ခွေးလေးနဲ့ကစားနေတဲ့ ကလေးလေးက မော့ကြည့်တော့ တင်းမာနေတဲ့ မေမေ့မျက်နှာကြီး။
တကယ်ပြောတာ၊ ကလေးတွေအတွက်တော့ လူကြီးတွေရဲ့အရိပ်က ကြောက်စရာအကောင်းဆုံးအရာပဲ။ တစ်ခုခုဆူစရာရှိမှ လူကြီးတွေက နောက်ကနေ အခုလိုမျိုး လာရပ်လေ့ရှိတာကိုး။
“ဟဲ့ကောင်လေး၊ ငါကတော့ စိတ်ပူလို့လိုက်ရှာလိုက်ရတာ။ နင်ကတော့ ထမင်းမေ့ဟင်းမေ့ ဒီမှာလာကစားနေရလား။ လာစမ်း၊ လာစမ်း။ လယ်ကွင်းထဲက ကန်ထဲပြုတ်ကျနေရင် ဘယ်လိုလုပ်မလဲ။ တစ်ကိုယ်လုံး ပေလူးနေတာပဲ။”
ကလေးမေမေတစ်ယောက် ကလေးလေးကို နားရွက်လိမ်ဆွဲပြီး အိမ်ပြန်ခေါ်သွားတဲ့အတွက် ခွေးကလေးနဲ့ကစားနေတဲ့အချိန်လည်း ကုန်လွန်သွားတော့တယ်။
…
နောက်တစ်နေ့ရောက်တော့ ကလေးမေမေက အပြင်သွားစရာရှိလို့ ကလေးလေးကို အိမ်ထာအထိန်းတော်မလေးနဲ့ ထားခဲ့တယ်။
ပြဿနာက မောင်မင်းကြီးသားဟာ အင်မတန်ကဲလွန်းလို့ အိမ်ဖော်မလေးငိုသွားတဲ့အထိပဲ။ နောက်ဆုံးတော့ ဘေးအိမ်က အဖိုးကြီးအဖွားကြီးလင်မယားအိမ်ပဲ ပို့ထားလိုက်ရတော့တယ်။
ဒါပေမဲ့ ကောင်စုတ်လေးက နည်းနည်းကြီးလာပြီဆိုတော့ အဲဒီလင်မယားနှစ်ယောက်လည်း မထိန်းနိုင်တော့ဘူး။ မျောက်ရှုံးအောင်ဆော့တယ်။ သူတို့အိမ်က သစ်သားခြေတံရှည်အိမ်ဆိုတော့ သူ့အရပ်နဲ့လွတ်နေတဲ့ အိမ်အောက်ထဲဝင်ပြေးဆော့တယ်။
အဆိုးဆုံးကတော့ အိမ်ရှင်အဖိုးပင်ပင်ပန်းပန်းနဲ့ညှိပြီးရေလောင်းထားတဲ့ သဲမြေတွေကို သရက်သီးခူးတဲ့ သီတံနဲ့လိုက်စွလို့အကုန်ပွကုန်ရော။
ဒီကြားထဲ လစ်ရင်လစ်သလို ရေတွေကစားသေးတယ်။ အိမ်နောက်ဖေး ရေစည့်အိုးကြီးထဲကရေတွေကို လက်ကလေးနဲ့ခပ်ခပ်ပြီးတော့ မြှောက်မြှောက်ကစားနေတာ။ အင်္ကျီတွေရေစိုကုန်လို့ လဲရပြန်ရော။
နောက်တစ်ခါကျ ဘယ်ကနေဘယ်လို ဘုရားစင်အောက်က ကြေးစည်ထုတဲ့တူကိုရလာတယ်မသိဘူး။ အဲဒီတုလေးနဲ့ ဖန်ခွက်တွေကိုလိုက်ထုနေလို့ ဖန်ခွက်အကောင်းကြီးတစ်လုံးကွဲသွားတယ်။ လူမရှတာတော်လှ။
တော်တော်ကမြင်းတဲ့ကလေး။
နောက်ဆုံးတော့ သူတို့လည်းမထိန်းနိုင်တော့တာနဲ့ မုန့်ဖိုးလေးနှစ်ရာထုတ်ပေးပြီး လမ်းထိပ်က ဆိုင်မှာမုန့်သွားဝယ်ခိုင်းရတော့တယ်။ ဒါမှခဏလောက် မျက်စိနောက်သက်သာမှာကိုး။
မုန့်ဆိုင်လေးက သူတို့လမ်းထိပ်မှာ။ ဒီထက်ဆက်သွားရင် ရပ်ကွက်ထဲကထွက်သွားပြီး လမ်းမကြီးပေါ်ရောက်တယ်။ ကားတွေရှုပ်လို့ လူကြီးတွေကတော့ ကလေးလေးကို သွားခွင့်မပေးဘူး။ ကလေးလေးကလည်း မိဘတွေပြောတဲ့ ဦးတရုတ်ကြီးဗိုက်ထဲထည့်သွားလိမ့်မယ်ဆိုတာကြောက်တာနဲ့ မသွားရဲဘူး။
ဦးတရုတ်ကြီးက အဲဒီလမ်းပေါ်မှာ ကားပြင်ဆိုင်ဖွင့်ထားတာကိုး။
ဒီတော့ မုန့်ဆိုင်ကိုပဲ တည့်တည့်မတ်မတ်ရောက်သွားတယ်။ မုန့်ဆိုင်က အရောင်းစာရေးကောင်မလေးကတော့ ကောင်လေးသေးသေးလေးကိုကြည့်ရင်း သဘောကျနေရှာတယ်။
“မောင်လေး ဘာယူမလို့လဲ။”မေးတော့ အကုန်လုံးကို လက်ညိုးနဲ့ထိုးပြတော့တာ။ ဗလာကြော်လုံးလေးတွေလည်းစားချင်သေး၊ ဝေဖာလေးကလည်း ဝါးချင်သေး၊ စက္ကူထုတ်လေးနဲ့ နို့သကြားလုံးလေးကလည်းငုံချင်၊ ဟော ဗွီဗွီပင်မှည့်ကလည်း သောက်ချင်ပြန်ရော။ ဒါပေမဲ့ ပိုက်ဆံက နှစ်ရာတည်းလေ။
“မောင်လေးယူလာတာ နှစ်ရာတည်းလေ၊ တစ်ခုပဲစားလို့လောက်မှာ။” ဆိုင်ရှင်အစ်မကြီးက ရှင်းပြတော့ မျက်နှာငယ်လေးနဲ့။
နောက်တော့ ကောင်လေးရဲ့မျက်လုံးတွေက အရုပ်ထည့်ထားတဲ့မုန့်ဆီရောက်သွားတယ်။
“ဝါး….” မုန့်ထုပ်မှာရေးထားတာက ပါဝါရိန်းဂျားရုပ်ကံထူးဖို့ ပုစွန်ဝေဖာမုန့်ကို အခုပဲဝယ်စားလိုက်ပါတဲ့။ ကလေးက မဖတ်တတ်ပေမဲ့ ဒီကိုယ်တော်ကိုယ်စောင့်နတ်က ဖတ်တတ်တာကိုး။
ပြဿနာက အရုပ်ထည့်ထားတဲ့မုန့်တွေက အရုပ်နဲ့မြူဆွယ်ပြီး မုန့်ကလေးက ကလေးနှပ်ချေးဖက်လောက်ပါတာ။ သူမဝယ်လောက်ပါဘူးနော်။
ဟော၊ ပြောပြောဆိုဆိုနဲ့ ဆွဲဖြုတ်လိုက်ပြီ။ ဒီကလေး ပြောမရဆိုမရနဲ့။ အဲ၊ ကျွန်တော်ကလည်း ပြောလို့မရလို့ ဘာမှမပြောဘူးလေ။
နောက်တော့ ဆိုင်ရှင်အစ်မကြီးကို ပိုက်ဆံနှစ်ရာပေးပြီး မုန့်ထုပ်လေးကိုင် အိမ်ပြန်လာတယ်။ ဒါပေမဲ့အိမ်ရောက်လို့ မုန့်ထုပ်လေးလဲဖောက်လိုက်ရော ပါဝါရိန်းဂျားပုံပေါက်တယ်ဆိုရုံသာပြောနိုင်တဲ့ အပေါစားကော်ရုပ်လေးနဲ့ မုန့်လေးနှစ်လုံးလားပါတယ်။ ဒီတော့ ကလေးလေး အသည်းကွဲပြီပေါ့။
“ဝါး… ဝါး… ဝါး…” ဒါပေါ့ အလိမ်ခံလိုက်ရလို့ သူငိုနေတာလေ။
…
မွေးနေ့ပွဲနေ့ရောက်လာတော့ ရပ်ကွက်ထဲက ကလေးတွေနဲ့ အမျိုးတွေအားလုံး အိမ်မှာလာစုကြတယ်။ ဒီနှစ် ကလေးလေးငါးနှစ်ပြည့်ပြီဆိုတော့ သိပ်မကြာခင် ကျောင်းတက်ရတော့မှာ။
ပြောရမယ်ဆိုရင် ရပ်ကွက်ထဲလက်လားလက်လားလုပ်နေရမယ့်အချိန်တွေ ကုန်လွန်သွားပြီလို့ပြောရမှာပဲ။ မကြာခင် နှပ်ချေးတန်းတက်ရတော့မယ်၊ ဒီတော့ မကြာခင်သူလည်း ရွယ်တူကလေးတွေနဲ့ သူငယ်ချင်းဖွဲ့လို့ရတော့မှာ။ တစ်ယောက်တည်း မကစားရလောက်တော့ဘူး။
ဟော၊ ပြောခါမှ ထင်ထားတာထက်တောင် သူငယ်ချင်းရတာ ပိုမြန်နေသေးတယ်။ ကလေးမေမေဖက်က ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်လည်း ရွယ်တူကလေးမလေးတစ်ယောက်လက်ဆွဲပြီး အိမ်ထဲဝင်လာတယ်။ ချစ်စရာဂါဝန်လေးဝတ်ထားပြီး ပါးဖောင်းဖောင်းလေးနဲ့။ အင်း၊ ဒီနေ့ကံကောင်းရင် သူပထမဆုံးသူငယ်ချင်းရသွားလောက်တယ်မဟုတ်လား။ အဲဒီကောင်မလေးရဲ့ကိုယ်စောင့်နတ်နဲ့ဆက်သွယ်ပြီး အချိတ်အဆက်လေးလုပ်ပေးရမယ်။
အိမ်ရှင်ကျွန်တော့်ကောင်လေးကတော့ မင်းသားလေးလိုမျိုး အနောက်တိုင်းဝတ်စုံအသေးစားလေး ဝတ်ထားတယ်။ လည်ပင်းမှာလည်း အနီရောင်နက်တိုင် အသေးစားလေးနဲ့။
ဒါပေမဲ့ မျက်လုံးတွေကတော့ မွေးနေ့ကိတ်နှစ်ခုပေါ်မှာ။ မွေးနေ့ကိတ်မခွဲခင် သီချင်းဆိုပြီး ဖယောင်းတိုင်မှုတ်ချင်လှပြီကိုး။ ဒါမျိုးတော့ ဒီအသေးလေးက အတော်ဝါသနာပါတာ။
မွေးနေ့ကိတ်နှစ်ခုဖြစ်သွားတဲ့အကြောင်းအရင်းက ဘေးအိမ်က အဖိုးကြီးအဖွားကြီးလင်မယားကပါ မွေးနေ့ကိတ် စပရိုက်တိုက်ပြီးဝယ်လာလို့။ ဒီတော့ ကိတ်လေးနှစ်ခုနဲ့ မင်းသားချောပေါ့။
ရုတ်တရက် ချစ်စရာဂါဝန်လေးနဲ့ ကောင်မလေးတစ်ယောက် ကလေးလေးအနားရောက်လာတယ်။ သူ့ကိုကြည့်ရတာ ကျွန်တော့်ကလေးလေးကို အင်မတန်သဘောကျနေပုံပဲ။ မျက်လုံးလေးတွေက ကြယ်တွေလိုဝင်းလက်လို့။
“ချစ်စရာလေး…” ကလေးမလေးက ရုတ်တရက်ပြောလိုက်ရင်း ကျွန်တော့်ကောင်လေးကို လက်ကဘေးနှစ်ဖက်နဲ့ အတင်းဆွဲဖက်လိုက်တယ်။ နောက်တော့ သူ့ပါးဖောင်းဖောင်းလေးတွေနဲ့ ကောင်လေးမျက်နှာကို ပွတ်နေတော့တာပဲ။
“နူးညံ့လိုက်တာ…. ချစ်စရာလေး။” နောက်တော့ ပါးကို ပြွတ်ခနဲနမ်းလိုက်တယ်။
“…..”
“…..”
“…..” ရုတ်တရက်ကြီး အနမ်းခံလိုက်ရတဲ့ ကောင်လေးအပါအဝင် ကျွန်တော်ရော အနားကပရိသတ်တွေပါ ဆွံအသွားကြတယ်။
နောက်တော့ ကျွန်တော့်ကလေးလေးလည်းရှက်ပြီး မျက်နှာလေးနီမြန်းလာရော။ နောက်တော့ လူဆိုးကြီးနမ်းတာခံရတဲ့ ကောင်မလေးတစ်ယောက်လိုမျိုး ငိုကြီးချက်မနဲ့ ငိုတော့တာပဲ။
အမယ်၊ ဒီကောင်လေးက ခုအရွယ်ကတည်းက စော်ကြည်နေပြီဟ။ ကောင်မလေးကတောင် သူ့ကိုနမ်းရတယ်ဆိုပဲ၊ ကျွန်တော်နဲ့များကွာပ။ ဒါပေမဲ့ ခဏနေတော့ သတိဝင်လာပြီး ကောင်မလေးရဲ့ကိုယ်စောင့်နတ်ကိုမေးလိုက်တယ်။ ကျွန်တော်တို့က အချိတ်အဆက်လုပ်ထားတာဆိုပေမဲ့ ဒါတော့များသွားပြီလေ။ ကျွန်တော်က သူငယ်ချင်းရှာပေးချင်ရုံပါ၊ ခုတော့ ငယ်ရည်းစားရတော့မလိုဖြစ်နေတယ်။ ပြီးတော့ သူတို့တွေက လေးနှစ်ပဲရှိသေးတာဆိုတော့ မငယ်လွန်းဘူးလား။
ခဏနေတော့ ကလေးအမေနဲ့ကောင်မလေးရဲ့အမေလည်း သတိထားမိပြီးရောက်လာတယ်။
“နန်ရွယ်၊ သမီးဘာလုပ်နေတာလဲ။ မောင်လေးငိုအောင်မစရဦးလေ။” ကောင်မလေးကအမေကလည်း ကောင်မလေးလိုပဲ အသားဖြူဥဥနဲ့တကယ်လှတယ်။ အမေနဲ့သမီးဆိုတဲ့အတိုင်းပဲ။ နာမည်အရတော့ တိုင်းရင်းသားနာမည်ဖြစ်တဲ့ပုံပဲ။
“ဟုတ်ဖူးမေမေ၊ သမီးက မောင်လေးချစ်ဖို့ကောင်းလို့ နမ်းလိုက်တာ။ မေမေလည်း သမီးကိုချစ်ဖို့ကောင်းလို့ဆိုပြီး နမ်းနေကျလေ။”
ကဲ၊ မခက်ဘူးလား။ ဘယ်လိုရှင်းပြကြမတုန်း။
သူတို့အချင်းချင်းပြောနေတာတော့ ကလေးမလေးက ကောင်လေးထက် နှစ်လလောက်ကြီးတယ်။ အများကြီးမကွာပေမဲ့ အတင်းကိုမောင်လေးချည်းလုပ်နေတော့တာ။
ဒါပေမဲ့ကောင်လေးမေမေပဲဖြစ်ဖြစ် ကောင်မလေးမေမေပဲဖြစ်ဖြစ် စိတ်မဆိုးကြဘူး။ သူတို့ချင်းတောင် စနောက်နေကြသေးတယ်။
“ကဲမိန်းမရေ၊ တို့တွေကျောင်းတက်တော့လည်း အတူတူ၊ တက္ကသိုလ်တက်တော့လည်း မေဂျာတူ၊ မင်္ဂလာဆောင်တော့လည်း နှစ်အတူတူဆိုတော့ ရေစက်မပါကြဘူးလား။ တို့သမီးလေးနဲ့နင့်သားလေး ဖူးစာဆုံသွားရင်လည်းမဆိုးပါဘူး။”
နောက်တော့ ကောင်လေးနဲ့ကောင်မလေးကို နှစ်ဖက်အမေတွေ ပါးစပ်နဲ့စေ့စပ်ပေးဖြစ်သွားတယ်။
နောက်တော့ မွေးနေ့သီချင်းမဆိုခင် ဂါဝန်ဖြူလေးနဲ့ကောင်မလေးလက်ထဲ ပန်းစည်းသေးသေးလေးထည့်ပေးပြီး နှစ်ယောက်တွဲရပ် ဓာတ်ပံရိုက်ခိုင်းကြသေး။
“၁… ၂… ၃ ရိုက်ပြီ။”
ချလက်။
အဲဒီခေတ်က ဒီဂျစ်တယ်ကင်မရာတွေမပေါ်သေးပေမဲ့ ဓာတ်ပုံချက်ချင်းထုတ်ပေးတဲ့ ကင်မရာတော့ရှိနေပြီ။ မကြာခင်မှာပဲ ဓာတ်ပုံထွက်လာပြီး ပုံလေးထဲမှာတော့ ကောင်လေးကရှက်လွန်းလို့ မျက်နှာလေးနီရဲနေပြီး ကောင်မလေးကတော့ သူ့လက်ကိုအတင်းဖက်ထားလေရဲ့။
နောက်တော့ ငါးနှစ်ပြည့်မွေးနေ့ ကိတ်ခွဲပွဲလေးစတော့တာပေါ့။
“ဟက်ပီဘက်ဒေးတူယူ… ဟက်ပီဘက်ဒေးတူယူ ဖော်…. ဟက်ပီဘက်ဒေးတူယူ…”