လူ့ပြည်ရောက်မှတ်တမ်း
Chapter 1 – ကလေးပေါက်စန
၂၀၀၂ ခုနစ်၊ ဖေဖော်ဝါရီလ။
“ဟော၊ ကလေးထွက်လာပြီ ထွက်လာပြီ။”
သူနာပြုတစ်သိုက်က မိခင်ရဲ့ဝမ်းဗိုက်ထဲက ကလေးကို ညင်ညင်သာသာနှင့် ဆွဲထုတ်လိုက်ကြတယ်။ တစ်ချိန်တည်းမှာပဲ မွေးကင်းစကလေးလေးရဲ့ဘေးကို ကျွန်တော်ပြုတ်ကျလာတယ်။
“ငါ ဘယ်သူလဲ၊ ဘယ်ကလာတာလဲ၊ ဘယ်ကိုရောက်နေတာလဲ၊ ဘာလုပ်မလို့လဲ။”
စစချင်း ကျွန်တော့်ခေါင်းထဲပေါ်လာတဲ့အတွေးက အဲဒီအတွေး။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ အဖြေရလာတယ်။
ကျွန်တော်က ကိုယ်စောင့်နတ်၊ နတ်ပြည်ကနေ အပြစ်ကင်းစင်တဲ့ကလေးလေး ကြီးပြင်းလာတာကို စောင့်ကြည့်ပေးဖို့အတွက် စေလွှတ်လိုက်တာ။ အခုဇာတ်လမ်းလေးက အဓိကအားဖြင့်တော့ ကျွန်တော့်ဇာတ်လမ်းလေးဆိုတာထက် ဒီနာမည်မပေးရသေးတဲ့ ကလေးလေးရဲ့ဇာတ်လမ်းလို့ပဲ ဆိုပါတော့။ ကျွန်တော်က သူကြီးပြင်းလာတာကို ဘေးကနေ စောင့်ကြည့်ရုံပါပဲ။
“ကလေးက ယောက်ျားလေးတော့။”
“ဂုဏ်ယူပါတယ်။”
“ဒါပေမဲ့ သေးသေးလေးနော်၊ ပေါင်ချိန်ကြည့်လိုက်ဦးမယ်။”
“ဟောတော့… ကလေးက ခုနစ်ပေါင်ပဲရှိတယ်တဲ့။ နှံပီစုပ်ကလေးပေါ့။”
သူနာပြုအုပ်စုက နာမည်မပေးရသေးတဲ့ ကျွန်တော်တာဝန်ယူထားရတဲ့ ကလေးကိုတစ်ယောက်တစ်လှည့်ချည်ရင်း အမျိုးမျိုးကြည့်ရှူနေကြတယ်။ ဟိုနေရာဖြဲကြည့်လိုက် ဒီနေရာဖြဲကြည့်လိုက်နဲ့။ မျက်လုံးမပွင့်သေးတဲ့ ကလေးလေးလည်း သည်းမခံနိုင်တော့လို့လားမသိဘူး၊ တဗြဲဗြဲနဲ့ကို အော်ငိုတော့တာပဲ။
“ကဲကဲ အရေးကြီးတာ လုပ်ကြဦး၊ အချင်းဖြတ်ရအောင်။ ခဏနေရင် နေ့လယ်စာစားချိန်ရောက်တော့မှာ။”
ကျွန်တော်စောင့်ကြည့်နေတုန်းမှာပဲ သူနာပြုအဖွဲ့က ကလေးလေးရဲ့ချက်ကနေထွက်နေတဲ့ အချင်းတိုင်ကိုခွဲခန်းသုံးကပ်ကြေးနဲ့ဖြတ်ပြီး ပြန်ချည်ပေးလိုက်ကြတယ်။
ကလေးချီထားတဲ့ သူနာပြုကလွဲရင် ကျန်တဲ့လူတွေအကုန်လုံးက မွေးခန်းထဲက ထွက်သွားပြီ။ အဲဒီသူနာပြုကလည်း ကြာကြာမနေဘူး။ အမေ့ရင်ခွင်ထဲ ကလေးကိုထိုးပေးလိုက်တော့တာ။
“ကဲ… ကလေးကိုနို့တိုက်လိုက်ဦး… မွေးကင်းစကလေးက နို့ဝဖို့အရေးကြီးတယ်။” နောက်တော့ သူလည်းထွက်သွားတော့တာပဲ။
အဲဒီတော့မှ ကလေးကိုကျွန်တော် အသေးစိတ်ကြည့်ဖြစ်တာ၊ အကောင်လေးက သေးပေမဲ့ ဖြူဖြူစင်စင်လေး။ အခုမိခင်နို့ရည်ကို အေးဆေးစွာမျိုချနေလေရဲ့။
ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်လဲ။ သူ့ကိုကြည့်နေရင်း ကျွန်တော်ပြုံးလိုက်မိတယ်။ ဒီလိုချစ်စရာကလေးမျိုး ကြီးပြင်းလာမှာကို စောင့်ကြည့်ရတာ အရှုံးမရှိလောက်ဘူးထင်ပါရဲ့။
ဒါပေမဲ့ ကျွန်တော်စျာန်ဝင်နေတုန်းမှာပဲ သူနာပြုမတွေ ဖြစ်သလိုချည်ပေးထားတဲ့ ချည်ကြိုးကပြတ်ထွက်ပြီး သွေးတွေဓလဟောဆိုသလို စီးကျလာပါလေရောလား။
“ဟေး…ဟေး… လုပ်ကြပါဦး…တစ်ယောက်ယောက်ဆရာဝန်ခေါ်ပေးကြပါ။” ဒီကပျက်ကချော်သူနာပြုတွေနဲ့တော့၊ သေတော့မှာပဲ။ ကျွန်တော်လည်း မနေနိုင်တော့ဘဲ အသံဗြဲကြီးနဲ့ အော်ဟစ်အကူအညီတောင်းမိတော့တာပဲ။
…
၂ ပတ်ကြာပြီးနောက်။
ဒီနေ့ကတော့ ကလေးလေးရဲ့ဖေဖေကို ပထမဆုံးကျွန်တော်မြင်ဖူးတာပဲ။
သူတို့မိသားစုလေးတွေ တစ်စုတစ်စည်းတည်း ပထမဆုံးရှိနေတဲ့အချိန်ပဲ။ ကျွန်တော်လည်း သူတို့ကို ဘေးနေကြည့်နေရင်း ဝမ်းသာမိတယ်။ သူတို့မိသားစုလေး တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင်နေသွားရဖို့ မျှော်လင့်မိတယ်။
အဲဒီနေ့က ဖေဖေက မေမေနဲ့သားလေးကို အိမ်ဆိုတဲ့နေရာကို ခေါ်သွားတယ်။ ကိုယ်ပိုင်ကားလေးနဲ့။
‘နေပါဦး၊ ငါတို့မှာ ကိုယ်ပိုင်ကားလေးရှိတယ်လား။’ သူတို့ကားလေးထဲမှာ အတူထိုင်လိုက်သွားရင်း ကျွန်တော်စဥ်းစားမိတယ်။ ဒီနိုင်ငံငယ်လေးမှာ ကားပိုင်ဖို့မလွယ်ဘူးလေ။ ဒီတော့ သူတို့က အသင့်အတင့်တော့ ချမ်းသာလောက်တယ်မလား။ ဒါဆို ဒီကလေးလေးလည်း ကျန်းကျန်းမာမာချမ်းချမ်းသာသာနဲ့ ကြီးပြင်းလာလောက်တယ်မလား။
ဟားဟား… ကျွန်တော်စောင့်ရှောက်နေတဲ့ကလေးလေး ပြဿနာမရှိဘဲ ကြီးပြင်းသွားမယ်ဆိုရင် ပျော်ရွှင်စရာပဲမဟုတ်လား။
နောက်တော့ ကားလေးက တစ်ထပ်တိုက်လှလှလေးရှေ့မှာ ရပ်လိုက်တယ်။ အိမ်ပတ်ဝန်းကျင်က သန့်ရှင်းနေပြီး ဆူညံ့သံတွေလည်းမရှိဘူး။ သူ့မိဘတွေပြောတာတော့ စိတ်ငြိမ်ရပ်ကွက်လေးဆိုလားပဲ။ ပတ်ဝန်းကျင်သန့်တယ်တဲ့။
အိမ်ထဲရောက်တော့ အစေခံတစ်ယောက်ကိုလည်းတွေ့ရသေးတယ်။ သူက အခုကနေစပြီး ကျွန်တော်တာဝန်ယူရတဲ့ ကလေးလေးကို စောင့်ရှောက်ပေးမဲ့ ကလေးထိန်းတဲ့။
နောက်နေ့ရက်တွေကတော့ ပျော်ပျော်ရွှင်ရွှင်ပါပဲ။ တစ်နေဝင်တယ် တစ်နေထွက်တယ်၊ ပူတူတူးလေး နိုးလာတယ်၊ ပြန်အိပ်တယ်။
အီးအီးပါ၊ ရှူရှူးပေါက်၊ အစာစား။ ကလေးထိန်းအစ်မကြီးက တပျစ်တောက်တောက်ပြောရင်း အနှီးလဲပေး။
တစ်ရက်တော့ ဝမ်းပျက်ပြီးအနှီးအထည်တစ်ရာတောင်မလောက်လို့ ဖေဖေ့ပုဆိုးတွေပါ ပါသွားသေးတယ်ဆိုပဲ။ ဟားဟား… ငါ့ကောင်လေးကတော့ အီးထုတ်စက်ရုံအသေးစားလေးပဲ။
ဒီလိုပါပဲ၊ တစ်နှစ်လောက် အပြောင်းအလဲမရှိခဲ့ဘူး။ ကောင်လေးဖေဖေက အလုပ်သွားခါနီးတိုင်း မေမေနဲ့သားလေးကို နှုတ်ဆက်တယ်။ သားလေးနဖူးကို နမ်းနေကျ။ ကလေးကတော့ ဂျောက်ဂျက်လေးနဲ့ကစားရင်ကစား ဒါမှမဟုတ်လည်း ပုခက်ပေါ်က လင်းပိုင်ရုပ်လေးတွေကို လက်နဲ့ထိဖို့ကြိုးစားရင်း ပင်ပန်းရင်အိပ်ပေါ့။
စားပြီးအိပ်၊ အိပ်ပြီးစား။
…
နည်းနည်းလေးကြီးလာတော့ ကောင်လေးမှာ တခြားအသိတွေလည်းရှိလာတယ်။ ကောင်လေးနေတဲ့ဘေးအိမ်မှာက ကလေးမရတဲ့ အဖိုးကြီးအဖွားကြီးနှစ်ယောက်နေကြတယ်။ သိပ်မကြာခင်မှာပဲ ကောင်လေးရဲ့အမေနဲ့အဖိုးကြီးလင်မယားရင်းနှီးသွားကြတယ်။ တစ်ခါတလေ ကောင်လေးငိုနေရင် ဟိုဖက်အိမ်ခေါ်သွားတာနဲ့ တိတ်ရော။ တိတ်မှပေါ့၊ အဲဒီလင်မယားနှစ်ယောက်က မုန့်မျိုးစုံနဲ့ ဝိုင်းမြူဆွယ်နေကြတာကိုး။ တကယ်ပြောတာ သူတို့လင်မယားက ကျွန်တော့်ကလေးလေးကို မိဘတွေလစ်ရင် ခိုးပြီးယူပြေးမလားတောင်ထင်ရတဲ့အထိပဲ။
တစ်နေ့တော့ ကောင်လေးကို အဖိုးကြီးအဖွားကြီးနှစ်ယောက်က လက်ဖက်ရည်ဆိုင်ခိုးခေါ်သွားတယ်။
ဟုတ်ပါတယ်၊ တကယ့်သောက်ကျိုးနည်းပါ။ လက်ဖက်ရည်စွဲနေတဲ့ အသက်ကြီးကြီးလင်မယာနှစ်ယောက်က တစ်နှစ်ကျော်ပဲရှိသေးတဲ့ ကောင်ကလေးကို လက်ဖက်ရည်ခိုးတိုက်ဖို့ကြံနေကြတာ။
‘မကြံကောင်းမစီရာတွေ၊ မနေ့ကမှ ကောင်လေးချွဲကျပ်လို့ ကလေးအမေက ဆေးခန်းသွားပြပေးရသေးတယ်လေ။ လုပ်ကြပါဦးဗျို့။’
တကယ်တော့ ကျွန်တော်လျှောက်အော်နေပေမဲ့ လူတွေက ကြားရတာမှမဟုတ်တာ။ ကျွန်တော်က ဒီအတိုင်း ကလေးကိုစောင့်ကြည့်နေတဲ့နတ်လေ။ ဘယ်လိုလုပ် တန်ခိုးစွမ်းအားတွေရှိမှာလဲ။
“ပူတူတူးလေး အာအာ…” ကလေးမရှိတဲ့အဖွားကြီးက လက်ဖက်ရည်ချိုစိမ့်ကို ဇွန်းသေးသေးလေးထဲခပ်ထည့်ပြီး ကောင်ကလေးပါးစပ်ထဲ ခွံပေးလိုက်တယ်။
သောက်ပြီးချောင်းဆိုးမယ့်အရေး ဘာမှမသိရှာတဲ့ ကလေးပူတူးတူးလေးကတော့ ပြုံးစိပြုံးစိနဲ ရယ်ပြနေရှာတယ်။ ခက်တော့တာပဲ။
ပထမလက်ဖက်ရည်တစ်ဇွန်းကို မျိုချပြီးတဲ့နောက် ကောင်ကလေးက လက်ဖက်ရည်ခွက်ကို ငုံကြည့်လိုက်တယ်။ နို့ဆီတွေက များလွန်းလို့ အရည်တောင်မပျော်သေးဘူး။ သွားမရှိတော့တဲ့အဖွားကြီးက အဲဲဒီနို့ဆီတွေပျော်သွားအောင် ဇွန်းနဲ့မွှေပေးနေတယ်။ ကလေးကတော့ စိတ်ဝင်စားစရာကောင်းတဲ့ နို့ဆီအဖက်အဖက်လေးတွေ ဘယ်ရောက်သွားလဲဆိုပြီး မျက်လုံးအပြူးသားလေးနဲ့ လိုက်ရှာနေလေရဲ့။
အဲဒီအသက်ကြီးကြီးလင်မယားက တအားအချိုကြိုက်တတ်ကြတယ်။ သူတို့ဘာသာသူတို့ကြိုက်တာတော့ အပြစ်မပြောလိုပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကလေးလေးကို အကျင့်လုပ်ပေးနေတာခက်တာ။
ဟိုနေ့က ချွဲကျပ်တာလည်း သူတို့ကျွေးနေကျမုန့်တွေကြောင့်လေ။ တစ်နေကုန် အချိုတွေချည်းစားနေမှတော့ ချွဲမကျပ်ဘဲ ဘယ်ခံနိုင်မလဲ။ ကလေးတွေက သကြားဓာတ်လိုပေမဲ့ တန်ဆေးလွန်ဘေးလေ။
ဟော၊ အဖိုးကြီးက ပိုဆိုးသေးတယ်။ ဆီရွဲရွဲအီကြာကွေးကြီးကို ကလေးပါးစပ်ထဲခွံနေပြန်ပြီ။
“သားလေး စားကြည့်၊ ကောင်းမှကောင်း။”
‘အဲဒါ နှစ်ရက်လောက်မလဲဘဲ ပြန်ကြော်ဆီတွေနဲ့ကြော်ထားတဲ့ အီကြာကွေးကြီးမဟုတ်ဘူးလား။’ ဒုက္ခပဲ၊ လူ့ပြည်ကဆိုင်တွေက မတော်လောဘ သိပ်ကြီးကြတယ်မဟုတ်လား။
ဆီဖိုးသက်သာအောင်ဆိုပြီးတော့ လက်ဖက်ရည်ဆိုင်တွေက စားအုံးဆီအညံ့စားမှ သုံးကြတာ၊ ပိုပြီးတော့ နှစ်ရက်လောက် ဆီလဲကြတာလည်းမဟုတ်ဘူး။ အဲဒီမှာ ကာဗွန်တွေသွားစုနေပြီးတော့ ရေရှည်မှာ ကင်ဆာဖြစ်လောက်တဲ့အထိ ဆိုးဝါးတဲ့စားစရာတွေ ထွက်လာတော့တာပဲ။
ဒီလင်မယားနှစ်ယောက် သူတို့ဘာသာသူတို့ ရောဂါငွေပေးဝယ်နေတာ ပြဿနာမဟုတ်ဘူးလေ။ ကလေးကိုပါ အပါခေါ်နေတာက ပြဿနာ။ မဖြစ်တော့ဘူး၊ တစ်ခုခုကြံမှဖြစ်တော့မယ်။
အကြံက သုံးခုထွက်လာတယ်။
နံပါတ်တစ်၊ ကလေးကို ဒုက္ခပေးနေတဲ့လင်မယားကို ကိုယ်ထင်ပြပြီး ခြောက်လွှတ်လိုက်မယ်။
ပြဿနာက ကျွန်တော်က သာမန်ကိုယ်စောင့်နတ်လေးဖြစ်နေပြီး အဲဒီလောက်အစွမ်းမထက်တာပဲ။
နံပါတ်နှစ်၊ ကလေးကို မုန့်မစားချင်အောင် အကြံပေးလိုက်မယ်။
ကိုယ်စောင့်နတ်တွေမှာရှိတဲ့ အစွမ်းတွေထဲကတစ်ခုက ကိုယ်စောင့်ရှောက်နေရတဲ့လူကို အကြံပေးနိုင်တာပဲ။ တစ်ခါတလေ သူတို့ဘာသာတို့ စဥ်းစားပြီးအကြံထွက်သွားပါတယ်ဆိုတဲ့ဟာတွေက ကိုယ်စောင့်နတ်မင်း စီစဥ်သည်ဆိုတဲ့ခေါင်းစဥ်အောက်မှာ။
ပြဿနာက ကလေးက ငယ်လွန်းနေပြီး ကျွန်တော်ပေးတဲ့အကြံတွေကို နားလည်မှာမဟုတ်ဘူး။
….
‘ကလေး… အဲဒီမုန့်တွေက ရောဂါရနိုင်တယ်။’
“အဟီးဟီ၊ အဟက်အဟက်။” [ရုပ်ချောချောကိုယ်စောင့်နတ်ကြီး ပြူးပြဲပြနေတာမြင်လို့ ကလေးပျော်ပြီး ရယ်ပြနေတဲ့အသံ။]
ဟော၊ ကျွန်တော်ထင်တဲ့အတိုင်းပဲဗျာ။
….
အဲဒီလိုဖြစ်နေမှာမလို့ အကျိူးမထူးဘူး။
တတိယနည်းလမ်းကတော့၊ လူစွမ်းနတ်မဆိုသလိုပဲ တခြားနတ်တစ်ယောက်ယောက်ကို မစပေးဖို့ အကူအညီတောင်းရတော့မှာပေါ့။
ကျွန်တော်လည်း ကလေးနားကခွာပြီး ရပ်ကွက်ထဲက စျေးကိုသွားတယ်။ ကလေးအမေက ဟင်းချက်ဖို့ စျေးဝယ်ထွက်နေတာလေ။ ကလေးကို အိမ်ဖော်အစ်မကြီးနဲ့ထားခဲ့တုန်း ဟိုလင်မယားက မလာကြတာ။
စျေးရောက်တော့ ခြင်းတောင်းကြီးအပြည့် ဟင်းစားဝယ်နေတဲ့ ကလေးအမေကိုတွေ့တော့တာပဲ။ ကလေးအမေနောက်မှာတော့ ဘယ်သူမှ သူ့ကိုမြင်ပုံမရဘဲ တတ်တိုက်ခံနေရတဲ့ ကိုယ်စောင့်နတ်မလေးတစ်ယောက်။
ကျွန်တော်သူ့အနားကိုကပ်ပြီး အကူအညီတောင်းလိုက်တယ်။ “အစ်မကြီး၊ ကျေးဇူးပြုပြီးကူညီပါဦး။ ဘေးအိမ်က လင်မယားတွေ ကလေးကိုပြဿနာရှာနေကြပြီ။”
ကလေးအမေရဲ့ကိုယ်စောင့်နတ်ကလည်း လိုက်လိုက်ရောရော ကူညီပေးရှာပါတယ်။ ခဏလောက်နေတော့ ကလေးအမေခေါင်းထဲ အတွေးတစ်ခုပေါ်လာတယ်။
“အင်း… အိမ်က အိပ်ပုပ်ယောက်ျားအတွက် ပဲပြုတ်နံပြားဝယ်ပေးရင်ကောင်းမလား။” ကိုယ်စောင့်နတ်က အကြံပေးလိုက်တာမလို့ တစ်ခါမှယောက်ျားဖို့ ဘာအပိုစားစရာမှဝယ်မလာပေးတတ်တဲ့ မယ်တော်မေမေတစ်ယောက် အကြံပေါ်လာပါလေရောလား။
ဒီလိုနဲ့ ဟိုဖက်လမ်းထဲက လက်ဖက်ရည်ဆိုင်ကိုရောက်လာပြီး နံပြားဝယ်ဖို့လုပ်ရာကနေ ကလေးကို လက်ဖက်ရည်တွေနင်းကန်တိုက်နေတဲ့ အဖိုးကြီးအဖွားကြီးလင်မယားနဲ့ အကြည့်ချင်းဆုံသွားတော့တာပဲ။
“……”
“……”
သူတို့သုံးယောက် အချိန်တော်တော်ကြာအောင် တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းပြိုင်နေတယ်။ ကလေးအမေကတော့ မသိရင်ထရိုက်တော့မယ့်မျက်နှာနဲ့။ ကလေးအခုတလော ချွဲကျပ်ပါတယ်ကျပ်ပါတယ်နဲ့ လက်စသတ်တော့တရားခံက ဒင်းတို့လင်မယားကိုး။
လက်ဖက်ရည်ဆိုင်ထဲက လေထုက အေးစက်လာတယ်။ မသိရင် သူတို့သုံးယောက်ထချကြတော့မယ့်အတိုင်းပဲ။
ဒါပေမဲ့ကံကောင်းစွာနဲ့ ကလေးလေးက သူ့အမေကိုလည်းမြင်ရော ချက်ချင်းလက်နှစ်ဖက်ကိုမြှောက်ပြီး လှမ်းပြောလိုက်တယ်။
“မေမေ… ချီ… ချီ…”
ကြွားတာတော့မဟုတ်ပေမဲ့ ကျွန်တော့်ကောင်လေးက ရှစ်လသားကတည်းက ဖေဖေ၊မေမေနဲ့ ခေါ်တတ်နေပြီ။ ရွှေဉာဏ်တော်စူးရောက်၊ အဲလေ ဉာဏ်ထက်တယ်ပြောတာ။
ဒီလိုနဲ့ ကလေးအမေက စျေးခြင်းတောင်းတစ်ဖက်နဲ့ ကလေးကိုချီပြီးပြန်သွားလို့ နှစ်ဖက်အဖွဲ့တွေ ရန်ထမသတ်ဘဲ အပစ်ရပ်ကုန်ကြတယ်။
ဘာပဲဖြစ်ဖြစ် ဒီနေ့တစ်နေ့တာကိုတော့ ကျွန်တော်ကာကွယ်နိုင်ခဲ့ပါပြီ။
…
ကလေးသုံးနှစ်ပြည့်တော့ လမ်းမပေါ်တက်ဆော့တတ်နေပြီ။
ကံကောင်းစွာနဲ့ သူတို့နေတဲ့နေရာလေးက ဆိတ်ငြိမ်ရပ်ကွက်လေး။ လူအများကြီးမရှိပေမဲ့ အကုန်လုံးက ခင်မင်ပြီးဖော်ရွေကြတယ်။ လမ်းမတန်းလည်းမဟုတ်တော့ ကားမရှုပ်ဘူး။
ကောင်ကလေးကတော့ တော်တော်ကမြင်းသား၊ အိမ်တစ်အိမ်က လမ်းဘေးမှာစိုက်ထားတဲ့ ပန်းပွင့်လေးတွေကိုချိိုးပြီး ဝတ်မှုန်တွေကိုစုပ်နေလို့လေ။
အချိုတွေကျွေးလွန်းတဲ့ အဖိုးကြီးအဖွားကြီးလင်မယားနဲ့ အနေများပြီးတော့ သူပါအချိုစွဲသွားတယ်။ ချွဲကျပ်တဲ့ရောဂါကလည်း မသိရင် မွေးရာပါလားမှတ်ရတယ်။ ချွဲနဲ့ကောင်ကလေး ခွဲကိုမရတော့ဘူး။
တစ်နေ့တော့ သူပန်းတွေခိုးခူးနေတုန်း ပန်းပင်စိုက်ထားတဲ့ အိမ်ရှင်ဦးတရုတ်ကြီး နောက်ကနေလိုက်ပါရောလား။
“ခွေးကောင်လေး၊ ငါက အလှစိုက်ထားတာ။ မင်းက အကုန်ဖျက်ဆီးပစ်စရာလား။ နောက်တစ်ခါ ခွေးနဲ့ရှူးတိုက်ပစ်ဦးမယ်။”
ဦးတရုတ်ကြီးက ဟန့်ရုံဟန်လိုက်တာပေမဲ့ ကောင်ကလေးကတော့ တကယ်ထင်ပြီး အိမ်အထိတန်းပြေးလာတော့တာပဲ။ အိမ်လည်းရောက်ရော အမေပေါ်ကိုဖက်တက်ပြီး တိုင်ပြောရှာတယ်။
“မေမေ၊ ဦးတရုတ်ကြီးက သားကို ခွေးနဲ့ရှူးတိုက်မယ်တဲ့။” ဒါပေမဲ့ အကြောင်းစုံသိပြီးသားဖြစ်တဲ့ ကလေးအမေကတော့ ခေါင်းကိုခေါက်ပြီး ပြောလိုက်လေရဲ့။
“တော်၊ ကောင်စုတ်လေး။ နင်အဲဒီအိမ်ကပန်းတွေကို သွားသွားကမြင်းနေတာ ငါမသိဘူးမှတ်နေလား။” ရက်အတော်ကြာတဲ့အထိ ကောင်ကလေးတစ်ယောက် ဦးတရုတ်ကြီးအိမ်နား မကပ်ရဲဘူး။ သူမက်တဲ့ အိပ်မက်ဆိုးတွေထဲ ခွေးကြီးလိုက်လို့ပြေးနေရသေးတယ်။ နောက်ရက်နည်းနည်းကြာမှသိရတာက ဦးတရုတ်ကြီးအိမ်မှာ ခွေးတစ်ကောင်မှမွေးမထားဘူးဆိုတာပါပဲ။
အဲဒီနောက်တော့ ခါတိုင်းလို ပန်းစားဘီလူးလေး ပြန်ဖြစ်သွားတော့တာပဲ။