တောင်းဆုတို့ပြည့်ပါစေ (ဝတ္ထုတို)
ဇာတ်သိမ်းခန်း
နောက်တစ်နေ့ ကျွန်တော်ဟိုတယ်မှာရှိနေတုန်း အမေ့ဆီက ဖုန်းဝင်လာတယ်။ မျှော်လင့်မထားတဲ့ စကားဖြစ်တဲ့ “သားအဖေ အသည်းအသန်ဖြစ်နေတယ်”တဲ့။
ကျွန်တော်သိသလောက်တော့ အဖေ့မှာဘာရောဂါမှရှိတာမဟုတ်ဘူး။ ဒါပေမဲ့ စိတ်ပူနေတဲ့အတွက်ကြောင့် အိမ်အပြန်ရထားလက်မှတ်ဝယ်ပြီး ကျောင်းတက်နေတဲ့ ဘီမြို့ကနေ မွေးရပ်မြေအေမြို့လေးဆီ ပြန်လာခဲ့တယ်။
ရထားပေါ်မှာတော့ ကျွန်တော်အခုကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုစီကို ပြန်စဥ်းစားနေမိတယ်။ ကျွန်တော့်ဘဝတစ်လျှောက်လုံး အမှားတွေပဲတောက်လျှောက်လုပ်ခဲ့တာ အခုအချိန်အထိပဲ။
ကျွန်တော့်ဘဝက ကျွန်တော့်မိဘတွေသာမရှိခဲ့ရင် စုတ်ပြတ်သတ်နေလောက်ရောပေါ့။ အဲဒီနေ့က တွေ့ခဲ့တဲ့ အိမ်ရာမဲ့အမူးသမားကမှ ကျွန်တော့်ထက်အခြေအနေပိုကောင်းလောက်သေးတယ်။
မဆီမဆိုင် လက်ကတက်တူးကိုကိုင်ကြည့်ရင်း ကျွန်တော်မေးမိတာက “ဘေလီရယ်၊ ငါ့မှာသက်တမ်းဘယ်လောက်ကျန်သေးလဲ။” ဆိုတာပဲ။
သူပြန်ဖြေတာကတော့ “ဆယ်နှစ်လေ။”တဲ့။ အသက်နှစ်ဆယ်ကျော်ပဲရှိသေးတဲ့ ကျွန်တော့်အတွက်တော့ ဆယ်နှစ်ဆိုတာ မများတော့ပါဘူး။ အသုံးမဝင်တဲ့ အရာတချို့အတွက် ကျွန်တော့်အသက်ကို ဖြုန်းခဲ့မိတယ်မဟုတ်လား။
ကျွန်တော်ဖုန်းကိုထုတ်လိုက်ပြီး မက်ဆေ့ဂျာဖွင့်လိုက်တယ်။ ကျွန်တော့်ရင်ထဲ မွန်းကျပ်နေတာတွေကို တစ်ယောက်ယောက်ဆီ ရင်ဖွင့်ချင်မိတယ်။ ခါတိုင်းဆိုရင်တော့ ယမင်းနဲ့အတူညတိုင်း မက်ဆေ့ပို့နေကျ။ ဒါပေမဲ့ မနေ့က ဖြစ်ခဲ့တဲ့အကြောင်းကို ကျွန်တော်ပြန်တွေးမိတော့ အလိုလိုနေရင်း စာပို့ရမှာကို ကြောက်လာတယ်။
“သူငါ့ကို စကားမပြောချင်တော့တာလည်း ဖြစ်နိုင်တာပဲလေ။” ကျွန်တော့်ဘာသာ ရေရွတ်မိပြန်တယ်။
လူတစ်ယောက် ကျွန်တော့်ဘေးမှာလာထိုင်တာကို ကျွန်တော်ခံစားမိတယ်။ လှည့်ကြည့်လိုက်တော့ ထင်ထားတဲ့အတိုင်းပဲ အနက်ရောင်ဝတ်စုံနဲ့လူပါ။ ဘေလီရယ်ကတော့ အဲဒီလူရောက်လာတာနဲ့ ကျွန်တော့်ကိုထွက်ပြေးဖို့ အပြင်းအထန်တိုက်တွန်းနေပေမဲ့ အနက်ရောင်ဝတ်စုံနဲ့လူက ရန်သူမဟုတ်မှန်း ကျွန်တော်သိနေပြီးသားမဟုတ်လား။
“ကောင်းတယ်၊ နောက်ဆုံးတော့ သူ့ရဲ့အားနည်းချက်ကို မင်းရှာတွေ့သွားပြီပေါ့။ သူက မင်းဆုမတောင်းမချင်း ဒီအတိုင်းအားနည်းတဲ့ ဝိညာဥ်သာသာပါပဲ။” သူက ပြောလိုက်တယ်။
ကျွန်တော် ဖုန်းမျက်နှာပြင်ကို ပြန်စိုက်ကြည့်လိုက်တယ်။ စာတစ်လုံးမှရိုက်မပို့ရသေးဘူး။ ကျွန်တော်ယမင်းရဲ့ဘဝကို ဆက်မနှောင့်ယှက်သင့်တော့ဘူးလို့ ထင်မိတယ်။
“ခင်ဗျားဒီကိုလာတာ ကျွန်တော့်ဘေးနား လာထိုင်ရုံ သက်သက်ပဲလား။” ကျွန်တော်မေးလိုက်တယ်။ အဲဒီလူက သက်ပြင်းချလိုက်ပြီး ကျွန်တော့်ကိုပြန်ပြုံးပြတယ်။
“သေချာပေါက် မင်းဆီကနတ်ဆိုးကို လာယူဖို့ပေါ့ကွ။” ဒါပေမဲ့ ကျွန်တော်လောလောဆယ် နတ်ဆိုးကို သူ့လက်ထဲ ထည့်မပေးချင်သေးဘူး။
ကျွန်တော်သူ့ကို မေးလိုက်တယ်။ “ကျွန်တော်ဘာလုပ်သင့်တယ်လို့ ခင်ဗျားထင်လဲ။” သူကလည်း ကျွန်တော့်ကို ပြန်မေးတယ်။ “မင်းကရော ဘာလုပ်မယ်လို့ စဥ်းစားထားလဲ။”
မွေးရပ်မြေအပြန်ရထားရဲ့အပြင်ဖက်က ရှူခင်းတွေဟာ တစ်ခုပြီးတစ်ခုပြောင်းလဲနေတယ်။ “မသိဘူး။” ကျွန်တော်ဖြေလိုက်တယ်။
အနက်ဝတ်က ကျွန်တော့်လက်က တက်တူးကိုငုံကြည့်တယ်။ ဘေလီရယ်က သေမတတ်တုန်ရင်နေပြီး ဖြစ်နိုင်ရင် ကျွန်တော့်ခန္ဓာကိုယ်ထဲကနေတောင် ခုန်ထွက်သွားချင်နေပုံပဲ။
“သူနဲ့စကားမပြောနဲ့တော့။” “ဟေ့ကောင်၊ သူက ပိုအန္တရာယ်ကြီးတဲ့နတ်ဆိုးကွ။” “ပြေးတော့… ပြေး။” ဒါပေမဲ့ သူဘယ်လောက်အော်ဟစ်နေနေ ကျွန်တော်သူ့ကို လစ်လျူရှုထားလိုက်တယ်။
အနက်ဝတ်က အတန်ကြာတိတ်ဆိတ်နေပြီးနောက် စကားစလာတယ်။ “မင်းက ခုနစ်ယောက်မြောက် နစ်နာသူပဲ။ ဘေလီရယ်ကြောင့် နစ်နာခဲ့တဲ့ ကျန်တဲ့ခြောက်ယောက်ကို ငါမစည်းရုံးနိုင်ခဲ့ဘူး။ မင်းငါ့စကားနားထောင်တာ သိပ်ကံကောင်းတယ်။”
သူက ရထားရဲ့ပြတင်းပေါက်ကိုကျော်ဖြတ်ပြီး အပြင်ဖက်က ရှုခင်းတွေကိုကြည့်လိုက်တယ်။ မြို့ပြရှုခင်းတွေနည်းလာပြီး လယ်ကွက်တွေက အစားထိုးလာနေပြီ။ သူက သက်ပြင်းချလိုက်ပြီး ပြောပါတယ်။
“လူတွေဆိုတာက အမြဲလမ်းမှားတတ်ကြပါတယ်။ ဒါပေမဲ့ လမ်းမှန်ကိုပြန်လျှောက်ဖို့ဆိုတာ သူတို့အသက်ရှင်နေသ၍ လုပ်နိုင်တဲ့အရာပဲ။ သူတို့ထိုက်တန်တဲ့ အခွင့်အရေးလည်းဖြစ်တယ်။ ငါဘာကိုဆိုလိုလည်း မင်းနားလည်မှာပါ။”
အဲဒီနောက် အနက်ဝတ်လူက ကျွန်တော်နားကနေ ပျောက်ကွယ်သွားတယ်။ ကျွန်တော်လည်း ဖုန်းမျက်နှာပြင်ကို ပြန်စိုက်ကြည့်လိုက်တယ်။ “ငါအသက်ရှင်နေသေးသရွေ့ နောက်မကျသေးဘူးလို့ဆိုလိုတာလား။” နောက်တော့ ကျွန်တော့်လက်တွေက ကီးဘုတ်ဆီရောက်သွားတယ်။
[မနေ့က ဖြစ်ခဲ့တာတွေအတွက် ငါတောင်းပန်ပါတယ်။ ငါနောက်ကို လုံးဝအဲဒါမျိုးမလုပ်တော့ဘူး။ ငါ့အရည်အချင်းနဲ့ငါပဲ ကြိုးစားတော့မယ်။ အခုတော့ အဖေနေမကောင်းလို့ ငါမွေးရပ်မြေကို ပြန်လိုက်ဦးမယ်။] စာပို့စ်သိပ်ပြီး သိပ်မကြာခင်မှာပဲ ယမင်းကျွန်တော့်စာကိုမြင်သွားတယ်။ သူဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်နေရတဲ့စက္ကန့်အနည်းငယ်က ကျွန်တော့်အတွက် တစ်ဘဝလုံးစာလိုပဲ။
အဲဒီနောက်တော့ ယမင်းကျွန်တော့်ဆီကို ဖုန်းဆက်တယ်။ “ကောင်စုတ်၊ နင့်မှာ အသိတရားလေးဘာလေးရှိသေးတယ်ပေါ့လေ။”
ယခင်းရဲ့အသံကို ထပ်ကြားလိုက်ရတဲ့အချိန်မှာ ကျွန်တော့်နှလုံးသားထဲက ဆည်ကြီးတစ်ခုကျိုးပဲ့သွားသလိုပဲ။ မျက်ရည်တွေက တားမဆီးမရနိုင်အောင် စီးကျလာတော့တယ်။
“ငါဒီထက်ပိုပြီး အလေမလိုက်ချင်တော့ဘူး။ ငါတကယ်ကြိုးစားတော့မယ်။ ငါအခုလိုဘဝမျိုးမှာ ဆက်မနေချင်တော့ဘူး။”
“နင်အစကတည်းက အဲဒီလိုစိတ်မျိုးထားခဲ့ရမှာ။ ပြီးတော့ ဦးလေးအတွက်လည်း သိပ်စိုးရိမ်မနေနဲ့ဦး။ ငါလည်းလိုက်လာခဲ့မယ်၊ ဘာပဲဖြစ်ဖြစ် ငါတို့ကအမြဲအတူရှိနေခဲ့တာပဲဥစ္စာ။”
နောက်တော့ ကျွန်တော်ဖုန်းချလိုက်တယ်။ ကျွန်တော်ဆင်းရမယ့် ရထားဘူတာရောက်တဲ့အထိ တိတ်ဆိတ်နေခဲ့မိတယ်။ နောက်တော့ ကျွန်တော့်အထုပ်တွေချပြီး နယ်မြို့လေးဖြစ်တဲ့ အေမြို့လေးထဲကို အိတ်ဆွဲဝင်ရောက်လာခဲ့တယ်။
ရင်းနှီးတဲ့ အိမ်လေးရှေ့ကိုရောက်တော့ တံခါးပိတ်ထားတာတွေ့တယ်။ ကြည့်ရတာ အမေတို့တိုက်နယ်ဆေးရုံမှာထင်တယ်။ ဆိုင်ကယ်ကယ်ရီငှားပြီး ဆေးရုံအရင်သွားရတာပေါ့။
သူနာပြုတွေကို မေးမြန်းပြီးတဲ့နောက် အဖေရှိနေတဲ့ ဆေးရုံခန်းဆီ ရောက်လာခဲ့တယ်။ အခန်းတံခါးပွင့်သွားတော့ ကျွန်တော့်ကိုမြင်လိုက်တဲ့ အမေခင်ဗျာ အံ့ဩလွန်းလို့ လဲကျလုမတတ်ပဲ။
“သား… ဘယ်လိုလုပ်ပြီး ချက်ချင်းပြန်လာရတာလဲ။ အဲဒီလောက်ကြီး မလိုပါဘူး။”
ကျွန်တော်အမေ့ကို အတင်းပြုံးပြလိုက်တယ်။ “ဘာပဲဖြစ်ဖြစ် စာမေးပွဲဖြေပြီး ကျောင်းပိတ်ရက်ပဲလေအမေရာ။”
နောက်တော့ အဖေ့အခြေအနေကို တီးခေါက်ကြည့်ရတယ်။ ဆရာဝန်တွေအဆိုအရတော့ အဖေက အဆုတ်ကင်ဆာစွဲနေပုံပုံ။ ဆေးလိပ်သမားဆိုတော့ မောတာပုံမှန်ပဲလို့ယူဆပြီး ဆေးသေချာမစစ်ခဲ့ရာကနေ စောစောစီးစီးကုသဖို့ နောက်ကျသွားခဲ့တာ။
ပြောရရင် ကျွန်တော့်အပြစ်လဲပါတာပေါ့။ အသုံးမကျတဲ့ သားတစ်ယောက်ကို ငွေလွှဲနေရတဲ့ အမေတို့မှာ ဆေးစစ်ဖို့အတွက် ဘယ်ပိုက်ဆံအပိုအလျှံရှိပါ့မလဲ။ ဒီလိုနဲ့ ဝေဒနါကိုကျိတ်မှိတ်ခံစားနေကြရင်း ရောဂါကျွမ်းမှ သိကြရတော့တာ။
အခုတော့ ခေါင်းတဟွက်ဟွက်ဆိုးနေပြီး ဆေးတွေအများကြီးသွင်းနေရတဲ့ အဖေက ဆေးရုံကုတင်ပေါ်ကနေတောင် ထမလာနိုင်တော့ဘူး။
ကျွန်တော်တို့မိသားစုလေးရဲ့ငွေကြေးအခြေအနေနဲ့ဆိုရင် ကုသနိုင်တဲ့အခြေအနေမှာ မရှိတော့ဘူးတဲ့။ အမေ့အတွက်တော့ ကောင်းကင်ကြီးပြိုကျသွားသလိုပဲပေါ့။ ဒါတောင်မှ အဖေနဲ့အမေက ကျွန်တော့်ကို ကျူရှင်ဆက်တက်ဖို့ မြို့မှာပဲနေစေချင်ကြသေးတာ။
အဲဒီညက အမေနဲ့အတူ အဖေ့ကိုဆေးရုံစောင့်ပေးဖြစ်တယ်။ ကျွန်တော့်စိတ်ထဲ တစ်ခုခုလုပ်ဖို့ရှိနေပြီး တက်တူးကိုလက်နဲ့အမြဲပွတ်သပ်မိနေပေမဲ့ တုံ့ဆိုင်းနေမိဆဲပဲ။
နောက်တစ်နေ့ကျတော့ ယမင်းဆေးရုံကိုရောက်လာတယ်။ သူလည်း ကျွန်တော့်လိုပဲ အမြန်ပြန်လာခဲ့ပုံပဲ။ကျွန်တော်တို့နှစ်ယောက် ဟန်မဆောင်နိုင်ဘဲ တစ်ယောက်နဲ့တစ်ယောက် ဖက်ငိုမိတဲ့အထိပဲ။ သူလည်း ကျွန်တော်တို့ကို ကူညီနိုင်တဲ့အခြေအနေမှာမရှိဘူး။
ဒီအဆင့်ကင်ဆာဆိုတာက သာမန်လူတန်းစားတွေအနေနဲ့ ကုသဖို့မဖြစ်နိုင်တဲ့ရောဂါတစ်ခုလိုပဲ။ ကျွန်တော့်ရဲ့လက်ကျန်ပိုက်ဆံတွေနဲ့ဆိုရင်တောင် ပျောက်ကင်းဖို့ သိပ်မသေချာတော့တဲ့အဆင့်ကိုရောက်နေပြီးပြီ။
နောက်တစ်နေ့ ဆေးရုံစောင့်တော့လည်း ကျွန်တော်အိပ်မပျော်ပြန်ဘူး။
‘ဒီတော့ ငါလောင်းကစားထပ်လုပ်ပြီး ဆေးဖိုးရှာသင့်လား။ မဟုတ်ဘူး၊ ငါထပ်မလုပ်တော့ဘူးလို့ တစ်ယောက်ယောက်ကို ကတိပေးထားပြီးပြီ။’ ကျွန်တော့်ပခုံးကိုမှီပြီး အိပ်ငိုက်နေတဲ့ ယမင်းကိုကျွန်တော်ကြည့်မိလိုက်တယ်။
‘နေဦး၊ ငါလုပ်နိုင်တာ တစ်ခုရှိနေသေးတာပဲ။’ ကျွန်တော့်လက်က တက်တူးကိုထိလိုက်ပြီး ဘေလီရယ်ကို ဆက်သွယ်လိုက်တယ်။
“ဘေလီရယ်၊ ငါ့ရဲ့လက်ကျန်သက်တမ်းကို ငါ့အဖေဆီ လွှဲပေးလို့ရလား။”
“စည်းမျဥ်းနှစ်အရ မင်းရဲ့လက်ကျန်သက်တမ်းကို တခြားသူဆီလွှဲပြောင်းဖို့၊ တခြားသူရဲ့သက်တမ်းကို ခိုးယူလက်ခံဖို့ ဒါမှမဟုတ် ရှိရင်းစွဲကို တိုးပွားလာစေဖို့ ဆုတောင်းလို့မရဘူး။”
နောက်တော့ ဘေလီရယ်က ”နေစမ်းပါဦး၊ မင်းငါ့ကို သတိရသေးတယ်ပေါ့။ အဲဒီကောင်နဲ့စကားပြောပြီးကတည်းက ငါ့ကိုအဖက်မလုပ်တာ အတော်ကြာပြီ။”
ကျွန်တော်ကတော့ ဘေလီရယ်ရဲ့စကားတွေကို ဂရုမစိုက်ဘဲ လိုချင်တာတစ်ခုကိုပဲ မေးလိုက်တယ်။ “ဒါဆိုအဖေ့ရောဂါ ပျောက်ကင်းအောင်ရော ဆုတောင်းလို့ရမလား။”
ဘေလီရယ်က စဥ်းစားပြီးပြောလိုက်တယ်။ “အင်း၊ ပုံမှန်အခြေအနေအရဆိုရင်တော့ ဖြစ်နိုင်ပေမဲ့ မင်းလက်ကျန်သက်တမ်းက မလုံလောက်တော့ဘူး။”
ကျွန်တော်အံ့ကြိတ်လိုက်မိတယ်။ ဘာမဟုတ်တဲ့ အပျော်အပါးတွေအတွက် အချိန်ကုန်မိခဲ့တဲ့အတွက် ကျွန်တော့်ဘဝရဲ့အရေးအကြီးဆုံးလူတစ်ယောက်ကိုမကယ်တင်နိုင်တော့ဘူးလား။
“ဒါပေမဲ့ တစ်ခုတော့ရှိသေးတယ်။ မင်းအဖေရဲ့အဆုတ်ကို မင်းအဆုတ်နဲ့လဲလိုက်လို့ရတယ်။ အဆုတ်ကင်ဆာကတော့ မင်းဆီပါလာမှာပေါ့။ မင်းသက်တမ်းလည်းကုန်မှာဆိုပေမဲ့ လုံလောက်ရုံလေးတော့ လုံလောက်နေသေးတယ်။”
ဘေလီရယ်က နတ်ဆိုးဆန်ဆန်လေသံနဲ့ အပေးအယူတစ်ခုကို ကမ်းလှမ်းလာတယ်။ တစ်နည်းအားဖြင့် ဒါက ကျွန်တော့်ရဲ့နောက်ဆုံးဆုတောင်းခွင့်မဟုတ်လား။ ကျွန်တော့်ရဲ့လက်က တက်တူးကိုထိထားရင်း သေချာစဥ်းစားကြည့်တယ်။
လူငယ်တစ်ယောက်အနေနဲ့ ကျွန်တော်ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းချင်သေးတယ်။ မသေချင်သေးဘူး။ ဒါပေမဲ့ တချို့ကိစ္စတွေက လုပ်မှကိုဖြစ်မှာ။
“ကောင်းပြီ၊ လဲမယ်လေ။”
“အပေးအယူဖြစ်ပြီ။”
….
နောက်တစ်နေ့မနက်ရောက်တော့ အဖေလန်းလန်းဆန်းဆန်းနဲ့ နိုးလာတယ်။ ဆေးရုံဆရာဝန်တွေတောင်မှ မျက်ကလူးဆန်ပြာဖြစ်ကုန်ပြီ။ သွေးပေါင်ပြေးလာချိန်တဲ့သူကချိန်၊ အဆုတ်ကို နားကြပ်နဲ့ကပ်နားထောင်တဲ့သူက နားထောင်နဲ့။
“ထူးဆန်းလိုက်တာ၊ မနေ့ကတောင် အဆုတ်တစ်ခြမ်းပဲရှိတော့တာလို့ ဓာတ်မှန်ရလဒ်မှာပေါ်နေတာလေ။ ဘာလို့အခုကျ သာမန်ခြောက်ဆယ်ကျော် အရွယ်တွေရဲ့အဆုတ်အတိုင်း ဖြစ်နေရတာလဲ။”
ဆေးရုံကင်ဆာဌာနက ပါမောက္ခကြီးက မယုံသင်္ကါနဲ့ဓာတ်မှန်ပြန်ရိုက်ခိုင်းတယ်။ ရလဒ်ထွက်လာတော့ သက်ကြီးပိုင်းတစ်ယောက်ရဲ့အဆုတ်လို အိုမင်းနေတာမျိုးရှိပေမဲ့ ဘာကင်ဆာဆဲလ်မှရှိမနေဘူး။
ကျွန်တော်ကတော့ အဲဒီအဖြစ်အပျက်တွေကို ဘေးကနေကြည့်ရင်း ပြုံးနေမိတယ်။ ယမင်းလည်း အနားရောက်လာပြီ။ “တခြားတစ်ယောက်နဲ့ဓာတ်မှန်မှားလာတာများဖြစ်နေမလား။”
“မဟုတ်သေးဘူးလေ၊ မနေ့က တကယ်ကြီး သူနေမကောင်းတာပါ။” ဘယ်လိုပဲဖြစ်ဖြစ် ရောဂါရှာမရတဲ့အဆုံး ဆရာဝန်က အဖေ့ကိုဆေးရုံဆင်းခွင့်ပေးလိုက်ရတယ်။
အိမ်အပြန်လမ်းမှာတော့ ကျွန်တော်ယမင်းရဲ့လက်ကို ဆုပ်ကိုင်ထားရင်း လူငယ်စုံတွဲထက်တက်ကြွစွာနဲ့ ရှေ့ကဦးဆောင်ပြီး နှစ်ယောက်ဘေးချင်းယှဥ်သွားနေတဲ့ အမေတို့နောက်ကနေ ဖြည်းဖြည်းချင်းလိုက်ရတယ်။
“ကို့အဖေဘာမှမဖြစ်တာ ကံကောင်းလို့ပေါ့။” ယမင်းက ပြောလိုက်တယ်။ ကျွန်တော်လည်း ပြန်ပြုံးပြမိတယ်။
“အင်းနော်…”
“ကိုယ့်အခု ဘာလုပ်မယ်စဥ်းစားထားလဲ။” ယမင်းမေးလိုက်တယ်။ ကျွန်တော့်ဘဝကြီးကို ပြောင်းလဲပစ်မယ်လို့ ယမင်းကို ကျွန်တော်ကတိပေးထားတယ်လေ။
“ပထမဆုံး ကိုယ့်ပညာရေးကို အပြီးသတ်အောင်လုပ်ရတာပေါ့။” ကျွန်တော်ပြောလိုက်တယ်။ ဒါပေမဲ့ ရုတ်တရက်မောလာပြီး ချောင်းဆိုးလိုက်တော့ ယမင်းကျွန်တော့်ကို စိုးရိမ်သွားသလိုပဲ။
“ကိုဘာဖြစ်လို့လဲ။”
“အအေးမိတာနေမှာပါ။” ကျွန်တော်ပြောပြောဆိုဆိုနဲ့ တစ်ရှူးတစ်ရွက်ကိုထုတ်ရင်း ဟန်ဆောင်ပန်ဆောင်နှာညှစ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော့်မျက်လုံးထောင့်ကနေ အနက်ဝတ်လူကို မြင်လိုက်ရတယ်။
“ခဏလေး၊ ကိုအမှိုက်သွားပစ်မလို့။” ကျွန်တော်ပြောလိုက်ပြီး သူ့ဆီပြေးသွားတယ်။ သူက ကျွန်တော့်ကို ပြုံးပြီးစောင့်နေပါတယ်။
“ဒီတော့ မင်းဆုံးဖြတ်ပြီးသွားပြီလား။” ကျွန်တော်ခေါင်းညိတ်ပြရင်း သူ့ဆီလက်ကမ်းပေးလိုက်တယ်။
“ကျွန်တော်လိုချင်တဲ့ တောင်းဆုတွေအားလုံး ပြည့်သွားပါပြီ။” ဘေလီရယ်ကတော့ အတင်းရုန်းကန်ဖို့ကြိုးစားပေမဲ့ ကျွန်တော်ဆုမတောင်းမချင်း သူ့မှာဘာစွမ်းအားမှမရှိဘူးလေ။
“ခွေးမသား၊ နက်ဆန်။ ငါမင်းနဲ့မလိုက်ချင်ဘူး။ မင်းက ငါ့ကိုအမှောင်ဘုံမှာ ထောင်ချထားဖို့ကြံနေတာ။ ကောင်စုတ်လေး၊ မင်းငါ့ကိုအဲဒီလို စွန့်ပစ်လိုက်လို့မရဘူးလေ။”
“ကောင်းတယ်။” အနက်ဝတ်လူက ကျွန်တော်နဲ့လက်စွဲနှုတ်ဆက်တယ်။ ဘေလီရယ်ရဲ့အပြုံးမျက်နှာတက်တူးက ကျွန်တော့်လက်ခုံကနေပျောက်သွားပြီး သူ့လက်ခုံပေါ်ရောက်သွားတယ်။ သူက ကျွန်တော့်ကို နှုတ်ဆက်တဲ့အနေနဲ့ ခေါင်းညိတ်ပြပြီး…
“လက်ကျန်ဘဝမှာ ပျော်ရွှင်ပါစေကွာ။” လို့ပြောသွားတယ်။ နောက်တော့ ခါတိုင်းလိုပဲ သူကျွန်တော့်မျက်စိရှေ့ကနေ ပျောက်ကွယ်သွားတော့တယ်။
“ကို၊ ဘယ်သူမှမရှိဘဲ ဘာတွေပွစိပွစိလုပ်နေတာလဲ။”
ကျွန်တော်ကတော့ ယမင်းဘက်ကို လှည့်ကြည့်မိတယ်။ သူ့အခေါ်အဝေါ်တွေ ဒီနေ့မနက်ကတည်းက ပြောင်းနေမှန်း ကျွန်တော်သတိထားမိတာပေါ့။ ကျွန်တော်တို့ကြားက သံယောဇဥ်လေး ပိုခိုင်မာလာတာကို ခံစားမိတယ်။
“ဘာမှမဟုတ်ပါဘူး၊ အမေတို့ကို အမီလိုက်ရအောင်။” ကျွန်တော်ပြုံးလိုက်မိတယ်၊ စစ်မှန်တဲ့ အပြုံးတစ်ခုပါ။ ကျွန်တော်သက်တမ်းက သိပ်မကျန်တော့မှန်း ကျွန်တော်သတိထားမိပါတယ်။
တက္ကသိုလ်တွေ ဒုတိယနှစ်ဝက်ပြန်ဖွင့်တဲ့အထိတောင် ကျွန်တော်အသက်ရှည်ချင်မှရှည်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့လက်ကျန်ဘဝမှာ အကောင်းဆုံးကြိုးစားရင်း ကျွန်တော်ဆိုတဲ့ဖြစ်တည်မှုအစစ်နဲ့ ဟန်ဆောင်မှုတွေမပါဘဲ ဘဝကိုဖြတ်သန်းဖို့ ဆုံးဖြတ်ပြီးသွားပြီ။ ချစ်ခင်ရသူ အားလုံးနဲ့အတူပေါ့။
ပြီးပါပြီ။