Switch Mode

တောင်းဆုတို့ပြည့်ပါစေ ဒုတိယပိုင်း

တောင်းဆုတို့ပြည့်ပါစေ (ဝတ္ထုတို)
ဒုတိယပိုင်း

စာမေးပွဲနောက်ဆုံးနေ့ပြီးတဲ့နောက် ဟိုတယ်အိပ်ရာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားတယ်။ နောက်တစ်နေ့ အိပ်ရာကနိုးတော့ တစ်ကိုယ်လုံးနုံးချိနေတာနဲ့ ဟိုတယ်အခန်းနဲ့တွဲလျက် ရေချိုးခန်းမှာ ရေချိုးဖို့ဖြစ်လာတယ်။

မှန်ထဲကိုကြည့်လိုက်တော့ ကျွန်တော့်နားသယ်က ဆံပင်တချို့ဖြူနေတယ်။ “စာမေးပွဲတုန်းက ဖိအားများသွားလို့ဖြစ်မှာပါ။” ဒီလိုမျိုး စိတ်ထဲမှာတွေးမိပေမဲ့ ရင်ထဲမှာ တစ်ခုခုမှားနေသလို ခံစားနေရတုန်းပဲ။

ဘေလီရယ်က အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောမလာဘူး။ ခါတိုင်းလိုပဲ ဟိုတယ်စားသောက်ခန်းကိုဆင်းပြီး အကောင်းဆုံးစားစရာတွေမှာစားတယ်။ တစ်လစာအခန်းခပေးထားပြီး ​နေ့တိုင်းအစားကောင်းအသောက်ကောင်းတွေစားနေတာကြောင့် ဟိုတယ်ဝန်ထမ်းတွေက ကျွန်တော့်ကိုမင်းသားလေးလို ဆက်ဆံနေကြတယ်။

“နေဦး၊ ဒီနေ့ ငါယမင်းနဲ့ဒိတ်ဖို့ ချိန်းထားတာမဟုတ်လား။” ကျွန်တော် အဲဒီကိစ္စကိုတွေးမိတော့ ဝိတ်တာကိုလှမ်းခေါ်လိုက်တယ်။

“အမိန့်ရှိပါ ဆရာလေး။” ဝိတ်တာက ကျွန်တော့်ကို ယဥ်ယဥ်ကျေးကျေးဆက်ဆံတယ်။ ကျွန်တော်လည်းလိုရင်းကိစ္စကို ပြောလိုက်ပါတယ်။

“ငါဒီည ငါ့ကောင်မလေးနဲ့ဒိတ်ဖို့ရှိတယ်။ ဒီတော့ ရှုခင်းကြည့်နိုင်မယ့် အကောင်းဆုံးနေရာမှာ ဒင်နာပြင်ဆင်ပေး။ ဒီဟိုတယ်ကလုပ်နိုင်တဲ့ အကောင်းဆုံးအထူးဟင်းလျာတွေပါ ပြင်ဆင်ပေးလို့ရမလား။”

“ရပါတယ်ဆရာလေး။”

“ပြီးတော့ ငါတို့က တစ်နေကုန်လျှောက်သွားပြီ ညနေမှပြန်လာမှာဆိုတော့ ငါတို့ကိုကြိုဖို့ မာစီးဒီးခြောက်ပေါက်ကား ပြင်ထားပေးလို့ရမလား။”

“ဒါလည်းဖြစ်နိုင်ပါတယ်။”

“နောက်ဆုံးအနေနဲ့ကတော့ မင်းတို့ဟိုတယ်နဲ့မျက်နှာချင်းဆိုင်ရေကန်မှာ မီးရှူးမီးပန်းတွေ ဆယ့်ငါးမိနစ်လောက် ဖောက်ပေးရမယ်ကွာ။ ဘယ်လိုလဲ။”

“ဟုတ်ကဲ့၊ ကျွန်တော်မန်နေဂျာကိုပြောပြီး ခန့်မှန်းကုန်ကျစရိတ်စာရင်းကို ဆရာလေးဆီပို့ပေးပါမယ်။”
ဝိတ်တာက ကျွန်တော့်ကိုဦးညွှတ်ပြီး တာဝန်ရှိသူတွေနဲ့ စကားပြောဖို့ထွက်သွားတယ်။

ကျွန်တော်ကတော့ ကျောပိုးအိတ်ကိုဆွဲ သာမန်အဝတ်အစားနဲ့ပဲ ချိန်းထားတဲ့နေရာကို ထွက်လာခဲ့တယ်။ အခုကျွန်တော်က သူဌေးလေးဖြစ်နေပြီဆိုပေမဲ့ ယမင်းကိုစပရိုက်လုပ်ချင်တယ်လေ။

ချိန်းထားတဲ့နေရာက ဘီမြို့ပလာဇာမှာ၊ ယမင်းသံသယမဝင်အောင် ပုံမှန်နည်းတွေနဲ့ပဲသွားဖို့ ကားမှတ်တိုင်ရှေ့ ရပ်လိုက်တယ်။ ဒါပေမဲ့ ဟိုတယ်အပြင်စထွက်ကတည်းက ကျွန်တော်ကျက်သီးထသလိုလို ခံစားနေရတယ်။

တစ်နေရာကနေ တစ်ယောက်ယောက် ကျွန်တော့်ကိုစောင့်ကြည့်နေသလိုပဲ။ ကျွန်တော်မျက်စိကစားပြီး ပတ်ဝန်းကျင်ကိုကြည့်ပေမဲ့ ဘာမှမတွေ့ဘူး။ “ငါပဲစိတ်ထင်တာများလား။” ကိုယ့်ဘာသာပြောလိုက်ပေမဲ့ တိတ်ဆိတ်နေတဲ့ ဘေလီရယ်က ဆန့်ကျင်ပြီးပြောလာတယ်။

“မဟုတ်ဘူး၊ ငါတို့တကယ်စောင့်ကြည့်ခံနေရပြီ။ ပြည့်စုံ အဲဒီလူကို ဘာစကားမှသွားမပြောနဲ့၊ မဟုတ်ရင် မင်းရောငါရော ကိစ္စချောသွားလိမ့်မယ်။”

ဘေလီရယ်က ခုထိမတွေ့ရသေးတဲ့ရန်သူကို အတော်ကြောက်နေပုံပဲ။ အဲဒီစကားပြောပြီးတာနဲ့ ဘာမှဆက်မပြောတော့ဘူး။ တစ်ချိန်တည်းမှာပဲ ကျွန်တော် ကျောချမ်းစရာကောင်းတဲ့ စကားသံတစ်သံကို စကြားလာရတယ်။

“ဘေလီရယ်… မင်းဘယ်မှာလဲ… ဘေလီရယ်။” အဲဒီစကားသံက မကျယ်လောင်ပေမဲ့ နေရာတိုင်းက ကြားရတယ်။ ဒါပေမဲ့ ကျွန်တော့်အပြင် ကားမှတ်တိုင်နားကလူတွေကတော့ အဲဒီစကားကိုကြားပုံမရဘူး။

“ဘေလီရယ်…” အသံလာရာကို ကျွန်တော်ကြည့်လိုက်တော့ တစ်ကိုယ်လုံးအနက်ရောင်အဝတ်အစားတွေဝတ်ထားတဲ့ လူသေမျက်နှာလို အေးစက်စက်ဖြူရော်ရော်မျက်နှာထားနဲ့ လူတစ်ယောက်ကိုတွေ့လိုက်ရပြီ။

“သူကို ဘာစကားမှပြန်မပြောနဲ့… သူ့ကိုဘာစကားမှ ပြန်မပြောနဲ့… သူ့ကိုဘာစကားမှပြန်မပြောနဲ့…” ဘေလီရယ်က ကျွန်တော့်စိတ်ထဲမှာ အရူးအမူးအော်ဟစ်နေတယ်။ လူသေမျက်နှာနဲ့လူက တဖြည်းဖြည်းကျွန်တော်တို့နဲ့နီးလာပြီ။ လမ်းမတစ်ဖက်ခြမ်းကနေ ကျွန်တော်ရပ်နေတဲ့ ကားမှတ်တိုင်ဆီကို တည့်တည့်ကြီးလှမ်းလာနေတာ။

အနားနီးခါမှ သူ့မျက်နှာတစ်ခုတည်းတင် လူသေနဲ့တူနေတာမဟုတ်မှန်း သတိထားမိလိုက်တယ်။ သူ့ဆံပင်တွေက အနက်​ရောင်ဖြစ်ပေမဲ့ အာရှသားတွေနဲ့မတူဘဲ ဆံသားသေးပြီးကောက်တယ်။ မျက်လုံးတွေကတော့ အပြာရောင်။ ခန္ဓာကိုယ်က ပိန်ပါးပြီး သူ့အနားမှာ အေးစက်စက်လေထုက ဝိုင်းရံနေတယ်။

အဲဒီလူက ကျွန်တော့်ရှေ့မှာရပ်လိုက်ပြီး သူ့လက်ကိုဖြန့်လိုက်တယ်။ “လူသားတွေက လူသားတွေရထိုက်တဲ့အခွင့်အရေးနဲ့ပဲ ထိုက်တန်တယ်၊ ပိုပြီးမလိုချင်ပါနဲ့။ သူ့ကိုငါ့ဆီ​ထည့်ပေးလိုက်ပါ။”

ကျွန်တော် အဲဒီလူရဲ့လက်ဖဝါးပေါ်က လက္ခဏာတွေကိုကြည့်လိုက်တယ်။ အသက်လမ်းကြောင်းတို့ဘာတို့ ဘာမှရှိမနေဘဲ ပြောင်ချောကြီး။ ဘေလီရယ်သတိပေးထားတဲ့အတိုင်း ဘာမှမပြောဘဲနေတော့ သူမျက်မှောင်ကြုတ်လိုက်တယ်။

“ဘေလီရယ်က လူသားတွေကို လှည့်စားနေတဲ့ မကောင်းဆိုးဝါးပဲ၊ တစ်ခုခုဆိုးဝါးတာဖြစ်မလာခင် ငါ့လက်ထဲ ထည့်ပေးလိုက်။” သူ့လေသံက ပိုမာလာပြီ။ လေထုက မွန်းကျပ်လာပြီး ကျွန်တော်အသက်ရှူဖို့ခက်လာပြီ။

“ပြေး… ပြေး…. တော့….” ဘေလီရယ်က ထအော်တယ်။ တကယ်လည်း အနက်ဝတ်လူက တစ်ခုခုလုပ်ဖို့ကြံနေပြီ။ သူ့အရိပ်ကြီးက အဆမတန်ကြီးမားသွားပြီး တံစဥ်ကိုင်ထားတဲ့သေမင်းလိုဖြစ်သွားတယ်။

ကျွန်တော်လည်း ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် လှည့်ပြေးတော့တာပေါ့။ အရိပ်ကြီးက ဆက်ကြီးနေဆဲဖြစ်ပြီး အနက်ဝတ်လူကလည်း နောက်ကဆက်လိုက်တယ်။

“ဘေလီရယ်… ငါနဲ့ပြန်လိုက်ခဲ့။” အေးစက်စက်လေသံက ကျွန်တော့်နားနားကပ်ပြီး မြွေတစ်ကောင်လေချွန်ပြနေသလို နီးကပ်လွန်းတယ်။

“ငါ့ကိုဆုတောင်းလိုက်၊ မဟုတ်ရင် နှစ်ယောက်လုံးသေကုန်လိမ့်မယ်။” ကျွန်တော်လည်း ဘေလီရယ်ပြောတဲ့အတိုင်း တက်တူးကိုထိပြီး အူစိန်ဘော့လို အပြေးသန်ပါစေ ဆုတောင်းရတော့တာပေါ့။

ထူးဆန်းတာတစ်ခုက ပတ်ဝန်းကျင်ကလူတွေ အဲဒီအနက်ဝတ်လူကို မြင်တဲ့ပုံမပေါ်ဘူး။ သူတို့က လမ်းပေါ်မှာ တစ်ယောက်တည်းပြေးနေတဲ့ ကျွန်တော့်ကိုပဲ အရူးလိုမျိုး လက်ညိုးတစ်ထိုးထိုးနဲ့ကြည့်ပြီးတီးတိုးပြောနေကြတယ်။

နောက်ဆုံးတော့ အနက်ဝတ်လူပြတ်ကျန်ခဲ့ပြီ။ ကျွန်တော်လည်း ပြေးနေရာကနေ ရပ်လိုက်တယ်။ နောက်တော့ ကျွန်တော်ချက်ချင်းမောဟိုက်လာပြီး စားပြီးသားတွေ အကုန်ပြန်အန်ထုတ်လိုက်မိတယ်။

“ဝေါ့…. တော်တော်ဆိုးတာပဲ။” အန်ချပြီးတဲ့နောက်တော့ ကျွန်တော့်ခန္ဓာကိုယ်က ပုံမှန်ထက်ပိုလေးလံနေပြီး အမြင်တွေဝေဝါးသလို ခံစားနေရတယ်။

“ဘေလီရယ်… ငါနေမကောင်းဖြစ်နေတာလား။”

“ဟင်း….” ဘေလီရယ်ရဲ့သက်ပြင်းချသံက ကျွန်တော့်စိတ်ထဲ ထွက်ပေါ်လာတယ်။ သူက “ငါထင်ထားတာထက် အဲဒီကောင်လက်ထဲက ထွက်ပြေးဖို့ ပိုအားကုန်သွားတာပဲ။”

ကျွန်တော် ဘေလီရယ်ရဲ့စကားကို နားမလည်ခဲ့ဘူး။အဲဒီအစား ချိန်းထားတဲ့အချိန်မီသေးမမီသေးကြည့်ဖို့ ဖုန်းကိုထုတ်ကြည့်လိုက်တော့ ကျွန်တော်လန့်ပြီး ဖုန်းကိုပစ်ချမိလုနီးပါးပဲ။

“သောက်ခွေး….” ဖုန်းမျက်နှာပြင်အနက်ပေါ်မှာ အသက်သုံးဆယ်နှောင်းပိုင်းအရွယ် သက်လတ်ပိုင်းတစ်ယောက်ရဲ့မျက်နှာက ထင်ဟပ်နေတယ်။ ​ဆံပင်တွေက အဖြူနဲ့အနက်နဲ့ရောနေပြီး အဲဒါက ကျွန်တော့်မျက်နှာပါ။

“ငါဘာဖြစ်သွားတာလဲ။” ကျွန်တော်မေးလိုက်တော့ ဘေလီရယ်က ပြောလာတယ်။ “မရိုးရှင်းဘူးလား၊ ငါပြောခဲ့တဲ့ တန်ကြေးလေ။”

ဘေလီရယ်ရဲ့စကားကြောင့် ကျွန်တော့်ဆံပင်တွေအားလုံး ထောင်ထသွားသလို ခံစားလိုက်ရတယ်။ တစ်ချိန်တည်းမှာပဲ အဲဒီညက ရထားပေါ်မှာကြေညာတဲ့သတင်းကို သူပြန်သတိရသွားတယ်။

[မိဘပြည်သူများရှင့်၊ ဘီမြို့မှာ အမျိုးအမည်မသိရောဂါကြောင့် တစ်ပတ်အတွင်း လူငါးယောက် လူအိုရောဂါနဲ့သေဆုံးခဲ့ပါတယ်။ ရောဂါဟာ ဗိုင်းရပ်စ်ဟုတ်မဟုတ် အတည်မပြုနိုင်သေးပေမဲ့….]

“မင်းပြောချင်တာက ငါက နောက်ပစ်မှတ်လား။” ဘေလီရယ်က လက်ခံတဲ့အနေနဲ့ စက္ကန့်ပိုင်းလောက် တိတ်ဆိတ်နေပြီးတဲ့နောက်…

“အေး၊ လူသားတွေရဲ့လိုအင်ဆန္ဒက အဆုံးမရှိဘူးကွ။ သူတို့လိုချင်တဲ့ဆန္ဒတွေကကြီးလေ သူတို့ပေးရတဲ့တန်ကြေးက ကြီးလေပဲ။ ဒါပေမဲ့ မင်းကျတော့ ဒီလောက်ကြီးတဲ့ ဆန္ဒမျိုးမရှိသေးလို့ အခုထိအသက်ရှင်နေသေးတာပေါ့။ ဒါပေမဲ့…” ဘေလီရယ်က စကားပြောနေတာကို ခဏနားလိုက်ပြီးမှ ရှေ့ဆက်တယ်။

“စာမေးပွဲအောင်ချင်တယ်၊ ချစ်ရသူဆီက အချစ်ခံရချင်တယ်။ ဒါတွေက ငါဖြည့်ပေးရလွယ်တဲ့ ဆန္ဒငယ်လေးတွေလို့ပြောနိုင်တယ်။ ချမ်းသာချင်တာကတော့အလယ်အလတ်ဆိုပါတော့။ နောက်ပြီးတော့ အဲဒီကောင်မလေးက မင်းကို နဂိုကတည်းက ချစ်ပြီးသားဆိုတော့ ငါ့အတွက်ဘာမှသိပ်မလုပ်လိုက်ရဘူး။” ဘေလီရယ်ရဲ့ပုံမှန်လေသံနဲ့ စကားလုံးတွေကို နားထောင်လေလေ ကျွန်တော့်စိတ်ထဲ မသက်မသာဖြစ်လာလေလေပဲ။ သူ့စကားသံက ဟိုအနက်ဝတ်လူရဲ့မြွေလိုလေသံထက်တောင် ပိုကြောက်ဖို့ကောင်းသေးတယ်။ ပင့်ကူတစ်ကောင် လည်ကုတ်ပေါ်ကို တွားသွားတက်နေသလိုမျိုး။

“မင်းအရင်တစ်ယောက်ကတော့ ကမ္ဘာမှအလှဆုံးဖြစ်ချင်တာလေ၊ ဒါပေမဲ့ ဆုကကြီးလွန်းတော့ တစ်ရက်တည်းနဲ့ပဲ သူ့သက်တမ်းကိုးဆယ်ရာခိုင်နှုန်းကို သုံးခဲ့ရတယ်။” ကျွန်တော့်လက်ကို လာကိုင်တဲ့အဖွားအိုကို ကျွန်တော်ပြန်သတိရလာတယ်။ ကျွန်တော့်လိုပဲ သူလည်းဘေလီရယ်လှည့်စားခံရတဲ့ လူငယ်တစ်ယောက် ဖြစ်ခဲ့လေမလား။ သူလည်းအခုလောက်ဆို ဘေလီရယ်ကြောင့်သေရတဲ့ သားကောင်တစ်ယောက်ဖြစ်သွားလောက်ပြီ။

ဒီးဒီးဒီ….

ကျွန်တော့်ဖုန်းမြည်လာတယ်။ ယမင်းဆက်တာ။ ကိုင်လိုက်တော့ ယမင်းရဲ့ရင်ကိုအေးမြစေတဲ့လေသံက ကျွန်တော့်နားထဲဝင်လာတယ်။ “​ပြည်စုံရေ၊ နင်ရောက်တော့မှာလား။ ငါရောက်နေတာကြာပြီဟ။”

“ဆောရီးဟာ၊ ငါကားလွတ်သွားလို့ တက္ကစီနဲ့ပဲလာလိုက်မယ်။” ကျွန်တော်ပြောပြောဆိုဆိုနဲ့ တက္ကစီငှားလို့ရမယ့်နေရာကိုသွားတယ်။ ပြီးတော့ တက်တူးကို ကိုင်ပြီး ဆုတစ်ခုတောင်းလိုက်တယ်။

“ငါ့ကို ပုံမှန်ရုပ်ရည်မျိုးရအောင်လုပ်ပေး။” အခုလို သက်ကြားအိုကြီးပုံစံနဲ့မှ ကျွန်တော်ယမင်းကို သွားချိန်းတွေ့လို့်မှမဖြစ်တာ။

“ကောင်လေး၊ အဲဒီဆုက မင်းသက်တမ်းအများကြီးနဲ့လဲရမှာနော်။ နုပျိုမှုဆိုတာက အလွယ်တကူပြန်ရနိုင်တာမဟုတ်ဘူးလေ။”

“လုပ်မယ်။” အဲဒီနောက် ကျွန်တော့်ခန္ဓာကိုယ်က ပုံမှန်အတိုင်းဖြစ်သွားပြီး တက္ကစီငှားလိုက်တယ်။ ဘီမြို့ပလာဇာကိုရောက်တော့ ခုံတန်းတစ်ခုမှာ ကျွန်တော့်ကိုထိုင်စောင့်နေတဲ့ ယမင်းကိုတွေ့လိုက်ရတယ်။

သူက ချစ်စရာကောင်းတဲ့ အဖြူခံအပြာပွင့် ဂါဝန်လေးဝတ်ထားတယ်။ ကျွန်တော့်ကို​မြင်တော့ ထိုင်ပြီးဖုန်းသုံးနေရာက​နေ ထလာပြီး ကျွန်တော်နဲ့ဘေးချင်းယှဥ်လျှောက်တယ်။

“ပြည့်စုံ၊ စာမေးပွဲဖြေနိုင်လား။”

“အင်း၊ ဒီနှစ်တော့ သေချာပေါက်အောင်ပြီထင်တာပဲ။”

“ထင်တာပဲလား၊ နင်အရင်နှစ်ကလည်း ဒီလိုပဲပြောခဲ့တာပဲမဟုတ်လား။” သူက ကျွန်တော့်ကိုဝေဖန်နေပေမဲ့ မျက်နှာကတော့ ပြုံးထားတယ်။ ကျွန်တော်လည်း ပြုံးမိလိုက်တာပေါ့။

နောက်တော့ နှစ်ယောက်လက်ချင်းချိတ်ပြီး ပလာဇာထဲဝင်ဖြစ်ကြတယ်။ သူက ကျွန်တော့်မှာပိုက်ဆံမရှိမှန်းသိတော့ ဘာပစ္စည်းမှမပူစာဘဲ လျှောက်ကြည့်ဖို့ပဲ ဆုံးဖြတ်ထားပုံပဲ။ ဘယ်ဆိုင်ကိုမှမဝင်ဘူး။

ဒါပေမဲ့ ကျွန်တော်သူ့လက်ကိုဆွဲပြီး ဖန်စီပစ္စည်းဆိုင်ထဲ တန်းဝင်သွားလိုက်တယ်။ “အမှတ်တရဖြစ်အောင်တစ်ခုခုဝယ်ရအောင်။”

နောက်တော့ ကျွန်တော်သူနဲ့လိုက်မယ့် ဆွဲကြိုးလေးတစ်ကုံးရွေးပြီး သူ့လည်တိုင်မှာဆွဲပေးဖြစ်တယ်။ “ပြည့်စုံ၊ ဒီဥစ္စာက စျေးကြီးတယ်မဟုတ်လား။” သူက ကပ်ထားတဲ့စျေးကိုကြည့်ရင်း မေးလိုက်ပေမဲ့ ကျွန်တော်ကတော့ အသစ်ဆက်ဆက်ဘဏ်ကတ်နဲ့ ငွေရှင်းဖို့အသင့်ဖြစ်နေပြီ။

နောက်တော့ ကျွန်တော်သူ့ကိုခေါ်ရင်း ဆိုင်တွေအစုံလိုက်ဝင်ဖြစ်တယ်။ ကျွန်တော် သူနဲ့လိုက်မယ်ထင်သမျှ အရာရာကိုဝယ်ပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ထင်မထားတာက ကျွန်တော်ပစ္စည်းတစ်ခုဝယ်ပေးတိုင်းမှာ သူ့မျက်နှာပေါ်က အပြုံးတွေတဖြည်းဖြည်းချင်း အေးခဲလာတာကိုပဲ။

ညနေစောင်းလာတော့ နှစ်ယောက်လုံးလျှောက်လည်ရတာမောနေပြီ။ “ပြည့်စုံ၊ ငါတို့ခဏနားရအောင်။”

ကျွန်တော်နဲ့သူ ခုံတန်းလေးတစ်ခုမှာ အတူထိုင်ဖြစ်ကြတယ်။ သူသက်ပြင်းချသံသဲ့သဲ့ကို ကျွန်တော်ကြားလိုက်သလိုပဲ။ သူက ကြမ်းပြင်ကိုငုံကြည့်နေပြီး ခြေထောက်ကို ဒေါက်ဖိနပ်ကနေ ခွာထားလိုက်တယ်။

“ပြည့်စုံ၊ နင်ငါ့ကို မှန်မှန်ပြောစမ်း။ အဲဒီပိုက်ဆံတွေ နင်ဘယ်က ရလာတာလဲ။” ဟုတ်တယ်၊ ကျွန်တော်သူ့ကိုဝယ်ပေးခဲ့တာတွေတင် တစ်နေ့တည်း ဆယ်သိန်းဖိုးကျော်နေပြီ။

ကျွန်တော့်လိုမွဲတေပြီး အလုပ်မရှိအကိုင်မရှိ မိဘပေးတဲ့ပိုက်ဆံသုံးပြီး ကျောင်းတက်ချင်ယောင်ဆောင်နေတဲ့အကောင်မှာ ဒီလောက်ငွေကြေးမရှိသင့်ဘူး။

“ငါ…. ငါ…” ကျွန်တော်ဘယ်လိုရှင်းပြရမလဲ။ ဆုတောင်းပြည့် နတ်ဆိုးလေးတစ်ကောင် ကောက်ရထားပါတယ်လို့ပြောရင် သူကျွန်တော့်ကို ရူးနေတယ်ပဲထင်မှာ။

“နင်တရားမဝင်တာ တစ်ခုခုလုပ်နေတာလား။” သူကျွန်တော့်ကို ကြည့်ပြီးမေးလိုက်တယ်။ သူ့အကြည့်တွေကို ကျွန်တော်အလိုလိုရှောင်နေမိတော့တာ။

“အဲဒီလိုမဟုတ်ပါဘူး… ငါလောင်းကစားလုပ်ပြီး ငွေများများနိုင်ခဲ့ရုံပါ။” ဘီမြို့မှာ ကာစီနိုရုံတွေ လိုင်စင်နဲ့ဖွင့်တာမလို့ တရားဝင်တယ်။ ရလာတဲ့ပိုက်ဆံတိုင်းကလည်း အခွန်ဆောင်ပြီးသားပဲ။ ဒါကြောင့်မလို့ ကျွန်တော့်ငွေတွေက တရားဝင်တယ်။ ဒါပေမဲ့….

“လူမိုက်…” သူ့အကြည့်တွေက တင်းမာသွားတယ်။ အတူထိုင်နေတဲ့ ခုံတန်းကနေ သူထလိုက်တယ်။ သူ့လက်ကို ကျွန်တော်အလိုလိုနေရင်း လှမ်းဆွဲထားမိတယ်။

ဟိုတယ်ကလွှတ်လိုက်တဲ့ကားလည်း ပလာဇာရှေ့မှာ ရောက်နေပြီ။ ကျွန်တော်လည်း ခုံတန်းကနေ ထပြီး သူ့ကိုကားဆီခေါ်သွားဖို့ကြိုးစားတယ်။

“လာ၊ ဒင်နာသွားစားရအောင်။” ဒါပေမဲ့ သူကျွန်တော်ခေါ်ရာနောက်ကို လိုက်မလာဘူး။ သူ့အမုန်းမျက်ဝန်းတွေကို ကျွန်တော်မကြည့်ရဲတော့ဘူး။

“အောင်ပြည့်စုံ… နင်က နင့်မိဘပေးတဲ့ပိုက်ဆံတွေနဲ့ လောင်းကစားလုပ်ရဲတယ်ပေါ့။ နင်အခုနိုင်နေလို့ သူဌေးဂိုက်ဖမ်းနေတာလေ။ အဲဒီငွေတွေနင်ရှုံးသွားရင် ဘယ်လိုလုပ်မလဲ။ အိမ်ကို လက်ဖြန့်တောင်းဦးမှာမဟုတ်လား။”

သူကျွန်တော့်လက်ကို ခါထုတ်လိုက်တယ်။ သူလေသံက ကျွန်တော်ကြားဖူးသမျှထဲမှာ အမာဆုံးဖြစ်နေတယ်။ နောက်တော့ သူကျွန်တော့်နားက ထွက်သွားတယ်။ သူကျွန်တော့်ကို မုန်းသွားပြီနဲ့တူပါရဲ့။

ဟော်တယ်က လွှတ်လိုက်တဲ့ကားနောက်ခန်းမှာ ကျွန်တော်ဝင်ထိုင်လိုက်တယ်။ ကားဆရာက ကျွန်တော့်ကိုလှည့်ကြည့်ပြီးမေးတယ်။ “ဆရာလေး၊ ခင်ဗျားချစ်သူဆိုတာရော မပါဘူးလား။”

“ဟိုတယ်ကိုသာ မောင်းစမ်းပါကွာ။” ကျွန်တော်ဘုဂလန့်ပြောလိုက်မှ ကားဆရာလည်း စိတ်မကောင်းဖြစ်သွားဟန်နဲ့ ကားကိုစမောင်းတယ်။

“စိတ်မကောင်းစရာပဲ၊ ကောင်မလေးက မင်းကိုချစ်တာကွ။ နတ်ဆိုးကြောင့်ရထားတဲ့ မင်းရဲ့ပုံရိပ်ယောင်ချမ်းသာမှုတွေကို ချစ်တာမဟုတ်ဘူး။”

ဘေးက​နေ မြွေလိုစကားသံထွက်လာတဲ့အတွက် လှည့်ကြည့်တော့ အနက်ဝတ်လူကို တွေ့လိုက်ရလို့ လန့်သေမလိုဖြစ်သွားသေးတယ်။ သူက ကျွန်တော်ဘေးမှာထိုင်နေပြီး ကားဆရာက သူ့ကိုမြင်နိုင်ပုံမပေါ်ဘူး။

“ဘေ… ဘေလီရယ်..” အနက်ဝတ်လူက ကျွန်တော်ဆုမတောင်းရသေးခင်မှာပဲ တက်တူးရှိနေတဲ့ ကျွန်တော့်လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားလိုက်တယ်။

“ငါသူ့ကို မင်းကိုယ်ထဲကနေ တိုက်ရိုက်ဆွဲမထုတ်ချင်ဘူး။ အဲဒီလိုလုပ်ရင် မင်းသေသွားလိမ့်မယ်။ အခုမင်းလှည့်စားခံနေရပြီမှန်း သိနေတာပဲဥစ္စာ၊ လိမ်လိမ်မာမာနဲ့ သူ့ကိုငါ့လက်ထဲထည့်ပေးလိုက်။”

ကျွန်တော့်နှလုံးခုန်သံမြန်လာတယ်။ အနက်ဝတ်လူပြောချင်တဲ့အဓိပ္ပါယ်ကို ကျွန်တော်နားလည်တယ်။ ဒါပေမဲ့ ဘေလီရယ်ကို သူ့ဆီပေးလိုက်ရင် ကျွန်တော်ဖြစ်ချင်တာတွေ ဆက်မဖြစ်နိုင်တော့ဘူးမဟုတ်လား။ ကျွန်တော်ဒီနှစ်တက္ကသိုလ်ပထမနှစ်အောင်ချင်တယ်၊ ခုမှပထမနှစ်ဝက်ပဲရှိသေးတယ်။ ကျွန်တော်ဆင်းဆင်းရဲရဲနေရတာကို ပင်ပန်းနေပြီ၊ ငွေနဲ့ကြေးနဲ့နေချင်တယ်။ ကျွန်တော့်ယမင်းဆီက အချစ်ကိုလည်း လိုချင်သေးတယ်။

အနက်ဝတ်လူက သက်ပြင်းချလိုက်ပြီး လက်ကိုပြန်လွှတ်ပေးလိုက်တယ်။ “ဒီတော့ မင်းလည်း တခြားသူတွေလိုပဲ နတ်ဆိုးနဲ့အပေးအယူကို မကောင်းမှန်းသိရဲ့နဲ့လုပ်ချင်တဲ့အထဲမှာ ပါနေတာပဲ။”

ကျွန်တော်မျက်လွှာချထားလိုက်မိတယ်။ အနက်ဝတ်လူပြောတာမှန်တယ်။ အတော်ကြာတဲ့အထိ တိတ်​ဆိတ်နေပြီးမှ ကျွန်တော်စကားစလိုက်တယ်။

“ခင်ဗျားက ဘယ်သူလဲ၊ နတ်ဆိုးတွေကို ထိန်းသိမ်းဖို့တာဝန်ယူရတဲ့ နတ်သားလား။”

အနက်ဝတ်က ခေါင်းခါလိုက်တယ်။ “ငါက အမှောင်ညရဲ့သားတော်၊ နတ်သားဆိုတာထက် ငါက နတ်ဆိုးတွေနဲ့ပိုနီးစပ်တယ်။”

“နတ်ဆိုးကိုလိုက်ဖမ်းနေတဲ့ တခြားနတ်ဆိုးတစ်ကောင်ပေါ့။” ကျွန်တော် ကိုယ့်ဘာသာရေရွတ်လိုက်ပေမဲ့ အဲဒီစကားကို အနက်ဝတ်လူက မငြင်းဘူး။

ကားက တဖြည်းဖြည်းနဲ့ ဟိုတယ်နားနီးလာပြီ။ အနက်ဝတ်လူက ကျွန်တော်ပခုံးကို ပုတ်လိုက်ပြီး ပြောလိုက်တယ်။ “ငါ့အတွက်တော့ မင်းသေခါနီးမှ သူ့ကိုလာပြီးအတင်းဆွဲထုတ်လည်း သိပ်မထူးဘူး။ ဒါပေမဲ့ တစ်ခုတော့ပြောခဲ့ပါစေ၊ မင်းနဲ့အရင်းနှီးဆုံးလူတွေက မင်းဆိုတဲ့အစစ်အမှန်ကိုပဲ လိုချင်ကြတာ။ မင်းရဲ့စိတ်ကူးယဥ်ဖန်တီးထားတဲ့ မျက်နှာဖုံးတွေကို မလိုချင်ကြဘူး။”

နောက်တော့ အဲဒီလူ ကားပေါ်က ပျောက်သွားတယ်။ဘယ်တုန်းက မရှိခဲ့ဖူးသလိုပဲ။ ကားဆရာကတော့ ကျွန်တော်တို့ကြားက စကားဝိုင်းကို မကြားမသိမမြင်တဲ့ပုံပဲ။ သူက ကျွန်တော့်ကိုလှည့်ပြီးမေးတယ်။

“ဆရာလေး၊ ကျွန်တော်မန်နေဂျာကို ဘာပြောလိုက်ရမလဲ။ ဒင်နာပွဲဖျက်ပေးရမလား။”

“ဖျက်လိုက်ကွာ…”

“ဟုတ်ကဲ့…”

Comment

Leave a Reply

Options

not work with dark mode
Reset