အပိုင်း (၃၈၂)

အကောင်းဆုံးများ၏ကစားပွဲ

ကျောင်းတော်၏ တိမ်တိုက်များကို ထောက်ကန်ထားသော ပထမတောင်ပေါ်တွင် အဆောင်ငယ်လေးတစ်ခု ရှိသည်။ ထိုနေရာမှ ကြည့်လျှင် စာအုပ်တောင်၏ လွန်စွာ ကောင်းမွန်သော ရှုမျှော်ခင်းများကို မြင်နိုင်သည်။

လက်ရှိတွင် ထိုအဆောင်လေး၌ အဘိုးအို နှစ်ယောက်က စစ်တုရင် ကစားနေကြသည်။ သူတို့က ကျောင်းတော် ကျောင်းအုပ်နှင့် ကော့တေးမှ ဆရာဒူတို့ ဖြစ်ကြသည်။ သူတို့ဘေးမှ ရပ်နေသော ဘေလိရှာ၏ မျက်နှာပေါ်တွင် နားမလည်နိုင်သော အမူအရာများကို တွေ့ရသည်။ ဤသို့သော မြင်ကွင်းအား သူက တစ်ခါမှ မမျှော်လင့်ထားဖူးပေ။ ဤသို့သော မြင်ကွင်းကလည်း လွန်စွာ ရှားပါးပေသည်။ သူ၏ဆရာနှင့် သူ၏ဆရာဦးလေးတို့ စစ်တုရင် ကစားသည်ကို ယခုမှ တစ်ခါ သူမြင်ဖူးခြင်း ဖြစ်သည်။

ယနေ့ ဘာလေ တိုက်နေသနည်း။ မူမမှန်မှုများကို သူက အဘယ်ကြောင့် ခံစားနေရသနည်း။

“ကျုပ်တို့ နောက်ဆုံး ကစားခဲ့တာ ဘယ်လောက်တောင် ကြာသွားပြီလဲ… စီနီယာ… ခင်ဗျားရဲ့ အရမ်း တိုးတက်လာတယ်… အရင်ကလို တိုက်ရိုက် တိုက်ခိုက်တာတွေ သိပ်မရှိတော့ဘူး… အခု ခင်ဗျား အကွက်တွေက သဘာဝကျပြီးတော့ ပရိယာယ်တွေ ပါတယ်…” ဆရာဒူက ပြုံးလျက် မှတ်ချက်ချသည်။

“မင်းရဲ့ အကွက်တွေက ရိုးရှင်းဟန်ရပေမဲ့ မင်းက ကစားပွဲ တစ်ခုလုံးကို ထိန်းချုပ်ပြီးသား ဖြစ်နေပြီ… ဒီနှစ်တွေမှာ မင်းက အစီအစဉ်ချတာတွေ တွက်ချက်တာတွေမှာ ပိုကောင်းလာတယ်…” ကျောင်းတော် ကျောင်းအုပ်၏ မုတ်ဆိတ်ရှည်ကြီးများက လေထဲကို လွင့်မျောနေသည်။ သူက အိုမင်းသော်လည်း သူ၏အသံက ခိုင်မြဲကာ တည်ငြိမ်သည်။

“ဒါက အစီအစဉ် ချထားတာ မဟုတ်ဘူး… ဒါက ရေစီးကြောင်းပဲ…” ဆရာဒူက ခေါင်းယမ်းသည်။

“မင်းရဲ့ ဆန္ဒပြည့်ဖို့အတွက် အရှေ့မြေရိုင်း ဒေသတစ်ခုလုံးကို အစီအစဉ် ချထားတယ်… ဒါက ရေစီးကြောင်းလား…” ဆရာဒူက သူ့ကို ကြည့်ကာ နှာခေါင်းရှုံ့သည်။

“စီနီယာ… ဘာလို့ ဒီလောက် မကျေနပ် ဖြစ်နေရတာလဲ…” ဆရာဒူက ပြုံးသည်။

“ငါတို့နှစ်ယောက် လေ့ကျင့်တာ နှစ်တွေ ဘယ်လောက် ကြာပြီလဲ… ငါ့မှာ ဘယ်လောက် ကျန်သေးလို့လဲ… အနှေးနဲ့အမြန် ငါက သေမှာပဲ… ငါက အဆင့်တက်ဖို့အတွက် ဒီနေရာက ထွက်သွားဖို့ လိုတယ်… မင်းကို ဒီနေရာကိုပေးဖို့ ဒီလောက်တောင် ခက်ခဲလား… မင်း မလိုချင်ရင်တောင် မင်းရဲ့ ပထမ တပည့်ဆို ဘယ်လိုလဲ… အဲဒီတုန်းက ဘာလို့သူ့ကို ထွက်သွားဖို့ မင်းက ပြောခဲ့ရတာလဲ…မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့လား…”

သူတို့နှစ်ယောက်၏ စကားများကို ကြားလျှင် ဘေလိရှာ ထိတ်လန့်သွားသည်။ ပြင်ပတွင် ထွက်ပေါ်နေသော ကောလာဟလများအရ ဆရာဒူက သူ၏တပည့်အား ကျောင်းတော်တွင် နေခိုင်းမည့်အစား ကိုယ်ပိုင်ကလန် တည်ထောင်ခိုင်းသည်။ ကျောင်းအုပ်က ထိုဆုံးဖြတ်ချက်နှင့် ပတ်သက်၍ လွန်စွာ မကျေမနပ်ဖြစ်ကာ သူတို့ နှစ်ယောက်အကြား ကတောက်ကဆ ဖြစ်ခဲ့သည်။ အမှန်တကယ်အားဖြင့် ကျောင်းအုပ်က သူ၏နေရာကို ဆက်ခံရန် လူရှာနေခြင်းဖြစ်ကာ ဆရာဒူက ငြင်းပယ်ခဲ့သည်။ ထို့ကြောင့် ကျောင်းအုပ်က ဓားသခင်ကို စဉ်းစားခဲ့သည်။

ထိုအဖြစ်က သူ့အား အမှန်တကယ် အံ့အားသင့် စေခဲ့သည်။

“စီနီယာ… ကျုပ်က တကယ်ပဲ ကျောင်းအုပ်ကောင်း တစ်ယောက် ဖြစ်မယ်လို့ ခင်ဗျား ထင်လား…” ဆရာဒူက ပျင်းရိသော အမူအရာဖြင့် ပြောသည်… “ပြီးတော့ ခင်ဗျားကလည်း အကြောင်းပြချက် တချို့ကို သိတာပဲ…”

ကျောင်းအုပ်က ဆရာဒူအား စိုက်ကြည့်သည်။ သူက တိတ်တခိုး သက်ပြင်းရှည် ချသည်။ ဆရာဒူက သူ၏နေရာကို ဆက်ခံ၍ မရသည်ကို သူသိသည်။ သို့သော် သူက ဓားသခင်ကိုလည်း သူ၏နေရာကို ဆက်ခံရန် ခွင့်မပြုပေ။ ကျောင်းအုပ်က ထိုကိစ္စအား လွန်စွာ သဘောမကျ ဖြစ်နေသည်။ သူ့တွင် အချိန် သိပ်မရှိတော့ပေ။

တန်ခိုးရှင်များက အသက် ရှည်သော်လည်း သူတို့က အင်မော်တယ်များ မဟုတ်ကြပေ။ သူက ရှီအဆင့်ကိုပင် မရောက်သေးရာ သူ၏အသက်က အကန့်အသတ် ရှိသည်။ သူက အဆင့်တက်ရောက် နိုင်မှသာလျှင် သူ၏အသက်က ပိုမိုရှည်လျား နိုင်ပေမည်။ ထို့ကြောင့် သူက အရှေ့မြေရိုင်း ဒေသမှ ထွက်ခွာ၍ အခွင့်အရေးကို ရှာလိုသည်။ သူ၏ပါရမီဖြင့် အရှေ့မြေရိုင်း ဒေသတွင် သူက ရှီအဆင့်အား တက်ရောက်ရန် လွယ်ကူမည် မဟုတ်ပေ။

“စီနီယာ … ခင်ဗျားက  ကျုပ်ကို အများကြီး မျှော်လင့်ထားတာ သိပါတယ်.. ဒီကိစ္စတွေ ပြီးသွားရင် ခင်ဗျားက စိတ်ပူဖို့မလိုဘဲ ထွက်သွားနိုင်ဖို့ ကျုပ် စဉ်းစားထားတာ ရှိတယ်… ဒါပေမဲ့…” ဆရာဒူက ပြုံးကာ ခေါင်းယမ်းသည်။

“မင်းရဲ့ ရည်ရွယ်ချက်ကို အရှေ့မြေရိုင်း ဒေသမှာ ပြည့်မီအောင် လုပ်ချင်တယ် ဆိုရင်တော့ မင်းက တခြားလူတွေရဲ့ အကျိုးစီးပွားကို ဆန့်ကျင်မှ ရလိမ့်မယ်… ဒါက မင်းထင်သလို လွယ်ကူမှာ မဟုတ်ဘူး…” သူ၏ဂျူနီယာက ဘာလုပ်ချင်သည်ကို သူသိသည်။

“ဒါမှန်တယ်… အရှေ့မြေရိုင်းဒေသ တစ်ခုတည်းကို ပြောင်းလဲဖို့တောင် အရမ်းခက်တာပဲ…” ဆရာဒူက ခေါင်းယမ်းသည်။ သူက အဝေးကို ကြည့်ကာ ပြောသည်… “လာရမယ့်ဟာက လာလိမ့်မယ်…”

သူ၏ စကားကို ကြားလျှင် ကျောင်းအုပ်ကလည်း ခေါင်းမော့ကာ အဝေးကို ကြည့်သည်။ တိမ်များ ရွေ့လျားကာ လေတိုးသံများ ကျယ်လောင်စွာ ကြားရသည်။ ရုတ်တရက် နဂါးအော်သံ တစ်သံက ကောင်းကင်တွင် ဖြစ်ပေါ်လာကာ လောကကြီးအား တုန်ခါစေသည်။

စာအုပ် တောင်ပေါ်တွင် မရေမတွက်နိုင်သော လူများက ကောင်းကင်ကို လှမ်းကြည့်လျှင် သူတို့က တကယ့်နဂါး တစ်ကောင်က တိမ်များအကြားမှ ဆင်းသက် လာသည်ကို မြင်ကြရသည်။

ဧရာမ နဂါးကြီးကား ထည်ဝါကာ ခန့်ညားလှသည်။ နောက်ကျောတွင် လူသုံးယောက် ပါလာသည်။ ရှေ့ဆုံးမှလူကား ဧကရာဇ်ဝတ်စုံကို ဝတ်ဆင်ထားကာ လွန်စွာ အားကောင်းဟန် ရနေသည်။ သူကား အရှေ့မြေရိုင်း ဒေသတွင် အားအကောင်းဆုံးလူဟု သတ်မှတ် ထားကြသော ချင်ဘုရင် ဖြစ်သည်။

ချင်ဘုရင်၏ တစ်ဖက် တစ်ချက်တွင် အဘိုးအို နှစ်ယောက် ပါလာသည်။ သူတို၏ပုံစံကလည်း လွန်စွာ ထူးခြားကာ စွမ်းအားမြင့်ဟန် ရှိနေသည်။ သူတို့အပြင် ကောင်းကင်တွင်လည်း များစွာသော နိုဘယ်များ ပေါ်လာသည်။ သူတို့အားလုံးက ချင်ပြည်ထောင် မဟာမိတ်အဖွဲ့မှ စွမ်းအားမြင့် နိုဘယ်များ ဖြစ်ကြသည်။

ချက်ချင်းပင် စာအုပ်တောင်က ရုန့်ရင်းဆန်ခတ် ဖြစ်သွားသည်။ များစွာသော နိုဘယ်များက ထိုလူများအား ရင်ဆိုင်ရန် ကောင်းကင်သို့ တက်ရောက် သွားကြသည်။

ချင်ပြည်ထောင်က နောက်ဆုံးတွင် သူတို့၏ စစ်တပ်အား စာအုပ်တောင်ကို စေလွှတ်ခဲ့သည်။

နဂါး၏ နောက်ကျောပေါ်တွင် ရပ်နေရင်းက ချင်ဘုရင်၏ အကြည့်က လေဟာနယ်အား ထွင်းဖောက် သွားသည့်အလား တောင်ထိပ်ပေါ်မှ အဆောင်ငယ်လေးသို့ ရောက်ရှိသွားသည်။ သူက စစ်တုရင် ကစားနေကြသော အဘိုးအိုနှစ်ယောက်အား ဦးညွှတ်ကာ ပြောသည်… “ကျောင်းတော် ကျောင်းအုပ်နဲ့ ဆရာဒူကို နှုတ်ဆက်ပါတယ်…”

မျက်နှာတွင် အေးစက်သော အမူအရာဖြင့် ကျောင်းတော် ကျောင်းအုပ်က ခေါင်းမော့ကြည့်ကာ အော်လိုက်သည်… “ထွက်သွား…” ချင်ဘုရင်က အမြန်ဆုံး ထွက်သွားဖို့ သူ မျှော်လင့်သည်။

ထိုအခိုက်တွင် သူကလည်း တစ်နည်းနည်းအားဖြင့် စိုးရိမ်နေပေသည်။

“စီနီယာ… ဧည့်သည်က ဒီကို ရောက်နေပြီဆိုမှတော့ ကျုပ်တို့က နှင်မထုတ်သင့်တော့ဘူး…” ဆရာဒူက အေးဆေးစွာ ပြုံးလျက် ပြောသည်။ သူက ကောင်းကင်ထက်မှ ချင်ဘုရင်အား ကြည့်လျက် ပြုံးလျက် ပြောသည်… “ဝင်ခဲ့ပါ…”

“ကောင်းပြီ…” ချင်ဘုရင်က ပြုံးလျက် ခေါင်းညိတ်သည်။ သူက ကောင်းကင်ပေါ်မှ နေ၍ တောင်ပေါ်သို့ ဆင်းလာသည်။ သူ့နောက်တွင်လည်း အဘိုးအို နှစ်ယောက်က ကပ်၍ လိုက်ပါလာ၏။ တခြားတစ်ဖက်တွင် နဂါးက လေထဲတွင် ကျန်နေရစ်သည်။

စာအုပ်တောင်မှ များစွာသော တောင်ကုန်း အကြီးအကဲများ၊ ဓားသခင်တောင်မှ တန်ခိုးရှင်များ၊ လစန္ဒာကလန်မှ တန်ခိုးရှင်များက တစ်ယောက်ပြီး တစ်ယောက် လေထဲကို တက်သွားကြသည်။ သူတို့က တစ်ဖက်မှ တန်ခိုးရှင်များကို အေးစက်စွာ ကြည့်ကြသည်။

နတ်မိမယ်ဝမ့်ယွီက ပထမ တောင်ထိပ်ပေါ်မှ အဆောင်ငယ်၏ မနီးမဝေးတွင် ရပ်ကာ အခြေအနေကို အကဲခတ်နေကသည်။ သူမက ချင်ဘုရင်၏နောက်နားမှ အဘိုးအို နှစ်ယောက်အား ကြည့်လိုက်သည်။ သူတို့က သူတို့၏ ကိုယ်ရောင်ကိုယ်ဝါများအား ထုတ်လွှတ်ခြင်း မရှိကြ သေးသော်လည်း သူတို့က လွန်စွာ အန္တရာယ်များသည်ကို လူတိုင်းက ခံစားကြရသည်။ သူတို့က ဤအဆင့်ထိ ရောက်အောင် လေ့ကျင့်ထားသော်လည်း အိုမင်းပုံ ပေါက်နေခြင်းက သူတို့က အသက်လွန်စွာ ရှည်သည်ကို ခန့်မှန်း သိနိုင်ပေသည်။

ချင်ဘုရင်က မြေပြင်ပေါ်ကို ဆင်းသက်ကာ လက်နှစ်ဖက်အား ဆုပ်ကိုင်၍ ဆရာဒူကို ဦးညွှတ်သည်… “ကျုပ်က ခင်ဗျားရဲ့ နာမည်ကို အရင်ကတည်းက ကြားဖူးပေမဲ့ ကံမကောင်းတာက လူကိုယ်တိုင် မတွေ့ဖူးတာပဲ… ဒီနေ့ ကျုပ်က ကိုယ်တိုင် လာရောက် လည်ပတ်တယ်… အခုလို အနှောင့်အယှက် ပေးတဲ့အတွက် စိတ်မဆိုးပါနဲ့…”

သူ၏လေသံက အမှန်ပင် ဟန်ဆောင်ခြင်း ကင်းမဲ့ကာ စိတ်ရင်းဖြင့် ဦးညွှတ်ခြင်း ဖြစ်ဟန်ရသည်။

ဆရာဒူကား အမှန်ပင် အရှေ့မြေရိုင်း ဒေသတွင် လေးစားဖွယ် ကောင်းသောသူ ဖြစ်ပေသည်။

ကော့တေးတွင် တပည့် ခြောက်ယောက်မျှသာ ရှိသည်။ ပထမ သုံးယောက်ကား အရှေ့မြေရိုင်း ဒေသတွင် လွန်စွာ ကျော်ကြားနေပြီး ဖြစ်သည်။ တစ်ယောက်က ကိုယ်ပိုင်ကလန် ထူထောင်ထားသလို ကျန်သော နှစ်ယောက်ကလည်း မည်သည့် အချိန်တွင်မဆို ကလန်ထူထောင်ကာ အရှေ့မြေရိုင်း ဒေသ၏ ထိပ်ဆုံးတွင် ရပ်နေနိုင်ပြီ ဖြစ်သည်။ တခြား တပည့်များအားလုံးက သင်ယူနေဆဲ ဖြစ်ကြသော်လည်း နောင်တွင် သူတို့ကလည်း ဓားသခင်အောက် စွမ်းရည် လျော့နည်းမည့်ပုံ မရှိပေ။

ဆရာဒူက တန်ခိုးမကျင့်နိုင်လျှင်ပင် သူက ထိုသို့သော တပည့်များအား ရွေးချယ်ကာ သင်ကြားနိုင်ခဲ့ခြင်းက သူ့အား အလွန်တရာ လေးစားဖွယ် ကောင်းစေသည်။

ထို့အပြင် ဆရာဒူက တန်ခိုးမကျင့်နိုင်ဟု ပြောသည်ကို ချင်ဘုရင်က မယုံပေ။

ချင်ဘုရင်၏ဘေးမှ နှစ်ယောက်ကလည်း ဆရာဒူအား စိုက်ကြည့်ကာ တစ်စုံတစ်ခုအား ခံစားနိုင်ရန် ကြိုးစားနေကြဟန် ရသည်။

“ရပါတယ်… ဒီလောက် မလိုပါဘူး…” ဆရာဒူက ပြုံးသည်။ ချင်ဘုရင်က တန်ခိုးရှင်များစွာကို ခေါ်ယူလာသော်လည်း ဒွန်ဟွာကလန် ခေါင်းဆောင်နှင့်ဇနီး၊ တခြား အရေးပါသော လူတချို့အား ခေါ်မလာသည်ကို သတိထားမိသည်။

ဘာဖြစ်ခဲ့သည်ကို ခန့်မှန်းမိကာ ဆရာဒူက ပြုံးလိုက်သည်။

“ကျောင်းအုပ်ရှောင်နဲ့ ဆရာဒူတို့က စစ်တုရင် ကစားနေကြတာပဲ… ကျုပ်က စစ်တုရင် ပညာမှာ သိပ်မကောင်းပေမဲ့… ဆရာဒူ… ခင်ဗျားက ကျုပ်နဲ့ တစ်ပွဲလောက် ကစားဖို့ စိတ်မဝင်စားဘူးလား…” ချင်ဘုရင်က ဆရာဒူကို ကြည့်သည်။

“ထိုင်ပါ…” ဆရာဒူက လက်ဆန့်တန်းကာ ကြိုဆိုသည်။ ကျောင်းအုပ်ရှောင်က ချင်ဘုရင်အား အေးစက်စွာ ကြည့်သည်။

“စီနီယာ…” ဆရာဒူ၏ မျက်လုံးများက ကျောင်းအုပ်ရှောင်အား စကားပြောနေဟန် ရသည်။

သို့သော် ကျောင်းအုပ်က ချင်ဘုရင်အား စိုက်ကြည့်နေဆဲ ဖြစ်သည်။

“စီနီယာ… ကျုပ်တို့ဆီကို လာလည်တဲ့လူတွေက ကျုပ်တို့ ဧည့်သည်တွေပဲ မလား…” ဆရာဒူက ထပ်ပြောသည်။ ကျောင်းအုပ်က မလိုလားစွာဖြင့် ထရပ်သည်။ ထို့နောက် သူက ဘေးဘက်ကို လျှောက်သွားကာ ချင်ဘုရင်အား အေးစက်စွာ ကြည့်နေသည်။

“ကျောင်းအုပ်ရှောင်… အနှောင့်အယှက် ပေးမိတာ တောင်းပန်ပါတယ်…” ချင်ဘုရင်က ကျောင်းအုပ်အား ခေါင်းညိတ်သည်။ ထို့နောက် သူက ဆရာဒူနှင့် မျက်နှာချင်းဆိုင် ထိုင်သည်။ နယ်ရုပ်များက စစ်တုရင်ခုံပေါ်တွင် မူလနေရာသို့ ပြန်လည် ရောက်သွားကာ သူတို့က ကစားပွဲအား ပြန်လည် စတင်ကြသည်။

စာအုပ်တောင်၏ ကောင်းကင်ပေါ်မှ နှစ်ဖက် နိုဘယ်များ အားလုံးက အဆောင်ငယ်ထဲမှ အခြေအနေကို အကဲခတ် စောင့်ကြည့် နေကြသည်။

အရှေ့မြေရိုင်း ဒေသ၏ စွမ်းအား အမြင့်ဆုံးလူနှင့် ကော့တေးမှ အလျှို့ဝှက်ဆုံး၊ အထူးဆန်းဆုံးလူ ဖြစ်သူ ဆရာဒူတို့က ယခု စာအုပ်တောင်ပေါ်တွင် စစ်တုရင် ကစားနေကြသည်။

ထိုကစားပွဲတွင် နယ်ရုပ်များက သာမန် အရုပ်များ ဖြစ်ကြသော်လည်း အမှန်တကယ်အားဖြင့် ထိုအရုပ်များက အရှေ့မြေရိုင်း ဒေသအား ကြီးစွာ သက်ရောက်မှု ရှိနေသည်ကို သူတို့အားလုံး သိကြသည်။

“ဆရာဒူ… ခင်ဗျားက ကျောင်းတော် ကျောင်းအုပ်ရဲ့ ဂျူနီယာလို့ ကျုပ်ကြားတယ်… ခင်ဗျားက ကျုပ်ထက် စီနီယာကျမှတော့ အရင် ရွှေ့သင့်တယ်…” ချင်ဘုရင်က ယဉ်ကျေးစွာ ပြောသည်။

ဆရာဒူက ညင်သာစွာ ခေါင်းညိတ်ကာ သူ၏ ပထမဆုံး အကွက်အား စရွှေ့သည်။

ချင်ဘုရင်ကလည်း ပြုံးကာ တစ်ကွက် ရွှေ့သည်။

စာအုပ်တောင်က လွန်စွာ တိတ်ဆိတ်နေဟန် ရကာ အခြေအနေက တစ်နည်းနည်းအားဖြင့် တင်းမာနေသည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်လွန်းရကား စစ်တုရင် အရုပ်ချသံက ကြည်လင်စွာ ကြားနေရသည်။

“ဆရာဒူ.. ခင်ဗျားက စိတ်ကူးပေါက်ရာ ရွှေ့နေတယ်လို့ ထင်ရပေမဲ့ ကျုပ်မသိလိုက်ခင် ခင်ဗျားက ကစားပွဲ တစ်ခုလုံးကို ထိန်းချုပ်ထားပြီးပြီ… တကယ် ကြောက်စရာပဲ…” ချင်ဘုရင်က ပြုံးသည်။ ထို့နောက် သူကလည်း နောက်တစ်ကွက် ရွှေ့သည်။ ထိုမြင်ကွင်းကို ကြည့်ကာ ကျောင်းအုပ်ရှောင်၏ မျက်လုံးများက အရောင်လက် သွားသည်။

ဆရာဒူက ကစားပွဲအား ထိန်းချုပ်ရန် ကြိုးစားနေစဉ် ချင်ဘုရင်က သူ၏နောက်မှ​ နီးကပ်စွာ လိုက်ပါနေသည်။ သူ၏ ရွှေ့ကွက်တိုင်းက တိုက်ရိုက် ဆန်ကာ ရန်လိုပေသည်။

ဆရာဒူက ပြုံးကာ ဂိမ်းကို ဆက်ကစားသည်။

သူတို့နှစ်ယောက် ဆက်ကစားလျှင် တဖြည်းဖြည်းဖြင့် ချင်ဘုရင်ထံမှ မမြင်ရသော ကိုယ်ရောင် ကိုယ်ဝါများ ဖြာထွက် လာနေသည်။

“ဆရာဒူ… ခင်ဗျားက ဒီလို သေးငယ်တဲ့နေရာမှာ ဘာလို့ နေနေရတာလဲ…”

ထို့နောက် ချင်ဘုရင်က သူ၏အကွက်အား ရွှေ့လိုက်သည်။ စစ်တုရင်ခုံပေါ်တွင် နဂါးတစ်ကောင်က ရှေ့ကိုတက်ကာ အရာအားလုံးကို ဝါးမျိုတော့မည့် ပုံစံအလား မြင်နေရသည်။

“ကျုပ်က သေသေချာချာ စဉ်းစား တွက်ချက်ပြီးမှ အကွက်ရွှေ့တယ်….” ဆရာဒူက ပြုံးကာ သူ၏အကွက်အား အေးဆေးစွာ ရွှေ့သည်။ ချက်ချင်းပင် သူချလိုက်ရာ နယ်ရုပ်က တခြား အန္တရာယ်ရှိသော အရုပ်များ အားလုံးကို ကယ်တင်လိုက်သည်။ သူတို့အားလုံးက အကယ်ခံလိုက် ရသည်နှင့် ကစားပွဲကို ပြန်လည် တုံ့ပြန်ကာ သူတို့အား ရပ်တန့်ရန် လွန်စွာ ခက်ခဲသွားသည်။

ချင်ဘုရင်က သူ၏လက်ထဲမှ အရုပ်ကို ကိုင်ကာ လေထဲတွင် ရပ်ထားသည်။ သူက နောက်တစ်ကွက် ရွှေ့ရန် အခက်တွေ့နေရာ ထောင်ချောက်ထဲ ကျဆင်းနေဟန် ရသည်။ သူ့ထံမှ ထွက်ပေါ်နေသာ ကိုယ်ရောင် ကိုယ်ဝါများက ထက်ရှသွားသည်။

နောက်ဆုံးတွင် သူ၏လက်က စစ်တုရင်ခုံ၏ တစ်နေရာကို ရောက်သွားသည်။ သူချလိုက်သော အရုပ်က တိုက်စစ်၏ အသက်ဖြစ်ကာ ရှိရှိသမျှသော အားအင်ဖြင့် ရန်သူကို ထိုးဖောက် တိုက်ခိုက်သည်။

“ဘာကိုမှ မငဲ့ကွက်တော့ ဘူးလား…” ဆရာဒူက သူ၏အကွက်ကို ရွှေ့လိုက်ကာ ခေါင်းယမ်းသည်။ သူက အရာအားလုံးကို သိပြီးသည့်အလား ဘာကိုမှ မစဉ်းစားဘဲ ရွှေ့နေသည်။

သို့သော်လည်း သူ၏အခြေအနေက ခံစစ်ဖြစ်နေဆဲပင်။

“ခင်ဗျားက ကစားပွဲတစ်ခုလုံးကို ထိန်းချုပ်ထားပြီးပြီ… ခင်ဗျားရဲ့ အစီအစဉ် ပြီးသွားတာနဲ့ ခင်ဗျားကို ရပ်တန့်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး… ကျုပ်မှာ အချိန် သိပ်မရှိတော့ဘူး… ကျုပ်တို့က အစွမ်းကုန် တိုက်ခိုက်ဖို့ပဲ ကျန်တော့တယ်…” ချင်ဘုရင်က ခံစားချက် ကင်းမဲ့စွာ ပြောသည်။ ထို့နောက် သူက တစ်ကွက် ရွှေ့လိုက်လျှင် သူ၏အရေးပါသော နယ်ရုပ်က ရန်သူ၏ နယ်မြေထဲကို ဝင်ရောက်ကာ ခံစစ်အား ချိုးဖျက်ရန် ကြိုးစားသည်။

“ခင်ဗျားက ပြန်လမ်း မရှိတဲ့လမ်းကို ရွေးလိုက်တာပဲ.. ခင်ဗျား ရှုံးသွားရင် အကုန် ဆုံးရှုံးသွားလိမ့်မယ်.. ဘာလို့လဲ…” ဆရာဒူက ပြောကာ ကစားပွဲကို ဆက်သည်။

စာအုပ်တောင်ပေါ်မှ လူများက သူတို့နှစ်ယောက်၏ စကားများကို နားထောင် နေကြသည်။ သူတို့ နှစ်ယောက်၏ စကားများတွင် ဖုံးကွယ်ထားသော အဓိပ္ပာယ်များ ပါဝင်နေပုံ ရသည်။

ချင်ဘုရင်နှင့် ဆရာဒူတို့ ကစားနေသော စစ်တုရင်ခုံက အရှေ့မြေရိုင်း ဒေသနှင့် အလားသဏ္ဌာန် ရကာ သူတို့က အရှေ့မြေရိုင်းဒေသ အစား စစ်တုရင်ခုံပေါ်တွင် စစ်ဗျူဟာများ ခင်းနေကြဟန် ရသည်။

ချင်ဘုရင်က စစ်တုရင်ခုံကို ကြည့်ကာ အေးခဲနေသည်။ ဆရာဒူ နောက်ဆုံး ရွှေ့သော အကွက်က အခြေအနေအား ချက်ချင်း ပြောင်းလဲ သွားစေခဲ့သည်။ သူက အမြဲတမ်း ခံစစ်ကစား နေခဲ့သော်လည်း နောက်ဆုံး ပြုလုပ်ခဲ့သော အကွက်က သူ၏ရန်သူများ အားလုံးကို တစ်ချက်တည်းဖြင့် ရှင်းလင်း နိုင်ခဲ့သည်။ ချင်ဘုရင် စေလွှတ်ခဲ့သော နယ်ရုပ်များ အားလုံးက ယခု အန္တရာယ် ရှိနေလေပြီ။

“ခင်ဗျား ဆက်ကစားချင် သေးလား…” ဆရာဒူက မေးသည်။

ချင်ဘုရင်ကား စိတ်ထဲတွင် လွန်စွာ ထိတ်လန့်နေသည်။ စစ်တုရင်ခုံအား စိုက်ကြည့် နေရင်းက သူ၏ လက်ချောင်းများက အနည်းငယ် တုန်ယင်နေသည်… “ကျုပ်က နောက်လှည့်လို့မရတဲ့ အကွက်ကို ရွှေ့ထားပြီးပြီ… ချင်ယွီနဲ့ ကျန်လူတွေက အခု ကောင်းကင်တောင်ကို သွားနေကြတယ်… အဲဒီက တိုက်ပွဲပြီးသွားရင် သူတို့က ဒီကို လိုက်လာကြလိမ့်မယ်…”

“နောက်ဆုတ်လို့ မရဘူး… ဘာလို့လဲ…”

ဆရာဒူက ခေါင်းယမ်းကာ သူ၏နောက်တစ်ကွက်အား ချလိုက်သည်။ ချက်ချင်းပင် ချင်ဘုရင်၏ ရှေ့မှ စစ်ကြောင်းနှင့် နောက်မှ အထောက်အပံ့များက ပြတ်တောက် သွားသည်။ ထိုအကွက်က ကစားပွဲအား အဆုံးအဖြတ် ပေးသည်။

“သူတို့က ကောင်းကင်တောင်က ဆုတ်ခွာဖို့တောင် ခက်ခဲလိမ့်မယ်…” ဆရာဒူက အေးအေးလူလူ မှတ်ချက်ချသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset