Switch Mode

တောင်းဆုတို့ပြည့်ပါစေ ပထမပိုင်း

တောင်းဆုတို့ပြည့်ပါစေ ပထမပိုင်း

“မိဘပြည်သူများရှင့်၊ ဘီမြို့မှာ အမျိုးအမည်မသိရောဂါကြောင့် တစ်ပတ်အတွင်း လူငါးယောက် လူအိုရောဂါနဲ့သေဆုံးခဲ့ပါတယ်။ ရောဂါဟာ ဗိုင်းရပ်စ်ဟုတ်မဟုတ် အတည်မပြုနိုင်သေးပေမဲ့….”

‘ဘာကြီးလဲ၊ သတင်းကြေညာတာရောဟုတ်ရဲ့လား။ အွန်လိုင်းပေါ်ကပေါက်ကရသတင်းတွေ ဖတ်ပြနေတာ မဟုတ်ပါဘူးနော်။’

ကျွန်တော်မြို့ပတ်ရထားပေါ်က တီဗီကိုမော့ကြည့်လိုက်မိတယ်။ တကယ်ပဲ သူတို့တွေက မဖြစ်နိုင်တဲ့အရာတစ်ခုကို သတင်းလုပ်ပြီးကြေညာနေကြတာ။ လူတွေကို အသက်ကြီးပြီးသေစေတဲ့ ဗိုင်းရပ်ဆိုပဲ။ ဒါပေမဲ့ ကျွန်တော်အဲဒီသတင်းကို အဲဒီအချိန်တုန်းက သိပ်ပြီးဂရုတစိုက်မရှိခဲ့ဘူး။ ကျွန်တော့်မှာ ကိုယ့်အပူနဲ့ကိုယ် ရှိနေပြီးသားမလို့လေ။

ကျွန်တော့်နာမည်က အောင်ပြည့်စုံ၊ အသက်ကတော့ ၂၁နှစ်ပြည့်ပြီ။ နည်းနည်းလေးမှ အသုံးကျတဲ့အထဲမပါဘဲ မိဘလုပ်စာသုံးဖြုန်းနေတဲ့သူ။ ဆယ်တန်းနှစ်ခါကျပြီးတာတောင် မတော်နိုင်သေးဘဲ တက္ကသိုလ် ပထမနှစ်တောင် နှစ်ခါကျလိုက်သေးတယ်။

ကျွန်တော့်မိဘတွေက ကျွန်တော့်ပညာရေးအတွက်စိုးရိမ်လို့ တက္ကသိုလ်ရှိတဲ့မြို့ကိုပို့ပြီး တက္ကသိုလ်ကျူရှင်ထားပေးပေမဲ့ အခုပထမနှစ်တတိယအကြော့မှာလည်း ကျူတိုဖြေတိုင်းမအောင်ခဲ့ဘူး။

မနက်ဖြန်ဆိုရင် ပထမနှစ်ဝက်စာမေးပွဲဖြေရတော့မယ်။ ကျွန်တော်လုံးဝအသင့်မဖြစ်သေးဘူး။ ရင်ထဲမှာ လေးလံနေသလိုပဲဗျာ။ ဒီနှစ်လည်းကျဦးမယ်ထင်ပါရဲ့။

“ဘီမြို့ပတ်ရထားခရီးစဥ် နောက်ဆုံးဘူတာကိုရောက်ပါပြီရှင်။ ခရီးသည်များရှင့် ကိုယ်ပိုင်ပစ္စည်းများကို သေချာစစ်ဆေးပြီးမှ ရထားပေါ်မှ ဆင်းပါရန်…”

ကျွန်တော်တစ်ယောက်တည်း တွေးပြီးစိတ်ပူနေတုန်း ရထားရပ်သွားပြီဗျ။ ကျွန်တော်ပိုက်ထားတဲ့ လွယ်အိတ်ကိုဖွင့်ပြီး ပိုက်ဆံအိတ်နဲ့ဖုန်း ရှိမရှိစစ်ပြီးတဲ့နောက် ရထားပေါ်ကနေ ဆင်းလိုက်တယ်။

ဘီမြို့ပတ်ရထားဂိတ်ဆုံးဘူတာက အတော်လေးညစ်ပတ်တယ်။ ရထားအပြင်ကိုထွက်လိုက်တာနဲ့ ပူအိုက်ဆွတ်စိုပြီး ပုပ်သိုးနေတဲ့လေထုက ကျွန်တော့်နှာခေါင်းကို လာရိုက်ခတ်တယ်။

ပတ်ဝန်းကျင်ကို လေ့လာကြည့်တော့ ရထားဘူတာရုံငယ်လေးထဲမှာ ခုံတန်းလျားကို ညောင်စောင်းထင်ပြီးအိပ်နေတဲ့ အိမ်ခြေရာမဲ့အမူးသမားတစ်ယောက်နဲ့ လေနဲ့အတူလွင့်နေတဲ့ ပလက်စတစ်အိတ်တွေကိုပဲတွေ့ရတယ်။

ကျောပိုးအိတ်ထဲက ဖုန်းကိုဖွင့်ပြီး ကြည့်လိုက်မိတော့ အချိန်က ရှစ်နာရီခွဲတော့မယ်။ ညနေသုံးနာရီမှာ တက္ကသိုလ်ကျောင်းဆင်းပေမဲ့ ကျောင်းနားက ကျူရှင်က ငါးနာရီမှာစတယ်။ အဲဒီနောက်နှစ်နာရီဆက်တိုက် လေးဘာသာသင်လိုက်တာ ခုနစ်နာရီထိုးမှပြီးတယ်။ ပထမနှစ်ဝက်အတွက် ပြန်လှန်လေ့ကျင့်ခန်းတွေ လုပ်နေတာကိုး​ဗျ။ တစ်ခါတလေဆိုရင် အဆောင်ကို ကိုးနာရီထိုးခါနီးမှရောက်တယ်။

စိတ်ဓာတ်ကျနေတာကြောင့် လေးလံနေတဲ့ခြေလှမ်းတွေနဲ့အတူ ကျွန်တော်စရွေ့တယ်။ ကျွန်တော်နေတဲ့အဆောင်က ဒီနေရာနဲ့သိပ်မဝေးဘူး။ နှစ်လမ်းကျော်လောက်မှာပဲ။

လမ်းပေါ်ကိုရောက်တော့ ကျွန်တော်ပတ်ဝန်းကျင်ကိုဆက်မလေ့လာဖြစ်တော့ဘူး။ ခေါင်းငုံပြီး အက်ကွဲနေတဲ့ ပလက်ဖောင်းကိုပဲ ငုံကြည့်နေမိတာ။

ရံဖန်ရံခါတော့ ဘေးနားကဖြတ်သွားတဲ့ ကားမီးရောင်ကြောင့် မျက်လုံးတွေ ပြာဝေသွားတတ်တယ်။ ‘မင်းကိုယ်မင်း စဥ်းစားကြည့်စမ်း အောင်ပြည့်စုံ၊ မင်းမိဘက အကုန်ပြည့်စုံအောင် စီစဥ်ပေးတာတောင် မင်းက ဘာမှဖြစ်မြောက်အောင်မလုပ်နိုင်ဘူး။’ ဒါက ကျွန်တော့်ခေါင်းထဲမှာ ထုတ်မရလောက်အောင် အမြစ်တွယ်နေတဲ့အတွေးပါ။

အင့်….။

ကျွန်တော်လူတစ်ယောက်နဲ့ ဝင်တိုက်မိပြီး ညည်းညူလိုက်မိတယ်။ နဂိုကတည်းက ခေါင်းအောက်စိုက်ပြီး လမ်းသွားနေတာကြောင့် လမ်းပေါ်က တခြားတစ်ယောက်ကို တိုက်မိတယ်ဆိုတာ ဖြစ်နေကျပဲ။

ကျွန်တော် တောင်းပန်ဖို့ မော့ကြည့်လိုက်တော့ ဝတ်ကောင်းစားလှတွေဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်ဗျ။ အပြာရောက်ဂျင်းစကတ်တိုကိုဝတ်ထားပြီး အတော်လေးဆွဲဆောင်မှုရှိတဲ့ ဆွဲသားဇာအင်္ကျီနဲ့။ ပထမတော့ လမ်းပေါ်မှာကျက်စားနေကျ ညငှက်လေးတစ်ကောင်လို့ထင်မိတာပဲ။ ဒါပေမဲ့ ကျက်သရေတုန်းတဲ့ စကပ်တိုနဲ့ ဟော့ရှော့အဖွားကြီးဖြစ်နေတယ်လေ။

“ကယ်….ကယ်ပါ….” သူက ပြောပြောဆိုဆိုနဲ့ကျွန်တော့်လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်တယ်။ သူ့ညာလက်ခုံပေါ်မှာ ထူးဆန်းတဲ့အပြုံးမျက်နှာပုံစံ တက်တူးတစ်ခုရှိနေတယ်ဗျ။

ကျွန်တော်လည်းလန့်ပြီး အတင်းရုန်းပြေးတာပေါ့။ ဘာမှန်းညာမှန်းလည်းသိတာမဟုတ်ဘူး။ သူ့လက်ကနေ ကျွန်တော်လွတ်တော့ လူကိုပါ လွယ်အိတ်နဲ့ရိုက်ပြီး ပြေးရတော့တာပေါ့။

ရင်ထဲမှာလည်း တဒိန်းဒိန်းနဲ့၊ အနုကြမ်းစီးတာတို့ဘာတို့ကလည်း ဘီမြို့မှာဖြစ်နေကျ။ အဖွားကြီးဆိုပြီး အထင်သွားသေးလို့မရဘူးရယ်။

အဆောင်ပြန်ရောက်တော့ ငွေတစ်ခွက်ငှဲ့ပြီး ပါရာစီတမော့တစ်လုံးကိုဖောက်သောက်လိုက်တယ်။ တစ်နေကုန်ပင်ပန်းထားတဲ့အပြင် ပြေးလာရတာကြောင့် တစ်ကိုယ်လုံးလည်း ကိုက်ခဲနာကျင်နေပြီ၊ ပြီးတော့ ကျွန်တော့်စိတ်အခြေအနေကြောင့် ညဖက်တွေ သိပ်အိပ်မပျော်တတ်တာကြောင့် ညအဆောင်ပြန်ရောက်တိုင်း ပါရာစီတမောသောက်တဲ့အကျင့်က ဘိန်းစွဲသလိုဖြစ်နေတာ။

“ကောင်လေး၊ အောင်ပြည့်စုံ။ ဘာဖြစ်လာတာလဲ ခြေသံပြင်းလှခြေလား။” အိမ်ရှင်အဒေါ်ကြီးက ကျွန်တော့်ကို လှမ်းမေးတယ်။

“ဘာမှမဖြစ်ပါဘူးအန်တီ၊ ခွေးလိုက်လို့ပြေးလာတာပါ။”

ဒီအဆောင်မှာငှားနေတာ အတော်ကြာပြီမလို့ အိမ်ရှင်အဒေါ်ကြီးနဲ့​တောင် ကျွန်တော်ခင်နေပြီ။ ပြောရရင် ကျွန်တော့်မိဘတွေက ကျွန်တော်စာသေချာလုပ်ဖြစ်အောင်ဆိုပြီး တစ်ယောက်တည်းနေဖို့ အခန်းငှားထားပေးတာ။ သူတို့ရဲ့မရှိမဲ့ရှိမဲ့​ဝင်ငွေလေးနဲ့ပေါ့။ ဒါပေမဲ့ သူတို့သားလိမ္မာလေးက သိတဲ့အတိုင်းပဲလေ။

ဒီး… ဒီး… ဒီး…

ဗိုက်ဗရိုတ်မုဖွင့်ထားတဲ့ ကျွန်တော့်ဖုန်းလေးဝင်လာလို့ ကိုင်ကြည့်တော့ ယမင်းဆက်တာဖြစ်နေတယ်။ ကျွန်တော့်မှာလက်ရှိရှိနေတဲ့ တစ်ယောက်တည်းသောသူငယ်ချင်းစင်စစ်နဲ့ငယ်သူငယ်ချင်းအရင်းကြီးပေါ့ဗျာ။

“ပြည့်စုံရေ၊ နင်မနက်ဖြန် စာမေးပွဲဖြေရတော့မှာဆို အသင့်ဖြစ်နေပြီလား။” နားဝင်ချိုတဲ့ ယမင်းရဲ့စကားသံက ဖုန်းကိုဖြတ်ပြီး ကျွန်တော့်နားထဲဝင်လာတယ်။ တစ်နေကုန်ပင်ပန်းထားတာတွေ ပျောက်သွားသလိုပဲ။

“ဒါပေါ့၊ ဒီနှစ်တော့ ငါသေချာပေါက်အောင်မှာ။” ကျွန်တော်အကောင်းဆုံးကြိုးစားတာတောင် စာတွေနားမလည်ခဲ့ပေမဲ့ သူ့ကိုကျွန်တော်လိမ်လိုက်မိတယ်။

“အင်း၊ ငါကတော့ နင်နဲ့ကျောင်းအတူဆက်တက်လို့ရအောင်လို့ ဂုဏ်ထူးတန်းဝင်အောင်လုပ်ဖို့ကြိုးစားနေတယ်။ ဒါမှနောက်တစ်နှစ်ပိုပြီး ဆက်နေလို့ရမှာလေ။”

ယမင်းက ကျွန်တော့်ထက်အရင် ဆယ်တန်းအောင်သွားပြီး ပထမနှစ်ကို ကျွန်တော့်ထက်နှစ်နှစ်စောတက်တာ။ ကျွန်တော်က နှစ်ခါကျထားတာကိုးဗျ။ ကျွန်တော်တက္ကသိုလ်ရောက်လာတော့ သူအရမ်းပျော်နေခဲ့တာ။ ကျွန်တော်ပထမနှစ်အထပ်ထပ်ကျပြီးတဲ့နောက်တော့ ယမင်းက တတိယနှစ်ရောက်နေပြီ။ ဒါပေမဲ့ ကျွန်တော့်ကိုအားပေးဖို့ သူအကောင်းဆုံးလုပ်နေတယ်ထင်ပါတယ်။

“ကျေးဇူးပါဟာ။” ကျွန်တော်ဒီလိုပြောရင်း ဖုန်းချလိုက်တယ်။ နောက်တော့ ဘေဇင်ရှေ့သွားပြီး ကျွန်တော့်ကိုယ်ကျွန်တော် မှန်ထဲမှာပြန်ကြည့်မိတယ်။

ဘာကြောင့်မှန်းမသိပေမဲ့ ကျွန်တော့်ညာဖက်လက်ခုံပေါ်မှာ ရင်းနှီးနေတဲ့ အပြုံးမျက်နှာတက်တူးလေးရှိနေတယ်။ “ဘယ်ကောင်လာနောက်ပြီး ယာယီတက်တူးစ​တေကာကပ်သွားပါလိမ့်။” တက်တူးကိုကြည့်ရင်း ဟိုကြောင်တိကြောင်တောင် ဟော့ရှော့အဖွားကြီးအကြောင်းတွေးမိတော့ ကျွန်တော့်စိတ်ထဲ မသတီဖြစ်လာပြီး ဆပ်ပြာနဲ့တိုက်ဖျက်ပစ်ဖို့ကြိုးစားမိတယ်။

‘ငါတော်တော်အသုံးမကျတာပဲ။’ ကိုယ့်ဘာသာတွေးရင်း မျက်ရည်ဝဲလာမိတယ်။ ကျွန်တော်ကိုယ့်ကိုယ်ကိုယ် မညာတမ်းပြောရရင် ယမင်းကို ကျွန်တော်ချစ်တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့အသုံးမကျတဲ့ပုံစံနဲ့ သူ့ကိုဘယ်လိုလုပ်ပြီး ဖွင့်ပြောရဲမှာလဲ။ သူက ကျွန်တော့်သူငယ်ချင်းဖြစ်ရင်တောင် ကျွန်တော့်လိုအသုံးမကျတဲ့လူတစ်ယောက်ကို လက်ခံပေးမယ်မထင်ဘူး။

“ငတုံး၊ ငါ့ကိုဆုတောင်းလိုက်ပေါ့ကွ။” ကျွန်တော့်နားထဲကို စူးခနဲဝင်လာတဲ့အသံကြောင့် ကျွန်တော့်ထိတ်လန့်သွားတယ်။

တက်တူးကိုဖျက်ဖို့ လက်ထဲကိုင်ထားတဲ့ဆပ်ပြာတုံးတောင် ချော်ထွက်သွားတယ်။

‘ဘာလဲ၊ ဘယ်သူစကားပြောလိုက်တာလဲ။ ဒါမှမဟုတ် ငါပဲပါရာစီတမောစွဲပြီး ရူးကြောင်ကြောင်ဖြစ်နေတာလား။’ ကျွန်တော်တွေးတယ်။

“မင်းရူးနေတာမဟုတ်ဘူး၊ ငါက ဘေလီရယ်။ မင်းဆန္ဒတွေကို တကယ်ဖြစ်အောင်လုပ်ပေးနိုင်တဲ့သူ။ ဆုသာတောင်းလိုက်၊ အဲဒီကောင်မလေး မင်းကိုချက်ချင်းပြန်ကြိုက်လာလိမ့်မယ်။”

ကျွန်တော်ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်တယ်။ ယမင်းရဲ့ဖုန်းအဝင်ကောလ်မှတ်တမ်းက အခုရှိနေတုန်းပဲ။ ယမင်းရဲ့ချိုသာတဲ့အပြုံးနဲ့မျက်နှာလေးက ကျွန်တော့်စိတ်ထဲ ဝင်လာတယ်။

‘ထားတော့၊ စမ်းကြည့်တော့လည်း ဘာဖြစ်မှာမလို့လဲ။ မဖြစ်လာတော့လည်း ဘာမှမှထူးမသွားတာ။’ အဲဲဒီနောက်တော့ ကျွန်တော့်လက်က တက်တူးကိုကိုင်ပြီး ဆုတစ်ခုတောင်းလိုက်တယ်။

ဒီး… ဒီး… ဒီး…

မကြာခင်မှာပဲ ဖုန်းနောက်တစ်ကောလ်ဝင်လာပြန်တယ်။ ဖုန်းဖွင့်ကြည့်တော့ တကယ်ပဲ ယမင်းရယ်။ ကျွန်တော်ကိုင်လိုက်တော့…

“ဒါနဲ့၊ ငါနင့်ကို ပြောစရာတစ်ခုမေ့သွားလို့။ စာမေးပွဲဖြေပြီးတဲ့နေ့ကျရင် ငါတို့ဒိတ်ကျမလား။”

“ဒိတ်… ဒိတ်မယ်… ရုတ်တရက်ကြီး…”

“ကောင်စုတ်ရယ်၊ နင်နဲ့ငါနဲ့ခင်လာတာ ဆယ့်ငါးနှစ်ပဲပြည့်တော့မယ်။ နင်နှပ်ချေးတွဲလောင်းကတည်းကလေ။ ဒီတော့ နှစ်ယောက်အတူအပြင်သွားရင် ဘာဖြစ်မှာမလို့လဲ။ ပြီးတော့ နင်လည်းစာမေးပွဲကြောင့် ဖိအားများနေတာမဟုတ်လား။”

“အင်း… ကောင်းပြီလေ။” ကျွန်တော် ဖုန်းချလိုက်ပြီးတဲ့နောက် တစ်ကိုယ်လုံးတဆတ်ဆတ်တုန်နေတယ်။

‘မဖြစ်နိုင်ဘူး… မဖြစ်နိုင်ဘူး… မဖြစ်နိုင်ဘူး…’ မိန်းကလေးတစ်ယောက်က ကျွန်တော့်ကို ဒိတ်ဖို့အရင်စပြောတာ လုံးဝမဖြစ်နိုင်ဘူး။ အဲဒါက ယမင်းဆိုရင်တောင်မှပေါ့။

“ကောင်လေး၊ အဲဒါက တကယ်ဖြစ်နေတာ။” ကိုယ့်ကိုယ်ကိုယ် ဘေလီရယ်လို့ပြောတဲ့တက်တူးက ပြောလာတယ်။ သူ့ကို ကျွန်တော်ဆပ်ပြာနဲ့တိုက်ဖျက်ပစ်ဖို့ကြိုးစားပေမဲ့ ပျက်မသွားဘူး။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာတော့ သံသယတွေရှိနေတုန်းပဲ။

“ငါရူးနေတာမဟုတ်ရင် မင်းကဘာလဲ။ မီးခွက်စောင့်ဘီလူးတို့ဘာတို့လား။ ဆုတောင်းသုံးခါပြီးသွားရင် မင်းပျောက်သွားမှာတို့ဘာတို့လေ။”

“ဘင်ဂို၊ မင်းက တုံးသလိုလိုနဲ့ နည်းနည်းဉာဏ်ရှိသားပဲ။ ဒါပေမဲ့ ငါက ဘေလီရယ်။ ဂျင်းမဟုတ်ဘူး။ ဂျင်းတွေနဲ့မတူတာက ငါ့မှာ ဆုတောင်းခွင့်အကန့်အသတ်မရှိဘူး။ မင်းဆုတောင်းနိုင်သလောက်တောင်း ငါကလည်း မင်းအသက်ရှင်နေသမျှ မင်းနဲ့ရှိနေမယ်။ ဒါပေါ့ မင်းဘက်က ပြန်ပေးဆပ်ရမှာတွေလည်း ရှိတော့ရှိတာပေါ့။”

“အဲဒါက ဘာလဲ။” ကျွန်တော်မေးလိုက်တော့ ဘေလီရယ်တိတ်ကျသွားတယ်။ အတော်ကြာမှ အခုလိုပြန်ဖြေတယ်။ “မင်းသိလာမှာပါ။”

အဲဒီညက ကျွန်တော်အိပ်မပျော်တော့ဘူး။ ညဆယ့်တစ်နာရီထိုးတဲ့အထိ အဲဒီအကြောင်းကိုပဲ ထိုင်တွေးနေတာ။

“ဘေလီရယ်၊ မင်းက ဘာမဆိုဖြစ်အောင်လုပ်ပေးနိုင်တယ်ဆိုတော့ ငါ့ကိုချမ်းသာအောင်ရော လုပ်ပေးနိုင်မလား။” ကျွန်တော်မေးပြီးပြီးချင်းပဲ သူပြန်ဖြေတယ်။

“စည်းမျဥ်းတစ်၊ ငါက အရာဝတ္ထုတွေကို ဖန်ဆင်းမပေးနိုင်ဘူး။ အဲဒီအစား ရှိပြီးသားအရာတွေ မင်းဆီရောက်လာနိုင်မယ့်နည်းလမ်းကိုတော့ ဆောင်ကြဥ်းပေးနိုင်တယ်။”

ကျွန်တော်ပြုံးလိုက်တယ်။ နောက် အိပ်ရာဘေးချထားတဲ့ ကျောပိုးအိတ်ကို ကျွန်တော်မပြီး အခန်းတံခါးသော့ဖွင့်လိုက်တယ်။ “မင်းဆိုလိုတာ ငါသိတယ် ဂေဘီရယ်။”

နောက်တော့ ကျွန်တော်ဘီမြို့က လူကုန်ထံတွေဖို့ဖွင့်ထားတဲ့ ကာစီနိုတစ်ခုကိုရောက်သွားတယ်။ အစက ကျောင်းသားရုပ်ပေါက်နေလို့ စစ်လားဆေးလားလုပ်ပေမဲ့ ၁၈နှစ်ပြည့်ပြီးသား ငွေသားအထပ်လိုက်ပါလို့ ဝင်ခွင့်ပေးလိုက်တာ။ အမေကြိုပေးထားတဲ့ နောက်နှစ်ဝက်ကျူရှင်လခတွေအကုန်လုံးကို ကျွန်တော်ရင်းပစ်ဖို့ ဆုံးဖြတ်လိုက်တာ။

ကျွန်တော့်လက်က တက်တူးကိုထိလိုက်ပြီး “ဘေလီရယ်၊ ငါ့ကို ကံကောင်းအောင်လုပ်ပေး။”

“ကောင်းပြီလေ။” နောက်​တော့ လောင်းကစားဝိုင်းတွေမှာ ကျွန်တော်ဆက်တိုက်နိုင်တော့တာပဲ။ လက်ထဲက ပိုက်ဆံကလည်း အဆနှစ်ဆယ်ကျော်လောက်များလာပြီ။

ဒါပေါ့၊ ကာစီနိုဝန်ထမ်းတွေ ကျွန်တော့်ကိုသတိထားမိသွားပြီး မျက်စိဒေါက်ထောက်ကြည့်ပေမဲ့ ဘာမှမတွေ့လို့ ပြဿနာရှာမရဘူး။ ကျွန်တော်က ကံကောင်းနေရုံပဲဥစ္စာ။

ကျောပိုးအိတ်အပြည့်တစ်လုံး ကာစီနိုတုံကင်တွေနဲ့ပြည့်လာချိန်မှာတော့ ဝန်ထမ်းတွေရောက်လာပြီး အခုလိုပြောလာတယ်။ “စိတ်မကောင်းပါဘူး၊ လူကြီးမင်းခင်ဗျ။ ဗီအိုင်ပီကတ်လုပ်မထားတဲ့သူတွေက ဒီလောက်အထိပဲ တုံကင်ရယူနိုင်တာမလို့ ဆက်ကစားလို့မရတော့ပါဘူးခင်ဗျ။”

ဒါပေါ့၊ ကာစီနိုတွေမှာလည်း သူတို့ဒေဝါလီမခံရအောင် ချထားတဲ့စည်းကမ်းတွေ ရှိနေသေးတယ်လေ။ ဒီလိုမှမဟုတ်ရင် ကျွန်တော့်လိုကောင်မျိုးတွေကြောင့် သူတို့စီးပွားဖြစ်မှာမဟုတ်တော့ဘူး။

ကာစီနိုကမထွက်ခင် ​တုံကင်တွေကို ငွေနဲ့ပြန်လဲတော့ သိန်းတစ်ရာ့ငါးဆယ်ကျော်တယ်။ ရုပ်ရှင်တွေထဲကလို နေ့ချင်းညချင်းဘီလျံနာတော့ ဖြစ်မသွားပေမဲ့ ကျောင်းသားတစ်ယောက်အတွက်တော့ အချိန်တိုအတွင်း သုံးချင်သလိုသုံး ဖြုန်းချင်သလိုဖြုန်းလို့ရတဲ့ပမာဏပါ။

“ဒီနေ့တော့ ပျော်စရာကောင်းပြီ၊ ဘေလီရယ်ရေ။”

“ဟားဟား… ဒါပေါ့။”

တီတီတီ… တီတီတီ…

အဲဒီညက ကာစီနိုရုံကထွက်လာပြီး ဘာဆက်ဖြစ်လဲတော့ ရေးတေးတေးပဲ မှတ်မိတော့တယ်။ သူဌေးသားတွေလို နိုက်ကလက်တက်ပြီး အလန်းဇယားတွေနဲ့ကဲမိတယ်။ နာရီအလန်းကြောင့်နိုးလာတော့ ခေါင်းတွေထိုးကိုက်နေပြီ။ အရက်နာကျတာပဲနေမှာ။ ကျွန်တော့်လက်ကတော့ မရင်းနှီးတဲ့ မိန်းမတစ်ယောက်ရဲ့ပခုံးကို ဖက်ထားမိလျက်သား။

‘သောက်ခွေး… ငါမနေ့ညက ညငှက်ခေါ်လာမိတာလား။’ အဆောင်ပိုင်ရှင်အဒေါ်ကြီးဆဲတော့မှာပဲဆိုပြီး ဘေးပတ်ဝန်းကျင်ကိုကြည့်တော့ ကျွန်တော့်အဆောင်မဟုတ်ဘူးဗျ။ အတော်လေးခမ်းနားတဲ့ အထက်မြင့်အခန်းတစ်ခုမှာ။

“ဟိုတယ်လား…” ကျွန်တော့်ကိုယ်ကျွန်တော် မေးခွန်းထုတ်ပြီး ပြန်ငုံကြည့်တော့ တကယ်ပဲ ကင်းဆိုဒ်အိပ်ရာပေါ်မှာဖြစ်နေတယ်။ ဖုန်းကိုကောက်ဖွင့်လိုက်တော့ မနက်ရှစ်နာရီထိုးခါနီးနေပြီ။

“အကျိုးနည်း၊ ငါစာမေးပွဲဖြေရဦးမှာမဟုတ်လား။” အဲဒီအသိနဲ့အတူ ရေမိုးချိုးပြီး ဟိုတယ်ကနေဆင်းပြေးရတယ်။ ဟိုညငှက်က မနိုးသေးတော့ သူ့အတွက်ဟိုတယ်ကို နေ့ခင်းပိုင်းအထိ ဆက်ပိုက်ဆံပေးခဲ့ရတာပေါ့။ နောက်ဘာဆက်ဖြစ်လဲဆိုတော့ တွေ့ရာအဝတ်အစားဆိုင်ထဲဝင်ပြီး အဝတ်အစားလဲ၊ မနက်စာကို လမ်းလေးဆိုင်တစ်ခုကနေ ကဗျာကသီမှာစားနဲ့ပေါ့။ လွယ်အိတ်ထဲမှာလည်း ပိုက်ဆံအပြည့်မဟုတ်လား။

နောက်ဆုံးတော့ တက္ကစီငှားပြီး တက္ကသိုလ်သွားတယ်ဗျာ။ ကိုးနာရီထိုးအမီ ကျောင်းကိုရောက်သွားပြီး စာမေးပွဲခန်းထဲ ဝင်ထိုင်တယ်။

“ထင်ထားတဲ့အတိုင်းပဲ။” မေးခွန်းစာရွက်ကောက်ကြည့်လိုက်တော့ မြန်မာစာ။ ကျွန်တော်ကြိုသိထားသလိုပဲ ဒီနှစ်တော့ ကျွန်တော်ရတဲ့စာနဲ့ အောင်ဖို့ကမဖြစ်နိုင်ဘူး။ ခိုးချဖို့ကလည်း ဆရာမက ကျွန်တော့်ကိုမျက်လုံးကြီး ဒေါက်ထောက်ကြည့်လို့။

“ဘေလီရယ်၊ မင်းတစ်ခုခုလုပ်လို့ရလား။” ကျွန်တော်တက်တူးကို ပွတ်ပြီး​​မေးလိုက်တော့ ဘေလီရယ်က အခုလိုပြန်ဖြေတယ်။ “လောကမှာ ငါမတတ်နိုင်တာမရှိဘူး။ မင်း စာမေးပွဲမှာဂုဏ်ထူးထွက်ချင်လား၊ ပါမောက္ခတွေတောင်မသိတဲ့ အသိပညာတွေချရေးပေးချင်လား။”

“ငါ့ကို ဂုဏ်ထူးထွက်အောင်လုပ်ပေး။” ကျွန်တော် ဆုတောင်းလိုက်တယ်။ နောက်တော့ ခေါင်းကမိုက်ခနဲဖြစ်သွားပြီး မေးခွန်းစာရွက်ကို ပြန်ကြည့်တော့ စာတွေအကုန်လုံး ရပြီးသားဖြစ်နေပြီ။ ဖတ်စာအုပ်ကြည့်ဖြေနေရတဲ့အတိုင်းပဲ။

“ကောင်းတယ်။” ကျွန်တော်ပြုံးလိုက်ပြီး စာတွေချရေးတယ်။ မိနစ်နှစ်ဆယ်အတွင်း စာတွေအကုန်ပြီးသွားပြီး ပြန်သွားအပ်တော့ ဆရာမက အဖြေတွေဖတ်ကြည့်တယ်။

“ငါက နင်မစဥ်းစားဘဲ ဆက်တိုက်ရေးနေလို့ အ​ဖြေလွှာပေါ် ပေါက်ကရတွေရေးနေတယ်ထင်တယ်။ ကြည့်ရတာ ကောင်းကောင်းဖြေနိုင်တဲ့ပုံပဲ။”

“ကျက်ထားတာတွေနဲ့တိုးလို့ပါ၊ ဆရာမ။” ကျွန်တော်အခန်းစောင့်ဆရာမကို ပြုံးပြလိုက်တယ်။ ဆရာမက ခေါင်းညိတ်ပြပြီး

“စာဖြေဆိုချိန် တစ်ဝက်ပြည့်တဲ့အထိစောင့်ပြီးရင် သွားလို့ရပြီ။”

အဲဒီနောက်ပိုင်းရက်တွေမှာတော့ ကျွန်တော်အဆောင်မပြန်ဖြစ်တော့ဘူး။ ဟိုတယ်ရဲ့တော်ဝင်အခန်းကို လပြတ်နဲ့ငှားလိုက်ပြီး ကလပ်တက်တယ်၊ ညငှက်ခေါ်တယ်။ ပိုက်ဆံလိုရင် လောင်းကစားသွားလုပ်တယ်။ မနက်မိုးလင်းရင် နောက်ကျမှထပြီး စာမေးပွဲသွားဖြေတယ်။ တစ်ပတ်လုံး သာယာနေခဲ့တာပေါ့။

    Comment

    Leave a Reply

    Options

    not work with dark mode
    Reset