သူက တမင် ဟန်ဆောင် နေသည် များလား။ ရီဖူရှင်းအား ကြည့်ကာ နန်ဖန်းက တွေးသည်။ သူ၏ စကားများက အမှန်ပင် တောင်ပေါ်အား ဆွဲခေါ်နေဟန် ရနေသည်။ သို့သော်လည်း ရီဖူရှင်းက တမင် ဟန်ဆောင်နေသည် ဆိုလျှင်ပင် သူတို့ ဘာလုပ်နိုင်မည်နည်း။ သူတို့က မည်သည့် အချိန်တွင်မဆို လက်လျှော့နိုင်သည်။ သို့သော်လည်း နန်ယွီက လက်လျှော့လိုပုံ မရပေ။ သူက ကောင်းကင် တောင်၏ အလွန်မြင့်မားသော တစ်နေရာအထိ ရောက်လာပြီးဖြစ်ကာ ဒဏ်ရာရထားသည်။ သူတို့က ရှေ့ကို ဆက်တိုး၍ ရတော့မည့်ပုံ မပေါ်ပေ။
အနားယူမည် ဆိုလျှင်ကော…။ သူတို့ မည်မျှကြအောင် ခံနိုင်ရည် ရှိမည်နည်း။ သူတို့က တောင်ထိပ်ပေါ်ကို ရောက်မည်လော…။
ရီဖူရှင်းက မကြာမီ ရောက်တော့မည်ဟု သူတို့ကို ပြောနေသော်လည်း တောင်ထိပ်က မည်မျှ ဝေးသေးသည်ကို သူတို့ မသိကြပေ။
ရုတ်တရက် တော်ဝင် မီးတောက်ဂိုဏ်းမှ ဒူဟောင်က ဟွာချင်းချင်းထံကို လျှောက်လာကာ မေးသည်…“ဟွာချင်းချင်း… ငါတို့ ဘယ်လောက် လိုသေးလဲ…”
ဟွာချင်းချင်းက စိတ်ပျက်စွာ ကြည့်သည်။ ဒူဟောင်က သူမ၏နောက်ကို တစ်ချိန်လုံး လိုက်နေသည်။
သို့သော်လည်း ဤတစ်ကြိမ် ကောင်းကင်တောင်က ပထမခေါက်ကနှင့် ကွာခြားပေသည်။ သူမကလည်း ကြီးမားသော ဖိအားကို ရင်ဆိုင်နေရသည်။ ကောင်းကင်တောင်နှင့် ပေါင်းစပ်နေသော စိတ်အသိက နိုးထနေပြီး ဖြစ်ဟန်ရသည်။ သူမကလည်း ခံနိုင်ရည်အား မရှိတော့သော အချိန်ကို ရောက်နေရာ ဒူဟောင်နှင့် ဝေးဝေးနေရန် မတတ်နိုင်ဘဲ ဖြစ်နေသည်။
“ငါတို့ အဝေးကြီး သွားရဦးမယ်… ရှင်တို့ လက်လျှော့သင့်ပြီ… နောက်ဆုံး တစ်ကြိမ်က ငါတောင်ပေါ်ကို ရောက်ခဲ့တယ် ဆိုပေမဲ့ တကယ်ပဲ ငါကိုယ်တိုင် ခြေကျင်တက်ခဲ့တာ… ဒီတစ်ခေါက် အရမ်း ခက်ခဲတယ်…” ဟွာချင်းချင်းက နောက်လှည့်ကာ လူတိုင်းကို ပြောသည်။
“ကောင်းပြီ…” ဒူဟောင်၏ မျက်လုံးများမှ မီးတောက်များက အနက်ရောင်အဖြစ် ပြောင်းလဲနေပြီး ဖြစ်သည်။ သူက နောက်ထပ် ခြေတစ်လှမ်း လှမ်းကာ ဟွာချင်းချင်း၏အနီးကို ကပ်လိုက်သည်။ ထို့နောက် သူက ရုတ်တရက် လက်ဆန့်တန်းကာ ဟွာချင်းချင်း၏ လက်မောင်းအား ဆုပ်ကိုင်လိုက်၏။
ဟွာချင်းချင်း၏ အမူအရာ ပြောင်းလဲသွားသည်။ ဤတစ်ကြိမ်နှင့်ဆို ဒုတိယမြောက် ဖြစ်ပေသည်။ သူမကလည်း ဒူဟောင်၏လက်ကို ရှောင်ဖယ်ကာ အားကောင်းသော စိတ်ဝိညာဉ် အားလှိုင်းတစ်ခုအား ဒူဟောင်ထံသို့ ထုတ်လွှတ် လိုက်သည်။ သို့သော်လည်း ဒူဟောင်၏ လက်က မီးလျှံများဖြင့် ဖုံးအုပ်ထားလျက်ကာပင် လက်အား ထပ်မံ၍ ဆန့်တန်းလိုက်သည်။ ကောင်းကင်တောင်၏ ဖိအားအောက်တွင် သူမက ဒူဟောင်၏ အလစ် တိုက်ခိုက်ခြင်းအား မကာကွယ်နိုင်ခဲ့ပေ။ ဒူဟောင်၏လက်က သူမ၏ လက်မောင်းအား ဆုပ်ကိုင်မိမြဲ ဖြစ်သည်။
“ငါနဲ့အတူ တောင်အောက်ကို လိုက်လာခဲ့…” ဒူဟောင်က ထိုသို့ပြောကာ သူမအား ဆွဲခေါ်လျက် တောင်အောက်ကို ပြန်ပြေးဆင်းရန် ဟန်ပြင်သည်။ တောင်ပေါ်ကို တက်ရန်မှာ ခက်ခဲသော်လည်း တောင်အောက်ကို ဆင်းခြင်းက လွန်စွာ လွယ်ကူသည်။
“ငါ့ကို လွှတ်…” ဟွာချင်းချင်း၏ ကု့ချင်းဝိညာဉ် ထွက်လာကာ သံစဉ်များက ဒူဟောင်၏ စိတ်နယ်ပယ်အား တိုက်ခိုက်ရန် ကြိုးစားကြသည်။
ဝုန်း…
ဒူဟောင်၏ မျက်လုံးများအား အနက်ရောင် မီးတောက်များ တောက်လောင်နေကာ သူတို့နှစ်ယောက်အား မီးလျှံများ ဖုံးလွှမ်းသွားသည်။ သူကား အဆင့်မြင့် အကာနာဖြစ်ကာ ဟွာချင်းချင်းက အလယ်အလတ် အကာနာအဆင့်မျှသာ ရှိသည်။ သိသာစွာပင် သူမက ပြန်လည် မတိုက်ခိုက်နိုင်ပေ။
“ငါအရင် ဆင်းသွားမယ်…” ဟွာချင်းချင်းအား ဆွဲကိုင်ကာ ဒူဟောင်က တောင်အောက်ကို ပြေးဆင်းသွားသည်။ ထိုမမျှော်လင့်သော ဖြစ်ရပ်က လူတိုင်းအား အံ့အားသင့် မှင်တက်စေသည်။ အရာအားလုံးက ခဏအတွင်း ဖြစ်ပျက်သွားခဲ့သည်။ ထိုအရာက ဒူဟောင်က အားလုံးကို မူလကတည်းက ကြံစည် တွေးတောထားဟန် ရသည်။ သူက တောင်ပေါ်ကို မရောက်နိုင်လျှင် ဟွာချင်းချင်းအား သူနှင့်အတူ ခေါ်သွားမည်။
ရီဖူရှင်းက နောက်ကိုလှည့်ကာ သူတို့နောက်ကို လိုက်ရန် ဟန်ပြင်လိုက်သည်။ သူ၏ မျက်လုံးများက အေးစက်နေသည်။
“ဒါက မင်းအလုပ် မဟုတ်ဘူး… ငါတို့ ရှေ့ဆက်သွားမယ်…” ထိုက်ချွန်တောင်မှ ဟန်လန်က ရုန့်ရင်း ကြမ်းတမ်းသော ကိုယ်ရောင် ကိုယ်ဝါအား ထုတ်လွှတ်ကာ ရီဖူရှင်းကို ကြည့်သည်။ သူက တောင်ပေါ်ကို ဆက်တက် လိုသေးသည်။
အချိန်တို အတွင်းတွင် ဒူဟောင်က ဟွာချင်းချင်းအား အတော်ဝေးဝေးသို့ ခေါ်လာပြီး ဖြစ်သည်။ ရီဖူရှင်းက ဟွာချင်းချင်း၏ မျက်လုံးများက သူ့အား အကူအညီ တောင်းသော ပုံစံဖြင့် ကြည့်နေသည်ကို မြင်ရသည်။ ရီဖူရှင်းက သူမအား ကူညီနိုင်သည်ကို သူမသိသည်။
“ထပ်ကြိုးစား ကြည့်ရအောင်…. ငါတို့ မလုပ်နိုင်ရင် လက်လျှော့ ကြတာပေါ့…” နန်ဖန်းကလည်း ရီဖူရှင်းကို ပြောသည်။ ဒူဟောင်၏ အပြုအမူကို သူတို့က စိတ်ပျက်ကြ သော်လည်း ထိုအရာက သူတို့ကိစ္စ မဟုတ်ပေ။
ရီဖူရှင်းက သူတို့အား ကြည့်ကာ ခေါင်းညိတ်သည်… “ကောင်းပြီ…” ထို့နောက် သူက နောက်လှည့်ကာ တောင်ပေါ်ကို ဆက်တက်သည်။ သို့သော်လည်း သူ၏ အစိတ်အသိက ကောင်းကင်တောင်အား စတင် ဖုံးလွှမ်းလာကာ သူက ဟွာချင်းချင်းအား ခေါ်ဆောင် သွားနေသော ဒူဟောင်ကို မြင်ရသည်။ သူတို့က တောင်အောက်ကို ဆင်းနေသော အမြန်နှုန်းက မြန်ဆန်လွန်းလှကာ ဒူဟောင်၏မျက်လုံးများမှ မကောင်းဆိုးဝါး အငွေ့အသက်များ ကလည်း ယုတ်လျော့ လာနေသည်။ သို့သော်လည်း သူ၏ မျက်လုံးထဲမှ မကောင်းဆိုးဝါး မီးတောက်များက ပျောက်ကွယ်သွားခြင်း မရှိပေ။ ထိုအစား ထိုမီးတောက်များက ပိုမို အားကောင်း လာနေသည်။ သူ့ရှေ့မှ သန့်စင်ကာ အပြစ်အနာအဆာ ကင်းသော မိန်းကလေးအား ကြည့်ကာ သူ၏စိတ်က ရာဂစိတ်များနှင့် ပြည့်နှက်နေသည်။ သူက သူမအား တော်ဝင် မီးတောက်ဂိုဏ်းသို့ ခေါ်သွားနိုင်ပါက သူ၏မိန်းမ ဖြစ်သွားပေမည်။
“ခွေးကောင်…” ရီဖူရှင်း၏စိတ်နှလုံးက လွန်စွာ အေးစက်နေသည်။ ထိုအခိုက်တွင် ကောင်းကင်တောင်၏ အထဲတွင် လွန်စွာ နက်မှောင်သော ပုံသဏ္ဌာန်တစ်ခု ရှိသည်။ ကောင်းကင်တောင်အား လှည့်ပတ်နေသော မဆုံးနိုင်သော မိစ္ဆာအသိက မိစ္ဆာငှက် ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားကာ အမှောင်ထုအား ဖြစ်ပေါ်စေသည်။
ရုတ်တရက် အမှောင်ထုထဲမှ မျက်လုံး အစုံပွင့်လာသည်။ ထိုမျက်လုံးအစုံက မောက်မာကာ ချုပ်နှောင်ခြင်း ကင်းမဲ့သော မိစ္ဆာငှက်၏ မျက်လုံများ ဖြစ်ကြသည်။ ထိုအခိုက်တွင် မဆုံးနိုင်သော စိတ်အသိများက စတင် ဖြစ်ပေါ်လာသော မိစ္ဆာငှက်ပုံရိပ်အား သွားရောက် ရစ်ပတ်ကြသည်။
ဝှီး…
ပုံရိပ်တစ်ခုက ကောင်းကင်သို့ လျှပ်စီးအလား တိုးဝင်သွားသည်။ သူက ကောင်းကင်သို့ တက်ရောက်သွားကာ အမှောင်ထုထဲသို့ တိုးဝင်သွားသည်။ ထို့နောက် မူလက ရှိနေသော မိစ္ဆာငှက်အရိပ်နှင့် ထိုပုံသဏ္ဌာန်က ပေါင်းစပ်သွားကာ ကြီးမားသော မိစ္ဆာငှက်ကြီး တစ်ကောင် မွေးဖွားလာသည်။
မိစ္ဆာငှက်က ကောင်းကင်ပေါ်မှ တစ်ဆင့် တောင်အောက်သို့ လျှပ်စီးအလျင်ဖြင့် ဆင်းသက် သွားသည်။
ထိုအခိုက်တွင် ရီဖူရှင်းနှင့် ကျန်လူများ အားလုံးက ကောင်းကင် တောင်ပေါ်ကို ခက်ခဲစွာ တက်ရောက်နေကြဆဲ ဖြစ်သည်။
“မကောင်းဆိုးဝါး အငွေ့အသက်တွေက ဘာလို့ ဒီလောက် အားကောင်း လာရတာလဲ…” ချူရှန်းက ပြောသည်။ သူမအား အရံအတား အလင်းများက ကာကွယ် ထားသော်လည်း မကောင်းဆိုးဝါး ဖိအားက ရုတ်တရက် အားကောင်း လာသည်ကို သူမခံစားရသည်။
ထိုသို့ ခံစားရသည်မှာ သူမ တစ်ယောက်တည်းသာ မဟုတ်ပေ။ ကျန်လူများကလည်း ရုတ်တရက် အားကောင်းလာသော ဖိအားများကို အပြင်းအထန် ခုခံနေရသည်။
“ငါတို့ အပေါ်မှာ…” ရုတ်တရက် နန်ဖန်းက ခေါင်းမော့ကာ ကြည့်လျှင် ဧရာမမိစ္ဆာငှက်ကြီး တစ်ကောင်က သူတို့ထံကို လျှပ်စီးအလင်းအလား ထိုးဆင်းလာသည်ကို မြင်ရသည်။ သူ၏ မျက်နှာက ချက်ချင်း ပြာနှမ်းသွားသည်။
“ပြေး…” တွန့်ဆုတ်ခြင်း မရှိဘဲ နန်ဖန်းက နောက်လှည့်ကာ တောင်ဆင်းလမ်း အတိုင်း ဆင်းပြေးသည်။ သူက တောင်ပေါ်ကို ဆက်၍ မတက်လိုတော့ပေ။ သူယခု မြင်ရသော မိစ္ဆာငှက်ကား သူ၏စိတ်ထဲတွင် ပေါ်လာသော ဧရာမမိစ္ဆာငှက်ကြီး ဖြစ်သည်။ ထိုအရာက အမှန်တကယ် တည်ရှိသည်။
လူတိုင်းက နောက်လှည့်ကာ ပြေးရန် တွန့်ဆုတ်နေခြင်း မရှိကြပေ။ သို့သော်လည်း မိစ္ဆာငှက်ကား မြန်ဆန်လွန်းလှကာ သူတို့ရှေ့ကို လျှပ်တစ်ပြက် အတွင်း ရောက်လာသည်။ သူတို့က သိဒ္ဓိဝင် ပစ္စည်းများကို ထုတ်ကာ မိမိကိုယ်ကို ကာကွယ်ရန်သာ တတ်နိုင် ကြတော့သည်။
ဧရာမ မိစ္ဆာငှက်က သူတို့အား ဖြတ်ကျော်သွားလျှင် လောက၏အဆုံး ရောက်ရှိလာသည့်အလား ခံစားကြရသည်။ သူတို့က လေထဲကို တိုက်ရိုက် လွင့်စဉ်သွားကာ ပါးစပ်မှ သွေးများ စီးကျလာကြသည်။ သူတို့က မြေပြင်ပေါ်ကို ကျသည့်တိုင် အောက်ကို အရှိန်ဖြင့် လိမ့်ဆင်းသွားကြဆဲ ဖြစ်သည်။ သို့သော်လည်း မိစ္ဆာငှက်က သူတို့အား စိတ်မဝင်စားသည့်အလား အပေါ်မှ ဖြတ်ကျော်သွားသည်။
ဝေါ့…
နန်ဖန်းက သွေးတစ်ပွက်အန်လျှင် နှင်းမြေပြင်က နီရဲသွားသည်။ ခုနက ရိုက်ချက်က ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ နောက်ဘက်ကို လှည့်ကြည့်လျှင် ရီဖူရှင်းလည်း မြေပြင်ပေါ်တွင် လဲလျောင်းနေသည်ကို မြင်ရသည်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်… “ခွေးကောင်… တောင်ပေါ်မှာ မိစ္ဆာငှက်က တကယ်ပဲ ရှိတာကို မင်းက ဘာလို့ မပြောခဲ့တာလဲ….”
“နောက်ဆုံး တစ်ခေါက် ငါရောက်လာတုန်းက မမြင်ခဲ့ဘူး….” ရီဖူရှင်းက ပြန်ပြောသည်။
“အရူး…” နန်ယွီ၏ဒဏ်ရာက ပိုမိုပြင်းထန်ပေသည်။ မိစ္ဆာငှက်၏ ခြေသည်းများက သူ၏ရင်ဘတ်အား တိုက်ရိုက် ထိရိုက်ခဲ့သည်။ သူ့တွင် သိဒ္ဓိဝင်ချပ်ဝတ်သာ ကာကွယ် မထားလျှင် သူက သေသွားလောက် ပေပြီ။
ချူရှန်းကလည်း ရီဖူရှင်းကို ကြည့်သည်။ သို့သော် ဘာမှ မပြောပေ။ ဤသို့ရလဒ်ကို မည်သူမှ မထင်မှတ်ထားကြပေ။ ဤတစ်ကြိမ်က ပထမတစ်ကြိမ်ထက် အခြေအနေ ဆိုးလှပေသည်။ ကြည့်ရသည်မှာ သူတို့က တောင်ပေါ်ကို မည်သည့်နည်းနှင့်မျှ ရောက်နိုင်တော့မည် မဟုတ်ပေ။
ရီဖူရှင်းက တိတ်တခိုး နှာခေါင်းရှုံ့သည်။ ထိုလူများက ကောင်းကင် တောင်ပေါ်ကို တက်လိုမှတော့ သူက အဆုံးအထိ လိုက်ပါပေးမည် ဖြစ်သည်။
မှန်သည်… သူတို့အား အမှန်တကယ် သတ်မည် မဟုတ်ပေ။
မဟုတ်လျှင် သူနှင့် ဟွာချင်းချင်း အသက်ရှင်ပြီး ကျန်လူများအားလုံး သေသွားပါက မြေရိုင်းဒေသမှ ထိပ်သီး အင်အားစုများက သူတို့ကို လုံးဝ လွှတ်ပေးမည် မဟုတ်ပေ။
ကောင်းကင်တောင်၏ လမ်းခုလတ်တွင် ဒူဟောင်က အောက်ကို ဆက်မဆင်းတော့ပေ။ သူက ဟွာချင်းချင်းအား တောင်၏ သီးခြားတစ်ဖက်စွန်း နေရာသို့ ခေါ်လာကာ သူမအား ဒဏ်ရာရစေသည်။ သူမ၏ ခုခံငြင်းဆန်းမှုက သူ့အား ပြဿနာများစွာ ပေးသည်။
နှင်းမြေပြင်ပေါ်တွင် လဲလျောင်းနေရင်းက သူမ၏ မျက်နှာက ကြောက်ရွံ့မှုကြောင့် ပြာနှမ်းနေသည်။ ဤသို့သော အဖြစ်မျိုးအား သူမက တစ်ခါမှ မမျှော်မှန်းဖူးပေ။
မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဟွာချင်းချင်းအား ကြည့်နေသော ဒူဟောင်၏ မျက်လုံးများက အနက်ရောင် မီးလျှံများ လောင်ကျွမ်းနေဆဲ ဖြစ်သည်။ သူက သူမ၏အနီးကို လျှောက်သွားရင်းက ပြောသည်…“မင်းရဲ့ ခန္ဓာကိုယ်က ငါ့အတွက် အရမ်း သင့်တော်တယ်… အနာဂတ်မှာ ငါမင်းကို တော်ဝင် မီးတောက်ဂိုဏ်းကို ခေါ်သွားပြီးတော့ တော်ဝင်မီးငှက် ဂိုဏ်းသားတော်ရဲ့ ဇနီးဖြစ်စေမယ်…”
“ထွက်သွား….” ဟွာချင်းချင်း၏ မျက်လုံးများက လူသတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ် လာနေရင်းက သူမ၏ ကု့ချင်းဝိညာဉ် ထွက်ပေါ်လာပြန်သည်။ သိသာစွာပင် သူမက ဤသို့ အရှက်ကွဲခံလိုခြင်း မရှိပေ။
“ဘာလို့ အခုထိ ငြင်းနေရတာလဲ…” ဒူဟောင်၏ နောက်တွင် မီးနတ်ဘုရားပုံရိပ် တစ်ခု ပေါ်လာပုံရသည်။ ထို့နောက် ကြောက်မက်ဖွယ် ကောင်းသော မီးအသိက သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာရာ သူမ၏ အဝတ်အစားများပင် စတင် လောင်ကျွမ်းလာသည်။ အဝတ်အစားများ တစ်စွန်းတစ်စ လောင်ကျွမ်းမှုကြောင့် သူမ၏နို့နှစ်ရောင် အသားများ တစ်စွန်းတစ်စ ပေါ်ထွက်လာသည်။
“ရှင်လိုချင်တာ ရမှာ မဟုတ်ဘူး…” သူမ၏အသံက ခိုင်မာပြတ်သားမှု တစ်ခုကို ဖော်ပြနေသည်။
“မင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေရင်တောင် ငါမင်းကို လွှတ်ပေးမှာ မဟုတ်ဘူး…” ဒူဟောင်၏ မျက်လုံးများက မီးလျှံများက ပိုမို၍ တောက်လောင် လာဟန် ရသည်။ ထိုစကားများကို ကြားလျှင် ဟွာချင်းချင်း၏ ပါးပြင်ပေါ်ကို မျက်ရည်စက်များ ကျဆင်း လာသည်။
ဒူဟောင်က သူမ၏အနီးကို ကပ်လာသည်ကို မြင်လျှင် သူမ၏ မျက်နှာက သွေးဆုတ် သွားသည်။
သို့သော် ဒူဟောင်၏ မျက်နှာ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက တစ်စုံတစ်ခုကို ခံစားမိဟန်ရကာ နောက်လှည့်လျက် အော်လိုက်သည်… “ဘယ်သူလဲ…”
နောက်လှည့်ကြည့်လျှင် အဝေးမှ လေတိုးသံ တဝှီးဝှီးကို ကြားရကာ အနက်ရောင် အမှောင်ထုတစ်ခု ချဉ်းကပ်လာသော ခံစားချက်ကို သူရသည်။ ထို့နောက် သူက ဧရာမ မိစ္ဆာငှက်ကြီးအား သူမြင်သည်။
“အဲဒါ ဘာလဲ…” မိစ္ဆာငှက်က သူ့ထံသို့ လွန်စွာ မြန်ဆန်သော အရှိန်အဟုန်ဖြင့် ပျံသန်း လာသည်ကို မြင်လျှင် သူ၏ အမူအရာက ချက်ချင်း ပြောင်းလဲ သွားသည်။ သူက ဟွာချင်းချင်းအား ဆွဲကိုင်ကာ နောက်ကို လျင်မြန်စွာ ဆုတ်သည်။
မိစ္ဆာငှက်က ပျံသန်းလာရင်းက အတောင်ပံဖြင့် ရိုက်လျှင် သူတို့နှစ်ယောက်က တကွဲတပြား လွင့်စဉ် သွားကြသည်။
ဒူဟောင်က သူနှင့်အဝေးကို လွင့်စဉ်သွားကို ဟွာချင်းချင်းအား ကြည့်ကာ လက်လျှော့လိုပုံ မရပေ။ သို့သော်လည်း မိစ္ဆာငှက်က သူ့အား စိုက်ကြည့်ကာ သူ့ထံ ထပ်မံ ပြေးဝင် လာသည်ကို မြင်သည်။
“ခွေးကောင်…”
မိစ္ဆာငှက်က သူ့ထံကို တိုးဝင်လာသည်ကို မြင်လျှင် ဒူဟောင်က မှော်စာလိပ် တစ်ခုအား ထုတ်ယူကာ ချေဖျက်လိုက်သည်။ လေဓာတ်စွမ်းအင်က သူ၏ခန္ဓာကိုယ်အား ချက်ချင်း ရစ်ပတ်သွားကာ လွန်စွာ မြန်ဆန်သော အလျင်ဖြင့် သူက တောင်စွန်းဘက်သို့ ပြေးသည်။
မိစ္ဆာငှက်က အတောင်ပံအား ဖြန့်ကာ ဒူဟောင်နောက်ကို လိုက်သည်။ မိစ္ဆာငှက်က သူ့ထက် မြန်သည်ကို တွေ့ရလျှင် ဒူဟောင်၏ မျက်နှာက ချက်ချင်း ပြာနှမ်းသွားကာ သူက နောက်ထပ် မှော်စာလိပ်တစ်ခုအား ထုတ်ကာ ချေဖျက်လိုက်သည်။ ချက်ချင်းပင် သူ့နောက်က မီးဓာတ်အရံအတား တစ်ခု ဖြစ်ပေါ်လာသည်။
ဘန်း….
မိစ္ဆာငှက်၏ ထက်ရှသော ခြေသည်းများက အရံအတားနှင့် ထိတွေ့လျှင် အရံအတားက အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားပြီး ဒူဟောင်ထံ ဆက်လက် တိုးဝင်လာသည်။ ကြီးမားသော အင်အားက ဒူဟောင်အား အဝေးကို လွင့်စဉ် သွားစေသလို သူ့ပါးစပ်မှ သွေးများစွာ စီးကျစေသည်။ ထိုလွင့်စဉ်အားကို သုံးလျက် ဒူဟောင်က တောင်ပေါ်မှ မြန်ဆန်စွာ ပျံသန်းကာ တောင်စွန်းဘက်ကို အသားကုန်ပြေးသည်။
မိစ္ဆာငှက်က ရှေ့ကို ဆက်ပြေးလာ နေသော်လည်း ဒူဟောင်ကား တောင်စွန်းကို ရောက်နေပြီး ဖြစ်သည်။ သူက တောင်အောက်ကို ချက်ချင်း ခုန်ဆင်းသွားသည်။
ထိုအချိန်တွင်မှ မိစ္ဆာငှက်က ရပ်လိုက်ကာ အတောင်ပံကို တဖျတ်ဖျတ် ခတ်လျက် လေထဲကို ပြန်လည် ပျံသန်းကာ အပေါ်ကို တက်သည်။ ဟွာချင်းချင်း၏အနီးမှ ဖြတ်သွားလျှင် သူ၏မောက်မာသော မျက်လုံးများက ဟွာချင်းချင်းကို တစ်ချက် ကြည့်သည်။
ဟွာချင်းချင်းက မိစ္ဆာငှက်အား ကြည့်ကာ အော်သည်… “ကျေးဇူးတင်ပါတယ်…” သူမက အကြောင်းအရာ တချို့ကို ရိပ်မိသည်။ ရီဖူရှင်းက ကောင်းကင်တောင်အား ထိန်းချုပ်နိုင်မှတော့ သူက မိစ္ဆာငှက်အားလည်း ထိန်းချုပ်နိုင်ရပေမည်။
ဒူဟောင်က ဒဏ်ရာ ပြင်းထန်စွာ ရလျက် တောင်ပေါ်မှ ဆင်းသက် လာသည်။ မကြာမီ သူက တောင်ခြေကို ရောက်လာ၏။ ဒူဟောင် ရောက်ရှိလာသည်ကို မြင်လျှင် တော်ဝင် မီးတောက်ဂိုဏ်းမှ လူများက မေးကြသည်… “ဘာဖြစ်လာတာလဲ…”
“ဘာမှ မဟုတ်ဘူး… တောင်ပေါ်မှာ မိစ္ဆာတစ်ကောင် ရှိတယ်… ငါ အတိုက်ခိုက်ခံရတာ…” ဒူဟောင်က ခံစားချက် ကင်းမဲ့စွာ ပြောသည်။ သူ၏မျက်လုံးမှ မိစ္ဆာအငွေ့အသက်များက တဖြည်းဖြည်း ပျောက်ကွယ် သွားသည်။
လူသားကမ္ဘာမှ တန်ခိုးရှင်များက လျှောက်လာကာ မေးကြသည်… “သခင်မလေး ဘယ်မှာလဲ…” နန်ထျန်းအိမ်တော်မှ လူများကလည်း လျှောက်လာကာ တူညီသော မေးခွန်းကို မေးကြသည်။
“ငါမသိဘူး… ငါတို့ လမ်းကွဲ သွားကြတယ်….” ဒူဟောင်က ထိုလူများကို ကြည့်ကာ ပြန်ပြောသည်။ သူက ဟွာချင်းချင်းတို့၏ မိသားစုဝင်များကို ရှာကြည့်သော်လည်း တစ်ယောက်မှ သူမတွေ့ပေ။
အဝေးတွင် တန်ခိုးရှင်တစ်စုက နဂါးတစ်ကောင်ကို စီးနင်းကာ ကောင်းကင် တောင်ခြေ၏တစ်နေရာသို့ သွားနေကြသည်။
ထိုလူစုတွင် ပါဝင်သော လူများကား အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ သူတို့ကား ချင်ယွီ၊ ဒွန်ဟွာကလန် ခေါင်းဆောင်နှင့် သူ၏ဇနီး၊ လုနန်ထျန်း၊ ဖူယွန်ဓားကလန် ခေါင်းဆောင်နှင့် တော်ဝင် ချန်ကျောင်းတော်မှ အရှင်များ ဖြစ်ကြသည်။
***