Switch Mode

အခန်း ( ၈၄ )

ချန်ရှို့... ငါဘာလုပ်ရမလဲဆိုတာ ပြောပါဦး

လီချန်ရှို့သည် ထိုအချိန်တွင် အလွန်ဝမ်းသာနေ၏။
‘ တော်သေးတာပေါ့… ငါအကြီးအကဲဝမ်လင်းယွမ်နဲ့ အတူလာခဲ့လို့ ’

‘ ငါသာ သူ့ကိုမတားထားရင် အဲ့အဘိုးကြီးက အဲ့လူစုနဲ့ ထိပ်တိုက်သွားချမှာပဲ ’
ရန်သူများ ပုန်းအောင်းနေသော နေရာသည် တုနတ်ဝိဇ္ဇာဂိုဏ်းနှင့် လီ(၂၅၀၀)ကွာဝေးလေ၏။ ထိုနေရာမှာ တုနတ်ဝိဇ္ဇာဂိုဏ်း၏ နယ်နမိတ်အကျော်လေးပင်။

အရှေ့ကျွန်း၏ စည်းမျဉ်းများအရ တုနတ်ဝိဇ္ဇာဂိုဏ်းနှင့် လီ(၂၀၀၀) ပတ်လည်အတွင်းရှိ အရင်းအမြစ်များနှင့် ဝိညာဉ်ကြောများသည် တုနတ်ဝိဇ္ဇာဂိုဏ်းအပိုင်ဖြစ်သည်။

ရန်သူများသည် အဆင့်မြင့် ပုန်းကွယ်မန္တန်အစီအရင်နှင့် ကွယ်ဝှက်မန္တန်အစီအရင်ကို တုနတ်ဝိဇ္ဇာဂိုဏ်းမှ ရှာမတွေ့နိုင်အောင် ဂိုဏ်းပိုင်နယ်နမိတ်အကျော်လေးတွင် ဆင်ထား၍ ပုန်းအောင်းနေကြခြင်းပင်။ ထို့ကြောင့် မန္တန်အစီအရင်အတွင်းရှိ ရန်သူများသည် မခေကြောင်းသိနိုင်ပေသည်။

‘ ဒါပေမဲ့ ဒီလောက်နဲ့ ရန်ငြိုးဖွဲ့တာကတော့ နည်းနည်း အနိုင်ကျင့်ရာကျတာပေါ့ ’

သို့သော်…

အကြီးအကဲဝမ်လင်းယွမ်သည် ယင်-ယန်ငါး ပုံသဏ္ဌာန်ရှိသော ဓမ္မရတနာတစ်ခုကို ထုတ်ယူ၍ လီချန်ရှို့အသွင်ယူထားသော စက္ကူကိုယ်ပွားကိုဆွဲကာ မန္တန်အစီအရင်အတွင်းသို့ မြေအောက်မှနေ၍ တိတ်တဆိတ်ဝင်သွားလိုက်သည်။

အကယ်၍ လီချန်ရှို့သာ အလျင်အမြန် တုံ့ပြန်၍ ဝမ်လင်းယွမ်ကို တားမထားလျှင် ကောင်းကင်နတ်မင်းနောက်ဆုံးအဆင့်သို့ ရောက်နေသော ထိုအကြီးအကဲသည် “ မျိုးမစစ်တွေ…သေချင်နေတယ်ပေါ့လေ ”ဟု ဒေါသတကြီးအော်၍ ရန်သူများကို ထွက်တိုက်ခိုက်မည်ဖြစ်၏။

လီချန်ရှို့သာမပါလျှင် ဝမ်လင်းယွမ်သည် ဒေါသကြောင့် မိစ္ဆာကိုယ်ရောင်ကိုယ်ဝါများပင် ထွက်လာနိုင်ပြီး အကုသိုလ်များရရှိသွားနိုင်လေသည်။

မန္တန်အစီအရင်အတွင်း၌ စွမ်းအားကြီး မိစ္ဆာများ ဒါဇင်ကျော်ရှိလေသည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်သည် အတုမဲ့နတ်ဝိဇ္ဇာအဆင့်နှင့် ကောင်းကင်နတ်မင်းအဆင့်တို့တွင် ရှိကြသည်။ ထို့အပြင် လူတစ်ရာကျော်ခန့်လည်း ရှိသေး၏။ ထိုလူအများစုသည် အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိကြပြီး ကောင်းကင်နတ်မင်းအဆင့်ရှိသူ ဆယ်ယောက်လည်း ပါဝင်၏။

အကြီးအကဲဝမ်လင်းယွမ်သည် လီချန်ရှို့ကို လှည့်ကြည့်လိုက်သည်။ သူ အသံပို့လွှတ်ရန်ပြင်လိုက်စဉ်မှာပင် လီချန်ရှို့သည် တိုးတိုးတိတ်တိတ်နေရန် လက်ဟန်ပြလိုက်သည်။

လီချန်ရှို့သည် ကျောက်စိမ်းပြားနှစ်ပြားကိုထုတ်၍ တစ်ပြားကို အကြီးအကဲဝမ်လင်းယွမ်ထံသို့ ပေးလိုက်သည်။

ထိုအရာသည် လီချန်ရှို့ပြုလုပ်ထားသော ပစ္စည်းများထဲမှ တစ်ခုဖြစ်သော ‘ နှလုံးသားကျောက်စိမ်း ’ ဖြစ်၏။

သူတို့နှစ်ဦးသည် ကျောက်စိမ်းပြားတစ်ပြားစီ ကိုင်ထားလျှင် စိတ်နှင့်ဆက်သွယ်နိုင်ကြ၏။ ထိုပစ္စည်းကိုသုံးလျှင် မည်သည့် နတ်တန်ခိုးများ၊ ဓမ္မတန်ခိုးများ၊ မူလစွမ်းအားများနှင့် လေသံတို့ကို သုံးရန်မလိုပေ။ သူတို့သည် လုံခြုံစွာ ပုန်းအောင်းနေနိုင်လေသည်။

အားနည်းချက်မှာ တစ်ယောက်နှင့်တစ်ယောက် အရမ်းဝေးနေ၍ မရခြင်းပင်။

လီချန်ရှို့သည် ပုံမှန် အသံပို့လွှတ်မှုကို သုံးလိုက်သည်။
“ ဆရာဘိုဘိုး…ပြောချင်တာကို ရင်ထဲက တွေးလိုက်ပါ… ကျွန်တော်ကြားနိုင်တယ် ”

“ အာ… ချန်ရှို့…မင်းငါ့ကို ဘာလို့တားနေရတာလဲ ”
အကြီးအကဲဝမ်လင်းယွမ်သည် အံကြိတ်၍ တွေးလိုက်သည်။
‘ ငါအဲ့မိစ္ဆာတွေရော မိစ္ဆာတွေနဲ့ ပူးပေါင်းနေတဲ့ အောက်တန်းစားလူတွေကိုရော အကုန်သတ်ပစ်မယ် ”

“ ဆရာဘိုးဘိုး… စိတ်မလောပါနဲ့။ စိတ်လည်းမလှုပ်ရှားပါနဲ့… စိတ်တည်တည်ငြိမ်ငြိမ်ထားပါ။ စိတ်လောကြီးတာက မကောင်းတဲ့အရာပဲ ”
လီချန်ရှို့ လျင်မြန်စွာပြောလိုက်ရ၏။
“ ဆရာဘိုးဘိုး…. ဆရာဘိုးဘိုး ဒီမိစ္ဆာတွေကို ဘယ်လို နှိမ်နင်းဖို့ ရည်ရွယ်ထားလဲ ”

“ ငါ့ရဲ့ မှော်အစွမ်းတွေနဲ့ အဆိပ်ဆေးလုံးတွေကို သုံးမှာပေါ့ ”

“ ထိပ်တိုက် သွားတိုက်မှာလား… ”

“ အလစ်တိုက်တဲ့ အခါမျိုးမှာ ကျွန်တော်တို့ဘက်က အရင်တိုက်ဖို့လိုပြီး တစ်ခါတည်း တစ်ယောက်၊ နှစ်ယောက်လောက် သေသွားအောင် တိုက်ဖို့လိုတယ် ”

အကြီးအကဲဝမ်လင်းယွမ်သည် ရန်သူများက သူကို သတိမထားမိသေးဟု ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် စိတ်တည်ငြိမ်အောင်ပြန်လုပ်၍ လီချန်ရှို့ကို ပြောလိုက်သည်။
“ ချန်ရှို့… နောက်ကျ ဒီလိုအခြေအနေမျိုးနဲ့ကြုံရင် မင်းအလောကြီးလို့မရဘူး။ မင်းကို အဝိုင်းခံရရင် သေချာပေါက် အန္တရာယ်များနိုင်တယ်… ”

“ ဒါပေမဲ့ ငါကတော့ ကြောက်စရာမလိုဘူး။ သူတို့ငါနဲ့ နီးလာလေလေ အဆိပ်ဆေးလုံးတွေနဲ့ အဆိပ်အတတ်တွေက ပိုပြီး ထိရောက်လေပဲ ”

လီချန်ရှို့သည် ရင်ထဲမှ တွေး၍ ပြောလိုက်သည်။
“ ဒါပေမဲ့ ဆရာဘိုးဘိုး သေချာစဉ်းစားကြည့်ပါ။ တကယ်လို့ ဆရာဘိုးဘိုး ဒီနေရာမှာ ဒဏ်ရာရပြီး သေသွားရင်ရော… ရန်သူက ကျွန်တော်တို့ထက် အရေအတွက်များတယ်။ အဲဒီအချက်ကိုလည်း ထည့်စဉ်းစားရမယ် ”

“ ပြီးတော့ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ကျွန်တော်တို့က အကြမ်းဖျင်းပဲ အာရုံခံလို့ရတာ။ တကယ်လို့ အာကသနတ်မင်းတစ်ပါးပါးက ပုန်းနေပြီး တမင် ကျွန်တော်တို့ကို ထောင်ချောက်ထဲမျှားတာဆိုရင်ရော ဒါက သတိထားရမယ့် ဒုတိယအချက်ပဲ… ”

အကြီးအကဲဝမ်လင်းယွမ် မျက်မှောင်ကြုတ်သွား၏။ ပုံမှန်ဆိုလျှင် ခံစားချက်ကင်းမဲ့နေသော သူ၏ မျက်နှာအိုကြီးတွင် ခံစားချက်အရိပ်အယောင်များပေါ်နေ၍ အကြီးအကဲတစ်ယောက် အတွေးနက်နေကြောင်း သိနိုင်လေသည်။
‘ ချန်ရှို့ရဲ့ စကားတွေက အဓိပ္ပာယ်ရှိတယ် ’

လီချန်ရှို့သည် ဝမ်လင်းယွမ်ကို ဆက်၍ ဖျောင်းဖျလိုက်သည်။
“ ဆရာဘိုးဘိုး… ဆရာဘိုးဘိုးရဲ့ အစွမ်းတွေကို ခဏနေရင် အမှန်အကန်ထုတ်သုံးရမှာပါ။ ဆရာဘိုးဘိုး ကျွန်တော့်ကို သင်ပေးထားတဲ့ မှော်အတတ်တွေရယ် ဆရာဘိုးဘိုး နှစ်သောင်းချီ စုဆောင်းထားတဲ့ အဆိပ်ဆေးလုံးတွေနဲ့ဆိုရင် ဒီရန်သူတွေကို အေးအေးဆေးဆေး သတ်လို့ရပါတယ် ”

“ ဒါပေမဲ့ တကယ်လို့ သူတို့သာ တစ်ခုခုမူမှန်ဘူးဆိုတာ သတိထားမိသွားပြီး အရပ်မျက်နှာ အနှံ့ကို လူခွဲပြီး ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ။ အဲဒီလိုဆို ဂိုဏ်းအတွက် မမြင်နိုင်တဲ့ အန္တရာယ်တွေက ပိုမများလာနိုင်ဘူးလား။ အဲဒါက ကျွန်တော်တို့ ထည့်စဉ်းစားရမယ့် တတိယအချက်ပဲ ”

“ အဲဒါဟုတ်တယ် ”
အကြီးအကဲဝမ်လင်းယွမ် သဘောတူလိုက်သည်။

လီချန်ရှို့ က ထပ်ပြောလိုက်၏။
“ ဒီမှာ ကောင်းကင်နတ်မင်းတွေအများကြီး ရှိတယ်ဆိုပေမယ့် လူတွေ၊ မိစ္ဆာတွေ၊ ဝိညာဉ်တွေလည်း အများကြီးရှိသေးတယ်။ ဆရာဘိုးဘိုး…ကြည့်ပါ.. အဲဒီလို မျိုးနွယ်ပေါင်းစုံရောထွေးနေပေမယ့် သူတို့ တစ်ယောက်နဲ့တစ်ယောက် အဆက်အဆံမလုပ်ကြဘူး။ ပုံမှန်ဆိုရင် လူက လူအချင်းချင်းစုပြီး မိစ္ဆာက မိစ္ဆာအချင်းချင်းစုနေရမယ် မလား ”

“ ဆရာဘိုးဘိုး တစ်ချက်ကြည့်လိုက်ပါ… အပြာရောင်အမွေးတွေနဲ့ မိစ္ဆာကြီးနှစ်ကောင်ရဲ့ ကိုယ်ရောက်ကိုယ်ဝါက တစ်ဦးနဲ့ တစ်ဦးရောထွေးနေတယ်။ သူတို့ အတူတူရှိနေတာ နှစ်ပေါင်းများစွာ ကြာပြီထင်တယ်။ သူတို့က ညီအစ်ကိုတွေမဟုတ်ရင် လင်မယားတွေ ဖြစ်နိုင်တယ်။ သူတို့ လိင်တူစိတ်ဝင်…အဲလေ…အဟမ်း… ဒါပေမဲ့ အခု သူတို့က တစ်ဦးနဲ့ တစ်ဦး ကျန့်(၁၀၀)လောက် ခွာနေတယ်… ”

“ ကြည့်လိုက်ပါ… သေချာကြည့်ကြည့်… ဒီမှာ မူမမှန်တာ တစ်ခုခုတော့ ရှိနေတာ ဖြစ်ရမယ် ”

“ ဒီလူတွေ၊ မိစ္ဆာတွေနဲ့ ဝိညာဉ်တွေက အသိစိတ်မရှိတော့ဘူးထင်တယ်။ သူတို့က ဆရာဦးလေး ကျိုးဝူနဲ့ တခြားသူတွေကို ရွှေနန်းတော်ဂိုဏ်းအပြင်မှာ တိုက်ခိုက်ခဲ့တဲ့ ချီကျင့်ကြံသူတွေလိုပဲ ရုပ်သေးရုပ်တွေဖြစ်ဖို့ ဖြစ်နိုင်ချေများတယ် ”

“ ဒါက စတုတ္တအချက်ပဲ… ”
အကြီးအကဲ ဝမ်လင်းယွမ်သည် မျက်မှောင်ကြုတ်၍ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။ သူသည် အတန်ငယ် ရှက်သွား၏။

ဝမ်လင်းယွမ်သည် ရင်ထဲမှ ပြောလိုက်သည်။
“ မင်း ငါနဲ့ လိုက်လာလို့ တော်သေးတာပေါ့။ ငါတစ်ယောက်တည်းဆို အမှားကြီး လုပ်မိတော့မှာ ”

လီချန်ရှို့ ပြုံး၍ ပြန်ပြောလိုက်သည်။
“ ဆရာဘိုးဘိုးက ရိုးသားတဲ့လူမို့လို့ပါ။ ကောက်ကျစ်တတ်တဲ့သူမဟုတ်ဘူးလေ… အဲဒါကြောင့် ဒီကိစ္စတွေကို မတွေးမိတာပေါ့။ ကျွန်တော်က ဒီကိစ္စတွေကို အရင်ထဲက တွေးပြီး ပူပန်ထားဖူးလို့ပါ။ တကယ်ဖြစ်လာမယ်လို့တော့ မထင်ထားခဲ့ဘူး… ”

“ ဟူး… ချန်ရှို့… ငါတို့ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ ”

လီချန်ရှို့သည် စိတ်သက်သာရာရသွားဟန် သက်ပြင်းတစ်ချက် ခိုးချလိုက်သည်။

သူသည် နောက်ဆုံးတွင် အကြီးအကဲ ဝမ်လင်းယွမ်ကို နားချနိုင်ခဲ့ပေပြီ။

လီချန်ရှို့သည် ရင်ထဲမှ တွေး၍ မေးလိုက်သည်။
“ ဆရာဘိုးဘိုး… ဆရာဘိုးဘိုးဆီမှာ သတိမထားမိနိုင်လောက်အောင် အာနိသင်ညင်သာတဲ့ ဆေးဒါမှမဟုတ် အဆိပ်တစ်မျိုးမျိုး ဖော်ထားတာရှိလား ”

“ ရှိတယ်… မင်းက အဲဒါကို ဘာလို့လိုတာလဲ ”
အကြီးအကဲ ဝမ်လင်းယွမ်၏ မျက်လုံးများအတွင်း၌ နားမလည်သော အရိပ်အယောင်များနှင့် ပြည့်နေလေသည်။
“ ငါတို့ အားပြင်းတဲ့ အဆိပ်ကို တန်းသုံးလိုက်လို့ မရဘူးလား ”

“ တကယ်လို့ ကျွန်တော်တို့ ဒီမှာ အဆိပ်ငွေ့တွေလွှတ်လိုက်ရင် ဒီရန်သူတွေက တန်းသတိထားမိပြီး ထွက်ပြေးသွားမှာပါ။ ဖားကို ကျိုက်ကျိုက်ဆူနေတဲ့ ရေနွေးအိုးထဲထည့်လိုက်ရင် ချက်ချင်းခုန်ထွက်သွားသလိုပေါ့ ”

“ ဒါပေမဲ့ ရေနွေးအိုးက ဖြည်းဖြည်းချင်း ပူလာရင် ဖားက သူ့ရဲ့ အပူချိန်ကို လိုက်ညှိပြီးနေလိမ့်မယ်။ နောက်ဆုံး မခံမရပ်နိုင်အောင် ပူလာတဲ့အချိန်ကျတော့ အဲဒီဖားက ခုန်မထွက်နိုင်တော့ဘူးလေ… ”
အကြီးအကဲဝမ်လင်းယွမ်၏ မျက်လုံးများ အရောင်လက်သွား၏။ သူသည် လီချန်ရှို့ကို အေးစက်စက်ပြုံးပြလိုက်ပြီး ထိုအရာသည် မှန်ကန်ကြောင်း တွေးတောလိုက်လေသည်။

အကြီးအကဲသည် သူ၏ လက်စွပ်အတွင်းမှ ကြွေပုလင်း ခုနှစ်ပုလင်း၊ ရှစ်ပုလင်းထုတ်ယူလိုက်ပြီး ရင်ထဲမှ တီးတိုးပြောလိုက်သည်။
“ ဒီအဆိပ်တွေက ကောင်းကင်နတ်မင်းတွေကိုပါ အားအင်ကုန်သွားစေပြီး သူတို့ရဲ့ မူလဝိညာဉ်ကို ထုံထိုင်းသွားစေတယ်။ ဒါကို ဝိညာဉ်အားအင်မဲ့ဆေးမှုန့်လို့ခေါ်တယ် ”

လီချန်ရှို့သည် မျက်တောင်ခတ်၍ မေးလိုက်သည်။
“ ဒီဆေးမှုန့်ကိုလည်း ဆရာဘိုးဘိုးရဲ့ ဆေးညွှန်းအတိုင်းဖော်စပ်ထားတာလား ”

“ ဟုတ်တယ် ”
အကြီးအကဲဝမ်လင်းယွမ်သည် ထပ်၍ ပြုံးလိုက်သည်။
“ ငါ အပျင်းပြေ ဖော်စပ်ထားတဲ့ဟာပဲ။ အဆိပ်ဆေးလုံးတွေကို ဖော်စပ်ရတာ ငါအတွက်တော့ လွယ်တယ်။ ဒါပေမဲ့ ဒီဆေးမှုန့်တွေကို ဖော်ရတဲ့ နည်းကတော့ တော်တော် ရှုပ်ထွေးတယ်။ ဒါကြောင့် ဒီဆေးညွှန်းက မင်းကို ငါပေးထားတဲ့ အဆိပ်ကျမ်းမှာ မပါတာပဲ။ ငါတို့ ဂိုဏ်းကိုပြန်ရောက်မှ မင်းကို ငါသင်ပေးမယ် ”

လီချန်ရှို့ ချီးကျူးလိုက်သည်။
“ ဆရာဘိုးဘိုး… အဲ့ဆေးညွှန်းကို ကျွန်တော် တာအိုကျမ်းစာတိုက် အပြင်ဆောင်ကရပြီးပါပြီ။ အဲဒါကို ပျက်ဆီးနေတဲ့ ကျောက်စိမ်းပေလိပ်တစ်ခုပေါ်မှာ မှတ်တမ်းတင်ထားပါတယ်။ အဲဒါက ဆရာဘိုးဘိုးတီထွင်ခဲ့တဲ့ အဖိုးတန်ဆေးညွှန်းဆိုတာ ကျွန်တော် မသိခဲ့ဘူး ”

“ ဟား ဟား … အဲဒါကို ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ သိမ်းထားပေါ့ကွာ။ ငါ မှတ်တမ်းတင်ထားတာကိုတောင် မေ့နေပြီ။ ဒါက အားအင်မဲ့ဆေးလေးပါပဲ။ ကိုယ့်ကိုယ်ကိုကာကွယ်တဲ့နေရာမှာ သုံးဖို့ သင့်တော်တယ် ”
အကြီးအကဲဝမ်လင်းယွမ်သည် ကြွေပုလင်းများကို လီချန်ရှို့၏ လက်အတွင်းသို့ ထည့်ပေးလိုက်သည်။ လီချန်ရှို့ငြင်းမည်စိုး၍ သူ၏ လက်စွပ်အတွင်းမှ နောက်ထပ် ကြွေပုလင်းဆယ်ပုလင်းကျော်ကို ထပ်ထုတ်လိုက်၏။

လီချန်ရှို့သည် ထိုအဆိပ်နတ်ဝိဇ္ဇာ သိမ်းဆည်းစုဆောင်းထားသော အဆိပ်ဆေးလုံးများကို မြင်ဖူးခဲ့ပြီးဖြစ်သည်။

သူ မနာလိုပင်ဖြစ်မိ၏။

သို့သော် ထိုဆေးလုံးများကို သူလည်း အတော်အတန်ရထားပြီးဖြစ်သည်။

အကြီးအကဲဝမ်လင်းယွမ်သည် စိတ်ကူးပေါက်လျှင်ပေါက်သလို လီချန်ရှို့ကို ဆေးလုံးများပေးတတ်သည်ဖြစ်ရာ လီချန်ရှို့သည် ထိုအချက်ကို လွန်စွာလေးစားလေသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် လီချန်ရှို့သည် ပေးသမျှကို ယူတတ်သော ကောင်လေးဖြစ်နေပေ၏။

“ ချန်ရှို့… ငါ အခု တိုက်ခိုက်လို့ ရပြီလား ” ဝမ်လင်းယွမ်က မေးလိုက်သည်။

လီချန်ရှို့သည် ရင်ထဲတွင် တွေး၍ ပြန်ပြောလိုက်သည်။
“ ဆရာဘိုးဘိုး… ဒီနေရာက ရန်သူတွေရဲ့ ရှေ့ပြေးအဖွဲ့ပဲ ဖြစ်မယ်ထင်တယ်။ သူတို့သာ ကျွန်တော်တို့ ဂိုဏ်းကို တိုက်ခိုက်ဖို့ဆိုရင် ပညာရှင်တွေကို ဒီလောက်နည်းနည်းလေးပဲ ခေါ်လာမှာ မဟုတ်ဘူး။ ဒီတော့ သတင်းသွားပေးလို့မရအောင် တစ်ယောက်ကိုမှ အသက်ရှင်လျှက် လွတ်သွားစေလို့မရဘူး ”
“ အဲဒီလိုဆို…ချန်ရှို့… ဒီကောင်တွေ ထွက်မပြေးအောင် ငါတို့ အားအင်မဲ့နတ်ဆေးမှုန့်ကို ဘယ်လိုသုံးကြမလဲ ”

“ ဆရာဘိုးဘိုးရဲ့ နတ်တန်ခိုးတွေကိုသုံးပြီး မြေအောက်ကနေပြီး မန္တန်အစီအရင်တစ်ခုလုံးကို လွှမ်းခြုံလိုက်ပါ။ ပြီးရင် အားအင်မဲ့ဆေးမှုန့်တွေကို မြေအောက်ကနေပြီး ဖြည်းဖြည်းချင်း မြေပေါ်ကို လွှတ်တင်လိုက်ပါ… ”

“ ကောင်းပြီလေ… ငါအားအင်မဲ့နတ်ဆေးမှုန့်တွေ တော်တော်များများဖော်စပ်ထားပါတယ်။ အဲဒါတွေက သူတို့ကိုတော့ မသတ်နိုင်ပေမယ် ထွက်မပြေးနိုင်အောင်တော့ လုပ်နိုင်ပါတယ် ”
အကြီးအကဲဝမ်လင်းယွမ်သည် စိတ်ထဲမှ ပြန်ဖြေ၍ ပြုံးလိုက်သည်။

သူ လီချန်ရှို့ကို လေးစားရသည့်အချက်တစ်ခုမှာ နာမည်ဂုဏ်သတင်းကို တစ်ဦးတည်းမောင်ပိုင်မစီးလိုသည့် စိတ်ဓာတ်ဖြစ်သည်။

အကြီးအကဲဝမ်လင်းယွမ်သည် လီချန်ရှို့ ညွှန်ကြားသည့်အတိုင်း ဝိညာဉ်အားအင်မဲ့ဆေး ဆယ့်ရှစ်ပုလင်းကို သုံးလိုက်သည်။

သူသည် နတ်တန်ခိုးများကိုသုံး၍ အဆိပ်မှုန့်များကို ပုန်းအောင်းနေသော ရန်သူများ၏ ခြေထောက်အောက်မှ ထွက်သွားအောင် ပြုလုပ်လိုက်သည်။ ထို့နောက် သူသည် အဆိပ်မှုန့်များ ဖြည်းဖြည်းချင်း ပျံ့နှံ့သွားအောင် လုပ်လိုက်၏။

လီချန်ရှို့သည် ရန်သူများ သတိထားမိသွားမည်စိုး၍ အကြီးအကဲကို စိတ်ထဲမှနေ၍ သတိပေးနေလေ၏။
“ ဆရာဘိုးဘိုး… မိစ္ဆာကြီးတွေရှိတဲ့နေရာကို အဆိပ်မှုန့်ပိုရောက်အောင် လုပ်ပါ။ သူတို့ရဲ့ ခံနိုင်ရည်က ကျွန်တော်တို့ လူသားတွေထက် ကောင်းတယ်…. ”

“ ဆရာဘိုးဘိုးး… ဂရုစိုက်နော်… နတ်တန်ခိုးအငွေ့အသက်ကို တွေ့ရင် သူတို့သတိထားမိသွားလိမ့်မယ် ”

“ ဆရာဘိုးဘိုး… ဟိုသစ်ပင်ပေါ်မှာ ရှိတဲ့သူတွေကို ပိုအာရုံစိုက်ရမယ်… ”

တစ်နာရီကြာပြီးနောက်…

မန္တန်အစီအရင်အတွင်း၌ တိတ်ဆိတ်နေ၏။ လူရိပ်တချို့သည် သစ်ပင်ပေါ်မှ မြေပြင်ပေါ်သို့ သဲအိတ်များသဖွယ် ပြုတ်ကျသွားကြသည်။

မြေအောက်ထဲရှိ အကြီးအကဲဝမ်လင်းယွမ်သည် ဝမ်းသာအားရဖြစ်သွားလေသည်။ သူသည် မြေပေါ်သို့ထွက်၍ ထိုလူများကို သတ်ရန် ဟန်ပြင်လိုက်သည်။

“ ဆရာဘိုးဘိုး… ”
လီချန်ရှို့သည် အကြီးအကဲကို လျင်မြန်စွာဆွဲထား၍ ပြောလိုက်ရသည်။
“ ကျွန်တော်တို့ ဘာလို့ အခုအပြင်ကို ထွက်မှာလဲ။ တကယ်လို့ တစ်ယောက်ယောက်က သတိမေ့ဟန်ဆောင်ပြီး ကျွန်တော်တို့ထွက်လာအောင် မျှားခေါ်တာဆို ဘယ်လိုလုပ်မလဲ။ အဲဒီလိုဆို ကျွန်တော်တို့ သူတို့ရဲ့ ထောင်ချောက်ထဲကို ရောက်သွားမယ်မလား ”

“ ဟမ်… မင်းပြောတာမှန်တယ် ချန်ရှို့… ငါတို့ ဘာဆက်လုပ်သင့်လဲ ”
လီချန်ရှို့ က တွေးတော၍ ပြောလိုက်သည်။
“ ခုနကလိုပဲ အဆိပ်တွေ ဆက်ထုတ်လွှတ်နေဦး… ဒါပေမဲ့ ဒီတစ်ခါတော့ ပိုပြီး အားပြင်းတဲ့ အဆိပ်ကို သုံးလိုက်ပါ။ အဲဒါမှ သတိမေ့ဟန်ဆောင်နေတဲ့သူတွေလည်း လက်တုံ့ပြန်ဖို့ ဘာအခွင့်အရေးမှ မရှိတော့မှာ ”

“ သေရေးရှင်ရေးနဲ့ ရင်ဆိုင်ရတဲ့အခါမှာ သူတို့ရဲ့ မူလဝိညာဉ်တွေနဲ့ ဝိညာဉ်တွေက အားအင်မဲ့အဆိပ်မှုန့်ကို ခံနိုင်ရည်ရှိတယ်လို့ ကျွန်တော်တို့ တွက်ထားမှရမယ်… ”
လီချန်ရှို့ပြောသမျှကို အကြီးအကဲဝမ်လင်းယွမ်သည် သဘောတူသည့်မျက်နှာထားဖြင့် ခေါင်းညိတ်၍သာ နားထောင်နေလေသည်။

အကြီးအကဲ၏ မျက်လုံးများတွင် ကြင်နာနွေးထွေးမှုများနှင့် ပြည့်နှက်နေ၏။

ယခင်က အကြီးအကဲဝမ်လင်းယွမ်သည် ပူပန်နေခဲ့၏။

လီချန်ရှို့၏ ကျင့်ကြံခြင်းအဆင့်သည် နိမ့်၍ သူ ခက်ခက်ခဲခဲဖော်စပ်ထားသော အဆိပ်မှုန့်များကို အကျိုးရှိရှိ မသုံးနိုင်ဘဲ ဖြုန်းတီးသလိုဖြစ်သွားမည်ကို စိုးရိမ်နေခဲ့၏။

သို့ရာတွင် ယနေ့ဖြစ်ပျက်သွားသည်များကို ကြည့်၍ သူ့တပည့်သည် အဆိပ်တာအိုတွင် သူ့ထက် ပို၍ လိုက်လျောညီထွေရှိအောင် သုံးတတ်ကြောင်း အကြီးအကဲဝမ်လင်းယွမ် သ‌ဘောပေါက်သွားလေတော့သည်။

လီချန်ရှို့သည် ညွှန်ကြားချက်နည်းနည်း ထပ်ပေးပြီးနောက် ပြောလိုက်သည်။
“ ဆရာဘိုးဘိုး သံသယရှိတယ်ဆိုရင် အဲ့မိစ္ဆာကြီးတွေကို အရင်သတ်ကြည့်ပါ။ ကျွန်တော့်ဆီမှာရှိတဲ့ ဝိညာဉ်ထိန်းပုလဲကိုသုံးပြီး သူတို့ရဲ့ ဝိညာဉ်ထဲမှာရှိတဲ့ မှတ်ဉာဏ်အစိတ်အပိုင်းတွေကို ကြည့်ပြီး သူတို့ဘယ်ကလာလဲဆိုတာ သိနိုင်ပါတယ် ”

“ ချီကျင့်ကြံသူတွေအနေနဲ့ကတော့ သူတို့ထတိုက်မှ ကျွန်တော်တို့ ပြန်သတ်လည်း နောက်မကျသေးပါဘူး။ ဒါပေမဲ့ မိစ္ဆာတွေကိုတော့ ဒီအတိုင်းသတ်ပစ်လိုက်လို့ရတယ် ”

“ ကောင်းပြီ ”
အကြီးအကဲ ဝမ်လင်းယွမ် သဘောတူလိုက်သည်။ ခေတ္တမျှတွေးတောပြီးနောက် အစွမ်းအကုန်သုံးရန် ဆုံးဖြတ်လိုက်၏။

အကြီးအကဲသည် သူ၏ ကြေးချိုင်းထောက်ကို မ၍ အပေါ်သို့ မြှောက်လိုက်သည်။ ထူထဲသော အစိမ်းရောင် အခိုးအငွေ့များသည် မြေပြင်ပေါ်သို့ ထွက်သွားပြီး သတိမေ့နေသော မိစ္ဆာများ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားကြသည်။

မကြာခင် မိစ္ဆာများသည် အကြောဆွဲလာကြ၏။

လီချန်ရှို့သည် အနည်းငယ် စိုးရိမ်မိသော်လည်း ထိုကိစ္စများသည် သူ့လက်နှင့် လုပ်သည်မဟုတ်ပေ။ သူ့တွင် မန္တန်အစီအရင်ဆင်ရန် အချိန်မရှိသဖြင့် အခြားလှည့်ကွက်များလည်း မရှိတော့ချေ။ ထို့ကြောင့် မိစ္ဆာတစ်ကောင်နှစ်ကောင်၏ ဝိညာဉ်များသည် လွတ်မြောက်သွားနိုင်ချေရှိ၏။

သို့သော် မကြာခင် လီချန်ရှို့ အံ့အားသင့်သွားရသည်။

မည်မျှအစွမ်းထက်သော ကောင်းကင်နတ်မင်းအဆင့် အဆိပ်များပေနည်း။

ထိုအဆိပ်များသည် ကောင်းကင်နတ်မင်းအဆင့်ရှိသော မိစ္ဆာများ၏ မူလဝိညာဉ်ကိုပင် သေစေနိုင်လေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနေရာရှိ မိစ္ဆာကြီးများသည် သူတို့၏ ပုံစံအစစ်အမှန်များကို ဖော်ပြလာကြသည်။ ကျင့်ကြံခြင်းအဆင့်မြင့်သော လူများသည်လည်း သူတို့၏ လက်ကိုဝှေ့ယမ်းနေကြ၏။ သို့သော် မည်သို့မှ မထူးခြားလာပေ။

သူတို့၏ ကိုယ်ရောင်ကိုယ်ဝါများသည် ပျောက်ကွယ်သွားပြီဖြစ်သော်လည်း မိစ္ဆာတန်ခိုးများမှာ စွမ်းအားအပြည့်ကျန်နေသေး၏။

အကြီးအကဲဝမ်လင်းယွမ်သည် မြေပေါ်သို့ထွက်၍ တိုက်ရန်ပြင်လိုက်စဉ်တွင် လီချန်ရှို့က ထပ်မံတားလိုက်၏။

ထိုသို့တားရခြင်းမှာ ဖန်တစ်ရာတေနေပေပြီ။

‘ ဘာလို့ ဒီဆရာဘိုးဘိုးက မြေပေါ်ကိုထွက်ဖို့ပဲ လုပ်နေရတာလဲ။ မြေအောက်မှာလည်း အကုန်လုပ်လို့ရနေတာကို ’

“ ချန်ရှို့… ငါတို့ အပြင်မထွက်သေးဘူးလား ”
လီချန်ရှို့သည် ခါးသက်သက်ပြုံး၍ ပြန်ပြောလိုက်သည်။
“ ဆရာဘိုးဘိုး… ဆရာဘိုးဘိုးဆီမှာ သမာဓိမီးတောက်ဖြစ်ဖြစ် တခြားစွမ်းအားကြီးတဲ့ မီးတောက်တစ်ခုဖြစ်ဖြစ် ရှိလား။ သူတို့ကို အဝေးကနေပဲ လှမ်းပြီး မီးလောင်တိုက်သွင်းလိုက်တာ ကောင်းမယ် ”

ဝမ်လင်းယွမ်က ပြန်ပြောလိုက်သည်။
“ ရှိတာပေါ့။ ငါ့မှာ အဆိပ်မျိုးစုံ ဝိညာဉ်သန့်စင် မီးတောက်ရှိတယ်။ အဲဒီမီးတောက်ရဲ့ အစွမ်းက သမာဓိမီးတောက်ထက်တောင် ပိုကြီးသေးတယ် ”

ပိန်ပိန်ပါးပါး အဘိုးကြီးသည် လီချန်ရှို့ အကြံပေးသည့်အတိုင်း မြေပြင်ပေါ်သို့ မီးတောက်လုံးများ ပစ်လွှတ်လိုက်သည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ကောင်းကင်ပေါ်မှနေ၍ မန္တန်အစီအရင်အတွင်းသို့ ကြည့်နေလျှင် ကြောက်မက်ဖွယ်မြင်ကွင်းများကို မြင်ရပေလိမ့်မည်။

ဤနေရာ၌ ပုန်းအောင်းနေခဲ့သူများသည် တစ်ယောက်ပြီးတစ်ယောက် မေ့မြောလဲကျသွားခဲ့ကြ၏။ ထို့နောက် မိစ္ဆာများ၏ ခန္ဓာကိုယ်များကို အဆိပ်ငွေ့များက လွှမ်းခြုံသွားခဲ့၏။ မကြာမီမှာပင် သူတို့သည် အကြောဆွဲ၍ မည်သို့မှ ပြန်မလုပ်နိုင်ဘဲ သေဆုံးကုန်၏။

ထို့နောက် မြေကြီးအတွင်းမှ အစိမ်းရောင်မီးတောက်များ ထွက်လာပြီး မိစ္ဆာများ၏ ခန္ဓာကိုယ်များကို ဝါးမျိုသွားကြာကာ ပြာချပစ်လိုက်လေ၏။

အစမှ အဆုံးထိ မိစ္ဆာများသည် ရှုန်းကန်ခြင်းပင် မပြုနိုင်ခဲ့ပေ။ သူတို့သည် အေးချမ်းစွာ ထွက်ခွာသွားပေပြီ။

မေ့မြောနေသော လူသားများသည်လည်း မည်သည့်အရာကိုမှ သတိမရှိတော့ချေ။

ထိုအခိုက်တွင် လူရိပ်တစ်ခုသည် မြေကြီးအတွင်းမှ‌နေ၍ ထွက်ပေါ်လာ၏။

သူမသည် ဝတ်စုံရှည်ကြီးကို ဝတ်ဆင်ထားသော ငယ်ရွယ်သည့် မိန်းမပျိုလေးဖြစ်လေသည်။ သူမ၏ လက်ထဲတွင် ပုလဲလုံးလေးတစ်လုံးကိုင်၍ ပြာပုံများအကြား လျှောက်သွားနေသည်။

ဝိညာဉ်ထိန်းပုလဲသည် လက်ကျန်ဝိညာဉ်များကို ဖမ်းဆီးလိုက်ပြီး မှတ်ဉာဏ်အစိတ်အပိုင်းများအတွင်း ရှာဖွေလိုက်သည်။

ခေတ္တမျှကြာပြီးနောက် မြေကြီးအတွင်းမှ အခိုးအငွေ့များ ထွက်ပေါ်လာပြီး လူသား ချီကျင့်ကြံသူတို့၏ မူလဝိညာဉ်များကို ဖျက်ဆီးပစ်လိုက်လေသည်။

မီးတောက်များလည်းထွက်ပေါ်လာပြီး မန္တန်အစီအရင်အတွင်းပိုင်းတွင် အစိမ်းရောင်များဖြင့် လွှမ်းမိုးသွားလေ‌တော့သည်။

မိန်းမပျိုလေးသည် ရှေ့‌နောက်ခုန်ပေါက်နေပြီး သူမ၏ လက်အတွင်းရှိ ဝိညာဉ်ထိန်းပုလဲသည်လည်း လျင်မြန်စွာ လည်ပတ်နေလေ၏။

ရုတ်တရက် အစိမ်းရောင် မီးတောက်များအကြားမှ သွေးရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မိန်းမပျိုလေးဆီသို့ ဦးတည်သွားကာ သူမ၏ လည်ကုတ်ကို ကိုက်လိုက်လေသည်။

မိန်းမပျိုလေးသည် ထိုသွေးရောင်အလင်းတန်းကို ခေါင်းလှည့်၍ ကြည့်လိုက်ပြီး ညင်သာစွာရိုက်လိုက်၏။

ဖတ်…

သွေးနီရောင်အတောင်ပံနှင့် အနက်ရောက်ခန္ဓာကိုယ်ရှိသော ခြင်တစ်ကောင်သည် မိန်းမပျို‌လေး၏ သတ်ဖြတ်မှုကို ခံလိုက်ရပေပြီ။

အခြား သွေးရောင်အလင်းတန်းတစ်ခုသည်လည်း ပျံထွက်လာရန် ပြင်နေစဉ်မှာပင် မီးတောက်များ၏ ဝါးမျိုခြင်းကိုခံလိုက်ရပြီး ချက်ချင်းပင် သွေးလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားလေသည်။

ထိုခြင်များသည် ခြင်အစစ်အဟုတ်ပေ။ သွေးများကို မှော်အစွမ်းဖြင့် ခြင်ပုံစံဖန်ဆင်းထားခြင်းသာ ဖြစ်သည်။

*****

ထိုအခိုက်တွင် အပရဂေါယာန အနောက်ကျွန်းရှိ ဝိညာဉ်တောင်တစ်ခုအနီးမှ ဂူတစ်ဂူထဲ၌ သွေးနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အရှင်မဝမ်ကျင်းသည် မျက်လုံးများကို ဖွင့်လိုက်၏။ သူမ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေသည်။

သူမသည် အချိန်တစ်ခုပေး၍ ရုပ်သေးများကို စုဆောင်းခဲ့ရသည်။ အဘယ်ကြောင့် ထိုရုပ်သေးသုံးပုံတစ်ပုံသည် အသံတစ်ချက်ပင် မထွက်ဘဲ ဖျက်ဆီးခံလိုက်ရသနည်း။

အရှင်မဝမ်ကျင်းသည် ထိုရုပ်သေးရုပ်များနှင့် အလွန်ဝေးသောနေရာတွင်ရှိနေ၍ တစ်ခုခု မူမမှန်သည်ကို အချိန်အတော်ကြာမှ သိခဲ့ရခြင်းဖြစ်၏။
‘ ပိုအဓိကကျတာက … အဲ့ မြေကြီးထဲကထွက်လာတဲ့ မိန်းကလေးက ဘယ်သူလဲဆိုတာပဲ ’

‘ ငါဘာလို့ သူ့ရဲ့ မူလဝိညာဉ်ကို အာရုံခံလို့မရတာလဲ ’

‘ ပညာရှင်တစ်ယောက်ယောက်များလား ’
အရှင်မဝမ်ကျင်းသည် မျက်လုံးများကျဉ်း၍ တွေးတောလိုက်သည်။

ရုပ်သေးရုပ်များ သေဆုံးသွားမည်ဟု သူမ မထင်ထားခဲ့ပေ။

သို့သော် အဓိကဇာတ်ကောင်ဖြစ်သည် ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူသုံးယောက်သည် သွေးကြာပွင့်နောက်တွင် ပုန်းအောင်းနေခဲ့၍ မထိခိုက်သွားခဲ့ချေ။ အရှင်မဝမ်ကျင်းသည် သူမ၏မျက်လုံးများကိုမှိတ်၍ ထိုမန္တန်အစီအရင်အတွင်းသို့ ဆက်၍ အာရုံခံလိုက်သည်။ သို့သော် မန္တန်အစီအရင်အတွင်း၌ ဖြစ်ပျက်နေသည်များကို ထပ်မမြင်နိုင်တော့ပေ။

ရုပ်သေးရုပ်များ အားလုံး သေဆုံးသွားပြီဖြစ်သည်။

*****

အရှေ့ကျွန်းရှိ တောအုပ်တစ်ခုအတွင်းမှ မြေ‌အောက်ထဲတွင်

လီချန်ရှို့နှင့် ဝမ်လင်းယွမ်သည် သွေးရောင်အလင်းတန်းကို တွေ့လိုက်သောအခါ တစ်ဦးကို တစ်ဦးကြည့်လိုက်ကြသည်။

အကြီးအကဲ ဝမ်လင်းယွမ်၏ အတွေးများသည် ရိုးရှင်လှ၏။ သူသည် ရင်ထဲတွင် သက်ပြင်းချလိုက်သည်။
“ တော်သေးတာပေါ့… ချန်ရှို့ မင်းသတိရှိပေလို့ပဲ။ ငါတို့ကိုသာ ချောင်းမြောင်းတိုက်ခိုက်ခံရရင် တုနတ်ဝိဇ္ဇာဂိုဏ်းတော့ အန္တရာယ်ထဲကျသွားမှာပဲ ”

လီချန်ရှို့မှာမူ များစွာ တွေးတောမနေပေ။
‘ ခြင်တွေလား… ’

‘ လူတစ်ယောက်ရဲ့ အသိစိတ်ကို ခြင်ကတဆင့် ထိန်းချုပ်တာလား ’

‘ အာဒိကပ္ပလောကမှာ အဲဒီလို အစွမ်းထက်တဲ့ ခြင်မျိုးရှိတာလား… ’

‘ ကြည့်ရတာ အဆင့်(၁၂)ရွှေကြာပွင့်နဲ့ အဆင့်(၃) တောင်ပံနီ ခြင်နက်တွေရဲ့ ဘုရင်မက ကျဲကျောင်းတော်က တပည့်တွေကို ထိန်းချုပ်ပြီး ဒီကိစ္စကို လုပ်နေတာလား ’

‘ နောက်ကွယ်က ကြိုးကိုင်တဲ့သူက သူပဲဖြစ်နေမလား ’

‘ အာဒိကပ္ပလောက,က တော်တော် အန္တရာယ်များတာပဲ ’

“ ဆရာဘိုးဘိုး… အပြင်ကို မထွက်သေးနဲ့ဦး။ မီးတောက်ကို သုံးပြီး ဒီနေရာတစ်ခုလုံးကို မီးရှို့ပစ်လိုက် ”
ထို့နောက် အစိမ်းရောင်မီးတောက်များသည် မြေပြင်ပေါ်သို့ ထွက်သွားပြီး နေရာတစ်ခုလုံးရှိ သစ်ပင်များကိုပါ ဝါးမျိုသွားကြလေ၏။

နောက်တစ်နာရီကြာပြီးနောက် မန္တန်အစီအရင်အတွင်းပိုင်းသည် ပြောင်ရှောင်းသွားပေပြီ။ သဲလွန်စတစ်ခုမှ ကျန်မနေခဲ့တော့ချေ။ မြေပြင်သည်လည်း ပြောင်ရှင်းနေပြီး မြက်တစ်ပင်မျှပင် မရှိတော့ချေ။

လူရိပ်တချို့သည် မြေကြီးအတွင်းမှ ထွက်လာကြ၏။ သူတို့သည် ဓမ္မတန်ခိုးများကိုသုံးကာ ပြာများကို အတူတကွ စုစည်းလိုက်သည်။

သူတို့သည် မီးကျွမ်းနေသော သိုလှောင်ဓမ္မရတနာများကိုလည်း ကောက်ယူကာ အခြားရတနာများနှင့်အတူ ရတနာအိတ်အနည်းငယ်အတွင်းသို့ ထည့်၍ သိမ်းဆည်းလိုက်ကြ၏။

ထို့နောက် လူတစ်ယောက်က သစ်သားငါးလေးကိုကိုင်၍ ညင်သာစွာတီးခေါက်လိုက်သည်။ ကျန်သူများသည် သုတ္တန်များကို ရွတ်ဆိုလိုက်ကြသည်။

မြေအောက်တွင် ဝမ်လင်းယွမ်သည် နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
“ ချန်ရှို့… မင်းဘာတွေလုပ်နေတာလဲ ”

လီချန်ရှို့က ပြုံး၍ ပြန်ဖြေလိုက်၏။
“ သုတ္တန်တွေရွတ်ပြီး ကမ္မနှောင်ကြိုးတွေ ဖြတ်နေတာပါ။ တကယ်လို့ ဝိညာဉ်ထိန်းပုလဲက ဝိညာဉ်အကြွင်းအကျန် အကုန်ကိုမစုပ်ယူနိုင်လိုက်ရင် ကျန်ခဲ့တဲ့ ဝိညာဉ်အပိုင်းအစတွေကို မြေအောက်ကမ္ဘာကို ပို့ပြီး ပြန်ဝင်စားနိုင်အောင် လုပ်ပေးတာပါ။ နောက်ကြုံရမယ့် ပြဿနာတွေကို ရှောင်ရှားဖို့ပေါ့ ”

“ ခဏနေရင် ဆရာဘိုးဘိုးကိုယ်တိုင် ဒီပြာတွေကို ဖြန့်ကျက်ပေးရမယ်။ သူတို့ဘာသာ ရှိသင့်တဲ့နေရာကို လေနဲ့လွင့်မျောသွား လိမ့်မယ် ”

“ ကျင့်ကြံခြင်းဆိုတာ ကောင်းကင်နဲ့ မြေကြီးရဲ့ ချီဓာတ်တွေကို လက်ခံရရှိဖို့ပဲ။ သေပြီးသွားတဲ့နောက် အဲဒီချီဓာတ်တွေကို သဘာဝထဲကို ပြန်လွှတ်ပေးရမှာပေါ့။ အဲဒါက တုနတ်ဝိဇ္ဇာဂိုဏ်းရဲ့ တာအိုတရားနဲ့လည်း ကိုက်ညီပါတယ် ”

အကြီးအကဲဝမ်လင်းယွမ်သည်‌ ပြုံး၍ ခေါင်းညိတ်လိုက်သည်။

သုတ္တန်ရွတ်ဆိုနေခြင်းများ ပြီးဆုံးသွားသောအခါ အဆိပ်နတ်ဝိဇ္ဇာသည် သူ၏ တာအိုဝတ်ရုံကို မြေအောင်ထဲတွင် ဝှေ့ယမ်းလိုက်သည်။ ပြာပုံကြီးသည် လွင့်ပျံသွားပြီး မန္တန်အစီအရင်အနှံ့၌ ပြာများ သွားကပ်နေလေသည်။

လီချန်ရှို့သည် ရင်ထဲတွင် သက်ပြင်းဖွဖွချလိုက်၏။
‘ ကောင်းတယ်… ’

‘ ငါကိုယ်တိုင် မလုပ်လိုက်ပေမယ်… ’

‘ လုပ်လိုက်ရသလို ခံစားချက်တော့ ရပါသေးတယ်… ’

အကြီးအကဲဝမ်လင်းယွမ်သည် မျက်တောင်ခတ်၍ မေးလိုက်သည်။
“‌ ကောင်းတယ် ဟုတ်လား… မင်းဘာကို ဆိုလိုတာလဲ ”

လီချန်ရှို့က အလျင်အမြန် ပြန်ဖြေလိုက်ရသည်။
“ အိုး… ကျွန်တော်တို့ ထပ်ပြီး စိတ်ပူစရာမလိုတော့ဘူးလို့ ပြောတာပါ ”

ထို့နောက်သူသည် လက်အတွင်းရှိ ကျောက်စိမ်းပြားလေးကို သိမ်းလိုက်ပြီး စိတ်ဖြင့် ဆက်သွယ်မှုကို ရပ်လိုက်ရလေသည်။

အကြီးအကဲဝမ်လင်းယွမ်သည် သူ့တို့နှစ်ယောက် ရန်သူများအား သတ်ခဲ့ပုံများကို ပြန်တွေးလိုက်သည်။ သူသည် လီချန်ရှို့ကို ကြည့်၍ နှလုံးသားထဲတွင် ကျေနပ်မှုများ ခံစားလိုက်ရ၏။

သူသည် လီချန်ရှို့ကို ပို၍ပင် သဘောကျလာပြီ ဖြစ်သည်။

ထို့နောက် မြေပြင်ပေါ်ရှိ လူများသည် မြေ‌အောက်ထဲသို့ ပြန်ဝင်လာပြီး စက္ကူရုပ်များအဖြစ် ပြန်ပြောင်းသွားလေ၏။ လီချန်ရှို့သည် ၎င်းတို့ကို ရတနာအိတ်အလွတ်တစ်ခုထဲတွင် သိမ်းဆည်းလိုက်သည်။

သူသည် ထိုစက္ကူရုပ်များကို ထပ်၍ အသုံးမပြုမီ ကပ်ငြိနေသော အဆိပ်များကို ရှေးဦးစွာ သန့်စင်ပစ်ရပေမည်။

အကြီးအကဲဝမ်လင်းယွမ်၏ အဆိပ်များကို သူအထင်မသေးဝံ့ပေ။
“ ဆရာဘိုးဘိုး… ဂိုဏ်းကို ပြန်ကြစို့။ ကျန်တဲ့ကိစ္စတွေနဲ့ ဒီဝိညာဉ်ထိန်းပုလဲကိုတော့ ဂိုဏ်းလက်ထဲပဲ အပ်လိုက်ပြီး ဂိုဏ်းကိုပဲ ဆက်လုပ်ခိုင်းလိုက်တော့မယ်.. ”

“ ကောင်းပြီ ”

“ ဒါနဲ့ ဆရာဘိုးဘိုး… ကျွန်တော်ပြောစရာတစ်ခုရှိသေးတယ်။ ကျွန်တော် ဒီနေရာမှာ ရှိခဲ့ပြီး ဘာတွေလုပ်ခဲ့တယ်ဆိုတာ တခြားသူတွေကို မပြောပါနဲ့နော်… ”

လီချန်ရှို့သည် အပြန်လမ်းတွင် အကြီးအကဲအား မည်သို့လုပ်ရမည်ကို မှာကြားခဲ့၏။ သူတို့သည် မြေအောက်မှနေ၍ တုနတ်ဝိဇ္ဇာဂိုဏ်းသို့ ပြန်ခဲ့ကြလေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset