အပိုင်း (၃၇၉)

အခွင့်အလမ်း

ကောင်းကင်မှ လူများကို ကြည့်နေသော ကျောင်းတော်မှ လူများ၏ မျက်လုံးများက သိပ်သဘောကျဟန် မရပေ။ ချင်ပြည်ထောင် မဟာမိတ်အဖွဲ့နှင့် ရင်ဆိုင်လျှင်ပင် ကျောင်းတော်နှင့် ကော့တေးက တစ်ခါမှ အောက်ကျ မခံဖူးပေ။

ချင်ပြည်ထောင်က ကော့တေးကြောင့် ပါရမီရှင်များစွာ ဆုံးရှုံးခဲ့သော်လည်း ကော့တေးအား ထိန်းနိုင်ခြင်း မရှိသေးပေ။ ယခု သူတို့က နယ်ခြား အဖွဲ့အစည်းများအား ခေါင်းငုံ့ခံနေရသည်။ ကျောင်းတော်က မြေရိုင်းဒေသမှ အင်အားစုများနှင့် ယှဉ်လျှင် အမှန်ပင် အားနည်းပေသည်။ ထို့ကြောင့် ရီဖူရှင်းက ထိုလူများနှင့် လိုက်ပါရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

“သွားစို့….” နန်ဖန်းက ရီဖူရှင်းကို ပြောသည်။

ယူချင်းက ရှေ့ကို ခြေတစ်လှမ်း တက်လိုက်သည်။ သူ အမှန်တကယ် ဒေါသထွက်နေပြီ ဖြစ်သည်။

“စိတ်လျှော့…” ရီဖူရှင်းက သူ့ကို ကြည့်သည်။ ထို့နောက် သူက ကောင်းကင်ကို ကြည့်ကာ ပြုံး၏။ သူက လေထဲကို ခုန်တက် သွားသော်လည်း နဂါးကြီးထံသို့ သွားခြင်း မဟုတ်ဘဲ​ ယာဉ်ပျံထံသို့ ပျံသန်းသွားသည်။

နန်ယွီ မျက်မှောင်ကြုတ် လိုက်သည်။ သူက ရီဖူရှင်းအား စူးရှသော မျက်လုံးများဖြင့် ကြည့်သည်။

“ကျုပ် ဝင်လာလို့ရမလား….” ရီဖူရှင်းက ယာဉ်ပျံပေါ်မှ ခေါင်းဆောင် မိန်းကလေးကို ပြုံးပြသည်။

ခြေတံသွယ်လျကာ ရှည်လျားသော မိန်းကလေး၏ နာမည်မှာ ချူရှန်းဖြစ်ပြီး ရှားပါးသော အလှပိုင်ရှင် ဖြစ်သည်။ ရီဖူရှင်းက ရောက်လာသည်ကို မြင်လျှင် သူမက ပြုံးလျက် ပြောသည်… “ဝင်ခဲ့ပါ….”

“ကျေးဇူး….” ရီဖူရှင်းက ယာဉ်ပျံပေါ်ကို တက်သွားသည်။ ထိုမြင်ကွင်းကို ကျောင်းတော်သားများက ဆွံ့အစွာ ကြည့်နေကြသည်။ ရီဖူရှင်းက အမှန်ပင် နေရာကောင်းကို ရွေးခဲ့သည်။ သို့သော် နဂါးပေါ်မှ နန်ယွီက ထိုမြင်ကွင်းကို မလိုလားစွာ ကြည့်နေသည်ကို မြင်လျှင် ကျောင်းတော်သား များက စိတ်ကျေနပ် ကြသည်။

“အဆင်ပြေသွားပြီ ဆိုတော့ သွားကြရအောင်….” နန်ဖန်းက သူ၏ ရည်ရွယ်ချက် ပြည့်သွားပြီဖြစ်ရာ တခြား ကိစ္စများအား စိတ်မဝင်စားတော့ပေ။

နဂါးက လေထက်ကို ပျံဝဲကာ တက်လျှင် ယာဉ်ပျံကလည်း စတင် ထွက်ခွာသည်။ စွမ်းအားမြင့် တန်ခိုးရှင်များ အားလုံး စာအုပ်တောင်မှ ပြန်လည် ထွက်ခွာကြသည်။

ကော့တေးတွင် ရပ်နေရင်းက ဟွာဂျီယူက အနည်းငယ် စိုးရိမ်သောဟန် ပေါ်နေသည်… “ဆရာ…”

“စိတ်မပူနဲ့…” ဆရာဒူက ညင်သာစွာ ပြောသည်။ ထိုနေ့ သူက ကောင်းကင် တောင်တွင် စောင့်နေစဉ် ခေါင်းလောင်းသံမှ သူက တစ်စုံတစ်ခုကို ခံစားမိသည်။ နှစ်ဟောင်း၏ နောက်ဆုံးနေ့တွင် ကော့တေး၌ အူကီယိုသံစဉ်ကို တစ်ဖန် သူ ကြားရ၏။ ထိုအရာက ဘာကို ဆိုလိုသည်ကို သူ နားလည်သည်။

ဆိုလိုသည်က ရီဖူရှင်းက ကောင်းကင် တောင်ထိပ်ပေါ်ကို ရောက်ခဲ့ကာ သူ့အတွက် ကောင်းကင်တောင်ကို သွားခြင်းက သိပ်အန္တရာယ် မရှိနိုင်ဟု ဆိုလိုသည်။

“ကျွန်မ သွားကြည့်မယ်…” ကျူးကော့ဟွေက သိပ်ဂရုစိုက်ပုံ မရပေ။

ဆရာဒူက သူမအား မတားပေ။ ကျူးကော့ဟွေ၊ ဂူတုံးလျိုနှင့် ဓားသခင်တို့ အပါအဝင် စာအုပ်တောင်မှ လူအများအပြားက ကောင်းကင်တောင်ကို သွားကြမည် ဖြစ်သည်။ သူတို့က ကောင်းကင် တောင်ဘက်သို့ ပျံတက် သွားကြသည်။

လမ်းတစ်လျှောက် တိမ်များက စုစည်းသွားကာ တလိပ်လိပ် တက်နေကြသည်။ ယာဉ်ပျံက မြန်ဆန်စွာ ရွေ့လျားနေသည်။ နဂါးနှင့် မီးငှက်က ယာဉ်ပျံ၏ ဘေးတစ်ဖက် တစ်ချက်မှ လိုက်ပါ ပျံသန်းနေကြသည်။

ယာဉ်ပျံပေါ်တွင် ရီဖူရှင်းက ထိုမိန်းမအား ပြုံးလျက် ကြည့်သည်… “ကျုပ်နာမည် ရီဖူရှင်း… ခင်ဗျားကရော…”

“ငါက ချူရှန်း…” ထိုမိန်းမက အဝေးကို ကြည့်ကာ ပြောသည်။

သူတို့နောက်တွင် မိန်းမ အတော်များများ ရပ်နေကြသည်။ စွမ်းအားမြင့် နိုဘယ်တန်ခိုးရှင် တချို့ကလည်း ရီဖူရှင်းအား စောင့်ကြည့် နေကြသည်။

ချူရှန်းကား အမှန်ပင် လှပချောမောကာ ထူးခြားသော မိန်းကလေး ဖြစ်သည်။ သို့သော် ရီဖူရှင်းက သူမအား မည်သို့ မလေးမစား ပြုမူနိုင်ရသနည်း။ သူတို့အကြား ကွာဟချက် မည်မျှ ကြီးမားသည်ကို ရီဖူရှင်းက သိပုံမရပေ။

“ခင်ဗျားက အစ်ကိုသုံးကို ပြောနေတာကို ကျုပ်ကြားခဲ့တယ်… ခင်ဗျားတို့က လူသားကမ္ဘာကလို့ ပြောတယ်မလား… ဒီနာမည်က တော်တော် ကောင်းတာပဲ… မြေရိုင်းဒေသမှာ လူသားကမ္ဘာက ဘယ်လို အင်အားစုမျိုးလဲ… အဲဒီမှာ ခင်ဗျားတို့ အဖွဲ့က တော်တော် နာမည် ကျော်ကြားမှာပဲ….” ရီဖူရှင်းက မေးသည်။ သူတို့နောက်မှ လူများက လွန်စွာ အတွေးလွန် နေကြသည်။ သူက ယာဉ်ပျံကို ရွေးခြင်းမှာ ချူရှန်းက နန်ဖန်းထက် ပို၍ ဆက်ဆံရ ပိုလွယ်မည်ဟု သူထင်၍ ဖြစ်သည်။ ထို့အပြင် မိန်းမများက စကားပြောရ ပိုလွယ်သည်။ သူတို့က အစ်ကိုသုံးကို ဆက်ဆံသော အနေအထားကို သူမြင်ပြီး ဖြစ်သည်။

“အရှေ့မြေရိုင်း ဒေသက ဘယ်ကလန်ကမှ ငါတို့ ပြိုင်ဘက် မဟုတ်ဘူး…” ချူရှန်းက ရိုးရှင်းစွာ ပြောသည်။

“ဒါက မင်းတို့ အင်အားစုတွေ အကုန်လုံး ပေါင်းရင်တောင်မှ….” သူတို့နောက်မှ နောက်ထပ် မိန်းမ တစ်ယောက်က ထပ်ပြောသည်။

ရီဖူရှင်းက အသာအယာ ပြုံးသည်။ အားအကြီးဆုံးသူက အရာအားလုံးကို အုပ်ချုပ်သည်ကို သူသိသည်။ မြေရိုင်းဒေသမှ​ အင်အားစုများက လွန်စွာ အားကောင်းပေသည်။ သူတို့၏ အစောင့်များပင် နိုဘယ်အဆင့်တွင် ရှိသည်။ သူတို့၏ ကလန်များတွင် ရှီတန်ခိုးရှင်များစွာ ရှိရပေမည်။ အရှေ့မြေရိုင်း ဒေသမှ အင်အားစုများက သူတို့အား မည်သို့ ယှဉ်နိုင်မည်နည်း။ သူတို့က ရီဖူရှင်းအား အထင်သေးကြောင်း ကိုလည်း သူသိသည်။ သူက ယာဉ်ပျံအား စတင် လေ့လာသည်။ အတွင်းပိုင်း အပြင်အဆင်က လွန်စွာ အဆင့်မြင့်ကာ အရာအားလုံးက တင့်တယ် လှပလွန်းသည်။ သူတို့က လွန်စွာ ချမ်းသာပုံလည်း ရ၏။

“မင်းက ဒီက လူငယ်မျိုးဆက်မှာ ပါရမီအမြင့်ဆုံးလို့ ငါကြားတယ်…” နန်ယွီက နဂါးပေါ်မှနေ၍ ရီဖူရှင်းကို ကြည့်ကာ ပြောသည်။

ကောင်းကင်တောင်တွင် ထိုဘုန်းကြီးက ပြောခဲ့သည်မှာ အရှေ့မြေရိုင်း ဒေသမှ တစ်စုံတစ်ယောက်က ဧကရာဇ်နှစ်ပါး၏ အမွေအနှစ်ကို ရရှိခဲ့လျှင် သူက ရီဖူရှင်းသာ ဖြစ်ရမည်ဟု ပြောခဲ့သည်။

ရီဖူရှင်း၏ မျက်လုံးက အရောင်လက် သွားသည်။ တစ်စုံတစ်ယောက်က သူ့အကြောင်းကို သည်လူများအား ပြောပြခဲ့သည်။ ထို့ကြောင့် သည်လူများက သူ့ကိုရှာရန် ကော့တေးကို ရောက်လာခဲ့ကြသည်။ သူ့အား သည်မျှ မုန်းတီးသောသူက မည်သူဖြစ်မည်ကို ရီဖူရှင်းက တွေးတော နေသည်။

“ကျုပ်က သိပ်ပါရမီ မမြင့်ဘူး… ကျုပ်က အကာနာ အဆင့်ကို သိပ်မကြာခင်ကမှ ရောက်တာ… ဘယ်သူ ပြောလိုက်တာလဲ…” ရီဖူရှင်းက ရယ်မော လိုက်သည်။

“မင်းက သိပ်ပါရမီ မမြင့်ဘူး… ဒါဆို မင်းက ကောင်းကင် တောင်ထိပ်ကို ဘယ်လို ရောက်နိုင်တာလဲ….” နန်ယွီက ငေါ့တော့တော့ ပြောသည်။ ရီဖူရှင်းက သာမန်လူ တစ်ယောက် ဖြစ်သည်ကို သူမယုံပေ။ သူက ကောင်းကင်တောင်ကို ရောက်ခဲ့မှတော့ သူက တစ်ခုခု ထူးခြား ရပေမည်။

“ကျုပ်က ကံကောင်းတာလည်း ဖြစ်နိုင်တာပဲ….” ရီဖူရှင်းက ပြန်ပြောသည်။

နန်ယွီက သူ့ကို အေးစက်စွာ ကြည့်သည်။ ရီဖူရှင်းက အမှန်ပင် ပါရမီကောင်းလျှင် သူတို့က ကျောင်းတော်ကို စိန်ခေါ်သောအခါ အဘယ်ကြောင့် သူ ထွက်မတိုက်သနည်း။ ရီဖူရှင်းက သူ၏အာရုံစိုက်မှုနှင့် ထိုက်တန်ပုံမရပေ။

“မင်းက ကောင်းကင်တောင်က ရှေးဟောင်း အကြွင်းအကျန်ကို ရခဲ့တယ်လို့ တချို့က ခန့်မှန်းတယ်… အဲဒါမှန်လား….” ချူရှန်းက ပြုံးလျက် ပြောသည်။

“ကောင်းကင် တောင်က ဒီလောက် ထူးခြား ဆန်းကြယ်တဲ့ နေရာပဲကို…” ရီဖူရှင်းက ပြန်ပြောသည်… “ဒီသံစဉ်က အရမ်း ခက်ခဲတယ်… သူ့ရဲ့ အနုပညာရသသိ နည်းနည်းကိုပဲ ကျုပ် နားလည် ခံစားလို့ရတယ်…. ရှေးဟောင်း အကြွင်းအကျန်တွေကို ကျုပ်ရမယ်လို့ ခင်ဗျား ထင်လို့လား….” သူက မည်သည့်နည်းနှင့်မျှ ဝန်ခံမည် မဟုတ်ပေ။

ချူရှန်းက ရီဖူရှင်းကို သေသေချာချာ ကြည့်လျှင် လူငယ်၏ မျက်လုံးများက လွန်စွာ လှပလွန်းကာ ချောမောသော ရုပ်ရည်ရှိသည်ကို မြင်ရသည်။ သူမက တစ်ဖက်ကို လှည့်သွားကာ ဘာမှ ထပ်မမေးတော့ပေ။

ကောင်လေး၏ ရုပ်ရည်က ထူးခြားလွန်းလှသည်။ သူ့တွင် မည်သို့သော ပါရမီမျိုး ရှိသည်ကို သူမ မသိပေ။ သို့သော် ဖြစ်နိုင်လျှင် သူမက ရီဖူရှင်းအား လူသားကမ္ဘာကို ခေါ်ကာ တန်ခိုးကျင့်စေ လိုပေသည်။

ချင်ယွီအပါအဝင် လူတချို့ ကောင်းကင်တောင်သို့ ဆင်းသက် လာကြသည်။ သူက ဟွာချင်းချင်းကို ဤနေရာသို့ ခေါ်လာ၏။ ဒွန်ဟွာကလန် ခေါင်းဆောင်နှင့် သခင်မ ယွီရှောင်တို့လည်း ပါလာကြသည်။ သူတို့က ချင်ယွီက ဟွာချင်းချင်းအပေါ် ဆက်ဆံမှု သဘောမကျ ဖြစ်နေကြသည်။ သို့သော် ချင်ယွီက ပိုမိုကြီးမားသော အခြေအနေ တစ်ခုကို မျှော်မှန်းနေသည်။ သူတို့က ဒေါသကို ချုပ်တီးရုံမှအပ ဘာမှ မတတ်နိုင်ပေ။

ဟွာချင်းချင်းက ရီဖူရှင်းက ကောင်းကင်တောင်ကို ရောက်ရှိခဲ့သည်ကို ဝန်ခံခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို မပြောပေ။ သခင်မယွီရှောင်က သူမ၏သမီးနှင့် ရီဖူရှင်းတို့အကြား ဘာဖြစ်ခဲ့သည်ကို အလွန် သိလိုပေသည်။ သို့သော် သူမကလည်း ချင်ယွီကို မပြောပြပေ။

ရီဖူရှင်း ရောက်လာသည်ကို မြင်လျှင် ချင်ယွီ၏ မျက်လုံးထဲတွင် လူသတ်လိုသော အငွေ့အသက်များ ဖုံးလွှမ်းသွားသည်။

ရီဖူရှင်းကလည်း သူတို့ကို သတိထားမိသည်။ သူ၏မျက်လုံးများကလည်း အေးစက် သွားသည်။ ဘယ်လောက် စိတ်ရှုပ်စရာ အုပ်စုလဲ…။ ထို့နောက် ဟွာချင်းချင်းက သူ့အား ဖော်ပြနိုင်စွမ်းငှာ မတတ်နိုင်သော ခံစားချက်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်သည်ကို သူမြင်သည်။ ထိုအရာများ ပြန်လည် ဖြစ်ပျက်လျှင် သူမက သူနှင့် တိုက်ခိုက်မည်လော မိမိကိုယ်ကို တွေးနေသည်။

“သူမလား…” နန်ဖန်းက ဟွာချင်းချင်းကို ကြည့်သည်။ ထိုမိန်းကလေးကား လွန်စွာ ကြည့်ကောင်းသော ရုပ်ရည် ရှိပေသည်။ မြေရိုင်းဒေသတွင်ပင် သူမ၏အလှက ရှားပါး စာရင်းဝင်ပေသည်။ အပြစ်ကင်းသော ပုံစံက သူမအား ချူရှန်းထက်ပင် လှပ ချောမောစေသည်။

“ကောင်းတယ်… မင်းတို့နှစ်ယောက်က ငါတို့ကို ကောင်းကင် တောင်ပေါ်ကို ဦးဆောင်ပြီး ခေါ်သွား ပေးရမယ်…” နန်ဖန်းက ရီဖူရှင်းနှင့် ဟွာချင်းချင်းကို ကြည့်သည်။ သူတို့နှစ်ယောက်က ကောင်းကင် တောင်ထိပ်ကို ရောက်ဖူးမှတော့ သူတို့နှစ်ယောက်က တစ်ခုခု ထူးခြားရပေမည်။ သူတို့က ကောင်းကင် တောင်ပေါ်ကို တက်သည့်နည်းကို သိရပေမည်။ သူတို့အား ရှေ့မှ ဦးဆောင်စေခြင်းက အကောင်းဆုံး နည်းလမ်းပင်။

“ဒါပေမဲ့ ကောင်းကင်တောင်ရဲ့ ဖိအားက အရင်ကထက်ပိုပြီး အားကောင်းလာတယ်… ကျွန်မတို့က တောင်ထိပ်ကို ရောက်မယ်လို့ သေချာ မပြောနိုင်ဘူး…” ဟွာချင်းချင်းက အသာအယာ ပြောသည်။ တောင်ခြေတွင် ရပ်နေရင်းက သူမက ဖိအားကို ခံစားရသည်။

“မင်းက မကြိုးစားကြည့်ရင် ဘယ်လို သိမှာလဲ… ရှေ့ကပဲသွား…” မီးလူငယ်က ပြောသည်။ သူက တော်ဝင် မီးတောက်ဂိုဏ်းမှ ဒူဟောင် ဖြစ်သည်။

ဟွာချင်းချင်းက ဒူဟောင်ကို ကြည့်ကာ ခေါင်းညိတ်သည်။ သူတို့က တောင်ပေါ်ကို စတင် တက်ကြသည်။

“သတိထား….” သခင်မယွီရှောင်က သူမ၏သမီးကို သတိပေးသည်။ သူမက ဤကိစ္စနှင့် ပတ်သက်၍ လွန်စွာ မပျော်မရွှင် ဖြစ်ရသည်။

ရီဖူရှင်း၊ ဟွာချင်းချင်းနှင့် တခြား လူငယ်များ အားလုံးက တောင်ပေါ်ကို တက်ရောက်ကြသည်။ နိုဘယ်အဆင့်မှ လူများအားလုံးက တောင်ခြေတွင် စောင့်နေကြသည်။

အဝေးတစ်နေရာတွင် လူအနည်းငယ်က နှင်းမြေပြင်တွင် ရပ်ကာ ထိုလူငယ်များကို ကြည့်သည်။ သူတို့က ဓားသခင်တို့ အုပ်စုဖြစ်သည်။ သူတို့က ရီဖူရှင်းအား စိတ်ပူကြပေသည်။ မြေရိုင်းဒေသမှ လူများက ကောင်းကင်တောင် အတွက် ရောက်လာကြကာ ရီဖူရှင်းအား ထိခိုင်စေမည် မဟုတ်သည့်တိုင် သူတို့က သတိထားရန် လိုပေသည်။

တောင်ပေါ်သို့ သွားရာလမ်းတွင် ရီဖူရှင်းနှင့် ဟွာချင်းချင်းတို့က ရှေ့ဆုံးမှ သွားနေကြသည်။ သူတို့က တစ်ယောက်နှင့် တစ်ယောက်လည်း စကား မပြောကြပေ။ သူတို့နောက်မှ​ ပါရမီမြင့် လူငယ်များနှင့် သူတို့၏ သက်တော်စောင့်များ လိုက်ပါ လာကြသည်။ နောက်ဆုံး အကြိမ်က သူတို့က တောင်ပေါ်ကို တက်ရာတွင် မအောင်မြင်ခဲ့ကြပေ။

“နှင်းပွင့်တစ်ခုစီက ကောင်းကင်တောင်ရဲ့ သဘာဝစွမ်းအင်က ဖြစ်ပေါ်လာပုံ ရတယ်….” ချူရှန်းက လက်ဆန့်တန်းကာ သူမ၏ လက်ဝါးမှ နှင်းပွင့်ကို ကြည့်သည်။ ထို့နောက် သူမက တောင်ပေါ်မှ မဆုံးနိုင်သော နှင်းပွင့်များကို  ကြည့်သည်။

“ဆိုလိုတာက တောင်တစ်ခုလုံးက သဘာဝစွမ်းအင်နဲ့ ဖုံးအုပ်ထားတာပေါ့….” ရီဖူရှင်းက ရယ်မောလိုက်သည်။ သို့သော် ချူရှန်းပြောသည်မှာ မှန်ကန်ကြောင်း သူသိသည်။

ကောင်းကင်တောင်ပေါ်မှ​ နှင်းများပေါ်ကို လျှောက်လှမ်းရင်းက သူက ဤနေရာမှ အရာအားလုံးနှင့် ရင်းနှီးကျွမ်းဝင်လွန်း လှသည်ဟု ခံစားရသည်။ သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက လွန်စွာ ခံစားမှု ကောင်းမွန်ပေသည်။ သူ၏ သိမ်းငှက်ကလေးက တောင်ပေါ်တွင် လေ့ကျင့်နေဆ ဲဖြစ်သည်။ သူက တောင်ပေါ်မှ အရာအားလုံးကို မြင်နိုင်သည်။

“နောက်ဆုံး တစ်ခေါက်က မင်းက တောင်ပေါ်ကို ဘယ်လို တက်ခဲ့တာလဲ…” ချူရှန်းက မေးသည်။

“ကျုပ်အဆင့်က တော်တော် နိမ့်တယ်…. ဒါကြောင့် ကျုပ်က ဖိအားဒဏ်ကို သိပ်မခံစားရဘူး… ကျုပ်က ကံကောင်းတာလည်း ဖြစ်နိုင်တာပဲ…” ရီဖူရှင်းက ဖြေသည်။

“ကောင်းကင်တောင်က ဧကရာဇ်နှစ်ပါးနဲ့ မိစ္ဆာငှက်တို့ရဲ့ ဖိအားနှစ်ခု အပြိုင် ရှိနေတယ်…. ရှင်က ဒါကို ခံနိုင်တယ်ဆိုရင် တောင်ပေါ်ကို ရောက်မှာပဲ… ဒါပေမဲ့ ဒီတစ်ခေါက် ဖိအားက ပိုပြီး အားကောင်းလာတယ်… “ဟွာချင်းချင်းက ရေရွတ်သည်။ သူမက ရီဖူရှင်းနှင့် ပတ်သက်၍ ထုတ်ဖော်ပြောမည် မဟုတ်ပေ။ အဟံပင်လျှင် ကောက်ချက်ချရုံမျှသာ တတ်နိုင်သည်။ ရီဖူရှင်းက အူကီယိုအား သင်ယူနိုင်ခဲ့သည်ကို သူမသာလျှင် သိသည်။ သူက တောင်ပေါ်မှ ဆင်းလာသောအခါ ခေါင်းလောင်းက မြည်ခဲ့သည်။ ထိုအရာက မတော်တဆ မဟုတ်ပေ။ ခေါင်းလောင်းက သူ့အတွက် မြည်ခြင်း ဖြစ်သည်။

“မြန်မြန် တက်ရအောင်…” မဟာရွှမ်တောင်မှ​ တစ်ယောက်က တိုက်တွန်းသည်။ လက်ရှိ ဖိအားက သူတို့အတွက် အရှိန်မြှင့်ရန် မခက်ခဲသေးပေ။

တောင်ခြေတွင် ချင်ယွီက ဒွန်ဟွာကလန် ခေါင်းဆောင်ကို ပြောသည်… “ဓားသခင်တို့ အုပ်စုက ဒီမှာ ရှိနေတယ်…”

“မင်း ဘာလုပ်ချင်တာလဲ…” ဒွန်ဟွာကလန် ခေါင်းဆောင်က မေးသည်။ ဓားသခင်တို့အုပ်စု ဤနေရာတွင် ရှိနေသည်ကို သူသိသည်။ ဓားသခင်၊ ကျူးကော့ဟွေနှင့် ဂူတုံးလျိုတို့က ကောင်းကင် တောင်ခြေ၏ သိပ်မဝေးသော တစ်နေရာတွင် ရှိနေကြသည်။

ချင်ယွီက နှာခေါင်းရှုံ့သည်… “ဒါက ကျုပ်တို့ လိုချင်တဲ့ အခွင့်အရေး မဟုတ်ဘူးလား….”

***


Comment

Leave a Reply

Options

not work with dark mode
Reset