ကျူးချိန်က ရောက်ရှိ လာသူများအား မေးသည်… “ရှင်တို့က ကျောင်းတော်ကို ဘာလာလုပ်တာလဲ…”
လေထဲမှ စွမ်းအားမြင့် တန်ခိုးရှင်များ အားလုံးက သူမကို ကြည့်ကြသည်။ နေရထားလုံးအား ဆွဲသော မီးငှက်ပေါ်မှ လူငယ်က ပြောသည်… “ဒါက အရှေ့မြေရိုင်းဒေသက အင်အား အကောင်းဆုံး မှော်ပညာရပ်တွေ စုနေတဲ့နေရာ ဆိုတာလား…”
သူကား မြေရိုင်းဒေသ၏ အလယ်မှ ဖြစ်သည်။ အရှေ့မြေရိုင်း ဒေသကား ကျယ်ပြောလှသော မြေရိုင်းဒေသ၏ အစိတ်အပိုင်း အနည်းငယ် တစ်ခုမျှသာ ဖြစ်သည်။ အရှင် ဒွန်ဟောင်၏ အမိန့်တော်ကြောင့် ဤနေရာက ကျန်သော နေရာများနှင့် သီးခြား ဖြစ်သွားခဲ့ရသည်။ ရှန့်ထိုတန်ခိုးရှင်များ ရောက်ရှိလာခြင်း မရှိခြင်းကြောင့် တဖြည်းဖြည်းဖြင့် ဤနေရာက ဆုတ်ယုတ် သွားခဲ့ရသည်။ ထူးခြား ထက်မြက်သော ပါရမီရှင်များ ပေါ်ထွက်လာလျှင်ပင် သူတို့က တခြား နေရာများကို ထွက်သွားပြီး ပြန်မလာကြတော့ပေ။
မြေရိုင်းဒေသက ကျယ်ပြောလှပြီး မရေမတွက်နိုင်သော အင်အားစုများ ရှိသည်။ သူက မြေရိုင်းဒေသမှ တော်ဝင် မီးတောက်ဂိုဏ်း၏ ဂိုဏ်းဝင်ဖြစ်သည်။ တခြား ရောက်ရှိလာသူများ ကလည်း အလားတူ အင်အားကြီး အဖွဲ့အစည်းများ ဖြစ်ကြသည်။
“ဒါက အရှေ့မြေရိုင်းဒေသက ကျောင်းတော်ပဲ…” တောင်ကုန်း အကြီးအကဲ ဇုန်းဇွီက သူ့ကို ဖြေသည်။
“ရီဖူရှင်းက ဒီမှာ ရှိလား…” ယာဉ်ပျံပေါ်မှ မိန်းကလေးက မေးသည်။
“မင်းက သူ့ကို ဘာလို့ ရှာနေတာလဲ…” ချောမောကာ ဆွဲဆောင်မှု ရှိသော လူငယ် တစ်ယောက်က လေထဲတွင် ရပ်လျက် ပြောသည်။ သူက အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး စာပေသမားနှင့် တူသော်လည်း ထက်ရှသော ကိုယ်ရောင်ကိုယ်ဝါ ရှိသည်။ သူကား ဂူတုံးလျို ဖြစ်သည်။
“ပြီးခဲ့တဲ့နှစ်က ကောင်းကင် တောင်ကုန်းပေါ်ကို ရီဖူရှင်းက ရောက်ခဲ့ပြီး ဧကရာဇ်နှစ်ပါးရဲ့ အမွေကို ရခဲ့တယ်လို့ ငါတို့ ကြားခဲ့တယ်…” အေးစက်ကာ ညင်သာသော အသံရှိသော မိန်းကလေးက ပြောသည်… “ငါတို့က သူ့ကို တွေ့ချင်တယ်…”
“ဘယ်သူ ပြောတာလဲ…” ဂူတုံးလျိုက အေးစက်စွာ မေးသည်။ သူ၏ညီငယ်လေးက ရောက်ခဲ့သည်ကို သူသိသည်။ သို့သော် သူ ဘာကို ရရှိခဲ့သည်ကို သူက မမေးပေ။ ထိုအရာက ပြဿနာ အလွယ်တကူ ဖြစ်စေနိုင်သည်။ ထိုကိစ္စကို သိသူနည်းလေ ပိုကောင်းလေ ဖြစ်သည်။ ယခု ထိုနယ်ခြားဒေသမှ လူများက သိကြသည်။ တစ်စုံ တစ်ယောက်က ပြောခဲ့သည်မှာ ထင်ရှား၏။
ရီဖူရှင်းက ရှေးဟောင်း အကြွင်းအကျန်အား ရသည်ဖြစ်စေ မရသည်ဖြစ်စေ သူတို့အား ထိုအကြောင်းကို ပြောခဲ့သူက မကောင်းသော စိတ်အတွေးအကြံများ ရှိရပေမည်။ ထိုမိန်းမက ပြန်မပြောပေ။ အဟံက ယာဉ်ပျံပေါ်မှ ဆင်းလိုက်သည်။
“ရီဖူရှင်း ဘယ်မှာလဲ…” နဂါးပေါ်မှ စွမ်းအားမြင့် တန်ခိုးရှင်က မေးခွန်းကို တိုက်ရိုက် မေးသည်။ သူက ဂူတုံးလျို၏ မေးမြန်းမှုကို လျစ်လျူရှု ထားသည်။ သူ၏အသံက ကောင်းကင်ကို တုန်ခါသွားသည်။ သူတို့က အဓိပ္ပာယ်မဲ့သော ကိစ္စများအတွက် အချိန်မရှိပေ။
လူအများအပြားက ဒေါသထွက်ကြသည်။ သူတို့ကား လွန်စွာ ရိုင်းစိုင်းကြ၏။
ကော့တေးမှ နောက်တစ်ယောက် လေထဲကို ရောက်လာသည်။ သူက ရီဖူရှင်းဖြစ်သည်။ ရီဖူရှင်းက ထိုလူများအား နားမလည်စွာ ကြည့်သည်။ ဟွာချင်းချင်းက သူတို့ကို ပြောလိုက်သည်လား…။ သူမက ပြောလျှင် ကောင်းကင်တောင် အတွက် အဘယ်ကြောင့် သူ့ကို မတိုက်ခိုက်ဘဲ တောင်အောက်ကို ခုန်ဆင်း သွားသနည်း။
“ကျုပ်ကို ဘာလို့ ရှာနေတာလဲ…” ရီဖူရှင်းက မေးသည်။
“ဟုတ်တယ်…” ရီဖူရှင်းက ဝန်ခံလိုက်သည်။ ကျောင်းတော်မှ တပည့်များ အံ့အားသင့် သွားကြသည်။ ပြီးခဲ့သောနှစ်က ရီဖူရှင်းက ကောင်းကင် တောင်ထိပ်ကို ရောက်ခဲ့သည်ကို မည်သူမှ မသိကြပေ။
“မင်း ဘာရခဲ့လဲ…” ထိုလူက ထပ်မေးသည်။
“ဧကရာဇ်နှစ်ပါးက သံစဉ်တစ်ခုကို ချန်ထားခဲ့တယ်…. ကျုပ်က နားထောင်တယ်… နည်းနည်း လေ့ကျင့်တယ်… ပြီးတော့ ပြန်ဆင်း လာခဲ့တယ်…” ရီဖူရှင်းက ဖြေသည်။
“အဲဒါက သူတို့ ချန်ထားခဲ့တဲ့ အူကီယိုလား…” မျှော်လင့်ထားသည့် အတိုင်း ရီဖူရှင်း၏စကားက ချင်ယွီပြောသည်နှင့် ကိုက်ညီသည်။ တောင်ထိပ်တွင် အမှန်ပင် အူကီယို တည်ရှိသည်။
“ကျုပ်က သီချင်းရဲ့ နာမည်ကို မသိဘူး… သံစဉ်က ခက်ခဲပြီးတော့ သူ့ရဲ့ လျှို့ဝှက်ချက်ကို တွေ့ဖို့ခက်တယ်…” ရီဖူရှင်းက ပြန်ပြောသည်။ အူကီယိုက အမှန်တကယ်ပင် လေ့ကျင့်ရန် ခက်ခဲသည်။ သူက သံစဉ်အား မလေ့ကျင့်နိုင်သည်မှာ မထူးဆန်းပေ။ လေ့ကျင့်နိုင်သည်ဟု ပြောမှ သာလျှင် ထူးဆန်းပေသည်။
နှစ်ဟောင်း၏ နောက်ဆုံးနေ့က တောင်ပေါ်တွင် ထွက်ပေါ်လာသော လွန်စွာ ထူးခြား ကောင်းမွန်သော သံစဉ်ကို ကော့တေးမှ လူတိုင်းက ကြားခဲ့ကြသည်။ ရီဖူရှင်းက ကောင်းကောင်း သင်ယူနိုင်ခဲ့သည်ကို သူတို့ သိသည်။ သို့သော် သူတို့က ပြောမည် မဟုတ်ပေ။
“မင်းတို့ မေးပြီးပြီလား…” ဂူတုံးလျို၏ မျက်လုံးများက ပိုမို ထက်ရှလာသည်။ သူ၏ ကျူးကျော်သူများအား ကြည့်သည်။ သူတို့က စာအုပ်တောင်ပေါ်ကို တိုက်ရိုက် ဆင်းသက်လာကာ သူတို့အား အထင်သေးစွာဖြင့် ရီဖူရှင်းကို မေးမြန်းနေသည်။ သူ အမှန်ပင် ဒေါသထွက်နေပြီ။
လေထဲမှ လူအများအပြားက ဂူတုံးလျိုကို မျက်တောင်များ ကွေးလျက် ကြည့်ကြသည်။ စာအုပ်တောင်က မာနကြီးပုံရကာ သူတို့အား သဘောကျဟန် မရပေ။
“မင်းတို့ ပြီးသွားရင် သွားကြတော့…” ဂူတုံးလျိုက ပြောသည်။
“အရမ်း မောက်မာတာပဲ…” သတ္တဝါဆန်းပေါ်မှ တစ်ယောက်က အသာအယာ ပြုံးကာ ပြောသည်… “ငါတိုနဲ့လိုက်ခဲ့…” သူက ရီဖူရှင်းကို ပြောသည်။
စာအုပ်တောင်ပေါ်မှ လူများက လွန်စွာ ဒေါသထွက်ကြသည်။ မောက်မာတယ်…။ ဘယ်သူက မောက်မာတာလဲ…။ ရီဖူရှင်းအား သူတို့နှင့် လိုက်ရန် ခုနကပင် သူတို့က ပြောသည်။ သူတို့က လွန်စွာ ရိုင်းကြသည်။
“ရှင်တို့က ရိုင်းစိုင်းတဲ့ ပုံစံမျိုးနဲ့ ရောက်လာကြပြီးတော့ အခု ကျောင်းတော်က တပည့်တစ်ယောက်ကို ခေါ်သွားချင်ကြတယ်… ရှင်တို့က မလွန်ဘူးလား….” တောင်ကုန်း အကြီးအကဲ ကျူးချိန်က ပြောသည်။ ရီဖူရှင်းက ကော့တေးက ဖြစ်သော်လည်း သူက ကျောင်းတော်ကလည်း ဖြစ်သည်။
“အတန်းအစားနိမ့် ကလန်က ဒီလိုပဲ ဖြစ်ရမှာ မဟုတ်ဘူးလား…” နဂါးပေါ်မှ လူကြီး တစ်ယောက်က အေးစက်စွာ ပြောသည်။ တန်ခိုးရှင်လောကတွင် စွမ်းအားမြင့် တန်ခိုးရှင်များက အဆင့်အတန်း မြင့်ပေသည်။ သူတို့က ဤနေရာကို ရောက်လာမှတော့ အတန်းအစားနိမ့် ကလန်က သူတို့အား နှိမ့်ချစွာ ဆက်ဆံရမည် မဟုတ်ပါလော။ ထိုအရာက လောက၏သဘာဝ ဖြစ်ပေသည်။ အရှေ့မြေရိုင်းဒေသမှ လူများက ထိုအချက်ကိုပင် မသိကြပေဘူးလား။
လေထဲမှ စွမ်းအားမြင့် တန်ခိုးရှင်များ အားလုံးက ထိုအရာကို ပုံမှန်ဟု တွေးတောကြသည်။ သူတို့က အဘယ်ကြောင့် ရှင်းပြချက် ပေးရမည်နည်း။
ကျောင်းတော်၏ တပည့်များက ဒေါသထွက်ကြသည်။ ထိုစကားများက အရုပ်ဆိုးလှသည်။ သို့သော် တန်ခိုးရှင် လောကတွင် ထိုအရာက ပုံမှန်ဖြစ်သည်ကို သူတို့ သိကြ၏။ သူတို့ အစော်ကား ခံနေရသည်။
ရီဖူရှင်းက လေထဲတွင် တည်ငြိမ်စွာ ရပ်နေသည်။ သို့သော်လည်း စိတ်ထဲတွင် ပြဿနာ ရှိနေသည်။ သူ၏ဆရာက စွမ်းအားအမြင့်ဆုံး လူများ၏ အပြုအမူ သဘာဝများအား လွန်ခဲ့သော ရက်အနည်းငယ်က ပြောပြခဲ့သည်။ အားကောင်းသူက အားနည်းသူကို လေးစားမှုပေးရန် ခက်ခဲပေသည်။ ထိုလူများက သူ့အား သွားစေလိုလျှင် သူက သွားရမည်။
သူတို့က ဧကရာဇ်လျိုလောက် ရိုင်းစိုင်း ယုတ်မာခြင်း မရှိကြသေးပေ။ မည်သို့ဆိုစေ သူက ထိုလူများအတွက် သာမန်လူ တစ်ယောက်သာ ဖြစ်သည်။ သူက အရေးမပါသောသူ ဖြစ်ပါက သူတို့၏ အပြုအမူများက ဧကရာဇ်လျို အတိုင်းသာ ဖြစ်ပေလိမ့်မည်။
“အဆန့်အတန်းနိမ့် ကလန်….” ဂူတုံးလျို၏ မျက်နှာက အေးစက်သွားသည်။ သူက ကော့တေးမှ ဖြစ်သည်။ ကော့တေးက စော်ကားခံရ၍ မရပေ။ သူ၏ ညီငယ်လေးအား ခေါ်သွားခွင့် မပေးနိုင်ပေ။
ဂူတုံးလျိုက ရှေ့ကို လျှောက်သွားလျှင် မမြင်ရသော အားလှိုင်းများက သူ့ထံမှ စီးဆင်းလာနေသည်… “ကျုပ်က ဂူတုံးလျိုပဲ… ပထမအဆင့် နိုဘယ်…”
လေထုထဲမှ စွမ်းအားမြင့် တန်ခိုးရှင်များက နားမလည်ကြပေ။ ထိုလူငယ်က သူတို့အား စိန်ခေါ်နေသည်လား။ အရှေ့မြေရိုင်းဒေသမှ အတန်းအစားနိမ့် ကလန်၏ စိန်ခေါ်မှုကို ခံရခြင်းက စိတ်ဝင်စားဖွယ် ကောင်းလှသည်။
နဂါးပေါ်မှ ရုပ်ချောသော လူငယ်က သူ့ဘေးမှ အဘိုးအိုအား ကြည့်သည်။ အဘိုးအိုက ချက်ချင်းရှေ့ကို တက်လာသည်။ အတန်းအစားနိမ့်ကလန်ဟု ခေါ်သောသူကလည်း သူပင်ဖြစ်သည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါက လွန်မင်းစွာ အားကောင်းဟန် ရသည်။ သူက လေထဲတွင် ရပ်လျှင် လေထု တစ်ခုလုံးက လေးလံသွား၏။ ကျောင်းတော်မှ လူများအားလုံးက သူတို့ထံ ဆင်းသက်လာသော ဖိအားကို ခံစားကြရသည်။
တောင်ကုန်း အကြီးအကဲတချို့က ရှေ့ကို တက်လာကာ ကျောင်းတော်၏ တပည့်များ မထိခိုက်စေရန် ထိုအားလှိုင်းအား ပယ်ဖျက် ပေးကြသည်။ လေထဲမှ စွမ်းအားမြင့် တန်ခိုးရှင်များက ထိုမြင်ကွင်းကို တည်ငြိမ်စွာ ကြည့်ကြသည်။
“ဟင်း…” အဘိုးအိုက နှာခေါင်းရှုံ့လိုက်သည်။ သူက လက်ဆန့်တန်းကာ လက်သီး ဆုပ်လိုက်သည်။ ချက်ချင်းပင် ကြောက်မက်ဖွယ် ကောင်းသော ဖိအားတစ်ခု မွေးဖွားလာ၏။ လေထုကို တုန်ခါလျက် ကြီးမားသော လက်ဝါးတံဆိပ်တော် တစ်ခုက ဂူတုံးလျိုထံကို တိုးဝင်သွားသည်။
ဂူတုံးလျိုကို လှည့်ပတ်နေသော အားလှိုင်းများက ပိုမို ရုန့်ရင်း ကြမ်းတမ်းသွားသည်။ သူ၏ မျက်လုံးများက မှော်အလင်းများ လင်းသွားကာ ပတ်ဝန်းကျင်ကို တဖျတ်ဖျတ် လင်းလက် စေသည်။ လက်ဝါး တံဆိပ်တော်က ချက်ချင်းပင် သဘာဝစွမ်းအင်များ အဖြစ် ပျက်စီး ပြိုကွဲသွား၏။
“အရှေ့မြေရိုင်းဒေသက မှော်ပညာရဲ့ ကောင်းကင်ဘုံတဲ့လား….” အဘိုးအိုက ရှေ့ကို တက်လာသည်။ ကောင်းကင်နှင့် မြေကြီးက လေးလံသွားသည်။ သူက လက်ကို မြှောက်လိုက်လျှင် လျှပ်စီးများ ဖြစ်ပေါ်လာသည်။ လေထဲတွင် မြေဓာတ်စွမ်းအင်က ကြမ်းတမ်းစွာ ဖြစ်ပေါ်လာကာ ဂူတုံးလျိုအား မလှုပ်နိုင်အောင် ဖိနှိပ်သည်။ သူက လက်ကို မြှောက်လိုက်ကာ လေထုအား တွန်းလိုက်သည်။ ချက်ချင်းပင် ကြီးမားသော ပေါက်ကွဲသံတစ်ခု ထွက်လာ၏။ လက်ဝါးအသိက လေထုကို ခွင်းလျက် အရာအားလုံးကို ဖျက်ဆီးသည်ကို လူတိုင်းက မြင်ကြသည်။
ထိုလက်ဝါးကြောင့် လေထုက တရွှီးရွှီး မြည်သည်။ ထိုအရာက ပြင်းထန်သော အားလှိုင်းနှင့်အတူ ဂူတုံလျိုထံသို့ တိုးဝင်လာသည်။
ဝုန်း…
ရှေးဟောင်းစာလုံး ကိုးလုံး ဂူတုံးလျို၏ ခန္ဓာကိုယ်အား လင်းလက် တောက်ပစွာ လှည့်ပတ် သွားသည်။
လက်ဝါးက ကောင်းကင်ကို ခွင်းလျက် အရာအားလုံးကို ဖျက်ဆီးမည့်အလား တိုးဝင်လာ၏။
ထိုလက်ဝါး အောက်တွင် ဂူတုံးလျို၏ တည်ရှိမှုက သေးငယ်လွန်းရကား အချိန်မရွေး ပျက်စီးသွားမည့်ဟန် ရှိနေသည်။ သို့သော် လက်ဝါးအသိ ရောက်လာလျှင် စာလုံးများက ပိုမို လင်းလက် လာသည် ထင်ရ၏။ သူတို့က ဂူတုံးလျို၏အနီးကို ကပ်လာသမျှသော အရာအားလုံးကို ဖြတ်တောက်ကြသည်။ လက်ဝါးအသိက အဆက်မပြတ် ဆင်းသက် လာသော်လည်း စာလုံးများ အောက်တွင် အစအနမကျန် ပျောက်ကွယ် သွားသည်။
လေထဲမှ စွမ်းအားမြင့် တန်ခိုးရှင်များက ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်ရသည်။ ဂူတုံးလျို၏ နိုဘယ်အသိက အမြင့်ဆုံးကို ရောက်နေပြီး ဖြစ်သည်ကို သူတို့ ခံစားရသည်။
ဂူတုံးလျို၏ မျက်လုံးများက အေးစက်နေသည်။ သူက တစ်ဖက်လူအား စိုက်ကြည့်ကာ ရှေ့ကို တက်လိုက်သည်။ သာမန် ခြေလှမ်း တစ်လှမ်းမျှက သူ့အား လျှပ်စီးအဖြစ် ပြောင်းလဲစေကာ ပျောက်ကွယ် သွား၏။
လေထဲတွင် ပုံရိပ်ယောင်တစ်ခု ကျန်နေခဲ့သည်။
လေထဲတွင် ထိတ်လန့်ဖွယ် မာန်သွင်းသံတစ်ခု ကြားရ၏။ အဘိုးအိုက သူ၏ သက်စောင့်ဝိညာဉ် ဓမ္မအား ထုတ်ဖော်လိုက်သည်။ ထိုအရာက ကျောက်တုံးလူဝံကြီး ဖြစ်သည်။ သူက လက်သီးကို ဆုပ်လိုက်လျှင် ကျောက်လူဝံကြီးနှင့် တစ်သားတည်း ဖြစ်သွားဟန် ရသည်။
လျှပ်စီးအားမြင်လျှင် သူက အော်ဟစ်ကာ လက်ဝါးဖြင့် ရိုက်သည်။ ကျောက်လူဝံက မာန်သွင်းလျှင် လောကတစ်ခုလုံး တုန်ခါသည်။ ကြောက်မက်ဖွယ် လက်ဝါးက ကျောက်တောင် တစ်ခုအလား ဖြစ်ကာ သူ့အား ပိတ်ဆို့သည့် အရာဟူသမျှကို ဖျက်ဆီးမည့်ပုံ ရှိနေသည်။ လက်ဝါးအသိက ဆက်လက် ဖြစ်ပေါ်နေသည်။ ထိုအရာက အဆုံးမရှိကာ ဘယ်အရာကမှ တုန်လှုပ်နိုင်စွမ်း မရှိပေ။
အလင်းက ကျောက်လက်ဝါးကြီးအား ဖြတ်သန်း သွားသည်။ ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ကျောက်တုံးများက မည်မျှ မာကျောပါစေ အလင်းတန်းအား တားဆီးနိုင်ပုံ မရပေ။ တဝုန်းဝုန်း ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော လက်ဝါးများ ပြိုကွဲကြသည်ကို သူတို့မြင်သည်။
ဘန်း…
ဘန်းခနဲ မြည်သံနှင့်အတူ အဘိုးအို၏ ရင်ဘတ်တွင် လက်ဝါးရာတစ်ခု ပေါ်လာသည်။ အဘိုးအို ချက်ချင်း အဝေးကို လွင့်စဉ်သွား၏။ ထိုအခိုက်တွင် တစ်ယောက်က ရှေ့ကို တက်သွားကာ ထိုအဘိုးအို၏ နောက်မှ စွမ်းအား တချို့ကိုသုံးလျက် ထိန်းပေးရသည်။
အဘိုးအို၏ မျက်နှာက ဖြူရော်သွားကာ သွေးတစ်ပွက် အန်သည်။
“အတန်းအစားမြင့် ကလန်…. မင်းတို့က တစ်ချက်ရိုက်တောင် မခံဘူး…” ဂူတုံးလျိုက ထိုအဘိုးအိုအား ကြည့်ကာ ပြောသည်။
အဘိုးအို၏ မျက်နှာက နီရဲသွားကာ သွေးများ ပိုမို၍ အန်ကျသည်။
***