ကောင်းကင် တောင်ခြေတွင် နဂါးများ၊ မီးငှက်များ၊ ယာဉ်ပျံများနှင့် မြင်ကွင်းက အတော်လှပေသည်။ လူအများအပြားက ကောင်းကင်တောင်ကို တစ်ဖန် စိတ်ဝင်စားလာ ကြပြန်သည်။ သူတို့က အရှေ့မြေရိုင်း ဒေသအပြင်မှ အင်အားစုများကို မြင်တွေ့လိုကြသည်။
ထူးခြား ဆန်းကြယ်သော လူငယ်များက ဤရက်ပိုင်း တောင်ပေါ်မှ ပြန်ဆင်းလာကာ သူတို့စတည်းချရာ နေရာသို့ ပြန်ရောက် လာကြသည်။ သူတို့က တောင်ပေါ်ကို မတက်နိုင်ပေ။ မရေမတွက်နိုင်သော မျက်လုံးများက ကောင်းကင်မှ လူများကို ကြည့်ကြသည်။ သူတို့ပင်လျှင် ကောင်းကင်တောင်ပေါ်ကို မတက်နိုင်ပေ။
“ပြီးခဲ့တဲ့နှစ်က ခေါင်းလောင်းသံ မြည်ပြီးနောက်ပိုင်း တစ်ယောက်ယောက်က ကောင်းကင် တောင်ပေါ်ကို ရောက်သေးလား…” နဂါးတစ်ကောင်ပေါ်မှ ချောမောသော လူငယ် တစ်ယောက်က အောက်ကို ငုံ့ကြည့်ကာ ပြောသည်။
လူအများအပြားက ခေါင်းယမ်းကြသည်။
အဟံ၏ မျက်လုံးများက အရောင်လက် သွားသည်။ ကောင်းကင်တောင်၏ ဖိအားက ပြီးခဲ့တဲ့နှစ်ကထက် ပိုမို အားကောင်းလာခဲ့သည်။ သူတို့က မည်မျှ အားကောင်းပါစေ ကောင်းကင်တောင်ကို တက်နိုင်မည် မဟုတ်ပေ။
“ရှိတယ်…” တစ်ယောက်က ပြောသည်။ ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက်က လူအုပ်ထဲမှ ထွက်လာသည်။ လူအများအပြားက တွေဝေသွားကြသည်။ သူကား ချင်ပြည်ထောင်မှ ချင်ယွီ ဖြစ်သည်။ သူက ကျောင်းတော်ကို တိုက်ခိုက်ရန် ပြင်ဆင်နေသင့်သည် မဟုတ်လား။ သူက ဤနေရာကို ဘာလာလုပ်သနည်း။
“ကျုပ်က အရှေ့မြေရိုင်းဒေသ ချင်ပြည်ထောင်က ချင်ယွီပဲ… နှုတ်ဆက်ပါတယ်…” သူက ကောင်းကင်ပေါ်ကို ပျံတက်လျက် ပြောသည်။
“ဘယ်သူလဲ…” လူငယ်က ပြန်၍ နှုတ်မဆက်ပေ။ ချင်ယွီက ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါနှင့် တန်ခိုးအဆင့် ရှိသော်လည်း သူက ဂရုမစိုက်ပေ။ ကောင်းကင် တောင်ထိပ်ကို ဘယ်သူက ရောက်နိုင်လဲ သူ သိလိုသည်။
တခြားလူများ၏ ထက်ရှသော မျက်လုံးများကလည်း ချင်ယွီထံကို ရောက်လာသည်။ သူတို့ကလည်း သိလိုကြသည်။
“ပြီးခဲ့တဲ့နှစ်က ကျုပ်ရဲ့ ဂျူနီယာ တစ်ယောက်က တောင်ထိပ်ကို ရောက်ခဲ့တယ်…” ချင်ယွီက ပြောသည်။
“သူက ဘယ်မှာလဲ… တောင်ထိပ်မှာ ဘာရှိလဲ…” မီးငှက်ပေါ်မှ မီးလူငယ် တစ်ယောက်က မေးသည်။ သူ၏ မျက်လုံးတွင် မီးအသိများက လောင်ကျွမ်းနေသည်။ ထိုအရာက သူလေ့ကျင့်သော နည်းစနစ်ကြောင့်ဟု ထင်ရ၏။ သူက အားကောင်းလွန်းရာ သူ၏ လှုပ်ရှားမှုများတွင် မီးအသိများ ပါဝင်နေသည်။
“သူမက ကျုပ်ရဲ့ ကလန်မှာ ရှိတယ်… ဧကရာဇ်နှစ်ပါးရဲ့ အသိက တောင်ထိပ်ပေါ်မှာ ရှိတယ်… သူတို့က ကျော်ကြားတဲ့ သံစဉ် အူကီယိုကို ထားခဲ့ကြတယ်…” ချင်ယွီက ပြောသည်။ ဟွာချင်းချင်းက ကောင်းကင် တောင်ထိပ်ကို ရောက်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ သူမက လိမ်မည် မဟုတ်ပေ။
“အူကီယို…” လူတိုင်း၏ မျက်လုံးများ အရောင်လက် သွားကြသည်။ အူကီယိုကား အကောင်းဆုံး သံစဉ် ဆယ်ခုထဲတွင် ပါသည်။ ပြောကြသည်မှာ ထိုသံစဉ်နှင့်ဆိုပါက လောကဥပဒေသ မရှိနိုင်ဟူ၏။ ထိုစဉ်က အရှင်ဒွန်ဟောင်က တောင်ထိပ်ပေါ်တွင် ထိုသံစဉ်ကို တီးခတ်ကာ အချိန်နှင့် လောကဥပဒေသများကို အေးခဲစေခဲ့သည်။ တကယ်ပင် ထိုသံစဉ်များလား…။
“မင်း လိမ်ရဲရင် မင်းက ဒီအတွက် အကျိုးဆက်ကို ခံရလိမ့်မယ်… သူမက ဘယ်မှာလဲ… ကျုပ်လိုက်ခဲ့မယ်…” မီးလူငယ်က ပြောသည်။
“ငါလည်း လိုက်ကြည့်ချင်တယ်…” ယာဉ်ပျံပေါ်မှ လှပသော မိန်းကလေးကလည်း ပြောသည်။
စွမ်းအားမြင့် တန်ခိုးရှင်များ အားလုံးက စိတ်ဝင်စားကြသည်။ သူတို့အားလုံးက အူကီယိုကို ပိုင်ဆိုင်ရန် ယှဉ်ပြိုင်ကြတော့မည်။
“အားလုံး… ကျုပ်ရဲ့ ဂျူနီယာက တန်ခိုးစွမ်းအင် အကန့်အသတ် ရှိတယ်…” ချင်ယွီက လက်နှစ်ဖက်အား ဆုပ်ကိုင်ကာ ပြောသည်… “သူမက အူကီယိုကို ကြားတယ်… ဒါပေမဲ့ ကြားပဲကြားတာ… သူမက မတီးခတ်နိုင်သလို သင်ယူနိုင်ခြင်းလည်း မရှိဘူး…”
လူတိုင်းက စိတ်ပျက် သွားကြသည်။ သို့သော် ထိုအရာက ပုံမှန်ဖြစ်ပေသည်။ အကောင်းဆုံး သံစဉ်ဆယ်ခုထဲမှ တစ်ခုဖြစ်ရာ အလွယ်တကူတော့ မရနိုင်ပေ။ သို့သော်လည်း အကယ်၍ သူမက ကောင်းကင် တောင်ထိပ်ပေါ်ကို တက်နိုင်သည် ဆိုပါက သူမက ထူးချွန်ရပေမည်။
“ဒီလိုဆိုရင်လည်း သူမကို ဒီကို ခေါ်လာခဲ့…” လူငယ်က ပြောသည်။ ချင်ယွီက ခေါင်းညိတ်သည်။ သူက ကောင်းကင်တောင်ကို သတင်းကြား၍ ရောက်လာခြင်း ဖြစ်သည်။ သူသာလျှင် အရှေ့မြေရိုင်းဒေသ အပြင်မှ အင်အားစုများ၏ အထောက်အပံ့ကို ရရှိခဲ့ပါက ကော့တေးကို သူကမျက်လုံးထဲ ထားရန် မလိုတော့ပေ။ ထိုအင်အားစုများတွင် ရှီအဆင့် တန်ခိုးရှင်များပင်လျှင် ရှိမည်ဟု သူယူဆသည်။
သူတို့က ထိုစကားကို ကြားလျှင် လူအများအပြား၏ နှလုံးခုန်သံများ မြင့်တက် သွားကြသည်။ တစ်စုံတစ်ယောက်က အမှန်တကယ်ပင် ကောင်းကင် တောင်ထိပ်ကို ရောက်ရှိကာ အူကီယိုကို နားထောင်ခဲ့သည်ကို မယုံကြည်နိုင်ကြပေ။
အဟံက အားလုံးကို ရှင်းလင်း သွားသည်။ ချင်ယွီက ဘယ်သူ့ကို ပြောနေသည်ကို သူသိသည်။ သူက ကောင်းကင် တောင်ပေါ်တွင် အနားယူနေစဉ် ရီဖူရှင်းတို့ အုပ်စု ရောက်လာသည်။ ဟွာချင်းချင်းက ရီဖူရှင်းနောက်မှ လိုက်ပါလာနေ၏။ ဟွာချင်းချင်းက ကောင်းကင် တောင်ထိပ်ပေါ်ကို ရောက်သည်ဟု ချင်ယွီက ပြောသည်။ သူမက တောင်ထိပ်ကို ရောက်လျှင် ရီဖူရှင်းက ဒဏ်ရာမရဘဲ တောင်အောက်ကို အဘယ်ကြောင့် ဆင်းလာနိုင်သနည်း။ ထိုအရာက စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။
“အိမ်ရှေ့စံကို နှုတ်ဆက်ပါတယ်…” ထိုသို့တွေးကာ အဟံက ကောင်းကင်ပေါ်ကို တက်လျက် ချင်ယွီကို နှုတ်ဆက်သည်။
ချင်ယွီက သူ့ကို နားမလည်စွာ ကြည့်သည်။ ချင်းရွှီ ဘုရားကျောင်းက သူ့ကို အဘယ်ကြောင့် စကားပြောနေသနည်း။
“မင်းသားက ဒွန်ဟွာကလန်က ဟွာချင်းချင်းကို ပြောတာလား…” အဟံက မေးသည်။
“ဟုတ်တယ်…” ချင်ယွီက ခေါင်းညိတ်သည်။ သူမက ထိုသို့ပြောခဲ့ရာ သူကလည်း ကွယ်ဝှက်နေစရာ မလိုပေ။ ဟွာချင်းချင်းက ထိုလူများအား တောင်ထိပ်ပေါ်ကို လိုက်ပို့နိုင်ဖို့ သူ မျှော်လင့်သည်။
အဟံက ပြုံးလိုက်သည်… “တကယ်လို့ ဒါကသာ အမှန်ဆိုရင် ကျုပ်က တောင်ထိပ်ပေါ်ကို ရောက်တဲ့ နောက်တစ်ယောက်ကို သိသေးတယ်…”
ချင်ယွီက မျက်မှောင်ကွေးလျက် ပြောသည်… “ပြော…”
“ကျုပ်က ကောင်းကင် တောင်ပေါ်မှာ ရှိနေတုန်း ဟွာချင်းချင်းကို မြင်ခဲ့တယ်…” အဟံက ပြောသည်… “ရီဖူရှင်းက ချင်တော်ဝင် မြေးတော်ကို သတ်ခဲ့လို့ထင်တယ် … သူမက ရီဖူရှင်းနောက်ကို လိုက်နေတယ်…” ထိုစကားကို ကြားလျှင် ချင်ယွီ၏ မျက်နှာက အရုပ်ဆိုးသွားသည်။ ထိုအဖြစ်က သူ၏နှလုံးသားအား စိုက်ထားသော ဓားတစ်လက် ဖြစ်သည်။
“တကယ်လို့ ဟွာချင်းချင်းက တောင်ထိပ်ကို ရောက်ခဲ့တယ်ဆိုရင် သူမက ရီဖူရှင်းကို မီခဲ့ရလိမ့်မယ်… အခု ဘာလို့ သူတို့နှစ်ယောက်လုံး အသက်ရှင် နေရတာလဲ… အဲဒီအချိန်က ရီဖူရှင်းက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားပြီးတော့ ပြန်ပြီး မတိုက်ခိုက်နိုင်ဘူး…” အဟံက ဆက်ပြောသည်။
ထိုစကားကို ကြားလျှင် အဟံက ဘာကို ပြောချင်သည်ကို ချင်ယွီက ချက်ချင်း နားလည်သွားသည်။ သူ၏မျက်နှာ အမူအရာက ပြောင်းလဲနေသည်။ ဟွာချင်းချင်းက ထိုကိစ္စကို မပြောခဲ့ပေ။ သူမက တောင်ထိပ်ကို ရောက်ခဲ့သည်ဟုသာ သခင်မယွီရှောင်ကို ပြောခဲ့သည်။ သူမ၏ အဆင့်အတန်းကြောင့် သူမအား ဘယ်သူကမှ ဘာမှ ထပ်မမေးကြတော့ပေ။
“အိမ်ရှေ့စံ… ရီဖူရှင်းက တောင်အောက်ကို ဆင်းတဲ့ အချိန်တုန်းက ခေါင်းလောင်းသံကို မှတ်မိလား…” အဟံက မေးသည်။ ချင်ယွီက ခေါင်းညိတ်သည်။ သူ့လူများက သူ့ကို ပြန်လည် သတင်းပို့ကြသည်။ သူစေလွှတ်ခဲ့သော နိုဘယ်က ချက်ချင်း အသတ်ခံရသည်။ ဘယ်လောက် အဓိပ္ပာယ်ကင်းမဲ့လိုက် သနည်း… ။
“တကယ်လို့ ရီဖူရှင်းက ကောင်းကင် တောင်ထိပ်ကို ရောက်ခဲ့တယ်ဆိုရင် အဲဒါက တိုက်ဆိုင်တာလို့ ထင်လား…” အဟံက အမှန်တရားနှင့် နီးကပ်လာပြီ ဖြစ်သည်။
“မင်းဆိုလိုတာက ရီဖူရှင်းက တောင်ပေါ်က ရှေးဟောင်း အကြွင်းအကျန်တွေကို ရခဲ့တယ်လို့ ဆိုလိုတာလား…” ချင်ယွီ၏ မျက်လုံးများက လွန်စွာ ထက်ရှသွားသည်။ အဟံက ပြုံးကာ ဘာမှ ပြန်မပြောပေ။
“ရီဖူရှင်းက ဘယ်သူလဲ…” နဂါးပေါ်မှ စွမ်းအားမြင့် တန်ခိုးရှင် တစ်ယောက်က မေးသည်။
“ကော့တေးက အရှေ့မြေရိုင်း ဒေသမှာ အင်အား အကြီးဆုံးအဖွဲ့ပဲ…” အဟံက ပြောသည်… “သူတို့ရဲ့ တပည့်တွေက အရမ်း ပါရမီမြင့်ပြီးတော့ အရှေ့မြေရိုင်း ဒေသမှာ ဘယ်သူကမှ သူတို့ကို မယှဉ်နိုင်ဘူး… ရီဖူရှင်းက ကော့တေးက အငယ်ဆုံး တပည့်ပဲ… သူ့ပါရမီက လူငယ် မျိုးဆက်ထဲမှာ အကောင်းဆုံးလို့ ပြောလို့ရတယ်… ကောင်းကင်တောင်ပေါ်က ရှေးဟောင်း အကြွင်းအကျန်တွေကို ရမယ်ဆိုရင် အဲဒါ ရီဖူရှင်းပဲ ဖြစ်မှာပဲ… သူ့အတွက်က ရှေးဟောင်း အကြွင်းအကျန်တွေက ရယူဖို့ လွယ်လွန်းတယ်…”
အဟံက ရီဖူရှင်းကို လွန်စွာ ချီးကျူးခဲ့သည်။ သူက ဗုဒ္ဓတရားတော်ကို သင်ယူထားရာ လူသားတို့၏ နှလုံးသားကို သိနားလည်သည်။ တခြားဒေသမှ ဤလူများက ထိုမျှ အရှိန်အဝါ ကြီးစွာဖြင့် ရောက်လာကြသည်။ သူတို့က ထူးခြား ကောင်းမွန်သော အဆင့်အတန်းများ ရှိကြသည်။ အရှေ့မြေရိုင်းလို ဒေသတွင် သူတို့က တခြားလူများထက် နိမ့်ကျမည်ဟု မှတ်ယူကြမည် မဟုတ်ပေ။ မှန်သည်… အဟံက ထိုသို့ တိုက်ရိုက်ပြောမည် မဟုတ်ပေ။ ထိုအရာက မိမိကိုယ်ကို သေကြောင်းကြံခြင်း ဖြစ်သည်။
“တကယ်လား…” မီးငှက်ပေါ်မှ လူငယ်က အဟံ တွေးထားသလိုပင် အေးစက်စွာ မေးသည်။ သူ၏မျက်လုံးများက မီးဝင်းဝင်း တောက်နေသည်။ အရှေ့မြေရိုင်း ဒေသတွင် အမှန်တကယ်ပင် ကော့တေးလို နေရာမျိုး ရှိသည်လား…။
“ကော့တေးက ဘယ်မှာလဲ… ငါတို့ကို ခေါ်သွား….” ယာဉ်ပျံပေါ်မှ စွမ်းအားမြင့် တန်ခိုးရှင်က ပြောသည်။
“သေချာတာပေါ့…” အဟံက လက်နှစ်ဖက်ကို ပူးကပ်ကာ ပြောသည်။
“တက်လာခဲ့…” ထိုလူက ပြောသည်။ အဟံက ခန္ဓာကိုယ်က လျှပ်တစ်ပြက် ယာဉ်ပျံပေါ်သို့ ရောက်သွားသည်။ ယာဉ်ပျံပေါ်မှ မိန်းမကား အရပ်ရှည်သည်။ သူမ၏ ရှည်လျားသော ခြေထောက်များက ခန္ဓာကိုယ်၏ တစ်ဝက်ကို နေရာယူထားပုံ ရသည်။ သူမက ဆွဲဆောင်မှု ရှိကာ လှပသည်။ အဟံက လက်အုပ်မိုးကာ ခေါင်းငုံ့လိုက်သည်။ သူ၏ ဗုဒ္ဓနှလုံးသားက လှုပ်ရှား၍ မရပေ။ တခြား မိန်းကလေးများကလည်း လှပသော ရုပ်ရည်ကို ပိုင်ဆိုင်ကြသည်။
လူတိုင်းက နောက်လှည့်ကာ ကော့တေးကို ထွက်ခွာရန် ပြင်ကြသည်။ ရီဖူရှင်းက ရှေးဟောင်း အကြွင်းအကျန်များကို ရမှတော့ သူတို့က ကိုယ်တိုင် သွားရောက် ကြပေမည်။
“ဟွာချင်းချင်းကို သွားခေါ်ပြီး ဒီမှာ စောင့်နေ…” နဂါးပေါ်မှ စွမ်းအားမြင့် တန်ခိုးရှင်က ချင်ယွီကို ပြောသည်။ သူ၏အပြုအမူက မောက်မာသော်လည်း ချင်ယွီက ဘာမှ ဖြစ်ဟန်မရပေ။
သူက ခေါင်းညိတ်ကာ ပြောသည်… “ကောင်းပြီ…” ထို့နောက် သူက အဟံကို ကြည့်သည်။ ကြည့်ရသည်မှာ ချင်းရွှီ ဘုရားကျောင်းကလည်း မဟာမိတ် ဖြစ်နိုင်ပေသည်။ အဟံ၏ အပြုအမူများက ရီဖူရှင်းအပေါ် သဘောမကျဟန်များ အပြည့်အဝ ပါနေသည်။
ယာဉ်ပျံက လျှပ်စီးအလား တစ်ဟုန်ထိုး ပျံသန်းသွားသော အချိန်တွင် နဂါးက အတောင်ပံ ဖြန့်ကာ လေထဲ ပျံဝဲသည်။ များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များက ကောင်းကင်တောင်မှ နေ၍ စာအုပ်တောင်ကို ခရီးနှင်ကြသည်။
“ဒါ…” မြေပြင်မှ လူအများအပြားက ထိတ်လန့်ကြသည်။ ချင်ပြည်ထောင်နှင့် ကော့တေးက အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်သည်ဟု သူတို့ ထင်မှတ် ထားခဲ့ကြသည်။ တခြားဒေသမှ လူများက ရုတ်တရက် ရောက်လာကာ သူတို့က ကော့တေးကို သွားရောက်ကြမည်ဟု မည်သူမှ မထင်မှတ် ထားကြပေ။ ရီဖူရှင်းက ကောင်းကင် တောင်ထိပ်ကို ရောက်၍ ဧကရာဇ်နှစ်ပါး ချန်ထားခဲ့သော အမွေကို ရရှိလျက်ပင် ကော့တေး၏ သဘောထားအရ သူတို့က အလွယ်တကူ ထုတ်ပေးမည် မဟုတ်ပေ။
ကျောင်းတော်၊ ကော့တေး၊ လစန္ဒာကလန်နှင့် ဓားသခင်တောင်မှ တပည့်များ အားလုံးက ယခု စာအုပ်တောင်တွင် လေ့ကျင့်ကြသည်။ နေ့စဉ် နေ့တိုင်း သူတို့က အချင်းချင်း ပညာ ဖလှယ်ကြကာ တိုးတက်မှုရှိရန် ကြိုးစား နေကြသည်။
ယခု စာအုပ်တောင် အပေါ်မှ လေဟာနယ်ထဲတွင် တိမ်များ လျင်မြန်စွာ ရွေ့လျားနေသည်။ လူအများအပြားက မော့ကြည့်လျှင် ကြောက်မက်ဖွယ် နဂါးတစ်ကောင်က ကောင်းကင်မှ တစ်ဟုန်ထိုး ဆင်းလာသည်ကို မြင်ရ၏။ တစ်ချိန်တည်းတွင် ဧရာမယာဉ်ပျံကြီး တစ်စင်းကိုလည်း တွေ့ရသည်။
ထို့နောက် လွန်စွာ လင်းလက် တောက်ပသော မီးလျှံများနှင့်အတူ မီးငှက်ကြီး တစ်ကောင် ပေါ်လာသည်။ တဖြည်းဖြည်းဖြင့် တခြား သတ္တဝါဆန်းများ စီးနင်းလာသော စွမ်းအားမြင့် တန်ခိုးရှင်များကလည်း ရောက်လာကြသည်။ ထိုထိတ်လန့်ဖွယ် မြင်ကွင်းကို ကြည့်ကာ လူတိုင်း၏ စိတ်နှလုံးက တုန်ခါရသည်။ ဘာဖြစ်နေသနည်း။
ထိုမျှ အားကောင်းသော မြင်ကွင်း….။ ကောင်းကင်တောင်ကို နယ်ခြားဒေသမှ စွမ်းအားမြင့် တန်ခိုးရှင်များ ရောက်လာသည်ဟု သူတို့ ကြားကြသည်။ ယခု သူတို့က ဘာကြောင့် စာအုပ်တောင်ကို ရောက်လာရသနည်း။
လူအများအပြား လေထက်ကို တက်ရောက် သွားကြသည်။ များစွာသော တောင်ကုန်း အကြီးအကဲများ၊ ဓားသခင်တောင်နှင့် လစန္ဒာကလန်မှ စွမ်းအားမြင့် တန်ခိုးရှင်များက လေပေါ်ကို ရောက်လာသည်။ သူတို့က ရောက်လာသူများအား ကြည့်ကြ၏။ ကျောင်းတော်၏ ကျောင်းအုပ်ပင်လျှင် မျက်မှောင်ကြုတ်လျက် ကြည့်သည်။
“သူတို့က အားမနည်းဘူး…” လေထက်ကို တက်သွားသော စွမ်းအားမြင့် တန်ခိုးရှင်များက တွေးကြသည်။ သူတို့ စိတ်မပူပေ။ အရှင်ဒွန်ဟောင်၏ ဥပဒေများက အရှေ့မြေရိုင်း ဒေသတစ်ခုလုံးကို သက်ရောက်ပေသည်။
ကော့တေးကလည်း လှမ်းကြည့်ကြသည်။ ကျူးကော့ဟွေ၏ မျက်လုံးများက အရောင်လက် သွားသည်။ သူတို့က ဘယ်ကလဲ…။ သူတို့က လွန်စွာ ရိုင်းစိုင်းလွန်း လှသည်။
“မင်း ဘယ်ကို သွားနေတာလဲ…” ကျူးကော့ဟွေက ပျံသန်းမည်လုပ်လျှင် ဆရာဒူက လှမ်းခေါ်သည်။
“ဆရာ… ကျွန်မ သွားကြည့်မလို့…” သူမက ပြန်ပြောသည်။
“ငြိမ်ငြိမ်နေ…” ဆရာဒူက သူမကို ကြည့်သည်။
“ဟုတ်ကဲ့…” ကျူးကော့ဟွေက မလိုလားသော်လည်း ဆရာဒူ၏စကားကို နားထောင်သည်။ သူမက ဆရာ၏သဘောကို နားလည်၏။ သို့သော် သူမက သိပ်ဂရုမိစိုက်ပေ။ မည်သို့ဆိုစေ သူမ အိမ်မှ ထွက်လာစဉ်က သူမ၏အသက်က ငယ်သေးပေသည်။
***