Switch Mode

အပိုင်း (၃၇၅)

လောကကို ပြောင်းလဲနိုင်သောသူ

အရှင်ဒွန်ဟောင်နှင့် ဧကရာဇ်ရီချင်တို့က ကောင်းကင်ဒေသ တစ်ခုလုံးကို စည်းလုံး စေပြီးနောက် လူအများအပြားက သူတို့၏ ခြေရာနောက်ကို လိုက်ရန် ကြိုးစားခဲ့ကြသည်။ အရှင် ဒွန်ဟောင်နှင့် ဧကရာဇ်ရီချင်တို့က သူတို့ ငယ်ရွယ်စဉ်က အရှေ့မြေရိုင်း ဒေသတွင် လေ့ကျင့် ဖူးကြပေသည်။ ထို့ကြောင့် များစွာသော တန်ခိုးရှင်များက အရှေ့မြေရိုင်း ဒေသကို လာရောက် လိုခဲ့ကြသည်။ သို့သော် အရှင်ဒွန်ဟောင်က မူလဇာတိ ရှီတန်ခိုးရှင်မှလွဲ၍ မည်သည့် ရှီတန်ခိုးရှင်ကမှ အရှေ့မြေရိုင်း ဒေသကို မဝင်ရောက်ရန် တားမြစ်ထားခဲ့သည်။

သူတို့က ကောင်းကင်ဒေသ တစ်ခုလုံးကို စည်းလုံးစေခဲ့သူများ ဖြစ်ရာ သူတို့၏ စွမ်းရည်များကို သံသယ ရှိစရာ မလိုပေ။ မည်သူက တားမြစ်မှုကို လွန်ဆန်ရဲမည်နည်း။ ယနေ့အထိ အရှင်ဒွန်ဟောင်က ထိုတားမြစ်မှုကို အဘယ်ကြောင့် ပြုလုပ်ခဲ့ရသနည်း နားမလည်ကြပေ။ သို့တိုင်အောင် သူတို့၏ ခြေရာနောက်ကို လိုက်သူများ များစွာ ရှိနေဆဲဖြစ်သည်။ ပုံမှန်အားဖြင့် သူတို့အားလုံးက ကောင်းကင်တောင်ကို သိကြသည်။ သို့သော် မည်သူကမှ ကောင်းကင် တောင်ထိပ်ပေါ်ကို တက်ရောက်နိုင်စွမ်း မရှိခဲ့ကြပေ။

သို့သော်လည်း ပြီးခဲ့သော နှစ်က ကောင်းကင်တောင်တွင် ခေါင်းလောင်းသံ မြည်သည်ဟု လူအများက ကြားကြသည်။ အရှေ့မြေရိုင်းဒေသမှ စွမ်းအားမြင့် တန်ခိုးရှင်များက ကောင်းကင်တောင်တွင် စုစည်းကာ တောင်ပေါ်ကို တက်ကြသည်။ ဧကရာဇ်နှစ်ပါးက သူတို့၏ အမွေအနှစ် တချို့ကို တောင်ပေါ်တွင် ထားခဲ့သည်ဟု သူတို့ တွေးထင်ကြသည်။

မိုးနဂါးပေါ်တွင် ထိုအုပ်စုအား ခေါင်းဆောင် လာသူများမှာ ငွေရောင်ဝတ်စုံနှင့် လူများဖြစ်ကြသည်။ ကောင်းကင်တောင်အား ကြည့်ကာ တစ်ယောက်က ပြောသည်… “ငါကြားတာကတော့ လူအများအပြား ကြိုးစားကြည့်ကြပြီးပြီတဲ့… ဘယ်သူမှ ​မအောင်မြင်ခဲ့ဘူး…”

“ဒါမှန်တယ်… ဘယ်သူမှ မအောင်မြင်တော့ နောင်ပိုင်း လူတွေက လက်လျှော့ သွားကြတယ်… အရှေ့မြေရိုင်း ဒေသက တောင်ပေါ်ကို တက်တဲ့လူတွေကလည်း အများကြီး လျော့သွားတယ်… ဧကရာဇ်နှစ်ပါးရဲ့အသိက ကောင်းကင်တောင်မှာ ကိန်းဝပ်နေတော့ ရှီတန်ခိုးရှင်တွေကပဲ ဒီစွမ်းအားကို အန်တုနိုင်မယ်လို့ ငါထင်တယ်… ဒါပေမဲ့ တားမြစ်မှုကြောင့် ရှီတန်ခိုးရှင်တွေက ဒီဒေသကို မဝင်ရဲကြဘူး… အရှင်ဒွန်ဟောင်က ကောင်းကင် တောင်ပေါ်က မြင်ကွင်းကို မမြင် မသိနိုင်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ဘူး…” လူငယ်၏ဘေးမှ နိုဘယ်က ရှင်းပြသည်။ သူက ထိုနှစ်များစွာက အဖြစ်အပျက်များအား သိပေသည်။

“ဧကရာဇ်နှစ်ပါးက တောင်ပေါ်မှာ တစ်စုံတစ်ခုကို တကယ်ပဲ ထားခဲ့ကြတာလား…” လူငယ်က စိတ်ဝင်စားစွာ မေးသည်။ ထိုအရာအား လူတိုင်းက သိလိုကြသည်။

“ဘယ်သူသိမှာလဲ… ဒါပေမဲ့ ခေါင်းလောင်းသံ မြည်တယ် ဆိုမှတော့ တောင်ပေါ်မှာတော့ တစ်စုံတစ်ခု ရှိမှာပဲ…”

“မင်းတို့ ရောက်လာတာ မြန်သားပဲ…” အသံတစ်သံကို အဝေးမှ ကြားရသည်။ ကောင်းကင်တွင် ရုတ်တရက် အနီရောင် မီးတောက် တစ်ခုကို ရေး​ရေးမျှ မြင်ရသည်။ ခဏအကြာ အနီရောင် ဝတ်စုံဝတ်လူများ ကောင်းကင်မှ ဆင်းသက် လာသည်ကို မြင်ရသည်။ သူတို့ စီးနင်းလာသော အရာက လွန်စွာ တောက်ပ လင်းလက်သော မီးငှက်တစ်ကောင် ဖြစ်သည်။

ထိုငှက်ကား ကြီးမားသော မီးငှက်တစ်ကောင် ဖြစ်ကာ သူ၏ခန္ဓာကိုယ်အား မီးလျှံများက ဖုံးလွှမ်းထားသည်။ မီးငှက်၏ ကျောပေါ်တွင်ကား အဆောင်ငယ်လေး တစ်ခု ပြုလုပ်ထားသည်။ ထိုအဆောင်ငယ်လေး၏ ဘေးတွင်ကား များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များက ကာကွယ် ပေးထားသည်ကို တွေ့ရသည်။ ပထမအုပ်စုကဲ့သို့ပင် သူတို့၏ အင်အားက ကြောက်မက်ဖွယ် အားကောင်း လှပေသည်။

တောင်ခြေတွင် ရပ်နေကြသော လူများအားလုံး ထိတ်လန့် သွားကြသည်။ ယခုကား လွန်စွာ အားကောင်းသော အဖွဲ့နှစ်ဖွဲ့ ရောက်လာပြီ။ သူတို့က အရှေ့မြေရိုင်း ဒေသမှ ဟုတ်ဟန် မတူကြပေ။ လူအများအပြားက တွေးတောကြသည်။ သူတို့က တခြားဒေသမှ လူများလား…။ တခြားဒေသမှ လူများက အရှေ့မြေရိုင်း ဒေသကို ရောက်မလာခဲ့သည်မှာ ဘယ်လောက်ကြာပြီလဲ…။

“ကျုပ်တစ်ခေါက် စမ်းကြည့်မယ်…” ငွေရောင် လူငယ်က ပြောသည်။ သူ့အား စကား ပြောနေသော လူကို တစ်ချက်မှပင် မကြည့်ဘဲ သူက ကောင်းကင်တောင်သို့ တိုက်ရိုက် ပျံသန်းသွားသည်။ သူ့ဘေးမှ များစွာသော လူငယ်များကလည်း သူ့နောက်ကို လိုက်ပါ သွားကြသည်။ သူတို့အားလုံးက အကာနာအဆင့်များ ဖြစ်ကြသည်။ ကောင်းကင် တောင်ပေါ်ကို ဘယ်နိုဘယ်မှ တက်ရောက်၍ မရပေ။ သူတို့ အားလုံးက ထိုအချက်ကို သိကြသည်။

မီးငှက် ရထားလုံးဖြင့် လာသော လူငယ်များကလည်း ကောင်းကင် တောင်ပေါ်သို့ တက်ရောက်ကြသည်။

ဤရက်ပိုင်းအတွင်း ကောင်းကင်တောင်တွင် ရောက်ရှိလာသော အဖွဲ့အစည်းများက ပိုမိုများပြား လာသည်။ တချို့က သင်္ဘောပျံများဖြင့် ရောက်လာကြသည်။ ထိုသင်္ဘောက လွန်စွာ အရှိန်အဝါ ကောင်းပေသည်။ ထိုအရာတွင် အတောင်ပံများရှိကာ ကောင်းကင်တွင် ပျံသန်းနိုင်ပေသည်။ သိသာစွာပင် ထိုအရာက ပျံသန်းရင် အသုံးပြုသော သိဒ္ဓိဝင်ပစ္စည်း ဖြစ်ရပေမည်။ သို့သော်လည်း အရှေ့မြေရိုင်း ဒေသမှ လူများက ထိုသို့သော ယာဉ်ပျံမျိုး တစ်ခါမှ မမြင်ဖူးကြပေ။ တခြား အုပ်စုများလိုပင် ထိုယာဉ်ပျံက များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များကို သယ်ဆောင် လာသည်။ ထိုအထဲတွင် လှပသော မိန်းကလေး အချို့လည်း ပါဝင်သည်။ သူတို့ကလည်း ကောင်းကင် တောင်ပေါ်သို့ တက်ကြသည်။ ထို့အပြင် ကြီးမားသော သတ္တဝါဆန်းများကို စီးနင်း ရောက်ရှိလာသော တန်ခိုးရှင်များလည်း ရှိကြပေသည်။

ဤသို့ဖြင့် များစွာသော တန်ခိုးရှင်များ တဖြည်းဖြည်း ရောက်ရှိ လာကြပြန်သည်။ ချင်းရွှီဘုရားကျောင်းမှ​ ဘုန်းတော်ကြီးများပင် မငြိမ်မသက် ဖြစ်လာကြသည်။ အရှေ့မြေရိုင်း ဒေသမှ ကြီးမားသော စစ်ပွဲကြီးက အချိန်မရွေး ဖြစ်ပွားနိုင်ပေသည်။ ဤသို့သော အချိန်တွင် တခြားဒေသမှ လူများက ကောင်းကင်တောင်သို့ ရောက်လာမည်ဟု ဘယ်သူမှ​ မထင်မှတ်ထားကြပေ။

သူတို့သိသလောက် အရှေ့မြေရိုင်း ဒေသအား တခြားဒေသမှ လူများ ရောက်မလာသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ မည်သို့ဆိုစေ လူအများက ပိုမိုမြင့်မားသော အဆင့်ကို ရည်မှန်းကြသည်။ သူတို့က တခြားပိုမို အခွင့်အလမ်းများသော ဒေသကို ရောက်သွားပြီးပါက ဤနေရာကို ပြန်လာဖို့ စိတ်မဝင်စားကြတော့ပေ။ ကောင်းကင်တောင်တွင် ဧကရာဇ်နှစ်ပါး၏ အမွေအနှစ်က မဆွဲဆောင်လျှင် တခြားဒေသမှ လူများက အရှေ့မြေရိုင်းဒေသကို လှည့်ကြည့်မည်ပင် မဟုတ်ပေ။

ကောင်းကင်တောင်မှ သတင်းက ပျံ့နှံ့လျှင် အနောင်ဘက်နယ်မြေ တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ထို့နောက် သတင်းများက အရှေ့မြေရိုင်း ဒေသတစ်ခုလုံးကို ဆက်လက် ပျံ့နှံ့သည်။

ကောင်းကင် တောင်ခြေမှ လူများပြီးလျှင် စာအုပ်တောင်တွင် ရီဖူရှင်းက ထိုသတင်းကို ပထမဦးဆုံး ရရှိသူဖြစ်သည်။ ထိုတန်ခိုးရှင်များက ကောင်းကင် တောင်ပေါ်ကို ခြေချသည်နှင့် သူသိသည်။ သိမ်းငှက်နက်က ကောင်းကင် တောင်ပေါ်တွင် လေ့ကျင့်နေဆဲ ဖြစ်သည်။

“ဆရာ… တခြားဒေသက လူတွေက ကောင်းကင်တောင်ကို ရောက်လာကြတယ်…” တောင်ပေါ်တွင် ရီဖူရှင်းက အငူစွန်းတွင် ထိုင်ကာ အရက် သောက်နေသော ဆရာဒူကို ပြောသည်။

“ငါသိတယ်…” အဘိုးအိုက အဝေးကို ကြည့်ကာ ပြောသည်။ ကောင်းကင်တောင်မှ ခေါင်းလောင်းသံက ထိုဒေသမှ လူများ၏ အာရုံစိုက်မှုကို ရရှိမည်ဟု သူမထင်ထားပေ။ ထိုအရာက ကောင်းခြင်းလား ဆိုးခြင်းလား..။ သူက ပိုသိပေသည်။ ဧကရာဇ်နှစ်ပါးက တားမြစ်မှုကို ထုတ်ပြန်ပြီး ကတည်းက အရှေ့မြေရိုင်း ဒေသက တခြားဒေသများနှင့် အဆက်အဆံ မရှိတော့ပေ။ ယခု တခြားဒေသမှ လူများက အရှေ့မြေရိုင်း ဒေသကို အာရုံစိုက်လာကြပြီ။ ထိုအရာက ကြီးမားသော ပြောင်းလဲမှု ဖြစ်သည်။

“လာထိုင်…” ဆရာဒူက ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်ကာ ဆရာဒူ၏ဘေးတွင် ထိုင်သည်။ ဆရာဒူက ယခုတွင် ကောင်းမွန်သော စိတ်အခြေအနေရှိပုံ မရပေ။

“ကော့တေးမှာ မင်းအရင် တပည့် ခုနစ်ယောက်ပဲ ဘာလို့ ရှိတာလဲ မင်းသိလား…” ဆရာဒူက ရုတ်တရက် မေးသည်။ ရီဖူရှင်းက ခေါင်းယမ်းသည်။ ဤအဘိုးအိုက များသောအားဖြင့် အပေါက်ဆိုးသော်လည်း သူ၏ပညာသင်ပေးနိုင်သော စွမ်းရည်က သံသယ ရှိစရာ မလိုပေ။ ထိုအရာက ဤဆရာဒူ၏လက်အောက်တွင် ပညာသင်ရင်း ရလာသော သူ၏ကိုယ်ပိုင်အမြင် ဖြစ်သည်။

“ဘာလို့လဲဆိုတော့ ငါက ပျင်းလို့ပဲ… လူသားတွေက အရှုပ်ထွေးဆုံးပဲ… မင်းသင်လိုက်တဲ့ တပည့်ကတောင် မင်း သင်သမျှကို သဘောမတူဘူး… အထူးသဖြင့် အချိန်ကြာသွားရင် မင်းက တစ်ချိန်က ယုံကြည်ခဲ့တဲ့ အရာတွေကိုတောင် အလွယ်တကူ စွန့်ပစ်နိုင်လာတယ်… ငါက လူတစ်ယောက်တည်းပဲ… ငါလုပ်နိုင်တာ သိပ်မရှိဘူး… ငါက ဘယ်လိုလုပ် လူအများကြီးကို လွှမ်းမိုးနိုင်မှာလဲ… ဒါကြောင့် ငါသင်ပေးလိုက်တဲ့ တပည့်တွေက အနာဂတ်မှာ လူအများကြီးကို လွှမ်းမိုးနိုင်ဖို့ပဲ ငါမျှော်လင့်တယ်…” သူက ထိုသို့ပြောကာ ဘူးသီးခြောက်အား မော့သည်။ သူက ဤသို့ လေးနက်စွာ ပြောသည်ကို ရီဖူရှင်းက ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ရီဖူရှင်းက မေးသည်…

“အစ်ကိုကြီးဆီက ကြားတာကတော့ ဆရာက ကော့တေးကို တည်ထောင်တာ အကြောင်းပြချက် ရှိတယ်တဲ့ … ဆရာရဲ့ ရည်ရွယ်ချက်က ဘာလဲ…”

“ငါ့လိုလူက ဘာရည်ရွယ်ချက် ရှိရမှာလဲ…” ဆရာဒူက ခေါင်းယမ်းကာ ဆက်ပြောသည်… “အရှင်ဒွန်ဟောင်နဲ့ ဧကရာဇ်ရီချင်တို့က ကျောင်းတော်တွေ တည်ဆောက်ဖို့ ဘာလို့ အမိန့်ပေးခဲ့လဲ သိလား…”

“ပညာရပ်တွေ ပြန့်ပွားဖို့…” ရီဖူရှင်းက ဖြေသည်။ သမိုင်းစာအုပ်ထဲတွင် ထိုသို့ ရေးထားသည်။

“လွန်ခဲ့တဲ့ နှစ်သုံးရာလောက်က ကောင်းကင်ဒေသ တစ်ခုလုံးက ပရမ်းပတာ ဖြစ်နေခဲ့တယ်… မရေမတွက်နိုင်တဲ့ စွမ်းအားမြင့် တန်ခိုးရှင်တွေရှိပြီး သူတို့တစ်တွေက တစ်နေရာစီကို ထိန်းချုပ်ကြတယ်… ဒါမှမဟုတ် သူတို့က ကလန်၊ မိသားစုတွေ တည်ထောင်ပြီးတော့ သူတို့ရဲ့ ယုံကြည်မှုကို ပြန့်ပွားအောင် လုပ်ကြတယ်… ဒီလူတွေက သူတို့ကိုယ်တိုင်ရဲ့ ဆရာတွေပဲ… ဒါပေမဲ့ ဒီလူတွေ ရှိနေတာ ကောင်းလား… ဆိုးလား…” ဆရာဒူက မေးခွန်းထုတ်သည်။

ရီဖူရှင်းက ပြန်မပြောပေ။ သူက ထိုင်ကာ တိတ်ဆိတ်စွာ နားထောင်သည်။

“မှန်တယ်… မိသားစုတွေ ကလန်တွေ ရှိတာက ဘာမှ မမှားဘူး… ဒါပေမဲ့ မင်းက တစ်စုံတစ်ခုကို လိုချင်တဲ့အခါ ဒါမှမဟုတ် မင်းက သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့အခါ တစ်စုံတစ်ခုက ရှောင်ဖယ်လို့ မရတော့ဘူး… ဥပမာ ချင်ပြည်ထောင်က ကော့တေးကို ဘာလို့ ရှင်းပစ်ချင်ရတာလဲ…”

ပုံမှန်အားဖြင့် ရီဖူရှင်းကလည်း ဘာကြောင့်လဲ ဆိုသည်ကို သိသည်။ ကော့တေးက အားကောင်းရာ ချင်ပြည်ထောင်က အရှေ့မြေရိုင်းဒေသကို အုပ်စိုးမည့် အစီအစဉ်တွင် အန္တရာယ် ဖြစ်လာသည်။

ဆရာဒူက ဆက်ပြောသည်… “ကောင်းကင်ဒေသရဲ့ ကျယ်ပြောတဲ့ နေရာတွေမှာ ငါတို့ကို လွှမ်းမိုးနိုင်တဲ့ အရမ်း အားကောင်းတဲ့ လူတွေ ထွက်ပေါ် လာနေတယ်… သူတို့ ထွက်ပေါ်လာတာနဲ့ မင်းက တစ်ခါမှ မမြင်ဖူး မကြားဖူးတာတွေကို တွေ့မြင်လာရလိမ့်မယ်… အခု ကောင်းကင်တောင်ကို ရောက်လာတဲ့ ဥပမာကိုပဲကြည့်… တကယ်လို့ တစ်စုံတစ်ယောက် ကောင်းကင် တောင်ပေါ်ကို ရောက်ခဲ့ပြီးတော့ ဧကရာဇ်နှစ်ပါးရဲ့ အမွေတွေကို ရရှိခဲ့တယ် ဆိုတာကို သူတို့သိမယ် ဆိုရင် ဘာဖြစ်သွားမယ်လို့ မင်းထင်လဲ…”

ရီဖူရှင်းက ဆရာကို ကြည့်သည်။ အဘိုးအိုက အဝေးကိုသာ ကြည့်နေသော်လည်း ထိုစကားလုံးများတွင် တစ်စုံတစ်ခုကို ပြောလိုသည်ကို ရီဖူရှင်းက ခံစားရသည်။

ထိုအင်အား ကြီးမားသော လူများ ပေါ်လာသောအခါ သူတို့က အကောင်းဆုံးထဲမှ အကောင်းဆုံးများကို သုံးစွဲနိုင်ပေသည်။ သူတို့လိုချင်သော အရာများကို တားဆီးမည့်လူ မည်သူမှ ရှိမည် မဟုတ်ပေ။ ထိုအရာက သူ၏ စီနီယာနှင့် ဆရာက အကြိမ်ကြိမ် သတိပေးသော အရာလည်း ဖြစ်သည်။ သူတို့တွင် လက်နက်ရှိပါက ထိုအရာအား အသုံးပြုကာ လူများအား အနိုင်မကျင့်ရန် လိုအပ်ပေသည်။ ဧကရာဇ်လျိုက တစ်ချိန်က ရီဖူရှင်းကို မည်သို့ ဆက်ဆံခဲ့သနည်း။

“ကောင်းကင်ဒေသက အရင်တုန်း ကတည်းက ဒီနည်းလမ်းနဲ့ သွားနေတာ… နှစ်သန်းပေါင်း များစွာ ကြာတာတောင်မှ ဘာမှ​ မပြောင်းလဲဘူး… ဒါတောင်မှ ဘယ်လို အခက်အခဲမျိုး ကြမ်းတမ်းမှုမျိုး တွေ့ပါစေ သူတို့က ညစ်ထေးမှုတွေကို ရှောင်ဖယ်ပြီးတော့ လောကကို ပြောင်းလဲချင်တဲ့ စိတ်ကို အမြဲတမ်း စိတ်ထဲ ထားတဲ့လူတွေလည်း ရှိနေဆဲပဲ… ဒါက ကောင်းကင်ဒေသရဲ့ ဧကရာဇ်နှစ်ပါး ဘာကြောင့် မွေးဖွားခဲ့တယ် ဆိုတာပဲ… ပညာသင် ကျောင်းတော်တွေ ဖြစ်လာတာလည်း ဒါကြောင့်ပဲ… ဒါက ကောင်းကင်ဒေသက လူတွေကို ညီမျှတဲ့ အခွင့်အရေး ပေးချင်လို့ပဲ…”

“ဒါပေမဲ့ ဒါက မလွယ်ကူခဲ့ဘူး… မဟာဧကရာဇ်တွေတောင်မှ ကောင်းကင် ဒေသကိုထား… အရှေ့မြေရိုင်း ဒေသလောက်ကို ပြောင်းလဲဖို့ အရမ်း ခက်ခဲခဲ့တယ်…” အဘိုးအိုက မိမိကိုယ်ကို ရယ်မောနေဟန် ရသည်။ ထိုအခါမှ​ ရီဖူရှင်း၏ ပြောင်ချော်ချော် အမူအရာက လေးနက်သော အသွင်ကို ပြောင်းသွာသည်။ သူ၏မျက်လုံးများတွင် အဘိုးအိုအား လေးစားမှုများကို တွေ့ရသည်။

ထိုအရာက ဆရာ၏ ရည်ရွယ်ချက် ဖြစ်ပေသည်။ လောကကို ပြောင်းလဲလိုသည်။ ထိုအရာက ရယ်စရာ ကောင်းသော်လည်း အမှန်တကယ်အားဖြင့် ဝမ်းနည်းဖွယ် ကောင်းပေသည်။

“သမိုင်းတစ်လျှောက် မရေမတွက်နိုင်တဲ့ လူတွေက လောကကြီးကို ပြောင်းလဲ လိုကြတယ်… ဒါပေမဲ့ သူတို့က အရမ်းမြင့်တဲ့ နေရာတစ်နေရာကို ရောက်သွားတဲ့အခါ သူတို့ရဲ့ စိတ်ထားကလည်း ပြောင်းလဲ သွားကြတယ်… မင်းက ကျောင်းတော် ကျောင်းအုပ်နေရာမှာ ဆိုရင် တခြား အင်အားစုက အရှေ့မြေရိုင်း ဒေသကို အုပ်စိုးမှာကို လက်ခံမလား…” အဘိုးအိုက ဆက်ပြောသည်… “ဒါကြောင့် ဖူရှင်း… မင်းက အနှေးနဲ့အမြန် အရှေ့မြေရိုင်း ဒေသက ထွက်ပြီး လောကကြီးကို မြင်ရတော့မယ်… မင်းက လောကရဲ့ ရက်စက်မှုတွေကို မြင်ရတော့မယ်… မင်းက လောကရဲ့ အဖြူအမည်းတွေကို တွေ့ကြုံရမယ်… ဒါပေမဲ့ မင်းက ဘာကိုပဲ တွေ့ကြုံပါစေ မင်းက မင်းကိုယ်တိုင်ပဲ အမြဲတမ်း ဖြစ်နေပြီး မင်းရဲ့ မူလအစကို မှတ်မိရမယ်… တစ်နေ့ မင်းက လောက တစ်ခုလုံးကို လွှမ်းမိုးနိုင်တဲ့လူ ဖြစ်လာခဲ့ရင် ဒါမှ မဟုတ် အနည်းငယ်သော လူတွေကို လွှမ်းမိုးနိုင်တဲ့လူ ဖြစ်လာခဲ့ရင် မင်း တစ်ချိန်က သဘောမကျတဲ့ လူစားမျိုး ကိုယ့်ကိုယ်ကိုယ် မဖြစ်သွားစေဖို့ သတိထားရမယ်…”

“ကျွန်တော် နားလည်ပါပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။

“ကောင်းပြီ… သွားလေ့ကျင့်တော့…” အဘိုးအိုက ပြောသည်။

ရီဖူရှင်းက ခေါင်းမော့ကာ အဘိုးအိုအား ကြည့်ပြီး ပြုံးသည်… “ဆရာ… နောက်ဆုံးမှာတော့ ဆရာကို တကယ် အထင်ကြီးသွားပြီ…”

“သွားစမ်း..” အဘိုးအိုက ဒေါသတကြီး အော်သည်။

“အခု အဲဒီပုံရိပ်တွေ ပျက်သွားပြန်ပြီ…” ရီဖူရှင်းက သက်ပြင်းချကာ ထွက်ခွာလာသည်။ သူ့ဆရာ၏ စကားများကိုမူကား သူက နှလုံးသားထဲတွင် အသေအချာ မှတ်သား ထားပေသည်။ သူက လောက တစ်ခုလုံးကို လွှမ်းမိုးနိုင်သောသူ ဖြစ်မလာခဲ့လျှင်ပင် သူက ဆိုးရွားသော အရာများအား လုပ်သောသူ လုံးဝ ဖြစ်လာမည် မဟုတ်ပေ။

***

အတွဲ(၂၅)ပြီးပါပြီ

ဆက်ပါဦးမည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset