ကောင်းကင်ပြက္ခဒိန်၏ နှစ် ၁၀၀၀၄ ခုနစ်။
ကော့တေး၏ တောင် အနောက်ဘက်ခြမ်းတွင် ကောင်းကင်မှ တိမ်ပင်လယ်ပြင်ကြီးက မနက်ခင်းထွက်စ နေရောင်အောက်တွင် လွန်စွာ လှပ တင့်တယ်လှသည်။ ထိုမျှ လှပသော မြင်ကွင်း…။ မြက်ခင်းစိမ်းပေါ်တွင် ကု့ချင်းမှ ဂီတသံစဉ်က ထွက်ပေါ်နေသည်။ နှစ်သစ်၏ နေရောင်ခြည်က ရီဖူရှင်း၏ မျက်နှာပေါ်ကို ကျဆင်းနေသည်။ သူနှင့် သူ့ဂီတ နှစ်ခုလုံးက ငယ်ရွယ်နုပျိုမှုများ ပါဝင်နေသည်။ သူ့ဘေးတွင် ဟွာဂျီယူက တိတ်ဆိတ်စွာ ထိုင်နေသည်။ ဂီတသံစဉ်နှင့်အတူ သူမက လှပသော မြင်ကွင်းကို ကြည်နူးစွာ ကြည့်သည်။ အရာအားလုံးက ပြီးပြည့်စုံလွန်း လှသည်။ ဘဝက အမြဲတမ်း ဤသို့ဖြစ်ခဲ့လျှင် ဘယ်လောက် ကောင်းလိုက်မလဲ…။
ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် သဘာဝ စွမ်းအင်များက ပုံသဏ္ဌာန်များအဖြစ် ပြောင်းလဲကာ ကျဆင်းနေကြသည်။ ထိုအရာက လေထဲတွင် ရွှေမှုန်ကြဲနေသလို ထင်မြင်ရစေသည်။ ထိုနေရာကို ပြည့်နှက်နေသော သဘာဝ စွမ်းအင် အမှုန်တိုင်းက ရှင်းလင်းစွာ မြင်ရသည်။ ထိုအရာများအား ကု့ချင်း၏သံစဉ်က ခေါ်ဆောင်ထားခြင်း ဖြစ်သည်။ ရီဖူရှင်းက သူ၏စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုကာ ဂီတအား ကောင်းကင်နှင့် မြေကြီးတွင် လိုက်လျောညီထွေ ဖြစ်စေရာ လေထဲမှ သဘာဝ စွမ်းအင်များက ငြိမ်သက် နေကြသည်။
နေမင်း၏ ပထမဆုံး ရောင်ခြည်က ရီဖူရှင်း၏ ချောမောသော မျက်နှာပေါ်ကို ကျဆင်းလာသည်။ ထူးခြားသော ကိုယ်ရောင် ကိုယ်ဝါတစ်ခု သူ့ထံမှ ထွက်ပေါ်လာသည်။ ထိုအရာက သူက လောကရှိ အရာအားလုံးကို ထိန်းချုပ် ထားသည့်အလား ထင်မှတ်ရသည်။ သဘာဝ စွမ်းအင်များ အားလုံးက သူ၏ စိတ်ဝိညာဉ်ထဲတွင် အစီအစဉ်တကျ ဖြစ်နေသည်။ သဘာဝ ဓာတ်စွမ်းအင် မျိုးစုံက ကု့ချင်းသံစဉ်မှ ဖန်တီးသော အနုပညာ ရသသိနှင့်အတူ ပေါင်းစပ်ကာ သူ၏စိတ်အသိ စေညွှန်ရာကို ဖြစ်တည်ကြသည်။
ထိုစဉ်မှာပင် ရီဖူရှင်း၏ ညာလက်က ကု့ချင်းကြိုး တချို့ကို လှုပ်ခတ် သွားစေသည်။ ဂီတသံစဉ် ထွက်ပေါ်လာလျှင် သူ့အနီးမှ သဘာဝ စွမ်းအင်များက ရွှေရောင် နွယ်ပင်များ အဖြစ် ပြောင်းလဲ သွားကြသည်။ ထိုအရာများက အဆက်မပြတ် ကြီးထွား လာကြသလို သဘာဝ စွမ်းအင်များကလည်း အရူးအမူး စုစည်း လာနေကြသည်။ ရွှေရောင်နွယ်ပင်များက ကောင်းကင်သို့ လျှပ်စီးနဂါးများ အလား မယုံကြည်နိုင်ဖွယ် အလျင်ဖြင့် ထိုးတက် သွားကြသည်။
ဟွာဂျီယူ၏ မျက်နှာပေါ်တွင် အံ့အားသင့်ဟန် အတိုင်းသား တွေ့ရသည်။ သူက အမှန်တကယ် အောင်မြင်ခဲ့သည်။ ရီဖူရှင်းက ဆရာပေးသော မှော်တိုက်ကွက်အား အောင်မြင်အောင် လေ့ကျင့်နိုင်ခဲ့သည်။
ဂီတသံစဉ်က ရပ်တန့်သွားလျှင် ရီဖူရှင်းက သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ နေရောင်က သူ့မျက်လုံး တည့်တည့်ကို ထိုးနေသော်လည်း သူက အားလုံးကို ရှင်းလင်းစွာ မြင်ရသည်။ သူ၏ မျက်လုံးများက ထိုအခိုက်တွင် လွန်စွာ သန့်စင်ကာ ပြုံးရောင်သန်း နေသည်။
ဓာတ်စွမ်းအင် သုံးမျိုးက မှော်တိုက်ကွက် တစ်ခုအဖြစ် ပေါင်းစပ် ဖြစ်ပေါ်ခဲ့သည်။ ထိုမှော်တိုက်ကွက် အသစ်တွင် သစ်သားဓာတ်၏ ကွေးညွတ်မှု ပျော့ပျောင်းမှု၊ သတ္တုဓာတ်၏ မာကျောမှု၊ လေဓာတ်၏ အမြန်နှုန်းတို့ ပေါင်းစပ်ပါဝင်သည်။ ဤတိုက်ကွက်က ကြောက်မက်ဖွယ် ကောင်းအောင် အားကောင်းသည်။
“မဆိုးဘူး…” ဟွာဂျီယူက ပြုံးသည်။
“ဒါပေါ့… ဒါက ငါက မင်းရဲ့ ယောက်ျား ဖြစ်နေလို့လေ…” ရီဖူရှင်းက ဝင့်ကြွားစွာ ပြောသည်။
ဟွာဂျီယူက အသာအယာ ခေါင်းယမ်းသည်။
“အဘိုးကြီးမှာ ဒီလို တိုက်ကွက်မျိုးတွေ အများကြီး သိမ်းထားဦးမယ်လို့ မင်းထင်လား…” ရီဖူရှင်းက ရေရွတ်သည်။ အကယ်၍ သူ၏ တိုက်ကွက်တိုင်းက ဤအဆင့်တွင် ရှိနေသည် ဆိုပါက သူက အဆင့်တူအတွင်းရှိ မည်သူ့ကိုမဆို အလွယ်တကူ အနိုင်ရနိုင်ပေသည်။ သူက ကောင်းကင်ဘုံကိုးဆင့် တိုက်ကွက်ကိုလည်း အမြဲတမ်း မှီခိုနေစရာ မလိုတော့ပေ။ သူ၏ သိုင်းပညာနှင့် မှော်ပညာတို့က အတူတူ အားကောင်းလျှင် သူ၏ တိုက်ခိုက်ရေး စွမ်းရည်က တကယ်ပင် ကြောက်မက်ဖွယ် ထက်မြက်သွားပေမည်။
ဤနည်းဖြင့် သူက အကာနာ အဆင့်တွင်ပင် တခြားအဆင့်မှ တန်ခိုးရှင်များကို တိုက်ခိုက်ရာတွင် စိတ်ပူစရာ မလိုတော့ပေ။ မည်သို့ဆိုစေ တန်ခိုးအဆင့် မြင့်လာသည်နှင့်အမျှ အဆင့်ကျော်ကာ တိုက်ခိုက်ရန် လွန်စွာ ခက်ခဲလာပေသည်။
“ဘယ်လောက် လောဘကြီးလိုက်လဲ…” ဟွာဂျီယူက စနောက်သည်။
“ဒါက လောဘကြီးတာ မဟုတ်ဘူး… ငါက မနက် နေထွက်ချိန်တိုင်း မင်းကို ပထမဆုံး မြင်ရတဲ့လူ ဖြစ်ချင်တာ…” ရီဖူရှင်းက ရယ်မောလိုက်သည်။
သူက ဘာကို ဆိုလိုချင်နေသည်ကို ဟွာဂျီယူက သိပေသည်။ သူမက အသာအယာ ပြုံးလိုက်သည်… “နင် ဘာကို တွေးနေတာလဲ… နင်က ဒီတိုက်ကွက်ကို ကု့ချင်းမပါဘဲ ထုတ်နိုင်လို့လား… နင်က ဆရာဒူရှေ့မှာ အပြောခံချင်လို့လား…”
“မင်းပြောတာ မှန်တယ်… ငါ့ရဲ့ မြေခွေးမက ငါ့ကို နားအလည်ဆုံးပဲ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ထို့နောက် သူက မျက်လုံးကို မှိတ်လိုက်ပြန်သည်။ ခုနက သူက ဂီတသံစဉ်၏ အကူအညီဖြင့် သဘာဝ စွမ်းအင်များထဲကို သူ၏အာရုံက လုံးဝနစ်မြုပ်သွားကာ အရာအားလုံးကို ချောမွေ့စွာ စေခိုင်းနိုင်ခဲ့သည်။ အူကီယိုသံစဉ်၏ အကူအညီမပါဘဲ သူက ထိုသို့လုပ်ရန် ခက်ခဲပေသည်။ ရီဖူရှင်းက ထပ်မံ၍ နားလည် သဘောပေါက်အောင် ဆက်လေ့ကျင့်သည်။
နာရီ အနည်းငယ် ကြာသောအခါ ဆရာက အကြောအခြင်များ ဆန့်တန်းလျက် ရောက်လာသည်။ သူက ရီဖူရှင်းနှင့် ဟွာဂျီယူကို မြင်ကာ ပြုံးလိုက်သည်။ ကောင်လေးက တော်တော် ကြိုးစားတယ်…။ ကြည့်ရတာ ငါက နည်းနည်း ပိုပြီး လေ့ကျင့်ခန်းတွေ ပေးရမယ် ထင်တယ်…။
အကယ်၍ ရီဖူရှင်းကသာ သူ၏ဆရာ ဘာတွေးနေသည်ကို သိလျှင် သွေးအန်သွားနိုင်ပေသည်။
“ဆရာ…” ဟွာဂျီယူက နောက်လှည့်ကာ နှုတ်ဆက်သည်။
“အင်း…” ဆရာဒူက သူမကို ပြုံးကြည့်သည်။ ရီဖူရှင်းကလည်း ထရပ်သည်။ သူ၏ မျက်လုံးများက တောက်ပ လင်းလက်နေ၏… “ဆရာ… ဆရာပေးတဲ့ နည်းစနစ်က သိပ်လည်း မခက်ဘူး… ကျွန်တော် တတ်သွားပြီ…”
“ဟုတ်လား … ပြပါဦး…” အဘိုးအိုက သူ၏လက်များကို နောက်တွင် ချိတ်လျက် ပြုံးကာ ပြောသည်။
ရီဖူရှင်းက ခေါင်းညိတ်ကာ မျက်လုံး မှိတ်လိုက်သည်။ သူ့ထံမှ စိတ်အသိက ဖြာထွက်လာကာ စိတ်ဝိညာဉ် စွမ်းအင်က သူ၏အနီးမှ သဘာဝ စွမ်းအင်နှင့် လိုက်လျောညီထွေ ဖြစ်သွားသည်။ ခဏအကြာ လေထုက ရွှေရောင်နွယ်ပင်များနှင့် ဖုံးလွှမ်းသွားကာ နေလုံးကိုပင် ဖုံးကွယ်သွားသည်။
တိုက်ကွက်က သူ၏ မျက်စိရှေ့တွင် ထုတ်လွှတ်သည်ကို ကြည့်ပြီး အဘိုးအိုက ရီဖူရှင်းကို ကြည့်သည်။ သူက ရီဖူရှင်းအား အထင်သေးစွာ ကြည့်နေခြင်း ဖြစ်သည်… “မင်းက ဒါကို သင်ဖို့ တစ်နေ့လုံး ကြာပြီးတာတောင်မှ တိုက်ကွက်ထုတ်ဖို့ ဒီလောက်ကြာတယ်… တိုက်ပွဲမှာ မင်းတိုက်ကွက် ထုတ်တာကို ဘယ်သူက စောင့်မှာလဲ… မင်းက အားကောင်းတဲ့ ပြိုင်ဘက်နဲ့ တွေ့ရင် မင်းက ဒီတိုက်ကွက်ကို မထုတ်ခင် သေနေလောက်ပြီ…”
အာ…
ရီဖူရှင်း မျက်လုံး ပြူးသွားသည်။ သူက ထိုတိုက်ကွက်အား ထုတ်ပြလိုက်သည်နှင့် သူ၏ဆရာက ထိတ်လန့်သွားရကာ သူ၏ပါရမီအား ချီးကျူးမည်ဟု သူက ထင်ထားသည်။ သို့သော် သူ၏ဆရာ ပြောသည်မှာလည်း မှန်ပေသည်။
“ငါ့မှာ ဘာလို့ ဒီလို မသိနားမလည်တဲ့ တပည့်တစ်ယောက် ရှိနေရတာလဲ…” အဘိုးအိုက သက်ပြင်းချသည်… “ဒီမှာ နောက်ထပ် နည်းစနစ်တွေ… သိမ်းထားပြီးတော့ လေ့ကျင့်ရာမှာပဲ အာရုံစိုက်ထား… အားလုံးကို လေ့ကျင့်လို့ မပြီးသရွေ့ ဟိုဟိုဒီဒီ လျှောက်သွားဖို့ မတွေးနဲ့… မင်းရဲ့ ဒီလောက် အဆင့်လေးနဲ့ တောင်အောက်ကို ဆင်းရင် ငါပဲ အရှက်ရမှာ…” ထိုသို့ပြောကာ အဘိုးအိုက စာအုပ်အချို့ကို ပစ်ပေးပြီး ထွက်သွားသည်။
“ကျွန်တော်…” ရီဖူရှင်းက အမှန်တကယ် စိတ်ထဲမှ ကျိန်ဆဲနေသော်လည်း လက်ထဲမှ စာအုပ်ကို စိတ်ဝင်စားစွာ ကြည့်သည်။
ဟွာဂျီယူက ရယ်မောလိုက်သည်။ ရီဖူရှင်းက သူနှင့်လိုက်ဖက်သော ဆရာကို အမှန် ရထားပေသည်။ ဆရာဒူကား အမှန် ထူးဆန်းသည်။ သူမ၏အဖေပင်လျှင် ရီဖူရှင်းကို ဤသို့ အခြေအနေ ဖြစ်အောင် မတွန်းနိုင်ပေ။
ထိုနည်းဖြင့် ရီဖူရှင်းက အကျယ်ချုပ် ချုပ်ခံထားရသည်။ နှစ်သစ်၏ ပထမနေ့ ကတည်းက သူ့အား တောင်ပေါ်မှ ထွက်သွားခွင့် ပိတ်ထားကာ တန်ခိုးကျင့်ခြင်းတွင်သာ အာရုံစိုက်ထား ရသည်။ ရီဖူရှင်းက သူ၏ဆရာ ကော့တေးကို မရောက်လာခင် နေ့ရက်များကို သတိရနေတော့သည်။
***
ရက်များက ကုန်ဆုံးသွားသော်လည်း အရှေ့မြေရိုင်း ဒေသက တိတ်ဆိတ်နေမြဲ အေးချမ်းနေမြဲ ဖြစ်သည်။ ချင်ပြည်ထောင်မှ လူများကလည်း တန်ခိုးကျင့်ရာတွင်သာ အာရုံ စိုက်ထားကြဟန် တူသည်။ သူတို့က နောက်ဆုံး တိုက်ပွဲအတွက် ပြင်ဆင်နေသည်ကို အရှေ့မြေရိုင်းဒေသမှ လူတိုင်းက သိကြသည်။
အရာအားလုံးက ဤအခြေအနေသို့ ရောက်လာပြီး ဖြစ်သည်။ အရှေ့မြေရိုင်းဒေသမှ ထိပ်သီး အင်အားစုများ၏ တိုက်ပွဲက ရှောင်ဖယ်၍ မရတော့ပေ။ ထို့အပြင် ချင်ပြည်ထောင်က ပို၍ အလျင်လိုပေသည်။ ဆရာဒူက ကော့တေးကို ပြန်ရောက်နေရာ သူ၏တပည့်များအပေါ် ပညာသင်ပေးသည့် စွမ်းရည်ကို လူတိုင်းက သိကြသည်။ သူ့အား အချိန်ပိုပေးရန် ချင်ပြည်ထောင်က မလိုလားပေ။
ယခင်နှစ်က ကောင်းကင်တောင်တွင် ခေါင်းလောင်းသံ မြည်ပြီးကတည်းက နှင်းက တစ်ခါမှ မရပ်တော့ပေ။ အရှေ့မြေရိုင်းဒေသ၏ နံပါတစ်တောင်က ယခု နှင်းတောင် ဖြစ်နေလေပြီ။ ထိုအချိန်မှာစ၍ ခေါင်းလောင်းသံက နောက်ထပ် မမြည်တော့ပေ။ တောင်ခြေတွင် လူများ ယခင်ကလို များပြားစွာလည်း မရှိကြတော့ပေ။ သို့သော်လည်း လက်ရှိတွင် အဟံက တောင်ပေါ်ကို မောကြည့်နေသည်။ ယမန်နှစ်က သူက တောင်ပေါ်ကို တက်ခဲ့သော အချိန်ကို ပြန်လည် သတိရမိသည်။ ထိုတစ်ကြိမ်က သူက ကောင်းကင်တောင်ပေါ်ကို ပထမဆုံး အကြိမ် တက်ရောက်ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် သူက တောင်ပေါ်သို့ တက်ရန် တစ်ကြိမ်ပြီး တစ်ကြိမ် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
“ကောင်းကင်တောင်က မကောင်းဆိုးဝါး အငွေ့အသက်က ပိုပြီး အားကောင်းလာတယ်…” ချင်းရွှီဘုရားကျောင်း၏ ဘုန်းတော်ကြီး တစ်ပါးက တောင်ပေါ်ကို လှမ်းကြည့်ကာ ပြောသည်။
“ခေါင်းလောင်းမြည်ပြီး ကတည်းက အဲလိုဖြစ်သွားတာပဲ… ပြီးတော့ မကောင်းဆိုးဝါး အငွေ့အသက်တွေကို ဖိနှိပ်တဲ့ အားကလည်း ပိုပြီး အားကောင်းလာတယ်… အင်အားနှစ်ခုက ချိန်ခွင်ချာလို မျှတနေတယ်…” နောက်တစ်ယောက်က ဘေးမှ ပြောသည်။
“တကယ်ပဲ ခေါင်းလောင်းသံက ဧကရာဇ်နှစ်ပါးရဲ့ ဆင့်ခေါ်သံ အမှန်ပဲလား… တစ်ယောက်ယောက်က တောင်ထိပ်ပေါ်ကို ရောက်ခဲ့တာများလား…” တစ်ယောက် ရေရွတ်သည်။
“ဒါဖြစ်နိုင်တယ်… ခေါင်းလောင်းသံ မြည်တဲ့အချိန်က မှန်ကန်တဲ့အချိန်နဲ့ အခွင့်အရေးပဲ…”
အကြီးအကဲများ၏ စကားကို ကြားလျှင် အဟံက တောင်ပေါ်ကို တက်စဉ်က အတွေ့အကြုံများကို သတိရသည်။ ထိုအချိန်က တစ်စုံတစ်ယောက်က သူ့အား ကောင်းကင်တောင်မှ သဘာဝ စွမ်းအင်များကို သုံးလျက် တိုက်ခိုက်ခဲ့သည်။ သူက တောင်ပေါ်က ဆင်းသော အချိန်တွင်လည်း ခေါင်းလောင်းသံ ထပ်မြည်ခဲ့သည်။ ရီဖူရှင်းက တောင်ပေါ်မှ ဆင်းလာသော အချိန် ချင်ပြည်ထောင်မှ နိုဘယ်နှစ်ယောက်က ဆီး၍ တိုက်ခိုက်စဉ်ကလည်း ခေါင်းလောင်းသံက တိုက်တိုက်ဆိုင်ဆိုင် မြည်ခဲ့သည်။ ထိုအရာက အမှန်တကယ် တိုက်ဆိုင်သည်လား…။
အဟံ၏ မျက်လုံးများက အေးစက်သွားသည်။ သူ့တွင် ခံစားချက် တစ်ခု ရှိနေသည်။ အကယ်၍ တစ်ယောက်ယောက် ကသာ တောင်ထိပ်ပေါ်ကို ရောက်ခဲ့လျှင် ထိုသူက ရီဖူရှင်း ဖြစ်ရပေမည်။
ထိုစဉ်မှာပင် ကောင်းကင်ထက်၌ နဂါးတစ်ကောင်၏ အော်သံကို ကြားရသည်။ ချင်းရွှီ ဘုရားကျောင်းမှ တန်ခိုးရှင်များက အံ့အားသင့် သွားကြသည်။ ထိုအော်သံက ကောင်းကင်တောင်မှ လာခြင်း မဟုတ်ပေ။ ထိုအသံက ကောင်းကင်တောင်သို့ ဦးတည်နေခြင်း ဖြစ်သည်။
သူတို့အားလုံးက ကောင်းကင်သို့ ကြည့်လိုက်ကြသည်။ ကောင်းကင်ထက်တွင် နဂါးတစ်ကောင် ပေါ်လာသည်။ ထိုနဂါးတွင် အမှန်တကယ်ပင် အတောင်ပံများ ပါသည်။ ထိုနဂါးအား မိုးနဂါးဟု သိကြကာ ကောင်းကင်၏အရှင်ဟု ဆိုစမှတ်ပြုကြသည်။
နဂါးက သူတို့ထံ တိုးဝင်လာနေသည်။ ချင်းရွှီ ဘုရားကျောင်းမှ လူများက ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့် သွားကြသည်။ သူတို့က မိုးနဂါးကိုသာ မြင်ကြသည် မဟုတ်ပေ။ နဂါး၏ကျောတွင် လူတချို့လည်း လိုက်ပါလာပေသည်။ ပိုမို ထိတ်လန့်ဖွယ် ကောင်းသည်ကား ထိုမိုးနဂါးက ရထားလုံးတစ်စီးကို ဆွဲလာနေသည်။
နဂါးဆွဲ ရထားလုံးဖြင့် တစ်စုံတစ်ယောက်က ရောက်ရှိလာသည်။
တောင်ခြေမှ လူအများအပြားက ထိတ်လန့် သွားကြသည်။ ထိုလူက ဘယ်သူများလဲ…။
အရှေ့မြေရိုင်း ဒေသတွင် ချင်ပြည်ထောင်၏ နဂါးစစ်တပ်ပင်လျှင် ယခု လူများလောက် အားကောင်းမည်ဟု မဟုတ်ဟု ထင်ရပေသည်။
နဂါးဆွဲလာသော ရထားလုံးက ကောင်းကင်တောင် အနီး လေထုထဲတွင် ရပ်သည်။ သူ၏ကျောပေါ်တွင် လူတစ်စုက မြေပြင်ပေါ်မှ လူများအား အေးစက်သော မျက်လုံးများဖြင့် ကြည့်ကြသည်။ သူတို့အား ပြောမပြတတ်သော ကိုယ်ရောင်ကိုယ်ဝါများ လွှမ်းခြုံထားသည်။ ထို့နောက် လူငယ် အနည်းငယ်က ရထားလုံးထဲမှ ထွက်လာကြသည်။ သူတို့က အောက်ကို မကြည့်ပေ။ ထိုအစား သူတို့အားလုံးက ကောင်းကင်တောင်ကို ကြည့်ကြသည်။ ဤနေရာက အမှန်ပင် အရှင်ဒွန်ဟောင်နှင့် ဧကရာဇ်ရီချင်တို့ အမှတ်အသား ထားခဲ့ရာ ကောင်းကင်တောင်လား…။
***