ရီဖူရှင်း အနည်းငယ် စိတ်ဓာတ် ကျသွားသည်။ သူက တန်ခိုး စကျင့်ကတည်းက ဤသို့ ထိုးနှက်ချက်မျိုး မကြုံဖူးပေ။ သူက ဆရာပေးသော နည်းစနစ်ကို ဆက်လက်၍ လေ့ကျင့်ကာ သူပြောသည်များကို နားလည်အောင် ကြိုးစားသည်။ သူက တဖြည်းဖြည်း တိုးတက် နေသော်လည်း အောင်မြင်မည့် အရိပ်အယောင် မမြင်ရသေးပေ။ အတန်ကြာလျှင် သူက ရပ်လိုက်ကာ မေးသည်…
“အဲဒီအဘိုးကြီးက တကယ် ဘာကို ပေးခဲ့တာလဲ…”
“ဒါက တကယ်ပဲ လေ့ကျင့်ဖို့ ခက်ခဲတယ်… ဆရာက နင့်ကို တမင် စိတ်ပျက်အောင် လုပ်တာလည်း ဖြစ်နိုင်တယ်… သိပ်ပြီး စိတ်မပျက်နဲ့…” ဟွာဂျီယူက ချိုသာစွာ ပြုံးကာ ပြောသည်။
“ငါ့ရဲ့ မြေခွေးမက အကောင်းဆုံးပဲ…” ဟွာဂျီယူ၏ မျက်နှာပေါ်မှ တောက်ပသော အပြုံးကို မြင်လျှင် ရီဖူရှင်းက လက်ကို ဆန့်တန်းကာ ပြောသည်… “ဒါဆိုလည်း ငါ့ကို အားပေးပါဦး…”
“ဟင့်အင်း… ငါ လေ့ကျင့်တော့မယ်…” ဟွာဂျီယူက ရှက်ရွံ့စွာ ပြောသည်။ ထို့နောက် သူမက နောက်လှည့်ကာ ဆရာဒူ၏ စကားများကို မျက်လုံးမှိတ်လျက် နားလည်အောင် ကြိုးစားသည်။
“ဘယ်လောက် နားလည်မှု မရှိတဲ့ ချစ်သူလဲ…” ရီဖူရှင်းက ရေရွတ်သည်။ ထို့နောက် သူကလည်း မျက်လုံးကို မှိတ်လိုက်သည်။ သူက နည်းစနစ်အား လေ့ကျင့်မယ့်အစား သူက ပတ်ဝန်းကျင်အား အာရုံခံရန် ကြိုးစားသည်။ သူ၏စိတ်ဝိညာဉ်က ပတ်ဝန်းကျင်မှာ သဘာဝ စွမ်းအင်များနှင့် ဆက်သွယ်ရန် ကြိုးစားကာ သူ၏အာရုံက သဘာဝ စွမ်းအင်များအထဲကို နစ်မြုပ်သွားသည်။
ဤရက်ပိုင်းတွင် သူက မှော်နည်းစနစ်ပေါင်း များစွာကို လေ့ကျင့်ခဲ့ရာ ထိုအရာများက အမှန်ပင် သူ့ကို တိုးတက်စေခဲ့သည်။ ထိုနည်းစနစ်များက တိုက်ပွဲများတွင် အသုံးမဝင်သော်လည်း ထိုအရာများကို သင်ယူခြင်းက သူ၏တန်ခိုးကျင့်စဉ်တွင် လွန်စွာ အထောက်အကူ ဖြစ်ပေသည်။
ပတ်ဝန်းကျင်က ပိုမို တိတ်ဆိတ် သွားသည်ဟု ထင်ရသည်။ ညင်သာသော လေညင်းများက မြက်ခင်းပြင်ကို ဖြတ်သန်းသွားကာ သူတို့အား သက်သောင့်သက်သာ ဖြစ်စေသည်။ ရီဖူရှင်းနှင့် ဟွာဂျီယူက ထိုနေရာတွင်ပင် မျက်လုံးမှိတ်လျက် တိတ်ဆိတ်စွာ ထိုင်နေကြသည်။ ထိုအခိုက်တွင် သူက ရုပ်ခန္ဓာကိုယ် မရှိတော့သလိုပင် ရီဖူရှင်းက ခံစားရသည်။ သူ၏စိတ်ဝိညာဉ် စွမ်းအားက ကောင်းကင်နှင့် မြေကြီး၏ နေရာတိုင်းကို ရောက်နေသည်ဟု ခံစားရသည်။ သူ၏အာရုံထဲတွင် သူက ရှေးဟောင်း သစ်ပင်ကြီးတစ်ပင် အဖြစ် ပြောင်းလဲသွားသည်။ သူ၏အနီးမှ သစ်သားဓာတ် စွမ်းအင်များပင်လျှင် ထိုသစ်ပင်၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။
ရုတ်တရက် ရီဖူရှင်း၏အနီး လေဟာနယ်ထဲတွင် တရွှီးရွှီး မြည်သံများနှင့်အတူ နွယ်ပင်များ ဖြစ်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်မှ မရေမတွက်နိုင်သော သစ်ကိုင်းများနှင့် နွယ်ပင်များက အရပ်မျက်နှာမျိုးစုံကို ပျံ့နှံ့ထွက်ပေါ် လာကာ ကောင်းကင် တစ်ခွင်လုံးကို ဖုံးလွှမ်းသွားသည်။ နွယ်ပင်များက နေရာတိုင်းတွင် ရှိသည်။ သို့သော် တခြားတစ်ဖက်တွင် သူ၏ခန္ဓာကိုယ်က နတ်သစ်ပင် ဖြစ်ကာ အရာအားလုံး၏ဇာစ်မြစ်ဖြစ်သည်။
ရီဖူရှင်းက မျက်လုံးကို ဖွင့်ကာ ရှေ့မှ မြင်ကွင်းကို ကြည့်သည်။ ထိုအရာက နွယ်ပင် တစ်ထောင် တိုက်ကွက်ပင် ဖြစ်သော်လည်း သူက ဆရာ၏ ညွှန်ကြားချက် အတိုင်း ဂရုတစိုက် ထုတ်ဖော် လိုက်သောအခါ ယခင်ထက် ပိုမိုအားကောင်း လာပေသည်။
ဟွာဂျီယူကလည်း အံ့အားသင့်စွာဖြင့် ကြည့်သည်။ သူမက တောက်ပစွာ ပြုံးလိုက်သည်။ ရီဖူရှင်းက ဆရာဒူ၏ မှော်တိုက်ကွက်ကို အောင်မြင်အောင် မလေ့ကျင့်နိုင် သေးသော်လည်း သူက များစွာ တိုးတက်လာပြီး ဖြစ်သည်။ ဆိုလိုသည်က သူတို့ဆရာ၏နည်းစနစ်က မှန်ကန်သည် ဟူ၏။
ရီဖူရှင်းက ပြုံးလိုက်ကာ ဆက်လက်၍ လေ့ကျင့်သည်။ သူက ဖြည်းညင်းစွာဖြင့် မှော်တိုက်ကွက်များကို ထုတ်လွှတ်သည်။ သူ၏စွမ်းရည်များက တဖြည်းဖြည်း တိုးတက်လာသည်။ လေ့ကျင့်ရင်းက သူ၏ အတွေ့အကြုံများကို ဟွာဂျီယူနှင့် ဆွေးနွေးသည်။ မျက်လုံးတစ်မှိတ် အတွင်းတွင် အမှောင်ထုက ချဉ်းကပ်လာသည်။
ဝင်လုနီးပါး နေမင်း၏ အလင်းရောင်ရဲရဲက ရီဖူရှင်း၏ မျက်နှာပေါ်ကို ကျလျှင် သူ့အား ပိုမို ချောမောစေသည်။ ဟွာဂျီယူက ပါးနှစ်ဖက်အား လက်ဖြင့် ထောက်ကာ ရီဖူရှင်းအား ပြုံး၍ ကြည့်သည်။
ရီဖူရှင်းက မျက်လုံးကို ဖွင့်ကြည့်သည်နှင့် ဟွာဂျီယူ၏ မျက်လုံးနှင့်ဆုံသည်… “မင်းက ဘာကို ကြည့်နေတာလဲ…”
“နင့်ကို …” ဟွာဂျီယူက ချိုသာစွာ ပြုံးသည်။
ရီဖူရှင်းက မျက်လုံး ပြူးကျယ်စွာဖြင့် ပြန်ပြောသည်… “မင်းက ဒီလိုပဲ ဆက်လုပ်နေရင် ငါက မသင့်တော်တာတွေ တွေးမိတော့မှာပဲ…”
“ဘာကိုလဲ…” ဟွာဂျီယူက ပြုံးလျက် သူ့ကို ကြည့်သည်။
“အဲဒါကို အခု လုပ်တော့မယ်…”
“နင် လုပ်ရဲလား…” ဟွာဂျီယူက ရှက်သွေးများ ဖြန်းသွားလျှင် နေဝင်ချိန် နေရောင်အောက်တွင် လွန်စွာ လှပလွန်းလှသည်။
“ငါလုပ်ရဲလား ကြည့်နေလေ…” ရီဖူရှင်းက ရုတ်တရက် ဟွာဂျီယူအား တွန်းလိုက်ကာ အပေါ်မှ စီးကြည့်သည်။ ရီဖူရှင်းက သူမအား စိုက်ကြည့်လျှင် သူ၏မျက်နှာက ပိုမိုနီရဲလာသည်။ သူမက ရီဖူရှင်း၏ မျက်နှာအား စေ့စေ့ မကြည့်ရဲတော့ပေ။
“မြေခွေးမ… နင်က အရမ်းလှတာပဲ…” ရီဖူရှင်းက ပြောသည်။
ဟွာဂျီယူက မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်ကာ ရီဖူရှင်းကို ပြောသည်… “မြန်မြန်ထ…”
“ကောင်းပြီ…” ရီဖူရှင်းက ပြုံးလိုက်သည်။ သို့သော် ရုတ်တရက် သူက ခေါင်းကိုငုံ့ကာ ဟွာဂျီယူ၏ နဖူးပြင်အား အသာအယာ နမ်းရှိုက်လိုက်သည်။
“အဖေ့ကို တူတူ သွားတွေ့ကြမယ်…” ရီဖူရှင်းက ထရပ်ကာ ဟွာဂျီယူကို ဆွဲထူသည်။ ထို့နောက် သူမ၏လက်ကို ကိုင်ဆွဲကာ နှစ်ယောက်သား အတူတူ တောင်ပေါ်မှ ဆင်းသွားကြသည်။
***
လစန္ဒာကလန်နှင့် ဓားသခင်တောင်တို့က စာအုပ်တောင်ကို ပြောင်းလာရာ ရီဖူရှင်းကလည်း ဟွာဖန်းလူနှင့် ကျန်လူများ အားလုံးကို စာအုပ်တောင်သို့ ခေါ်လာသည်။
သူတို့က ကော့တေး၏ တောင်တစ်ဖက်ခြမ်းမှ အိမ်တစ်လုံးတွင် နေထိုင်ကြသည်။ ရီဖူရှင်းနှင့် ဟွာဖန်းလူတို့က အိမ်ထဲကို ရောက်လျှင် အသားနံ့များ မွှေးကြိုင်စွာ ထွက်ပေါ်လာသည်ကို ခံစားရသည်။
“ဆရာ… ဆရာကတော်… ဘယ်လို အစားအသောက် ကောင်းတွေကို ပြင်ဆင် နေကြတာလဲ…” အထဲကို ဝင်လာရင်းက ညနေစာက ပြင်ဆင်ထားပြီး ဖြစ်သည်ကို ရီဖူရှင်းက မြင်ရသည်။ ဆရာကတော်နှင့် တန်အဒေါ်တို့က အစားအသောက်များ ပြင်ဆင်ရင်းဖြင့် အလုပ်ရှုပ် နေကြသည်။ ယူချင်း၊ ယိချိန်ချန်နှင့် တန်ဝမ်တို့ကလည်း သူတို့ကို ကူညီနေကြသည်။
နိုဘယ်များနှင့် လို့လန်ရွှီကိုမူ ရီဖူရှင်းက နှစ်သစ်ကူးအတွက် သူတို့ကို အိမ်ပြန်ရန် ပြောထားခဲ့သည်။ သူတို့က လို့လန်ကို ပြန်ရောက် နေလောက်ပေပြီ။ ထျန့်ရီမြို့တွင် အိမ်ရှိသော စာအုပ်တောင်မှ တပည့်များကလည်း အိမ်ပြန် သွားကြသည်။
ဖွယ်ဖွယ်ရာရာ စားသောက်ဖွယ်ရာများကို မြင်လျှင် ရီဖူရှင်းက ပြုံးလျက် ပြောသည်… “ဆရာ… ဆရာကတော်နဲ့ တန်အဒေါ်ကို လက်ထပ်ရတဲ့ ဆရာကို ကျွန်တော် တကယ်ပဲ လေးစား အားကျတယ်…”
ဟွာဖန်းလူက သူ့ကို ကြည့်ကာ ပြောသည်… “ဂျီယူ… သူက နင့်ကို တစ်ခုခု ပြောချင်နေတာ…”
ရီဖူရှင်းက နောက်လှည့်ကြည့်လျှင် ဟွာဂျီယူက သူ့အား ပြုံးလျက် ကြည့်နေသည်ကို သတိထားမိသည်။
“မဟုတ်ဘူး… လုံးဝ မဟုတ်ဘူး…” ရီဖူရှင်းက အကြောက်အကန် ငြင်းဆန်သည်။
“ငါမထင်ဘူး…” ယိချိန်ချန်က ပန်းကန်တစ်ချပ်ကို ကိုင်လာရင်းက မှတ်ချက်ချသည်။
“ယူချင်း… မင်းရဲ့ ကောင်မလေးကို ကြည့်ထိန်းဦး… သူမက ဘာပြောနေတာလဲ…” ရီဖူရှင်း မေးသည်။
ယူချင်းက ရီဖူရှင်းကို အထင်သေးသော မျက်လုံးဖြင့် ကြည့်သည်။ မင်းက မင်းကောင်မလေးကို ဒီလောက် ကြောက်ပြီး မင်းက ငါ့ကို ငါ့ကောင်မလေးကို တားခိုင်း နေတယ်လား…။
“အဲဒါ ဘာအကြည့်လဲ…” ရီဖူရှင်းက ယူချင်း၏ အကြည့်ကို သတိထားမိသည်။ ကြည့်ရသည်မှာ ယူချင်းပင်လျှင် များစွာ ပြောင်းလဲ သွားလေပြီ။
“ဖူရှင်း… စာအုပ်တောင်မှာ မင်းက ငါ့ကို ဆရာလို့ မခေါ်နဲ့…” ဟွာဖန်းလူက ပြောသည်။ ရီဖူရှင်းကို ထိုအရာက ဘာကို ဆိုလိုသည်ကို နားလည်သည်။ လက်ရှိတွင် သူ၏ဆရာက ကော့တေးမှ ဆရာဒူဖြစ်သည်။
“ဆရာ… စိတ်မပူပါနဲ့… အဲဒီ အဘိုးကြီးက အဲဒါကို စိတ်မဝင်စားပါဘူး…” ရီဖူရှင်းက ပြောသည်… “ပြီးတော့ ဆရာနှစ်ယောက် ရှိတာ ဘာမှ မဖြစ်ဘူး…”
“ဖူရှင်း… ဆရာဒူက အရမ်းတော်တဲ့လူပဲ… အဓိပ္ပာယ် မရှိတာတွေ မပြောနဲ့…” နန်ဒူဝန်ယမ်က ပြောသည်။ ရီဖူရှင်း ဆွံ့အသွားသည်။ ဆရာကတော်က ပင်လျှင် ထိုအဘိုးကြီး အတွက် ကူပြောပေးနေသည်။
“ကောင်းပြီ… ကျွန်တော် နားထောင်ပါ့မယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။
နန်ဒူဝန်ယမ်က ပြုံးလျက် ပြောသည်… “ကောင်းပြီ… စားကြစို့… စားပြီးရင် ကော့တေးကို ပြန်ပြီး မင်းဆရာနဲ့ စီနီယာတွေကို အဖော် လုပ်ပေးလိုက်…”
“ကျွန်တော်က စီနီယာတွေနဲ့ ဆရာ့ကို ကော့တေးမှာ နေ့တိုင်း တွေ့နေရတယ်… ဒီနေ့ ကျွန်တော် ဒီမှာပဲ နေမယ်…” ရီဖူရှင်းက ပြောသည်။
“ဂျီယူက ငါတို့ကို အဖော်လုပ်ပေးတာက လုံလောက်ပြီ… မင်းကို ဘယ်သူက ဂရုစိုက်လဲ… စားပြီးရင် သွားတော့…” ဟွာဖန်းလူက ပြောသည်။ ရီဖူရှင်း၏ မျက်နှာက ဇီးစေ့လောက် ဖြစ်သွားသည်။ သူ၏မိသားစုတွင် သူ့နေရာကား အမှန်ပင် ပြိုင်ဘက် ကင်းပေသည်။
“မင်းအဆင့်က ဘယ်လောက် ရောက်နေပြီလဲ…” တန်ဝမ်က ရီဖူရှင်းကို မေးသည်။
“အကာနာ…” ရီဖူရှင်းက ပြန်ပြောသည်… “ဂျီယူနဲ့ ယူချင်းလည်း အတူတူပဲ…”
တန်လန်၏ နှုတ်ခမ်းများက ကွေးသွားကာ ဆွံ့အသွားသည်။ သူတို့၏ တန်ခိုးကျင့်သည့် အမြန်နှုန်းက အမှန်ပင် မြန်ဆန်လွန်း လှပေသည်။ သူတို့က ဒွန်ဟိုင်တွင် ဆိုပါက နာမည်ကျော်များ ဖြစ်နေလောက်ပေပြီ။
ဟွာဖန်းလူနှင့် တန်လန်တို့ကလည်း အကာနာ အဆင့်တွင် ဖြစ်ကြသည်။
“လေးနှစ်တောင် ကြာခဲ့ပြီ…” ဟွာဖန်းလူက အတိတ်ကို ပြန်တွေးမိသည်။ လွန်ခဲ့သော လေးနှစ်က သူက ချင်းကျူတွင် ရီဖူရှင်းကို စသိခဲ့ကာ သူ့အား တပည့်အဖြစ် လက်ခံခဲ့သည်။ ယခု သူ၏တပည့်က သူ့နီးပါး အားကောင်း နေလေပြီ။ အတိတ်တွင် သူက ရီဖူရှင်းအား အနုပညာ သူတော်စင်၏ တပည့်နှင့်ပင် ယှဉ်ပြိုင်စေခဲ့သည်။ ယခု အရာအားလုံးက ပြောင်းလဲသွားကာ ထိုအရာများက အိပ်မက်အလား ထင်နေရသည်။
“ဟုတ်တယ်… ကျွန်တော်က ဂျီယူကို သိတာလည်း လေးနှစ်ကြာခဲ့ပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ လွန်ခဲ့သော လေးနှစ်၏ တူညီသော နေ့ရက်တွင် သူတို့က လက်ချင်းတွဲကာ ချင်းကျူရေကန် အနီးတွင် လမ်းလျှောက်ခဲ့ကြသည်။
“မနက်ဖြန် မင်းတို့ နှစ်ယောက်လုံး အသက် နှစ်ဆယ်ပြည့်ပြီ…” ဟွာဖန်းလူက ရီဖူရှင်းနှင့် ဟွာဂျီယူအား ကြည့်သည်။ အချိန်ကုန်သည်က မြန်ဆန်လွန်း လှသည်။
“ဟုတ်တယ်… ကျွန်တော် လက်ထပ်လို့ ရပြီ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ လူတိုင်းက သူ့အား မျက်လုံးပြူးလျက် ကြည့်ကြသည်။ ဤအကောင်ကား အမှန်ပင် အလေးအနက် မရှိပေ။
“မင်းက မင်းရဲ့ အစ်ကိုကြီးနဲ့ အစ်ကိုသုံးလို အားကောင်းတဲ့အချိန်အထိ စောင့်ဦး… အခု အရမ်း စောသေးတယ်…” တန်လန်က ပြောသည်။
“တန်အဒေါ်… ဒါ အရမ်းလွန်တယ်…” ရီဖူရှင်းက တန်လန်အား သနားစဖွယ် ကြည့်သည်။
အစ်ကိုကြီးနှင့် အစ်ကိုသုံးတို့က ယခု ပထမအဆင့် နိုဘယ်များ ဖြစ်နေကြပြီ ဖြစ်ကာ မကြာမီ ရှီအဆင့်ကိုပင် ရောက်တော့မည်။ သူတို့က အရှေ့မြေရိုင်း ဒေသ၏ ထိပ်ဆုံးတွင် ရပ်နေကြသူများ ဖြစ်ကြသည်။
“စားကြမယ်…” တန်လန်က ရီဖူရှင်းအား လျစ်လျူရှုထားသော အချိန်တွင် ဟွာဖန်းလူနှင့် နန်ဒူဝန်ယမ်တို့က ရယ်မောလိုက်ကြသည်။ ထို့နောက် သူတို့ မိသားစုက ညနေစာအား ပျော်ရွှင်စွာ စားသောက်ကြသည်။ သူတို့က ထိုသို့နွေးထွေးသော အချိန်အခါမျိုး မရှိခဲ့သည်မှာ တော်တော် ကြာခဲ့ပြီဖြစ်သည်။ သို့သော်လည်း စားပြီးသည်နှင့် သူ့အား နှင်ထုတ်လိုက်ကြခြင်း အပေါ် ရီဖူရှင်းက အမှန်ပင် ဆွံ့အရသည်။ ကံကောင်းစွာပင် ဟွာဖန်းလူက ဟွာဂျီယူအား သူ့ထံမှ မယူသွားခဲ့ပေ။ ရီဖူရှင်းက ဟွာဂျီယူအားခေါ်ကာ ကော့တေးကို ပြန်လာခဲ့သည်။
ကော့တေးကို ပြန်ရောက်ပြီးနောက် ရီဖူရှင်းက ဆရာဒူနှင့် သူ့စီနီယာများနှင့်အတူ စားသောက်သည်။ ထို့နောက် သူက ရီဝူချင်းနှင့် လျိုချန်းယွီတို့ထံကို သွားရောက်ကာ စကားပြောသည်။ သူတို့ မသိလိုက်မီတွင်ပင် ညနက်ချိန်ကို ရောက်သွားသည်။ လခြမ်းက ကောင်းကင်တွင် တွဲလဲခိုနေသည်။
ကော့တေး၏ နောက်ဘက်အခြမ်း တောင်စွန်းပေါ်ရှိ မြက်ခင်းတွင် ရီဖူရှင်းနှင့် ဟွာဂျီယူတို့က ထိုင်နေကြသည်။ ထူးခြားကာ သာယာသော သံစဉ်က တိတ်ဆိတ်သော ညနက်အား အသက်ဝင်စေသည်။ ဂီတက လှပသော်လည်း ဝမ်းနည်းဖွယ် ရှေးဟောင်း ပုံပြင်တစ်ပုဒ်ကို ပြောနေသည့်အလား ခံစားရစေသည်။
ကော့တေး တောင်ထိပ်၏ ရှေးဟောင်း သစ်ပင်ကြီး အောက်တွင် လူတစ်ယောက်က တိတ်ဆိတ်စွာ ရပ်နေသည်။ သူမ၏ အဖြူရောင် ဝတ်စုံက လေထဲတွင် လွင့်နေကာ သူမအား လရောင်အောက်မှ နတ်သမီးအလား ထင်မှတ်ရစေသည်။ ရှေးဟောင်း သစ်ပင်အား မှီ၍ နောက်တစ်ယောက်က တိတ်ဆိတ်စွာ ထိုင်နေသည်။ သူကလည်း တူညီစွာပင် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏မျက်နှာကလည်း လွန်စွာ ချောမောသည်။ အမှောင်ထုထဲတွင် သူက ရှေ့မှ မိန်းမပျိုအား ကြည့်လျှင် သူမက အဝေးကို ကြည့်နေသည်ကို သတိထားမိသည်။ လူငယ်ကလည်း သူမအား စကားမပြောဘဲ တိတ်ဆိတ်စွာပင် သူမကို အဖော်ပြု ပေးနေသည်။
“မောင်ငယ်လေးက အရမ်းတော်တယ်… ဒီလိုသံစဉ်မျိုးက ကောင်းကင်ဘုံမှာပဲ ရှိနိုင်တယ်…” မိန်းမပျိုက ပြောသည်။ သူကား အစ်မနှစ်ဖြစ်သူ ကျူးကော့ဟွေ ဖြစ်သည်။
“မင်း အိမ်ကို လွမ်းလား…” ဂူတုံးလျိုက မေးသည်။
“အဲဒီနေရာကို ငါက ဘာလို့ သတိရရမှာလဲ… ငါက အဲဒီနေရာက ထွက်လာပြီးမှတော့ ငါပြန်မသွားဘူး…” ကျူးကော့ဟွေက ပြန်ပြောသည်။
“တစ်နေ့ ငါမင်းကို ပြန်ခေါ်သွားမယ်…” ဂူတုံးလျိုက ပြောသည်။
“နင်လုပ်နိုင်မှာလား…” ကျူးကော့ဟွေက နောက်လှည့်ကာ သူ့ကို ကြည့်သည်။
ဂူတုံးလျိုက ဘာမှ မပြောတော့ပေ။ သူက လျှပ်တစ်ပြက်တွင် ပျောက်ကွယ်သွားပြီး ထိုနေရာမှ ထွက်သွားသည်။
ကျူးကော့ဟွေက ပျောက်ကွယ်သွားသော ပုံရိပ်အား ကြည့်သည်။ ခေါင်းမော့ကာ သူမက ကောင်းကင်မှ လခြမ်းကို ကြည့်သည်။
***
ကော့တေး၏ အမြင့်ဆုံး တစ်နေရာတွင် လူတစ်ယောက်က အရက်သောက်ကာ လဲလျောင်း နေသည်။ သူကား အဝတ်အစား စုတ်ချာစွာ ဝတ်ဆင်ထားသော အဘိုးအို တစ်ယောက် ဖြစ်သည်။ သူက အရက်သောက်ရင်းက ဂီတကို နားဆင်ကာ ဇိမ်ခံနေပုံရသည်။
“အူကီယိုကို ငါ့ဘဝမှာ နောက်တစ်ခါ ကြားရတာ တကယ် ကျေနပ်စရာ ကောင်းတယ်…” အဘိုးအိုက ရေရွတ်သည်။ ပြုံးလျက်ပင် သူက အတိတ်ကို ပြန်သတိရသည့်အလား အဝေးကို မျှော်ကြည့်သည်။
လွန်ခဲ့သော နှစ်သုံးရာခန့်က အူကီယို သံစဉ်နှင့်အတူ ထိုမျိုးဆက်တွင် မဟာဧကရာဇ်များ ပေါ်ထွက်လာခဲ့သည်။
အခုရော…။
***