အပိုင်း (၃၇၂)

လေ့ကျင့်ခြင်း

လစန္ဒာကလန် ပြီးနောက် ဓားသခင် တောင်ကလည်း သူတို့၏တပည့်များကို စာအုပ်တောင်သို့ ရွှေ့ပြောင်းခဲ့သည်။ အရှေ့မြေရိုင်း ဒေသတစ်ခုလုံး ထိုအဖြစ်ကို ကြည့်ကာ ထိတ်လန့်ရသည်။ ထိပ်သီးအင်အားစု နှစ်ခုက စာအုပ်တောင်ကို ရွှေ့ပြောင်းပြီးသော နောက်တွင် အရှေ့မြေရိုင်း ဒေသ၌ မဟာထိပ်သီး အင်အားစုတစ်ခု ဖြစ်ပေါ်လာသည်။

စာအုပ်တောင်တွင် ဖြစ်ပျက်ခဲ့သလိုပင် ဖူယွန်ဓားကလန်နှင့် တော်ဝင် ချန်ကျောင်းတော်တို့ ကလည်း ချင်ပြည်ထောင်ကို ရွှေ့ပြောင်းခဲ့ကြသည်။ ဓားသခင်ကသာ သူတို့ထံကို ရောက်လာပါက သူတို့၏အဆုံးသတ် ဖြစ်သွားမည်ကို ထိုအင်အားစု နှစ်ခုက သိကြသည်။

တစ်ချိန်တည်းတွင် ချင်ပြည်ထောင်က စာအုပ်တောင်အား စောင့်ကြည့်ရန် သူတို့၏ လူများစွာကို စေလွှတ်ထားကြသည်။ ကျောင်းတော်က ဒွန်ဟွာကလန် သို့မဟုတ် ချင်ပြည်ထောင်ကို ရုတ်တရက် လာရောက် တိုက်ခိုက်မည်ကို သူတို့ စိုးရိမ်ကြသည်။

အရှေ့မြေရိုင်း ဒေသက မဟာ အင်အားစုနှစ်ခု မွေးဖွားလာသော ခေတ်တစ်ခုကို ရောက်ရှိလာသည်။ အင်အားစုတစ်ခုက အနိုင်ရသွားသည်နှင့် ထိုအင်အားစုက အရှေ့မြေရိုင်းဒေသ၏ ဘုရင် ဖြစ်သွားနိုင်ပေသည်။ တခြား ထိပ်သီး အင်အားစုများ ဖြစ်ကြသော ချင်းရွှီဘုရားကျောင်း၊ မှော်ကလန်၊ ကျိမိသားစုတို့က အလွယ်တကူ မပါဝင်ရဲကြပေ။

လစန္ဒာကလန်မှ အဖြစ်အပျက်ကြောင့် ချင်ပြည်ထောင်က တခြား အဖွဲ့အစည်းများအား ထပ်မံ၍ မတိုက်ခိုက်တော့ပေ။ မဟုတ်လျှင် သူတို့က အင်အားစုများကို ကျောင်းတော်သို့ တွန်းပို့ရာ ရောက်သွား နိုင်ပေသည်။ သူက လစန္ဒာကလန်ကို သွားရောက်ခဲ့ခြင်းက ချူယောင်ယောင်အား ခေါ်ဆောင်ရန်နှင့် ဟွာဂျီယူအား ဖမ်းဆီးကာ  ရီဖူရှင်းကို အကျပ်ကိုင်ရန် ဖြစ်သည်။

ထို့ကြောင့် ချင်ယွီက လစန္ဒာကလန်က အကယ်၍ မဟာမိတ်ထဲကို မဝင်ရောက်ပါက ဖယ်ရှားရန် အထိပါ စိတ်ကူးခဲ့သည်။ သို့သော် ဓားသခင်က ထိုနေရာတွင် စောင့်နေမည်ဟု သူ မထင်မှတ်ထားပေ။

ထိုတိုက်ပွဲတွင် ဖူယွန်ဓားကလန်မှ တောင်ကုန်း သခင်များနှင့် တော်ဝင် ချန်ကျောင်းတော်မှ အရှင်များက အသတ်ခံခဲ့ရသည်။ ထိုကိစ္စဖြစ်ပြီး နောက်ပိုင်း အင်အားစုများက တစ်နေရာတည်းတွင် စုစည်းခဲ့ရာ နှစ်ဖက်လုံးက ပိုမိုအားကောင်း လာခဲ့သည်။ ထို့ကြောင့်ပင် နှစ်ဖက်လုံးက အလွယ်တကူ မလှုပ်ရှားကြတော့ဘဲ တိတ်ဆိတ် ငြိမ်သက် သွားကြပြန်သည်။

ပြောကြသည်မှာ ချင်ပြည်ထောင်က သူတို့ မဟာမိတ်၏ စွမ်းအား အမြင့်ဆုံး လူများကို သူတို့၏ဘိုးဘေး အုတ်ဂူထဲကို ဝင်ခွင့်ပေးကာ အဆင့်တက်အောင် ကြိုးစား စေသည်ဟု ဆိုကြသည်။ သူတို့က တိုက်ပွဲ တစ်ခုတည်းဖြင့် အားလုံးကို အဆုံးသတ်လို နေကြဟန် ရသည်။

စာအုပ်တောင်ကလည်း လွန်စွာ စည်ကားနေသည်။ အဓိက အင်အားစုသုံးခုက အတူတူ နေထိုင်ကာ လေ့ကျင့်ကြရာ စိတ်ဝင်စားဖွယ် အဖြစ်အပျက်များ ကလည်း နေ့တိုင်း ရှိနေသည်။ များစွာသော လူငယ်များကလည်း လေ့ကျင့်ရာတွင် တစ်ယောက်ကို တစ်ယောက် ကူညီကြသည်။ ထို့အပြင် လစန္ဒာကလန်မှ​ မိန်းမချောများမှာလည်း ပိုးပန်းခံနေရသည်။

***

ကောင်းကင်ပြက္ခဒိန် ၁၀၀၀၃ခုနှစ်မြောက်၏ နောက်ဆုံးနေ့က အနှောင့်အယှက် ကင်းမဲ့စွာဖြင့် တဖြည်းဖြည်း နီးကပ်လာသည်။ ဤနှစ်တွင် အရှေ့မြေရိုင်းဒေသ၌ အဓိက အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့သည်။ တစ်နှစ်ပတ်လုံး ဆူညံ လှုပ်ရှားနေသော အရှေ့မြေရိုင်း ဒေသက လောလောဆယ်တွင် တိတ်ဆိတ် အေးချမ်းနေသည်။ သို့သော် အမှန်တကယ် အားဖြင့် တကယ့်မုန်တိုင်းက ရောက်လာရန် လိုသေးသည်ကို လူတိုင်း သိကြသည်။

ကော့တေးတွင် ရီဖူရှင်းက သူ၏နေ့ရက်များကို အေးချမ်းစွာ ဖြတ်သန်းနေရသည် မဟုတ်ပေ။ သူ့အား ဆရာဒူက နေ့တိုင်း အတင်း လေ့ကျင့်ခိုင်း ထားသည်။ ကံကောင်းစွာပင် သူက ဂျီယူနှင့်အတူ လေ့ကျင့်ရသည်။ သူက မောပန်းသည့် အခါတိုင်း သူမကို ကြည့်ကာ အားတင်းရသည်။

“ဆရာ… ကျွန်တော်က ဒီနှစ်ရဲ့ နောက်ဆုံး နေ့မှာတောင်မှ အနားယူလို့ မရဘူးလား…” ရီဖူရှင်းက အငူစွန်းပေါ်တွင် ထိုင်ကာ တိမ်ပင်လယ်ကို ကြည့်ပြီး အရက် သောက်လျက် စည်းစိမ်ခံနေသာ ဆရာဒူကို ပြောသည်။

“မင်းက အရမ်း အားနည်းပြီးတော့ အနားယူဖို့ကို နေ့တိုင်း တွေးနေတယ်…” အဘိုးအိုက နောက်ဘက်ကို လှည့်ကာ ပြောသည်… “မှော်တိုက်ကွက်တွေ အခြေအနေ…”

“ဆရာ… ဒီတိုက်ကွက်တွေက အရမ်းလွယ်တယ်…. ကျွန်တော့်ရဲ့ ပါရမီကို မယုံဘူးလား…” ရီဖူရှင်းက မသက်မသာဖြင့် ပြောသည်။

“ပါရမီ… မင်းမှာ ပါရမီပါလို့လား…” အဘိုးအိုက အထင်သေးစွာ ပြောသည်။ ထို့နောက် သူက ထရပ်ကာ ရီဖူရှင်းထံကို လျှောက်လာသည်… “မင်းက ကိုယ့်ကိုယ်ကိုယ် အရမ်း တော်တယ် တတ်တယ် ထင်နေတယ်… မင်းရဲ့ ယုံကြည်မှုက ဘယ်က လာတာလဲ ငါသိချင်တယ်…”

“ဒါပေမဲ့ ဒီ မှော်ပညာတွေက တကယ်ပဲ လွယ်တယ်…” ရီဖူရှင်းက ပြန်ငြင်းသည်… “ဆရာက တကယ်ပဲ စာပေတိုက်ထဲက စာအုပ်တွေ အကုန်လုံးကို သင်ပေးချင် နေတာလား…”

အဘိုးအိုက သူ၏အင်္ကျီရင်ဘတ် ကြားထဲက စာအုပ်တစ်အုပ်ကို ထုတ်ယူကာ ရီဖူရှင်းအား ပြစ်ပေးလိုက်သည်… “အဲဒါတွေက အရမ်းလွယ်တယ်လို့ မင်းထင်ရင် ဒါကို စမ်းကြည့်…”

“ပြဿနာမရှိဘူး…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ထို့နောက် သူက စာအုပ်ကို ကောက်ကိုင်ကာ စတင် ဖတ်လိုက်သည်။ တဖြည်းဖြည်းဖြင့် သူ၏အမူအရာ ပြောင်းလာသည်။ သူက အပြုံးကလည်း ပျောက်ကွယ်သွားကာ သူ၏ မျက်နှာက လွန်စွာ လေးနက်သွားသည်။ ဟွာဂျီယူက ဘေးမှနေ၍ ရီဖူရှင်းကို စိတ်ဝင်စားစွာ ကြည့်သည်။ ဆရာက သူ့ကို ဘာပေးလိုက်သနည်း။

ဟွာဂျီယူက ကော့တေးကို ရောက်ကတည်းက သူမက ဆရာဒူ၏ လက်အောက်တွင် ရီဖူရှင်းနှင့်အတူ လေ့ကျင့်နေခဲ့သည်။ သူတို့နှစ်ယောက်လုံးက ဓာတ်စွမ်းအား မျိုးစုံသုံး မှော်ထိန်းချုပ်သူများ ဖြစ်ကြကာ အကာနာ အဆင့်တွင်လည်း ဖြစ်၏။ ဆရာဒူက သူတို့နှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်း သင်ပေးရန် လွန်စွာ လွယ်ကူသည်။

ရုတ်တရက် ရီဖူရှင်းက ခေါင်းမော့ကာ ပြောသည်… “ဒါက တကယ်ပဲ မှော်ပညာလား…” သူက အငူစွန်းပေါ်သို့ ပြန်သွားကာ ထိုင်နေသော ဆရာဒူကို လှမ်းမေးသည်။

“မင်းက ကိုယ်မလုပ်နိုင်တာကို သံသယ မဝင်ရဘူး… မင်းက အရမ်း ကောင်းတယ်ဆို… ဒီလိုမျိုးလား…” အဘိုးအိုက မျက်လုံးမှေးလျက် ပြောသည်။

ရီဖူရှင်းက အဘိုးအိုအား မျက်လုံးပြူးလျက် ကြည့်သည်။ သူက တမင် လုပ်နေသည်မှာ သေချာသည်။

ရီဖူရှင်း လုံးဝ ဆွံ့အနေသည်။ သူက ဆရာဒူ၏လက်အောက်တွင် စတင် လေ့ကျင့် ကတည်းက နေ့တိုင်း အရှက်ခွဲခံရသည်။ ထိုအရာက သူ၏တကယ့်ဆရာလား…။ သူ၏ယောက္ခမက သူ့ကို တစ်ခါတစ်ရံ အရှက်ခွဲတတ် သော်လည်း ဆရာဒူက အဆမတန် ဆိုးရွားပေသည်။

ထိုသို့တွေးကာ ရီဖူရှင်းက ခေါင်းငုံ့လျက် စာအုပ်ကို ဆက်ဖတ်သည်။ ထို့နောက် သူက မျက်လုံးမှိတ်လျက် မှော်တိုက်ကွက်အား ထုတ်လွှတ်ရန် ကြိုးစားသည်။ သစ်သား ဓာတ်စွမ်းအင်မှ ဖြစ်ပေါ်လာသော နွယ်ပင်များက ကောင်းကင်သို့ တရွှီးရွှီး မြည်ကာ ထိုးတက် သွားကြသည်။ ထိုနွယ်ပင်များတွင်လည်း ရွှေအိုရောင်နှင့် လေဓာတ် သဘာဝများကို တွေ့ရသည်။

“မဟုတ်ဘူး…” ရီဖူရှင်းက ခေါင်းယမ်းကာ ဆက်၍ ကြိုးစားသည်။ သူက နောက်တစ်ကြိမ် ကျရှုံးပြန်သည်။ သူက တစ်ကြိမ်ပြီး တစ်ကြိမ် မအောင်မြင်သော်လည်း ဆက်လက်၍ ကြိုးစားသည်။

သူ့ရှေ့မှ ဟွာဂျီယူက စာအုပ်ကို ကောက်ကိုင်ကာ ဖတ်လိုက်သည်။ သူမ၏ မျက်လုံးများက အံ့အားသင့်ဟန်များ ပေါ်လာသည်။ သူမက မှော်တိုက်ကွက်များ ပေါင်းစပ်မှုများကို တွေ့ဖူးသော်လည်း ဤသို့သော မှော်ပညာကို တစ်ခါမှ မတွေ့ဖူးပေ။ မှော်တိုက်ကွက် တစ်ခုတည်းတွင် ကွဲပြားသော ဓာတ်စွမ်းအင်များကို ဆက်တိုက် သုံးစွဲ၍ ထုတ်လွှတ်၍ အမှန်တကယ်ကော ရနိုင်ပါ့မလား…။

သဘာဝ ဓာတ်စွမ်းအင်များက သဘာဝအရ သီးခြား ရပ်တည်ကြလေ့ ရှိသည်။ မှော်ပညာရှင်က တိုက်ကွက်၏ ဖျက်အားကို ပိုမို အားကောင်းစေရန် မှော်တိုက်ကွက် နှစ်ခုကို အဆက်မပြတ် ထုတ်လွှတ် တတ်သည်။ ဥပမာ သူက ဖျက်ဆီးအား အလေးပေး တိုက်ကွက်ကို ထုတ်လွှတ်ရာတွင် အမြန်နှုန်းကို ပိုမို အားကောင်းစေရန် လေဓာတ်မှော်ပညာကို ထည့်သွင်း ထုတ်လွှတ်တတ်သည်။ တစ်ခါတစ်ရံ လျှပ်စီး တိုက်ကွက်ကို ပူးတွဲ ထုတ်လွှတ်တတ်သည်။ ထိုအရာများကို အလွယ်တကူ လုပ်၍ ရပေသည်။

သို့သော်လည်း ဆရာဒူက ရီဖူရှင်းကို ပေးသော နည်းစနစ်က ကွဲပြား ခြားနားပေသည်။ မှော်တိုက်ကွက်က မတူကွဲပြားသော သဘာဝ ဓာတ်စွမ်းအင်သုံးမျိုး ပေါင်းစပ်ခြင်းမှ ဖြစ်ပေါ် လာရမည်။ သူတို့က ထိုအရာကို တန်ခိုးအဆင့် ပိုမိုမြင့်မားသော အခါတွင်မှ လုပ်နိုင်လောက် ပေသည်။ ထိုအရာက အကာနာအဆင့်က အမှန်တကယ် လုပ်နိုင်သော အရာလား…။

ရီဖူရှင်းကို ထိုနည်းစနစ်ကို အမှန်တကယ် လေးနက်စွာ လေ့ကျင့်နေသည်။ ဆရာဒူကမူ မြေပြင်တွင် လဲလျောင်းကာ စားလိုက် သောက်လိုက်ဖြင့် ဇိမ်ကျနေသည်။ သူက တစ်ခါတစ်ရံ ရီဖူရှင်းကို ကြည့်ကာ ပြုံးသေးသည်။

အတန်ကြာလျှင် ရီဖူရှင်းက ရပ်တန့်လိုက်သည်။ အငူစွန်းဘက်ကို လှမ်းကြည့်ကာ သူက သံသယရှိစွာ မေးလိုက်သည်… “ဆရာက ကျွန်တော့်ကို အကာနာထက်မြင့်တဲ့ အဆင့်ကလူတွေ လေ့ကျင့်တဲ့ နည်းစနစ်ကို ပေးတာလား…”

“မင်းက မလုပ်နိုင်ရင် ဝန်ခံလိုက်… ဒီလောက် ပါရမီလေးနဲ့ မင်းက ဘာလို့ ဒီလောက် မောက်မာရလဲ ငါ နားမလည်ဘူး… ငါ့မှာ ဒီလို တပည့်ဆိုး တစ်ယောက် ဘာလို့ ရှိရတာလဲ… ဟင်း…” အဘိုးအိုက သက်ပြင်းချသည်။ ရီဖူရှင်း အံကြိတ်လိုက်သည်။ ထိုအဘိုးကြီး… ။

အဘိုးအိုက ပြုံးလျက်ပင် ရီဖူရှင်းကို လှမ်းမေးလိုက်သည်… “မင်း သင်ချင်လား…”

“ဟုတ်ကဲ့…” ရီဖူရှင်းက စိတ်ထဲမှကျိန်ဆဲ နေသော်လည်း သူ၏မျက်နှာက ပြုံးနေသည်။

“ဒါပဲလား…” အဘိုးအိုက ပြောသည်။

“ကျွန်တော်က ပါရမီမပါဘူး ဆိုတာ သိပါတယ်… ဆရာ… ကျွန်တော့်ကိုသင်ပေးပါ…”

ဒီတစ်ခါတော့ သူ သည်းခံ လိုက်ဦးမည်…။

“မင်းက အမှန်တရားကို သိမှတော့ ကယ်လို့ ရသေးတယ်…” အဘိုးအိုက ဖြည်းညင်းစွာ ထရပ်သည်။ ရီဖူရှင်း အနီးကို ကပ်၍ သူက ပြောသည်… “မင်းက မှော်ပညာရှင် ဖြစ်တယ်ဆိုပေမဲ့ မင်းက အခြေခံပဲ သိသေးတယ်… တကယ့်မှော်ပညာက ဘာလဲ ဆိုတာကိုတောင် မင်းမသိဘူး… စိတ်ဝိညာဉ် စွမ်းအင်ကို သဘာဝစွမ်းအင်နဲ့ ဆက်သွယ်ပြီးတော့ သူတို့ကို ပေါင်းစပ်တာက အလွယ်ဆုံး နည်းဖြစ်ပေမဲ့ ဒါက အသုံးမဝင်တဲ့ မှော်ပညာရှင်ပဲ ဒါတွေကို လုပ်တာ…”

“လောကမှာ ရှိတဲ့ သဘာဝ စွမ်းအင်တွေက ကွဲပြား ခြားနားတဲ့ စုတ်ချက်တွေနဲ့ တူတယ်… မင်းက သူတို့ကို ပေါင်းစပ်ပြီးတော့ စာလုံးတွေ ဖြစ်အောင် ရေးရမယ်… ပြီးတော့မှ ဘာသာစကား ဖြစ်အောင် ပြောင်းလဲရမှာ… သူတို့ကို ပေါင်းစပ်ဖို့ နည်းလမ်းတွေက မရေမတွက် နိုင်အောင် ရှိပြီးတော့ ကွဲပြားခြားနားတဲ့ ပေါင်းစပ်မှုတွေက ကွဲပြားတဲ့ မှော်တိုက်ကွက်တွေကို ထုတ်လွှတ်နိုင်တယ်… အရမ်းထူးချွန်တဲ့ မှော်ပညာရှင်တွေက စာလုံး တစ်လုံးစီတိုင်းကို ထိန်းချုပ်ရာမှာ ကျွမ်းကျင်ကြပြီးတော့ များစွာသော မှော်တိုက်ကွက်တွေကို အလွယ်တကူ ထုတ်ဖော်နိုင်တယ်… ဒါကြောင့် မင်းက ထောင်ကျော်တဲ့ မှော်တိုက်ကွက်တွေကို သိနားလည်ဖို့ လိုတယ်… ဒီတော့မှ​ မင်းက ပိုပြီး တီထွင် ဖန်တီးနိုင်ပြီး မှော်တိုက်ကွက် အသစ်တွေကိုတောင် ဖန်တီး နိုင်လာလိမ့်မယ်…” ရီဖူရှင်းနှင့် ဟွာဂျီယူတို့က သေသေချာချာ နားထောင် နေကြသည်။

“သဘာဝ စွမ်းအင်တွေက မှော်ပညာနဲ့ စာလုံးတွေအကြား တံတားတစ်ခု ဖြစ်တယ်… အကာနာတန်ခိုးရှင်တွေက သူ့ရဲ့စိတ်ကို လောကနဲ့ ပေါင်းစပ်နိုင်တယ်… မင်းက တိုက်ကွက် တစ်ခုကို ထုတ်လွှတ်တာနဲ့  သဘာဝ စွမ်းအင် စာလုံးတိုင်းကို စိတ်ထဲမှာ ချက်ချင်း မြင်နိုင်အောင် လုပ်ဖို့လိုတယ်… သူတို့က မင်းရဲ့ ခြေတွေ လက်တွေလိုပဲ မင်းရဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေက နေရာတိုင်းမှာ ရှိမယ်… မင်းက တစ်ချက် တွေးလိုက်တာနဲ့ သဘာဝ စွမ်းအင်တွေက ရွေ့လျား လိမ့်မယ်…”

“မင်း နားလည်ပြီလား…” အဘိုးအိုက မေးသည်။

ရီဖူရှင်းနှင့် ဟွာဂျီယူတို့ နှစ်ယောက်လုံးက အတွေးနက်နေသည်။ သူတို့က ယခုမှ​ ကြားဖူးသော ထိုနည်းစနစ်များကို အသားကျရန် ကြိုးစားနေရသည်။

“မင်းက နိုဘယ်အသိကို နားလည် ထားပြီးပြီ မလား… ဒီလို ရိုးရှင်းတဲ့ ကိစ္စကိုတောင် နားမလည်ဘူးလား…” အဘိုးအိုက အထင်သေးစွာ ပြောသည်။

ရီဖူရှင်း မှင်တက်သွားသည်။ သူက မီးဓာတ် အသိထဲတွင် ပါဝင်သော နိုဘယ်အသိကို ပြန်တွေးကာ မမြင်ရသော စွမ်းအားတစ်ခုကို ခံစားမိခြင်းကို ပြန်တွေးမိသည်။ ထိုအရာက ဆရာပြောသည်နှင့် ဆင်တူပေသည်။ လိပ်မင်း တောင်ပေါ်တွင် သူက ပိုမို၍ ထူးဆန်းသော စွမ်းအားကို ခံစားမိသည်။ ထိုအရာက လောက၏စည်းမျဉ်းနှင့် ဆင်တူသည်။

“ရှီတန်ခိုးရှင်ကရော…” ရီဖူရှင်းက ရုတ်တရက် ထမေးသည်။

“ရှီ…” အဘိုးအိုက ရီဖူရှင်းအား ပြောသည်… “ရှီတန်ခိုးရှင် တစ်ယောက်က မင်းကို အတွေး တစ်ခုတည်းနဲ့တင် သတ်နိုင်တယ်…”

ရီဖူရှင်း၏ မျက်လုံးများက အရောင်လက် သွားသည်။

“မင်း မယုံဘူးလား … မင်းရဲ့အစ်ကိုကြီးက ဒီမှာ ရှိတယ်… မင်းကို ရှီတစ်ဝက် တန်ခိုးရှင်ရဲ့ ဓားနှစ်လက်အသိကို ခံစားကြည့်ခိုင်းလို့ ရတယ်…” ဆရာဒူက အဝေးကို ကြည့်ကာ ပြောသည်။ ဓားသခင်က လျှောက်လာရင်းက ပြုံးလျက်  ပြောသည်… “ဆရာ… ဒီနေ့က နှစ်ကုန်နေ့ပဲ… ညီငယ်လေးကို သင်ပေးနေတုန်းပဲလား…”

“ဒီအကောင်က ပါရမီနည်းပြီးတော့ ကိုယ့်ဟာကိုယ် ဟုတ်လှပြီ ထင်နေတယ်… အပြင်မှာ ငါမျက်နှာပျက်မှာကို ကာကွယ်ဖို့အတွက် ဒီလို ပျင်းရိစရာ ပညာသင်ပေးတဲ့ အလုပ်ကို လုပ်နေရတယ်…” ဆရာဒူက သက်ပြင်းချသည်… “မင်းလည်း ကြားတာပဲ… သူ ခံစားကြည့်ပါစေ…”

“ကောင်းပြီ…” ဓားသခင်က ခေါင်းညိတ်ကာ ရီဖူရှင်းအား ကြည့်သည်… “ညီငယ်လေး… သတိထား…”

“ဟုတ်ကဲ့… အစ်ကိုကြီး…” ရီဖူရှင်းက ခေါင်းညိတ်သည်။

ဓားသခင်က သူ၏အသိကို ထုတ်ဖော်လိုက်သည်။ ချက်ချင်းပင် ရီဖူရှင်းက မဆုံးနိုင်သော အေးစိမ့်မှုများ သူ၏ခန္ဓာကိုယ်ထဲကို တိုးဝင်လာသည်ကို ခံစားရကာ သူ၏နဖူးမှ ချွေးစေးများ ထွက်ပေါ်လာသည်။

ထိုအခိုက်တွင် သူ့အား ဓားနှစ်လက် အသိက ဖုံးအုပ်သွားသည်။ သူ၏ခန္ဓာကိုယ်က ထိုအသိအောက်တွင် ပျက်စီး သွားတော့မည်ကဲ့သို့ သူခံစားရသည်။ အကယ်၍ အစ်ကိုကြီးက သူ့အား သတ်လိုပါက အတွေးတစ်ချက်မျှသာ လိုသည်ဟု သူခံစားရသည်။ ထိုခံစားချက်က စက္ကန့်ပိုင်းမျှသာ ကြာကာ ပျောက်ကွယ် သွားသည်။ အချိန်ခဏလေး အတွင်းတွင်ပင် ရီဖူရှင်း၏ နောက်ကျောက ချွေးစေးများနှင့် ပြည့်သွားသည်။ သူက ငရဲမှ ခုနကမှ လွတ်မြောက် လာသူနှင့် တူသည်။

ရီဖူရှင်း၏ အမူအရာကို မြင်လျှင် ဆရာဒူက ပြောသည်… “ကြိုးစား… သိပ်မပျင်းနဲ့…” ထို့နောက် သူနှင့် ဓားသခင်တို့က အတူတူ ထွက်ခွာ သွားကြသည်။ သို့သော် ရီဖူရှင်းက ထိုနေရာတွင်ပင် မလှုပ်မယှက် ရပ်နေ၏။

အဝေးတွင် ဓားသခင်က ရယ်မောလျက် ပြောသည်… “ဆရာ… ညီငယ်လေးက အရမ်းကို ထူးချွန်နေပြီးပါပြီ… ဘာလို့ ဒီလို ထိုးနှက်ချက်မျိုး ပေးဖို့ လိုတာလဲ…”

“သူက တော်တော် မောက်မာပြီးတော့ အများကြီး သင်ဖို့လိုသေးတယ်…” ဆရာဒူ၏ မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset