သူမ၏ရှေ့မှ မြင်ကွင်းကို သတိထားမိကာ ချူယောင်ယောင်က ခေါင်းအနည်းငယ် ငုံ့လိုက်သည်။ တစ်နှစ်ခန့် အကြာက သူမကလည်း လစန္ဒာကလန်၏ ပါရမီရှင်ဖြစ်ခဲ့ကာ အဖော်များအကြား ထင်ရှားခဲ့သည်။ ချင်လီအား သိပြီးနောက်တွင် သူမက ချင်ပြည်ထောင်၏ ဘုရင်မဖြစ်ရန် အခွင့်အရေး ရှိလာခဲ့သည်။ သို့သော်လည်း ကံကြမ္မာက ရက်စက်စွာဖြင့် သူမအား ရီဖူရှင်းကို ချစ်ခင် နှစ်သက်စေခဲ့သည်။
ယခု ဟွာဂျီယူက လစန္ဒာကလန်၏ သမီးတော်အဖြစ် အစားထိုးခဲ့သည်။ ထို့အပြင် လစန္ဒာကလန် တစ်ခုလုံးက စာအုပ်တောင်ကို ရွှေ့ပြောင်းခဲ့ကြရာ ဟွာဂျီယူက အာရုံစိုက်မှု အားလုံးကို သူမထံမှ ယူသွားသည်။ ထိုသို့တွေးကာ ချူယောင်ယောင်က မှိုင်တွေသွားသည်။
မှန်သည်… လက်ရှိတွင် မည်သူမှသူမ၏ ခံစားချက်အား အရေးလုပ်ကြမည် မဟုတ်ပေ။ ရီဖူရှင်းက ဟွာဂျီယူ၏ဘေးတွင် ပေါ်လာသောအခါ အရှေ့မြေရိုင်းဒေသ၏ အလှဆုံးထဲမှ တစ်ယောက်ဖြစ်သော သူမ၏ တည်ရှိခြင်းက ပျောက်ကွယ် သွားသည်ဟု ထင်ရသည်။
ကောင်းကင်တွင် ကျူးကော့ဟွေက ရီဖူရှင်းအား ပြုံးလျက် ကြည့်သည်။ ထို့နောက် သူမက မြေပြင်ကို ဆင်းသက်ကာ နတ်မိမယ်ဝမ့်ယွီအား ပြောသည်…“ကျောင်းတော်က ကြိုဆိုပါတယ်…”
“အနှောင့်အယှက် ပေးမိပြီ…” နတ်မိမယ်ဝမ့်ယွီက ပြောသည်။
“ဆရာက ကျောင်းအုပ်ကြီးကို သွားတွေ့တယ်… နတ်မိမယ်… ဘာအစီအစဉ်တွေများ ရှိလဲ…” ကျူးကော့ဟွေက မေးသည်။ ဆရာဒူက လစန္ဒာကလန်အား မည်သို့ နေရာချမည်ကို ကျောင်းအုပ်နှင့် ဆွေးနွေးရန် ထွက်သွားသည်။ မည်သို့ဆိုစေ လစန္ဒာကလန်ကလည်း ထိပ်သီးအင်အားစု တစ်ခုဖြစ်ကာ ကျောင်းတော်ထက် အရေအတွက် နည်းခြင်း မရှိပေ။
“ကျွန်မက ဆရာဒူရဲ့ သဘောထားကို စောင့်နေပါ့မယ်…” နတ်မိမယ်ဝမ့်ယွီက ပြောသည်။ အမှန်တကယ်အားဖြင့် လစန္ဒာကလန်က ကျောင်းတော်အား အကူအညီ တောင်းခြင်း ဖြစ်ရာ နောက်ထပ် ဘာကိုမှ ထပ်မံ တောင်းဆိုမည် မဟုတ်ပေ။
သို့သော်လည်း ကျောင်းတော်၏ ဆက်ဆံရေးက ချင်ပြည်ထောင်နှင့် ကွာခြားလွန်း လှပေသည်။ ဓားသခင်၏ အပြုအမူမှ သူတို့က ရှင်းလင်းစွာ သိမြင်နိုင်ပေသည်။ ယခု ကျူးကော့ဟွေ၏ ရင်းနှီးဖော်ရွေမှုက သူမ၏စိတ်အား သက်သာရာ ရစေသည်။
“ကောင်းပြီ… ကျွန်မက ရှင့်ကို အဖော် လုပ်ပေးပါ့မယ်…” ကျူးကော့ဟွေက ပြုံးလျက် ပြောသည်။
ရုတ်တရက် ရီဖူရှင်းက အော်သည်… “အစ်မနှစ်…” ကျူးကော့ဟွေက ပြုံးလျက် သူ့ကို ကြည့်သည်။ ရီဖူရှင်းက ရှက်ရွံ့စွာ ပြောသည်… “အစ်မနှစ်… ဆရာ့ကို တစ်ခု ပြောပေးပါလား…”
ရီဖူရှင်း၏ အမူအရာကို မြင်လျှင် ကျူးကော့ဟွေက သူဘာကို တွေးနေသည်ကို သိလိုက်သည်… “ဆရာကို မင်းကိုယ်တိုင် ပြောလိုက်…”
“အာ…” ထိုအဘိုးကြီးက သဘောတူမည်လော။
ကျူးကော့ဟွေက ရီဖူရှင်းအား မျက်လုံးပြူးလျက် ကြည့်သည်… “မင်းက ဆရာကို စိတ်ဆိုးအောင် လုပ်ထားလို့လား… စိတ်မပူနဲ့ … ဒီလိုသေးငယ်တဲ့ တောင်းဆိုမှုကို ဆရာက သဘောတူပေးမှာပဲ…”
“ကျေးဇူးပါ … အစ်မနှစ်…” ရီဖူရှင်းက တောက်ပစွာ ပြုံးလိုက်သည်။ ကျူးကော့ဟွေထံမှ ဤစကားများကို အာမခံရမှတော့ သူက ထပ်မံ၍ စိတ်မပူတော့ပေ။ ထိုအဘိုးကြီးက သဘောမတူလျှင် သူက အစ်မနှစ်အား အပူကပ်မည်…။
လစန္ဒာကလန်မှ လူများက ဟွာဂျီယူအား မနာလိုစွာ ကြည့်ကြသည်။ ကြည့်ရသည်မှာ သူမက ကော့တေးတွင် လေ့ကျင့်တော့မည့်ပုံပင်။ ရီဖူရှင်းနှင့် ပတ်သက်မှု ရှိခြင်းက အမှန်ပင် ကောင်းမွန်ပေသည်။ မည်သို့ဆိုစေ လက်ရှိတွင် ဟွာဂျီယူက လစန္ဒာကလန်၏ သမီးတော်ဖြစ်ရာ သူမက ဆရာဒူ၏လက်အောက်တွင် လေ့ကျင့်ခြင်းက ကောင်းသော ကိစ္စဖြစ်ပေသည်။
***
ကျောင်းတော်၏ ပထမတောင်ကား စာအုပ်တောင်၏ အမြင့်ဆုံးတောင် ဖြစ်ပေသည်။ ထိုသီးသန့် တောင်ပေါ်တွင် များစွာသော ရှေးဟောင်း နန်းဆောင်များ တည်ဆောက် ထားသည်။ ထို့အပြင် များစွာသော လိုဏ်ဂူများလည်း ရှိကာ တန်ခိုးကျင့်ရန် လွန်စွာ သင့်တော် ကောင်းမွန်လှသည်။
ကျောင်းတော်၏ ပထမတောင်ကုန်း ဖြစ်သည့်အလျောက် ဤနေရာမှ အထောက်အကူ ပစ္စည်းများမှာ အကောင်းဆုံး ဖြစ်သည်။ တောင်ထိပ်တွင် အင်းကွက်များစွာ ပြုလုပ်ထားကာ ဘာမှ မရှိဘဲ ရိုးရှင်းလှသော ကော့တေးနှင့်ယှဉ်လျှင် လွန်စွာ ခမ်းနား ကြီးကျယ်လှသည်။
ပထမတောင်ကုန်းပေါ်ရှိ အဆောင်တစ်ခုတွင် လူနှစ်ယောက် ရှိနေသည်။ တစ်ယောက်က မီးခိုးရောင်အင်္ကျီကို ဝတ်ဆင်ထားသော အဘိုးအို တစ်ယောက်ဖြစ်သည်။ သူ့တွင် ရှည်လျားသော ဆံပင်နှင့် မုတ်ဆိတ်မွေးများ ရှိသည်။ သူ့ရှေ့တွင်ကား ချောမောသော လူငယ်တစ်ယောက် ရှိသည်။ သူကား ပထမ တောင်ကုန်း၏တပည့် ဘေလိရှာ ဖြစ်သည်။
ရုတ်တရက် တစ်စုံတစ်ယောက်က အော်လိုက်သည်… “စီနီယာ…” ထို့နောက် ရိုးရှင်းသော အဝတ်အစားကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက် လျှောက်လာကာ မီးခိုးရောင်ဝတ် အဘိုးအိုအား အော်လိုက်သည်… “စီနီယာ… မတွေ့တာတောင် အတော်ကြာပြီ… ခင်ဗျားက အခုထိ ကျန်းမာနေတုန်းပဲ…”
မီးခိုးရောင်ဝတ် အဘိုးအိုက သူ့အား ကြည့်လိုက်သည်။ အေးစက်သော မျက်နှာဖြင့် သူက ပြန်ပြောသည်… “မင်းက ငါရှိနေမှန်း သိသေးတာကိုး… ဘယ်လို ရှားရှားပါးပါး အလေတိုက်ပြီး ရောက်လာတာလဲ…”
မီးခိုးရောင်ဝတ် အဘိုးအိုက ကျောင်းတော် ကျောင်းအုပ် ဖြစ်သည်။ ယခုမှ ရောက်လာသူက ဆရာဒူဖြစ်သည်။
“စီနီယာ… ဘာကိုဆိုလိုတာလဲ… ကျွန်တော် အပြင်မှာ ရောက်နေတုန်း ခင်ဗျား အကြောင်းကို ခဏခဏ တွေးဖြစ်တယ်…” ဆရာဒူက ပြောသည်။
“ဟုတ်လား…” ကျောင်းအုပ်က အေးစက်နေဆဲ ဖြစ်သည်… “ဒါဆို မင်းက ပြန်ရောက်တာ တော်တော် ကြာပြီးမှ ဘာလို့ အခုမှ ငါ့ဆီ ရောက်လာရတာလဲ… လစန္ဒာကလန်ကြောင့်လား…”
“ကျုပ်က ခင်ဗျားဆီကို အခု လာလည်တာလေ… လစန္ဒာကလန်က အသေးအမွှား ကိစ္စပါ…” ဆရာဒူက ပြောသည်။
“ဟ” ကျောင်းအုပ်က နှာခေါင်းရှုံ့သည်။
“ဆရာ… ဆရာဦးလေး… ကျွန်တော် အရင်သွားပါဦးမယ်…” ရုတ်တရက် ဘေလိရှာက ဆရာဒူနှင့် ကျောင်းအုပ်ကို ဦးညွှတ်ကာ ထွက်သွားသည်။ ဆရာဒူနှင့် သူ့ဆရာက တွေးတဲ့ အချိန်တိုင်း တင်းမာနေတတ်ကာ သူကလည်း ဘာကြောင့် ထိုသို့ ဖြစ်နေသည်ကို နားမလည်ပေ။ သို့သော် ဘာဖြစ်ဖြစ် သူပါဝင် မပတ်သက်သည်မှာ အကောင်းဆုံး ဖြစ်သည်။ ဆရာဒူက လွန်စွာ ထူးဆန်းကာ ပထမတောင်ပေါ်သို့ ရှားရှားပါးပါး တစ်ခါတစ်ရံမျှသာ ပေါ်လာတတ်သည်။ သူပင်လျှင် ဆရာဒူကို အကြိမ် အနည်းငယ်သာ တွေ့ဖူးသည်။
“စီနီယာ… ဒီနှစ်တွေမှာ ပထမတောင်က ပိုပြီး ကြီးကျယ် ခမ်းနားလာတယ်… ဒါပေမဲ့ ခင်ဗျားမှာ တပည့်နည်းနည်းပဲ ရှိတယ်… ခင်ဗျားက ဒီထက် လူနည်းနည်း ပိုများတာ ကောင်းမယ်လို့ ကျုပ်ထင်တယ်…” ဆရာဒူက ညင်သာစွာ ပြောသည်။
“ငါ့မှာ လုံလောက်တဲ့ တပည့်တွေ ရှိနေပြီ… ကော့တေးမှာ တပည့် ဘယ်နှယောက် ရှိလို့လဲ… မင်းက ကလန်တစ်ခုလုံးကို ယူတာ ပြဿနာ ရှိမယ်လို့ ငါမထင်ဘူး…” ကျောင်းအုပ်က နှာခေါင်းရှုံ့သည်။ ဆရာဒူက လစန္ဒာကလန် တစ်ခုလုံးကို စုစည်းကာ သူ့အား ပေးအပ်လိုနေသည်။
“စီနီယာ… ခင်ဗျားလည်း သိတာပဲ… ကျုပ်က ပျင်းရိပြီးတော့ ကျောင်းတော်မှာ သိပ်နေလေ့ မရှိဘူး… ဒီမှာ အရမ်းလှတဲ့ မိန်းကလေးတွေ အများကြီး ရှိတယ်… သူတို့ရဲ့ လေ့ကျင့်မှုတွေကို ကျုပ်က မနှောင့်နှေးစေချင်ဘူး… ခင်ဗျားက စာအုပ်တောင်ကို အုပ်ချုပ်သူပဲ… ပုံမှန်အားဖြင့် ခင်ဗျားကပဲ လစန္ဒာကလန်ရဲ့ ကိစ္စအဝဝကို စီမံသင့်တယ်… ခင်ဗျားရဲ့ အမိန့်နဲ့ဆို တခြား တောင်ကုန်း အကြီးအကဲတွေ ကလည်း လိုက်နာကြမယ်လို့ ကျုပ်ယုံတယ်…” ဆရာဒူက ပြောသည်။
“ပြီးတော့ ကျုပ်တို့မှာ တူညီတဲ့ ရန်သူ ရှိနေတယ်… စီနီယာက သူတို့ကို စိတ်ပျက်စေလို့ မရဘူး…”
“ကောင်းပြီ… ဒါဆို ငါတို့က သူတို့ကို တောင်ကိုးလုံးကို ညီတူညီမျှ ခွဲဝေမယ်…” ကျောင်းအုပ်က ဆရာဒူကို စိုက်ကြည့်ကာ ပြောသည်။
“မဖြစ်နိုင်ဘူး… ကျုပ်တပည့်တွေက ဘယ်လိုလူမျိုးတွေ ဆိုတာ ခင်ဗျားမသိဘူး… သူတို့ရဲ့ စကားတွေက ချိုသာတယ်… ပြီးတော့ ပါရမီမြင့်တယ် ကြည့်ကောင်းတယ်.. သူတို့က အရမ်း ထူးခြား ကောင်းမွန်လွန်းတယ်… ဒါကြောင့် မကောင်းတာ တစ်ခုခု ဖြစ်ရင် ကော့တေးကို ထည့်မတွက်ရဘူး…” ဆရာဒူက လက်ဝှေ့ယမ်းလျက် ပြောသည်။
ကျောင်းအုပ်က ဆရာဒူကို အေးစက်စွာ ကြည့်ကာ ဒေါသတကြီး ပြောသည်… “ငါ့တောင်က တပည့်တွေက မထူးချွန်ဘူးလား…”
“စီနီယာ… စိတ်မဆိုးပါနဲ့… ဒါက ခင်ဗျားအတွက် မကောင်းဘူး…” ဆရာဒူက အကြံပေးသည်… “စီနီယာ… ဒါဆို အားလုံး သတ်မှတ်ပြီးသွားပြီ… လစန္ဒာကလန်က ထိပ်သီး အင်အားစုပဲ… ထက်မြက်တဲ့ မိန်းကလေးတွေ အများကြီးက ကျောင်းတော်က တပည့်တွေနဲ့ အတူတူ လေ့ကျင့်နိုင်တယ်… သူတို့က တစ်ယောက်နဲ့ တစ်ယောက်က လက်ရည်စမ်းပြီး ပိုမို တိုးတက်နိုင်တယ်… ဒါက ကျောင်းတော်က တပည့်တွေ ပိုကြိုးစားဖို့ တွန်းအား ပေးစေနိုင်တယ်… ခင်ဗျားကလည်း မကြာမကြာ ပြိုင်ပွဲတွေ လုပ်သင့်တယ်… ဒါက အရင်ကထက် ပိုပြီး ထိရောက်လိမ့်မယ်…”
“နေပါဦး… ဒါက သတ်မှတ်ပြီးပြီလို့ ဘယ်သူ ပြောလဲ…” ကျောင်းအုပ်၏ မုတ်ဆိတ်ရှည်က လေထဲ ကခုန်လာသည်။ သူက ထပ်မံ၍ သည်းမခံနိုင်တော့ပေ။
“စီနီယာ… ထပ်ပြီး ငြင်းနေရင် ကျုပ် ဒေါသထွက် လာလိမ့်မယ်…” ဆရာဒူက ပြုံးလျက် ပြောသည်။
သူ၏အမူအရာကို မြင်လျှင် ကျောင်းအုပ်က ပိုမို၍ ပေါက်ကွဲလာသည်။ သူက အေးစက်စွာ ပြောသည်… “ဒါဆို ဘာဖြစ်လဲ…”
“ကျုပ် တကယ်ပဲ ဒေါသထွက် လာပြီနော်…” ဆရာဒူ၏မျက်နှာမှ အပြုံးက ပိုမို တောက်ပလာသည်။
“မင်း… မင်း…” ကျောင်းအုပ်က ဆရာဒူကို လက်ညှိုးငေါက်ငေါက် ထိုးလျက် အေးစက်စွာ ပြောသည်… “ထွက်သွား…”
“ဒါဆို ခုနက ပြောတဲ့အတိုင်း သတ်မှတ်လိုက်ပြီ…” ဆရာဒူက ကျေနပ်စွာ ပြုံးလျက် နောက်လှည့်ကာ ထွက်သွားသည်။
“ဒါ အရမ်း မလွန်ဘူးလား…” ကျောင်းအုပ်က အော်သည်။ ထိုအရာက အဓိပ္ပာယ် ကင်းမဲ့လှသည်။
“အာ…” ဆရာဒူက ရုတ်တရက် ရပ်လိုက်သည်… ထို့နောက် သူက နောက်လှည့်ကာ ပြန်ပြောသည်… “ကျုပ်တပည့် အကြီးဆုံးကလည်း သူ့ဓားသခင်တောင်က လူတွေကို ဒီကို ခေါ်လာလိမ့်မယ်… အဲဒီအချိန်ကျရင် ခင်ဗျားက သူ့ကို ကူညီပြီးတော့ နေရာ ချပေးသင့်တယ်… အင်အားစုသုံးခုက တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ပညာဖလှယ်ပြီး အများကြီး တိုးတက်မှု ရှိလာမယ်လို့ ကျုပ် မျှော်လင့်တယ်…” ထိုသို့ပြောပြီးသည်နှင့် သူက အေးအေးဆေးဆေး နောက်လှည့်ကာ ဆက်လက် ထွက်ခွာသွားသည်။
“မင်း ဘာလို့ အပြင်မှာ မသေသွားရတာလဲ…” ကျောင်းအုပ်က ဒေါသကို မထိန်းနိုင်တော့ဘဲ အော်ဟစ် ကြိမ်းမောင်း လိုက်သည်။
လစန္ဒာကလန်၊ ဓားသခင်တောင်နှင့် ကျောင်းတော်က တစ်နေရာတည်းတွင် ယှဉ်တွဲ နေထိုင်ကြမည်။ သူ့အတွက် စီမံစရာများ များစွာ ဖြစ်လာ၏။
ထိုခွေးကောင်က… သူက ကော့တေးတွင် အေးအေးဆေးဆေး စားလိုက် သောက်လိုက် နေနေသည်။ ထို့အတူ ဓားသခင်တောင်မှ တပည့်များကိုပါ သူက စီမံရဦးမည်။ သူ၏ကော့တေး တပည့်များက ကျောင်းတော်အား တစ်ခါမှ မျက်လုံးထဲ ထည့်ကြသည် မဟုတ်ပေ။
“ဘေလိရှာ…” ကျောင်းအုပ်က အော်လိုက်သည်။ ဖျတ်ခနဲ ဘေလိရှာက ကျောင်းအုပ်၏ ဘေးတွင် ပေါ်လာသည်… “ဆရာ…” သူ၏ဆရာက အဘယ်ကြောင့် ဒေါသထွက် နေသည်ကို သူမသိပေ။ ဆရာဒူက သူ့အား ထပ်မံ၍ ဒေါသထွက်စေပြန်ပြီ ထင်ရ၏။
“တောင်ကုန်း အကြီးအကဲတွေကို သွားပြောလိုက်… တောင်အောက်ကို အတူတူဆင်းပြီး လစန္ဒာကလန်က လူတွေကို သွားပြီးတော့ ကြိုဆို… ပြီးတော့ တောင်ကုန်းတွေက အညီအမျှခွဲပြီး သူတို့တပည့်တွေကို လက်ခံပေးလိုက်….” ကျောင်းအုပ်က ဒေါသတကြီး ပြောသည်။
“ဆရာ… ကျွန်တော်တို့က သူတို့ကို ဘယ်လို ခွဲပေးရမလဲ…” ဘေလိရှာက မေးသည်။
“မင်းဘာသာ ဖြေရှင်း…” ကျောင်းအုပ်က သူ၏အဝတ်စအား သပ်ကာ ထွက်ခွာ သွားသည်။ ဘေလိရှာက မချိပြုံး ပြုံးလိုက်သည်။ သူက အပြစ်မရှိပေ။
***
စာအုပ်တောင်က တစ်ဖန် အလုပ် များလာပြန်သည်။ ကျောင်းတော်မှ တပည့်များက လွန်စွာ ပျော်ရွှင်ကြသည်။ လစန္ဒာကလန်မှ တပည့်မများအား အမှန်ပင် တောင်ကုန်းများကို ခွဲဝေပေးသည်။
သို့တိုင်အောင် အကြီးအကဲ ကျူးချိန်၏ တောင်သို့ သွားရောက်သော မိန်းကလေးများမှာ ပိုများပေသည်။ မည်သို့ဆိုစေ အကြီးအကဲ ကျူးချိန်က မိန်းမဖြစ်ကာ သူမ၏ လက်အောက်တွင်လည်း မိန်းကလေး တပည့်အများစု ရှိပေသည်။ ချူယောင်ယောင်ကလည်း ထိုတောင်ကို ရွေးခဲ့သည်။
တခြား တပည့်များကလည်း မိမိတို့နှစ်သက်ရာ တောင်ကုန်းကို ရွေးချယ်ခဲ့ကြသည်။ သူမတို့က အနည်းငယ် ကသိကအောက် ခံစားရသော်လည်း ကျောင်းတော်၏ တပည့်များနှင့်အတူ လေ့ကျင့်ရမည်ကို အနည်းငယ် စိတ်ပါဝင်စား ကြပေသည်။
စာအုပ်တောင်က ပိုမိုစည်ကားလာသည်။ တခြား တစ်ဖက်တွင် နတ်မိမယ်ဝမ့်ယွီက ကျူးကော့ဟွေနှင့်အတူ ကော့တေးသို့ သွားနေသည်။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့ကလည်း သူတို့နှင့်အတူ ပါလာကြသည်။
ကော့တေးတွင် နတ်မိမယ် ဝမ့်ယွီက ဆရာဒူအား တွေ့ဆုံသည်။ သူမက ဦးညွှတ်ကာ ပြောသည်… “ဆရာဒူကို နှုတ်ဆက်ပါတယ်…” သူမက ဂျူနီယာကဲ့သို့ နှုတ်ဆက်သည်။ ဆရာဒူက တန်ခိုးမကျင့်ဟု ကောလာဟလများက ပြောကြသော်လည်း သူ၏ ပထမတပည့် သုံးယောက်က သူမနှင့်အဆင့်တူ ဖြစ်သည်။ နာမည်ကျော် ဆရာဒူကား လေးစားဖွယ်လူ ဖြစ်ပေသည်။ ထို့အတူ သူမကလည်း အတော် ငယ်ရွယ်သေးရာ ဂျူနီယာအနေဖြင့် ဦးညွှတ်ခြင်းက ပြဿနာ မရှိပေ။
“အရမ်း ယဉ်ကျေးနေဖို့ မလိုဘူး… ရတယ်… စာအုပ်တောင်ကို ကိုယ့်အိမ်လို သဘောထား… မင်းက လစန္ဒာကလန်မှာလိုပဲနေ…” ဆရာဒူက ပြုံးလျက် ပြောသည်။
“ကောင်းပါပြီ…” နတ်မိမယ်ဝမ့်ယွီက ညင်သာစွာ ပြောသည်… “ဆရာဒူ… အရှေ့မြေရိုင်း ဒေသက လက်ရှိ အခြေအနေက…”
“စိတ်မပူနဲ့… ကျောင်းတော်က ချင်ပြည်ထောင် မဟုတ်ဘူး… ဒါကြောင့် အရှေ့မြေရိုင်း ဒေသကို အုပ်ချုပ်ဖို့ စိတ်မဝင်စားဘူး… မင်းက သိပ်မတွေးနဲ့ … စာအုပ်တောင်ကို ခဏ အလည်လာတယ်ပဲ တွေး… ပြီးတော့ မင်းက ငါ့ရဲ့ အကြီးဆုံး တပည့်နဲ့လည်း တွေ့ပြီးပြီ… သူက ဓားသခင်တောင်က တပည့်တွေကို ခေါ်ပြီး ဒီကို ရောက်လာလိမ့်မယ်… ငါ့ရဲ့ နံပါတ်နှစ်နဲ့ နံပါတ်သုံး တပည့်တွေကလည်း ကောင်းကောင်း လေ့ကျင့်ကြတယ်… မင်းအားတဲ့အချိန်မှာ သူတို့နဲ့ ပြောဆို ဆွေးနွေးကြပေါ့… ပြီးတော့ မင်းကလည်း ကော့တေးကို ဆန္ဒရှိတဲ့အချိန် လာလို့ရတယ်…” ဆရာဒူက ပြောသည်။
“ကျေးဇူးတင်ပါတယ်… ဆရာဒူ…” နတ်မိမယ်ဝမ့်ယွီ စိတ်အေးသွားသည်။ ကြည့်ရသည်မှာ ဆရာဒူက အမှန်ပင် အရှေ့မြေရိုင်း ဒေသကို အုပ်ချုပ်ရန် စိတ်မဝင်စားပေ။
“ဂျီယူ… ဆရာကို လာတွေ့…” ရီဖူရှင်းက ရုတ်တရက် ပြောသည်။ ဟွာဂျီယူက ညင်သာစွာ ခေါင်းညိတ်ကာ ဆရာဒူကို ဦးညွှတ်သည်… “ဂျီယူက ဆရာကို နှုတ်ဆက်ပါတယ်…”
ဆရာဒူက ရီဖူရှင်းကို ပြုံးလျက် ကြည့်လျှင် ရီဖူရှင်းက စိုးရိမ်စွာဖြင့် ပြန်လည်၍ ပြုံးပြသည်။ ထို့နောက် ခေါင်းကုတ်သည်။
“ဆရာ… ဂျီယူက ကော့တေးမှာ လေ့ကျင့်လို့ မရဘူးလား…” ရီဖူရှင်းက မေးသည်။
“သူမက ငါ့ကို ဆရာလို့ ခေါ်ဖို့ မင်းက ပြောထားပြီးပြီ… ငါက ဘယ်လို ငြင်းရတော့မလဲ…” ဆရာဒူက ရီဖူရှင်းကို မျက်လုံးပြူးလျက် ပြောသည်။ ထို့နောက် သူက ဟွာဂျီယူအား ကြည့်လျက် ပြောသည်… “ကလေးမ… နောက်ဆို မင်းက သူ့လိုပဲ ငါ့ဆီမှာ သင်ရမယ်… မင်းက ငါ့ကို ကူညီပြီး သူ့ကို ကြည့်ပေးရမယ်…”
“ပြဿနာမရှိဘူး…” ဟွာဂျီယူက ပြုံးကာ ရီဖူရှင်းအား ဂုဏ်ယူစွာ ကြည့်သည်။
ရီဖူရှင်း မျက်လုံးပြူးသွားသည်။ ဘယ်သူက ဘယ်သူ့ဆရာလဲ…။
***