ချုံတောင်လေး၏ တောင်အနောက်ပိုင်း၌ လီချန်ရှို့သည် ညှိုးခြောက်နေသော သစ်ပင်ကြီးများ၏ ဘေးတွင်ရပ်၍ မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်သည်။ သူသည် လက်မြှောက်၍ သစ်ပင်တစ်ပင်၏ ပင်စည်ကို ပုတ်လိုက်၏။
“ ကျေးဇူးပါပဲ ”
လေပြေတစ်ချက်တိုက်ခတ်သွား၍ သစ်ပင်အိုကြီးများ၏ အရွက်စိမ်းများကင်းမဲ့နေသော သစ်ကိုင်းများသည် သူတို့အဆင်ပြေကြောင်း ပြောနေသည့်ဟန် လှုပ်ရမ်းနေကြ၏။ အမှန်တွင် သူတို့သည် ပုံမှန်အတိုင်း လှုပ်ရမ်းနေခြင်းပင်။
သူ မည်သို့မှ မတတ်နိုင်ပေ။ လက်တွေ့ တိုက်ပွဲဝင်နိုင်သော စက္ကူကိုယ်ပွားများ ပြုလုပ်ရန် လွန်ခဲ့သည် ခြောက်လလုံးလုံး ထိုသစ်ပင်များ၏ သစ်စေးများကို အကြိမ်ကြိမ်ထုတ်ယူခဲ့ရ၏။ သူသည် နည်းပေါင်းစုံသုံး၍ ထိုစက္ကူကိုယ်ပွားများကို အဆင့်မြှင့်တင်ခဲ့ပြီး သူတတ်နိုင်သမျှ ပြုလုပ်ခဲ့၏။
နှစ်သောင်းချီ ကြာအောင် ရှင်သန်နိုင်သော ဝိညာဉ်သစ်ပင်အိုကြီးများကို မွေးမြူ၍ အသိစိတ်ရှိသော သစ်ဝိညာဉ်များဖြစ်လာသည်အထိထားရန် ရည်ရွယ်ထားမှုသည် မပြည့်နိုင်တော့ပေ။
‘ ပြန်စိုက်ထားတဲ့ အပင်တွေကိုပဲ ကောင်းကောင်းဂရုစိုက်ရမှာပဲ ’
လီချန်ရှို့သက်ပြင်းချ၍ အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် သစ်ကိုင်းများကို ပြန်စိုက်ထားသော မလှမ်းမကမ်းရှိ နေရာသို့ လှမ်းကြည့်လိုက်သည်။
သူ တစ်ယောက်တည်းရေရွတ်လိုက်၏။
“ မင်းတို့ဆက်မရှင်သန်နိုင်တော့ဘူးဆိုရင်တောင် မင်းတို့ရဲ့ ကလေးတွေကို ငါကောင်းကောင်း စောင့်ရှောက်မှာပါ ”
လေပြေတစ်ချက် ထပ်မံတိုက်ခတ်သွားသဖြင့် သစ်ပင်အိုကြီးများသည် ထပ်မံ လှုပ်ရမ်းသွားကြ၏။
‘ ကြည့်ရတာ သူတို့ ရင်ထဲထိသွားတဲ့ပုံပဲ… ’
‘ အဟမ်း… ငါဟာသတွေ ထပ်မပြောတော့ဘူး ’
လီချန်ရှို့သည် မြေပြင်ကို သူ၏ခြေချောင်းလေးများဖြင့်ကန်၍ အရှိန်ယူလိုက်ပြီး လေပြေနှင့်အတူ ပျံသန်းသွားလိုက်လေသည်။
သူသည် ရေကန်အနီးထိပျံသန်းသွားလိုက်ပြီး ချုံများအကြားတွင်ပေါက်နေသော သစ်ပင်တစ်ပင်၏ အပေါ်တွင် ဆင်းသက်လိုက်သည်။
သူ မျက်လုံးမှိတ်၍ အာရုံခံလိုက်သည်။ ရိုးရှင်းစွာ စည်းနှောင်ထားသော သူ၏ဆံပင်ရှည်များသည် လေထဲတွင် ဝဲလွင့်နေ၏။ သူ့ ဝတ်ရုံရှည်ကြီး၏ အနားစွန်းများသည်လည်း သစ်ကိုင်းများနှင့်အတူ လှုပ်ယမ်းနေပေသည်။
လီချန်ရှို့သည် ပျော့လျင်ဖယောင် မာလျင်သံချောင်းဖြစ်၏။
မှော်အစွမ်းများနှင့် ဓမ္မမန္တန်များကို မသုံးဘဲ ထိုသို့နေနိုင်ခြင်းမှာ သူ၏ ချီကျင့်ကြံခြင်းအဆင့်သည် မြင့်မား၍ဖြစ်၏။
လွန်ခဲ့သည့် ခြောက်လအတွင်း၌
ဝိညာဉ်သစ်ပင်အိုကြီးများ၏ ကျေးဇူးကြောင့် ပြင်ဆင်မှု အစီအစဉ်၏ ပထမအဆင့်သည် ခက်ခက်ခဲခဲဖြင့်ပင် ပြီးဆုံးခဲ့ပေပြီ။
ကံအားလျှော်စွာ တုနတ်ဝိဇ္ဇာဂိုဏ်းကို လာရောက်တိုက်ခိုက်မည့်သူများသည် သူ့ကို ပြင်ဆင်ချိန်ပေးခဲ့၏။ မဟုတ်လျှင် သူသည် ထိုမျှ များစွာပြင်ဆင်ထားနိုင်မည် မဟုတ်ချေ။
ထိုခြောက်လအတွင်း ချုံတောင်လေးတွင် အသစ်ထပ်ထည့်ထားသည့် မန္တန်အစီအရင်များကို အဆင့်မမြှင့်ရသေးပေ။ သို့သော် ၎င်းတို့သည့် ရှိပြီးသားမန္တန်အစီအရင်များနှင့် တသားတည်း ဆက်စပ်သွားပြီဖြစ်၏။
ချုံတောင်လေးအနောက်ဘက်ရှိ တောအုပ်တစ်ခုလုံးတွင် ရှေးဟောင်းသင်္ကတများဖြင့် လွှမ်းခြုံနေ၏။ ၎င်းတို့သည် တောင်များ၊ မြက်ခင်းများ၊ သစ်ပင်များနှင့် ပေါင်းစည်းနေပြီး ရှိနေမှန်းပင် မသိသာလေရာ လူများကို အကြောက်တရားများ မပေးချေ။
ထောင်ချောက်မန္တန်အစီအရင်များနှင့် လှည့်ဖျားမန္တန်အစီအရင်များသည် ရန်သူများကို ဖမ်းဆီးရန်ဖြစ်သည်။ သတ်ဖြတ်မန္တန်အစီအရင်များသည် ရန်သူများကို သတ်ဖြတ်ရန်ဖြစ်၏။
အကယ်၍ မန္တန်အစီအရင်များရှိကြောင်းသိသာသဖြင့် ရန်သူများက ဝင်မလာလျှင် ထိုအရာကို ပြောင်မြောက်သော သတ်ဖြတ်မန္တန်အစီအရင်ဟု မပြောနိုင်ပေ။
ချုံတောင်လေး၏ မြေအောက်ရှိ မန္တန်အစီအရင်ကိုလည်း သူတတ်စွမ်းသမျှ အကောင်းဆုံးဆင်ထား၏။
ထို့ပြင် သူသည် တားမြစ်ထားသော အဆင့်မြင့် ဓမ္မရတနာတစ်ပါးဖြစ်သည့် လျှို့ဝှက်ကျမ်းစာတစ်စောင်ကို ရရှိလိုက်၍ စက္ကူကိုယ်ပွားများကိုလည်း အတန်ငယ် ပြင်ဆင်ထားပြီး ဖြစ်သည်။ လီချန်ရှို့သည် ၎င်းတို့အပေါ် အမြဲအာရုံစိုက်ထားရန် မလိုအပ်တော့ပေ။ အာရုံအနည်းငယ် ပို့ထားရုံသာ လိုတော့လေသည်။
သို့သော် ထိုစက္ကူကိုယ်ပွားများကို နတ်ရတနာအဖြစ်သို့ လုံးဝပြောင်းလဲသွားအောင် လုပ်နိုင်ရန်မူ များစွာကြိုးစားရပေဦးမည်။
လက်ရှိတွင်မူ ရသလောက်နှင့်ပင် ကျေနပ်ရပေမည်။
၎င်းစက္ကူကိုယ်ပွားများသည် မည်သည့်ခံစားချက်မှ မရှိပေ။ ၎င်းတို့သည် အဆိပ်များ ထုတ်လွှတ်နိုင်၏၊ မီးတောက်များထုတ်နိုင်၏၊ သုတ္တန်များရွတ်ဆိုနိုင်လေ၏။ ၎င်းတို့သည် သူ အနည်းငယ် ထိန်းချုပ်ပေးရုံဖြင့် တစ်နေ့လုံး နည်းမျိုးစုံအသုံးပြုနိုင်သော မှော်ရတနာများဖြစ်ကြသည်။ သို့သော် သူ အလိုရှိသည့်အတိုင်း ဖြစ်မလာသော အရာများလည်းရှိ၏။
သူသည် အကြီးအကဲဝမ်လင်းယွမ်ထံမှ နတ်အဆိပ်ဖော်စပ်နည်းကို ရရှိခဲ့၏။ သူသည် အဆိပ်ဖော်စပ်ရာတွင် ပညာရှင်အဆင့်မရောက်သေးသော်လည်း ထိုနည်းသည် သူ၏ သာမန်ဖော်စပ်နည်းများကို မှော်အစွမ်းအဖြစ် ပြောင်းလဲပေးနိုင်၏။
ထိုကြောင့် သူသည် အဆိပ်ထုတ်လွှတ်ရာတွင် ပို၍ ကျွမ်းကျင်လာပြီး ကိုယ့်အစွမ်းကို ပို၍ယုံကြည်မှုရှိလာလေသည်။
လီချန်ရှို့သည် မျက်လုံးဖွင့်၍ ရေကန်ဆီသို့ကြည့်လိုက်ရာ သူ၏ဆရာနှင့် ညီမလေးသည် ကိုယ်ယောင်ဖျောက်အတတ်ကို လေ့ကျင့်နေကြောင်း တွေ့လိုက်ရသည်။
လီချန်ရှို့အတင်းလေ့ကျင့်ခိုင်းသဖြင့် သူ့ဆရာသည် မငြင်းနိုင်တော့ဘဲ လေ့ကျင့်နေရခြင်းဖြစ်၏။ သူ၏ဆရာသည် လွန်ခဲ့သည့်ခြောက်လအတွင်း၌ မြေကိုယ်ယောင်ဖျောက်အတတ်ကို စတင်လေ့ကျင့်ခဲ့၏။
လင်းအယ်တစ်ယောက် ဓာတ်ကြီးငါးပါးကိုယ်ယောင်ဖျောက်အတတ်များဖြင့် ထိတွေ့ခဲ့ရသည်မှာ ပိုစော၏။ ယခုတွင် သူမသည် လီချန်ရှို့၏ ပို၍ ကြိုးစားကျင့်ရန် ညွှန်ကြားချက်အတိုင်း ရေကိုယ်ယောင်ဖျောက်အတတ်ကို လေ့ကျင့်နေခြင်းပင်။
ထိုနည်းအားြဖင့် …
လီချန်ရှို့သည် အဝတ်များနှင့်၊ ပိတုန်းရောင်ဆံနွယ်တို့ လေတွင်လွင့်နေသော ကြော့ရှင်းသည့် လူရိပ်လေးတစ်ခုမှာ ကန်ရေပြင်တွင် ပေါ်လာလိုက်၊ ပျောက်သွားလိုက်ဖြစ်နေပြီး ရေပြင်တွင် လှိုင်းကြက်ခွပ်ကလေးများ ထသွားသည်ကို မကြာမကြာ မြင်တွေ့နေရခြင်းပင်။ ထိုမြင်ကွင်းသည် လှပပေသည်။
‘ ဒါပေမဲ့… ’
“ ညီမလေးက နှေးလွန်းနေသေးတယ် ”
လီချန်ရှို့သည် မျက်မှောင်ကြုတ်၍ ခေါင်းခါယမ်းလိုက်သည်။
သူသည် ရေကိုယ်ယောင်ဖျောက်အတတ်ကို လျင်မြန်စွာထုတ်နိုင်မည့် နည်းလမ်းများအားလုံးကို လင်းအယ်ကို သင်ပေးထားပြီး ဖြစ်၏။ သို့သော် သူမသည် ပေါ်လာချိန်နှင့် ပျောက်သွားချိန်တွင် ဖြစ်သွားသည့် သူမ၏ ကိုယ်ဟန်ကို ဂရုစိုက်နေဆဲပင်။ သူမသည် သူမ၏လှပသည့်ကိုယ်ဟန်ကို လွန်စွာ အလေးထားနေသည်။
‘ ဒီကောင်မလေးက ကိုယ့်ကိုယ်ကို တော်တော်ချစ်တာပဲ… ’
‘ ဘာလို့များ ပိုလှလာအောင် ခန္ဓာကိုယ်ဘေးမှာ အဖိုးတန်ပုလဲလုံးနှစ်လုံးချည်ပြီး ကိုယ့်ကိုယ်ကို အလင်းဖျော့ဖျော့မထိုးပေးထားတာလဲ.. ’
လီချန်ရှို့သည် ထိုကိစ္စကို မည်သို့မှ ပြော၍မရပေ။ လင်းအယ်သည် လှချင်သော အရွယ်သို့ ရောက်နေပြီ မဟုတ်ပါလား။ ထို့ပြင် သူမသည် နဂိုလှသော မိန်းမလှလေးဖြစ်၍ ပိုလှချင်စိတ်ရှိလေသည်။
“ အဲ့လူတွေက စပြီး မလှုပ်ရှားသေးဘူးလား ”
လီချန်ရှို့ မိမိဘာသာ တီးတိုးရေရွတ်လိုက်ပြီး မျက်လုံးမှိတ်ကာ ထပ်၍ အာရုံခံလိုက်သည်။
မြေပြင်၊ ကောင်းကင်၊ လေထုနှင့် တိမ်တိုက်များသည် ရှင်းလင်းနေလေသည်။
သူက အချိန်များကို ရေတွက်ကြည့်လိုက်ရာ ဆရာဦးလေးကျိုးဝူနှင့် အကြီးအကဲနှစ်ယောက် ဒဏ်ရာများနှင့် ပြန်ရောက်လာသည်မှာ ဆယ်လပင်ရှိခဲ့ပြီဖြစ်ကြောင်း သိရှိလိုက်ရ၏။
ဂိုဏ်းအတွင်းမှ လူများသည် ပြန်၍ ငြိမ်သက်သွားပြီဖြစ်၏။ တိုက်ခိုက်မှုအကြောင်းကိုလည်း အမှုမဲ့အမှတ်မဲ့ ဖြစ်နေကြပေပြီ။
လီချန်ရှို့သည် ဖြစ်ခဲ့သော ကိစ္စများကို ဆရာဦးလေးကျိုးဝူအား ထပ်မေးခဲ့သော်လည်း ကျိုးဝူသည် သူ့အား မရေမရာ အဖြေများကို ပြန်ပေးခဲ့လေသည်။ ကြည့်ရသည်မှာ စုံစမ်းမှုတွင် မည်သည့်သတင်းအချက်အလက်မှ မရခဲ့ခြင်းဖြစ်နိုင်၏။
တာအိုကျောင်းတော်သုံးကျောင်းမှ အကြီးအကဲများသည် ငတုံးများမဟုတ်ပေ။ အခြားသူများကို အသုံးချ၍ ပြဿနာရှာခြင်းကို သူတို့သိရှိပေလိမ့််မည်။
သို့သော် နောက်ကွယ်မှ ကြိုးကိုင်နေသူကို ရှာတွေ့ရန် မလွယ်ချေ။ ပဋိပက္ခများသည် မယုံသင်္ကာဖြစ်မှုမှ တဖြည်းဖြည်းကြီးထွားလာသော အရာများဖြစ်၏။ ထို့ကြောင့် နောက်ကွယ်မှ ကြိုးကိုင်သူသည် ဉာဏ်ကောင်းသူတစ်ဦးဖြစ်ကြောင်း သိနိုင်လေသည်။
လီချန်ရှို့သည် နောက်ကွယ်မှ ကြိုးကိုင်သူ၏ လှည့်ကွက်များကို တွေးတောကြည့်ခဲ့၏။
‘ ရုပ်သေးရုပ်တွေကိုလည်း ထိန်းချုပ်နိုင်တယ်။ သူတို့ရဲ့ မူလဝိညာဉ်ကိုလည်း ဖျက်ဆီးပစ်နိုင်တယ်… ’
‘ အဲဒါက ဘာမှော်အစွမ်းလဲ… ’
‘ ကြည့်ရတာ စုန်းအတတ်တစ်ခုနဲ့ တူသလိုပဲ ’
‘ အာဒိကပ္ပလောကကြီးမှာ ပညာရှင်တွေပေါလွန်းတယ်။ ပေါ်ပေါ်ထင်ထင်နေတဲ့သူတွေကိုတောင် ဘယ်နှစ်ယောက်ရှိလဲဆိုတာ မရေတွက်နိုင်ဘူ။ သိုသိုသိပ်သိပ်နေတဲ့သူတွေဆို ပိုဆိုးပြီပေါ့… ’
သူ၏ နတ်အာရုံများကို ဖြည်းဖြည်းချင်းဖြန့်ကျက်လိုက်၏။ သူတို့သည် တိုက်ပွဲအတွင် ပြင်ဆင်မှု ဒုတိယအဆင့်ကို စရတော့မည်ဖြစ်သည်။ သူသည် အကြီးအကဲဝမ်လင်းယွမ်ထံမှ ဆက်သွယ် ကျောက်စိမ်းအဆောင်လေးကို စောင့်နေခြင်းပင်။ ဤအဆင့်တွင် သူသည် အကြီးအကဲဝမ်လင်းယွမ်နှင့် ပေါင်း၍ လုပ်ဆောင်ရမည်ဖြစ်သည်။
****
လီချန်ရှို့သည် မြေအောက်လျှို့ဝှက်ခန်းတွင် သုံးရက်ခန့် ထပ်မံသွားရောက်နေခဲ့ပြီးနောက် ဆက်၍ ဖြစ်လာနိုင်သည့် ကိစ္စများအကြောင်းကိုတွေးကာ ချက်ချင်းပင် သုံးချောင်းထောက်ဆေးတောင်သို့သွား၍ အကြီးအကဲဝမ်လင်းယွမ်နှင့် တွေ့ဆုံလိုက်သည်။
အကြီးအကဲဝမ်လင်းယွမ်ကို လှည့်ဖျားခဲ့သော အကွက်များမှာ ရိုးရှင်း၏။
လီချန်ရှို့သည် အိပ်မက်မက်သည်ဟုပြောခြင်း၊ ကျိန်ဆိုပြခြင်း၊ မခံချင်အောင်ပြောခြင်း၊ ကောက်ချက်ချမှုများပြုလုပ်ခြင်း၊ အကျိုးအကြောင်းသင့်ပြောခြင်း စသည့်နည်းများ သုံးခဲ့လေသည်။ အကြီးအကဲသည် လီချန်ရှို့၏ စကားများကို လျင်မြန်စွာပင် ယုံကြည်သွားပြီး တုနတ်ဝိဇ္ဇာဂိုဏ်းသို့ လာနေသည့် တန်ခိုးကြီးမားသော ရန်သူများရှိနိုင်သည်ကို ခံစားသွားရ၏။
လဘိုးဘိုးတစ်ယောက် သူ့အိပ်မက်အတွင်းသို့ ရောက်လာခဲ့ချိန်မှစ၍ အိပ်မက်မက်သည်ဟု အကြောင်းပြခြင်းသည် အလွန်အသုံးဝင်ကြောင်း လီချန်ရှို့ သိရှိခဲ့ရသည်။
ချီကျင့်ကြံသူများအနေဖြင့် အနာဂတ်ကို မတော်တဆအာရုံခံမိခြင်း၊ အိပ်မက်မက်ခြင်းများမှာ မထူးဆန်းပေ။
သို့သော် လီချန်ရှို့သည် အခြားသူများထက်ပို၍ အိပ်မက်မက်ပုံ ပေါ်နေလေသည်။
လီချန်ရှို့၏ အကြံပြုချက်များကို ကြားပြီးနောက် အကြီးအကဲဝမ်လင်းယွမ်သည် ဂိုဏ်းချုပ်နှင့် အခြားအကြီးအကဲများကို သူ၏အမည်ခံ၍ သတိပေးခဲ့သည်။ အကယ်၍ သူသာ လီချန်ရှို့၏ အမည်ကို သုံးခဲ့လျှင် ဂိုဏ်းသည် ထိုကိစ္စကို သိပ်၍ အရေးထားမည်မဟုတ်ပေ။ သို့သော် သတိပေးချက်ကို ဂိုဏ်းမှ အလေးထားခြင်း၊ မထားခြင်းသည် လီချန်ရှို့ တတ်နိုင်သောကိစ္စများ မဟုတ်ပေ။ သူတတ်နိုင်သည့် ကိစ္စများကိုသာ ပြုလုပ်ရပေမည်။
“ ဆရာဘိုးဘိုးက ဘာလို့ထွက်မလာသေးတာလဲ။ သွားရမယ့် အချိန်တန်နေပြီ ”
လီချန်ရှို့သည် တီးတိုးရေရွတ်လိုက်သည်။
သူအနည်းငယ် နားမလည်နိုင်အောင် ဖြစ်နေ၏။ သူသည် သုံးချောင်းထောက်ဆေးတောင်ကို နတ်အာရုံသုံးကာ အာရုံခံနေခဲ့၏။
လီချန်ရှို့သည် လွန်ခဲ့သောခြောက်လအတွင်း များများစားစား မပြင်ဆင်နိုင်ခဲ့ပေ။ သူသည် ဆေးဖော်ဆောင်အတွင်း၌ အဆိပ်များဖော်စပ်လိုက်၊ စက္ကူကိုယ်ပွားများ ပြုလုပ်လိုက်နှင့်သာ အချိန်တော်တော်များများ ကုန်ဆုံခဲ့ရသည်။ ယခုတစ်ခေါက်အဆိပ်ဆေးဖော်ခြင်းသည် အစွမ်းကုန်သုံး၍ ဖော်ရခြင်းဖြစ်သည်။ အဆိပ်ဆေးလုံးအာနိသင်ကိုလည်း ပြင်းအောင်လုပ်ရ၍ အရေအတွက်ကိုလည်း များများရအောင် လုပ်ရလေသည်။
လီချန်ရှို့သည် လင်းဟိုင်မြို့မှ ရရှိခဲ့သော ကုန်ကြမ်းအားလုံး၊ အကြီးအကဲဝမ်လင်းယွမ်ထံမှရထားသော အဆိပ်ဆေးပင်များအပြင် မြောက်ကျွန်းသို့သွားစဉ်က ရခဲ့သော ဆေးပင်အားလုံးကို သုံး၍ အဆိပ်ဆေးလုံးများ ဖော်စပ်ခဲ့ခြင်းပင်။
သူသည် ထိုအဆိပ်ဆေးလုံးများကို အရောင်မဲ့၊ အရသာမဲ့ အဆိပ်မှု့န့်များအဖြစ် ပြောင်းလဲခဲ့၏။ ထို့ပြင် ဓားတစ်ချောင်းနှင့်တူသော အဆိပ်လွှတ်ဓမ္မရတနာကိုလည်း အဆင့်မြှင့်တင်ခဲ့သည်။ ထိုရတနာသည် ပြုလုပ်ရန်သာ ခက်ခဲ၍ အဆင့်မြှင့်ရာတွင်မူ ထိုမျှမခက်ပေ။ လီချန်ရှို့သည် စက္ကူကိုယ်ပွားလုပ်ရန်လည်း အချိန်များစွာ သုံးခဲ့ရ၏။ သူသည် စက္ကူကိုယ်ပွား(၁)မှ စက္ကူကိုယ်ပွား(၁၂)အထိ ဆယ့်နှစ်ရုပ် ပြုလုပ်ထားခဲ့၏။
ထိုအချိန်အတွင်း လီချန်ရှို့သည် ထိုစက္ကူကိုယ်ပွားမျာကို အသုံးချနိုင်မည့် အခြားနည်းလမ်းများကို တွေ့ရှိခဲ့သည်။ ၎င်းတို့ကို နတ်တန်ခိုးသိုလှောင် ပစ္စည်းများအဖြစ် အသုံးချနိုင်၏။
သူသည် ၎င်းတို့အထဲသို့ နတ်တန်ခိုးများထည့်ပေးထားပြီး အလိုရှိချိန်တွင် ပြန်၍ ထုတ်ယူအသုံးပြုနိုင်လေသည်။
အကယ်၍ နောင်တွင် ရန်သူများနှင့် ရင်ဆိုင်ခဲ့ရပါက သူ၏နတ်တန်ခိုးများ ကုန်ခမ်းလာနိုင်လေသည်။ ထိုအခါတွင် စက္ကူကိုယ်ပွားကို ထုတ်၍ ၎င်းတို့ဆီမှ ပြန်၍ နတ်တန်ခိုးများကို စုပ်ယူနိုင်ပေသည်။ ထိုစက္ကူရုပ်များသည် အတုမဲ့နတ်ရတနာပင်။ သူ့ခန္ဓာကိုယ်အစစ်တွင် ကုန်ခမ်းသွားသော နတ်တန်ခိုးများကို အချိန်မရွေးပြန်ဖြည့်နိုင်လေသည်။ သူသည် အဆိပ်ဖော်ခြင်းမှ နားသည့်အချိန်များတွင် ထိုစက္ကူကိုယ်ပွားဆယ့်နှစ်ခုအတွင်း နတ်တန်ခိုးများ ထည့်ပေးခဲ့၏။
‘ ဒါပေမဲ့ အခုသေချာတွေးကြည့်မှ အဲဒါက တော်တော်အသုံးမဝင်တာပဲ… ’
‘ ငါ့ရဲ့ နတ်တန်ခိုးက ဘယ်လိုလုပ် ကုန်သွားနိုင်မှာလဲ… ’
‘ ငါက ဒီနှစ်တွေမှာ ကိုယ်ယောင်ဖျောက်အတတ်တွေ လေ့ကျင့်ထားတာ အလကားမှမဟုတ်တာ…’
တိုက်ပွဲအတွက် ပြင်ဆင်ခြင်း ပထမအဆင့်၏ နောက်ဆုံးအပိုင်းသည် စက္ကူကိုယ်ပွားများကို နေရာချထားခြင်းဖြစ်သည်။
ယခင်က သူ၏ဆရာကို အသက်ရင်း၍ ဂိုဏ်းအပြင်သို့ ထွက်ခိုင်းခဲ့ရသည်။ ယခုတွင် တောင်ကာမန္တန်အစီအရင်ကြီး၏ အပြင်၌ တောင်များအကြားနှင့် ဝိညာဉ်ကြောအနီးတွင် ပုန်းအောင်းနေသော စက္ကူကိုယ်ပွား ခုနှစ်ရုပ်ရှိနေပြီ ဖြစ်သည်။ စက္ကူကိုယ်ပွားတစ်ရုပ်စီသည် သာမန်စက္ကူရုပ်အများအပြားကို ယူဆောင်ထားကြပြီး အဆိပ်ဆေးလုံးများလည်း အလုံအလောက်ရှိလေသည်။
လီချန်ရှို့၏ အကြံသည် ရိုးရှင်း၏။ အကယ်၍ တောင်ကာမန္တန်အစီအရင်ကို ရန်သူများလာရောက်တိုက်ခိုက်လျှင် သူသည် အဝေးမှနေ၍ စက္ကူကိုယ်ပွား ခုနှစ်ရုပ်ကို ထိန်းချုပ်မည် ဖြစ်သည်။ သူသည် ရန်သူများကို အဆိပ်ဆေးလုံးများသုံး၍ အနောက်မှ အလစ်ဝင်တိုက်နိုင်ပြီး အနိုင်ယူနိုင်လေသည်။ ထိုနည်းဖြင့် သူသည် ရန်သူများကို သတ်နိုင်ပေလိမ့်မည်။
ထို့ပြင် သူ့ဆရာနှင့် လင်းအယ်တို့ကိုလည်း အချိန်ပြည့်ကာကွယ်ရန် စက္ကူကိုယ်ပွားတစ်ရုပ်စီ ပေးထား၏။
ကျိုးဝူနှင့် ကျိုးရှစ်တို့သည် သုံးချောင်းထောက်ဆေးတောင်သို့သွား၍ အကြီးအကဲဝမ်လင်းယွမ်ထံ သွားပြီးခဲ့ပြီ ဖြစ်သည်။
အကြီးအကဲဝမ်လင်းယွမ်သည် လီချန်ရှို့ အကူအညီတောင်းထားသည့်အတိုင်း ငိုရန်ညွှန်ကြားချက်ပါသည့် ပိုးအိတ်ကလေးကို ကျိုးဝူထံပေးလိုက်၏။ သူသည် ထိုပိုးအိတ်လေးကို ဂိုဏ်းအန္တရာယ်ကြုံနေသည့်အချိန်မှသာ ဖွင့်ရန် ကျိုးဝူကို မျက်နှာထားတည်တည်ဖြင့် မှာလိုက်ပေသေးသည်။
လီချန်ရှို့သည် အကြီးအကဲဝမ်လင်းယွမ်နှင့်အတူ ပြင်ဆင်မှု ဒုတိယအဆင့်ကို စတင်လိုနေပေပြီ။
‘ သူလာပြီ… ’
လီချန်ရှို့သည် သုံးချောင်းထောက်ဆေးတောင်မှ ထွက်ပေါ်လာသော အလင်းတန်းတစ်ခုကို အာရုံခံမိလိုက်၏။ သူသည် အကြီးအကဲဝမ်လင်းယွမ်တစ်ယောက် ချုံတောင်လေးသို့ ကိုယ်တိုင်လာမည်ဟု မမျှော်လင့်ခဲ့ပေ။
လီချန်ရှို့သည် ကိုယ့်ကိုယ်ကို ငုံ့ကြည့်လိုက်သည်။ ယခုလီချန်ရှို့သည် စက္ကူကိုယ်ပွားဖြစ်၏။
‘ ငါဟန်ဆောင်ထားတာ မပေါ်သွားလောက်ပါဘူးနော်… ’
အကြီးအကဲဝမ်လင်းယွမ်သည် သူ၏ အသားကိုမထိသ၍…
‘ ထားလိုက်ပါတော့… ဒါက ပုံပြောင်းစက္ကူနဲ့လုပ်ထားတဲ့ စက္ကူကိုယ်ပွားဆိုတာကို အကြီးအကဲဝမ်လင်းယွမ်ကို ငါ ကြိုတင်ရှင်းပြထားလိုက်တာ အကောင်းဆုံးပဲ ’
စိတ်နှလုံးကောင်းသူတစ်ဦးသည် အခြားသူများကို မလှည့်ဖျားနိုင်ပေ။
အကြီးအကဲဝမ်လင်းယွမ် အောက်သို့ဆင်းမလာမီမှာပင် လီချန်ရှို့သည် ကောင်းကင်ပေါ်သို့ ပျံတက်လိုက်သည်။
ထိုအချိန်တွင် မြေအောက်လျှို့ဝှက်ခန်းအတွင်း၌ရှိသော လီချန်ရှို့၏ ခန္ဓာကိုယ်အစစ်သည်လည်း မော့ကြည့်လိုက်သည်။ သူ၏ အာရုံသည် စက္ကူကိုယ်ပွားပေါ်တွင် ရောက်နေ၏။ သူသည် နှစ်တစ်ရာကျော် လေ့ကျင့်ခဲ့သော်လည်း စိတ်အာရုံပျံ့လွင့်နေသည့် ပုံစံကို ပီပြင်အောင် ဟန်ဆောင်နိုင်ရန် မသေချာသေးပေ။
*****
အကြီးအကဲဝမ်လင်းယွမ် ဂိုဏ်းသို့ပေးထားသော သတိပေးချက်သည် အကျိုးရှိပုံရ၏။ ဂိုဏ်းဂိတ်တံခါးတွင် အစောင့်များသည် ပုံမှန်ထက် ပို၍ များပြားနေလေသည်။
လီချန်ရှို့သည် ခေါင်းငုံ့၍ အကြီးအကဲဝမ်လင်းယွမ်၏ အနောက်မှ လိုက်လာ၏။ ဂိတ်စောင့်ရန် တာဝန်ကျသော နတ်ဝိဇ္ဇာကြီးများက တစ်ပြိုင်တည်း ဦးညွှတ်လိုက်ကြပြီး ပြောလိုက်၏။
“ အကြီးအကဲ အပြင်သွားမလို့ပါလား ခင်ဗျာ ”
“ ဟုတ်တယ် ”
အကြီးအကဲဝမ်လင်းယွမ်သည် အေးစက်စက်ပြုံး၍ ပြန်ဖြေလိုက်သည်။
ဂိတ်စောင့် နတ်ဝိဇ္ဇာများ၏ မျက်နှာထားများသည် တောင့်တင်းသွားကြ၏။ သူတို့သည် ခေါင်းငုံ့၍ မန္တန်အစီအရင်ထိန်းချုပ်ကိရိယာကိုသုံး၍ တောင်ကာမန္တန်အစီအရင်ကြီးတွင် အပေါက်တစ်ပေါက်ဖွင့်ပေးလိုက်၏။ သူတို့သည် အကြီးအကဲကို အပြင်သို့ ရိုရိုကျိုးကျိုးလိုက်ပို့လိုက်ကြလေသည်။
သူတို့သည် အကြီးအကဲဝမ်လင်းယွမ်ကို မည်သည့်ကိစ္စကြောင့် အပြင်ထွက်ရသနည်းဟု မမေးဝံ့ကြပေ။
တောင်ကာမန္တန်အစီအရင် အပြင်သို့ရောက်သွားသောအခါ လီချန်ရှို့သည် အပြင်တွင်ဖွက်ထားသော စက္ကူကိုယ်ပွားခုနှစ်ရုပ်ကို ပို၍ ကောင်းစွာ အာရုံခံနိုင်လာ၏။
ဝမ်လင်းယွမ်သည် နောက်လှည့်၍ လီချန်ရှို့ကို ကြည့်လိုက်သည်။ သူ၏ ပိန်ပါးသော မျက်နှာပေါ်တွင် နွေးထွေးသောအပြုံးတစ်စပေါ်လာပြီး ပြောလိုက်သည်။
“ ငါတို့ ဘယ်နေရာကို အရင်ကင်းလှည့်မလဲ ”
“ အရှေ့ဘက်ကို အရင်သွားတာကောင်းမယ်ထင်ပါတယ် ဆရာဘိုးဘိုး… ”
လီချန်ရှို့က ပြုံး၍ ပြန်ဖြေလိုက်သည်။
“ ကျွန်တော်တို့ရဲ့ ကိုယ်ရောင်ကိုယ်ဝါအစစ်အမှန်ကို ဖုံးကွယ်ထားရမယ်။ ဆရာဘိုးဘိုး အတုမဲ့နတ်ဝိဇ္ဇာတစ်ပါးရဲ့ ကိုယ်ရောင်ကိုယ်ဝါကိုပဲ ဖော်ပြထားနိုင်မလား ခင်ဗျာ ”
“ အင်း … အဲဒါက လွယ်ပါတယ် ”
အကြီးအကဲသည် လက်ထဲရှိ ကြေးချိုင်းထောက်ကို ပုတ်လိုက်ရာ သူ၏ ကိုယ်ရောင်ကိုယ်ဝါသည် ပြောင်းလဲသွား၏။
လီချန်ရှို့သည် အကြီးအကဲနှင့်အတူ အရှေ့အရပ်သို့ ပျံသန်းသွားပြီး ပတ်ဝန်းကျင်ရှိ တောင်များ၊ မြစ်များကို လေ့လာကာ တိတ်တဆိတ်တွေးတောနေလေသည်။
တိမ်ဖြူလေးသည် တုနတ်ဝိဇ္ဇာဂိုဏ်းနှင့် လီတစ်ထောင်အကွာသို့ ရောက်လာပေပြီ။ တိမ်ဖြူလေးသည် တဖြည်းဖြည်း အရှိန်လျော့သွားပြီး သူတို့နှစ်ဦးသည် တစ်စုံတစ်ခုကို ဂရုတစိုက် စတင်ရှာဖွေလိုက်ကြ၏။
အကြီးအကဲဝမ်လင်းယွမ်သည် ရုတ်တရက် မေးလိုက်၏။
“ ဟိုတောင်ကြားကို ကြည့်လိုက်စမ်း။ အဲဒါက နည်းနည်း တစ်မျိုးဖြစ်နေတယ်။ အဲဒီနေရာမှာ တန်ခိုးစွမ်းအားကြီးတဲ့ ရန်သူတွေပုန်းအောင်းနေလောက်လား ”
“ ဆရာဘိုးဘိုး… ”
လီချန်ရှို့သည် သူ၏လက်ထဲရှိ ကျောက်မျက်လေးတစ်လုံးကို အကြီးအကဲဝမ်လင်းယွမ်ထံ လှမ်းပေးလိုက်၏။
“ ဒါက ကျွန်တော် အပျော်သဘော ဖန်တီးထားတဲ့ ပစ္စည်းလေးပါ။ အာရုံခံကျောက်မျက်လို့ခေါ်တယ် ”
“ သူ့ရဲ့ အသုံးဝင်ပုံက နတ်အာရုံတွေ၊ စိတ်အာရုံတွေက ကျွန်တော်တို့ကို အာရုံခံနေလားဆိုတာ သိနိုင်တယ် ”
“ ကြည့်ပါ… အခု အာရုံခံကျောက်မျက်က အစိမ်းရောင်ဖျော့ဖျော့လင်းနေတယ်။ ဒါက ကျွန်တော်နဲ့စိတ်အာရုံနဲ့ ဆရာဘိုးဘိုးရဲ့ နတ်အာရုံတွေက အပြင်ကို အာရုံခံနေလို့။ တကယ်လို့ ကျောက်မျက်လေးက အစိမ်းရောင်ရင့်ရင့်အဖြစ်ပြောင်းသွားရင် အခြားသူတွေက စိတ်အာရုံ၊ နတ်အာရုံတွေသုံးပြီး ကျွန်တော်တို့ကို အာရုံခံနေလို့ပဲ ”
“ အမ်… ”
အကြီးအကဲသည် ချက်ချင်းပင် စိတ်ဝင်စားသွားသည်။ သူသည် အာရုံခံကျောက်မျက်ကို ကိုင်၍ လေ့လာလိုက်သည်။ ထို့နောက် သူသည် ရယ်မောလိုက်၏။
“ ဒါက စိတ်အာရုံနဲ့ တွေ့ရင် အရောင်ပြောင်းတတ်တဲ့ ရောင်စုံပန်းဝတ်ရည်ကို ကျောက်ထဲထည့်ထားတာပဲ ”
“ ဆရာဘိုးဘိုးရဲ့ စူးရှတဲ့ အမြင်ကနေလွတ်အောင် ကျွန်တော် မစွမ်းဆောင်နိုင်ဘူးပဲ ”
လီချန်ရှို့ က ပြုံး၍ပြောလိုက်သည်။
“ ပစ္စည်းလုပ်အတတ်ပညာက တံဆိပ်တော်တွေအပေါ်မှာပဲ မှီခိုတာမဟုတ်ပါဘူး။ ဆရာဘိုးဘိုးက လွတ်လပ်တဲ့ အတွေးအခေါ် ရှိရမယ်လို့ အမြဲသင်ပေးခဲ့တယ်မလား။ အခုကျွန်တော် ဆရာဘိုးဘိုး သင်သလို လုပ်နိုင်ခဲ့ရဲ့လား ”
ဝမ်လင်းယွမ်သည် မုတ်ဆိတ်မွေးကိုသပ်၍ ပြုံးလိုက်သည်။
သူတို့နှစ်ဦးသည် အရှေ့ဘက်တွင်ရှာပြီးသောအခါ မြောက်ဘက်သို့ ထပ်မံသွားရောက် ရှာဖွေလိုက်သည်။
ဤသို့ ဂိုဏ်းပြင်ပရှိနေရာများတွင် ကင်းလှည့်ရန် အကြံသည် လီချန်ရှို့၏ အကြံသာဖြစ်သည်။
အကယ်၍ စွမ်းအားကြီးသော ရန်သူများသည် တုနတ်ဝိဇ္ဇာဂိုဏ်းကို အလစ်ဝင်တိုက်ရန် ပြင်ဆင်နေလျှင် သူတို့သည် လေပေါ်တွင် ပျံ၍ လာကြမည်မဟုတ်ပေ။ သူတို့သည် မြေပြင်မှနေ၍သာ တုနတ်ဝိဇ္ဇာဂိုဏ်းအနီးသို့ ချည်းကပ်လာမည်ဖြစ်၏။
ထို့ပြင် ရန်သူများသည် မန္တန်အစီအရင်များဆင်၍ ပုန်းအောင်းနေနိုင်၏။ သူတို့သည် မတိုက်ခိုက်ခင် တုနတ်ဝိဇ္ဇာဂိုဏ်းနှင့် မနီးမဝေး၌ ရုပ်သေးရုပ်အမြောက်အမြားကို စုဆောင်းနေနိုင်လေသည်။ တိုက်ပွဲအတွက် ပြင်ဆင်မှု၏ ဒုတိယအဆင့်သည် ရန်သူ့အမြင်ဘက်မှ စဉ်းစား၍ သူတို့ပုန်းအောင်းနေနိုင်သည့် နေရာကို ရှာဖွေရန်ဖြစ်သည်။
အကယ်၍ သူတို့သည် ရန်သူများကို ဦးအောင်တိုက်ခိုက်နိုင်ခဲ့လျှင် အနိုင်ရရန် အခွင့်အရေးပိုများလာမည်ဖြစ်သည်။
သူတို့သည် အရှေ့ဘက်နှင့် မြောက်ဘက်ကို စစ်ဆေးရှာဖွေပြီးသွားသောအခါ အနောက်ဘက်ကို ဆက်၍ ရှာဖွေလိုက်သည်။
လီချန်ရှို့၏ ခန္ဓာကိုယ်အစစ်သည် ချုံတောင်လေးရှိ မြေအောက်လျှို့ဝှက်ခန်းအတွင်း၌ ဂိုဏ်းမှ လီတစ်ထောင်ပတ်လည်အတွင်းရှိ မြေမျက်နှာအနေအထားများကို အသေးစိတ်ရေးဆွဲလိုက်သည်။
သူတို့သည် အနောက်တောင်ဘက်သို့ လှည့်လိုက်သည့်အခါ အာရုံခံကျောက်မျက်လေးနှစ်လုံး၏အရောင်သည် အရောင်ရင့်လာ၏။
“ ချန်ရှို့ ကြည့်… ”
“ ဆရာဘိုးဘိုး… ဘာမှ သတိမထားမိလိုက်သလိုပဲ ဟန်ဆောင်နေပါ ”
လီချန်ရှို့သည် ရုတ်ချည်းပင် အသံပို့လွှတ်၍ ပြောလိုက်သည်။
အကြီးအကဲဝမ်လင်းယွမ်သည် ခပ်တည်တည်သာနေတတ်သူဖြစ်၍ မျက်နှာထားမှာ မပြောင်းလဲသွားခဲ့ပေ။
သူတို့နှစ်ဦးသည် မိမိတို့လမ်းကြောင်းအတိုင်း ဆက်၍ ပျံသန်းနေ၏။ သူတို့သည် တိမ်စီး၍ နေရာအနှံ့ရှာဖွေလိုက်သည်။ လီချန်ရှို့နှင့် အကြီးအကဲဝမ်လင်းယွမ်သည် နေကို မျက်နှာမူထားသော တောင်ကုန်းတစ်ခုပေါ်ရှိ တောအုပ်ထူထူတစ်ခုထဲတွင် ထူးဆန်းမှုများရှိနေသည်ကို တချိန်တည်းမှာပင် ရှာတွေ့လိုက်ကြ၏။
ထိုနေရာမှနေ၍ ကိုယ်ရောင်ကိုယ်ဝါများ အနည်းငယ်ထွက်ပေါ်နေ၏။
အကြီးအကဲဝမ်လင်းယွမ်က ပြောလိုက်သည်။
“ တစ်ယောက်ယောက်က တုနတ်ဝိဇ္ဇာဂိုဏ်းကို လျှို့ဝှက်စုံစမ်းနေတယ်ဆိုတာ အသေအချာပဲ။ ချန်ရှို့ မင်းအရင်ပြန်ပြီး အကြောင်းကြားလိုက်။ ငါ သူတို့နဲ့သွားတွေ့လိုက်မယ် ”
“ ဆရာဘိုးဘိုး… ရန်သူကို သတိသွားပေးတာ မကောင်းဘူး။ သူတို့တွေ ပုန်းအောင်းနေတဲ့နေရာကို ကြည့်ရရင် သူတို့ တိုက်ဖို့ မပြင်ထားရလောက်သေးဘူး ”
လီချန်ရှို့ ဆက်ပြောလိုက်သည်။
“ ဂိုဏ်းကို အရင်ပြန်ပြီးမှ နောက်တစ်ခေါက် တိတ်တဆိတ် ထပ်လာကြတာပေါ့။ ကျွန်တော်တို့ သူတို့ကို အလစ်ဝင်တိုက်လို့ရတယ်။ အဲဒါက အောင်မြင်နိုင်မယ့် တစ်နည်းတည်းသော နည်းပဲ ”
“ ဟုတ်တယ် ချန်ရှို့… မင်းပြောတာ အဓိပ္ပာယ်ရှိတယ် ”
အကြီးအကဲဝမ်လင်းယွမ်သည် လီချန်ရှို့ကို သူကြည့်နေကြပုံစံအတိုင်း ကြည့်လိုက်သည်။
“ ငါက မင်းထက် အသက်ပိုကြီးပေမယ့် အခြားသူတွေကို အကောက်ကြံတဲ့နေရာမှာ မင်းကို မယှဉ်နိုင်ဘူး ”
လီချန်ရှို့သည် ခါးသက်သက်ပြုံး၍ ပြောလိုက်သည်။
“ ဆရာဘိုးဘိုး… ကျွန်တော်က နည်းနည်းလေး ဉာဏ်ကောင်းနေလို့ပါ။ ဆရာဘိုးဘိုးရဲ့ နတ်ဆေးပညာကို တုနတ်ဝိဇ္ဇာဂိုဏ်းမှာ ယှဉ်နိုင်တဲ့သူမရှိပါဘူး ”
ဝမ်လင်းယွမ်သည် ပြုံး၍ ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။
“ ငါ့ဆရာက အဲဒါကို မမြင်ခဲ့တာ စိတ်မကောင်းစရာပဲ ”
“ ချန်ရှို့ ငါတို့ ဘာဆက်လုပ်ကြမလဲ ”
“ ဒီလိုလုပ်ကြတာပေါ့… ”
လူရိပ်နှစ်ခုသည် ပုံမှန်မဟုတ်သော မည်သည့်အရာကိုမှ မမြင်ခဲ့သည့် ဟန်ဖြင့် တောင်ကုန်းနှင့် ဝေးရာကို ထွက်ခွာသွားနေ၏။ သူတို့နှစ်ဦးသည် ထိုတောင်ကုန်းနှင့် လီတစ်ထောင်ခန့်ဝေးသွားသောအခါ နတ်အာရုံနှစ်ခုသည် သူတို့အပေါ်သို့ ကျရောက်လာပြီး သူတို့ ဂိုဏ်းဂိတ်တံခါးနားရောက်မှသာ ပြန်ပျောက်ကွယ်သွားလေသည်။
လီချန်ရှို့သည် အသံပို့လွှတ်၍ ပြောလိုက်သည်။
“ ဆရာဘိုးဘိုး… အဲဒီမှာ ကောင်းကင်နတ်မင်းနှစ်ပါး ရှိတယ်ထင်တယ်။ ဆရာဘိုးဘိုး အကူအညီသွားခေါ်ဦးမလား ”
“ မလိုပါဘူး။ လေးပါးရှိလည်း ကိစ္စမရှိဘူး ”
အကြီးအကဲဝမ်လင်းယွမ်သည် တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။
“ ချန်ရှို့… မင်းအကြံအတိုင်း ဆက်လုပ်ပါ။ တိုက်ရခိုက်ရတာတွေကို ငါပဲ တာဝန်ယူပြီး ဆက်လုပ်လိုက်မယ် ”
“ ဆရာဘိုးဘိုး… အခု ဆရာဘိုးဘိုးဘေးမှာရှိနေတာ ကျွန်တော့်ရဲ့ စက္ကူကိုယ်ပွားတစ်ရုပ်ဆိုတာ မေ့သွားပြီလား။ ခဏနေကျရင် ဆရာဘိုးဘိုး ရန်သူတွေကို ဘယ်လို နှိမ်နင်းမလဲဆိုတာ မျက်ဝါးထင်ထင်မြင်ချင်သေးတယ် ”
အကြီးအကဲဝမ်လင်းယွမ်သည် ခေါင်းညိတ်၍ ပြုံးလိုက်သည်။ ဂိုဏ်းအတွင်းသို့ ပြန်ဝင်ပြီးသောအခါ တစ်ဦးကို တစ်ဦးကြည့်လိုက်ကြသည်။ မည်သည့်စကားမှတော့ မပြောကြပေ။
တစ်နာရီခန့်ကြာပြီးနောက်…
အစိမ်းရောင်အခိုးအငွေ့နှစ်ခုသည် ဂိုဏ်းဂိတ်တံခါးမှထွက်ကာ မြေအောက်ထဲတွင် ပုန်းအောင်းလိုက်ကြသည်။ ဂိတ်တံခါးကိုစောင့်နေကြသော နတ်ဝိဇ္ဇာများကိုလည်း ပိုင်ဖန်ခန်းမမှ ဆင့်ခေါ်ထားသော တာဝန်ရှိသူနှစ်ယောက်က စောင့်ကြပ်နေကြ၏။ ထိုအစောင့်များသည် အသံမထွက်ဝံ့သလို လှုပ်ပင်မလှုပ်ရဲကြချေ။
လီချန်ရှို့သည် သူ သတိထားသော်လည်း အလုံးစုံ မကာကွယ်နိုင်သည့် အခြေအနေများရှိသေးကြောင်း သိလိုက်ရလေသည်။