ကော့တေး၊ စာအုပ်တောင်…။
တိမ်များ ဖုံးလွှမ်းနေသော ရှေးဟောင်း တောင်တွင် မြက်ခင်းစိမ်းများ ဖုံးနေသော နေရာတစ်ခု ရှိသည်။ ထိုနေရာတွင် လူငယ်တစ်ယောက်က စာအုပ်တစ်အုပ်ကို ဖတ်နေပြီး ဘေးတွင်လည်း စာအုပ်ပုံကြီး တစ်ပုံကို တွေ့ရသည်။
သူ၏နောက်မှ ကြီးမားသော ကျောက်တုံးကြီး တစ်ခုပေါ်တွင် အဘိုးအိုတစ်ယောက် လဲလျောင်းနေသည်။ သူက လက်ထဲတွင် ဘူးသီးခြောက် တစ်လုံးကို ကိုင်ထားကာ ပျင်းရိသည့်ပုံစံဖြင့် မျက်လုံးကို မှေးထားသည်။ သူ့အား ကြည့်ရသည်မှာ လွန်စွာ အေးဆေးလှသည်။ သူတို့နှစ်ယောက်က ရီဖူရှင်းနှင့် ဆရာဒူတို့ ဖြစ်ကြပေသည်။ စာအုပ်အား ဖတ်ပြီးသည်နှင့် ရီဖူရှင်းက မျက်လုံးကို မှိတ်လိုက်သည်။ ချက်ချင်းပင် သူ့အနီးမှ သဘာဝ စွမ်းအင်များ လှုပ်ခတ်လာသည်။ ကောင်းကင်တွင် လေတိုးသံများ ကြားလာရပြီး ပတ်ဝန်းကျင် တစ်ခုလုံး တင်းမာသွားသည်။ စူးရှသော အသံများနှင့်အတူ လေထဲတွင် များစွာသော ဓားသွားများ ပေါ်လာကာ ပရမ်းပတာ ပုံစံမျိုးဖြင့် နေရာအနှံ့ကို လှည့်ပတ် ပျံသန်းကြသည်။ ထို့နောက် ထို ပရမ်းပတာ ဓားသွားများက နေရာ တစ်ခုတည်းကို ဦးတည်ကာ စုဝင်သွားကြသည်။
ဘုန်း…
တောင်ကုန်းငယ် တစ်ခုက ချက်ချင်းပင် ပေါက်ကွဲ ပြန့်ကျဲသွားသည်။ ရီဖူရှင်းက သူ၏မျက်လုံးကို ဖွင့်လိုက်သည်။ ထို့နောက် သူက နောက်ထပ် စာအုပ် တစ်အုပ်အား ထပ်ဖတ်သည်။
“ဆရာ… မောင်ငယ်လေး… စားချိန်ရောက်ပြီ…” တစ်ယောက်က အဝေးမှ အော်သည်။ ပေ့ထင်ရှင်းအာက အစားအစာ သယ်ယူလာသော ခြင်းတောင်းနှင့်အတူ ပြေးလာသည်ကို တွေ့ရသည်။ ကျောက်တုံးပေါ်မှ အဘိုးအိုက ထရပ်သည်… “နံပါတ်ခြောက်… ဒီနေ့ ဘာတွေ စားကောင်းတာပါလဲ…”
“ဆရာ… ကိုယ့်ဘာသာ ကြည့်လိုက်ပါ…” ပေ့ထင်ရှင်းအာက ကျောက်တုံးပေါ်ကို ခုန်တက်ကာ ခြင်းတောင်းမှ အစားအသောက်များအား ချသည်။ ချက်ချင်းပင် အသားနံ့များ မွှေးကြိုင်စွာ ထွက်လာသည်။ ရီဖူရှင်းကလည်း ဗိုက်ဆာသောဟန်ဖြင့် ပေ့ထင်ရှင်းအာ၏အနီးသို့ ကပ်လာသည်။
အဘိုးအိုက ရီဖူရှင်းအား ကြည့်ကာ ပျင်းရိစွာ ပြောသည်… “မင်းကို ရပ်ဖို့ ဘယ်သူပြောလဲ…”
“ဆရာ… ကျွန်တော်က လေ့ကျင့်နေတာ အရမ်းကြာပြီ… အခု တကယ် ဗိုက်ဆာနေပြီ… ပြီးတော့ ကျွန်တော်က ဒီတိုက်ကွက်တွေ အကုန်လုံးကို လေ့ကျင့်ပြီးသွားပြီ…”
“ကောင်းပြီ… ရှင်းအာ… ခဏနေရင် စာပေတိုက်ထဲကို သွားပြီး စာအုပ်နည်းနည်း သွားယူလိုက်…” အဘိုးအိုက ပြောသည်။
“ထပ်ပြီးတော့လား… ဆရာ… ဒီတိုက်ကွက်တွေက ရိုးရှင်းပြီးတော့ သိပ်လည်း အသုံးမဝင်ဘူး… ပြီးတော့ ဒါတွေက လေ့ကျင့်ရတာ ခက်လည်း မခက်ဘူး…”
“ကောင်လေး… မင်း ဘာသိလို့လဲ… စာအုပ်ဖတ်တာ ကလည်း လေ့ကျင့်တာ တစ်မျိုးပဲ… ဒါက မင်းကိုယ်တိုင်ကို တွေ့ရှိစေတယ်… ပညာရှိတွေ ပြောသလို စာအုပ်တစ်အုပ်ကို အခါတစ်ရာလောက် ဖတ်လာရင် စာအုပ်ရဲ့ အဓိပ္ပာယ်က ပိုပြီး ရှင်းလင်းလာတယ်… မင်းက အခုထိ တိုက်ကွက် နည်းနည်းလေးပဲ သိတယ်… ဒါတောင်မှ မင်းက ဒီစာအုပ်တွေကို အသုံးမဝင်ဘူးလို့ ပြောတယ်… မင်းက မှော်ပညာရှင် ဖြစ်ချင်တယ်လို့ ကိုယ့်ဘာသာ တွေးရင် မင်းက မှော်တိုက်ကွက်ကို အနည်းဆုံး သုံးထောင်လောက် သိဖို့လိုတယ်… မဟုတ်ရင် မင်းက ကိုယ့်ကိုယ်ကိုယ် ကော့တေး တပည့်လို့ မပြောနဲ့…” အဘိုးအိုက ခံစားချက် ကင်းမဲ့စွာ ပြောသည်။ သူက စားသောက်နေရင်းက ဆက်ပြောသည်… “ငါပြန်လာတာ အရမ်းရှားပါးတဲ့ အခွင့်အရေးပဲ… ငါ့ရဲ့အချိန်တွေ အားလုံးကို မင်းအတွက် ပေးနေတာ မင်းရဲ့ အစ်ကို အစ်မတွေက ဘယ်လောက် မင်းကို အားကျနေကြလဲ မင်းသိလား…”
“ဆရာ… ဒီအခွင့်အရေးကို သူတို့ကို ကျွန်တော် ပေးချင်တယ်…” ရီဖူရှင်းကား ငိုလုနီးပါးပင်။ မှော်တိုက်ကွက် သုံးထောင်တဲ့လား…။ သူက သေသွားမလား မသိပေ။ အဘိုးကြီးက သူ့အား စာပေတိုက်ထဲက စာအုပ်များ အားလုံးကိုများ လေ့ကျင့်ခိုင်း နေသည်လား…။
ငါ သေလိမ့်မယ်…။
လက်စားချေတာ…။ ဒါက သေချာပေါက် လက်စားချေတာ…။
“မဖြစ်နိုင်ဘူး … မင်းက အငယ်ဆုံးပဲ… ငါက မင်းရဲ့ အစ်ကို အစ်မတွေ အကုန်လုံးကို သင်ပေးပြီးပြီ… ငါက ဘက်လိုက်လို့ မရဘူး… ငါက တရားမျှတတဲ့လူပဲ…” အဘိုးအိုက လေးနက်စွာ ပြောသည်။
“ရတယ်… ကျွန်တော် အဆင်ပြေတယ်…” ရီဖူရှင်းက ပြောသည်။
“ကောင်းပြီ… နံပါတ်ခြောက်… နောက်ဆို မင်းလည်း သူနဲ့အတူ စာအုပ်တွေ ကူးရေးရမယ်… မင်းရဲ့ အစ်ကိုလေးက စာအုပ်တွေကို ကူရေးပြီးကလည်း သူက မှော်ပညာတွေ အများကြီး လေ့လာနိုင်ခဲ့တယ်… ဒါက တကယ်ပဲ အကူအညီ ဖြစ်တယ်လို့ ငါထင်တယ်…” အဘိုးအိုက အေးအေးလူလူ ပြောသည်။
“ဆရာ… ကျွန်တော် မှားပါပြီ… ကျွန်တော်က ဒီမှော်ပညာတွေကို လေ့ကျင့်ပါတော့မယ်…” ရီဖူရှင်းက ငိုသံကြီးဖြင့် ပြောသည်။ ပေ့ထင်ရှင်းအာက တခစ်ခစ် ရယ်မောသည်။ သူမက ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “မောင်ငယ်လေး… လာစား… ဒီအစားအစာတွေက အေးသွားလိမ့်မယ်…”
“ကျေးဇူး… အစ်မရှင်းအာ…”
“မောင်ငယ်လေး… ထပ်ပြီး ငြင်းမနေနဲ့တော့…. အစ်မနှစ်နဲ့ အစ်ကိုသုံးက ဆရာက သူတို့ကို အချိန် နည်းနည်းပေးဖို့ မျှော်လင့်နေကြတာ…” ပေ့ထင်ရှင်းအာက အစားအသောက်များကို ပန်းကန်လုံးထဲတွင် ထည့်ပေးရင်းက ပြောသည်… “နင်က မှော်ပညာအများကြီး လေ့ကျင့်ပြီးတော့မှ ဒါတွေကို ပေါင်းစပ်ပြီးတော့ ကောင်းမွန်တဲ့ တိုက်ကွက်တွေကို ဖန်တီးနိုင်မှာ… နင်က ဓာတ်စွမ်းအင် မျိုးစုံကို သုံးနိုင်တယ်… ဒီအတွက် ဒီပါရမီကို အပြည့်အဝ အသုံးချဖို့ လိုတယ်… နင်က မှော်ပညာ အမျိုးမျိုးကို နားလည် သဘောပေါက် လာတဲ့အခါ မှော်တိုက်ကွက် တစ်ခုကို အတွေးတစ်ခုနဲ့တင် ထုတ်လွှတ်လို့ ရတယ်…”
“ရှင်းအာ ပြောတာကို နားထောင်… မင်းက မငယ်တော့ဘူး… မင်းက အရင်က ဘယ်လို လေ့ကျင့်နေခဲ့လဲ ငါမသိဘူး… ရှင်းအာက မင်းထက်ငယ်တယ်… ဒါပေမဲ့ သူမက မင်းထက် သိတယ်… မင်းက တကယ်ပဲ မျှော်လင့်ချက်မရှိဘူး… ကံကောင်းတာက မင်းက ငါနဲ့တွေ့တာပဲ…” ဆရာဒူက စားနေရင်းက ပြောသည်။ ရီဖူရှင်း ဆွံ့အသွားသည်။ ခုနကပဲ သူ့ကို ကောင်လေးဟု ခေါ်သည်။ ယခု သူ့ကို အသက် မငယ်တော့ဟု ပြောနေပြန်သည်။
“ရှင်းအာက ဆရာ သင်ပေးတာကိုပဲ ပြန်ပြောပြတာပါ…” ပေ့ထင်ရှင်းအာက ပြောသည်။
ရီဖူရှင်း သက်ပြင်းချသည်။ ဤသို့သော ဆရာရှိခြင်းက သူ့အတွက် အမှန်ပင် ကံဆိုးခြင်းပင်။
“ဆရာ…” အဝေးမှ ယိရှောင်ရှီကလည်း လျှောက်လာသည်။ ရီဖူရှင်းနှင့် ဆရာက အတူတူ စားသောက် နေကြသည်ကို မြင်လျှင် သူက မနာလိုစွာ ကြည့်သည်။ အမှန်ပင် ဝသောသူများက ဘာမှ အခွင့်အရေး မရှိပေ။
“ဝတုတ်… ဘာလဲ…” အဘိုးအိုက ပြောသည်။
အဟွတ်… အဟွတ်… ရီဖူရှင်းက ချောင်းဟန့်ကာ ယိရှောင်ရှီကို ကြည့်သည်။ နာမည်ပြောင်ကား အမှန်ကောင်းမွန် လှသည်။
ယိရှောင်ရှီက ရီဖူရှင်းအား မျက်လုံးပြူးလျက် ကြည့်သည်။ သူ့အား ကော့တေးကို ငယ်စဉ်ကလည်းက ခေါ်လာခဲ့ကာ ထိုစဉ်ကတည်းက ဆရာက သူ့ကို ဝတုတ်ဟု ခေါ်ခဲ့သည်။ သူက ဘာလုပ်နိုင်မည်နည်း။ ဝခြင်းက သူ၏အပြစ်လား…။
“ဆရာ… နတ်မိမယ်ဝမ့်ယွီက လစန္ဒာကလန်က တပည့်မတွေနဲ့အတူ ဒီကို ရောက်လာတယ်… သူမက ဆရာကို တွေ့ချင်နေတယ်…” ယိရှောင်ရှီက ပြောသည်။
“မင်းရဲ့ အစ်ကိုကြီးက ပြန်မလာဘူးလား…” အဘိုးအိုက မေးသည်။
“ဟင့်အင်း… ကျွန်တော် ထင်တာတော့ သူက ဓားသခင်တောင်ကို သွားပြီးတော့ ပြင်ဆင်တယ် ထင်တာပဲ…” ယိရှောင်ရှီက ပြန်ပြောသည်။ ယခုကား အရှေ့မြေရိုင်း ဒေသတစ်ခုလုံးက လွန်စွာ တင်းမာနေကာ ဓားသခင်တောင် ပင်လျှင် ဘေးမကင်းတော့ပေ။ ထို့ကြောင့် သူကလည်း လူတိုင်းကို ခေါ်ကာ စာအုပ်တောင်သို့ ရွှေ့ပြောင်းရန် လိုအပ်ပေသည်။ စာအုပ်တောင်က သံသယ ရှိစရာ မလိုအောင် ဘေးအကင်းဆုံးနေရာ ဖြစ်ပေသည်။ ကော့တေးနှင့် ကျောင်းတော် နှစ်ခုလုံးက စာအုပ်တောင်တွင် ရှိနေသည်။ ချင်ပြည်ထောင် မတိုက်ခိုက်ရဲသော တစ်ခုတည်းသော နေရာကလည်း စာအုပ်တောင် ဖြစ်သည်။
သူတို့ဘေးမှ ရီဖူရှင်း၏ မျက်လုံးက အရောင်လက် သွားသည်။ နတ်မိမယ်ဝမ့်ယွီက လစန္ဒာကလန်မှ တပည့်မများကို ခေါ်လာသည်။ ဤသို့ဆိုလျှင် လစန္ဒာကလန်တွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ပုံရသည်။ ဆရာက အမှန်ပင် ကြိုတင် တွေးမြင်နိုင်သည်။ ချင်ပြည်ထောင်က လစန္ဒာကလန်ကို ဖျက်ဆီးရန် ကြိုးစားခဲ့ပုံရ၏။ သို့သော် အစ်ကိုကြီးက ထိုနေရာတွင် ရှိနေခဲ့သည်ဆိုမှတော့ ချင်ပြည်ထောင်က တော်တော် အထိနာ သွားရပေမည်။ လစန္ဒာကလန်က စာအုပ်တောင်ကို ရောက်လာမှတော့ ဂျီယူလည်း ပါလာရပေမည်။
“ကျွန်တော် ဗိုက်ဝပြီဆရာ… ကျွန်တော် တစ်ခါလောက် သွားကြည့်လိုက်မယ်…” ရီဖူရှင်း ပြေးထွက် သွားသည်။
“မင်း လေ့ကျင့်တာ ပြီးသွားပြီလား…” အဘိုးအိုက အော်ဟစ်သည်။
“ဆရာ… ဘာတွေ ပြောနေတာလဲ…” ရီဖူရှင်းက ပြန်ပြောသော်လည်း သူက အဝေးကို ရောက်ရှိသွားပြီ ဖြစ်သည်။
ဟင်း… လွယ်လိုက်တာ… ခင်ဗျားကြီးက တန်ခိုးမကျင့်ဘူးဆို… အခု လာဖမ်းပါလား…
“သူက သူ့ဆရာထက် သူ့ရည်းစားကို ဘယ်လောက် တန်ဖိုးထားလဲ ကြည့်စမ်း… နံပါတ်သုံးက ငါ့အတွက် ဘယ်လို တပည့်မျိုး ရှာထားတာလဲ…” အဘိုးအိုက ဆွံ့အစွာ မှတ်ချက်ချသည်။
“ကျွန်တော် လုံးဝ သဘောတူတယ်… သူ့ကို အပြစ်ပေးရမယ်…” ယိရှောင်ရှီက မီးထပ်မွှေး ပေးသည်။
“ကောင်းပြီ… ဝတုတ်… မင်းက သူနဲ့ အတူတူ လေ့ကျင့်ရမယ်…” အဘိုးအိုက အေးအေးလူလူ ပြောသည်။ ယိရှောင်ရှီ၏ ပါးစပ် ချက်ချင်း ပိတ်သွားသည်။
“မင်းရဲ့ အစ်မနှစ်ကို သွားဖို့ ပြောလိုက်… ငါက စီနီယာနဲ့ သွားပြောလိုက်မယ်…” အဘိုးအိုက ပြောကာ နောက်လှည့် ထွက်သွားသည်။ ယိရှောင်ရှီက ခေါင်းညိတ်ကာ ပြန်သွားသည်။
စာအုပ်တောင်၏ အဝင်ဝ ကွင်းပြင်တွင် မိန်းမလှများနှင့် ပြည့်နှက်နေသည်။ ထိုအရာက ကျောင်းတော်မှ တပည့်များအတွက် အမှန်တကယ် ပျော်ရွှင်ဖွယ်ရာ အချိန်အခါ ဖြစ်သည်။ မရေမတွက်နိုင်သော ကျောင်းတော်သားများက သတင်းကို ကြားကြားချင်း အပြေး လာနေကြသည်။
“အရမ်း လှကြတာပဲ…”
“ငါကြားတာကတော့ နောက်ဆို သူတို့က စာအုပ်တောင်မှာ လေ့ကျင့်ကြမှာတဲ့…”
“ကျောင်းအုပ်က လက်ခံမလား မသိဘူး…”
“သူက လက်ခံမှာ သေချာတယ်… ငါတို့တောင်က နေရာလပ်တွေ အများကြီးပဲ… သူတို့ အေးအေးဆေးဆေး နေလို့ရတယ်…”
“ငါတို့တောင်လည်း ဒီအတိုင်းပဲ…”
စာအုပ်တောင်၏ အဝင်ဝတွင်ကား လွန်စွာ စည်ကား သိုက်မြိုက်နေသည်။ ကျောင်းတော်တွင် မူလကတည်းက ယောက်ျား တပည့်များက ပိုမိုများပြားရာ ဤတစ်ကြိမ် လစန္ဒာကလန်က စာအုပ်တောင်ကို လာရောက်ခြင်းက သူတို့အတွက် ကောင်းကင်ဘုံကို ရောက်နေသလား ထင်မှတ်ရစေသည်။
“နတ်မိမယ် ဝမ့်ယွီကို မြင်ဖူးတာ ဒါပထမဆုံး အကြိမ်ပဲ… သူမက တကယ်ပဲ နတ်မိမယ်ဘွဲ့နဲ့ ထိုက်တန်တယ်… အရမ်း လှပြီးတော့ သန့်စင်တယ်…”
“အဲဒါ လစန္ဒာကလန်ရဲ့ သမီးတော် ချူယောင်ယောင်ပဲ… သူမက အရှေ့မြေရိုင်း ဒေသရဲ့ အလှဆုံး သုံးယောက်ထဲက တစ်ယောက်ပဲ…”
“ပြီးတော့ ဟိုမှာ … အရမ်းလှတဲ့ မိန်းကလေးတွေ… အာ… ဟိုမှာ အဲဒါ ဘယ်သူလဲ…” လူတိုင်းက ထိုလူညွှန်ပြသော နေရာကို လှမ်းကြည့်ကြသည်။ နတ်မိမယ်ဝမ့်ယွီ၏ နောက်နားမှ အသက် ဆယ့်ကိုးနှစ်အရွယ် မိန်းကလေး တစ်ယောက်ကို သူတို့တွေ့ရသည်။ သူမ၏ မျက်နှာက လွန်စွာ အချိုးကျ လှပကာ သူမ၏ အသားအရောင်က ပုလဲလုံးလို ဖြူဝင်းသည်။
“ဟုတ်သားပဲ.. အဲဒါ ဘယ်သူလဲ… ငါက သူမကို အရင်က တစ်ခါမှ မမြင်ဖူးဘူး… သူမက ချူယောင်ယောင် ထက်တောင် လှသလားပဲ… ဘာလို့ အရှေ့မြေရိုင်းဒေသ အလှဆုံးထဲ မပါတာလဲ…”
လူအများအပြားက စတင်၍ ဆွေးနွေးကြသည်။ ကျောင်းတော်မှ တန့်ယွီကလည်း ထိုအုပ်စုထဲတွင် ရှိသည်။ သူက ထိုမိန်းကလေးအား သိပေသည်။ သူက ပြောသည်… “သူမက ဟွာဂျီယူပဲ…” ဟွာဂျီယူက အရှေ့မြေရိုင်း ဒေသတွင် တစ်ခါတစ်ရံမျှသာ ပေါ်လာတတ်ရာ သူမက လွန်စွာလှပသည့်တိုင် နာမည် ကျော်ကြားခြင်း မရှိပေ။
“ဟွာဂျီယူ…” လူအများအပြားက ရေရွတ်ကြသည်။ ထို့နောက် သူတို့က တစ်စုံ တစ်ယောက်ကိုလည်း အမှတ်ရမိကြ၏။ ဟွာဂျီယူ… ရီဖူရှင်း၏ ချစ်သူ..။ ကြည့်ရသည်မှာ သူတို့တွင် အခွင့်အရေး မရှိတော့ပေ။
ရုတ်တရက် လူတစ်ယောက် အဝေးမှ ရောက်လာကာ နတ်မိမယ် ဝမ့်ယွီ၏ရှေ့ကို ဆင်းသက်လိုက်သည်။ သူက ဦးညွှတ်ကာ နှုတ်ဆက်သည်…. “နတ်မိမယ်ကို နှုတ်ဆက်ပါတယ်…”
“ငါက မင်းနာမည်ကို အများကြီး ကြားဖူးတယ်… မင်းက တကယ်ပဲ ထူးခြား ထက်မြက်တာပဲ…” နတ်မိမယ်ဝမ့်ယွီက ရီဖူရှင်းအား ကြည့်ကာ ပြုံးလျက် ပြောသည်။ သူမက ရိုးသားစွာ ပြောခြင်း ဖြစ်သည်။ ကော့တေး၏ တပည့်တိုင်းက အလွန်အမင်း ပါရမီ မြင့်ကြသည်။ ရီဖူရှင်းက အသက်နှစ်ဆယ်ပင် မပြည့်သေးသော်လည်း အရှေ့မြေရိုင်း ဒေသ၏ နေရာတိုင်းတွင် သူ့ကို သိကြသည်။
ရီဖူရှင်းက ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်သည်။ ထို့နောက် သူက တိုးညင်းစွာ ပြောသည်… “ကျွန်တော့်မိန်းမကို လာတွေ့တာပါ…”
“မိန်းမ…”နတ်မိမယ်ဝမ့်ယွီ မျက်လုံးပြူး သွားသည်။ ထို့နောက် သူမက ဟွာဂျီယူအား လှည့်ကြည့်ကာ ပြုံးလိုက်သည်။ ဟွာဂျီယူ၏ မျက်နှာက နီရဲသွားသည်။ သူမက ရီဖူရှင်းအား မျက်လုံးပြူးလျက် ကြည့်သည်။ ဤအကောင်ကား အမှန်ပင် နှိမ့်ချကာ မနေတတ်ပေ။
ရီဖူရှင်းက လူအုပ်ထဲကို လျှောက်လာရင်းက ဟွာဂျီယူနားကို ကပ်လာသည်။ ပြုံးလျက် သူက ပြောသည်… “ဂျီယူ… ငါနင့်ကို အရမ်း သတိရတယ်…”
“ဟေး… ငါတို့ကိုကျတော့ မမြင်ဘူးမလား…” ယွန်ရိုက ရီဖူရှင်းကို ပြုံးလျက် ပြောသည်။
“စီနီယာ… နောက်ဆို ကျွန်တော်တို့က တစ်မိသားစုတည်း ဖြစ်လာမှာ…” ရီဖူရှင်းက သူမအား ရယ်မောလျက် ပြောသည်။ ထို့နောက် သူက လက်ဆန့်ကာ ဟွာဂျီယူ၏ လက်အား ဆွဲကိုင်လိုက်သည်။ ဟွာဂျီယူက အနည်းငယ် ရှောင်ဖယ်သော်လည်း နောက်ဆုံး သူ့အား ဆုပ်ကိုင်ခွင့် ပေးလိုက်သည်။ ချက်ချင်းပင် မိန်းကလေးများ အကြား ခိုးခိုးခစ်ခစ် ရယ်မောသံများ ကြားရသည်။
“ဘယ်လို တိရစ္ဆာန်လဲ…” မရေမတွက်နိုင်သော ကျောင်းတော်သားများက ထိုမြင်ကွင်းကို မသက်မသာ ကြည့်ကြသည်။
ရုတ်တရက် နောက်ထပ် လူတစ်စု ရောက်လာသည်။ သူမကား ကျူးကော့ဟွေနှင့် ကျန်လူများ ဖြစ်ကြသည်။ ကျူးကော့ဟွေက ရီဖူရှင်းကို ကြည့်ကာ ပြုံးလိုက်သည်…။ ဤအကောင်ကား အမှန်ပင် နှိမ့်ချကာ မနေတတ်ပေ။
***