အပိုင်း (၃၆၉)

ကလန်ကိုရွှေ့ခြင်း

ချင်ယွီနှင့် တခြား စွမ်းအားမြင့် တန်ခိုးရှင်များက ဓားသခင်ကို မသက်မသာ ကြည့်ကြသည်။ သူတို့က လစန္ဒာကလန်၏ အင်အားကို လျှော့မတွက်ရဲဘဲ လူများစွာ ခေါ်လာခဲ့ကြသည်။

သို့သော် ဓားသခင်က လစန္ဒာကလန်တွင် ရှိနေမည်ဟု သူတို့ မထင်မှတ်ထားပေ။

သူတို့က အရေအတွက်အားဖြင့် အသာစီးရသော်လည်း အမှန်တကယ် အားဖြင့် လူတစ်ယောက်၏ စစ်မှန်သော စွမ်းအားက အရာအားလုံးကို ဆုံးဖြတ်ပေသည်။

ဓားသခင်က အနည်းငယ်မျှသော ဓားအသိဖြင့် နိုဘယ်များစွာကို သတ်ဖြတ်ခဲ့သည်။

“နတ်မိမယ်ဝမ့်ယွီ…” ချင်ယွီက အေးစက်စွာ ပြောသည်… “ခင်ဗျားက တိုက်ပွဲမှာ ဝင်မပါချင်ဘူး… ဘာလို့လဲဆိုတော့ ခင်ဗျားက ကော့တေးနဲ့ မဟာမိတ် ဖွဲ့ထားလို့ပဲ… ဟုတ်တယ်မလား….”

နတ်မိမယ်ဝမ့်ယွီက သူ့ကို အေးစက်စွာ ကြည့်သည်။ ဓားသခင်က သူမနှင့် အမှန်ပင် စကားပြောခဲ့ပေသည်။ သူမက မုန်တိုင်းထဲတွင် မပတ်သက်လိုခဲ့ပေ။ သို့သော် ချင်ပြည်ထောင်က ရောက်လာမည်ဟု ဓားသခင်က ယူဆသည်။ သူ ခန့်မှန်းထားသလိုပင် ချင်ပြည်ထောင်က ရောက်လာခဲ့သည်။ သူမက ခြေတစ်လှမ်းမျှပင် နောက်မဆုတ်နိုင်ခဲ့ပေ။ သူမက သဘောမတူပါက ကလန်က ဖျက်ဆီးခံရမည်။

ဤသို့ ဆိုလျှင်လည်း သူမက တိုက်ပွဲကို ဝင်ပါရုံမျှသာ ရှိတော့သည်။

“သူတို့ဘေးကင်းမှုက ရှင့်အပေါ် မူတည်နေတယ်…” နတ်မိမယ် ဝမ့်ယွီက ငုံ့ကြည့်သည်။ သူမ၏ သက်စောင့်ဝိညာဉ်က ဖျတ်ခနဲ လင်းသွားကာ ချင်ယွီထံ ဖြန်းပက်သွားသည်။ ချက်ချင်းပင် ချင်ယွီက သီးခြား ဖြစ်သွားသည်။ အေးစက်သော အသိက သူ၏အရိုးများထဲထိ စိမ့်ဝင်လာသည်။

ပူဆွေးဝမ်းနည်းမှု ရေခဲမှော် တိုက်ကွက်က တစ်ဖန် ထုတ်လွှတ်ပြန်သည်။ ဤတစ်ကြိမ်ကား အုပ်စုလိုက် မဟုတ်ဘဲ ချင်ယွီ တစ်ယောက်တည်းကိုသာ ပစ်မှတ်ထားခြင်းဖြစ်သည်။

ချင်ယွီက သူ၏စိတ်ဝိညာဉ် စွမ်းအားများ အေးခဲ သွားတော့မည့်အလား ခံစားရသည်။ သူ၏အာရုံခံစားမှုနှင့် လှုပ်ရှားမှုများ အားလုံးက နှေးကွေးသွားသည်။ အေးခဲမှုက သူ့အား တစ်ကိုယ်လုံးကို စတင် ဖုံးအုပ်လာကာ သူ့ကို တိုက်ခိုက်သည်။

ရွှေရောင် အလင်းများ ဖြာထွက်လာသည်။ မဆုံးနိုင်သော အလင်းများက ရေခဲနှင့်နှင်းကမ္ဘာမှ အအေးဓာတ်အား ချေဖျက်သည်။

နတ်မိမယ်ဝမ့်ယွီက မျက်လုံးကို မှိတ်လျက် လက်ဆန့်ထုတ် လိုက်သည်။ လောကတစ်ခုလုံး နှေးကွေးသွားဟန် ရသည်။

ဘုန်း…

ထိတ်လန့်ဖွယ် ကောင်းသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ကျယ်ပြန့်သော လေပွေမုန်တိုင်းက သူမနှင့် ချင်ယွီအား လှည့်ပတ်သွားသည်။ နတ်မိမယ်ဝမ့်ယွီက လေပွေထဲတွင် ပါဝင်ပေါင်းစပ်သွားပြီး ချင်ယွီအား မြန်ဆန်စွာ လှည့်ပတ်သည်။

ချင်ယွီက သူ၏လှံတံအား ဆုပ်ကိုင်ကာ အဆင်သင့် ပြင်ထားသည်။ သူက အားကောင်းသော သိုင်းပညာရှင် ဖြစ်ကာ ပြင်းထန်သော အားအင်ရှိသည်။ သို့သော်လည်း နတ်မိမယ်ဝမ့်ယွီက သန့်စင်သော မှော်ပညာရှင် ဖြစ်သည်။ သူမက သူ့အား တိုက်ရိုက် မတိုက်ခိုက်နိုင်ပေ။

ကြောက်မက်ဖွယ် မုန်တိုင်းက ရူးသွပ်စွာ လှည့်ပတ်နေသည်။ ချင်ယွီက သူကလည်း လေနှင့်အတူ လည်ပတ်နေသည်ဟု ခံစားရသည်။ သူက ပြင်ပလောကအား ရှင်းလင်းစွာ မမြင်ရတော့ပေ။

လစန္ဒာကလန်မှ လူများက မုန်တိုင်းအား ကြည့်ကြသည်။ ထိုအရာက အရာအားလုံးကို ဖျက်ဆီးကာ ကလန်ကို အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားစေနိုင်သည်။ ယခု ထိုလေပွေမုန်တိုင်းက ကလန်ကို ထားကာ လေပေါ်သို့ တဖြည်းဖြည်း တက်ရောက် သွားသည်။ ချင်ယွီကဲ့သို့သော သူက တစ်စုံတစ်ယောက်ကို သတ်လိုပါက တခြားလူများက တားဆီးရန် လွန်စွာ ခက်ခဲပေသည်။ သူမက တိုက်ပွဲနေရာကို ရွှေ့ပြောင်းရန်သာ တတ်နိုင်သည်။

လစန္ဒာကလန်ကိုမူကား သူမက ဓားသခင်ထံကို အပ်ထားသည်။ သူမက မိမိကိုယ်ကိုထက် ဓားသခင်ကို ပိုမို၍ ယုံကြည်သည်။ ဓားသခင်က သူမထက် ကလန်ကို ပိုမို၍ ဘေးကင်းစွာ ကာကွယ်ပေးနိုင်မည်ဟု ယုံကြည်သည်။ ထို့ကြောင့် သူမက ချင်ယွီကို အဝေးသို့ ခေါ်သွားသည်။

ဓားသခင်က ကောင်းကင်ကို မော့ကြည့်သည်။ ဓားနှစ်လက် အသိက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ တဖြည်းဖြည်းဖြင့် လေဟာနယ် တစ်ခုလုံးက ထိုဓားအသိများ၏ ပိုင်းဖြတ်ခြင်းကို ခံရသည်။

“သေစမ်း…” သူက ကြိမ်းမောင်း လိုက်သည်။ သူက ထိုသို့ ပြောလိုက်သည်နှင့် ဓားနှစ်လက် အလင်းတန်းများက လျှပ်စီးများအဖြစ် ပြောင်းလဲသွားသည်။ သူတို့က ကောင်းကင်ယံအား ဖြတ်တောက်ကြသည်။ နဂါးများနှင့် နိုဘယ်များ အပိုင်းအပိုင်း အစစ ဖြစ်သွားကာ ကောင်းကင်တစ်ခုလုံး သွေးညှီနံ့များ ထောင်းထောင်း ထနေသည်။

စွမ်းအားမြင့် တန်ခိုးရှင်များက သူတို့၏ မှော်တိုက်ကွက်များကို သုံးကာ ခုခံကြသည်။ သို့သော် ဓားနှစ်လက်အသိက တားဆီး၍ မရနိုင်ပေ။ ကောင်းကင်မှ လူများက အဆက်မပြတ် ပိုင်းဖြတ်ခံနေရသည်။

“ရပ်နေ… မလှုပ်ကြနဲ့…” ဓားသခင်က လစန္ဒာကလန်မှ တပည့်များကို ပြောသည်။ သူက လေထဲကို ခုန်တက်သွားသည်။ သူ၏ခန္ဓာကိုယ်မှ ဓားနှစ်လက်အသိက အဆက်မပြတ် ဖြာထွက်နေသည်။ မဆုံးနိုင်သော မှော်စွမ်းအင်နှင့် ဓားနှစ်လက် အသိက ပိုမိုအားကောင်းစွာဖြင့် ကောင်းကင်ကို ဖုံးလွှမ်းလာသည်။

ထိုစဉ်မှာပင် ဓားအလင်းတန်းများက လျှပ်စီးများအလား ဆင်းသက် လာကြသည်။ ထိုအရာများက ဓားသခင်ထံကို တိုက်ရိုက် ဦးတည် တိုက်ခိုက်လာကြ၏။ သူတို့က ဖူယွန်ဓားကလန်၏ ခေါင်းဆောင်များ ဖြစ်ကြသည်။

ဓားသခင်က ကြည့်သည်။ သို့သော် မလှုပ်ပေ။ ဓားအလင်းများက သူ့အား လာရောက် ဖြတ်တောက်ကြသည်။ သို့သော် ကြောက်မက်ဖွယ် ဓားနှစ်လက်အသိက ဓားသခင်၏ ခန္ဓာကိုယ်အား စီးဆင်းနေကြကာ ရောက်လာသမျှသော တိုက်ခိုက်မှုများက အပိုင်းအပိုင်းအစစ ဖြစ်သွားသည်။

ရှီအဆင့်ကို ရောက်လုနီးပါး တန်ခိုးရှင်နှင့် အဆုံးစွန်သော နိုဘယ်အဆင့်တို့က ကြီးမားသော ကွာဟချက် ရှိပေသည်။

“နောက်ဆုတ်…” ဖူယွန်ဓားကလန်မှ ခေါင်းဆောင်များက ပြောသည်။ သူတို့တွင် နောက်ထပ် များပြားသော လူများရှိလျှင်ပင် ဓားသခင် တစ်ယောက်တည်းနှင့် လုံလောက်သည်ကို သူတို့သိကြသည်။

လူအများက ကောင်းကင်နေရာ အနှံ့ကို ခွဲထွက်ကာ နောက်ဆုတ်ကြသည်။

“နောက်ဆုံးအကြိမ်က ချင်ပြည်ထောင်မှာ မင်းတို့ကို ငါက သတိပေးခဲ့တယ်… မင်းတို့က နားမထောင်မှတော့ အခု ဘာလို့ မနေခဲ့တာလဲ…” ဓားသခင်က ပြောသည်။ သူ့ခန္ဓာကိုယ်တွင် လှည့်ပတ် စီးဆင်းနေသော ဓားနှစ်လက် အသိများက အလင်းတန်းများ အဖြစ် ပြောင်းလဲသွားကာ ထိုထွက်ပြေးသွားသော လူများထံသို့ လိုက်ပါသွားသည်။

“မြန်မြန်…” တစ်စုံတစ်ယောက်က အော်ဟစ်သည်။

သူတို့က မြန်သည်။ သို့သော် ဓားနှစ်လက်အသိက ပိုမိုမြန်ဆန်သည်။ ထိုအရာများက ကောင်းကင်ကို ဖြတ်​တော်ကာ သူတို့၏ အရံအတားများကို ဖြတ်ကျော်လာသည်။ လူအများအပြားက ကူရာမဲ့ကြသည်။ ဓားနှစ်လက်အသိက သူတို့၏ ခန္ဓာကိုယ်များအား အပိုင်းပိုင်း ပြတ်စေသည်။ ရှီအဆင့် ဓားအလင်းနှင့် ရင်ဆိုင်ရရာတွင် သူတို့ ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိပေ။

ဖူယွန်ဓားကလန်၏ ခေါင်းဆောင်များ သာလျှင် ဓားအလင်းများကို ကာကွယ်နိုင်သည်။ ထိုစဉ်မှာပင် ဓားသခင်၏ ခန္ဓာကိုယ်က အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူက ဓားနှစ်လက် အသိထက်ပင် မြန်ဆန်သေးသည်။ သူ၏ လက်ကို ဆန့်တန်းလိုက်လျှင် အလင်းများ စုစည်းကာ ဓားတစ်လက် ဖြစ်ပေါ်လာသည်။

“မဟုတ်ဘူး…” ဓားသခင်ကို မြင်လျှင် တစ်ယောက်က ကြောက်ရွံ့စွာ အော်ဟစ်သည်။ သို့သော် ဓားသခင်က သူ့ထံ ရောက်လာခြင်း မရှိပေ။ သူက ထိုလူအား ဖြတ်လျှောက် သွားလျှင် ထိုလူ၏ခန္ဓာကိုယ်က အပိုင်းအပိုင်းအစစ ဖြစ်သွားသည်။ သူတစ်ယောက်တည်း မဟုတ်ပေ။ ဓားသခင် ဖြတ်သွားရာ နေရာမှ လူများအားလုံး၏ခန္ဓာကိုယ်က ပျက်စီးသွားရသည်။

ချူယောင်ယောင်ကို ဖမ်းထားသော စွမ်းအားမြင့် တန်ခိုးရှင်က မျက်နှာပျက် သွားသည်။ သူက ချူယောင်ယောင်ကို သတ်မည်လုပ်သော အချိန်တွင်ပင် ဓားအလင်းတန်း တစ်ခုက သူ၏လည်ပင်းအား ဖြတ်ကျော် သွားသည်။ သူ၏နဂါးလည်း အသတ်ခံရကာ လေထဲမှ ကျ၏။

ချူယောင်ယောင်က သူ၏အနီးမှ ဖြတ်သွားသော ဓားသခင်အား ကြည့်သည်။ သူ၏ဓားဖြင့် နိုဘယ်များက ပုရွက်ဆိတ်များလို အသတ်ခံရသည်။ သူကား လွန်စွာ အားကောင်းလှသည်။ သူမက ယနေ့ သေရမည်ဟု ထင်မှတ်ခဲ့သည်။ သူမအား ရီဖူရှင်း၏ စီနီယာအစ်ကိုက ကယ်ဆယ်ခဲ့မည်ဟု မထင်မှတ်ထားခဲ့ပေ။ မှန်သည်… ဓားသခင်က သူမကို ကယ်ရန် လာသည် မဟုတ်ဘဲ ​ရီဖူရှင်း၏ချစ်သူ ဟွာဂျီယူအတွက် လာသည်ကို သူမသိသည်။

တောက်ပ လင်းလက်သော ဓားအလင်းများက တောင်းပန် တိုးလျှိုးမှုများ၊ ကြေက်ရွံ့စွာ အော်ဟစ်သံများနှင့်အတူ ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေသည်။ ဓားနှစ်လက် အသိများက ကောင်းကင်တစ်ခုလုံး အပိုင်းပိုင်း ဖြတ်နေသကဲ့သို့ ထင်ရသည်။ လူတစ်ယောက်တည်းက စစ်တပ်တစ်ခုလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိသည်။

“ယန်ဖေးဟွန်…” အေးစက်သော အသံတစ်သံကို ကြားရသည်။ လူများစွာက ယန်ဖေးဟွန်အား ဝိုင်းလိုက်ကြသည်။

ဓားသခင်က သူမအား မသတ်ခဲ့ပေ။ ထိုအရာက လစန္ဒာကလန်မှ အတွင်းရေးကိစ္စ ဖြစ်သည်။

ယန်ဖေးဟွန်၏ မျက်နှာက ချက်ချင်း ပြာနှမ်းသွားသည်။ သူမက ဒေါသထွက်နေသော လူအုပ်ကြီးအား ကြည့်သည်… “ငါက လစန္ဒာကလန်ရဲ့ ကောင်းကျိုးကို ကြည့်နေတာ… ငါမှားလား…” သူမက မေးသည်… “ကလန်ခေါင်းဆောင်က ဓားသခင် ဒီမှာ ရှိတယ်ဆိုတာကို သိတယ်… ဘာလို့ ငါတို့ကို မပြောခဲ့တာလဲ…”

“ငါသိတယ်…” မိန်းမကြီး တစ်ယောက်က ပြောသည်… “ကလန်ခေါင်းဆောင်က ဓားသခင်နဲ့ တွေ့နေတာကို ငါမြင်ခဲ့တယ်… ချင်ပြည်ထောင်က လာလိမ့်မယ်လို့ သူက ခန့်မှန်းတယ်… ကလန်ခေါင်းဆောင်က ဝင်ပါချင်ခဲ့ဘူး… ဓားသခင်က မျှတပြီးတော့ ငါတို့ ဆုံးဖြတ်ချက်ကို လေးစားတယ်… ဒါကြောင့် သူက ငါတို့ဆီမှာပဲ ရက်နည်းနည်း ထပ်နေခဲ့တယ်… အခု ချင်ပြည်ထောင်က ရောက်လာပြီးတော့ သူတို့အဖွဲ့ထဲကိုဝင်ဖို့ အတင်းစေခိုင်းတယ်…”

“သူမနဲ့ အချိန်မဖြုန်းနဲ့တော့… ကလန်ခေါင်းဆောင် ပြန်လာတဲ့ အချိန်မှာ သူမကို အပြစ်ပေးလိမ့်မယ်…” တစ်ယောက်က ပြောသည်။ ယန်ဖေးဟွန်၏ မျက်နှာက သွေးဆုတ် သွားသည်။

လေထဲတွင် ဓားသခင်က လူတိုင်းကို သတ်ကာ အထက်ကို ပျံတက် သွားပြန်သည်။ သူက ကောင်းကင်တွင် နတ်မိမယ်ဝမ့်ယွီအား မြင်သည်။ သို့သော် ချင်ယွီမရှိတော့ပေ။

“သူ ထွက်ပြေးသွားတယ်…” နတ်မိမယ်ဝမ့်ယွီက ပြောသည်… “ရှင်က သူ့ဆီကို ရောက်လာရင် သူ့အတွက် အန္တရာယ် ရှိတယ် ဆိုတာကို သူသိတယ်… ဒါကြောင့် သူက ထွက်ပြေးသွားတယ်…”

“အင်း…” ဓားသခင်က ခေါင်းညိတ်သည်။ ချင်ယွီတွင် ရှီအဆင့် လက်နက်ရှိရာ နတ်မိမယ်က သူ့အား ထိန်းထားရန် လွန်စွာ ခက်ခဲပေသည်။

“ကျေးဇူးပဲ…” မည်သို့ဆိုစေ ကော့တေးနှင့် လစန္ဒာကလန်က ပတ်သက်မှု သိပ်ရှိသည် မဟုတ်ပေ။

“ရပါတယ်… ချင်ပြည်ထောင်က ကော့တေးကို တိုက်ခိုက်ဖို့ အဖွဲ့အစည်းတွေကို လိုက်ပြီး စည်ရုံးနေတယ်…. ခင်ဗျားကို ကူညီတာက ကော့တေးကို ကူညီတာပါပဲ…” သူတို့က လစန္ဒာကလန်အား ပြန်ရင်းက ဓားသခင်က ပြောသည်။

“ဒါပေမဲ့ လစန္ဒာကလန်က ဒီထက်ပိုပြီး ဘေးမကင်းတော့ဘူး…” သူက ဆက်ပြောသည်။

နတ်မိမယ်ဝမ့်ယွီကလည်း ထိုအချက်ကို သိသည်။ သူမက စိမ်းစိုသော တောင်ကုန်းအား ကြည့်ကာ မချိပြုံးပြုံးသည်… “ချင်ပြည်ထောင်က လစန္ဒာကလန်ကို အတင်း ရွေးခိုင်းမှတော့ ကျွန်မက ဘာပြောနိုင်ဦးမှာလဲ… စာအုပ်တောင်မှာ နောက်ထပ်နေရာ ရှိသေးလား…”

“ကြိုဆိုပါတယ်…” ဓားသခင်က ပြုံးလျက် ခေါင်းညိတ်သည်။

သူမ၏ လူများကို ငုံ့ကြည့်ကာ နတ်မိမယ်ဝမ့်ယွီက ပြောသည်… “ဘာဖြစ်ခဲ့တယ် ဆိုတာကို မင်းတို့အားလုံး မြင်ပြီးပြီ… ထပ်ပြီး ပြောစရာ ဘာမှ မရှိတော့ဘူး… ငါက ကလန်ကို စာအုပ်တောင်သို့ ရွှေ့ရလိမ့်မယ်… တကယ်လို့ ဘယ်သူပဲဖြစ်ဖြစ် ဒီမုန်တိုင်းထဲ ဝင်မပါချင်ဘူး ဆိုရင် ငါက မင်းတို့ကို အတင်း ဖိအားမပေးဘူး… ငါနဲ့လိုက်ချင်တဲ့လူက ကိုယ့်ပစ္စည်းတွေကို အဆင်သင့် ပြင်ထားကြတော့…”

လစန္ဒာကလန်က အုံ့အုံ့ကျက်ကျက် ဖြစ်သွားသည်။ သို့သော် သူတို့၏ ခေါင်းဆောင်က ဘာမှ မတတ်နိုင်သည်ကိုလည်း သိကြသည်။ သူတို့တွင် ရွေးစရာ မရှိပေ။ ဓားသခင်ကြောင့်သာ မဟုတ်လျှင် လစန္ဒာကလန်က ချင်ပြည်ထောင်၏ ဖျက်ဆီးခြင်းကို ခံရပေမည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset