Switch Mode

အပိုင်း (၃၆၇)

သရော်ခြင်း

လစန္ဒာကလန်မှ လူတိုင်းက ရောက်လာသော သူအား ကြည့်လိုက်ကြသည်။ သူတို့၏ အမူအရာက သိသိသာသာ ပြောင်းသွားကြသည်။

ချင်ယွီက ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ နဂါးတစ်ကောင်ကို စီးနင်း၍ ရောက်လာသည်။ လေထဲတွင် မောက်မာစွာ ရပ်နေခြင်းက သူက လွန်စွာ မယဉ်ကျေးရာ  ရောက်ပေသည်။ သူတစ်ယောက်တည်း ရောက်လာသည်လည်း မဟုတ်ပေ။ သူ့နောက်တွင် များစွာသော နဂါးများနှင့် စွမ်းအားမြင့် တန်ခိုးရှင်များ လိုက်ပါလာကြသည်။ လစန္ဒာကလန်မှ လူများက ချက်ချင်း ဖိအားအောက်ကို ရောက်သွားကြသည်။

ချင်ပြည်ထောင်က ကော့တေးအား ရင်ဆိုင်ရန် အရှေ့မြေရိုင်း ဒေသတစ်ခုလုံးနှင့် မဟာမိတ်ဖွဲ့လိုသည်။ သူတို့က ဘုရင် ဖြစ်လို၏။ ထိုနေ့က ထိပ်သီး အဖွဲ့အစည်းများ ညစာစားပွဲသို့ ဓားသခင်သာ ရောက်မလာခဲ့လျှင် မဟာမိတ်က အမှန်တကယ် ဖြစ်လာခဲ့နိုင်သည်။ ယခု ဖူယွန်ဓားကလန်နှင့် တော်ဝင် ချန်ကျောင်းတော်တို့က ချင်ပြည်ထောင်နှင့် မဟာမိတ်ဖွဲ့ထားပြီး ဖြစ်သည်။ ထိုသို့သော အခြေအနေတွင် လစန္ဒာကလန်က ပါဝင်ပတ်သက်ခြင်း မရှိဘဲ​ နေလိုသော်လည်း ထိုအရာက ခက်ခဲလှပေသည်။

“အိမ်ရှေ့စံက ရောက်လာမှတော့ ထိုင်ခုံမှာ ထိုင်ပါ…” နတ်မိမယ်ဝမ့်ယွီ၏ အသံက ညင်သာကာ သူမ၏မျက်လုံးများက တည်ငြိမ်သည်။ သူမက ဘာတွေးနေသည်ကို မည်သူမှ ခန့်မှန်းမရပေ။ သို့သော် သူမက စိတ်ထဲတွင်ကား သက်ပြင်းချနေသည်။

ထိုအင်အားစုသုံးခုက အင်အား အကောင်းဆုံး ဖြစ်သည်။ ယခု အင်အားစုနှစ်ခုက မဟာမိတ်ဖွဲ့လိုက်ပြီ ဖြစ်သည်။ သူတို့က လစန္ဒာကလန်အား တိုက်ခိုက်ပါက ရလဒ်အား မေးခွန်းထုတ်ရန်ပင် မလိုပေ။ လျိုနိုင်ငံက ဥပမာ ဖြစ်ပေသည်။

“မလိုဘူး… ကျုပ်က တစ်စုံတစ်ခု ပြောချင်လို့ လာခဲ့တာ…” ချင်ယွီက ထူးမခြားနားစွာ ပြောသည်။ သူက တိုက်ရိုက် ငြင်းပယ်ခဲ့ကာ လေထဲတွင် ရပ်လျက် နတ်မိမယ်ဝမ့်ယွီအား ငုံ့ကြည့်သည်။

လစန္ဒာကလန်မှ တပည့်များစွာက ထိုအဖြစ်အား ကြည့်ကာ စိတ်ပျက်ရသည်။ သူတို့၏လှပသော မျက်လုံးများက အေးစက် သွားကြသော်လည်း မည်သူမှ ဘာမှ မပြောရဲကြပေ။ ချင်ပြည်ထောင်က ကော့တေးထံတွင် ဤသို့ ပြုမူရဲခြင်း မရှိကြပေ။ ချင်ပြည်ထောင်မှ ချင်ဂီက သူ့လူများကို ခေါ်ကာ ကော့တေးထံကို သွားခဲ့သော အချိန်က ဂူတုံးလျိုက သူတို့အားလုံးကို သတ်ဖြတ်ခဲ့သည်။

တစ်ခါတစ်ရံ လူအများက ကော့တေး၏ လွတ်လပ်မှုနှင့် အားကောင်းမှုကို အားကျမိကြသည်။ သူတို့၏ ရန်သူပင်လျှင် ကြောက်ရွံ့ကာ လေးစားကြရသည်။

“အိမ်ရှေ့စံ… ပြောပါ…” နတ်မိမယ်ဝမ့်ယွီက တည်ငြိမ်စွာ ပြောသည်။

“ချူယောင်ယောင်…” ချင်ယွီ၏အေးစက်သော မျက်လုံးက တိုက်ပွဲနေရာတွင် ရှိနေဆဲဖြစ်သော ချူယောင်ယောင်ထံကို ရောက်လာသည်… “ရီဖူရှင်းက ကောင်းကင်တောင်မှာ ကျုပ်သားကို သတ်ခဲ့တယ်… မင်းက ကျုပ်သားနဲ့ စေ့စပ်ထားတဲ့လူပဲ… မင်းက အဲဒီနေရာမှာ ဘာလို့ ရပ်ပဲ ရပ်နေရတာလဲ…”

ချူယောင်ယောင်၏ မျက်နှာက ချက်ချင်း ပြာနှမ်းသွားသည်။ ရောက်လာရမည့် အရာက ရောက်လာပြီ ဖြစ်သည်။ ချင်လီက သူမ၏ရှေ့တွင် သေဆုံးသွားသည်ကို လူအများအပြားက မြင်ခဲ့ကြသည်။ ချင်ယွီ၏စွပ်စွဲမှုကို သူမက မငြင်းပယ်နိုင်ပေ။

လူတိုင်းက သူမအား ကြည့်နေကြသည်။ ဖိအားများ အားလုံးက ထိုအခိုက်တွင် သူမထံကို ရောက်လာ၏။

“မင်းက ဘာလို့ မပြောရတာလဲ…” မမြင်ရသော အရှိန်အဝါက ချင်ယွီ၏ ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်လာသည်။

“ကျွန်မ မရှင်းပြနိုင်ဘူး…” သူမက မော်ကြည့်ကာ ပြောသည်။

ချင်ယွီ၏ အမူအရာက ချက်ချင်း အေးစက်သွားသည်။ သူမက ထိုစကားမျှလောက်က လုံလောက်သည်ဟု ထင်သလော…။

“လစန္ဒာကလန်ကလည်း ချင်လီသေတာကို မမြင်ချင်ဘူး…” နတ်မိမယ်ဝမ့်ယွီက ပြောသည်… “ရှင့်ခံစားချက်ကိုလည်း ကျွန်မက နားလည်နိုင်တယ်… ဒါပေမဲ့ တကယ် တာဝန်ရှိတာက ရီဖူရှင်းပဲ… ရှင့်ရဲ့ဒေါသကို မိန်းမတစ်ယောက် အပေါ်မှာ ပုံချမယ့်အစား ရီဖူရှင်းဆီကို သွားသင့်တယ်…”

“ကျုပ်က မဆိုင်တဲ့လူကို အပြစ်ပုံချနေတာ မဟုတ်ဘူး…” ချင်ယွီက ပြောသည်… “ဒါပေမဲ့ သူမက ကျုပ်သားနဲ့ စေ့စပ်ထားတယ်… ရီဖူရှင်းက တိုက်ခိုက်ဖို့ စွမ်းရည် မရှိတော့တဲ့အချိန်မှာ သူမက ရီဖူရှင်းကို မသတ်ခဲ့ဘူး… ကျုပ်က သူမကို သံသယရှိတာ မှားတဲ့ကိစ္စ မဟုတ်ဘူး… နတ်မိမယ်… သူမကို ချင်ပြည်ထောင်သို့ ခေါ်သွားမှာကို မတားဘူး… ဟုတ်တယ်မလား…”

လစန္ဒာကလန်မှ လူတိုင်းက ဒေါသ ထွက်သွားကြသည်။ ချင်လီက သေသွားပြီးဖြစ်ရာ စေ့စပ်မှုက အမှန်တကယ်အားဖြင့် ပျက်သွားပြီဟု ပြောရပေမည်။ ယခု ချင်ယွီက ချူယောင်ယောင်အား ခေါ်သွားလိုသည်။ သူက ချူယောင်ယောင်အား ခွင့်လွှတ်ပေးမည့်ပုံ မပေါ်ပေ။ သူမကသာ ချင်ပြည်ထောင်ကို လိုက်ပါသွားပါက မည်သို့ ဖြစ်သွားမည်ကို မည်သူမှ မခန့်မှန်းနိုင်ပေ။

“အိမ်ရှေ့စံ… ရှင့်စကားက နည်းနည်း မလွန်ဘူးလား…” နတ်မိမယ်ဝမ့်ယွီက ပြောသည်… “သူက သေပြီ… စေ့စပ်မှုက ရှိနေသေးလို့လား…”

“ဒါဖြင့် ကျုပ်သား သေသွားတဲ့အတွက် ကျုပ်က အကြောင်းပြချက် ရှာဖို့မလိုဘူးလို့ ခင်ဗျားပြောတာလား… စုံစမ်းစစ်ဆေးမှုတွေ လုပ်စရာမလိုဘူးလို့ ပြောတာလား…” သူက နဂါးပေါ်တွင် ရပ်နေရင်းက သူ၏အသံကလည်း ပိုမို၍ အေးစက်လာသည်။ မမြင်ရသော အရှိန်အဝါက သူ့ထံမှ ဖြာထွက်နေသည်။ အကယ်၍ လစန္ဒာကလန်က သူ့အား ထပ်မံ၍ ငြင်းပယ်လျှင် သူက တိုက်ရိုက် တိုက်ခိုက်တော့မည်ဟု ထင်ရသည်။

လစန္ဒာကလန်မှ လူများအားလုံးက မသက်မသာ ခံစားကြရသည်။ ချူယောင်ယောင်က ပတ်ဝန်းကျင်အား ကြည့်သည်။ သူတို့က သူမအား မကယ်နိုင်တော့သည်ကို သိလိုက်သည်။ ချင်ယွီက သူ့လူများအား ခေါ်ကာ ရောက်လာမှတော့ ရလဒ်က ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ အရှေ့မြေရိုင်း ဒေသတွင် ချင်ပြည်ထောင်အား ကော့တေးမှ လွဲ၍ ဘယ်သူက ယှဉ်နိုင်သနည်း။

“ကျွန်မ သွားမယ်…” ချူယောင်ယောင်က ရုတ်တရက် ပြောသည်။ သူမ၏လှပသော မျက်လုံးများက ဆုံးဖြတ်ပြီးသားဟန် ရသည်။ သူမက ထိုသို့ပြောလျှင် စိတ်အေးသွားပုံ ရသည်။ သူမက ဤလမ်းကို ရွေးခဲ့သည်။ မှားယွင်းသောလမ်း ဖြစ်ခဲ့မှတော့ သူမက အကျိုးဆက်အား ခံစားရန် လိုအပ်သည်။

ချူယောင်ယောင်၏ စကားကို ကြားလျှင် လူအများအပြားက သူမအား ကြည့်ကြသည်။ သူမက အသာအယာ ပြုံးသည်။ ချင်ယွီအား မော့ကြည့်ကာ သူမက ပြောသည်… “ကျွန်မက ချင်ပြည်ထောင်ကို ရှင်နဲ့ လိုက်ခဲ့ပါ့မယ်… ချင်လီသေတာက ကျွန်မနဲ့ ဘာမှ မဆိုင်သလို ရီဖူရှင်းကိုလည်း ကျွန်မက သတ်လို့ မရဘူး… ဒါပေမဲ့ ဒါတွေ အကုန်လုံးက အဓိပ္ပာယ် မရှိတော့ပါဘူး… ကျွန်မက ရှင်နဲ့ လိုက်ခဲ့မယ်…” ထို့နောက် သူမက လေထဲကို ပျံတက်သွားသည်။ သူမက ဟွာဂျီယူကို အားကျစွာ ငုံ့ကြည့်၏။

နဂါးတစ်ကောင်က သူမအား ခေါ်ရန် ရှေ့ကို တက်လာသည်။ သို့သော်လည်း ချင်ယွီက ထွက်သွားမည့်ပုံ မပေါ်ပေ။

နတ်မိမယ်ဝမ့်ယွီက သူ့အား ကြည့်သည်… “နောက်ထပ် ဘာကူညီ ပေးရဦးမလဲ…”

“အမှန်တကယ်က ကျုပ်လာတဲ့ ရည်ရွယ်ချက် နောက်တစ်ခု ရှိသေးတယ်…” ချင်ယွီက ပြောသည်… “နတ်မိမယ်ကျုပ်က ခင်ဗျားရဲ့ ဂုဏ်သတင်းတွေကို ကြားဖူးပြီးတော့ အထင်လည်း ကြီးတယ်… ဒီနေ့က ကျုပ်အတွက်ပဲ လာခဲ့တာ မဟုတ်ဘူး… ကျုပ်က အဖေရဲ့ သဘောထားကိုလည်း သယ်ယူလာခဲ့တယ်… အဖေ၊ ဖူယွန်ဓားကလန်နဲ့ တော်ဝင် ချန်ပြည်ထောင်တို့က အရှေ့မြေရိုင်း ဒေသကို အုပ်ချုပ်တဲ့နေရာမှာ လစန္ဒာကလန်ကိုလည်း ပါဝင်စေချင်ကြတယ်…” သူက လစန္ဒာကလန်ကို ရောက်လာမှတော့ ချူယောင်ယောင် ကိစ္စအား ဖြေရှင်းရမည် ဖြစ်သည်။ သို့သော်လည်း သူက ချူယောင်ယောင် တစ်ယောက်တည်း အတွက် လာရောက်ခြင်း မဟုတ်ပေ။ သူ၏အဓိက ရည်ရွယ်ချက်က ရီဖူရှင်းဖြစ်သည်။ သူတို့က ကော့တေးအား တိုက်ခိုက် ဖျက်ဆီးလိုသည်။

“ကျွန်မမှာ ဒီလို ရည်မှန်းချက် မရှိဘူး… အိမ်ရှေ့စံ… ဧကရာဇ်ချင်နဲ့ တခြားလူတွေကို ပြောလိုက်ပါ… ကျွန်မက သူတို့ကို စိတ်ပျက်စေမိပြီ…” နတ်မိမယ်ဝမ့်ယွီက ညင်သာစွာ ပြောသည်။

“ကော့တေးက မတရားသဖြင့် အပြစ်မဲ့တဲ့လူတွေကို သတ်နေတယ်… ချင်ပြည်ထောင်ရဲ့ အသက်တွေ အများကြီးက သူတို့လက်မှာ သေဆုံးခဲ့ရတယ်… အရှေ့မြေရိုင်း ဒေသက သူတို့ကို အတူတူ တိုက်ခိုက်မယ်… နတ်မိမယ်… ထိပ်သီး အင်အားစု တစ်ခုရဲ့ ခေါင်းဆောင် တစ်ယောက် အနေနဲ့ ခင်ဗျားက ဘယ်လိုလုပ် ဘာမှ မလုပ်ဘဲ ထိုင်နေနိုင်ရတာလဲ…”

ချင်ယွီက ဆက်ပြောသည်… “နတ်မိမယ်.. စိတ်မပူပါနဲ့ … ကျုပ်တို့ရဲ့ စိတ်ရင်းကို ဖော်ပြဖို့အတွက် ကျုပ်က လက်ထပ်မှုနဲ့ မဟာမိတ်ပြုလိုတယ်… ကျုပ်သားက သေသွားပြီဖြစ်ပေမဲ့ ထက်မြက်တဲ့ ဂျူနီယာတွေ အများကြီး ရှိသေးတယ်… တိုက်တိုက်ဆိုင်ဆိုင်ပဲ လစန္ဒာကလန်က သမီးတော်အသစ် ရွေးခဲ့တယ်… သူမက ချင်ပြည်ထောင်က တစ်ယောက်နဲ့ လက်ထပ်နိုင်တယ်… ဘယ်လိုလဲ…”

လစန္ဒာကလန်မှ တပည့်များက သူ့အား ကြည့်ကြသည်။ ထိုအရာက ယနေ့ ချင်ယွီ၏ တကယ့် ရည်ရွယ်ချက်ပင်။ သူက လစန္ဒာကလန်အား အတင်း ရွေးချယ်ခိုင်းသည်။ လက်ထပ်ပွဲအတွက် မူကား ထိုအရာက ပိုမို၍ပင် ဟာသမြောက်သည်။ သမီးတော် အသစ်က ဘယ်သူဖြစ်သည်ကို ချင်ယွီက သိပြီးဖြစ်သည်။ ဟွာဂျီယူအား ခေါ်သွားလိုသည်က ရီဖူရှင်းကို ရန်စရန်သာ ဖြစ်သည်။

ဆွေမျိုးမိတ်ဆွေများက ဤကိစ္စများတွင် ပါဝင်ပတ်သက်ခြင်း မရှိသင့်ပေ။ ဟွာဂျီယူကား ရီဖူရှင်း၏ချစ်သူမျှသာ ဖြစ်ပြီး ထိပ်သီးအင်အားစု တစ်ခု၏ တပည့်တစ်ယောက်သာ ဖြစ်သည်။ ချင်ယွီ၏ စကားများက လွန်စွာ ယဉ်ကျေးမှု ကင်းမဲ့ကာ အနည်းငယ်သော စော်ကားမှုမျိုးပင် ပါဝင်နေသည်။ သူက လစန္ဒာကလန်အား သူတို့ဘက်ကို ပါဝင်ရန် ဖိအားပေးနေခြင်း ဖြစ်ပေသည်။

သူတို့ သဘောတူပါက အသက်ရှင်မည်။

သူတို့ ငြင်းပယ်ပါက သေမည်။

လစန္ဒာကလန်က လျိုနိုင်ငံ ရင်ဆိုင်ရသော အခြေအနေနှင့် တူညီသော အခြေအနေကို ရင်ဆိုင်နေရသည်။ နောက်ဆုံး အကြိမ်က ချင်ပြည်ထောင်က တိုက်ခိုက်ရန် အကြောင်းပြချက် ရှာဖွေခဲ့သည်။ ယခုမူကား သူတို့က တည့်တိုး ဆန်လှ၏။ ချင်ပြည်ထောင်ကလည်း ယခု ပိုမို၍ အားကောင်းလာသည်။ သူတို့က ထိပ်သီး အင်အားစုနှစ်ခုကို ဆက်တိုက် ဖျက်ဆီးလိုသည်။ ထိုအရာက ရက်စက်လွန်းလှသည်။

ဟွာဂျီယူက နတ်မိမယ်ဝမ့်ယွီအား ကြည့်သည်။ သိသာစွာပင် သူမက ချင်ယွီ၏နောက်ကို မလိုက်နိုင်ပေ။

နတ်မိမယ်ဝမ့်ယွီ တိတ်ဆိတ် သွားသည်။ ထို့နောက် သူမက ချင်ယွီအား ကြည့်ကာ ပြောသည်… “လစန္ဒာကလန်က ချင်ပြည်ထောင်နဲ့ ကော့တေး အကြားက ပြိုင်ဆိုင်မှုထဲမှာ ဝင်မပါချင်ဘူး… ဟွာဂျီယူက ကျွန်မတို့ရဲ့ သမီးတော်ပဲ… လက်ထပ်မှုနဲ့ ပတ်သက်ပြီး သူမရဲ့ အမြင်ကို ကျွန်မက မေးပါ့မယ်… တခြားကိစ္စ မရှိတော့ရင် ရှင်ပြန်လို့ ရပြီ…”

သူမက ငြင်းပယ်ခဲ့သည်။

လစန္ဒာကလန်မှ တပည့်များအားလုံး အသက်ဝဝ မရှူရဲတော့ပေ။ မမြင်ရသော ဖိအားက သူတို့ထံ လွှမ်းခြုံနေသည်။ နတ်မိမယ်ဝမ့်ယွီ၏ ငြင်းပယ်မှုက ဘာကို ဆိုလိုသည်ကို သူမတို့ သိကြသည်။ သူမတို့က ထိုအကျိုးဆက်ကို ခံနိုင်မည် မဟုတ်ပေ။

“နတ်မိမယ်… ခင်ဗျားက မျှတမှုကို ဂရုမိစိုက်တော့ ဘူးလား…” ချင်ယွီက အေးစက်စွာ ပြောသည်။ သူက လူတိုင်းအား ဝေ့ကြည့်ကာ ပြောသည်… “လစန္ဒာကလန်က လူတိုင်းက နတ်မိမယ်ဝမ့်ယွီလိုပဲ တွေဝေနေမယ်လို့ ကျုပ်မထင်ဘူး… ချင်ပြည်ထောင်နဲ့အတူ ကြီးကျယ်တဲ့အရာ တစ်ခုခုကို လုပ်ဆောင်ချင်တဲ့လူတွေ ရှိကြလား…”

လူတိုင်း၏စိတ်နှလုံးက တုန်ယင်သွားကြသည်။ ချင်ပြည်ထောင်က လျိုနိုင်ငံအား မတိုက်ခိုက်မီကလည်း သူတို့က အရှင်များနှင့် အရာရှိများအား လျိုနိုင်ငံမှ ခွဲထုတ်ခဲ့ကြသည်။ ယခု ချင်ယွီကလည်း လစန္ဒာကလန်ကို တိုက်ခိုက်လိုသည်မှာ သိသာလှသည်။ သူ့နောက်ကို လိုက်လိုသော သူများကို သူက မေးနေသည်။

“ဂျူနီယာ ညီမလေး… အိမ်ရှေ့စံရဲ့ စကားက လုံးဝ ကျိုးကျောင်း ဆီလျော်မှု မရှိတာတော့ မဟုတ်ဘူး…” တစ်စုံတစ်ယောက်က ရုတ်တရက် ပြောသည်။ သူမကား ချူယောင်ယောင်၏ဆရာ ယန်ဖေးဟွန် ဖြစ်သည်။ ကလန်တွင် သူမ၏ အဆင့်အတန်းကလည်း လွန်စွာမြင့်သည်။ သူမက နတ်မိမယ်ဝမ့်ယွီ၏ စီနီယာအစ်မဖြစ်သည်။

နတ်မိမယ်ဝမ့်ယွီက ယန်ဖေးဟွန်အား အေးစက်စွာ ကြည့်သည်။ ယန်ဖေးဟွန်က အကြည့်အား လွှဲလိုက်သည်။ သူမကပိုမို၍ အသက်ကြီးသော်လည်း သူမ၏စီနီယာညီမက ပိုမို၍ ထူးချွန်ကာ ဆုံးဖြတ်ချက် ပြတ်သားပေသည်။ သို့သော်လည်း ချင်ပြည်ထောင်မှ ဖိအားကို ရင်ဆိုင်ရရာတွင် လစန္ဒာကလန်တွင် ရွေးချယ်စရာ မရှိပေ။ သူမက မိမိအတွက် စဉ်းစားရပေမည်။

“စီနီယာယန်က တရားမျှတမှုက ဘာဆိုတာကို နားလည်တယ်… ခင်ဗျားလိုလူကပဲ လစန္ဒာကလန်ရဲ့ ခေါင်းဆောင် ဖြစ်သင့်တယ်…” ချင်ယွီက ပြောသည်… “နောက်ထပ် ရှိသေးလား…”

“ပါးစပ်ပိတ်ထား…” နတ်မိမယ်ဝမ့်ယွီက အေးစက်စွာ ပြောသည်။ သူမက ထိုသို့ ပြောလိုက်သည်နှင့် လေထုတစ်ခုလုံး အေးစိမ့်သွားသည်။

ချင်ယွီ၏ အပြုံးကလည်း ပျောက်ကွယ် သွားသည်။ သူက နတ်မိမယ်ဝမ့်ယွီအား ကြည့်သည်။ သူက နဂါးလှံတံအား ကိုင်ကာ လေထဲတွင် တစ်ချက် ဝှေ့ယမ်းလိုက်သည်။

နတ်မိမယ်ဝမ့်ယွီက ထရပ်သည်။ သူမ၏ အင်္ကျီက လေမတိုက်ဘဲ တဖျတ်ဖျတ် လွင့်နေသည်။ သူမက အသက် မငယ်တော့သော်လည်း အသက် သုံးဆယ်အရွယ်ခန့်သာ ထင်ရသည်။ သူမ၏ ကိုယ်ရောင် ကိုယ်ဝါက အေးစက်သည်။ သူမက တစ်ချိန်က အရှေ့မြေရိုင်း ဒေသမှ အလှဆုံး မိန်းကလေး တစ်ယောက် ဖြစ်ခဲ့ဖူးသော်လည်း လက်ရှိအချိန်အထိ လက်ထပ်ခြင်း မရှိသေးပေ။

“ချင်ယွီ… ကောင်းကင်တောင်မှာ ကော့တေးရဲ့ ဒုတိယ တပည့်ဆီမှာ ခွေးတစ်ကောင်လို ကျာပွတ်နဲ့ အရိုက်ခံခဲ့ရတာ ဘယ်လိုနေလဲ…” နတ်မိမယ်ဝမ့်ယွီက သရော်လိုက်သည်… “ရှင့်သားကို သတ်တာက ကော့တေးက ရီဖူရှင်းပဲ… သူ့ဆီကို မသွားရဲတော့ ရှင်က ရှင့်ရဲ့အင်အားကို ဒီမှာလာပြတယ်… ရှင့်လို ငကြောက်က အရှေ့မြေရိုင်းဒသရဲ့ ဘုရင်ဖြစ်ချင်သေးတာ မရှက်ဘူးလား…”

သူတို့က တိုက်ခိုက်ရန် ရှောင်လွှဲမရမှတော့ ယဉ်ကျေးနေစရာ မလိုတော့ပေ။ နတ်မိမယ်ဝမ့်ယွီက ကျောက်စိမ်းကဲ့သို့ သန့်စင်သော်လည်း သူမက သိမ်မွေ့သည်ဟု မဆိုလိုပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset