Switch Mode

အပိုင်း (၃၆၆)

လစန္ဒာကလန်သို့ ရောက်ရှိခြင်း

လျိုဖန်းနှင့် ရွှီယီတို့က ချက်ပြုတ်ပြီးကြပြီး ဖြစ်သည်။ လူတိုင်းက စကားပြောနေရင်း စားသောက်ကြသည်။

“ကလေးမ… မင်းက ရှန့်ထို အသိ နည်းနည်းကို နားလည် ထားပြီပေါ့…” အဘိုးအိုက ပြောသည်။

“ဟုတ်ကဲ့…” ကျူးကော့ဟွေက ခေါင်းညိတ်သည်… “ဟုတ်ကဲ့ ဒါပေမဲ့ ကျွန်မက အဆင့်တက်လို့ မရနိုင်သေးဘူး…”

“ဒါက မလွယ်ကူဘူး… ရှေးဟောင်း စာအုပ်တွေ အရတော့ ရှန့်ထို တစ်ယောက်က လောကကြီးနဲ့ သတ္တဝါတွေ အားလုံးကို နားလည်တယ်… သူ့မှာ လွတ်လပ်တဲ့ နှလုံးသား ရှိတယ်… ဒါကြောင့် မင်းက စိတ်နှလုံးကိုလည်း လေ့ကျင့်ဖို့လိုတယ်… မင်းရဲ့ နှလုံးသားက တန်ခိုးအဆင့်နဲ့ မသက်ဆိုင်ဘူး… ဒါပေမဲ့ ဒါက မင်းရဲ့ အဆင့်ကို သတ်မှတ်နိုင်တယ်… တချို့က ပါရမီ သိပ်မကောင်းကြပေမဲ့ ထူးခြားကောင်းမွန်တဲ့ နှလုံးသားကို ပိုင်ဆိုင်ကြတယ်… ဒါကြောင့် သူတို့က အရမ်းမြင့်တဲ့ အဆင့်တစ်ခုကို ရောက်ကြတယ်… နှိုင်းယှဉ်ရရင် မင်းရဲ့ စိတ်နှလုံးက မလုံလောက်ရင် မင်းက ဘယ်လောက်ပဲ ပါရမီမြင့်နေပါစေ မင်းရဲ့ အကန့်အသတ်က သတ်မှတ်ထားပြီးသား ဖြစ်သွားပြီ…”

အဘိုးအိုက စားနေရင်းက စကားပြောသည်။ ရီဖူရှင်းနှင့် တခြားလူများက ဂရုတစိုက် နားထောင်ကြသည်။ သူ၏စီနီယာ အစ်ကိုများနှင့် အစ်မများက ဆရာကို များစွာ လေးစားကြသည်မှာ သဘာဝကျပေသည်။ သူက သိပ်ဆွဲဆောင်မှု ရှိသောပုံစံ မဟုတ်သည့်အပြင် သူက ဘာကိုမှ အလေးအနက် မထားကာ ညစ်စုတ်သည့်ဟန်ပန် ရှိသော်လည်း သူစကားပြောလျှင် တကယ့်ဆရာ အစစ်တစ်ယောက်နှင့် တူပေသည်။

“ဆရာ အရင်က ပြောကတော့ ရှန့်ထိုတစ်ယောက်က တန်ခိုးအဆင့်မှာပဲ ရှန့်ထိုတစ်ယောက် မဟုတ်ဘူးတဲ့” ကျူးကော့ဟွေက လေးနက်စွာ ပြောသည်… “ဒါဆို မကောင်းတဲ့လူတွေက ဒီအဆင့်ကို ဘာလို့ ရောက်လာရတာလဲ…”

အစ်မနှစ်က ကိစ္စတစ်ခုကို အလေးအနက် ပြောသည်ကို တစ်ခါမှ မမြင်ဖူးပေ။ ဤတစ်ကြိမ်က ပထမဆုံး သူမြင်ဖူးခြင်း ဖြစ်သည်။

“မကောင်းတဲ့လူက မလွတ်လပ်တဲ့ စိတ်နှလုံး ရှိတယ်လို့ မဆိုလိုဘူးလေ…” အဘိုးအိုက ပြောသည်… “လူတိုင်းက ကိုယ်ပိုင်အမြင်ကို ဆုပ်ကိုင် ထားကြပြီးတော့ အဲဒီအပေါ်မှာ လိုအင်ဆန္ဒ ရှိကြတယ်… သူက မကောင်းတဲ့လူလို့ မင်းတို့က တွေးထင်နိုင်ပေမဲ့ သူ့မျက်လုံးထဲမှာတော့ ဒါကမျှတတယ်… ဥပမာအားဖြင့် လောကမှာ တန်ခိုးရှင်တွေ များပြားလွန်းတယ်လို့ လူတွေက တွေးထင်ကြတယ်… အထောက်အပံ့ ပစ္စည်းတွေက အကန့်အသတ်ရှိပြီး ဒါတွေက စွမ်းအားမြင့် တန်ခိုးရှင်တွေနဲ့ပဲ သက်ဆိုင်တယ်လို့ သူတို့ တွေးထင်ကြတယ်… ရည်ရွယ်ချက် မြင့်မားမှု မရှိတဲ့လူတွေက သနားဖို့မလိုတဲ့ ပုရွက်ဆိတ်တွေလို့ သူတို့ တွေးထင်ကြတယ်… အားနည်းတဲ့လူတွေက ကျွန်တွေပဲ… မင်းတို့ သဘောတူလား…” လူတိုင်းက ဆရာ၏ စကားများကို စတင် တွေးတောကြသည်။ ထိုစကားလုံးများက ရိုးရှင်းဟန် ရသော်လည်း အမှန်တကယ် အားဖြင့် လွန်စွာ လေးနက်လှသည်။

“လက်မခံဘူး…” ကျူးကော့ဟွေက ပြောသည်… “ကောင်းကင်ဒေသမှာ အင်အားစုတွေ အများကြီး ရှိတယ်… ဥပမာ အရှေ့မြေရိုင်း ဒေသက အင်အားစုတွေက ကွဲပြားခြားနားတဲ့ လေ့ကျင့်ရေး အထောက်အကူ ပစ္စည်းတွေကို ဆုပ်ကိုင်ထားကြတယ်… သာမန်လူတွေက တိုက်ခိုက်ရေး နည်းစနစ် တစ်ခုကိုတောင် ရှာတွေ့ဖို့ မလွယ်ဘူး… သူတို့က ကံမကောင်းရင် သူတို့က ဘဝတစ်ခုလုံး သာမန်လူတွေ ဖြစ်သွားကြမှာပဲ… လူတိုင်းက ဆရာကောင်းကို မတွေ့နိုင်ဘူး…”

လူတိုင်းက ခေါင်းညိတ်ကြကာ သူတို့၏ အစ်မနှစ်ပြောသော စကားကို ထောက်ခံကြသည်။ သူမ၏စကားက ရီဖူရှင်းအား ပိုမို၍ အတွေးနက်စေသည်။ သူက ချင်းကျူမြို့မှ စတင်ခဲ့သည်။ ချင်းကျူမြို့မှ လူများက ပြင်ပလောက ဆိုသည်ကို ဘာမှန်းတောင် သိကြမည် မဟုတ်ပေ။ သူတို့က ကျယ်ပြောသော လောကကြီးနှင့် များစွာသော အထောက်အကူပြု ပစ္စည်းများကို မည်သို့ မြင်ဖူးမည်နည်း။

“တခြားလူတွေက ဒီလိုတွေးရင် ငါက ထူးဆန်းမှာ မဟုတ်ပေမဲ့ မင်းက ဒီလို တွေးတာကိုတော့ ငါက အံ့ဩမိတယ်…” အဘိုးအိုက ကျူးကော့ဟွေအား ပြုံးလျက် ကြည့်ကာ ပြောသည်… “ငါမင်းကို မေးမယ်… လောကကြီးက လူတွေအကုန်လုံးက ဒီအထောက်အကူပြု ပစ္စည်းတွေကို ပိုင်ဆိုင်သင့်လား… ဒါမှမဟုတ် ကော့တေးက လူတွေအတွက်ပဲ ဖြစ်သင့်သလား…”

သူက ဘာကို ပြောချင်သည်ကို ကျူးကော့ဟွေက နားလည်ပေသည်။ လောကကြီးတွင် မျှတမှု ဆိုသည်မှာ မရှိကြောင်းလည်း သူမက နားလည်သည်။ အင်အားစုတိုင်းက ပါရမီ အမြင့်ဆုံးကို ရွေးချယ်ကြမည် ဖြစ်သည်။ တစ်ခါတစ်ရံ လူတစ်ယောက်က မွေးကတည်းက သူ၏စမှတ်ကို ဆုံးဖြတ်ထားသည်။

“ဧကရာဇ်တွေနဲ့ ရှန့်ထိုတွေကလည်း လူသားတွေပဲ ဖြစ်ကြတယ်… ဘယ်သူမှ အရာအားလုံးကို မသိနိုင်ဘူး… အချိန်တိုင်းမှာ လူတိုင်းက ကိုယ်စီအမြင်နဲ့ ကွဲပြားခြားနားတဲ့ အယူအဆတွေနဲ့ တစ်စုံတစ်ခုကို စဉ်းစား ဆုံးဖြတ်ကြတယ်… ဒါကြောင့် မင်းတို့တွေ အားလုံးက ဘယ်တော့မှ တစ်ဖက်စောင်းနင်း မဖြစ်သွားဖို့ ငါမျှော်လင့်တယ် … စိတ်နှလုံး ပွင့်လင်းတဲ့ လူတွေကမှ လောကကြီးကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်…”

“ငါက တစ်လောကလုံးက လူတွေကို မသင်ကြားပေးနိုင်ဘူး… ဒါကြောင့် ငါက မင်းတို့ကို ရွေးချယ်ခဲ့တယ်… အနာဂတ်မှာ မင်းတို့က လူတွေကို လွှမ်းမိုးနိုင်တဲ့ လူတွေ ဖြစ်လာမှာပဲ… ဥပမာ မင်းတို့ရဲ့ အစ်ကိုကြီးက ဓားသခင်တောင်ကို တည်ထောင်ခဲ့တယ်… ဒါက သူ့ရဲ့ အမွေအနှစ် ဖြစ်တယ်… ပါရမီပိုမြင့်ပြီး ကြိုးစားတဲ့လူတွေက ပိုပြီးရမယ်… သာမန် ပါရမီနဲ့ လူတွေကလည်း မျှမျှတတ ဆက်ဆံခံရမယ်… အနည်းဆုံး သူတို့ရဲ့ ကြိုးစား အားထုတ်မှုကို ဘယ်သူမှ လုယူခွင့်မရှိဘူး…”

အဘိုးအိုက ဆက်ပြောသည်… “အရင်တုန်းက ကောင်းကင်ဒေသက ပရမ်းပတာ ဖြစ်နေခဲ့တယ်… ဧကရာဇ်နှစ်ပါးက လောကကို အုပ်ချုပ်ပြီးတော့ ကျောင်းတော်တွေ တည်ထောင်ဖို့ အမိန့်ထုတ်ခဲ့တယ်… လူတိုင်းက သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ အခွင့်အရေး ရလာခဲ့တယ်…”

ရီဖူရှင်းက နားလည်လာပုံ ရသည်။ ထိုအရာက အလွန် ရှုပ်ထွေးလှသည်။

အဘိုးအိုက ရယ်မောလိုက်သည်… “စကားလမ်းကြောင်း လွဲသွားပြန်ပြီ… အနာဂတ်မှာ မင်းတို့က အရှေ့မြေရိုင်း ဒေကနေ ထွက်ခွာရတဲ့အခါ ပိုပြီး သိလာကြလိမ့်မယ်… နံပါတ်သုံး၊ လေး၊ ငါး… မင်းတို့ရဲ့ တန်ခိုးအဆင့်တွေကို ပြောကြ… ငါမရှိတဲ့အချိန် အချောင်ခိုနေကြလား…”

“ဆရာ… ကျွန်တော်က ပါရမီနည်းလို့ ပထမအဆင့် နိုဘယ်ပဲ ဖြစ်သေးတယ်…” ဂူတုံးလျိုက ပြောသည်။ ရီဖူရှင်းက သူ့အား ဆွံ့အစွာ ကြည့်လိုက်သည်။ သူက ပထမအဆင့် နိုဘယ်ဖြစ်သည့် အချိန်တွင် မိမိကိုယ်ကို ပါရမီနည်းသူဟု အမှန်တကယ် ပြောလိုက်သည်လား…။ နှစ်အစတုန်းက လုနန်ထျန်းနှင့် တိုက်ခိုက်စဉ်က သူက ဒုတိယအဆင့် နိုဘယ်သာ ဖြစ်သည်။ ကြည့်ရသည်မှာ ထိုတိုက်ပွဲက သူ့အားများစွာ တိုးတက်စေခဲ့သည်။

“ကျွန်တော်က စတုတ္ထအဆင့်ပဲ ရှိသေးတယ်…” ရွှီယီက ပြောသည်။

“ဆရာ… ကျွန်တော်က ဆဋ္ဌမအဆင့်ပဲ ရှိသေးတယ်…” လျိုဖန်းက ပြုံးလျက် ပြောသည်။

“ဆရာ… ကျွန်မက အဆင့်နိမ့် အကာနာမှာပဲ ရှိသေးတယ်…” ပေ့ထင်ရှင်းအာက ပြောသည်။

“ကျွန်တော်က အဆင့်မြင့် အကာနာ…” ယိရှောင်ရှီက ခေါင်းကုတ်သည်။

“ယူချင်းနဲ့ ကျွန်တော်က ကောင်းကင်တောင်မှာ အကာနာ အဆင့်ကို ဝင်ရောက်ခဲ့တယ်…” အကာနာ အဆင့်အား အသက်နှစ်ဆယ် မပြည့်မီ ဝင်ရောက်ခဲ့သောကြောင့် ဆရာက သူတို့အား ချီးကျူးမည်လော။

“မင်းက အသက်နှစ်ဆယ်ကို ရောက်တော့မယ်… အခုမှ အကာနာကို ဝင်တာလား…” အဘိုးအိုက ရီဖူရှင်းကို ထူးဆန်း သတ္တဝါ တစ်ကောင်လို ကြည့်ကာ မေးသည်။

ရီဖူရှင်း မျက်လုံး ပြူးသွားသည်… “ဆရာ… ကျွန်တော်က နောက်နှစ်မှ အသက်နှစ်ဆယ် ပြည့်မှာ…”

“ကိစ္စမရှိဘူး… ရှင်းအာက မင်းထက် အသက်ငယ်တယ်… ဒါပေမဲ့ သူမရဲ့ အဆင့်က ပိုမြင့်တယ် … မင်းက ဘယ်လို လေ့ကျင့်နေလဲ ငါမသိဘူး…” အဘိုးအိုက သနားညှာတာခြင်း ကင်းမဲ့စွာ ပြောသည်… “ဒါပေမဲ့ မင်းက ကံကောင်းတယ်… မင်းက ပါရမီ မပါပေမဲ့ ငါက မင်းဆရာပဲ… မင်းမှာ အခွင့်အရေး ရှိသေးတယ်…”

“ကျွန်တော်…” ရီဖူရှင်းက ငြင်းလိုသော်လည်း ကျူးကော့ဟွေက သူ့အား ပြုံးလျက် ကြည့်ကာ ဂူတုံးလျို၏ပုံစံက လေးနက်မှု ရှိနေသည်ကို မြင်လျှင် သူက ပါးစပ်ပိတ် လိုက်သည်။ သူတို့က ဆရာအား လေးစားရန် ပြောခဲ့ကြသည်။ ယခု သူ၏ပါရမီက အထင်သေး ခံနေရ၏။

“ဆရာ… ဆရာကရော ဘယ်အဆင့်လဲ မသိဘူး…” ရီဖူရှင်းက စိတ်ဝင်စားစွာ မေးသည်။

“ငါ တန်ခိုးမကျင့်ဘူး…” အဘိုးအိုက ခေါင်းယမ်းသည်။

“ဆရာ… ကျွန်တော် ယုံမယ်လို့ ထင်လား…” ရီဖူရှင်းက မေးသည်။

“ကောင်းကင်တောင်မှာ မင်းမမြင်ဘူးလား… ခေါင်းလောင်းက ငါ့အပေါ် သက်ရောက်မှု ရှိလို့လား…” အဘိုးအိုက ဆက်ပြောသည်။ ရီဖူရှင်း အေးခဲသွား၏။ သူက ထိုအရာကို မတွေးမိပေ။ သို့သော် သူပြောသည်မှာလည်း အဓိပ္ပာယ် ရှိပေသည်။

“ဒါက ဆရာရဲ့ အဆင့်က အရမ်းမြင့်လွန်းလို့ နေမှာပေါ့…” ရီဖူရှင်းက ပြောသည်။

“မင်း ထင်လို့လား…” အဘိုးအိုက ခေါင်းငုံ့ကာ ထပ်စားလိုက်သည်။

ရီဖူရှင်း တွေဝေသွားသည်။ ဤသို့ဆိုလျှင် သူက မှားကာ ဆရာက အမှန်တကယ် တန်ခိုး မကျင့်ဘူးလား… ။

ယိရှောင်ရှီက မရယ်မိအောင် ထိန်းနေရသည်။ ရီဖူရှင်း ရောက်လာ ကတည်းက ကော့တေးတွင် ယိရှောင်ရှီ၏ အဆင့်အတန်းက နိမ့်ကျလာခဲ့သည်။ ယခု ဆရာ ပြန်ရောက်လာရာ ဤအကောင်က သင်ခန်းစာ နည်းနည်း အပေးခံနေရပေပြီ။

“မင်းရဲ့ တန်ခိုးအဆင့်က နိမ့်ပြီး ပါရမီ မပါပေမဲ့ လက်မလျှော့နဲ့… ငါအခု စားပြီးပြီ… ဒါကြောင့် မင်းက ငါနဲ့ လိုက်ခဲ့နိုင်တယ်… ငါက မင်းကို ကောင်းကောင်း ဆက်ဆံရမှာပေါ့… ငါက တပည့်တွေ အားလုံးကို တန်းတူ ဆက်ဆံတယ်…” အဘိုးအိုက ထရပ်ကာ သူ၏အင်္ကျီအား ဖုန်ခါသည်။

“အာ…” ရီဖူရှင်း အံ့အားသင့် သွားသည်။

“မင်း မလာသေးဘူးလား…” အဘိုးအိုက လက်နှစ်ဖက်အား နောက်တွင် ချိတ်ကာ ထွက်သွားသည်။

ရီဖူရှင်းက ခေါင်းကုတ်လိုက်သည်။ သူက သူ၏စီနီယာများကို ကြည့်လျှင် အားလုံးက သူ့အား လေးနက်စွာ ကြည့်နေကြသည်ကို မြင်ရာ သူက ထရပ်သည်။ ယိရှောင်ရှီက စိတ်မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်သည်။ ထိုနေ့ကား နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ။ သို့သော် လူတိုင်းက သူ့ကို ကြည့်ကြလျှင် ယိရှောင်ရှီက ထူးဆန်းမှုကို ခံစားရသည်။ အားလုံး၏ ထူးဆန်းသော မျက်လုံးများကို မြင်လျှင် သူက အဘိုးအို၏နောက်ကို လိုက်ပါသွားသော ရီဖူရှင်းကို ထူးဆန်းစွာ ကြည့်သည်။

“နေပါဦး…” ယိရှောင်ရှီက ရေရွတ်သည်… “ဆရာက အခုမှ ပြန်ရောက်တယ်.. အခု ဂျူနီယာလေးကို သင်ပေးမယ်ဆိုတော့… ဘယ်တုန်းက ဆရာက ဇွဲကောင်း သွားတာလဲ…”

“နင်သိပြီလား…” ပေ့ထင်ရှင်းအာက မေးသည်။

ယိရှောင်ရှီ လုံးဝ မျက်လုံးပြူး သွားသည်။ ဘာတွေ ဖြစ်ပျက်နေသနည်း။

“ရှောင်ရှီ… နင်က ဆရာကို နားမလည်သေးပါဘူး…” ကျူးကော့ဟွေက ပြုံးလျက် ပြောသည်။ ယိရှောင်ရှီက ဘာကြံနေသည်ကို သူမသိသည်။

***

လစန္ဒာကလန်တွင် ဒီနှစ်အတွက် တပည့်များ၏ တိုးတက်မှုကို စမ်းသပ်သော ပွဲတစ်ခု ရှိသည်။ ယခုကား များစွာသော မိန်းမလှများက တိုက်ပွဲနေရာတွင် စုစည်းနေကြကာ လွန်စွာ စည်ကားနေသည်။ ယခုတွင် မိန်းကလေး နှစ်ယောက်က တိုက်ပွဲနေရာတွင် တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင် ရပ်နေကြ၏။

နှစ်ဖက်လုံးက လွန်စွာ လှပသော မိန်းကလေးများ ဖြစ်ကြသည်။ တစ်ယောက်က လစန္ဒာကလန်၏ သမီးတော် ချူယောင်ယောင် ဖြစ်ပြီး နောက်တစ်ယောက်က သူမ၏အလှနှင့် ပါရမီတို့ကို ယှဉ်နိုင်သော မိန်းကလေး ဖြစ်သည်။ သူမကား ရှောက်ယွီ အိမ်တော်တွင် လေ့ကျင့်သော ဟွာဂျီယူ ဖြစ်သည်။ နယ်မြေတစ်ရာ ဒေသမှ ပြန်ရောက်ပြီး ကတည်းက သူမက လွန်စွာ ကြိုးစား လေ့ကျင့်ခဲ့သည်။ သူမက လွန်စွာ တိုးတက်နေခဲ့ကာ ယခု အကာနာ အဆင့်ကို ရောက်နေပြီ ဖြစ်သည်။

“ယောင်ယောင်က ဒီနှစ် ဘာမှ မတိုးတက်လာပါလား… ဘာဖြစ်တာလဲ…” တစ်စုံတစ်ယောက်က မေးသည်။ ချူယောင်ယောင်က လွန်ခဲ့သော နှစ်ကလည်း ဤအဆင့်တွင် ဖြစ်ကာ ယခုလည်း ဤအဆင့်တွင် ဖြစ်သည်။

လူအများအပြားက ခေါင်းညိတ်ကြသည်။ သူမနှင့်ချင်လီတို့၏ ပတ်သက်မှုကြောင့် ထိုအဖြစ်က တန်ခိုးကျင့်ရာတွင် အနှောင့်အယှက် ဖြစ်စေခဲ့သည်များလား…။ မဟုတ်လျှင် ဟွာဂျီယူက မည်မျှ ပါရမီမြင့်ပါစေ တစ်နှစ်အတွင်း ချူယောင်ယောင်ကို အမီလိုက်နိုင်စရာ အကြောင်း မရှိပေ။

ယခုတွင်ကား တိုက်ပွဲနေရာမှ ညည်းသံတစ်ချက် ထွက်လာသည်။ မှော်တိုက်ကွက် တစ်ခုက ချူယောင်ယောင်အား ထိသည်။ သူမက နောက်ဆုတ်ရန် ကြိုးစားစဉ်မှာပင် မဆုံးနိုင်သော နွယ်ပင်များက သူမအား ပိတ်လှောင် ထားကြသည်။ သူမ၏ရှေ့တွင် ဟွာဂျီယူက သရဖူအား ဝတ်ဆင်လျက် ရပ်နေသည်။ သူမက ဘုရင်မတစ်ပါးလို ထည်ဝါလှပသည်။ ထိုအရာက သူမ၏ သက်စောင့်ဝိညာဉ် ဖြစ်သည်။ အားကောင်းသော စိတ်ဝိညာဉ် စွမ်းအားများက သူမထံမှ ဖြာထွက်နေသည်။

“ရှုံးသွားပြီ…” ချူယောင်ယောင်က စိတ်ပျက်သွားပုံ ရသည်။ သူမက သူမ၏ရှေ့မှ လှပသော မိန်းကလေးအား ရှုံးသွားသည်။

ဟွာဂျီယူက သူမ၏ တိုက်ကွက်အား ပြန်လည် ရုပ်သိမ်းလိုက်သည်။ အမှန်တကယ် အားဖြင့် သူမက ချူယောင်ယောင်နှင့် မယှဉ်ပြိုင်လိုခဲ့ပေ။ သို့သော် ရီဖူရှင်းက လစန္ဒာကလန်ကို ရောက်လာသည့် အချိန် ကြုံသော အဖြစ်မျိုး နောက်တစ်ခါ မဖြစ်စေလိုပေ။ ထို့ကြောင့် သူမက ယှဉ်ပြိုင်ရန် လိုအပ်သည်။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် နေသည်။ ချူယောင်ယောင် ရှုံးနိမ့်သည်က ဘာဖြစ်မည်ကို သိကြသည်။ လူအများအပြားက လစန္ဒာကလန်၏ ခေါင်းဆောင်အား ကြည့်ကြသည်။ သူမက တိုက်ပွဲအား ကိုယ်တိုင် လာရောက် ကြည့်ရှုသည်။

“ဟွာဂျီယူက ချူယောင်ယောင်ရဲ့ သမီးတော် နေရာကို အစားထိုးမယ်…” သူမက ပြောသည်။

လူအုပ်က လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ဟွာဂျီယူက ကလန်ကို ရောက်သည်မှာ ဘယ်လောက် ကြာသေးလို့လဲ…။ ယခုသူမက ချူယောင်ယောင်၏ နေရာကို အစားထိုး ခံရသည်။

ထိုအချိန်တွင် အဝေးမှ လူများ ရောက်လာသော အသံကို ကြားရသည်။ နတ်မိမယ်ဝမ့်ယွီက အဝေးကို လှမ်းကြည့်ကာ မေးသည်… “ဘာဖြစ်နေတာလဲ…” သူမက ထိုသို့ ပြောနေစဉ်မှာပင် ထိုနေရာမှ လွန်စွာ အားကောင်းသော ကိုယ်ရောင် ကိုယ်ဝါတစ်ခု ထွက်ပေါ် လာသည်။

“ချင်ပြည်ထောင်က ချင်ယွီက လာရောက် တွေ့ဆုံပါတယ်…” အသံတစ်သံကို ကြားရသည်။ အတန်ကြာလျှင် ချင်ယွီက နဂါးတစ်ကောင်ကို စီးနင်းလျက် ရောက်လာသည်။ သူက နတ်မိမယ် ဝမ့်ယွီအား ကြည့်ကာ ပြုံးသည်… “အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်… ကျုပ်ကို ခွင့်လွှတ်ပါ…”

***

Comment

Leave a Reply

Options

not work with dark mode
Reset