ထျန့်ရီမြို့တော်၊ စာအုပ်တောင်က ယခုတွင် လွန်စွာ စည်ကားနေသည်ဟု ပြောရမည်။ ကော့တေးမှ ဆရာဒူက ကျောင်းတော်ကို ပြန်ရောက်လာပြီ ဖြစ်သည်။
ကျောင်းတော်မှ တပည့်များက ဆရာဒူနှင့်ပတ်သက်ပြီး သိပ်မသိကြသော်လည်း ထိုအရာက ဆရာဒူ၏ ပုံရိပ်ကို မထိခိုက်စေနိုင်ပေ။ ဆရာဒူက တန်ခိုး အစွမ်းမရှိဟု ပြောကြသော်လည်း ကော့တေးတပည့်များက လွန်စွာ အားကောင်းသည်က သူတို့၏ဆရာက မည်မျှ ထူးခြား ထက်မြက်သည်ကို ဖော်ပြနေသည်။
ဆရာဒူက လွန်စွာ ကံကောင်း၍ ထိုတပည့်များကို ရရှိသည်ဟု လူတချို့က တွေးထင်ကြ သော်လည်း သူ၏တပည့်များ အားလုံးက အဘယ်ကြောင့်ထိုမျှ ပါရမီ မြင့်နေရသနည်း။ သူတို့က အဘယ်ကြောင့် လိုလိုလားလား သူ့နောက်ကို လိုက်ရသနည်း။ ထိုအရာက တခြားလူများအတွက် တွေးစရာ ဖြစ်ရသည်။
ဓားသခင် စတင် နာမည် ကျော်ကြားလာသော အချိန်က မရေမတွက်နိုင်သော သူများက ကော့တေးကို ဝင်ရောက်လိုခဲ့ကြသည်။ နောက်ပိုင်းတွင် ဂူတုံးလျိုကလည်း ကျော်ကြားလာခဲ့ကာ ကော့တေး၏နာမည်က အရှေ့မြေရိုင်း ဒေသတစ်ခွင်လုံးကို ကျော်ကြားလာခဲ့သည်။ ယခု ကောင်းကင် တောင်ခြေတွင် ဖြစ်ပွားခဲ့သော ကော့တေး၏ ဒုတိယတပည့်နှင့် ချင်ပြည်ထောင်မှ ချင်ယွီတို့ တိုက်ပွဲကြောင့် ကော့တေးက လူအများအတွက် ဒဏ္ဍာရီသဖွယ် ဖြစ်လာခဲ့သည်။ ကျောင်းတော်မှ လူများပင်လျှင် ကော့တေးက မည်သို့သော နေရာ ဖြစ်သည်နည်း သိလိုကြသည်။
ထိုနေရာက အမှန်တကယ်အားဖြင့် ထူးခြားမှု တစ်စုံတစ်ရာ မရှိပေ။ ရီဖူရှင်းတို့အဖွဲ့က တောင်ပေါ်ကို တက်လာနေကြသည်။ တစ်ချိန်တည်းတွင် ကျူးကော့ဟွေ၊ ဂူတုံးလျိုနှင့် ကျန်လူများ အားလုံးက သတင်းကို ရရှိကာ သူတို့အား လာရောက် ကြိုဆိုကြသည်။
“အစ်မနှစ်… အစ်ကိုသုံး…” ရီဖူရှင်းက ပြုံးလျက် အော်သည်။ သူတို့နှစ်ယောက်က ပြန်လည်၍ ခေါင်းညိတ်ပြ၏။ သို့သော်လည်း အစ်မနှစ်က ဆရာဒူကိုသာ ကြည့်သည်။ သူမ၏ ပုံမှန်အားဖြင့် ကြည်လင် လန်းဆန်းနေတတ်သော မျက်လုံးများက ယခုတွင် ဝမ်းနည်းသော အငွေ့အသက်များ ယှက်သန်းလျက် ပြောသည်… “ဆရာ … ဆရာက ကျွန်မတို့ကို ဒီလောက် ကြာအောင် ပစ်ထားခဲ့တယ်… အခုတော့ ပြန်လာပြီပေါ့…”
အဘိုးအိုက ပြုံးလျက် ပြောသည်… “မိန်းကလေး… မင်း ငါ့ကို သတိရနေမယ်ဆိုတာ သိလို့ ငါပြန်လာတာ…”
“အာ…” ဆရာဒူက သူ၏အစ်မနှစ်ကို ဤသို့ခေါ်မည်ဟု လမ်းတွင်ကတည်းက သိထားပြီး ဖြစ်သော်လည်း ဆရာဒူက အမှန်တကယ် ထိုသို့ခေါ်သောအခါ ထူးဆန်းသလို ခံစားရသည်။
“ကျွန်မ သတိရတာကို ဆရာက သိလို့လား… ဆရာက ပြန်လာပေမဲ့ နောက်တစ်ခါ ခိုးထွက်သွားမှာပဲ မလား…” အစ်မနှစ်က သူမ၏ဆရာအား သံသယ မျက်လုံးများဖြင့် ကြည့်ကာ ပြောသည်။
“ငါက သွားရင်တောင် ကောင်းကောင်းမွန်မွန်ပဲ သွားမှာပေါ့… ခိုးထွက်စရာလား…” အဘိုးအိုက ဂူတုံးလျိုအား ကြည့်ကာ ပြောသည်… “နံပါတ်သုံး… ဟုတ်တယ်မလား…”
“ဆရာ ဘာပြောပြော မှန်တယ်…” ဂူတုံးလျိုက လေးနက်စွာ ပြောသည်။
“ဟုတ်တယ်… မင်းက တချို့ မိန်းကလေးတွေလို မဟုတ်ဘူးဆိုတာ ငါသိတယ်… ဟင်း… သူမက အပြင်က မိန်းကလေးတချို့ လိုတောင်မှ မလိမ္မာဘူး…” အဘိုးအိုက ခေါင်းယမ်းကာ သက်ပြင်းချသည်။ ထို့နောက် သူက ခေါင်းမော့လျက် ရှေ့ကို ဆက်လျှောက်သွား၏။
“ဆရာ… ဆရာက နောက်တစ်ခါ ကျွန်မတို့ကို ထားပြီး ထွက်သွားမှာကိုပဲ ကြောက်တာ…” ကျူးကော့ဟွေက ဆရာဒူ၏အနီးသို့ကပ်ကာ သူ၏လက်တစ်ဖက်အား ပွေ့ဖက်လျက် ပြောသည်။
“ဒီလိုမှပေါ့…” အဘိုးအိုက စိတ်ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်သည်။
အစ်မနှစ်က ခေါင်းမော့ကာ ကြည့်လျှင် ရွှီယီနှင့် လျိုဖန်းတို့က သူမအား စိုက်ကြည့် နေကြသည်ကို မြင်သည်။ ပြုံးလျက်ပင် သူက ပခုံးပေါ်တွင် ပတ်ထားသော ကျာပွတ်ပေါ်ကို လက်တင်ကာ ပြောသည်… “မင်းတို့ ဘာကို ကြည့်နေကြတာလဲ… ဆရာအတွက် စားစရာတွေ သွားပြင်ဆင်ကြစမ်း…”
ထိုနှစ်ယောက် ချက်ချင်း ထိတ်လန့် သွားကြသည်။ ကောင်းကင်တောင်မှ ပြန်ရောက် လာကတည်းက အစ်မနှစ်က သူမ၏ ကျာပွတ်အား ထိကိုင်ကာ သူတို့အား မကြာမကြာ ကြည့်သည်။ ထိုအမူအရာက အမှန်တကယ် ထိတ်လန့်ဖွယ် ကောင်းလှသည်။
“ဆရာ… အစ်မနှစ်… နည်းနည်းပဲ စောင့်ပါ… ကျွန်တော် သွားချက်လိုက်မယ်…” လျိုဖန်းက တွန့်ဆုတ်ခြင်း မရှိဘဲ ပြောသည်။ ထို့နောက် သူက ထိုနေရာမှ လျင်မြန်စွာ ပြေးထွက်သွား၏။
ရီဖူရှင်းက မျက်လုံး ပြူးသွားသည်။ အစ်မနှစ်က ဆရာ၏ လက်အား ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်လို ဆွဲကိုင်ထားသည်။ မောက်မာသော အစ်ကိုသုံးက ဆရာ၏ဘေးတွင် တိတ်တဆိတ် ရပ်နေသည်။ ထိုမြင်ကွင်းကို ကြည့်ကာ ကော့တေးတွင် ဆရာ၏ နေရာက မည်မျှ မြင့်သည်ကို သူသိလိုက်သည်။ နောင်တွင် သူက ကော့တေးတွင် ကောင်းကောင်းမွန်မွန် နေရမည်က ဆရာအပေါ်တွင် မူတည်နေသည်ကိုလည်း သူရိပ်မိလိုက်၏။
ထိုသို့တွေးမိလျှင် သူ၏ ဘေးတွင် ရှိနေသော ယိရှောင်ရှီအား မျက်လုံးပြူးလျက် ကြည့်လိုက်သည်။ သူ့ကြောင့် ဆရာက သူ့အပေါ် မကောင်းသော အမြင် ဖြစ်လာစေသည်။ သို့သော် ယိရှောင်ရှီက ရီဖူရှင်း၏အကြည့်ကို သတိမထားမိသည့်အလား အရှေ့ကို တိတ်ဆိတ်စွာ သွားနေသည်။
သူတို့အုပ်စုက လျိုဖန်းနှင့် ရွှီယီတို့ ချက်ပြုတ်နေသော သစ်လုံးအိမ်လေးသို့ ရောက်လာသည်။ ဆရာက ထိုင်လျှင် အစ်မနှစ်က သူ့ဘေးတွင် ထိုင်သည်။ အစ်ကိုသုံးက ဆရာ၏ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေရာ ရီဖူရှင်းနှင့် ကျန်လူများက မထိုင်ရဲကြပေ။
“ဘာလို့ ငါ့ကို ဝိုင်းကြည့် နေကြတာလဲ… ထိုင်ကြ…” အဘိုးအိုက လူတိုင်းကို မျက်လုံးပြူးလျက် ကြည့်သည်။
“ဟုတ်ကဲ့ ဆရာ…” အစ်ကိုသုံးက ခေါင်းညိတ်ကာ ထိုင်လျှင် တခြားလူများက နောက်မှ လိုက်ကြသည်။
“ဆရာ… ဆရာ မရှိတဲ့အချိန် ကျွန်တော်က တပည့်တစ်ယောက် လက်ခံထားတယ်… ဖူရှင်းကို ဆရာလည်း တွေ့ပြီးပြီ… ယူချင်းက ဖူရှင်းရဲ့ သူငယ်ချင်းပဲ… လို့လန်ရွှီက ရီဖူရှင်းရဲ့ အစေခံဖြစ်တယ်..” ဂူတုံးလျိုက ပြောသည်။
“ကောင်းပြီ…” အဘိုးအိုက ခေါင်းညိတ်သည်။ ပြုံးလျက်ပင် သူက ရီဖူရှင်းနှင့် လို့လန်ရွှီတို့အား ကြည့်ကာ ပြောသည်… “ကောင်လေး… မင်းက ဇိမ်ခံဖို့တော့ သိတယ် ဟုတ်လား…”
“ဆရာ… အဲဒီတုန်းက လို့လန်ရွှီကို အစေခံအဖြစ် လက်ခံဖို့ ကျွန်တော် သဘောမတူချင်ခဲ့ဘူး… ဒါပေမဲ့ ဆရာက ကော့တေးကို ဘယ်အချိန်မဆို ပြန်လာနိုင်တယ်လို့ အစ်ကိုနဲ့ အစ်မတွေက ပြောကြတယ်… ဒါကြောင့် ဆရာ ပြန်လာရင် ပြုစုပေးလို့ရအောင် ကျွန်တော် ခေါ်ထားလိုက်တာ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“မင်းက ငါ့ကို မတွေ့သေးခင်ကပင် ငါ့အတွက် စဉ်းစားပေးတာပေါ့ ဘယ်လောက် သိတတ်လိုက်သလဲ…” အဘိုးအိုက ပြောသည်။
“ဒါက ကျွန်တော် လုပ်ရမယ့်အရာပါ… အစ်မနှစ်နဲ့ အစ်ကိုသုံး ပြောတာက ကော့တေးတပည့် တစ်ယောက်အနေနဲ့ အရေးအကြီးဆုံးက ဆရာကို လေးစားဖို့ပဲတဲ့… ကျွန်တော်က ဆရာ့ကို တွေ့တာနဲ့ လေးလေးစားစား ဆက်ဆံဖို့ သူတို့က မကြာမကြာ သတိပေးတယ်…” ရီဖူရှင်းက ပြောသည်။ ဆရာဒူက အမြဲပြုံးနေတတ်ကာ ရင်းနှီးဖော်ရွေပုံ ရသော်လည်း ဆရာဒူက သူ့အား ထွင်းဖောက်ကာ မြင်နေရသလို ရီဖူရှင်းက ခံစားရသည်။
“ကြောက်စရာပဲ…” ချက်ပြုတ်နေသော လျိုဖန်းက ရီဖူရှင်းကို လေးစားစွာ ကြည့်သည်။ ရီဖူရှင်းက ထိုစကားကို ပြောလျှင် အစ်မနှစ်နှင့် အစ်ကိုသုံးကိုပါ ထည့်၍ မြှောက်ပြော ထားသည်။
ယိရှောင်ရှီကလည်း တိတ်တခိုး သက်ပြင်းချသည်။ သူက ရီဖူရှင်း၏ အရည်အချင်းများကို သင်ယူရန် များစွာ လိုသေး၏။
“မောင်ငယ်လေး ပြောတာ မှန်တယ်… ကော့တေးမှာ ရှင်းအာပြီးရင် မောင်ငယ်လေးက အလိမ္မာဆုံးပဲ…” အစ်မနှစ်က ပြုံးလျက် ပြောသည်။
“အစ်မနှစ်က အကောင်းဆုံးပဲ…” ရီဖူရှင်းက တက်ကြွစွာ ပြောသည်။
အဘိုးအိုက ခေါင်းညိတ်ကာ ပြောသည်… “အခုတလော အရှေ့မြေရိုင်း ဒေသက သိပ်မအေးချမ်းတော့ဘူး… မိန်းကလေး… မင်းကို အပြင်မှာ မတိုက်ခိုက်ဖို့ ငါပြောထားတယ်လေ…”
“ဆရာ… ကျွန်မကလည်း မတိုက်ခိုက်ချင်ပါဘူး… ဒါပေမဲ့ တစ်ယောက်က တကယ်ပဲ အရိုက်ခံချင်နေတာ.. ပြီးတော့ ကျွန်မတို့က မတိုက်ခိုက်ရင် သူတို့က စစ်တပ်ကို ဒီကို စေလွှတ်ကြလိမ့်မယ်… ဆရာက ဒါကို ဂရုမစိုက်မှတော့ ကျွန်မက ဘာလုပ်လို့ ရဦးမှာလဲ…” အစ်မနှစ်က ပြောသည်။
အဘိုးအိုက သက်ပြင်းချကာ ပြောသည်… “ဒီထက်ပိုပြီး တိုက်ခိုက်ဖို့ မကြိုးစားနဲ့တော…”
“ဟုတ်ကဲ့” ကျူးကော့ဟွေက ပြုံးလျက် ခေါင်းညိတ်သည်။
“ဆရာ… အခု အရှေ့မြေရိုင်းဒေသက မငြိမ်မသက် ဖြစ်နေတယ်… ချင်ပြည်ထောင်က ရည်ရွယ်ချက် မြင့်ပြီးတော့ သူတို့ဘိုးဘေးတွေရဲ့ အုတ်ဂူကို တူးဖော်ခဲ့တယ်… အခု သူတို့က ဒွန်ဟွာကလန်၊ ဖူယွန်ဓားကလန်နဲ့ တော်ဝင် ချန်ကျောင်းတော်တို့ကို သူတို့ ဘိုးဘေးအုတ်ဂူကို ဝင်ခွင့်ပေးပြီးတော့ လေ့ကျင့်စေတယ်… ချင်ပြည်ထောင်က အဲဒီ အင်အားစုတွေကို ဦးဆောင်ပြီးတော့ ဒီကို လာခဲ့ရင် ကျွန်တော်တို့ ဘယ်လို လုပ်ရမလဲ…” ဂူတုံးလျိုက ပြောသည်။ အတိတ်က ဆရာဒူက ကော့တေးတွင် မရှိရာ သူနှင့် ကျူးကော့ဟွေတို့က အရာအားလုံးကို စီမံခန့်ခွဲရသော်လည်း ယခု ဆရာက ပြန်ရောက်လာရာ သူ၏အမြင်ကို မေးရန် လိုအပ်ပေသည်။
“အရှေ့မြေရိုင်းဒေသလို နေရာအတွက် သူတို့က ဘာလို့ တိုက်ခိုက် နေရတာလဲ ငါနားမလည်ဘူး…” အဘိုးအိုက ခေါင်းယမ်းသည်… “ငါအပြင်မှာ ရောက်နေတုန်းက လျိုနိုင်ငံ ပျက်စီးသွားတဲ့ အကြောင်းကို ငါကြားတယ်… ဖူရှင်း… လျိုနိုင်ငံ တော်ဝင်မိသားစုရဲ့ မျိုးဆက်တွေက မင်းရဲ့ မိတ်ဆွေတွေလို့ ငါကြားတယ်… ဟုတ်တယ်မလား… အဲဒါ ခုနက ကလေး နှစ်ယောက်လား…”
“ဟုတ်… ဖေးယွန်နဲ့ ချန်းယွီတို့က ကျွန်တော့် သူငယ်ချင်းတွေ… သူတို့ကို ကျွန်တော်က ကော့တေးကို မရောက်ခင် ကတည်းက သိတာ…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ဘယ်လောက် ဆိုးရွားလိုက်သလဲ…” အဘိုးအိုက ခေါင်းယမ်းကာ ပြောသည်… “အာဏာနဲ့ လောဘက လူတွေကို မျက်ကန်း ဖြစ်စေတယ်… အရင်တုန်းကလည်း မင်းတို့ကို သတိပေးဖူးတယ်… မင်းတို့ရဲ့ အင်အားကြောင့် မင်းတို့က ပုံမှန်အားဖြင့် လူသတ်ချင်ပြီးတော့ ပိုပြီး လောဘ တက်လာတတ်တယ်… အနာဂတ်မှာ ပိုပြီး အားကောင်းလာတဲ့ အချိန်မှာ မင်းတို့က ကိုယ့်ကိုယ်ကိုယ် အမြဲ သတိထားပြီးတော့ မူလလမ်းကြောင်း ရည်ရွယ်ချက်တွေကို မမေ့သွားဖို့ လုပ်ရမယ်…”
“ဟုတ်ကဲ့” လူတိုင်းက ခေါင်းညိတ်ကြသည်။ သူတို့က ကော့တေးကို ဝင်ရောက်လာသည့် အချိန်မှစ၍ ဆရာက ထိုကိစ္စအား အမြဲ သတိပေးခဲ့သည်။ ဤတစ်ကြိမ်တွင် သူက ဖူရှင်းကို ပြောနေခြင်း ဖြစ်ရမည်။
“တုံးလျို… အထူးသဖြင့် မင်းပဲ… မင်းက အရမ်း စိတ်ဓာတ် ပြင်းထန်လွန်းတယ်…” အဘိုးအိုက ဂူတုံးလျိုကို ပြောသည်… “မင်းက မင်းရဲ့ အစ်ကိုကြီးဆီက သင်ယူသင့်တယ်…”
“ဒီနှစ်တွေမှာ ကျွန်တော်က ဓားသခင်တောင်ကို သွားပြီးတော့ အစ်ကိုကြီးဆီက အများကြီး သင်ယူခဲ့တယ်…” ဂူတုံးလျိုက ပြောသည်… “ဒါပေမဲ့ ချင်ပြည်ထောင်လို သူတို့ လိုချင်တာကို ရဖို့ ဘာမဆို လုပ်တတ်တဲ့ အင်အားစုတွေကို ကျွန်တော်က တွေ့တဲ့အချိန်မှာ သူတို့ကို ဖျက်ဆီးပြီး ရပ်တန့်တာက အကောင်းဆုံးပဲ…”
“မင်းက ဒီထက် နည်းနည်း အားကောင်းခဲ့ရင် မင်းက ချင်ပြည်ထောင်ကို တိုက်ရိုက် သွားလိမ့်မယ်လို့ ငါထင်တယ်… ဟုတ်တယ်မလား…” အဘိုးအိုက ဂူတုံးလျိုကို ကြည့်ကာ မေးသည်။ ဂူတုံးလျို တိတ်ဆိတ်နေသည်။ လောကတွင် မတရားမှုများ လွန်စွာ များပြားကာ သူက အရာအားလုံးတွင် ဝင်ရောက် စွက်ဖက်၍ မရနိုင်ပေ။ လျိုနိုင်ငံက ကော့တေးနှင့် သိပ်မသက်ဆိုင်ရာ ကော့တေးက ဝင်ရောက် စွက်ဖက်၍ မရပေ။ သို့သော်လည်း လျိုနိုင်ငံက သူတို့၏ မျက်လုံးအောက်တွင် ပျက်စီးသွားခဲ့ရကာ ထိုအဖြစ်က ဂူတုံးလျို၏ လူသတ်လိုသော စိတ်ကို ကြီးထွားစေခဲ့သည်။ ထို့ကြောင့် ချင်ပြည်ထောင်မှ ချင်ဂီက စာအုပ်တောင်ကို ရောက်လာသောအခါ ဂူတုံးလျိုက သူတို့အားလုံးကို သတ်ပြစ်ခဲ့သည်။
“သူတို့ရဲ့ လူသတ်မှုကို သူတို့ကို သတ်ပြီးတားတာက ကျိုးကြောင်း ဆီလျော်တယ်… မင်းမှားတယ်လို့ ငါပြောလို့ မရဘူး… ဒါပေမဲ့ လျိုနိုင်ငံကို ဖျက်ဆီးဖို့ ဆုံးဖြတ်ခဲ့တဲ့ လူတွေက ချင်ပြည်ထောင်ရဲ့ အထက်လူကြီးတွေပဲ… အင်အားစုတိုင်းမှာ ကွဲပြားခြားနားတဲ့ လူတွေ ရှိတယ်… ဥပမာ ချင်ပြည်ထောင်က လူတိုင်းမှာ မိသားစုဝင်တွေ ရှိကြတယ်… သူတို့ မိန်းမတွေ ကလေးတွေ ရှိကြတယ်… ငါတို့က တစ်နိုင်ငံလုံးကို ဖျက်ဆီးခဲ့ရင် အပြစ်မဲ့တဲ့လူတွေ ဘယ်လောက် သေကျေကြမလဲ… ဒါက လျိုနိုင်ငံကို ဖျက်ဆီးတာနဲ့ ဘာကွာသွားဦးမလဲ…”
သူက လေးနက်သော လေသံဖြင့် ဆက်ပြောသည်… “တစ်နေ့မှာ မင်းလက်ထဲက ဓားနဲ့ အကုန်လုံးကို သတ်နိုင်စွမ်း ရှိလာတဲ့ နေ့ကို ရောက်လာခဲ့ရင် မင်းက မတရားမှုတွေတိုင်းက မှားတဲ့လူတိုင်းကို မင်းက သတ်ခဲ့ရင် မင်းလက်မှာ သွေးတွေ ဘယ်လောက် စွန်းသွားမလဲ…”
“ပြီးတော့ မင်းက ချင်ပြည်ထောင်ကို ဖျက်ဆီးခဲ့ရင်တောင်မှ နောက်ထပ် အလားတူ ချင်ပြည်ထောင်လိုမျိုးတွေ ပေါ်လာဦးမှာပဲ… တန်ခိုးရှင်လောကက အမြဲတမ်း ဒီလိုပဲ… သူတို့ရဲ့ လူသတ်မှုကို သူတို့ကို သတ်ပြီးတားတာက မှန်ကန်တဲ့ နည်းလမ်း မဟုတ်သေးဘူး…”
“ဆရာ… ဒါကြောင့်ပဲ လူတွေက ခန့်မှန်းရ ခက်တယ်… ဒါတွေ အကုန်လုံးကို ပြောင်းလဲနိုင်တာက စည်းမျဉ်း စည်းကမ်း ဥပဒေကို ချမှတ်နိုင်သူတွေပဲ ဖြစ်တယ်လို့ ဆရာက အမြဲပြောခဲ့တယ်…” ဂူတုံးလျိုက ပြောသည်။
“ငါက အခုမှ ပြန်လာတာ… ဒီလောက် ခေါင်းစားစရာ ကိစ္စတွေကို မပြောဘဲ နေကြရအောင်… နံပါတ်ငါး… စားစရာတွေ အဆင်သင့် ဖြစ်ပြီလား…” အဘိုးအိုက ပြုံးလျက် အော်လိုက်သည်။
“ဟုတ်ကဲ့… ဆရာ အရင်စားသင့်တယ်…” လျိုဖန်းနှင့် ရွှီယီတို့က စားစရာများအား အဆင်သင့် ပြင်ပေးကြသည်။
“ဆရာ…များများစားပါ…” ကျူးကော့ဟွေနှင့် ပေ့ထင်ရှင်းအာတို့က ဆရာဒူအား ထမင်းဟင်းများ ထည့်ပေးကြသည်။
သူ၏ဆရာနှင့် အစ်ကို အစ်မများ၏ စကားများကို နားထောင်ကာ ရီဖူရှင်း၏ ခေါင်းထဲကို အတွေးများစွာ ဝင်လာသည်။ ချင်ပြည်ထောင်က ဤသို့ ဖြစ်နေသည်မှာ ချင်ပြည်ထောင်ကို အုပ်ချုပ်သော သူများကြောင့် ဖြစ်သည်။
ရှေးဟောင်း စာပေများအရ လွန်ခဲ့သော နှစ်သုံးရာခန့်က ကောင်းကင် ဒေသတစ်ခုလုံး လွန်စွာ ရှုပ်ထွေးနေခဲ့သည်။ အရှင်ဒွန်ဟောင်နှင့် ဧကရာဇ်ရီချင်တို့က တစ်လောကလုံးကို စည်းလုံးစေသော အချိန်ကိုရောက်မှ အားလုံးက အေးချမ်း သာယာခဲ့သည်။ ကျောင်းတော်များနှင့် ကလန်များ ဖြစ်ပေါ်လာသည်။ ထို့ကြောင့်လည်း သူ၏ မွေးရပ်မြေ ချင်းကျူတွင် ချင်းကျူကျောင်းတော် ရှိခြင်းဖြစ်သည်။ သို့သော်လည်း ချင်းကျူကျောင်းတော်နှင့် ဒွန်ဟိုင် ကျောင်းတော်တို့ တွင်လည်း အာဏာကို မက်မောသော သူများ ရှိနေသေးသည်။
သို့တိုင်အောင် စစ်မှန်သော မဟာဧကရာဇ်က လူများအားလုံးကို လွှမ်းမိုးနိုင်သောသူ ဖြစ်နေဆဲပင်။ ထို့ကြောင့် ဆရာက အရှေ့မြေရိုင်း ဒေသအား လွှမ်းမိုးနိုင်သော တပည့် အနည်းငယ်သာ ရှိသော ကော့တေးကို တည်ထောင်ခဲ့သည်။ သူက ကွဲပြားခြားနားသော နေရာတစ်ခုကို တည်ဆောက် လိုနေသည်။
***