လျိုဖေးယွန်နှင့် လျိုချန်းယွီတို့ ကလည်း ရီဝူချင်း၏ အနီးတွင် ရှိနေကြသည်။ သူတို့ကလည်း ထိုအသံအား ကြားကာ အသံရှင်ကို လွန်စွာ လေးစားရသည်။
ဓားသမားတစ်ယောက်က အမှန်ပင် ထိုသို့ ဖြစ်ရပေမည်။
လျိုချန်းယွီက ရီဝူချင်း၏ မျက်လုံးများမှ မျက်ရည်များကို မြင်ကာ သူ့အတွက် နာကျင်ရသည်။ ဘာဖြစ်ခဲ့သည်ကို သူမက အနည်းငယ် ခန့်မှန်းမိသည်။ ယောက်ျား တစ်ယောက်က အလွယ်တကူ မျက်ရည် မကျပေ။
လွန်စွာ အားကောင်းသော ဓားအသိက ရီဝူချင်းအား လှည့်ပတ်နေရာ လျိုချန်းယွီနှင့် လျိုဖေးယွန်တို့က သူ့အနားကို မကပ်နိုင်ပေ။ ထိုဓားအသိက သူ့ဆရာထံမှ နောက်ဆုံး လက်ဆောင် ဖြစ်ဟန်ရသည်။ ရီဝူချင်း၏ ဓားကိုယ်ရောင်ကိုယ်ဝါက တဖြည်းဖြည်း ပိုမိုအားကောင်း လာနေသည်။ ရီဝူချင်းက မျက်လုံးကို မှိတ်လိုက်လျှင် သူ့ထံ ဆင်းသက်လာသော နှင်းပွင့်က သူ့ခန္ဓာကိုယ်မှ ဓားအသိကြောင့် ပျက်စီးသွားရသည်။ သူကား ဓားတစ်လက်လို ထိုနေရာတွင် ဖြောင့်မတ်စွာ ရပ်နေသည်။
အတန်ကြာလျှင် ရီဝူချင်းထံတွင် စီးဆင်းနေသော ဓားအသိက ပျောက်ကွယ် သွားသည်။ ရီဝူချင်း၏ ကိုယ်ရောင်ကိုယ်ဝါက ပြောင်းလဲသွားသည်ကို လျိုဖေးယွန်က သတိထားမိသည်။ ရီဝူချင်းက ယခင်ကလို ထက်ရှခြင်း မရှိတော့ဘဲ သူက ကောင်းကင်နှင့် မြေကြီးတို့နှင့် လုံးဝ တစ်သားတည်း ဖြစ်သွားသည်ဟု ခံစားရသည်။ သူက အဆင့်တက်သွားခြင်း ဖြစ်သည်။ ရီဝူချင်းက အကာနာအဆင့်ကို တက်ရောက် သွားသည်။
ရီဝူချင်းက ခေါင်းမော့ကာ နှင်းများအား သူ၏မျက်နှာပေါ်ကို ကျဆင်းစေသည်။ သူက ငိုကြွေးခြင်း မရှိတော့သလို ဝမ်းနည်းမှုကိုလည်း မခံစားရတော့ပေ။ နှိုင်းယှဉ်ရလျှင် သူက သူ၏ဆရာပြောသော စကားကိုသာ မှတ်မိပေသည်။ သူက သူ၏ဆရာ မျှော်လင့်သော ဓားသမားဖြစ်ရန်သာ ကြိုးစားသွားမည်။
ကောင်းကင် တောင်ထိပ်ပေါ်တွင် ရီဖူရှင်းက ဂီတသံစဉ်တစ်ခုကို တီးခတ်နေစဉ် ယူချင်းက ထိုင်လျက် တန်ခိုးကျင့်နေသည်။ ဂီတသံစဉ်က ယူချင်း၏နားထဲကို စီးဝင်နေသည်။ ကောင်းကင်ကို ဖုံးလွှမ်းနေသော နှင်းများက မဆုံးနိုင်သော သဘာဝစွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး ယူချင်းအား စီးဆင်းနေကြသည်။ ရွှေအိုရောင် မိစ္ဆာစွမ်းအားများက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းနေ၏။
ဘုန်း…
ရုတ်တရက် ကြောက်မက်ဖွယ် အားလှိုင်းတစ်ခု ထွက်ပေါ်လာကာ မိစ္ဆာအသိက ထိုနေရာ တစ်ခုလုံးကို ပျံ့နှံ့ ထွက်ပေါ်လာသည်။ ယူချင်းက သူ၏မျက်လုံးကို ဖွင့်လိုက်လျှင် သူ၏မျက်လုံးမှ နက်မှောင်ခြင်းများ ပျောက်ကွယ် သွားသည်။ ရီဖူရှင်းကဲ့သို့ပင် သူ၏သိုင်းပညာနှင့် မှော်ပညာက အကာနာအဆင့်သို့ တက်ရောက် သွားသည်။ သူက မှော်တိုက်ကွက်များကို မလေ့ကျင့်သော်လည်း သူက စိတ်ဝိညာဉ် စွမ်းအားကို လေ့ကျင့်သည်။
“မင်းနိုးလာပြီ…” ရီဖူရှင်းက ကု့ချင်းအား တီးခတ်ရာမှ ရပ်တန့်ကာ ပြုံးလိုက်သည်။ နောက်ဆုံးတွင် သူတို့က ကောင်းကင်တောင်မှ ကိစ္စရပ်များ အားလုံးကို ဖြေရှင်းနိုင်ခဲ့သည်။
“အင်း…” ယူချင်းက မတ်တတ်ရပ်ကာ ထရပ်သည်။ သူက ကောင်းကင် တောင်ထိပ် ပတ်ဝန်းကျင်အား ကြည့်ကာ မေးသည်… “ဒီမှာ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ… ခုနက သံစဉ်က ဘာလဲ… သူ့ရဲ့ အနုပညာရသသိက တော်တော် အားကောင်းတယ်…”
“အူကီယို… ဧကရာဇ်နှစ်ပါး ချန်ထားခဲ့တာ…” ရီဖူရှင်းက ပြန်ပြောသည်… “ငါတို့က ကောင်းကင်တောင်မှာ ရှိနေခဲ့တာ တော်တော်ကြာပြီ… အရှေ့မြေရိုင်း ဒေသက အခြေအနေတွေက ဘယ်လိုဖြစ်နေမလဲ မသိဘူး… ငါတို့ ပြန်ကြမယ်…”
“ကောင်းပြီ… သိမ်းငှက်ရော…”
“သူက ကောင်းကင် တောင်ပေါ်မှာ ဆက်ပြီး လေ့ကျင့်နေတယ်… ဒီက ပတ်ဝန်းကျင်က သူ့အတွက် တော်တော် အကျိုးရှိတယ်…” ယူချင်းက ထပ်မမေးတော့ပေ။
နှင်းများက လေဓာတ် သဘာဝများအဖြစ် ပြောင်းလဲသွားကာ သူတို့နှစ်ယောက်အား ရစ်ပတ်လာသည်။ ထို့နောက် သူတို့က နှင်းများနှင့်အတူ တောင်ပေါ်မှ ဆင်းသက်လာကြသည်။ သူတို့က ကောင်းကင်တောင်တစ်ခုလုံးကို အပေါ်စီးမှ မြင်ရရာ တခြားလူများအား ရှာဖွေရန် မခက်ခဲပေ။
***
တောင်ခြေတွင် မရေမတွက်နိုင်သော လူများက ထွက်ခွာသွားပြီး ဖြစ်သော်လည်း လူအများအပြားက ကျန်နေသေးသည်။ တောင်အောက်ကို ဆင်းလမ်းတွင် လူတစ်စုက နှင်းများအကြားမှ ဆင်းသက် လာကြသည်။ သူတို့အားလုံးက လွန်စွာ ငယ်ရွယ်ကာ ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါများကို ပိုင်ဆိုင်ကြသည်။ တောင်ခြေမှ လူများအားလုံးက ထိုလူငယ်တစ်စုကို သတိထားမိကြသည်။
ရီဖူရှင်းက တောင်ပေါ်မှ ပြန်ဆင်းလာပြီ…။
ကော့တေးမှ တပည့် ရီဖူရှင်းက ချင်လီအား သတ်ခဲ့သလို သူ့ဘေးမှ ယူချင်းကလည်း ချင်မုံရိုအား သတ်ခဲ့ရာ တောင်ခြေတွင် ချင်ပြည်ထောင်မှ ချင်ယွီနှင့် ကော့တေးမှ ကျူးကော့ဟွေတို့အကြား တိုက်ပွဲ ဖြစ်ပွားစေခဲ့သည်။ ယခု သူတို့က တောင်ပေါ်မှ သည်အတိုင်း ဆင်းလာကြသည်။
“ငါတို့ရဲ့ စီနီယာတွေ အကုန် ထွက်သွားပြီပဲ…” ရီဖူရှင်းက သူ့ရှေ့မှ လူအုပ်ကြီးအား ကြည့်သည်။ သူတို့က ကောင်းကင်တောင်တွင် အချိန်ကြာမြင့်စွာ နေခဲ့ကြသည်။ ထို့အပြင် သူက ခေါင်းလောင်းအားလည်း ကြိမ်ဖန်များစွာ တီးခတ်ခဲ့၏။ အစ်မနှစ်နှင့် အစ်ကိုသုံးတို့က ခေါင်းလောင်းသံကြောင့် ဒဏ်ရာ ရမည်မှာ သေချာသလောက် ရှိသည်။ သူက ထိုကိစ္စကို လျှို့ဝှက်ထားသင့် သလော…။
လူအုပ်ထဲတွင် အဘိုးအို တစ်ယောက်ကတည်း တောင်ပေါ်မှ ဆင်းလာသော လူငယ်များအား ကြည့်ကာ ပြုံးနေသည်။ သူက ထိုကောင်လေးအား ပထမဆုံး တွေ့ဆုံခြင်းဖြစ်သည်။ အစိမ်းရောင်ဝတ်စုံဝတ် မိန်းကလေးကလည်း ထိုအဘိုးအိုဘေးတွင် ရှိနေသည်။ သူမကလည်း ထိုလူငယ်အုပ်စုကို ကြည့်ကာ ပြောသည်… “ဒါဆို သူတို့က နာမည်ကျော် ကော့တေး တပည့်တွေပေါ့…”
ကော့တေး တပည့်များက အရှေ့မြေရိုင်းဒေသမှ လူများအတွက် တကယ့် ဒဏ္ဍာရီပုံပြင်ထဲမှ လူများအတိုင်း ဖြစ်သည်။ အထူးသဖြင့် ပထမ တပည့်သုံးယောက် ဖြစ်သည်။ သူတို့က လက်ရှိတွင် အရှေ့မြေရိုင်းဒေသ၏ စွမ်းအားအမြင့်ဆုံး တန်ခိုးရှင်များ ဖြစ်ကြသည်။
အဘိုးအိုက ထရပ်ကာ မိန်းကလေးကို ပြောသည်… “သူတို့ကို ကြည့်စမ်း… ငါ့ရဲ့ဟန်ပန်တွေ မရှိဘူးလား…”
အစိမ်းရောင်ဝတ် မိန်းကလေး၏ မျက်လုံးများက သရော်ဟန်ဖြင့် ပြောသည်…“အဘိုးက တကယ်ပဲ စွမ်းအားမြင့်တဲ့ တန်ခိုးရှင်ဆိုပေမဲ့ ဒီလောက်တော့ မကြွားသင့်ဘူး…”
အဘိုးအိုက ရီဖူရှင်းတို့အုပ်စုအား ကြည့်ကာ ပြောသည်… “မင်းက ငါ့ကို မယုံဘူးလား… ဟိုးက မိန်းကလေးကို မြင်လား… အဲဒါ ငါ့ရဲ့ ခြောက်ယောက်မြောက် တပည့်ပဲ… သူမဘေးက ဝတုတ်က ခုနစ်ယောက်မြောက် တပည့်ပဲ… အလယ်က ကြည့်ကောင်းတဲ့ ကောင်လေးက ရှစ်ယောက်မြောက် ဖြစ်လိမ့်မယ်….”
“အဘိုးက ဒီလောက် အရေထူလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး… ဒီလိုဆိုရင် အဘိုးပြောတဲ့ ဒုတိယ သမီးဆိုတာ ကော့တေးက ဒုတိယ တပည့်ကို ပြောတာပေါ့… ဒါဆို အဘိုးက ကော့တေးက ဆရာဒူပေါ့… ဟုတ်လား…” မိန်းကလေးက မယုံကြည်ဟန်ဖြင့် ပြောသည်။
“အဟမ်း… အဟမ်း…”
အဘိုးအိုက သူ၏အင်္ကျီမှ နှင်းပွင့်များအား ခါထုတ်လိုက်ကာ လေးနက်သော လေသံဖြင့်ပြောသည်…
“မသိမသာလေး နေရအောင်…”
မိန်းကလေးက မျက်လုံးပြူး သွားပြီးမှ တခစ်ခစ် ရယ်မောလိုက်သည်။
သူမ၏အမူအရာကို မြင်လျှင် အဘိုးအို၏ မျက်လုံးများကလည်း ပြူးကျယ်သွားသည်။ သူမက သူ့ကို မယုံကြည်ဘူးလား…။
ရုတ်တရက် လူတစ်စုက လူအုပ်ထဲမှ ထွက်ပေါ်လာကြကာ ရီဖူရှင်းတို့ထံ လျှောက်သွား လိုက်ကြသည်။
“အဘိုး… ကြည့်လိုက်… သူတို့က ချင်ပြည်ထောင်ကလူတွေ မလား…”
အစိမ်းရောင်ဝတ် မိန်းကလေးက စိုးရိမ်ပူပန်သည့်ဟန်ဖြင့် ပြောသည်။ အကယ်၍ ချင်ပြည်ထောင်က သူတို့၏လူများအား ချန်ထားခဲ့ရစ်ပါက သူတို့၏ တာဝန်က ရီဖူရှင်းအား သတ်ရန်မှလွဲ၍ တခြားမရှိပေ။
ရီဖူရှင်းတို့ရှေ့မှ ပေါ်လာသူများက အမှန်ပင် ချင်ပြည်ထောင်မှ လူများဖြစ်ကြသည်။ သူတို့အား မြင်လျှင် ဓားသခင်တောင်မှ လူများကလည်း ရှေ့ကို တက်လာကြသည်။ ဓားသခင်တောင်ကလည်း သူတို့၏လူအများအပြားအား တောင်ခြေတွင် ချန်ထားရစ်ခဲ့ကြသည်။ မည်သို့ဆိုစေ ဤနေရာက ဓားသခင်တောင် အခြေစိုက်ရာ အနောက်ဘက်ဒေသ ဖြစ်သည်။
“မင်းတို့က သူတို့ကို တိုက်ခိုက်ရင် မင်းတို့လည်း အနောက်ဘက်ဒေသက အသက်ရှင်ရက် ထွက်သွားနိုင်မှာ မဟုတ်ဘူး… “
ဓားသခင်တောင်မှ တန်ခိုးရှင် တစ်ယောက်က သတိပေးသည်။ ချင်ပြည်ထောင်ဒေသမှ လူများ၏ မျက်လုံးများက အေးစက်သွားသည်။ သူတို့နောက်မှ လူနှစ်ယောက်က ရှေ့ကို ထွက်လာကာ သူတို့၏ အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါများအား ထုတ်လွှတ်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံးက နိုဘယ်များ ဖြစ်ကြသည်။
“သူ့ကို သတ်…”
လူနှစ်ယောက်က ရီဖူရှင်းထံသို့ ခုန်ပျံလျက် ပြေးဝင်လာသည်။ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါက ရီဖူရှင်းထံသို့ လွှမ်းခြုံလာ၏။ ရီဖူရှင်းက သူတို့နှစ်ယောက်အား လှမ်းကြည့်သည်။ ထိုစဉ်မှာပင် ကောင်းကင်တောင်မှ အားကောင်းသော စွမ်းအားတစ်ခု စတင် စီးဆင်းလာသည်။
ဒေါင်…
ခေါင်းလောင်းသံက ထပ်မံ မြည်လာကာ ထိုအသံက ကြောက်မက်ဖွယ် ကောင်းသော အသံလှိုင်းအဖြစ် ပြောင်းလဲသွားပြီး တောင်ခြေအား ဖြတ်ကျော် တိုက်ခတ်သွား၏။ နိုဘယ်နှစ်ယောက်က ခေါင်းကို မော့ကာ ကောင်းကင်တောင်အား လှမ်းကြည့်ကြသည်။ မမြင်ရသော အားလှိုင်းက သူတို့ထံ ရိုက်ခတ်လာသည်ကို သူတို့ခံစားကြရ၏။
ဝုန်း…
ကြောက်မက်ဖွယ် အသံလှိုင်းက သူတို့၏ ခန္ဓာကိုယ်အား ဖြတ်ရိုက်သွားသည်။ ညည်းသံတစ်ချက်နှင့်အတူ သူတို့နှစ်ယောက်လုံးက ကောင်းကင်ပေါ်မှ ကျသည်။ သူတို့၏ မျက်နှာများက ပြာနှမ်းသွားကာ သွေးများစွာ အန်ကျ၏။
ဒေါင်… ဒေါင်…
ကောင်းကင်တောင်မှ ခေါင်းလောင်းသံက ဆက်တိုက် ထွက်ပေါ်လာသည်။ ကျယ်ပြောသော မြေပြင်ကပင် ခေါင်းလောင်းသံနှင့်အတူ တုန်ခါနေပုံရသည်။ မရေမတွက်နိုင်သော လူများက သူတို့၏လက်များအား ရှေ့တွင်ကာလျက် မြဲမြံစွာ ရပ်ရန် ကြိုးစားကြသည်။ သို့သော်လည်း သူတို့က အားကောင်းသော ဖိအားကို ခံစားကြရရာ သူတို့၏စိတ်နှလုံးများ တုန်ခါရသည်။
နှင်းမြေပြင်ပေါ်တွင် ရပ်နေသော အဘိုးအို၏ အင်္ကျီက လေထဲတွင် တဖျတ်ဖျတ် လွင့်နေသည်။ ထိုအခိုက်တွင် သူ၏ခန္ဓာကိုယ်အား အလင်းတချို့ စီးဆင်းနေသည်ကို ရေးရေးမျှ မြင်ရသည်။ တစ်ချိန်တည်းတွင် သူက ကောင်းကင်တောင်အား လှမ်းကြည့်သည်။
ကောင်းကင်တောင်မှ ခေါင်းလောင်းသံက တိုက်ဆိုင်စွာ မြည်လာသည်လော။ သူမယုံပေ။
နိုဘယ် နှစ်ယောက်ကလည်း အသံလှိုင်း၏ ရိုက်ခတ်မှုကြောင့် သွေးများ အဆက်မပြတ် အန်နေကြသည်။ သူတို့တစ်ကိုယ်လုံး ထုံကျဉ်နေကာ ကောင်းမွန်စွာပင် ရပ်နိုင်ခြင်း မရှိတော့ပေ။ ပထမဆုံးအကြိမ် ခေါင်းလောင်းက ဆက်တိုက် မြည်လာသော အချိန်က နိုဘယ်များ အားလုံးက တောင်ခြေမှ ထွက်ခွာ သွားကြသည်။ သို့သော်လည်း ရီဖူရှင်းအား သတ်ရန်အတွက် ချင်ယွီက သူတို့ကို ပြန်လည် စေလွှတ်ခဲ့၏။ သူတို့က ရီဖူရှင်းကို သတ်ခါနီးမှ ကောင်းကင်တောင်မှ ခေါင်းလောင်းက ထမြည်မည်ဟု လုံးဝ မထင်မှတ်ထားကြပေ။
သူတို့အားလုံး ထုံထိုင်း တုန်ယင်နေသော အချိန်တွင်ပင် ရှေ့မှ နီးကပ်လာသော အန္တရာယ်အား ခံစားကြရသည်။ ခေါင်းမော့ကာ ကြည့်ကြလျှင် ဓားတစ်လက်က သူတို့ထံ တိုးဝင်လာသည်ကို မြင်ကြသည်။
ဒေါင်…
ခေါင်းလောင်းသံက ထပ်မြည်လာသည်။ နိုဘယ်နှစ်ယောက်က ကောင်းမွန်စွာ မရပ်နိုင်တော့ဘဲ သူတို့၏ ခေါင်းက ပေါက်ကွဲ ထွက်သွားတော့မည့် အလား ခံစားကြရသည်။ ဓားအလင်းတစ်ချက် လင်းလက်သွားလျှင် သွေးများ ပန်းထွက်လာသည်။
နိုဘယ်နှစ်ယောက်က သူတို့၏ လက်များဖြင့် လည်ပင်းအား ဆုပ်ကိုင်ကြသည်။ သူတို့က မျက်လုံးပြူးကျယ်လျက် ကံကြမ္မာကို မယုံကြည်နိုင် ဖြစ်ရသည်။ သူတို့က ဘယ်လို သေသွားရသနည်း။
ခေါင်းလောင်းသံက နောက်ဆုံးတွင် ရပ်တန့်သွားသည်။ လူအုပ်ကြီးကလည်း ထိတ်လန့်ရာမှ သတိပြန်လည် ဝင်လာကြသည်။ နိုဘယ်နှစ်ယောက်က မြေပြင်တွင် လဲလျောင်းနေသည်ကို သူတို့မြင်လျှင် သူတို့အားလုံး အံ့အားသင့်ကြရသည်။ နိုဘယ်နှစ်ယောက်က ထိုသို့ အဓိပ္ပာယ်မရှိသည့် နည်းလမ်းဖြင့် သေဆုံးခဲ့ကြသည်။ သူတို့ သေသွားသည်နှင့် ခေါင်းလောင်းသံက ရပ်တန့်သွား၏။
ထိုအရာက တိုက်ဆိုင်ခြင်း မဟုတ်လျှင် ကောင်းကင် တောင်ပေါ်မှ တစ်ယောက်က ရီဖူရှင်းအား ကူညီနေခြင်း ဖြစ်ရမည်။ သို့သော် ထိုအရာက ပို၍ပင် မဖြစ်နိုင်ပေ။
ချင်ပြည်ထောင်မှ လူများက အလောင်းနှစ်လောင်းအား လာရောက် ကောက်ယူကြသည်။ သူတို့၏ မျက်နှာများလည်း နက်မှောင် နေကြ၏။
ရီဖူရှင်းနှင့် သူ့လူများက ချင်ပြည်ထောင်မှ တခြားလူများအား ဆက်လက် တိုက်ခိုက်ရန် စိတ်ပါဝင်စားပုံ မရကြပေ။ ချင်ပြည်ထောင်မှ လူများကလည်း သူတို့ကို မတားရဲကြတော့ပေ။ နိုဘယ်နှစ်ယောက်က သူတို့၏အဓိက လက်နက်ဖြစ်သည်။
ရီဖူရှင်းက ဆက်သွားမည်လုပ်လျှင် နောက်ထပ် တစ်ယောက်က သူ့အား လမ်းပိတ်ထားသည်ကို တွေ့ရသည်။ ရီဖူရှင်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ဖြစ်လာသည်။ သူ့ရှေ့မှ တားထားသူကား အဝတ်အစား ဟောင်းနွမ်းစွာ ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက် ဖြစ်သည်။ သူက လက်နှစ်ဖက်အား နောက်တွင် ချိတ်လျက် ရီဖူရှင်းအား စိတ်ဝင်စားစွာ ကြည့်နေသည်။
ပေ့ထင်ရှင်းအာက ရှေ့ကို တိုးသွားလိုသော်လည်း ယိရှောင်ရှီက သူမအား ဆွဲထားကာ မျက်ရိပ်ပြသည်။ ယိရှောင်ရှီ၏ မချိုမချဉ် မျက်နှာပေးကို မြင်လျှင် ပေ့ထင်ရှင်းအာက မျက်လုံးပြူးလျက် ကြည့်သည်။ ယိရှောင်ရှီက ရီဖူရှင်းအား ထောင်ချောက် ဆင်နေသည်။
“အဘိုး… ဘာများလဲ…” ရီဖူရှင်းက ထူးဆန်းသော မျက်နှာပေးဖြင့် မေးသည်။
အဘိုးအိုက ဘာစကားမှ မပြောဘဲ သူ့အား ဆက်ကြည့်နေသည်။ သူ၏ မျက်လုံးများက ပိုမို၍ တောက်ပ လင်းလက် လာနေ၏။ ရီဖူရှင်းက ဆွံ့အသွားရသည်။ ထို့နောက် သူက အဘိုးအိုအား ကျော်ဖြတ်သွားရန် ကြိုးစားလိုက်သည်။ အဘိုးအိုက သူ့လမ်းအား ဆက်လက်ပိတ်ကာ မေးသည်….
“မင်းက ဘယ်ကလဲ…”
“အရမ်းဝေးပြီး အရေးမပါတဲ့နေရာက… “ရီဖူရှင်းက ပြန်ပြောသည်…” အဘိုး.. ကျွန်တော့်ကို ရှာနေတာလား…”
“မင်းရဲ့ အသက်…” အဘိုးအိုက ထပ်မေးသည်။
“…” ရီဖူရှင်း၏ မျက်နှာက နက်မှောင်သွားသည်။ သို့သော်လည်း သူက ပြန်ပြောသည်… “နှစ်ဆယ်…”
“၂၀… ၂၀…”
အဘိုးအိုက တစ်စုံတစ်ခုကို တွေးနေပုံရသည်။ ထို့နောက် သူက ရီဖူရှင်းကို ပြုံးလျက် ကြည့်သည်…
“ငါ့ကို ဆရာလို့ခေါ်…”
“အာ…” ရီဖူရှင်းက မည်သို့ ပြန်ပြောရမည် မသိတော့ပေ။ အဘိုးအိုက ရူးနေသည်လား… ။
“အားနာလိုက်တာ… ကျွန်မအဘိုးက ရူးနေတာ…” အစိမ်းရောင်ဝတ် မိန်းကလေးက သူတို့ထံကို ပြေးလာကာ အဘိုးအိုအား ဘေးကို ဆွဲခေါ်သည်။ အဘိုးအို၏ မျက်နှာက ချက်ချင်း နက်မှောင်သွားသည်။
“အဟမ်း… အဟမ်း…” အဘိုးအိုက လည်ချောင်းရှင်းကာ ပေ့ထင်ရှင်းအာနှင့် ယိရှောင်ရှီအား ကြည့်သည်။ သူက ထိုနေရာတွင်ပင် ရပ်ကာ နာမည်ကျော် တစ်ယောက်လို ခေါင်းမော့ ရင်ကော့လျက် ရပ်နေသည်။
“သူ့ကို သေသေချာချာ ဂရုစိုက်ပါ… နောက်တစ်ခါ အပြင်ကို ဒီလို ပေးမထွက်နဲ့တော့…” ရီဖူရှင်းက အစိမ်းရောင်ဝတ် မိန်းကလေးအား ပြုံးလျက် ကြည့်သည်။ အဘိုးအိုကား အလွန် ရယ်ရသည်။
ရုတ်တရက် ပေ့ထင်ရှင်းအာက ရီဖူရှင်း၏ အင်္ကျီစအား ဆွဲသည်။
ရီဖူရှင်းက မေးသည်… “အစ်မရှင်းအာ… ဘာဖြစ်လို့လဲ…”
ပေ့ထင်ရှင်းအာက ရီဖူရှင်းအား သူမ၏ မျက်လုံးများဖြင့် အရိပ်ပြသည်။ ထို့နောက် သူမက အဘိုးအိုထံ တိုးသွားကာ ပြောသည်… “ဆရာ… ဘာလို့ ဒီကို ရောက်နေတာလဲ…”
ယိရှောင်ရှီကလည်း ပြေးသွားကာ ပြောသည်… “ဆရာ… အခုတလော ဘယ်လိုနေလဲ… ကျွန်တော် ဆရာ့ကို အရမ်း သတိရတာပဲ…”
ရီဖူရှင်းက မျက်လုံးပြူးသွားသည်။ ချက်ချင်း သူ၏ အမူအရာက ပြောင်းလဲသွားကာ ယိရှောင်ရှီအား စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ယိရှောင်ရှီ… ခွေးကောင်…။
***