Switch Mode

အပိုင်း (၃၆၃)

ဓားသမား

ကောင်းကင်တောင်မှ လှုပ်ခတ်မှုများက ငြိမ်သက်ခြင်း မရှိသေးစဉ် ဒွန်ဟွာကလန် ခေါင်းဆောင်က ချင်ပြည်ထောင်ကို ကိုယ်တိုင် ရောက်ရှိလာခဲ့သည်။ ပြောကြသည်မှာ သူ့အား ချင်ဘုရင်က ကိုယ်တိုင် ဖိတ်ခေါ်ခဲ့သည် ဟူ၏။ ထိပ်သီးခေါင်းဆောင် နှစ်ဦး၏ တွေ့ဆုံခြင်း ဖြစ်ရာ အခြေအနေက မည်မျှ အရေးပါသည်ကို သိနိုင်သည်။ ထို့အပြင် သူတို့က ဤသို့ အထိရှမခံနိုင်သော အခြေအနေတွင် တွေ့ဆုံခဲ့ကြသည်။ အရှေ့မြေရိုင်း ဒေသမှ လူများက ထိုကိစ္စ၏ အရေးပါမှုကို မတွေးဘဲ မနေနိုင်အောင် ဖြစ်ရသည်။ ထိုခေါင်းဆောင် နှစ်ယောက်၏ တွေ့ဆုံခြင်းက အဖြေတစ်ခုသာ ရှိသည်။ အရှေ့မြေရိုင်းဒေသအား သူတို့က စုစည်းကြ ပေတော့မည်။

မကြာမီ ချင်ပြည်ထောင်က တောင်ဝင် ချန်ကျောင်းတော်နှင့် ဖူယွန်ဓားကလန် တို့ကိုလည်း ဖိတ်ခေါ်ခဲ့သည်။ သူတို့က ချင်ပြည်ထောင် ဘိုးဘေးများ၏ အုတ်ဂူအား အတူတူ တူးဖော်ကာ ထိုအင်အားစုများအား ဝင်ရောက်စေခဲ့သည်။

လူအများက ထိုသတင်းအား ရရှိသောအခါ အရှေ့မြေရိုင်း ဒေသအား မုန်တိုင်း အစစ်အမှန်က ရောက်လာတော့မည်ကို သိလိုက်ကြသည်။ လွန်ခဲ့သော လအနည်းငယ်က ချင်ပြည်ထောင်က ထိပ်သီး အင်အားစုများ အားလုံးကို ဖိတ်ခေါ်ကာ အစည်းအဝေး ပြုလုပ်ခဲ့သော်လည်း ဓားသခင် ထွက်ပေါ်လာကာ လူတိုင်းအား ထိတ်လန့်စေခဲ့သည်။ သို့သော်လည်း ယခုတွင် သူတို့က အကြောက်အလန့် ရှိပုံ မရကြတော့ပေ။

သို့သော်လည်း ထိုအရာက ပုံမှန်ဖြစ်ပေသည်။ ဖူယွန်ဓားကလန်နှင့် တော်ဝင် ချန်ကျောင်းတော်တို့က သူတို့၏ ရပ်တည်မှုကို ဖော်ပြထားပြီးသား ဖြစ်သည်။ ယခုမှ သူတို့အတွက် နောက်ဆုတ်ရန် မလွယ်ကူတော့ပေ။

“သူ တောင်ပေါ်က မဆင်းလာ သေးဘူးလား….” ချင်ယွီက အေးစက်စွာ မေးသည်။

“မဆင်းလာသေးဘူး…” ချင်ယွီ၏ရှေ့မှ လူက ခေါင်းယမ်းသည်။ ထိပ်သီး အင်အားစုများက ကောင်းကင်တောင်ခြေမှ ဆုတ်ခွာကြသော်လည်း ချင်ယွီက ချင်လီ၏ သေဆုံးခြင်းကို မည်သို့ သည်းခံနိုင်မည်နည်း။ သူက ရီဖူရှင်းအား စောင့်ကြည့်ရန် သူ၏လူများအား စေလွှတ်ထားဆဲ ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းက အမှန်တကယ်ပင် ကောင်းကင်တောင်မှ ဆင်းလာခြင်း မရှိသေးပေ။ သူက ကောင်းကင်တောင်၏ အခြားတစ်ဖက်မှ ဆင်းသွားပြီးသည်လည်း ဖြစ်နိုင်ပေသည်။ ကောင်းကင်တောင်ကား ဧရာမ ကြီးမားကာ ချင်ယွီ၏လူများက တောင်တစ်တောင်လုံးကို ဝန်းရံရန် မဖြစ်နိုင်ပေ။

“ချူယောင်ယောင်က အဲဒီအချိန်က ရီဖူရှင်းကို သတ်ဖို့ အခွင့်အရေး ရခဲ့တယ်ဆိုတာ အမှန်ပဲလား…” ချင်ယွီက အေးစက်စွာ မေးသည်။

သူ့ရှေ့မှ လူက ပြန်ဖြေသည်… “ဟုတ်ကဲ့… သူတို့ ပြောတဲ့အတိုင်းဆို ရီဖူရှင်းက တိုက်ခိုက်ဖို့စွမ်းရည် ပျောက်ဆုံးသွားတဲ့ အချိန်မှာ ချူယောင်ယောင်က အဲဒီနေရာမှာ ရှိနေခဲ့တယ်….”

ချင်ယွီက လက်သီးကို တင်းတင်း ဆုပ်လိုက်သည်။ မည်သို့ဆိုစေ ချူယောင်ယောင်ကား ချင်လီ၏ ချစ်သူဖြစ်သည်။ သူမက ရီဖူရှင်းအား သတ်ရန်အခွင့်အရေး ရခဲ့သော်လည်း မသတ်ခဲ့ခြင်းက ဘာကို ဆိုလိုသနည်း။

“ချူယောင်ယောင်ကရော တောင်ပေါ်က ဆင်းလာပြီလား…”

“ဟုတ်ကဲ့… သူမက အခု တခြားလူတွေနဲ့အတူ ကလန်ကို ပြန်သွားပါပြီ….”

ချင်ယွီက ခေါင်းညိတ်ကာ သူ၏မျက်လုံးမှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။

ချူယောင်ယောင်နှင့် လစန္ဒာကလန်မှ လူများက အလိုက်တသိ ပြုမူမည်လော သူစောင့်ကြည့်မည်။ မဟုတ်လျှင် သူက နောက်ထပ် အင်အားစုတစ်ခုအား ဖျက်ဆီးရန် ဝန်လေးမည် မဟုတ်ပေ။

***

ကောင်းကင်ပြက္ခဒိန်၏ ၁၀၀၀၃ ခုနစ်က ကုန်ဆုံးရန် နီးကပ်လာသည်။

ဖူယွန်ဓားကလန်၏ ခေါင်းဆောင် ဟန်ယို့ရွှီက ကလန်ကို ပြန်ရောက်လာခဲ့သည်။ ယခုတွင်ကား သူက ပတ်ဝန်းကျင် တစ်ခုလုံးကိုပင် အေးစက်သော အငွေ့အသက်များ ထုတ်လွှတ်နေသော ဓားတစ်လက်အား ကိုင်ဆောင်ထားသည်။

ထိုဓားကား နာမည်ကျော် ဓားတစ်လက်ဖြစ်သော အယ်ကိုင်းဓား ဖြစ်သည်။ ဤဓားအား ချင်ပြည်ထောင်၏ ဘိုးဘေးအုတ်ဂူထဲမှ ရရှိမည်ဟု သူ မထင်ထားပေ။ ယခု အယ်ကိုင်းဓားအား သူ့အပိုင် ဖြစ်လာသည်။

ချင်ပြည်ထောင်က အရှေ့မြေရိုင်း ဒေသအား အုပ်ချုပ်လိုသည်။ သူကလည်း ချင်ပြည်ထောင်အား ကတိအချို့ ပေးထားပြီး ဖြစ်သည်။ သူက ကတိမပေး၍လည်း မရပေ။

“စီနီယာ…” လူအများအပြားက လေထဲမှ တစ်ဆင့် ပထမ တောင်ကုန်းပေါ်သို့ ရောက်လာကြကာ ဟန်ယို့ရွှီအား ကြည့်ကြသည်။

“သူ ရောက်မလာသေး ဘူးလား…” ဟန်ယို့ရွှီက မေးသည်။ ဖူယွန်ဓားကလန်တွင် တောင်ကုန်း ခုနစ်ခု ရှိသော်လည်း ယခုကား လူခြောက်ယောက်သာ ရောက်လာသည်။ ရောက်မလာသောသူကား သတ္တမတောင်ကုန်း၏သခင် ဂူချန်း ဖြစ်ပေသည်။

တခြားလူများက တိတ်ဆိတ်နေကြသည်။ အရင်ကတည်းက ပထမ တောင်ကုန်း ခေါင်းဆောင်နှင့် သတ္တမတောင်ကုန်း ခေါင်းဆောင်တို့က ဖူယွန်ဓားကလန်၏ စွမ်းအား အမြင့်ဆုံးသူများ ဖြစ်ခဲ့ကြသည်။ သို့သော်လည်း ဂူချန်းက တန်ခိုးကျင့်ရာတွင် ပိုမို၍ အာရုံစူးစိုက်မှု ရှိသည်။

ရီဝူချင်း ကိစ္စဖြစ်ပျက် သွားပြီးနောက် ထိုတောင်ကုန်းနှစ်ခုက ပိုမို၍ အေးစက် လာခဲ့ကြသည်။ ဂူချန်းက ရီဝူချင်းအပေါ် ကလန်၏ဆက်ဆံပုံနှင့် ပတ်သက်၍ လွန်စွာ မကျေမနပ် ဖြစ်ခဲ့သည်။

“ကြည့်ရတာတော့ သူ့စိတ်က ကလန်မှ မရှိတော့တဲ့ပုံပဲ….” ဟန်ယို့ရွှီက ခံစားချက် ကင်းမဲ့စွာ မှတ်ချက်ချသည်။ သူက ထိုသို့ ပြောနေစဉ် ရုတ်တရက် လွန်စွာ ထက်ရှသော ဓားအသိတစ်ခု သတ္တမ တောင်ကုန်းမှ ထွက်ပေါ်လာသည်။ ဓားအသိက ကောင်းကင်သို့ ထိုးတက်သွားကာ သူ၏လမ်းကြောင်း တစ်လျှောက် အရာအားလုံးကို ဖျက်ဆီးသည်။

ဖူယွန်ဓားကလန်မှ မရေမတွက်နိုင်သော မျက်လုံးများက ထိုနေရာကို ကြည့်ကြသည်။ ထို့နောက်တွင် လူတစ်ယောက်က လေထဲမှ လမ်းလျှောက်လာ၏။

“အဲဒါ သတ္တမတောင်ကုန်း သခင်ပဲ….” ဖူယွန်ဓားကလန်မှ လူများအားလုံးက အံ့အားသင့် သွားကြသည်။ သတ္တမတောင်ကုန်း ခေါင်းဆောင်က ဘာလုပ်နေသနည်း။

ဟန်ယို့ရွှီနှင့် တခြားလူများက ထိုနေရာကို ကြည့်လိုက်ကြသည်။ သူက အနည်းငယ် မျက်မှောင်ကြုတ် လိုက်ကာ မပျော်မရွှင်သော အမူအရာ ဖြစ်လာသည်။ ထိုနေရာတွင်ကား လေထဲတွင် ရပ်နေသော လူက သူ၏လက်ကို ဝှေ့ယမ်းသည်။ ချက်ချင်းပင် အလင်းတန်းတစ်ခု ပထမ ဓားတောင်ကုန်း သခင်ထံ တိုးဝင်လာ၏။

“အဲဒါ ဘာလဲ…”

“အဲဒါ ဓားစိန်ခေါ်စာပဲ…” တစ်ယောက်က ထိတ်လန့်စွာ ပြောသည်။ အလင်းတန်းက လေဟာနယ်အား ဖြတ်ကျော်လျက် ပထမ တောင်ကုန်း သခင်ထံကို ရောက်လာသည်။

ဟန်ယို့ရွှီက လက်ဆန့်တန်းကာ ဓားစိန်ခေါ်စာအား လက်ခံယူလိုက်သည်။ သူက ဂူချန်းအား ခံစားချက် ကင်းမဲ့စွာ စိုက်ကြည့်လိုက်၏။

“သတ္တမတောင်ကုန်းရဲ့ ခေါင်းဆောင် ဂူချန်းက ဖူယွန် ဓားကလန် ခေါင်းဆောင် ဟန်ယို့ရွှီကို စိန်ခေါ်တယ်…. ” အသံက ဖူယွန်ဓားကလန် တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ ချက်ချင်းပင် ကလန်မှ​လူများအားလုံး ထိတ်လန့် သွားကြသည်။ သတ္တမတောင်ကုန်း ခေါင်းဆောင်က ကလန် ခေါင်းဆောင်ကို သဘောမကျမှန်း သူတို့ သိကြသော်လည်း ဤသို့ ဖြစ်လာမည်ဟု သူတို့ မထင်မှတ် ထားကြပေ။

“ကလန်က တပည့်တွေက တစ်ယောက်ကို တစ်ယောက် စိန်ခေါ်ဖို့ ဓားစိန်ခေါ်စာ ပို့တာက ကလန်ရဲ့ စည်းကမ်းတစ်ခုပဲ… အခြားတစ်ဖက်မှာ မင်းက ငါ့ကို စိန်ခေါ်တာ တမင် ရန်ရှာနေတာပဲ….” ဟန်ယို့ရွှီက အေးစက်စွာ ပြောသည်… “ငါ့ကို အကြောင်းပြချက်ပေး…”

“ဓားသမားက ဦးမညွှတ်ဘူး… ဖူယွန်ဓားကလန်ရဲ့ ခေါင်းဆောင် တစ်ယောက် အနေနဲ့ ခင်ဗျားက ချင်ပြည်ထောင်က အကျိုးကျေးဇူးတွေကို ရယူပြီးတော့ သူတို့ရဲ့ အမိန့်ကို နာခံတယ်… ခင်ဗျားက ကျုပ်တို့ ခေါင်းဆောင် မဖြစ်ထိုက်သလို ဓားသမားဖြစ်ဖို့ကို ပိုပြီး မသင့်တော်ဘူး…” ဂူချန်းက အဝေးမှ ပြောသည်။ သူ၏အသံက တောင်ကုန်း ခုနစ်ခုလုံးကို ပဲ့တင် ထပ်သွားသည်။

ဟန်ယို့ရွှီက နှာခေါင်းရှုံ့ကာ ပြောသည်… “ဖူယွန်ဓားကလန်ရဲ့ ခေါင်းဆောင် တစ်ယောက် အနေနဲ့ ကျုပ်တာဝန်က ကလန်ရဲ့ ဘေးကင်းမှုကို ဦးစားပေးဖို့ပဲ… ဒီလို ခေတ်ရေစီးကြောင်းမှာ ဖြောင့်မတ်တဲ့ ဓားက အလွယ်တကူ ကျိုးပျက်နိုင်တယ်…”

“ကျုပ်က ကွေးညွတ်မယ့်အစား အကျိုးပဲခံမယ်…”

ဂူချန်းက ခံစားချက်ကင်းမဲ့စွာ ပြောသည်… “ချင်ယွန်က သေသင့်တယ်… ဒါကြောင့် ကျုပ်တပည့်က သူ့ကို သတ်ခဲ့တယ်… ဖူယွန်ဓားကလန်က ချင်ပြည်ထောင်ထက် အားနည်းတယ်… ကျုပ်တို့ကို ကာကွယ်ဖို့ သူ့ကို ကလန်က ထုတ်ပယ်လို့ရတယ်… သူ့ကို ပြန်ခေါ်ဖို့ လူလွှတ်တာကိုလည်း ကျုပ်လက်ခံလို့ ရတယ်… ဒါပေမဲ့ ခင်ဗျားက လမ်းကြောင်းမှန်ပေါ်က တဖြည်းဖြည်း လွဲလာနေတယ်… တခြားလူတွေရဲ့ နောက်လိုက်အဖြစ် ခံနေမယ့်အစား ကျုပ်တို့က ကလန်ကို ဖျက်လိုက်တာ အကောင်းဆုံးပဲ… ဓားသမားက လက်ထဲမှာ ဓားရှိသလို နှလုံးသားမှာလည်း ဓားရှိတယ်… ကျုပ်က သတ္တမတောင်ကုန်းကို ဖျက်သိမ်းပြီးပြီ…”

“မင်းက ဒါကို ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး…” ဟန်ယို့ရွှီက ရှေ့ကို တက်လာလျှင် လေထဲတွင် ဓားအသိများ တရွှီးရွှီး မြည်သည်။

“ငါတို့မှာ အတူယှဉ်တွဲနေလို့ မရတဲ့ ခံယူချက်တွေ ရှိနေတယ် ဆိုမှတော့ ဒီနေ့ ကျုပ်နိုင်ရင် ကလန်ကို ဖျက်မယ်… ခင်ဗျားနိုင်ရင် ကျုပ် သေမယ်…” ဂူချန်းက ရှေ့ကို တက်လာသည်။ မရေမတွက်နိုင်သော ကလန်သားများက တိုက်ပွဲဖြစ်တော့မည့် ပုံစံကို ကြည့်ကာ စိတ်များ ငြိမ်သက်နိုင်ခြင်း မရှိကြတော့ပေ။

ယနေ့ ကလန်မှ စွမ်းအား အမြင့်ဆုံး နှစ်ယောက်က ရပ်တည်ချက် ကွဲပြားမှုကြောင့် သေခြင်း ရှင်ခြင်း စိန်ခေါ်ပွဲကို တိုက်ခိုက် ကြတော့မည် ဖြစ်သည်။

လွန်စွာ တောက်ပ လင်းလက်သော ဓားမုန်တိုင်းတစ်ခု ဖူယွန်ဓားကလန်၏ ကောင်းကင်ထက်၌ ဖြစ်ပေါ်လာသည်။ သူတို့နှစ်ယောက်က တိုက်ရိုက် တိုက်ခိုက်ခြင်း မရှိဘဲ မျက်နှာချင်းဆိုင် ရပ်နေကြသည်။ သူတို့က လေထဲတွင် ရပ်နေခြင်းမျှသာ ဖြစ်သည်။ သို့သော်လည်း သူတို့က ဘာမှ မလုပ်သော်လည်း ကမ္ဘာပျက်လောက်မည့် ဓားအသိက မွေးဖွားလာကာ ကောင်းကင်ယံမှ ဆင်းသက်လာသည်။ ဓားအသိကို ခံစားရခြင်းက သူတို့၏ ခန္ဓာကိုယ်က အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားတော့မည့်အလား လူအများအပြားက ခံစားကြရသည်။

သူတို့နှစ်ယောက်က လေထဲတွင် လှုပ်ရှားမှု ကင်းစွာ ရပ်နေကြသော်လည်း အမှန်တကယ်အားဖြင့် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တိုက်ခိုက်ပြီး ဖြစ်ဟန်ရသည်။ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်က စူးနစ်စွာ ကြည့်နေကြသည်။ သူတို့ နှစ်ယောက်က မလှုပ်ရှားသော်လည်း သူတို့၏ မျက်လုံးများက ဓားများ၏ အလင်းပြန်မှုများဖြင့် ပြည့်နှက်နေသည်။

နောက်ဆုံးတွင် ပုံရိပ်ယောင်နှစ်ခု ကောင်းကင်တွင် ပေါ်လာကာ တစ်ယောက်ကို တစ်ယောက် တိုးဝင်သွားကြသည်။ ဖူယွန်ဓားကလန်၏ ကောင်းကင်ထက်တွင် သူတို့နှစ်ယောက်က လှုပ်ရှားဟန် မရှိပေ။ သို့သော်လည်း ကြောက်မက်ဖွယ် ကောင်းသော ဓားအသိတစ်ခု ကောင်းကင်တွင် ဖြစ်ပေါ်လာကာ အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး တောင်တစ်လုံးထံသို့ တိုးဝင်သွားသည်။ ချင်ချင်းပင် ထိုတောင်ကုန်း တစ်နေရာမှ အလင်းတန်းများ ဖြာထွက်လာကာ အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်လာကာ အလင်းတန်းက တောင်ကုန်းအား နှစ်ခြမ်း ဖြစ်သွားစေသည်။

များစွာသော တောင်ကုန်းမှ လူများက ထိုအဝေးမှ တောင်ကုန်းအား လှမ်းကြည့်ကြသည်။ အလယ်မှ ဓားအလင်းက ပျက်ပြယ်သွားခြင်း မရှိသေးပေ။ ထို့နောက် သူတို့က ခေါင်းမော့ကာ လေထဲ၌ မျက်နှာချင်းဆိုင် ရပ်နေကြသော လူနှစ်ယောက်ကို ကြည့်ကြသည်။

ဟန်ယို့ရွှီ၏ ဓားကိုင်လက်က တုန်ယင်နေသည်ကို တချို့က သတိထားမိကြသည်။ သူ၏လက်မှ သွေးများ စီးကျနေ၏။

“မင်း ရှုံးသွားပြီ…” ဟန်ယို့ရွှီက ပြောသည်။

ဂူချန်းက ဟန်ယို့ရွှီ၏ လက်ထဲမှ ဓားကို တစ်ချက် လှမ်းကြည့်ကာ သက်ပြင်းချသည်… “ငါမရှုံးဘူး… မင်းက ငါတို့ ခေါင်းဆောင်ဖြစ်ဖို့ တကယ်ပဲ မထိုက်တန်ဘူး…” ထိုသို့ ပြောပြီးသည်နှင့် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှ ဓားအသိ အလင်းတန်းများ ထွက်ပေါ်လာသည်။

ထို့နောက် ဂူချန်း၏ ခန္ဓာကိုယ်က အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားသည်ကို လူတိုင်းက မြင်ကြရသည်။ ကောင်းကင်သို့ အလင်းတန်းတစ်ခု ထိုးတက်သွားကာ အဝေးသို့ လျှပ်စီးအလား ပျံသန်း ထွက်ခွာသွားသည်။

“သူ သေသွားပြီ…” လူတိုင်းက သက်ပြင်းချကြသည်။

ထွက်ခွာသွားသော အလင်းတန်းက ဘာလဲ…။

ဟန်ယို့ရွှီက အလင်းတန်း ထွက်ခွာသွားရာ အရပ်ကို တစ်ချက်ကြည့်သည်။ သူက ထိုအလင်းတန်း နောက်ကို မလိုက်တော့ပေ။ နောက်လှည့်ကာ သူက ပထမ တောင်ကုန်းသို့ လမ်းတစ်လျှောက်လုံး တိတ်ဆိတ်လျက် ပြန်သွားသည်။ သူ၏လက်မှ သွေးများက အဆက်မပြတ် စီးကျဆဲပင်။

***

ကောင်းကင်တောင်၏ ဘေးတစ်နေရာတွင် လူတချို့က နှင်းများ အကြားတွင် လေ့ကျင့်နေကြသည်။ ရီဝူချင်းက ဓားအသိများ သူ့ခန္ဓာကိုယ်ကို လှည့်ပတ်လျက် မြေပြင်တွင် ထိုင်နေသည်။ လျိုချန်းယွီနှင့် လျိုဖေးယွန်တို့ ကလည်း သူ့နောက်တွင် ရှိနေသည်။ ရုတ်တရက် ရီဝူချင်း၏ မျက်လုံးက ပွင့်လာကာ အဝေးကို လှမ်းကြည့်သည်။

ရီဝူချင်း၏ ပုံမှန်မဟုတ်သော အမူအရာကို မြင်လျှင် လျိုချန်းယွီက သူ့ကို ကြည့်ပြီး မေးသည်… “ဘာဖြစ်လို့လဲ…”

“ငါ့စိတ်တွေ မငြိမ်မသက် ဖြစ်နေတယ်… တစ်ခုခုက ငါ့ကို ဆင့်ခေါ်နေသလိုပဲ… ငါက မကောင်းတဲ့ ခံစားချက် တစ်ခုကို ရနေတယ်….” ရီဝူချင်းက ပြန်ပြောသည်။

“သိပ်မတွေးနဲ့…” လျိုချန်းယွီက တိုက်တွန်းလိုက်သည်။

ရီဝူချင်းက သူမအား ကြည့်သည်။ လျိုချန်းယွီ၏ လှပသော ဆံနွယ်များအား သူ၏ညာလက်ဖြင့် သပ်ကာသူက ပြန်ပြောသည်… “ကောင်းပြီ…”

“သူဘာလို့ ပြန်မလာသေးတာလဲ… ယိရှောင်ရှီကလည်း သူ့ကို သွားရှာတာ အခု ပျောက်နေတယ်… သူက ဖူရှင်းကို တွေ့ပြီလား ငါသိချင်တယ်…” လျိုဖေးယွန်က ပြောသည်။ ရီဝူချင်းက ကောင်းကင်တောင်အား လှမ်းကြည့်သည်။ ရီဖူရှင်းက တောင်ထိပ်ပေါ်ကို ရောက်သွားလောက်ပြီဟု သူခံစားရသည်။

“စိတ်ပူတာကို ရပ်ပြီး ငါတို့ စောင့်ရအောင်…” ရီဝူချင်းက ထရပ်ကာ ရှေ့ကို လျှောက်သွားသည်။ သူက အငူစွန်းတစ်ခုတွင် ရပ်ကာ အဝေးကို မသက်မသာ ကြည့်သည်။ ထိုခံစားချက်က တဖြည်းဖြည်းဖြင့် ပိုမို အားကောင်း လာနေသည်။

အဝေးမှ လွန်စွာ တောက်ပသော အလင်းတန်း တစ်ခုက လေဟာနယ်အား ဖြတ်ကျော်လျက် ကောင်းကင်တောင်ကို ပျံသန်း လာနေသည်။ အငူစွန်း တစ်ခုတွင် ရပ်နေသော ရီဝူချင်းက ရုတ်တရက် သူ၏ရင်ဘတ်က တုန်ယင်သွားသည်ကို ခံစားရ၏။ ထို့နောက် အလင်းတန်းက သူ့ထံကို တိုးဝင်လာသည်ကို မြင်ရသည်။

“သတိထား…” လျိုချန်းယွီက အော်သည်။ သို့သော်လည်း ရီဝူချင်းက မရှောင်ပေ။ အလင်းက သူ၏စိတ်ထဲကို တိုက်ရိုက် တိုးဝင်သွား၏။ ချက်ချင်းပင် ကြောက်မက်ဖွယ် ကောင်းသော ဓားအသိ အားလှိုင်းများ သူ၏ခန္ဓာကိုယ်တွင် ဖြစ်ပေါ်လာသည်။

“ဝူချင်း…” လျိုချန်းယွီ၏ မျက်နှာက ပြာနှမ်းသွားကာ သူမက ရီဝူချင်းထံသို့ ပြေးသွားသည်။ လျိုဖေးယွန်ကလည်း ထိတ်လန့်သွားသည်။ သို့သော် ရုတ်တရက် အသံတစ်ခုက ရီဝူချင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်… “ဝူချင်း… မှတ်ထားပါ… ဓားသမား တစ်ယောက်က မောက်မာခြင်း မရှိသလို စိတ်မရှည်တာတွေလည်း မရှိဘူး.. ဓားသမားက ရဲရင့်ပြီးတော့ အကြောက်တရား ကင်းမဲ့တယ်… ဓားသမားက သူ့ရဲ့မူလ ရည်ရွယ်ချက်ကို ဘယ်တော့မှ မပြောင်းလဲဘဲ အမြဲရှေ့ကို သွားတယ်…” ထိုစကားက ရီဝူချင်းအား ပထမဆုံး တပည့်အဖြစ် လက်ခံသောနေ့တွင် သူ၏ဆရာ ပြောခဲ့သော စကားဖြစ်သည်။ ယခု တူညီသော စကားအား ကောင်းကင်တောင်တွင် ကြားရသည်။

ထိုအသံအား ကြားလျှင် ရီဝူချင်း၏ ပါးပြင်ကို မျက်ရည်စီးကြောင်း နှစ်ခု ကျဆင်းလာသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset