အပိုင်း (၃၆၂)

ချင်ဘုရင်

ထိပ်သီး အင်အားစုများမှ တန်ခိုးရှင်များက ကောင်းကင်တောင်မှ ဆုတ်ခွာကြသည်။ သို့တိုင်အောင် ကောင်းကင်တောင်ခြေ၌ နိုဘယ်အဆင့်အောက်မှ မရေမတွက်နိုင်သော တန်ခိုးရှင်များ ရှိနေကြဆဲဖြစ်သည်။ ထိပ်သီး အင်အားစုက လူအနည်းစုသာ ထွက်သွားကြခြင်း ဖြစ်ပေသည်။

ကောင်းကင်တောင်မှ လူများတစ်ယောက်ပြီး တစ်ယောက် ဆင်းလာသည်။ တဖြည်းဖြည်းဖြင့် ကောင်းကင်တောင်ခြေမှ လူများကလည်း စတင်ကာ ထွက်ခွာကြသည်။ သူတို့က ကြိုးစားကြည့်ပြီးနောက် ကောင်းကင်တောင်ပေါ်မှ ခေါင်းလောင်းသံက ဧကရာဇ်နှစ်ပါး၏ ခေါ်သံဆိုလျှင်ပင် သူတို့က ဘာမှ ရမည် မဟုတ်သည်ကို သိကြပြီးဖြစ်သည်။ သို့တိုင်အောင် ထွက်မသွားသေးဘဲ ကျန်နေသူများလည်း အများအပြား ရှိနေသေးသည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ ကောင်းကင်တောင်နှင့် ပတ်သက်သော ကောလာဟလ အများအပြားလည်း ပေါ်ထွက်လာခဲ့သည်။ တောင်ပေါ်မှ လောလောလတ်လတ် ဆင်းလာသော သူများ၏ စကားများအရ သူတို့က ကောင်းကင်မှ ကျဆင်းနေသော နှင်းများအကြား လွန်စွာ သာယာသော ဂီတသံစဉ်ကို ကြားကြရသည်။ ထိုအရာက တစ်ချိန်က ဧကရာဇ်နှစ်ပါး တီးခတ်ခဲ့သော သံစဉ်၏ အနုပညာရသသိက ကောင်းကင်တောင်နှင့် ပေါင်းစပ် သွားသောကြောင့် ဖြစ်ရပေမည်။

ကောင်းကင်တောင်ပေါ်မှ ခေါင်းလောင်းသံမှာ အရှင်ဒွန်ဟောင်က သူ၏သူငယ်ချင်း ဧကရာဇ်ရီချင်အား လွမ်းဆွတ် သတိရခြင်းကြောင့် သူ၏အသိစိတ်က တစ်ချိန်က သူတို့ အတူတူ ဂီတကို တီးခတ်ခဲ့သော ကောင်းကင်တောင်ကို နိုးထစေကာ ခေါင်းလောင်းသံ ဖြစ်ပေါ်ရသည်ဟု တချို့က ပြောကြသည်။

ဧကရာဇ်နှစ်ပါးနှင့် ပတ်သက်သော ဒဏ္ဍာရီများက စတင်ကာ ပျံ့နှံ့လာနေသည်။ ယနေ့တိုင် ဧကရာဇ်ရီချင်က ရုတ်တရက် အဘယ်ကြောင့် သေဆုံးပြီး အရှင်ဒွန်ဟောင်က ဧကရာဇ်ရီချင်၏ ရုပ်တုများကို ဖျက်ဆီးရန် အဘယ်ကြောင့် အမိန့်ပေးခဲ့သည်ကို နားလည်၍ မရကြပေ။ ထိုအရာက အာဏာကြောင့်လား…။

“ဟူး…. အရမ်းချစ်ခင်ကြတဲ့ သူငယ်ချင်း နှစ်ယောက်က တဖြည်းဖြည်းနဲ့ အာဏာကြောင့် တစ်ယောက်က သေဆုံးခြင်းနဲ့ အဆုံးသတ်ရတယ်…. ဒါပေမဲ့ ဧကရာဇ်ရီချင်က သေဆုံးသွားပေမဲ့ အရှင်ဒွန်ဟောင်က သူ့ကို တစ်ခါတလေ သတိရပုံရတယ်….” ကောင်းကင်တောင်ခြေမှ လူများက စကားပြောနေကြသည်။

“သူတို့က ဘယ်လိုလူမျိုးတွေလဲ ငါသိချင်လိုက်တာ…. အဲဒီခေတ်မှာ မမွေးခဲ့တာ အရမ်းဆိုးတာပဲ…..” လူငယ်တစ်ယောက်က ပြုံးလျက်ပြောသည်။ ဧကရာဇ်နှစ်ပါးက လောကအား စုစည်းခဲ့ကြရာ သူတို့က များစွာသော အခက်အခဲများကို ရင်ဆိုင် ကျော်ဖြတ်ခဲ့ရပေမည်။

ရုတ်တရက် တစ်ယောက်က ပြောသည်… “သေချာတာပေါ့…. သူတို့က လောကကြီးကို ချစ်ခင်မြတ်နိုး သူတွေပေါ့…..” လူတချို့က စကားပြောနေစဉ် အဝတ်အစား နွမ်းပါးစွာ ဝတ်ထားသော အဘိုးအို တစ်ယောက်က သူတို့ဘေးမှ လမ်းလျှောက်နေသည်။ သူ၏အင်္ကျီတွင်လည်း ဘူးသီးခြောက် တစ်လုံးကို ချိတ်တွဲထား၏။ အဘိုးအိုက ကောင်းကင် တောင်ခြေကို လျှောက်သွားကာ လက်နှစ်ဖက်အား နောက်တွင် ချိတ်လျက် တောင်ထိပ်အား ကြည့်သည်။ သူ့ထံမှ အမျိုးအမည် မသိသော ထူးဆန်းသော ခံစားချက်ကို ပေးသည်။

“အဘိုး …ဘာလို့ ဒီလို ပြောရတာလဲ….” လူငယ်က ပြုံးလျက် မေးသည်။

“သူတို့က လောကကြီးကို ဂရုမစိုက်ရင် လောကကြီးရဲ့ အရှင်သခင် ဘယ်လို ဖြစ်နိုင်မှာလဲ….” အဘိုးအိုက ခံစားချက် ကင်းမဲ့စွာ ပြောသည်။

“ကျုပ် မယုံဘူး….” အပြာရောင်ဝတ်စုံ ဝတ်ထားသော လူငယ် တစ်ယောက်က သူ၏  ယပ်တောင်အား ခေါက်ကာ ခေါင်းယမ်းလျက် ပြောသည်…“လောကကြီးရဲ့ စည်းမျဉ်းတွေကို စွမ်းအားမြင့် တန်ခိုးရှင်တွေက ချမှတ်တယ်…. သူတို့က လောကကို စုစည်းနိုင်တယ် ဆိုတာက သူတို့က ပြီးပြည့်စုံတဲ့ အင်အား ရှိလို့ပဲ…. လောကကို ဂရုစိုက်တယ် ဆိုတာက အလိမ်အညာတွေပဲ ဖြစ်တယ်…. ပြီးတော့ ခင်ဗျားက အမှန်တရားကို ပြောနေတယ် ဆိုရင်တောင်မှ ဧကရာဇ်ရီချင်က ဘာလို့ တားမြစ်ချက် တစ်ခု ဖြစ်လာရတာလဲ….”

အဘိုးအိုက ပြုံးလျက် ခေါင်းကို ယမ်းကာ လူငယ်နှင့် ထပ်မံ၍ မငြင်းတော့ပေ။

“အဘိုးက ဒီကို ရောက်နေတာကိုး…. ကျွန်မက အဘိုးကို အတော်ရှာလိုက်ရတယ်….” ရုတ်တရက် အစိမ်းရောင် ဝတ်စုံဝတ် မိန်းကလေးတစ်ယောက်က အဝေးမှ လျှောက်လာသည်။ ထိုမိန်းကလေးအား မြင်လျှင် အဘိုးအိုက ခေါင်းယမ်းကာ ပြုံးလျက် ပြောသည်… “မိန်းကလေး… ငါတို့အကြားက ကံကြမ္မာက ပြီးသွားပြီ….မင်းက နောက်ဆို ငါ့ကို မရှာနဲ့တော့…..”

“အဘိုးက ဘာကံကြမ္မာကို ပြောနေတာလဲ…. ကျွန်မက ဒါကို မယုံဘူး…. နောက်ဆို ကျွန်မက အဘိုးနောက်ကိုပဲ လိုက်မှာ….” မိန်းကလေးက ပြောသည်….“မပူပါနဲ့… ကျွန်မက အဘိုးအတွက် နေ့တိုင်း ချက်ပြုတ် ကျွေးလို့ရတယ်….”

အဘိုးအိုက ခေါင်းယမ်းသည် … “ငါ့ရဲ့ ငါးယောက်မြောက်သားက ကောင်းကောင်း ချက်တတ်တယ်…. သူ့လက်ရာကိုတောင် မစားရတာ ကြာပြီ… ငါအိမ်ပြန်တော့မယ်…”

မိန်းကလေးက ထိုနေရာတွင်ပင် အေးခဲသွားဟန်ရကာ လွန်စွာ စိတ်ပျက်သွားသည်…“အဘိုးက အိမ်ပြန်တော့မှာလား…” အဘိုးအိုကား ပျင်းရိကာ အပြင်ဘက်တွင် လျှောက်သွားနေသည်။ သူ့တွင် အိမ်မရှိဟု သူမက တွေးထင်ဖူးသည်။

“အင်း…” အဘိုးအိုက ပြုံးလျက် ခေါင်းညိတ်သည်။

“ဒါဆိုလည်း အဘိုးနေတဲ့နေရာကို လိုက်မယ်… ကျွန်မက နှိပ်နယ်ပေးလို့ ရတယ်….” မိန်းကလေးက လက်မလျှော့ပေ။

ပြုံးလျက်ပင် အဘိုးအိုက ပြောသည်…. “ငါ့ရဲ့ ခြောက်ယောက်မြောက် သမီးက အခု အရွယ်ရောက်နေပြီ… သူမက အရမ်း လိမ္မာတယ်… ဒုတိယမြောက် သမီးကတော့ တော်တော် လည်တယ်…. ဒါပေမဲ့ သူမကလည်း ငါ့ကို နှိပ်ပေးလိမ့်မယ်….” မိန်းကလေးက သူ့အား မျက်လုံး ပြူးကျယ်လျက် ကြည့်သည်။ သူ့တွင် သားသမီး များစွာ ရှိသည်။

“အဘိုးရဲ့ ရုပ်ရည်နဲ့ဆို ကျွန်မက အဘိုးသမီးတွေထက် ကြည့်ကောင်းလိမ့်မယ်….” မိန်းကလေးက ပြောသည်။

“ငါ့ရဲ့ ဒုတိယ သမီးက အရမ်းလှတယ်… သူမကို မြင်ရင် အရှေ့မြေရိုင်း ဒေသက လူတွေက ဒါကို ငြင်းနိုင်မယ်လို့ ငါမထင်ဘူး…. ငါ့ရဲ့ ခြောက်ယောက်မြောက် တပည့်ကလည်း မင်းထက် လှတယ်…” ထိုမိန်းကလေးနှစ်ယောက်ကို တွေးကာ အဘိုးအိုက ပြုံးလိုက်သည်။

“ဒါဆို အိမ်မှာမနေဘဲ အဘိုးက ဘာလို့ လျှောက်သွားနေရတာလဲ….” မိန်းကလေးက မျက်တောင်ပင့်ကာ မပျော်မရွှင်သော အမူအရာဖြင့် ပြောသည်။

အဘိုးအိုက ကောင်းကင်တောင်အား လှမ်းကြည့်ကာ ပြောသည်… “ငါက စောင့်နေတယ် ထင်ရတဲ့ တစ်ယောက်ကို စောင့်နေတာ….”  ထိုစကားက နားလည်ရ ခက်ပေသည်။ မိန်းကလေးက အဘိုးအိုပြောသော စကားကို နားမလည်ရာ သူမကလည်း ကောင်းကင်တောင်ကို လှမ်းကြည့်သည်။ စောင့်နေတယ် ထင်ရတဲ့ တစ်ယောက်ကို စောင့်နေတာ…..။ ဘယ်သူလဲ….။

သူတို့ဘေးနားမှ လူငယ်က တစ်ချိန်လုံး သူတို့ ပြောသည်များကို နားထောင်နေရာမှ ရုတ်တရက် ထပြောသည်…. “သူက ရူးနေတာ…”

မိန်းကလေးက အနည်းငယ် တွေးတောပြီးနောက် လူငယ်၏စကားက သဘာဝကျသည်ဟု ခံစားရသည်။ အဘိုးအိုကား နေ့စဉ်နေ့တိုင်း အဆီအငေါ် မတည့်သော စကားများကို ပြောနေသည်။ သူက ရူးနေခြင်းဖြစ်ရမည်။

“ငါ….” အဘိုးအိုက လူငယ်အား မှင်တက်စွာ ကြည့်သည်။ ထို့နောက် သူက ခေါင်းယမ်းသည်….“ဒီနေ့ခေတ် လူငယ်လေးတွေ….”

***

ကောင်းကင်ပြက္ခဒိန်၏ ၁၀၀၀၃ နှစ်ကား တဖြည်းဖြည်းဖြင့် ကုန်ဆုံးခါနီးကို ရောက်နေပြီ ဖြစ်သည်။ ဤနှစ်တွင် အရှေ့မြေရိုင်း ဒေသ၌ အဓိက အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့သည်။ နှစ်အစတွင် ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့က လက်ထပ်မှုကို အကြောင်းပြုကာ မဟာမိတ်ဖွဲ့ခဲ့ကြပြီး ဒွန်ချန်ကျောင်းတော်ကို တည်ထောင်ခဲ့ကြသည်။ ဂူတုံးလျိုက လုနန်ထျန်းအား စိန်ခေါ်ပွဲတွင် အနိုင်ရခဲ့၏။ ထို့နောက် ရီဖူရှင်းက ခေ့ကေးမြို့တွင် လုပ်ကြံမှုနှင့် ကြုံခဲ့ရကာ ချင်ပြည်ထောင်က သူတို့၏ ခမ်းနား ကြီးကျယ်မှုများကို တစ်ဖန် ပြန်လည်ရရှိရန် ကြိုးစားခဲ့ကြသည်။ ဤနှစ်တွင် အရှေ့မြေရိုင်းဒေသက သွေးစွန်းမှုများစွာ ရှိခဲ့သည်။

ကောင်းကင် တောင်ခြေတွင် လွန်စွာ ကြီးမားသော တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားလု နီးပါးပင်။ ကော့တေးမှ နံပါတ်နှစ် တပည့်မက ချင်ပြည်ထောင်၏ အိမ်ရှေ့စံအား အနိုင်ယူကာ အရှေ့မြေရိုင်း တစ်ခွင်အား ထိတ်လန့်စေခဲ့သည်။

ဤနှစ်တွင် အရှေ့မြေရိုင်း ဒေသက လွန်စွာ ကြမ်းတမ်းခဲ့သည်ဟု လူတိုင်းက ခံစားကြရသည်။ သို့သော် တကယ့် မုန်တိုင်းက ယခုထိ ရောက်ရှိလာခြင်း မရှိသေးပေ။ မုန်တိုင်းက မကြာမီ ရောက်လာတော့မည်ဟု လူတိုင်းက ခံစားကြရသည်။ ချင်လီ၏ သေဆုံးခြင်းက မုန်တိုင်း၏အစ ဖြစ်ပေသည်။

ချင်ယွီက ချင်ပြည်ထောင်ကို ပြန်ရောက်လျှင် သူ၏အဖေ ချင်ဘုရင်အား ဖြစ်ပျက်ခဲ့သမျှအား အစီရင်ခံသည်။ ယခုအချိန်တွင် ချင်ဘုရင်ကား သူ၏နန်းဆောင်ရှေ့ ရေကန်လေးတွင် ငါးမျှားနေသည်။ ချင်ယွီ၏ အစီရင်ခံမှုကို တိတ်ဆိတ်စွာ နားထောင်ရင်းက သူ၏အမူအရာက သိပ်ပြောင်းလဲခြင်း မရှိခဲ့ပေ။ အမှန်တကယ်အားဖြင့် သူက ချင်လီ၏ သေဆုံးခြင်းကို ချင်ယွီထက် ဦးစွာ သိခဲ့ပေသည်။ မည်သို့ပင်ဆိုစေ သူက ချင်နန်းတော်တွင် တစ်ချိန်လုံး ရှိနေသူ မဟုတ်ပါလား..။

ကောင်းကင်တောင်တွင် သူ၏သမီးတစ်ယောက်နှင့် မြေးတစ်ယောက် သေဆုံးခဲ့သည်။

ချင်မုံရိုနှင့် ချင်လီတို့က ချင်ယွန်နှင့် ကွဲပြား ခြားနားပေသည်။ ချင်ယွန်က ကိုယ်လုပ်တော်၏ သားဖြစ်ကာ သူ၏ပါရမီက အမှန်တကယ်ပင် သူများအား မြှူဆွယ် လှည့်ဖြားခြင်း ဖြစ်ရာ တော်ဝင်မိသားစုဝင် တစ်ယောက် အနေဖြင့် အရှက်ရဖွယ်ရာ ဖြစ်သည်။ ထို့အပြင် သူက ထီးနန်းဆက်ခံရန်ပင် လိုလားနေသေးသည်။ သို့သော်လည်း ထိုကိုယ်လုပ်တောင်၏ တချို့သော နေရာများတွင် လွန်စွာ အသုံးဝင်ရကား သူက ချင်ယွန်အား ချစ်မြတ်နိုး ချင်ယောင် ဆောင်ခဲ့သည်။ မည်သို့ပင်ဆိုစေ တန်ခိုးရှင်များကလည်း စည်းစိမ်ခံရန် လိုအပ်သည် မဟုတ်ပါလား…။ သို့သော် အမှန်တကယ်အားဖြင့် သူ၏သားများအထဲတွင် ချင်ယွန်ကို သဘောမကျဆုံး ဖြစ်ပေသည်။

အခြားတစ်ဖက်တွင် ချင်မုံရိုကား သူ၏အငယ်ဆုံးသမီးဖြစ်ကာ အရှေ့မြေရိုင်း ဒေသ၏အလှဆုံး မိန်းကလေး တစ်ယောက်လည်း ဖြစ်သည်။ သူက ချင်မုံရိုအား အမြဲတမ်း ချစ်ခင်မြတ်နိုးခဲ့သည်။ သူမအား ဒွန်ဟွာကလန်မှ ချိန်ရှင်းမူအား မဟာမိတ်ဖွဲ့ရန် လက်ထပ်စေခဲ့ရာ သူက သူမအပေါ် အကြွေးတင်နေသလို အမြဲတမ်း ခံစားခဲ့ရသည်။

ချင်လီမူကား သူ၏အချစ်ဆုံး မြေးဖြစ်သည်။

ချင်ဂီကလည်း သူ၏သားသမီးများထဲတွင် လွန်စွာ ထူးချွန်သူတစ်ဦး ဖြစ်သည်။

သူတို့အားလုံး ကော့တေးကြောင့် သေခဲ့ရသည်။

“ငါတို့က ကော့တေးကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပေမဲ့ တကယ်တမ်း ဆုံးရှုံးနေခဲ့တာက ငါတို့ပဲ ဖြစ်နေတာပဲ….. အခု မုံရိုနဲ့ လီအာတို့ သေသွားကြပြီ….” ဘုရင်က တည်ငြိမ်စွာ ပြောသည်။ သို့သော် သူ့လေသံထဲတွင် အေးစက်သော အငွေ့အသက်တချို့ ပါနေသည်။ ချင်နိုင်ငံက လျိုနိုင်ငံကို ဖျက်ဆီးနိုင်စွမ်း ရှိသော အင်အားစုဖြစ်ကာ အရှေ့မြေရိုင်း ဒေသတစ်ခုလုံးကို ကြောက်ရွံ့စေနိုင် သော်လည်း သူတို့က ကော့တေးနှင့် ရင်ဆိုင်ရာတွင် အမှန်ပင် တစ်ပန်းရှုံး နေပေသည်။

“ဒုတိယတပည့်ရဲ့ စွမ်းအားက ငါတို့ ထင်ထားတာထက် အားကောင်းတယ် ဆိုပေမဲ့ သူမက မင်းကို အနိုင်ယူနိုင်တာ ပုံမှန်ပဲ…. ဘယ်လိုပဲဆိုဆို သူမက ဂူတုံးလျိုထက် စီနီယာကျတယ်…. သူမမှာ မင်းလိုပဲ ရှီအဆင့် လက်နက်ရှိတယ် ဆိုမှတော့ မင်းကို အနိုင်ရတာ မဆန်းဘူး…. မင်းက ဆိုးဆိုးရွားရွား ရှုံးတာကိုပဲ ငါမယုံနိုင်တာ….” ဘုရင်က ဆက်ပြောသည်… “ဒါပေမဲ့ ငါတို့က ကော့တေးက ဓားသခင်နဲ့ ဒုတိယတပည့်မကို ဘယ်တုန်းကမှ မကြောက်ခဲ့ဘူးဆိုတာကိုလည်း မင်းသိရမယ်….”

ချင်ယွီက ဘုရင်၏ဘေးတွင် ရပ်ကာ တိတ်ဆိတ်စွာ နားဆင်နေသည်။ သူ၏အဖေက သူ့အား အိမ်ရှေ့စံမင်းသား အဖြစ် အပ်နှင်းခဲ့ကာ ချင်ပြည်ထောင်၏ ကိစ္စအရပ်ရပ်အား စီမံခန့်ခွဲခြင်းကို ချင်ယွီအား အလုံးစုံ လွှဲပြောင်း ပေးထားခဲ့သည်။ သို့သော်လည်း သူ၏အဖေကသာ တကယ့် ကျောထောက်နောက်ခံ ဖြစ်သည်ကို ချင်ယွီ သိသည်။

“လောကကြီးက လူတွေက ကော့တေးက ဆရာဒူက တန်ခိုးမကျင့်နိုင်ဘူးလို့ ပြောကြတယ်… ဒါပေမဲ့ သူက ဒီလို အားကောင်းတဲ့ တပည့်ကို ဘာလို့ သင်ပေးနိုင်သလဲ…. ပြီးတော့ သူ့တပည့်တွေက ဆရာကို အရမ်း ရိုသေလေးစားကြတယ်… မင်းက ဒီကောလာဟလတွေကို ယုံမလား….” ချင်ဘုရင်က ချင်ယွီအား ပြုံးလျက် ကြည့်ကာ ခေါင်းယမ်းသည်။

“ပြီးတော့ သူက ဒီလောကမှာ မရှိတဲ့လူလိုမျိုး ဖြစ်နေတယ်… ဒီနှစ်တွေမှာ ငါတို့က သူ့ကို အခေါက်ခေါက် အခါခါ လိုက်ရှာခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ဘူး…. ငါထင်တာကတော့ ကော့တေးက ဆရာဒူက စွမ်းအားမြင့်ရုံမကဘဲ ခြေရာဖျောက်တဲ့ နေရာမှာလည်း အရမ်းတော်တယ်လို့ ငါထင်တယ်… သူက မင်းရှေ့မှာ ရပ်နေရင်တောင် မင်းက သူ့ကို မှတ်မိမှာ မဟုတ်ဘူး….”

ချင်ဘုရင်က သက်ပြင်းချသည်….. “ငါတို့ကို အမှောင်ထုက စောင့်ကြည့်နေတဲ့ ဒီလို ရန်သူမျိုး ရှိနေတယ်…. သူက လူလုံးထွက်မပြဘဲ ငါတို့က ဘယ်လို လှုပ်ရှားရဲမလဲ…. ဒါပေမဲ့ ဒီနေ့အထိ ငါ့ရဲ့ သားတွေ မြေးတွေ သေဆုံးခဲ့တယ်…. သူဘယ်လောက် အားကောင်းတယ် ဆိုတာကို သိဖို့ကိုထား… သူ ဘယ်နေရာမှာလဲတောင် ငါတို့ မသိခဲ့ဘူး…. ကော့တေးက တပည့်တွေလောက်က ငါတို့ကို ပြဿနာတွေ အများကြီး ပေးတယ်….” ဘုရင်က ခေါင်းယမ်းသည်… “ဘယ်လိုပဲ ပြောပြော အခု ငါတို့က သတင်းကောင်းတချို့ ရထားတယ် ပြောရမယ်….”

“ဘာသတင်းလဲ…” ချင်ယွီက မေးသည်။ သူက ဘာသတင်းကောင်းမှ မကြားရသေးပေ။

“အကြိမ်တိုင်း ကော့တေးက အရှိန်အဝါ ကောင်းကောင်းနဲ့ အားလုံးကို ကြောက်ရွံ့စေပေမဲ့ ဓားသခင်ပေါ်လာတာ… ချင်ဂီသေတာ…. ဒုတိယတပည့်ရဲ့ တန်ပြန်တိုက်ခိုက်မှု… အကြိမ်တိုင်း ကော့တေးက ငါတို့က အလွယ်တကူ မလှုပ်ရှားဖို့ ပြောနေတယ်…. ဒါပေမဲ့ ဒီလိုတွေ ပြောနေတာက ကော့တေးမှာလည်း သူတို့ စိုးရိမ်ပူပန်တာတွေ ရှိနေတယ်လို့ ဆိုလိုတာပဲ…. ကြည့်ရတာ ဆရာဒူက ပြိုင်ဘက်ကင်းတော့ မဟုတ်ဘူး…..” ချင်ဘုရင်က ပြုံးလိုက်သည်။ သူက အမှန်ပင် အားလုံးကို သေသေချာချာ တွက်ချက်ထားသည်။

ထို့နောက် သူက အေးစက်စွာ အမိန့်ပေးသည်… “ဒွန်ဟွာကလန် ခေါင်းဆောင်ကို ဒီကို သွားဖိတ်ခေါ်လိုက်…. ပြီးတော့ ဖူယွန်ဓားကလန်နဲ့ တော်ဝင် ချန်ကျောင်းတော်ကို သွားလိုက်….. သူတို့က ငါတို့ သင်္ဘောပေါ်ကို တက်ပြီးမှတော့ ဘေးထွက် ထိုင်နေဖို့ ထပ်မတွေးနဲ့တော့….”

သူ၏မျက်လုံးများက အေးစက်မှုများနှင့် ပြည့်နှက်နေသည်။ တစ်ခါတစ်ရံ တစ်ယောက်က သူ၏ ရပ်တည်ချက်ကို ထုတ်ဖော်လိုက်သည်နှင့် အကြောင်းအရာ အတော်များများက သတ်မှတ်ပြီးသား ဖြစ်သွားသည်။

ဖူယွန်ဓားကလန်နှင့် တော်ဝင် ချန်ကျောင်းတော်တို့က တခြား ရွေးချယ်မှု မရှိတော့ပေ။

“ကောင်းပြီ…” ချင်ယွီ၏ မျက်လုံးများက ထက်ရှမှုများကြောင့် အရောင်လက်နေသည်။ ကြည့်ရသည်မှာ သူ၏အဖေက အမှန်တကယ် လှုပ်ရှားတော့မည့်ပုံပင်။ ချင်မုံရိုနှင့် ချင်လီ၏သေခြင်းက ချင်ဘုရင်အား သည်းခံနိုင်စွမ်းအား ကုန်ဆုံး သွားစေပုံရ၏။

“ရီဖူရှင်းက နယ်မြေတစ်ရာ ဒေသကပဲ… ချင်လီ ပြောခဲ့တာကတော့ အဲဒီမှာ ရီဖူရှင်းရဲ့ မိတ်ဆွေတွေနဲ့ စီနီယာတွေ ရှိတယ်… ကျွန်တော်တို့….” ချင်ယွီ၏ မျက်လုံးများက အေးစက်နေသည်။

“ဒါက ရုပ်ပျက်တဲ့ လှည့်ကွက်တွေပဲ….” ဘုရင်က ခေါင်းယမ်းသည်… “လျိုနိုင်ငံကို ဖျက်ဆီးတာက ငါတို့ရဲ့ အင်အားကို သက်သေပြနိုင်တယ်… တခြားတစ်ဖက်မှာ အဲဒီလူတွေကို သတ်တာက ငါတို့ကို ခံစားချက် ပိုကောင်း သွားစေတာကလွဲလို့ ဘာရမှာလဲ…. ချင်လီက ရီဖူရှင်းရဲ့ သတ်ဖြတ်မှုကို ခံရမှတော့ ငါတို့က ရီဖူရှင်းကို သတ်ရမယ်…. အနာဂတ်မှာ မင်းက အရှေ့မြေရိုင်းဒေသကို အုပ်ချုပ်ရမယ် ဆိုတာကို မမေ့နဲ့…. တချို့ကိစ္စတွေက မင်းရဲ့ ပုံရိပ်ကို ကျဆင်းစေတယ်…. တခြားလူတွေက မင်းကို ရယ်မောမယ့် အခွင့်အရေး မပေးမိစေနဲ့….”

“ကျွန်တော် နားလည်ပါပြီ…” ချင်ယွီက ခေါင်းညိတ်သည်။ ထို့နောက် သူက နောက်လှည့်ကာ ထိုနေရာမှ ထွက်ခွာသွားသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset