အပိုင်း (၃၆၁)

အဆက်မပြတ် မြည်ဟည်းခြင်

ရီဖူရှင်းက ထိုနေရာကို ရောက်ရှိသည်နှင့် ကြောက်မက်ဖွယ် ကောင်းသော မကောင်းဆိုးဝါး အငွေ့အသက်များက မိစ္ဆာငှက်ပုံရိပ်မှ ထွက်ပေါ်လာကာ သူ့ထံ တိုးဝင်လာသည်ဟု ခံစားရသည်။

များစွာသော မကောင်းသော အတွေးများက ရီဖူရှင်း၏ စိတ်ထဲကို ဝင်ရောက် လာကြသည်။ သူ၏ခန္ဓာကိုယ်က တုန်ယင်သွားကာ အားကောင်းသော ဧကရာဇ်အသိက ထွက်ပေါ်လာပြီး သူ၏စိတ်ကို ကာကွယ်ပေးသည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်ချောင်းများက ကု့ချင်းကြိုးများကို လှုပ်ခတ်သွားစေကာ ကောင်းကင်တောင်၏အသိနှင့် ဆက်သွယ်ရန် ကြိုးစားသည်။

ဧကရာဇ်ကဲ့သို့ ရွှေရောင် အလင်းများက ကောင်းကင်မှ ဆင်းသက်လာကာ ကောင်းကင်တောင်မှ နှင်းများက သူရှိနေရာသို့ စတင် စီးဆင်းလာကြသည်။ သူ၏အာရုံက ကျယ်ပြန့်စွာ ပျံ့နှံ့သွားကာ သူ၏ ဧကရာဇ်အသိက ကောင်းကင်တောင်မှ အသိနှင့် ပေါင်းစပ်သွားပြီး မကောင်းဆိုးဝါး အငွေ့အသက်များ ဝင်ရောက်ခြင်းမှ ကာကွယ်ပေးသည်။

ဘန်း….

ရီဖူရှင်း၏ စိတ်ထဲတွင် မူလ မိစ္ဆာနတ်ငှက် ပေါ်လာသည်။ သူက ကောင်းကင်နှင့် မြေကြီးကိုပင် ဝါးမျိုတော့မည့်အလား  ကောင်းကင်ပေါ်တွင် ပျံဝဲနေသည်။ သူက ရီဖူရှင်းအား ထီမထင်စွာ ကြည့်ကာ သူ၏မိစ္ဆာ အတောင်ပံများအား ဖြန့်လိုက်သည်။ ထိုအရာက လောက၏ အဆုံးသတ်က နီးကပ်လာသည့်အလား ထင်ရသည်။

မိစ္ဆာနတ်ငှက်က သေဆုံးသွားပြီး ဖြစ်သော်လည်း သူ၏စိတ်အသိက ပျက်ပြယ်သွားခြင်း မရှိသေးပေ။ ထို့ကြောင့် ဧကရာဇ်နှစ်ပါးက သူတို့၏ အသိများကို ချန်ထားခဲ့ကြကာ နတ်ငှက်၏ မကောင်းဆိုးဝါး အငွေ့အသက်များကို ဖိနှိပ်ခဲ့ကြသည်။ သို့တိုင်အောင် ကောင်းကင်တောင်မှ မကောင်းဆိုးဝါး အငွေ့အသက်များက တောင်ပတ်ဝန်းကျင် မိုင်တစ်ထောင်ခန့်အထိ ပျံ့နှံ့နေဆဲ ဖြစ်သည်။ မိစ္ဆာနတ်ငှက် အသက်ရှင်စဉ်က မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကို တွေးကြည့်၍ ရသည်။

ထိုအခိုက်တွင် ရီဖူရှင်းက မကောင်းဆိုးဝါး အသိ၏ အလယ်တွင် ဖြစ်သည်။ သူ့အား ဧကရာဇ်အသိက ကာကွယ်ပေးထားခြင်း မရှိလျှင် သူ၏အသိက ချက်ချင်း ပျက်စီး သွားနိုင်ပေသည်။

ရီဖူရှင်း၏ ခန္ဓာကိုယ်အား အနက်ရောင် အားလှိုင်းများ စီးဆင်းနေသည်။ မိစ္ဆာနတ်ငှက်၏အသိက ကြောက်မက်ဖွယ် ကောင်းသော်လည်း ဧကရာဇ်နှစ်ပါးနှင့် မိစ္ဆာငှက်တို့ တိုက်ခိုက်ခဲ့စဉ်က သူ၏အဆင့်မှာ ရှီအဆင့်သာ ရှိပေဦးမည်ဟု ရီဖူရှင်းက ခန့်မှန်းသည်။ ရီဖူရှင်း၏ဧကရာဇ် အသိက မိစ္ဆာအသိထံတွင် ဝါးမျိုခြင်း မခံရရန် ယုံကြည်မှု ရှိပေသည်။

ရီဖူရှင်း၏ စိတ်ထဲတွင် သူ့အား ပတ်ဝန်းကျင်မှ မကောင်းဆိုးဝါး အငွေ့အသက်များ၏ ရန်မှ ကာကွယ်ပေးသော ဧကရာဇ်အသိ ရှိသည်။ သူက ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် အမှောင်ထုထဲမှ သိမ်းငှက်နက်အား ကြည့်သည်။ သူ၏ တစ်ကိုယ်လုံးအား အနက်ရောင် အငွေ့အသက်များ ဖုံးလွှမ်းနေသည်။ ရီဖူရှင်းက သိမ်းငှက်ကလေးအား နောက်ထပ် သွေးဆာနေသော မိစ္ဆာတစ်ကောင် ဖြစ်ပေါ်လာရန် မလိုလားပေ။

တစ်ခုတည်းသော နည်းလမ်းကား ကောင်းကင်တောင်၏ အသိနှင့် ဆက်သွယ်ကာ မိစ္ဆာငှက်၏အသိအား ဖိနှိပ်ရန်ဖြစ်သည်။ တစ်ချိန်တည်းတွင် ရီဖူရှင်းက သူ၏ ဧကရာဇ်အသိအား သိမ်းငှက်နက်၏ အသိတွင် စိုက်ပျိုးစေကာ မိစ္ဆာငှက်၏အသိအား တွန်းလှန်ရမည် ဖြစ်သည်။

ရီဖူရှင်းက ကြောက်မက်ဖွယ် ကောင်းသော ဖိအားကို ခံစားနေရသည်။ သူ၏စိတ်ထဲတွင် ဧရာမမိစ္ဆာငှက်ကြီးက သူ့အား အဆက်မပြတ် ကုတ်ခြစ် တိုက်ခိုက်နေသည်။ သူက ရီဖူရှင်း၏အသိအား လုံးဝ ဖုံးလွှမ်းနေပြီ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်ထဲတွင် များစွာသော အနက်ရောင် အငွေ့အသက်များ ပေါ်ထွက်လာနေသည်။ ရီဖူရှင်းက ဤဖိအားကို အချိန်ကြာမြင့်စွာ ခံနိုင်ရည် မရှိဟု ခံစားရသည်။ တော်ဝင် နည်းစနစ်အား အသက်သွင်းလျှင် သူ၏သွေးများက စတင် လောင်ကျွမ်းသည်။ လေထဲတွင် တောက်ပ လင်းလက်သော အရောင်အဝါများ ထွက်ပေါ်လာပြီး ကောင်းကင်တောင်သို့ ဆင်းသက်လာသည်။

ကောင်းကင် တောင်ပေါ်တွင် သူ၏ အကန့်အသတ်ကို ကျော်လွန်ခြင်းက ဤတစ်ကြိမ်က ဒုတိယမြောက် ဖြစ်သည်။ ထို့အပြင် ပထမ တစ်ကြိမ်ထက်လည်း အန္တရာယ် ကြီးပေသည်။ ပထမတစ်ကြိမ်က သူက ချင်လီအား သတ်ရန် ယုံကြည်မှု ရှိသည်။ သို့သော် ဤတစ်ကြိမ်ကား သူက မိစ္ဆာငှက် အသိကို အနိုင်ယူရန် ယုံကြည်မှု မရှိပေ။

ကောင်းကင်တောင်က သူနှင့် လိုက်လျောညီထွေ ရှိလှသည်။ သူက ဂီတနှင့် စိတ်အင်အားကို ဆက်ခံရန် တောင်ကုန်းက သူ့တစ်ယောက်တည်း အတွက် တည်ရှိနေသလို ထင်မှတ်ရသည်။ သူက မိစ္ဆာငှက်အသိအား အနိုင်ယူနိုင်မည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။

ထိုအချိန်က ဧကရာဇ်နှစ်ပါးက မိစ္ဆာငှက်အား ဤနေရာတွင် ဖိနှိပ်ခဲ့ကြသည်။ ယခု သူ့တွင် ဧကရာဇ် အသိရှိကာ ကောင်းကင် တောင်ပေါ်တွင် ချန်ထားကဲ့သော ဧကရာဇ်နှစ်ပါး၏ အသိတို့ဖြင့် ဆက်သွယ်နိုင်သည်။ သူက မည်သို့ ကျရှုံးရမည်နည်း။ ထို့အပြင် သူက ချင်လီအား တိုက်ခိုက်စဉ်က ဓမ္မအဆင့်မျှသာ ရှိသေးသော်လည်း ယခု သူက အကာနာအဆင့်ကို ရောက်နေပြီ ဖြစ်သည်။

ရီဖူရှင်း၏ စိတ်စွမ်းအားက ကောင်းကင်နှင့် မြေကြီးထဲတွင် ပေါင်းစပ်သွားသည်။ များစွာသော ဧကရာဇ်အသိ ရောင်ဝါများ ကောင်းကင်သို့ ထိုးတက်သွားသည်။ ဧကရာဇ်အသိက ဂီတသံစဉ်မှ တစ်ဆင့် ကောင်းကင်တောင်မှ ဧကရာဇ်နှစ်ပါး၏ အသိနှင့် ပေါင်းစပ်ရန် ကြိုးစားသည်။

ထိုစဉ်က ဧကရာဇ်နှစ်ပါး ချန်ထားခဲ့သော အသိနှစ်ခုက ကောင်းကင်တောင်နှင့် ပေါင်းစပ်နေခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ရီဖူရှင်းက သူလုပ်နိုင်မည်ဟု ယုံကြည်သည်။

ဂီတသံစဉ်က ကောင်းကင်တောင် တစ်ခုလုံးကို တစ်စ တစ်စ ပျံ့နှံ့လာသည်။ ကောင်းကင် တောင်ပေါ်ကို ကျဆင်းနေသော နှင်းပွင့်များပင်လျှင် သံစဉ်ကို နားထောင်နေကြဟန် တူသည်။ နှင်းပွင့် နှင်းဖတ်များက ဂီတသံစဉ်နှင့်အတူ ကခုန်ကြသည်။

“ဒါဘာလဲ…” ထိုအခိုက်တွင် ကောင်းကင်တောင်၌ လူအများအပြား ရှိနေဆဲဖြစ်သည်။ သူတို့က ရုတ်တရက် လေထဲမှ ဂီတသံ တစ်စွန်းတစ်စကို ကြားကာ ထိုနေရာတွင်ပင် ရပ်လျက် ဂီတသံစဉ်အား တိတ်ဆိတ်စွာ နားဆင်ကြသည်။ ဂီတသံစဉ်က နေရာတိုင်းတွင် ရှိနေပုံရသည်။ ထိုအရာက ကောင်းကင်မှ ကျဆင်းလာသော နှင်းဖွဲများထဲတွင် ပေါင်းစပ်နေကာ သူတို့၏ အာရုံခံစားမှုထဲကို စီးဆင်းသည်။

“အရမ်း ကောင်းတာပဲ….” လူအများအပြားက မှတ်ချက်ချကြသည်။ သူတို့က ထိုနေရာတွင်ရပ်ကာ ကောင်းကင်ပေါ်မှ ကျဆင်းလာသော နှင်းဖွဲများကို ကြည့်ကြသည်။

ဂီတက နှင်းများ အကြားတွင် ပုန်းနေသည်။ ဘယ်သူ တီးခတ် နေသနည်း။ ဧကရာဇ်နှစ်ပါး ချန်ထားခဲ့သော စိတ်အသိက ပြန်လည် နိုးထလာသည်လား…။

“ဒီဂီတ….” လူအများအပြားက အာရုံဝင်စားသွားကာ ဂီတထဲတွင် နစ်မျောနေကြသည်။ သူတို့က လှုပ်ရှားခြင်း မရှိဘဲ သံစဉ်အား တိတ်ဆိတ်စွာ နားထောင်ကြသည်။

ဂီတက ဆက်လက် ဖြစ်ပေါ်နေကာ ကောင်းကင်တောင်အား ဖြည်းဖြည်းချင်း ပျံ့လွင့်နေသည်။ ထိုအခိုက်တွင် ရီဖူရှင်းက တီးခတ်ခြင်းတွင် အပြည့်အဝ အာရုံဝင်စားနေသည်။ သူ၏အာရုံက ကောင်းကင်တောင်နှင့် တဖြည်းဖြည်း ပေါင်းစပ်နေကာ ကောင်းကင်တောင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာနေသလို ခံစားရသည်။ သူ အာရုံခံစားနိုင်သော နေရာကလည်း တဖြည်းဖြည်း ကျယ်ပြော လာနေသည်။

အချိန်များ တဖြည်းဖြည်းဖြင့် ကုန်ဆုံးသွားသည်။ ရီဖူရှင်းက ပမာဏ ထုထည် ကြီးမားလှသော ဖိအားကို ခံစားနေရသည်။ သို့သော် သူ၏စိတ်အသိက ကောင်းကင်တောင်နှင့် တဖြည်းဖြည်း ပေါင်းစပ်ခြင်းက သူ့အား မိစ္ဆာအသိကို ခုခံအားမြင့်တက် လာနေစေသည်။ အချိန်ကြာမြင့်စွာ တီးခတ်ပြီးနောက် ရုတ်တရက် ရီဖူရှင်း၏ စိတ်က တုန်ယင်သွားသည်။ သူ၏စိတ်စွမ်းအားက လွန်စွာ အားကောင်းသွားသည်ကို ရီဖူရှင်းက ခံစားရသည်။

ရွှေရောင် ဧကရာဇ်အသိက ကောင်းကင်တောင်နှင့် လုံးဝ ပေါင်းစပ်သွားသည်။ ရီဖူရှင်းက ကောင်းကင် တောင်ပေါ်တွင် ရပ်နေသကဲ့သို့ ခံစားရ၏။ ထိုအရာက ထူးဆန်းကာ ကောင်းမွန်သော ခံစားချက်ဖြစ်သည်။ သူက ကောင်းကင်တောင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားကာ သူက ကောင်းကင်တောင်၏ စိတ်ဖြစ်သွားသည်။

သူ၏စိတ်က ရွေ့လျားလျှင် ကောင်းကင် တောင်ပေါ်မှ နှင်းများက တူညီစွာ ရွေ့လျားကြသည်။ မဆုံးနိုင်သော သဘာဝ စွမ်းအင်များက အော်ဟစ်ကာ မှော်ခေါင်းလောင်းက ဖြစ်ပေါ်လာသည်။

ဒေါင်….

ရီဖူရှင်းက ထိုသို့ တွေးနေစဉ်မှာပင် မှော်ခေါင်းလောင်းက ထမြည်သည်။ ကြောက်မက်ဖွယ် ကောင်းသော အားလှိုင်းတစ်ခု ထွက်ပေါ်လာကာ ကောင်းကင် တောင်ပေါ်မှ နေ၍ မိစ္ဆာငှက်ထံသို့ ကျဆင်းလာသည်။ ဘန်းခနဲ မြည်သံနှင့်အတူ မိစ္ဆာငှက်က အစိတ်အစိတ် အပိုင်းပိုင်း ဖြစ်လုနီးပါးပင်။ ရီဖူရှင်း၏စိတ်ထဲမှ မိစ္ဆာအငွေ့အသက်များက ချက်ချင်း ပြယ်လွင့်သွားသည်။

သိမ်းငှက်နက်က ပြင်းထန်စွာ တုန်ခါသွားကာ သူ့အား ရစ်ပတ်ထားသော မကောင်းဆိုးဝါး အငွေ့အသက်များက အနည်းငယ် အားနည်းသွားဟန် ရသည်။ သို့သော် သူက သွေးတစ်ပွက် အန်ကျ၏။ သူက ရုတ်တရက် မျက်လုံးများကို ဖွင့်က ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။ ထိုအကြည့်က သိမ်းငှက်နက်ထံမှ မဟုတ်ဘဲ မိစ္ဆာငှက်ထံမှဟု ထင်ရ၏။

ကောင်းကင် တောင်ပေါ်မှ ခေါင်းလောင်း မြည်သည်နှင့် တစ်ပြိုင်နက်တည်းတွင် လူအများအပြားက သွေးများအန်ကာ မျက်နှာများ ပြာနှမ်း သွားကြသည်။ သူတို့၏ တန်ခိုးအဆင့်က အလွန် မြင့်မားခြင်း မရှိသည့်တိုင် ဤတစ်ကြိမ် ခံစားရသော ဖိအားက လွန်စွာ ပြင်းထန်ပေသည်။

ရက်များစွာ ကြာပြီးနောက် ကောင်းကင် တောင်ပေါ်မှ ခေါင်းလောင်းသံကို တစ်ဖန် ကြားကြရပြန်သည်။ တောင်ခြေကို လွန်စွာ အားကောင်းသော မမြင်ရသော အသံလှိုင်း ဖြတ်သန်းသွားသည်။ ချက်ချင်းပင် သူတို့၏ အဝတ်အစားများ လေမတိုက်ဘဲ လွင့်သွားကာ မရေမတွက်နိုင်သော လူများက သူတို့၏မျက်လုံးများကို ပိတ်လိုက်ကြသည်။ သူတို့အား မုန်တိုင်းတစ်ခု ဖြတ်တိုက် သွားသလို ခံစားကြရသည်။ သူတို့၏စိတ်အသိများက ပျက်စီး သွားတော့မည့်အလား ခံစားကြရသည်။

“ခေါင်းလောင်းက ထပ်မြည်ပြန်ပြီ….” လူအများအပြားက အံ့အားသင့်ကြရသည်။

ဒေါင်….ဒေါင်….

ဤတစ်ကြိမ်ကား ခေါင်းလောင်းက နှစ်ကြိမ်ဆက်တိုက် မြည်ဟည်းသည်။ နိုဘယ် အများအပြားက သွေးများအန်ကာ သူတို့၏ မျက်နှာများ သွေးဆုတ် သွားကြသည်။ အဆင့်မြင့် နိုဘယ်များက ပိုမို ခံစားကြရသည်။

“ဘယ်ခွေးကောင်လဲ….” ကော့တေး၏ တပည့်များနေရာမှ ကျူးကော့ဟွေက သွေးများ အန်ထုတ်ကာ ကျိန်ဆဲလိုက်သည်။ သူက ကောင်းကင်တောင်အား လွန်စွာ မပျော်မရွှင် ဖြစ်သော ဟန်ပန်ဖြင့် ကြည့်သည်။ ခေါင်းလောင်းက ကောင်းကင်တောင်နှင့် ပေါင်းစပ် သွားသည်ကို သူမက ခံစားရဟန် တူသည်။

ဟွာချင်းချင်း၏ဘေးမှ သခင်မယွီရှောင်နှင့် လုနန်ထျန်းတို့လည်း ဒဏ်ရာ ပြင်းထန်စွာ ရကြသည်။ ဟွာချင်းချင်းက ခေါင်းမော့ကာ တောင်ထိပ်ကို တစ်ချက် ကြည့်သည်။ ခေါင်းလောင်းက ဆက်တိုက် မြည်နေသည်။ ဘာကို ဆိုလိုသနည်း။ ရီဖူရှင်းက ကောင်းကင် တောင်ထိပ်ပေါ်တွင် ရှိနေသည်ကို သူမသိသည်။

ဒေါင်…. နောက်ထပ် ခေါင်းလောင်းသံတစ်ချက် မြည်ပြန်သည်။ လူအများအပြားက ဆွံ့အစွာဖြင့် ကောင်းကင်တောင်ကို မော့ကြည့်ကြသည်။ ကျူးကော့ဟွေက ကောင်းကင် တောင်အား မလိုလားစွာ တစ်ချက် ကြည့်ကာ နောက်လှည့်လျက် ထွက်ခွာသွားသည်။

“ဒီနေရာက ထွက်သွားရအောင်….” တစ်ယောက်က ပြောသည်။ ထို့နောက် များစွာသော တန်ခိုးရှင်များက တောင်ခြေမှ ထွက်ခွာ သွားကြသည်။ ကျောင်းတော်၊ ကော့တေးနှင့် ချင်ပြည်ထောင်မှ လူများကလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြသည်။ သူတို့က ဤနေရာတွင် ဆက်နေပါက ခေါင်းလောင်းသံကြောင့် သေသွားနိုင်ပေသည်။

အဆက်မပြတ် မြည်နေသော ခေါင်းလောင်းသံက မိုင်ပေါင်းများစွာ အဝေးသို့ ပျံနှံ့သွားသည်။ အရှေ့မြေရိုင်း ဒေသ၏ အနောက်ပိုင်း နယ်မြေတွင် မရေမတွက်နိုင်သော လူများက ကောင်းကင်တောင်အား ကြည့်ကြသည်။ ထိုအသံက ဧကရာဇ်နှစ်ပါး၏ အသံများလား…။ ထိုခေါင်းလောင်းအား အမှန်တကယ် တီးခတ်နေသည်က ရီဖူရှင်း ဖြစ်သည်ကို ဘယ်သူမှ မသိကြပေ။ အကယ်၍ ကျူးကော့ဟွေသာ ခေါင်းလောင်းတီးသူက ရီဖူရှင်းဖြစ်သည် ဟူသည်ကို သိခဲ့လျှင် သူမ၏ကျာပွတ်ကိုပင် ထုတ်မိမည်လော မသေချာပေ…..။

သုံးချက် ဆက်တိုက် ခေါင်းလောင်းကို တီးပြီးနောက်တွင် များစွာသော မကောင်းဆိုးဝါး အငွေ့အသက်များ ပြယ်လွင့်သွားဟန် ရကာ မိစ္ဆာငှက်၏ ပုံရိပ်ကလည်း မတည်မငြိမ် ဖြစ်လာသည်။ သို့သော်လည်း သိမ်းငှက်နက်၏ အခြေအနေကလည်း တူညီစွာပင် ဆိုးရွားသော အခြေအနေကို ရင်ဆိုင်နေရသည်။ သူက သွေးများ အဆက်မပြတ် အန်ထုတ်ကာ လွန်စွာ အားနည်းသွားဟန် ရ၏။

“ငှက်ကလေး… မင်းအထဲမှာ ရှိသေးလား…” ရီဖူရှင်းက အော်လိုက်သည်။ သူက ခေါင်းလောင်းကို ဆက်မတီးတော့ပေ။ မဟုတ်လျှင် သိမ်းငှက်နက်ကလည်း သေဆုံးသွားနိုင်သည်။ သူ၏သက်စောင့်ဝိညာဉ် ပေါ်လာကာ အားကောင်းသော စိတ်ဝိညာဉ် မုန်တိုင်း ဖြစ်ပေါ်လာသည်။ ကောင်းကင်တောင်မှ အသိက သူ၏စိတ်စွမ်းအား မျက်လုံးများနှင့် ပေါင်းစပ်သွားသည်။ ထို့နောက် မုန်တိုင်းက သိမ်းငှက်နက်ထံသို့ တိုးဝင်သွား၏။ သိမ်းငှက်နက်က မူလစိတ်အသိ ရှိနေသေးသလား သူ သိလိုသည်။

စိတ်စွမ်းအား မုန်တိုင်းက သိမ်းငှက်နက်၏ စိတ်ထဲကို ဝင်ရောက် သွားသည်။ ရီဖူရှင်းက မဆုံးနိုင်သော အမှောင်ထုကို မြင်ရသည်။ သို့သော် သူက လက်မလျှော့ပေ။ သူ၏ အားကောင်းသော စိတ်အသိက ထိုအမှောင်ထုထဲကို တိုးဝင်သွားသည်။ နောက်ဆုံးတွင် သိမ်းငှက်နက်၏ စိတ်ထဲတွင် နစ်မြုပ်နေသော သူ စိုက်ပျိုးထားခဲ့သော ဧကရာဇ် အသိစွမ်းအားကို ခံစား၍ ရသည်။ ထိုအရာက အမှောင်ထုထဲတွင် နစ်မြုပ်နေသော်လည်း ပျက်စီးသွားခြင်း မရှိပေ။ မိစ္ဆာငှက်က ဧကရာဇ်အသိ စွမ်းအားကို မရှင်းပစ်နိုင်ပေ။

“ငှက်ကလေး….” ရီဖူရှင်း၏အသိက ဆက်သွယ်ရန် ကြိုးစားသည်။

ဧကရာဇ် အသိစွမ်းအားထဲမှ လွန်စွာ အားနည်းနေသော အသိတစ်ခု ထွက်ပေါ်လာသည်။ ရီဖူရှင်းက သိမ်းငှက်နက်၏ တည်ရှိမှုကို ခံစား၍ ရလာသည်။

ရီဖူရှင်းက လွန်စွာ တိုးညင်းသော အသံတစ်သံကို ကြားရကာ အံ့အားသင့် သွားသည်။ သိမ်းငှက်နက်ကား အသက်ရှင် နေသေးသည်။

“ငါက မင်းရဲ့ အသိထဲကို ဧကရာဇ်အသိနဲ့ ပေါင်းစပ်ပေးမယ်…” ရီဖူရှင်းက သိမ်းငှက်နက်နှင့် ဆက်သွယ်ကာ ပြောသည်။ ထို့နောက် သူ၏ သက်စောင့်ဝိညာဉ် ထွက်ပေါ်လာကာ တောက်ပ လင်းလက်သော ဧကရာဇ်အသိနှင့် ကောင်းကင်တောင်၏ အသိတို့က သိမ်းငှက်နက်၏ စိတ်အသိထဲကို အဆက်မပြတ် အားကောင်းစွာ ပေါင်းစပ်စေသည်။ ဤနည်းဖြင့် သူက သိမ်းငှက်နက်၏ စိတ်အသိအား ကာကွယ် ပေးနိုင်ပေသည်။

လုံလောက်သော စွမ်းအားတစ်ခုကို တည်ဆောက်ပြီးလျှင် ရီဖူရှင်းက သိမ်းငှက်နက်၏ စိတ်ထဲမှ ပြန်လည် ထွက်ခွာသည်။ သူ၏ သက်စောင့်ဝိညာဉ် ပျောက်ကွယ်သွားလျှင် မကောင်းဆိုးဝါး အငွေ့အသက်များက သိမ်းငှက်နက်အား တစ်ဖန် ဖုံးလွှမ်း လာကြပြန်သည်။ ရီဖူရှင်းက သိမ်းငှက်နက်အား စိုက်ကြည့်ကာ သူ၏လှုပ်ရှား ပြောင်းလဲပုံများကို စောင့်ကြည့်သည်။ ရုတ်တရက် ရီဖူရှင်း၏စိတ်ထဲကို ဆက်သွယ်မှု တစ်ခု ရောက်လာသည်။ ရီဖူရှင်း၏ မျက်နှာပေါ်တွင် ထူးခြားသော အမူအရာ တစ်ခုဖြစ်လာသည်။

“ကောင်းပြီ… ဒါဆိုလည်း သတိထား….” ရီဖူရှင်းက ပြန်ပြောသည်။ ထို့နောက် သူက နောက်လှည့်ကာ ဂူပေါက်ထဲက ထွက်သွားသည်။ မကြာမီ သူက တောင်ထိပ်ပေါ်သို့ ပြန်ရောက်လာသည်။

လေထဲတွင် နှင်းများ ကခုန်နေဆဲ ဖြစ်သည်။ ရီဖူရှင်းက သက်ပြင်းရှည်တစ်ချက် ချကာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ယူချင်းအား ကြည့်သည်။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူက စိတ်လက်ပေါ့ပါးစွာဖြင့် မြေပြင်တွင် လဲလျောင်းလိုက်သည်။

ကောင်းကင် တောင်ပေါ်တွင် သိမ်းငှက်နက်က ထိုနေရာတွင် ရပ်နေဆဲဖြစ်သည်။ အနက်ရောင် အငွေ့အသက်များ သူ့ကို တစ်ဖန် ဖုံးလွှမ်းနေကာ မကောင်းဆိုးဝါးက ပူးကပ်ရန် ကြိုးစားနေသည်။ သို့သော် ဤတစ်ကြိမ်တွင် သိမ်းငှက်နက်၏ အကြည့်က လွန်စွာ ထက်ရှနေသည်။ သူက မျက်လုံးအား မှိတ်လျက် အရာအားလုံးကို တိတ်ဆိတ်စွာ သည်းခံနေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset