Switch Mode

အခန်း ( ၈၂ )

တိုက်ပွဲအတွက် ပြင်ဆင်ခြင်း

“ ချန်ရှို့ … မင်းသာ ငါ့ကို အကြီးအကဲဝမ်လင်းယွမ်ဖော်စပ်ထားတဲ့ အဆိပ်လေးလုံးတွေကို မပေးခဲ့ဘူးဆိုရင် ငါ တကယ်သေသွားနိုင်တယ် ”

“ အာ… ”
သူတို့သည် ကောင်းကင်ခွင်းတောင်ပေါ်ရှိ ကျိုးနတ်ဝိဇ္ဇာကိုးပါးနေထိုင်ရာနေရာမှ ကျိုးဝူ၏ အဆောက်အဦးအတွင်း၌ ဖြစ်သည်။

ကျိုးဝူတစ်ယောက် ဆွေးနွေးပွဲမှ တုနတ်ဝိဇ္ဇာဂိုဏ်းသို့ လုံခြုံစွာပြန်ရောက်လာသည်မှာ နှစ်လခွဲခန့်ရှိလေပြီ။

လီချန်ရှို့သည် ကျိုးဝူ၏ ဒဏ်ရာများ သက်သာသွားသည့်အချိန်နှင့် ဂိုဏ်းမှလူများ၏ အာရုံစိုက်မှုလျော့ကျသွားသည့်အချိန်ကိုရောက်ခါမှ လင်းအယ်ကိုခေါ်၍ ဆရာဦးလေးကျိုးဝူထံ သတင်းမေးလာခြင်းပင်။

သူ၏ဆရာသည် အခန်းအောင်းကျင့်ကြံနေသဖြင့် ဤအကြောင်းများကို မသိသေးပေ။

လွန်ခဲ့သည် နှစ်လခွဲအတွင်း၌ လီချန်ရှို့သည် ချုံတောင်လေး၏ အတွင်းအပြင်ရှိ မန္တန်အစီအရင်များကို လက်ရှိတွင် သူတတ်နိုင်သမျှ အဆင့်အမြင့်ဆုံး အဆင့်သို့ ရောက်နေအောင် နေ့ညမနား ပြင်ဆင်ခဲ့၏။ သူစုဆောင်းထားသော ရတနာများအားလုံးကိုလည်း သုံးပစ်လိုက်ရ၏။ သို့တစေ ယခုတွင် ချုံတောင်‌လေး၌နေရသည်မှာ ပို၍လုံခြုံသည်ဟု သူ ခံစားလာရလေသည်။

ကျိုးကျိုးသည် လီချန်ရှို့ကို ကျိုးဝူ၏အဆောက်အဦအတွင်းသို့ ဦးဆောင်ခေါ်သွားခဲ့၏။ လီချန်ရှို့သည် ကျိုးဝူတစ်ယောက် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း စိတ်မသက်မသာ သက်ပြင်းချနေသံကို ကြားခဲ့ရသည်။ လီချန်ရှို့သည် ကျိုးဝူကို လေးနက်သောမျက်နှာထားဖြင့် ဦးညွှတ်လိုက်သည်။

လင်းအယ်သည် သူမ သယ်လာသော အားဖြည့်အရက်ကို ဘေးတွင်ချလိုက်ပြီး ဘေးခန်းသို့ ကျိုးကျိုးနှင့်အတူ လိုက်သွားလိုက်၏။

လီချန်ရှို့သည် ထိုအရက်ကို ကျိုးဝူအတွက် သီးသန့်စိမ်ပေးခဲ့ခြင်းပင်။ ထိုအရက်သည် သောက်သုံးသူ၏ မူလဝိညာဉ်ကိုအားဖြည့်ပေးခြင်း၊ အားအင်ကုန်ခမ်းမှုကို လျှော့ချပေးခြင်း၊ ကိုယ်ရောင်ကိုယ်ဝါကို တည်ငြိမ်စေခြင်းနှင့် အရိုးများကိုအားဖြည့်ပေးခြင်း စသော အကျိုးများပေး၏။

လီချန်ရှို့သည် သက်ပြင်းချ၍ ကုတင်ဘေးတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။ လီချန်ရှို့သည် ကျိုးကျိုးကို အကြိမ်ကြိမ်သတိပေးထားခဲ့၍ အိပ်မက်သည် လီချန်ရှို့၏ အိပ်မက်ဖြစ်ကြောင်း မပြောခဲ့ပေ။ သို့သော် ကျိုးဝူသည် လီချန်ရှို့ပေးလိုက်သော အဆိပ်ဆေးလုံးများသည် အရေးကြုံချိန်တွင် သူ့ကိုကယ်တင်ပေးခဲ့သဖြင့် လီချန်ရှို့ကို ကျေးဇူးအထူးတင်နေ၏။
“ ဆရာဦးလေး… ဒဏ်ရာတွေဘယ်လိုနေသေးလဲ ”

“ သက်သာပါတယ် ”
ကျိုးဝူသည် သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်သည်။
“ ဒါပေမဲ့ ငါ့မိတ်ဆွေနှစ်ယောက်ကတော့ သေသွားပြီ။ သူတို့ရဲ့ ဝိညာဉ်တွေက အလယ်ကျွန်းမှာ တကွဲတပြားဖြစ်သွားတော့ သူတို့ပြန်မလာနိုင်တော့ဘူး ”

လီချန်ရှို့သည် ခေါင်းညိတ်၍ သက်ပြင်းချကာ လောကကြီးသည် ခန့်မှန်းရမလွယ်ကြောင်းသာ ညီးတွားလိုက်ရလေသည်။

ထို့နောက် လီချန်ရှို့သည် လိုရင်းကို ပြောလိုက်၏။
“ ဆရာဦးလေး… စစ်ဆေးမှုကရော အခြေအနေဘယ်လိုရှိလဲ ”

“ ငါ့မှာ သဲလွန်စနည်းနည်းတော့ရှိတယ်။ ဒါပေမဲ့ အဲဒါတွေက အသုံးမဝင်ပါဘူး ”
ကျိုးဝူ၏ မျက်ဝန်းထဲတွင် ကူကယ်ရာမဲ့နေသော အရိပ်အယောင်များရှိနေ၏။
“ ငါဘယ်လိုပြောရမလဲတော့မသိဘူး… ဒီကိစ္စက ချန်ကျောင်းတော်က တပည့်ကြီးတစ်ယောက်နဲ့ ပတ်သက်နေမယ်လို့တော့ ထင်တယ် ”

“ တချို့လူတွေက ကျောင်းတော်သုံးကျောင်းက ဂိုဏ်းတွေတွေ့ဆုံပွဲ အောင်အောင်မြင်မြင်ဖြစ်သွားမှာကို မလိုလားကြဘူး။ ကြည့်ရတာ တစ်ခုခုလျှို့ဝှက်ကြံထားကြပုံပဲ ”
လီချန်ရှို့ တွေးတောလိုက်သည်။
‘ ဒါက ဒီလောက်တော့ ရိုးရှင်းမှာ မဟုတ်ဘူး ’

သို့သော် သူသည် မည်သည့်စကားမှ ပြန်မပြောလိုက်ဘဲ သက်ပြင်းသာချလိုက်သည်။
“ ဒီကိစ္စကတော်တော် ရှုပ်ထွေးတာပဲ ”

“ ဟုတ်တယ်… ”
ကျိုးဝူသည် ခေါင်းခါ၍ သက်ပြင်းချလိုက်သည်။
“ ချန်ရှို့… မင်းရဲ့ အဆိပ်ဆေးလုံးတွေအကြောင်း ငါ့ကိုပြောပါဦး ”

“ ဆရာဦးလေး… ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ နည်းနည်း‌လောက် ထပ်လိုချင်လို့လား ”
ကျိုးဝူ ပြတ်ပြတ်သားသားပြောလိုက်၏။
“ ဟုတ်တယ်။ ငါ အဲ့ဆေးလုံးကို နတ်ရတနာတွေ၊ နတ်ဆေးလုံးတွေနဲ့ လဲမှာပါ ”

သို့သော် လီချန်ရှို့သည် ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်သည်။ ထို့နောက် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်၏။
“ ဆရာဦးလေးကို ကျွန်တော်ပေးလိုက်တဲ့ အဆိပ်ဆေးလုံးတွေက အကြီးအကဲဝမ်လင်းယွမ်ပေးထားတာ။ အဲဒါတွေကို ဖော်စပ်တဲ့နည်းကို ကျွန်တော် သိအောင်လုပ်ဖို့ဆိုပြီး နမူနာပေးထားတဲ့ဟာတွေ ”

“ ဆရာဦးလေး… အကြီးအကဲဝမ်လင်းယွမ်ကို သွားရှာပြီး ‌တောင်းကြည့်ပါလား… ”

“ ဆရာဦးလေး လာမယ်ဆိုတာ ကျွန်တော် အကြီးအကဲဝမ်လင်းယွမ်ဆီ အသံပို့လွှတ်ပြီး အကြောင်းကြားပေးထားပါမယ် ”
ကျိုးဝူသည် လျင်မြန်စွာ ခေါင်းညိတ်၍ သဘောတူလိုက်ပြီး တွေးတောနေလေ၏။
‘ အကြီးအကဲဝမ်လင်းယွမ်က နာမည်ဆိုးနဲ့ ကျော်ကြားပေမယ့် သူ့ရဲ့ အဆိပ်ဆေးလုံးတွေကတော့ ထိပ်တန်းအဆင့်ပဲ။ ငါတစ်ခါပဲ သုံးကြည့်ရသေးတယ် အဲဒါတွေက ဘယ်လောက်အစွမ်းထက်လဲဆိုတာ သိသွားပြီ ’

တစ်ခါတရံတွင် အဆိပ်ဆေးလုံးများသည် နတ်ဆေးလုံးများကဲ့သို့ပင် လူ့အသက်ကို ကယ်တင်နိုင်လေသည်။

ကျိုးဝူပြောလိုက်သည်။
“ ကောင်းပြီလေ… ငါနောက်မှ ကျိုးရှစ်ကိုခေါ်ပြီး အကြီးအကဲဝမ်လင်းယွမ်ဆီ သွားလိုက်မယ် ”

လီချန်ရှို့သည် အတန်ငယ်ခေါင်းညိတ်ပြလိုက်ပြီး အကြီးအကဲဝမ်လင်းယွမ်ကိုယ်တိုင် ဖန်တီးထားသော မှော်အစွမ်းများကို တွေးတောလိုက်၏။
‘ ငါလည်း နောက်ကျ အကြီးအကဲဆီကိုသွားပြီး အဆိပ်ဖော်စပ်တဲ့ မှော်အစွမ်းကို သင်ပေးဖို့တောင်းဆိုရမယ် ’

လီချန်ရှို့သည် စိုးရိမ်သည့်ဟန်ဖြင့် ရွှေနန်းတော်ဂိုဏ်းတွင် တိုက်ခိုက်ခံခဲ့ရသည့်အကြောင်းများကို ကျိုးဝူကို အသေးစိတ်မေးလိုက်သည်။ ကျိုးဝူသည် သူသိသမျှ ပြန်ပြောပြလေ၏။

ကျိုးဝူတို့ ငါးဦးသည် အဘယ်ကြောင့် ရွှေနန်းတော်ဂိုဏ်းအတွင်းမှ ခိုး၍ထွက်သွားရသနည်းဟု လီချန်ရှို့က မေးလိုက်သောအခါ ကျိုးဝူပြန်ဖြေ၏။
“ ငါ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို အဲ့အကြောင်းပြောပြီးပါပြီ။ ဒီအကြောင်းကို အပြင်လူတွေကို မပြောဖို့ ဂိုဏ်းက ငါတို့ကို အမိန့်ပေးထားတယ်။ မင်းသာမဟုတ်ရင် ငါပြောပြမှာမဟုတ်ဘူး… ”

“ အဲဒါက အစ်ကိုကြီး…အာ… ဂိုဏ်းက တာဝန်ရှိသူတစ်ယောက်က ရန်ကျောင်းတော်က ပညာရှင်တစ်ယောက်က ငါတို့တုနတ်ဝိဇ္ဇာဂိုဏ်းနဲ့ လျှို့ဝှက်တွေ့ချင်လို့ဆိုပြီး ပြောတယ်။ သူက ငါတို့ကို ကျောင်းတော်သုံးကျောင်းက ဂိုဏ်းတွေ တွေ့ဆုံပွဲကိစ္စအကြောင်းကို ပြောချင်လို့ထင်တယ်ဆိုပြီး ငါတို့လေးယောက်ကို ချုံခိုတိုက်ခိုက်မယ့်နေရာကို မျှားခေါ်သွားတာပဲ ”

“ ငါတို့ကို ချုံခိုတိုက်ခိုက်တဲ့အထဲမှာ ကောင်ကင်နတ်မင်းသုံးပါးနဲ့ အတုမဲ့နတ်ဝိဇ္ဇာခြောက်ပါး ပါတယ်။ တိုက်ပွဲမစခင်မှာပဲ အဲ့ဂိုဏ်းက တာဝန်ရှိသူရဲ့ ခန္ဓာကိုယ်က ဆတ်ခနဲ လဲကျသွားတာပဲ ”

“ ငါတို့လှည့်ကြည့်လိုက်တော့ သူ့ရဲ့ မူလဝိညာဉ်က ပျက်ဆီးနေပြီ။ ငါတို့ကို တိုက်ခိုက်တဲ့သူတွေ ဖြစ်သွားတဲ့ပုံစံမျိုးပဲ။ သူ့မူလဝိညာဉ်ကို သူ့ခန္ဓာကိုယ်အပြင်ကို ဆွဲထုတ်သွားသလိုပဲ။ ငါ့ကို ချုံခိုတိုက်ခိုက်ခဲ့တဲ့ သူရဲ့တိုက်ကွက်တွေကနေပြီး အကြမ်းဖျင်းသုံးသပ်ကြည့်ရရင်တော့ အဲ့တစ်ယောက်က ချန်ကျောင်းတော်က ထင်တယ် ”

လီချန်ရှို့သည် ရင်တုန်သွားပြီး သူ၏မျက်နှာတွင်လည်း ကြောက်ရွံ့သည့်အရိပ်အယောင် ပေါ်လာလေသည်။ သူသည် ကျိုးဝူနှင့်အတူ ထပ်၍ သက်ပြင်းချလိုက်သည်။

သူတို့နှစ်ဦးသည် အချိန်ကြာမြင့်စွာ ဆက်၍ ဆွေးနွေးပြောဆိုနေခဲ့ကြသည်။ ထို့ကြောင့် သူတို့ကို စိတ်အာရုံနှင့် နတ်အာရုံ တချို့သည် လှမ်း၍ အာရုံခံလိုက်ကြ၏။

မကြာခင် လီချန်ရှို့သည် နောက်ဆုံးမေးခွန်းကို မေးလိုက်သည်။
“ ဆရာဦးလေးကျိုးဝူ… ကျွန်တော် တာအိုပစ္စည်းသိုလှောင်ခန်းထဲမှာ ကျောက်စိမ်းပြားတစ်ချပ်တွေ့ခဲ့တယ်။ အဲ့အပေါ်မှာရေးထားတာက… အန္တရာယ်ကြုံလာရင် ထွက်ပြေးနိုင်မယ့် အရေးပေါ် မန္တန်အစီအရင်တစ်ခုပါတဲ့ မြေကြောတစ်ခုအကြောင်းထင်တယ်… ”

ကျိုးဝူသည် ခါးသက်သက်ပြုံး၍ လီချန်ရှို့ကို ပြောလိုက်သည်။
“ ဟုတ်တယ်… အကြီးအကဲတွေ၊ တောင်ထိပ်သခင်တွေနဲ့ မျိုးဆက်ဟောင်းတွေက တာဝန်ရှိသူတွေအကုန် ဒီအကြောင်းကိုသိကြတယ်။ ဒါပေမဲ့ ဒီအကြောင်းကို တခြားသူတွေကိုတော့ မပြောပြကြဘူး ”

“ လွန်ခဲ့တဲ့ နှစ်တစ်သောင်းကျော်တုန်းက မိစ္ဆာမျိုးနွယ်တွေ ရုတ်တရက် လာတိုက်တာကို ခံရပြီးကတည်းက တုနတ်ဝိဇ္ဇာဂိုဏ်းရဲ့ ဂိုဏ်းချုပ်က တစ်ခုခုပြင်ဆင်ထားမှ ရမယ်လို့ တွေးမိခဲ့တယ်။ အဲဒါကြောင့် အစွမ်းသိပ်မကြီးသေးတဲ့ တပည့်တွေ ထွက်ပြေးလွတ်မြောက်နိုင်အောင် နည်းလမ်းတစ်ခု ရှာထားတာ ”

“ အဲ့ မြေကြောက အရှေ့သမုဒ္ဒရာအထိ ဆက်စပ်နေတာ။ တကယ်လို့ စွမ်းအားကြီးတဲ့ ရန်သူတွေ ဂိုဏ်းကိုလာတိုက်ခိုက်ရင် ဂိုဏ်းကတပည့်တွေက ပိုင်ဖန်ခန်းမကနေပြီးတော့ မြေအောက်ထဲကိုသွားပြီး အဲ့အရေးပေါ်မန္တန်အစီအရင်ကိုသုံးပြီးတော့ ထွက်ပြေးလို့ရတယ်။ အဲဒီလိုဆို တိုက်ခိုက်တာကို ရှောင်ရှားနိုင်ပြီပေါ့။ ဒါပေမဲ့ အဲဒီအရေးပေါ်မန္တန်အစီအရင်ရှိတဲ့ မြေကြောဆီကို ပိုင်ဖန်ခန်းမတစ်ခုထဲကနေပဲ သွားလို့ရတယ် ”

လီချန်ရှို့သည် သဘောပေါက်သွားပြီး ပြုံးကာ တွေးတောလိုက်သည်။
‘ အခုဆို အဲ့မြေကြောက အရေးပေါ်မန္တန်အစီအရင်ဆီကို သွားလို့ရတဲ့လမ်း နှစ်လမ်းရှိနေပြီလို့ ပြောလို့ရပြီပေါ့ ’

သူသည် မြေအောက်ရှိ မြေကြောတွင် ဆင်ထားသော အရေးပေါ်မန္တန်အစီအရင်အကြောင်းကို မည်သည့် ကျောက်စိမ်းပြားကမှ ဖတ်ခဲ့ရသည် မဟုတ်ချေ။ သူ မြေတူးရင်း တွေ့ခဲ့ခြင်းသာ ဖြစ်၏။

လွန်ခဲ့သည် လဝက်က လီချန်ရှို့သည် ချုံတောင်လေးတွင် လွတ်မြောက်လမ်းတစ်ခု ပြင်ဆင်ရန် ချုံတောင်လေးအောက်ရှိ မြေကြောအထိရောက်အောင် မြေတူးခဲ့၏။ သူသည် တူးရင်းဖြင့် ထိုမန္တန်အစီအရင်ကို ဖျက်ဆီးမိတော့မလိုပင် ဖြစ်သွားသေးသည်။

ထိုမြေကြောအရေးပေါ်မန္တန်အစီအရင်သည် ရှုပ်ထွေးသော အစီအရင်တစ်ခုမဟုတ်ပေ။ ထိုအစီအရင်၏ အမည်တွင် အရေးပေါ်ဟု ပါသောလည်း ရုတ်ခြည်းလွတ်မြောက်သွားမည့် အစီအရင်မဟုတ်ပေ။ ထိုအစီအရင်သည် မြေကြော၏ အစွမ်းကိုသုံး၍ အသုံးပြုသူကို မြေကြောအတွင်း လျင်မြန်စွာမျောပါသွားစေပြီး လီထောင်ပေါင်းများစွာအကွာတွင် ပြန်ထွက်ပေါ်လာစေခြင်းဖြစ်၏။

ဂိုဏ်းမှကြိုတင်ပြင်ဆင်ထားမှုကြောင့် လီချန်ရှို့အများကြီး သက်သာသွားခဲ့၏။

သို့ရာတွင် လီချန်ရှို့သည် ပို၍ ချောင်ကျသောတစ်နေရာတွင် အရေးပေါ်မန္တန်အစီအရင်အသေးတစ်ခုကို ဆင်ထားခဲ့၏။ ထိုအစီအရင်သည် ဂိုဏ်း၏ အရေးပေါ်မန္တန်အစီအရင်ကြီးနှင့် ဆန့်ကျင်ဘက် အရပ်တွင် ရှိ၏။ ထိုအစီအရင်ကိုဆင်ရန် သူ့တွင်ရှိသော အဖိုးတန်ပစ္စည်းနောက်ဆုံးလက်ကျန်များကို သုံးခဲ့ရခြင်းပင်။

ကျိုးဝူ ပြောလိုက်၏။
“ ဒီအကြောင်းကို အပြင်ကို ပေါက်ကြားသွားလို့မရဘူးနော်။ ဂိုဏ်းက တပည့်တွေ အထိတ်တလန့်ဖြစ်ကုန်လိမ့်မယ် ”

လီချန်ရှို့ သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သူသည် စကားလမ်းကြောင်းကိုလွှဲလိုက်ပြီး ဒဏ်ရာများသက်သာလာအောင် ပြုလုပ်ခြင်းအကြောင်းကို ဆက်ပြောနေလိုက်လေသည်။

တစ်နာရီကြာပြီးနောက်…

ကျိုးရှစ်သည် အခန်းဘေးတံခါးမှနေ၍ စွပ်ပြုတ်ပန်းကန်နှင့် ဆေးပုလင်းတစ်ပုလင်းကိုကိုင်ကာ ဝင်လာ၏။

သူမက နူးညံစွာပြောလိုက်သည်။
“ ဝူဝူ… ဆေးသောက်ဖို့အချိန်ရောက်ပြီ ”

လီချန်ရှို့သည် သူ၏မျက်စိရှေ့မှ မြင်ကွင်းကိုကြည့်ကာ သူ၏ယခင်ဘဝတွင် တွေ့ခဲ့ဖူးသော ပန်းချီကားတစ်ချပ်ကို ပြန်အမှတ်ရသွား၏။ ထိုပန်းချီကား၏ ခေါင်းစဉ်မှာ “ တလန်…ဆေးသောက်ဖို့အချိန်ရောက်ပြီ ” ဟူ၍ ဖြစ်သည်။ သူ ထရပ်လိုက်ပြီး ဆရာဦးလေးနှင့် ဆရာ‌ဒေါ်လေးကို နှုတ်ဆက်လိုက်၏။

လင်းအယ်သည်လည်း ဘေးခန်းမှ ထွက်လာပြီး ကျိုးဝူနှင့် ကျိုးရှစ်ကို ဦးညွှတ်လိုက်၏။

ကျိုးကျိုးသည် ထိုနှစ်ယောက်နှင့်အတူ ချုံတောင်လေးသို့ လိုက်သွားချင်သော်လည်း ကျိုးဝူတစ်ယောက် ဒဏ်ရာမပျောက်သေးသဖြင့် ထိုနှစ်ယောက်ကို ကျိုးရှစ်နှင့်အတူ အဆောက်အဦးအပြင်အထိသာ လိုက်ပို့လိုက်ရလေသည်။ သူမသည် ထိုနှစ်ယောက်ကို လက်ပြနှုတ်ဆက်လိုက်ပြီး အစ်ကိုငါး ကျိုးဝူ၏ ဘေးတွင်သာ စောင့်နေပေးလိုက်၏။

သူမသည် ဆော့ကစားချင်သော်လည်း ဤအချိန်တွင် မသင့်တော်သေးပေ။

လီချန်ရှို့သည် လင်းအယ်ကိုခေါ်၍ ပိုင်ဖန်ခန်းမသို့သွားကာ အရှင်ထိုက်စန့်လောင်ကျွင်း၏ ပုံတော်ကို အတူတကွ အရိုအသေပေးလိုက်ပြီးနောက်မှ ချုံတောင်လေးသို့ပြန်သွားကြ၏။

တိမ်စီး၍ ပျံသန်းနေစဉ် လင်းအယ်သည် လီချန်ရှို့၏ မျက်နှာထား တည်ကြည်လေးနက်နေသည်ကို သတိထားမိ၍ နူးနူးညံ့ညံ့မေးလိုက်သည်။
“ အစ်ကိုကြီး… ပြဿနာက တော်တော်ကြီးလို့လား ”

“ အစ်ကိုသိရတဲ့ သတင်းအချက်အလက်က တော်တော်နည်းသေးတယ်။ အဲ့တော့ သေချာတော့ မပြောနိုင်သေးဘူး ”
လီချန်ရှို့သည် သူမထံသို့ အသံပို့လွှတ်လိုက်၏။
“ ဒီအကြောင်းကိုတွေးဖို့ အစ်ကို ဆေးဖော်ဆောင်မှာ ရက်နည်းနည်းလောက် အခန်းအောင်းနေမယ်။ ဂိုဏ်းမှာ တစ်ခုခုဖြစ်လာရင် အစ်ကို ညီမလေးကိုပေးထားတဲ့ ဆက်သွယ်အဆောင်ကို ပေါက်ခွဲလိုက် ”

“ အဲဒါကို ဖြုန်းသလိုဖြစ်သွားမှာ မစိုးရိမ်နဲ့။ အစ်ကို အဲဒါတွေကို အများကြီး ထပ်လုပ်လို့ရတယ် ”

“ ေဩာ် … ဟုတ်ကဲ့ပါ ”
လင်းအယ်သည် ရိုရိုကျိုးကျိုး ခေါင်းညိတ်ပြလိုက်ပြီး လီချန်ရှို့တစ်ယောက် ဆေးဖော်ဆောင်ဆီသို့ ထွက်သွားသည်ကို ကြည့်နေလိုက်သည်။ သူမသည် တိမ်ပေါ်တွင်ရပ်၍ သက်ပြင်းသဲ့သဲ့ချလိုက်၏။

သူမသည် လီချန်ရှို့ကဲ့သို့ စိုးရိမ်နေလိုသော်လည်း မည်သည့်အရာကို စိုးရိမ်ရမည်မှန်း မသိချေ။

သူမသည် ဂိုဏ်းအတွင်းရှိ တိမ်များစုဝေးနေသောနေရာကို ကြည့်ရှုလိုက်သည်။ နတ်ကြိုးကြာ ချန်ရှန်းသည် ပုံမှန်အတိုင်းပင် အေးအေးလူလူရှိနေသေး၏။

‘ အစ်ကိုကြီး… အစ်ကိုကြီးကိုက အရမ်းစိုးရိမ်တတ်နေတာလား ’
လင်းအယ်သည် သက်ပြင်းချလိုက်ပြီး တိမ်စီးကာ သူမ၏ တဲအိမ်လေးဆီသို့ သွားလိုက်လေသည်။

ဆေးဖော်ဆောင် တစ်ဝိုက်ရှိ မန္တန်အစီအရင်များသည် အသက်သွင်းထားပြီးပေပြီ။ ထိုအခိုက်တွင် တောအုပ်အတွင်း၌ မည်သည့် စိတ်တန်ခိုးမှ ရှိမနေဘဲ တည်ငြိမ်နေ၏။

သို့သော် အကယ်၍ စိတ်အာရုံထက်မြက်သော လူတစ်ဦးသည် တောအုပ်၏အပြင်တွင် ရပ်၍ အာရုံခံကြည့်လိုက်ပါက ဆံပင်မွေးအစွန်းများပင် ထောင်သွားပေလိမ့်မည်။

*****

လီချန်ရှို့သည် ဆေးဖော်ဆောင်အတွင်းသို့ ရောက်ရှိပြီးနောက် စက္ကူကိုယ်ပွားတစ်ခုကို ထုတ်ကာ အစိမ်းရောင်အခိုးအငွေ့များအဖြစ် ပြောင်းလဲလိုက်ပြီး မြေအောက်လျှို့ဝှက်ခန်းသို့သွားလိုက်သည်။

သူသည် ပိတ်စအလွတ်များကိုထုတ်လိုက်ပြီး မြေပြင်ပေါ်တွင် တစ်ခုပြီးတစ်ခုခင်းလိုက်သည်။ ထို့နောက် ဖိနပ်ချွတ်ကာ ထိုအပေါ်တွင် လျှောက်လိုက်၏။ ထိုသို့ပြုလုပ်ခြင်းသည် သူစိတ်တည်ငြိမ်အောင်လုပ်၍ တွေးတောရန် နေရာတစ်ခု လိုအပ်သောကြောင့်မဟုတ်ပေ။

တစ်နာရီကြာပြီးနောက် လီချန်ရှို့သည် သူပြုလုပ်ထားသော မီးသွေးချောင်းလေးကို ထုတ်၍ တင်ပျဉ်ခွေထိုက်လိုက်၏။ သူသည် ပိတ်စ၏ လက်ဝဲဘက်အစွန်းတွင် စာတစ်ကြောင်း ရေးလိုက်၏။
“ ငါသာ နောက်ကွယ်က ကြိုးကိုင်တဲ့သူဆိုရင်… ”

ထို့နောက် သူသည် မျှားခေါင်းနှစ်ခု ဆွဲလိုက်၏။ မျှားခေါင်းတစ်ခုကို ဘေးသို့အဖြောင့်ဆွဲထား၏။ မျှားခေါင်းအဆုံးတွင် “ တိုက်ခိုက်ခဲ့မှုသည် ရွှေနတ်လိပ်ကျွန်းမှ ကျင့်ကြံသူများနှင့် တာအိုတရားဆွေးနွေးခဲ့သည့် ကိစ္စနှင့်မဆိုင် ” ဟူ၍ ရေးလိုက်သည်။

အခြားမျှားခေါင်းလေးသည် အောက်ရှိ နေရာအလွတ်ဆီသို့ ဦးတည်နေ၏။

သူအောက်ပါအတိုင်း ထပ်ရေးလိုက်၏။
“ တိုက်ခိုက်ခဲ့မှုသည် ရွှေနတ်လိပ်ကျွန်းမှ ကျင့်ကြံသူများနှင့် တာအိုတရားဆွေးနွေးခဲ့သည့် ကိစ္စနှင့်ဆိုင်သည် ”

ခေတ္တမျှတွေးတောပြီးနောက် သူသည် ထိုစာနှစ်ကြောင်းမှနေ၍ မျှားများထပ်ဆွဲလိုက်သည်။ သူသည် ဖြစ်နိုင်ချေရှိသော အရာအားလုံးကို စာရင်းပြုစုလိုက်ပြီး တစ်ခုချင်းစီကို သုံးသပ်လိုက်သည်။
‘ ဒီတစ်ခါ ငါ ဖြစ်နိုင်ချေရှိတဲ့အရာတစ်ခုကိုမှ လွတ်သွားလို့မရဘူး။ အဲဒီအရာက ဘယ်လောက်သေးသေး သေချာသုံးသပ်ရမယ် ’

“ အခုအချိန်မှာ ငါတို့သိရတဲ့ သတင်းအချက်အလက်က သိပ်မရှိသေးဘူး ”

တုနတ်ဝိဇ္ဇာဂိုဏ်းကို တိုက်ခိုက်သူများသည် တန်ခိုးအစွမ်းမနိမ့်ကြောင်းကိုသာ သူသိရသေးသည်။ ထိုသူများသည် ကောင်းကင်နတ်မင်းများနှင့် အတုမဲ့နတ်ဝိဇ္ဇာများကိုပင် ထိန်းချုပ်နိုင်သော မှော်အစွမ်းများရှိကြ၏။ လိုအပ်လာလျှင်လည်း ထိုရုပ်သေးများကို ချက်ချင်းသတ်ပစ်နိုင်၏။
‘ ဒီကိစ္စရဲ့နောက်ကွယ်မှာ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းပြချက် အနည်းငယ်တော့ရှိရမယ် ’

သူတို့သည် တုနတ်ဝိဇ္ဇာဂိုဏ်းနှင့် ရန်ငြိုးရှိ၍လော၊ တုနတ်ဝိဇ္ဇာဂိုဏ်းမှ ရတနာများကို လိုချင်၍လော။

သို့သော် လီချန်ရှို့သည် အဖြစ်နိုင်ဆုံး အကြောင်းတစ်ခုကို ရွေးထုတ်လိုက်သည်။

တွေ့ဆုံပွဲကို နှောင့်ယှက်၍ ကျောင်းတော်သုံးကျောင်းအကြား ပဋိပက္ခများ ဖြစ်အောင်ပြုလုပ်ခြင်းပင်။

သူသည် အကြောင်းအရင်းများကို ခွဲခြမ်းစိတ်ဖြာ၍ ရလာဒ်များကို သုံးသပ်လိုက်သည်။ မည်သည့်ဆက်စပ်မှုကိုမှ လွတ်မသွားစေရန် ဂရုတစိုက်ပြုမူနေ၏။

လီချန်ရှို့သည် ခေါင်းငုံ့၍ ပိတ်စပေါ်တွင် ရေးဆွဲနေလေသည်။ မီးသွေးချောင်းလေးသည် တဖြည်းဖြည်း တို၍လာပေပြီ။ ထို့ပြင် သူ၏နတ်အာရုံကိုလည်း ချုံတောင်လေးတစ်ခုလုံးကို လွှမ်းခြုံထားလေ၏။

သုံးရက်ကြာပြီးနောက်…

လီချန်ရှို့သည် စိတ်ပေါ့သွားဟန်ဖြင့် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။ သူသည် မြေအောက်လျှို့ဝှက်ခန်းအတွင်းရှိ စာကြည့်စားပွဲနောက်တွင် ထိုင်နေလေသည်။ သူ၏အရှေ့တွင်မူ ပိတ်စများကို နတ်တန်ခိုးသုံးကာ ဖြန့်၍ထောင်ထား၏။

ထိုပိတ်စများအပေါ်တွင် ပြွတ်သိပ်နေသောစာလုံးများ၊ သင်္ကေတများ၊ မျှားခေါင်းများနှင့် ပုံကြမ်းများရှိလေသည်။ ထိုအပေါ်တွင် ဖြစ်နိုင်ချေရှိသော ဇာတ်လမ်းများနှင့် အကြောင်းအရာ တစ်ရာကျော်ပါရှိလေသည်။

နောက်ကွယ်မှကြိုးကိုင်သူသည် မည်သူဖြစ်ကြောင်း မသိရသေးသော်လည်း ထိုသူ နောက်ထပ်ခြေတစ်လှမ်း ထပ်လှမ်းလျှင် ဖြစ်နိုင်ချေရှိသည့်သူကို သူ ခန့်မှန်းနိုင်မည်ဖြစ်၏။ သို့သော် လီချန်ရှို့သည် နောက်ကွယ်မှကြိုးကိုင်သူကို ရှာခြင်းသည် အကျိုးမရှိဟုသာ ထင်သည်။ ထိုပုဂ္ဂိလ်ကိုသိခဲ့လျှင်လည်း ယခုလက်ရှိ သူ့တန်ခိုးအစွမ်းဖြင့် တိုက်ရိုက် ရင်ဆိုင်နိုင်မည်မဟုတ်ချေ။ တိုက်ရိုက်သွားရင်ဆိုင်လျှင်လည်း သူသေသွားနိုင်၏။

လီချန်ရှို့သည် ထိုပုဂ္ဂိုလ်ဘက်မှ စတင်လှုပ်ရှားလျှင် သွက်သွက်လက်လက် ပြန်တုံ့ပြန်လိုခြင်းသာဖြစ်သည်။ သူသည် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချလို၏။

အကယ်၍ သူ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို ထုတ်ပြလိုက်လျှင်လည်း ဂိုဏ်း၏ တိုက်ခိုက်နိုင်မှုအစွမ်းသည် အကြီးအကဲတစ်ယောက်စာခန့်သာ ပိုတိုးလာမည်ဖြစ်သည်။ သိပ်၍ အသုံးဝင်မည်မဟုတ်ပေ။ ဂိုဏ်းရှိ တောင်များတွင် အကြီးအကဲများ အလုံအလောက်ရှိပြီးဖြစ်၏။

သူသည် အချိန်အနည်းငယ်အတွင်း တုနတ်ဝိဇ္ဇာဂိုဏ်း၌ ဝင်‌ရောက်ပြောဆို ဆွေးနွေးနိုင်သူတစ်ယောက် ဖြစ်လာမည်မဟုတ်ချေ။ ထို့ကြောင့် သူသည် ကျင့်ကြံခြင်းအဆင့်ဝှက်ဖဲကို ဆက်လက်ဖုံးကွယ်ထား၍ မိမိနှင့် ဂိုဏ်းကို လျှို့ဝှက်၍သာ ကာကွယ်ရန် ဆုံးဖြတ်လိုက်လေ၏။

ထို့ပြင် သူပုန်းအောင်း၍ တိုက်ခိုက်ခြင်းသည် ပို၍ အကျိုးရှိပေလိမ့်မည်။

လီချန်ရှို့သည် သစ်သားပြားသုံးပြားနှင့် ထွင်းဓားလေးတစ်ချောင်းကို ထုတ်လိုက်သည်။ သူသည် ခေါင်းငုံ့၍ ထိုအရာများနှင့် အလုပ်ဆက်လုပ်လိုက်လေသည်။

သူသည် ကြည့်ရှုပြီးနောက်တွင် ပျောက်ကွယ်သွားမည့်ဆေးရည်ကို မှင်အဖြစ်အသုံးပြုလိုက်သည်။ သူသည် သစ်သားပြားသုံးပြားအပေါ်တွင် အစီအစဉ်သုံးခုကို ရေးသား၍ တစ်ပြားစီကို ပိုးအိတ်လေးတစ်အိတ်စီအတွင်း၌ ထည့်လိုက်၏။

ပထမဆုံး အစီအစဉ်သည် ငိုရန်ဖြစ်သည်။

သူသည် ထိုအစီအစဉ်တွင် ဆရာဦးလေးကျိုးဝူကို အသုံးချရပေမည်။ ဆရာဦးလေးကျိုးဝူသည် အကြီးအကဲဝမ်လင်းယွမ်ထံသို့ သွားမည်ဖြစ်ကြောင်းကို သူသိရှိထားပြီးဖြစ်သည်။

ထိုအခါမှ ဤပိုးအိတ်လေးကို အကြီးအကဲဝမ်လင်းယွမ်မှတဆင့် ဆရာဦးလေးကျိုးဝူထံသို့ ပေးလိုက်ရပေမည်။ အကယ်၍ ဂိုဏ်းအတိုက်ခိုက်ခံရသဖြင့် တောင်ကာမန္တန်အစီအရင်ပျက်ဆီးသွားလျှင် ဆရာဦးလေးကျိုးဝူကို ဤပိုးအိတ်လေးကို ဖွင့်ကြည့်ရန် ပြောရမည်ဖြစ်၏။

ဆရာဦးလေးကျိုးဝူသည် အမှန်တကယ်ငိုရမည်ဖြစ်သည်။ ဟန်ဆောင်ပန်ဆောင် ငိုရုံဖြင့်မရပေ။

လီချန်ရှို့သည် ထိုသစ်သားပြားလေးပေါ်တွင် အောက်ပါစာများကို ရေးသားထား၏။
“ ကျွန်ုပ်သည် ပိုင်ဖန်ခန်းမသို့သွား၍ အရှင်ထိုက်စန့်လောင်ကျွင်း၏ ပုံတော်ကို ရှာ၏။ ထို့နောက် ကျွန်ုပ်သည် နှလုံးသားနက်နက်ရှိုင်းရှိုင်းမှနေ၍ ငိုကြွေးလေသည်။ အရှင်ထိုက်စန့်လောင်ကျွင်းသည် ဉာဏ်ပညာထက်မြက်၍ လောကီကိစ္စများတွင် ဝင်ရောက်မပတ်သက်သော်လည်း ယခုတွင် အခြားသူများ၏ အသုံးချခြင်းကိုခံနေရပေပြီ။ ထိုသူများသည် ကျောင်းတော်သုံးကျောင်းကို ရန်တိုက်ပေးရန် ရန်ကျောင်းတော်၏ လက်အောက်ခံ တုနတ်ဝိဇ္ဇာဂိုဏ်းကို ဖျက်ဆီးလိုနေကြ၏။ ကျွန်ုပ်သည် ဤနေရာတွင် ငိုကြွေးမည်တမ်း၍ အရှင့်၏ အကူအညီကို တောင်းခံပါ၏… ”

သူသည် ဒုတိယပိုးအိတ်ကို ကျိုးကျိုးထံ ပေးရန် ကြံရွယ်လိုက်သည်။ သို့သော် သူမထံသို့ ကိုယ်တိုင် တိုက်ရိုက်ပေး၍မရပေ။ ထို့ပြင် အရေးကြုံလာသည့် အခါမှသာ ဖွင့်ကြည့်ရန် ပြောရပေမည်။

တတိယပိုးအိတ်သည် သူ၏ဆရာအတွက် ဖြစ်သည်။ ထိုသစ်သားပြားပေါ်တွင် သူ့ကိုကာကွယ်ပေးရန် သူ့ဆရာကို အကူအညီတောင်းထားခြင်းပင်။ အမှန်တွင် သူ့ဆရာကို လင်းအယ်အား ခေါ်၍ ထွက်ပြေးစေလိုခြင်းပင်။

အကယ်၍ တိုက်ပွဲ ရုတ်တရက်ဖြစ်လာလျှင် သူ့ဆရာသည် ဝင်ရောက်တိုက်ခိုက်ပေလိမ့်မည်။ ထို့ကြောင့် ပိုးအိတ်ကို သူ ကြို၍ ပေးထားရန် လိုအပ်ပေသည်။

လီချန်ရှို့သည် မည်သူ၏ ကာကွယ်ပေးမှုကိုမှ မလိုပေ။ တိုက်ပွဲဖြစ်လာချိန်တွင် သူ၏ခန္ဓာကိုယ်အစစ်သည် လုံခြုံသည့်နေရာတွင် ရှိနေမည်ဖြစ်သည်။

ပိုးအိတ်များကို ပိတ်ပြီးနောက် လီချန်ရှို့အော်လိုက်သည်။
“ တိုက်ပွဲဝင်ရန် အသင့်ပြင် ”

အာ… စစ်တပ်တစ်ခုလုံးတွင် သူတစ်ယောက်တည်းသာရှိ၏။

သူသည် စားပွဲခုံပေါ်တွင် လက်ကိုဝှေ့ယမ်းလိုက်ရာ အင်္ကျီလက်အတွင်းမှနေ၍ စက္ကူကိုယ်ပွားအရုပ်များထွက်လာသည်။ ထိုအရုပ်များသည် လီချန်ရှို့ကို တညီတညွတ်တည်း ဦးညွှတ်လိုက်ကြ၏။

လီချန်ရှို့သည် ပြုံး၍ ထပ်အော်လိုက်သည်။
“ တိုက်ပွဲဝင်ရန် အသင့်ပြင် ”

စက္ကူကိုယ်ပွားအရုပ်လေးများသည် စစ်မာန်ဝင့်၍ သူ့ကို အလေးပြုလိုက်ကြသည်။

‘ ငါ ဟာသတွေလုပ်နေလို့မရဘူး… ’

‘ ငါအခု အရေးကြီးလုပ်စရာ သုံးခုရှိတယ် ’

‘ ငါ အဆိပ်လွှတ်ဓမ္မရတနာကို အဆင့်မြှင့်ပြီး အဆိပ်မှုန့်ပမာဏများများ ပိုထည့်နိုင်အောင်လုပ်ရမယ် ’

‘ စက္ကူကိုယ်ပွားတွေကို အဆင့်ထပ်မြှင့်ရင်တော့ ငါ့ရဲ့ အာရုံတွေကို ခွဲထားလို့ရလောက်မှာပါ။ ငါ စက္ကူကိုယ်ပွားတွေအပေါ်မှာပဲ အာရုံစိုက်နေလို့မရဘူး ’

‘ ပြီးတော့ အကြီးအကဲဝမ်လင်းယွမ်တစ်ယောက် ငါ့အပေါ် လုံးဝယုံကြည်လာအောင် လုပ်ရမယ်။ သူက အာကာသနတ်မင်းလောက် အစွမ်းကြီးတဲ့ သူတစ်ယောက်ပဲ ’

လီချန်ရှို့သည် မတ်တပ်ထရပ်လိုက်ပြီး သူ့ရှေ့ရှိ ပိတ်စများကို ကြည့်လိုက်သည်။ ထိုပိတ်စများအလယ်တွင်ရေးထားသော ‘ အဓိကတရားခံ ’ ဟူသည့်စာလုံးကိုတွေ့လိုက်ရာ သူ့မျက်လုံးများ အရောင်လက်သွား၏။
‘ မင်းက အနောက်ကျွန်းကလား မြောက်ကျွန်းကလား ဆိုတာ ငါဂရုမစိုက်ဘူး။ မင်းက တုနတ်ဝိဇ္ဇာဂိုဏ်းနဲ့ ရန်ငြိုးရှိတာလား၊ ဒါမှမဟုတ် ရန်ကျောင်းတော်၊ ချန်ကျောင်းတော်တွေနဲ့ ရန်ငြိုးရှိတာလားဆိုတာလည်း ငါ ဂရုမစိုက်ဘူး။ မင်းက ကျောင်းတော်သုံးကျောင်းကြားမှာ ပဋိပက္ခဖြစ်စေချင်တာလား၊ဘာလားဆိုတာမသိပေမယ့်… ’

‘ မင်းသာ ရန်ရှာရဲမယ်ဆိုရင်… ’

‘ ဟင်း… ’

‘ ငါလည်းပြေးရဲတယ်ကွ… ’

******

နှစ်ဝက်ကြာပြီးနောက် အလယ်ကျွန်းရှိ ရွှေနန်းတော်ဂိုဏ်းတွင်…

လူရိပ်သုံးခုသည် နတ်ကျွန်းကြီးမှနေ၍ ပျံထွက်လာ၏။ ထိုသူများသည် ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူများဖြစ်သည်။ သူတို့သည် ဤနေရာတွင် နေရသည်မှာပျင်းရိလာ၍ ရွှေနတ်လိပ်ကျွန်းသို့ ပြန်သွားကြခြင်းပင်။

ထိုသုံးဦးသည် ယခင်တစ်ခေါက်တွင် တုနတ်ဝိဇ္ဇာဂိုဏ်းသို့ သွားရောက်ခဲ့ကြသူများဖြစ်သည်။

ထိုသုံးဦးထဲမှ တစ်ဦးသည် တာအိုရသေ့အိုကြီး ယွမ်ကျဲဖြစ်သည်။ ကျန်နှစ်ဦးသည် ယွမ်ကျဲ၏ အကြံပေးချက်အရ ရွှေနတ်လိပ်ကျွန်းသို့ ပြန်၍ ကျင့်ကြံရန် ဆုံးဖြတ်လိုက်ကြခြင်းပင်။

ရွှေနတ်လိပ်ကျွန်းသို့ပြန်၍ အေးအေးလူလူနေရခြင်းသည် ဤနေရာတွင်နေ၍ အချိန်ဖြုန်းနေခြင်းထက် ပိုကောင်းလေသည်။

တိမ်ဖြူများသည် လီသောင်းချီ ပျံသန်းလိုက်၏။ တာအိုရသေ့အိုကြီး ယွမ်ကျဲသည် နောက်ဆုံးမှနေ၍ လိုက်ပါလာလေသည်။ သူ၏မျက်လုံးများသည် သွေးရောင်များ ဖုံးလွှမ်းနေ၏။ သူသည် ရှေ့သို့အနည်းငယ်တိုး၍ ရုတ်တရက်ပြောလိုက်သည်။
“ မိတ်ဆွေတို့… ”

ရှေ့မှနှစ်ဦးသည် နောက်လှည့်၍ ကြည့်လိုက်သည်။ ရုတ်တရက် သူတို့သည် တဝီဝီအော်သံများ ကြားလိုက်ရ၏။ သူတို့ မတုံ့ပြန်နိုင်လိုက်ခင်မှာပင် လည်ကုတ်မှနေ၍ စူးခနဲဖြစ်သွားသည်ကို ခံစားလိုက်ရပြီး တိမ်များပေါ်မှ ပြုတ်ကျသွားမလိုပင် ဖြစ်သွားကြသည်။

တာအိုရသေ့အိုကြီးယွမ်ကျဲသည် ထိုသက်လတ်ပိုင်း လူနှစ်ယောက်ကို ဆွဲခေါ်၍ မည်သည့်အရာမှ မဖြစ်ခဲ့သည့်ဟန်ဖြင့် အရှေ့တောင်အရပ်သို့ ပျံသန်းသွားလိုက်လေသည်။

လဝက်ကြာပြီးနောက်…

တာအိုရသေ့အိုကြီးယွမ်ကျဲသည် အလယ်ကျွန်းနှင့် အရှေ့ကျွန်း နယ်စပ်ရှိ မိစ္ဆာမျိုးနွယ်များနေထိုင်သော တောအုပ်ထူကြီးထဲတွင် တိမ်ဖြူကို ရပ်တန့်လိုက်သည်။

သူတို့ ယခင်က သဘောတူထားသည့်အတိုင်း တောအုပ်အတွင်းမှနေ၍ အရိပ်နက်များ စုဝေးလာ၏။ ထိုအရိပ်နက်များသည် ယွမ်ကျဲတို့သုံးဦးကို ဝန်းရံ၍ ဒူးထောက်လိုက်ကြသည်။

ထိုအရိပ်နက်များထဲတွင် မိစ္ဆာများ၊ လူများ၊ ဝိညာဉ်များ ပါဝင်လေသည်။ သူတို့သည် ဝတ်ရုံနက်ကြီးများ ခြုံထားပြီး သူတို့၏ အစွမ်းများကိုသုံးကာ ကိုယ်ရောင်ကိုယ်ဝါကို ဖုံးကွယ်ထားကြ၏။

ထိုသူတို့တွင် တူညီသောအရာတစ်ခုမှာ သူတို့၏လည်ပင်းပေါ်ရှိ ပျောက်ကင်းစပြုနေပြီဖြစ်သော မထင်မရှား ဒဏ်ရာလေးများသာဖြစ်သည်။

မိစ္ဆာတစ်ကောင်သည် ဗန်းသုံးချပ်ကိုသယ်လာကာ ယွမ်ကျဲတို့သုံးဦး အရှေ့တွင် ဒူးထောက်လိုက်သည်။ ထိုလင်းဗန်းသုံးချပ်ပေါ်တွင် သွေးရောင်လွှမ်းနေသော ပွင့်ဖတ်ခုနှစ်ဖတ်ပါသည့် လက်သီးစုပ်အရွယ် ကြာပွင့်တစ်ပွင့်စီရှိ၏။

ထိုအချိန်တွင် ယွမ်ကျဲနှင့် ကျန်နှစ်ဦးသာ သူတို့နားတွင် ရှိနေသော သွေးရောင်လွှမ်းနေသည့် အမျိုးသမီးပုံရိပ်တစ်ခုကို မြင်ရလေသည်။

သူမ၏ မျက်နှာသည် ဝေဝါးနေသော်လည်း သူမ၏ ခန္ဓာကိုယ်သည် ညှို့ဓာတ်ပြင်းလှ၏။ သူမသည် ထိုသုံးဦး၏ နားအတွင်းသို့ သိမ်မွေ့သောအသံလေးဖြင့် တီးတိုးပြောလိုက်၏။ ထိုအသံသည် သူတို့၏ နှလုံးသားအတွင်းသို့ပင် ရောက်ရှိသွားသည်ဟု ထင်ရလေသည်။
“ ယူလိုက်… စုပ်ယူလိုက်… ဒါမင်းတို့အမြဲအလိုရှိနေတဲ့ စွမ်းအားပဲ… ”

“ ကျောင်းတော်သုံးကျောင်းတွေ့ဆုံမှုက ငါတို့အနောက်ကျောင်းတော်အတွက် မကောင်းဘူး။ အခုမင်းတို့မှာ အဲဒါကို ဟန့်တားနိုင်မယ့် နည်းရှိလာပြီ။ မင်းတို့ အဲဒါကို တားဆီးနိုင်ပြီ။ တုနတ်ဝိဇ္ဇာဂိုဏ်းကို မြန်မြန် ဖျက်ဆီးပစ်လိုက်၊ တုနတ်ဝိဇ္ဇာဂိုဏ်းကို ဖျက်ဆီးပစ်လိုက်… ”

တာအိုရသေ့အိုကြီးယွမ်ကျဲဦးဆောင်သော ရွှေနတ်လိပ်ကျွန်းမှ ကျင့်ကြံသုံးဦးသည် ပွင့်ဖတ်ခုနှစ်ဖတ်ပါသော သွေးကြာပွင့်တစ်ပွင့်စီကို ကိုင်၍ တညီတညွတ်တည်း ပြန်ဖြေလိုက်ကြသည်။
“ မှန်လှပါ အရှင်မ… ”

“ ကျုပ်တို့ ဒီအကြိမ် မရှုံးနိမ့်စေရပါဘူး ”

လီသောင်းပေါင်းများစွာအကွာရှိ တောင်ကြားတစ်ခုတွင် အရှင်မဝမ်ကျင်းသည် ကျောက်စိမ်းဖျာလေးပေါ်တွင် တင်ပျဉ်ခွေထိုင်၍ လှောင်ရယ်လိုက်သည်။

သူမသည် ထိုသူများကို အရေးမစိုက်ပေ။ သူမသည် နောက်လှည့်၍ အနောက်အရပ်သို့ ဦးတည်ပျံသန်းသွားလိုက်လေသည်။

သူမသည် နတ်ဝိဇ္ဇာဂိုဏ်းများမှ ချီကျင့်ကြံသူများကို ထိန်းချုပ်၍ ရွှေနန်းတော်ဂိုဏ်းတွင်ရှိနေသော တုနတ်ဝိဇ္ဇာဂိုဏ်းမှ လူငါးဦးကို ချောင်းမြောင်းတိုက်ခိုက်၍ လူများ၏ အာရုံစိုက်မှုကို ရယူခဲ့ခြင်းပင်။

ထို့နောက်သူမသည် ကျဲကျောင်းတော်မှ ချီကျင့်ကြံသူများက မိစ္ဆာများနှင့် ပူးပေါင်း၍ တုနတ်ဝိဇ္ဇာဂိုဏ်းလေးကို သွားရောက်ဖျက်ဆီးသည့် ပုံစံပေါ်အောင် ထိန်းချုပ်ဖန်တီးရပေမည်။

ထိုအခါမှ သူမ၏ အစီအစဉ်အောင်မြင်ပေလိမ့်မည်။

သူမအတွက် ထိုအရာသည် သာမန် လှည့်ကွက်လေးသာ ဖြစ်၏။

ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူသုံးဦးသည် သူမ ထုတ်ဖော်ပြရမည့် ရုပ်သေးရုပ်များဖြစ်သည်။ ထိုသုံးဦးကိုသာ အခြားသူများမြင်သွားလျှင် တုနတ်ဝိဇ္ဇာဂိုဏ်းကို ဖျက်ဆီးမှု အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ကျောင်းတော်သုံးကျောင်း၏ ဆက်ဆံရေးသည် ဆက်လက်၍ ဆိုးဝါးနေပေမည်။

ထိုလှည့်ကွက်သည် သေးငယ်သော်လည်း အကွက်ကျသည့် လှည့်ကွက်ပင်။

သူမအတွက်…

သူမ၏ မျက်နှာကို ပေါ်ပေါ်ထင်ထင်မပြနိုင်ပေ။ အကယ်၍ ရန်ကျောင်းတော်မှ အကြီးအကဲများသာ သူမကိုတွေ့သွားလျှင် သူမထွက်ပြေးနိုင်မည်ဟု ယုံကြည်ချက်မရှိပေ။
‘ ဒီအရှုပ်တွေထဲဝင်မပါဘဲ အနောက်ကျောင်းတော်ကိုပြန်ပြီး အဝေးကနေ ပွဲကောင်းလေးကို လှမ်းကြည့်နေတာပဲကောင်းမယ်။ အဲဒါက အမြော်အမြင်အရှိဆုံး လုပ်ရပ်ပဲ… ’

‘ သူတို့ သုံးယောက် အောင်မြင်မြင်၊ ကျရှုံးရှုံး… ရန်ကျောင်းတော်နဲ့ ချန်ကျောင်းတော်တို့ ရှာနိုင်မယ့် သဲလွန်စနည်းနည်း ချန်ပေးပြီး သူတို့ကို ပြာချပစ်မယ်။ အဲဒီလိုဆို ကိစ္စအကုန်လုံး ပြီးပြီ… ’

‘ ငါသာအောင်မြင်ရင် အဲ့မျိုးမစစ် လက်ထောက်ဂိုဏ်းချုပ်က ငါ့ကိုဘာဆု ချီးမြှင့်မှာလဲ ’

‘ ဟင်း … သူတို့ဘာပစ္စည်းကိုသုံးပြီး ငါ့ကိုလေးစားကြောင်းပြမှာလဲ… ’

‘ ငကြောက်တွေ.. တန်ခိုးရှင်နှစ်ယောက်ကသာ မင်းတို့ကို ကာကွယ်ပေးနေတာ မဟုတ်ရင်… ’

‘ ငါ မင်းတို့ရဲ့ သွေးတွေကို ခမ်းခြောက်သွားအောင် စုပ်ရဖို့ သိပ်မလိုတော့ပါဘူး… ’

အရှင်မဝမ်ကျင်းသည် လှောင်ပြုံးပြုံး၍ ပျောက်ကွယ်သွားလေတော့သည်။ သူမပျောက်ကွယ်သွားသည့်နေရာတွင် ခြင်သံများသာ ကျန်ခဲ့လေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset