မရေမတွက်နိုင်သောလူများက ကောင်းကောင်တောင်ခြေတွင် ရပ်လျက် အဖြူရောင်ဝတ်စုံ ဝတ်မိန်းကလေးကို ရင်သပ်ရှုမော ကြည့်ရှုနေကြသည်။ ထိုအခိုက်တွင် ကော့တေး၏ ဒုတိယတပည့်မှာလည်း အရှေ့မြေရိုင်းဒေသ၏ အတောက်ပဆုံးသော မိန်းကလေး တစ်ယောက် ဖြစ်သည်ကို သိလိုက်ကြရသည်။ အမှန်တကယ်အားဖြင့် “အထဲမှ တစ်ယောက်…” ဟူသော စကားက မလိုအပ်ပေ။ ဒွန်ဟွာကလန်မှ သခင်မယွီရှောင်ပင်လျှင် သူမ၏အလှတရား၊ ကိုယ်ကျင့်တရားနှင့် ပါရမီတို့ကို ယှဉ်နိုင်ဖွယ် မရှိပေ။
ကော့တေး၏ အကြီးဆုံး တပည့်သုံးယောက်က ယခု အရှေ့မြေရိုင်းဒေသ၏ ထိပ်ဆုံးအဆင့်တွင် ရပ်တည်နေကြသည်။ ထို့ကြောင့်လည်း ကော့တေးက တပည့်ရှစ်ယောက်မျှသာ ရှိသည့်တိုင် ချင်ပြည်ထောင်က ကော့တေးအား အကြီးဆုံး ပြိုင်ဖက်ရန်သူဟု သတ်မှတ်ထားခြင်း ဖြစ်သည်။ သူတို့ကား လွန်စွာ အားကောင်း လွန်းလှသည်။
တိုက်ပွဲတွင် ချင်ယွီပင်လျှင် ကျူးကော့ဟွေကို ရင်မဆိုင်နိုင်ပေ။ ချင်ပြည်ထောင်မှ တခြားလူများက သူမအား မည်သို့ တိုက်ခိုက်နိုင်မည်နည်း။ သူမ၏ ကျာပွတ်တစ်ချက်က လူတစ်အုပ်စုအား သေစေနိုင်စွမ်း ရှိသည်။
ကျူးကော့ဟွေ၏ လှပသော မျက်နှာလေးက မခိုးမခန့် အပြုံးတစ်ခု ရှိနေကာ လူအများအား အေးစက်သော ခံစားချက်ကို ပေးသည်။ သူမက လက်ကို ဝှေ့ယမ်းလျှင် ကျာပွတ်က ကွေးကောက်လျက် လေထဲ ကခုန်သွားပြန်သည်။ ကောင်းကင်တွင် အက်ကွဲသံတစ်ခု ကြားရ၏။
ကျာပွတ်မှ လျှပ်စီးကြောင်းတစ်ခု စီးဆင်းလာကာ အဖျားတွင် သွားရောက် စုစည်းသည်။
ဒိန်း….ဒိန်း…ဒိန်း…..
ထိုအခိုက်တွင် လျှပ်စီး နတ်ဘုရားများက သူမအတွက် တိုက်ခိုက် ပေးကြဟန် တူသည်။ သူမ၏ကျာပွတ်က ကောင်းကင်မှ မဆုံးနိုင်သော လျှပ်စီးများကို ဆွဲချသကဲ့သို့ ထိုနေရာ တစ်ခုလုံး လျှပ်စီးကမ္ဘာ ဖြစ်သွားကာ ချင်ယွီကို ဦးတည်လျက် ဆင်းသက် လာကြသည်။
လျှပ်စီး အရှိန်အဝါကို ခံစားမိလျှင် လူတိုင်းက ကြောက်ရွံ့ ထိတ်လန့်ရသည်။ အကယ်၍ သူတို့က ထိုနေရာတွင် ရပ်နေမိပါက သူတို့ သေသွားနိုင်ပေသည်။
ကျာပွတ် မရောက်လာမီတွင်ပင် မဆုံးနိုင်သော လျှပ်စီးများက ချင်ယွီထံကို ရောက်ရှိလာပြီး ဖြစ်သည်။ ရှီတန်ခိုးရှင် တစ်ယောက်က အတွေးတစ်ခုမျှဖြင့် မှော်တိုက်ကွက် တစ်ခုကို ဖော်ဆောင်နိုင်သည်။ ကျူးကော့ဟွေ သည်လည်း နိုဘယ်အဆင့်၏ အမြင့်ဆုံးတွင် ရှိနေကာ ရှီအသိနှင့် ရှီအဆင့် လက်နက်ကို ပိုင်ဆိုင်ထားသည်။ သူမ၏ ကျာပွတ်ရိုက်ချက်က မည်မျှ အားကောင်းမည်ကို တွေးကြည့်နိုင်သည်။
နှင်းမြေပြင်က ပေါက်ကွဲသွားသည်။ ချင်ယွီ၏ ခန္ဓာကိုယ်က လျှပ်စီးများဖြင့် ဖုံးအုပ်သွား၏။ သူ၏နဂါးများက သူ့ကို လှည့်ပတ်ကာကွယ်ရန် ကြိုးစားကြသည်။ သူ၏ကိုယ်ကျပ် အင်္ကျီက လွန်စွာ တောက်ပလင်းလက်ကာ လျှပ်စီးကို ခံနိုင်ရည်ရှိသည်။ ထိုအခိုက်တွင် သူ့အားလည်း ကျူးကော့ဟွေလို နတ်လျှပ်စီးများ စီးဆင်းနေသည်။
ကျာပွတ်က သူ့ထံ ရောက်ရှိလာသည်ကို မြင်လျှင် ချင်ယွီ၏ အမူအရာက ပျက်ယွင်းသွားသည်။ နဂါးတစ်ကောင်၏ အော်သံနှင့်အတူ သူက နဂါးလှံတံအား ဝှေ့ယမ်းသည်။
မဆုံးနိုင်သော လျှပ်စီးများအောက်တွင် ကျာပွတ်က နတ်မြွေတစ်ကောင် အလားပင်။ ကျာပွတ်က ကွေးကောက်လျက် နဂါးကို ရစ်ပတ်သွားသည်။ လျှပ်စီးအလင်းများက နဂါး၏ အစိတ်အပိုင်းတိုင်းကို ဖြတ်တောက်သွား၏။ ကျူးကော့ဟွေက ကျာပွတ်ကို ဆတ်ခနဲ လှုပ်ခါလျှင် လျှပ်စီးအလင်းများက တစ်ဖန် ချင်ယွီ၏ခန္ဓာကိုယ်ကို ကျဆင်းသည်။
ချင်ယွီက ချက်ချင်း လျှပ်စီးများအား နဂါးစွမ်းအင်များ စုစည်းလျက် ကာကွယ်သည်။ သို့တိုင်အောင် လျှပ်စီးအလင်းများ အောက်တွင် သူ၏ခန္ဓာကိုယ်က တုန်ယင်သွားကာ နောက်ဆုတ် ရသည်။ သို့သော်လည်း ကျူးကော့ဟွေက ရပ်တန့်မည့်ဟန် မရှိပေ။ သူမ၏ကျာပွတ်က ကွေးကောက်လျက် ချင်ယွီကို ရစ်ပတ်သွားကာ သူ့အား လေထဲကို မြှောက်လိုက်သည်။ ထို့နောက် ကျာပွတ်ဖြင့် မိုးလျက် အပေါ်မှ ရိုက်ချ၏။
ဝုန်း….
အက်ကွဲသံများ အဆက်မပြတ် ကြားရကာ ချင်ယွီ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ကျဆင်းသည်။ သူ၏ခန္ဓာကိုယ်နှင့် စိတ်နှစ်ခုလုံးက ထုံကျဉ်နေသည်။ ရှီအဆင့် လက်နက်နှင့်ပင် သူက ဆိုးဝါးစွာ ရှုံးနိမ့်ရသည်။ ချင်ယွီက လေထဲတွင် ကျာပွတ်ဖြင့် ရက်စက်စွာ အရိုက်ခံရသည်ကို လူတိုင်းက မြင်သည်။
“တော်လောက်ပြီ….” အသံတစ်သံက ပြောသည်။ လူတချို့ ချင်ယွီ၏ရှေ့ကို ရောက်လာသည်။ သူတို့က ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့မှ ဖြစ်ကြ၏။
“ရှင်တို့က ရှင်းပြချက် လိုချင်သေးလား….” ကျူးကော့ဟွေက အေးစက်စွာ ပြောသည်။ ချင်ယွီက မတ်တတ်ရပ်ကာ သွေးတစ်ပွက် အန်သည်။ သူ၏ခန္ဓာကိုယ်က တုန်ယင်နေသော်လည်း သူက လေထဲမှ မိန်းကလေးကို ဒေါသတကြီး ကြည့်သည်။ သူကား လွန်စွာ အရှက်ခွဲခံရသည်။ ချင်ပြည်ထောင်၏ အိမ်ရှေ့စံမင်းသား တစ်ပါးအနေဖြင့် သူက တစ်ခါမှ ဤသို့ အရှက်ခွဲမခံဖူးပေ။
သူ၏သားချင်လီနှင့် သူ၏ညီမ ချင်မုံရိုတို့က အသတ်ခံရသည်။ ယခု သူတို့က သူ့အား လျော်ကြေး မပေးသည့်အပြင် လူအများ၏ရှေ့တွင် ရက်စက်စွာ အနိုင်ယူခဲ့သည်။ ချင်ယွီက ယခု မည်သို့ ခံစားနေရမည်ကို တွေးကြည့်၍ ရသည်။ သူ၏ မျက်လုံးများက မီးဝင်းဝင်း တောက်နေသည်။
သခင်မယွီရှောင်နှင့် တခြားစွမ်းအားမြင့် တန်ခိုးရှင်များ အားလုံးက ကျူးကော့ဟွေအား ကြည့်နေကြသည်။ သူမတွင် ရှီအဆင့် လက်နက်သာ ရှိသည်မဟုတ်ဘဲ ဤသို့ အားကောင်းသော တိုက်ခိုက်ရေး စွမ်းရည်လည်း ရှိသေးသည်။ ဓားသခင်နှင့် ပေါင်းလျှင် သူတို့အား ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့မှ ခေါင်းဆောင်များ ကိုယ်တိုင် ရင်ဆိုင် တိုက်ခိုက်ရန် လိုအပ်ပေသည်။ အကယ်၍ သူတို့က ဤနေရာတွင် တိုက်ခိုက်ပါက ဘာမှ အကျိုးမရှိပေ။ နှစ်ဖက်လုံးမှ စွမ်းအားနိမ့်သော သူများသာ သေကျေပျက်စီးရမည် ဖြစ်သည်။ နှစ်ဖက်လုံးမှ စွမ်းအားမြင့်တန်ခိုးရှင်များက တစ်ဖက်ကိုတစ်ဖက် အနိုင်ယူနိုင်မည် မဟုတ်ပေ။ အနည်းဆုံး ကျူးကော့ဟွေနှင့် ဓားသခင်အား ဘယ်သူမှ အနိုင်မယူနိုင်ပေ။
ကြည့်ရသည်မှာ ဤအရှက်ရမှုအား သူတို့က မျိုသိပ် ထားရဦးမည်။
“သွားစို့….” ချင်ယွီက အံကြိတ်လိုက်သည်။ လူသတ်လိုသော အငွေ့အသက်များက လေထဲ ဖုံးလွှမ်းသွား၏။ သူက ကျူးကော့ဟွေအား အနိုင်မယူနိုင်ပေ။ ထိုမျှသာ မဟုတ်ဘဲ သူက အရှက်တကွဲ အကျိုးနည်း ရှုံးနိမ့်ခဲ့ရသည်။
သူတို့အုပ်စုက နောက်လှည့်ကာ ထွက်သွားကြသည်။ ကျူးကော့ဟွေကလည်း သူမ၏ ကျာပွတ်အား သိမ်းလိုက်သည်။
တိုက်ပွဲတစ်ခုက ဤသို့နည်းဖြင့် အဆုံးသတ်ခဲ့သည်။ ကြည့်ရသည်မှာ နှစ်ဖက်လုံးက ဆင်ခြင်မှု တချို့ ရှိသေးသည်။ တကယ်တမ်း တိုက်ပွဲဖြစ်ပွားပါက နှစ်ဖက်လုံးက အကျိုးဆက်အား ခံစားရမည် ဖြစ်သည်။
ဤမတိုင်မီက ချင်ပြည်ထောင်က လျိုနိုင်ငံ ပျောက်ကွယ်သွားရန် ယုံကြည်မှု ရှိခဲ့သောကြောင့် သွားရောက် ဖျက်ဆီးခဲ့ကြသည်။ သို့သော် ကော့တေး၊ ကျောင်းတော်နှင့် ဓားသခင်တို့က လုံးဝ ကွဲပြားသော အဆင့်တစ်ခုတွင် ရှိသည်။ ချင်ယွီက ကျူးကော့ဟွေအား အနိုင်ယူနိုင်ခဲ့ပါက သူက ဤနေရာမှ လူတိုင်းကိုသတ်ရန် ကြိုးစားမည် ဖြစ်သည်။ သို့သော် ချင်ယွီက ရှုံးနိမ့်ခဲ့ရာ သူတို့က ဘာမှ မလုပ်နိုင်ပေ။
ကော့တေးတွင်လည်း ထိုသို့သော စိုးရိမ်ပူပန်မှု ရှိသည်။ ဓားသခင်နှင့် ကျူးကော့ဟွေတို့က အားကောင်းသော်လည်း စွမ်းအား အမြင့်ဆုံး ရန်သူက မလှုပ်ရှားသေးပေ။ သူတို့အား နောက်ဆုတ်စေခြင်းက လုံလောက်ပေသည်။ တကယ့် တိုက်ပွဲသာ အမှန်တကယ် ဖြစ်လာပါက ကျောင်းတော်နှင့် ဓားသခင်တောင်မှ တပည့်များကလည်း သေဆုံးကြရမည်ဖြစ်သည်။
ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်မှ လူများက အမှန်တကယ်အားဖြင့် ထွက်သွားခြင်း မရှိကြသေးပေ။ သူတို့က တောင်ပေါ်မှ ကျန်သောသူများ ဆင်းလာရန် စောင့်ဆိုင်းနေကြသည်။
အချိန်များ တဖြည်းဖြည်း ဖြင့် ကုန်ဆုံးသွားသည်။ တိုက်ပွဲကြောင့် အခြေအနေက အနည်းငယ် တင်းမာနေသည်။ တဖြည်းဖြည်းဖြင့် လူများက တည်ငြိမ်လာကြ၏။ ထိုအချိန်တွင် မိန်းကလေး တစ်ယောက် နှင်းများအကြားမှ လျှောက်လာသည်။
“ချင်းချင်း…” သခင်မယွီရှောင်နှင့် လုနန်ထျန်းတို့ လျှောက်သွား လိုက်ကြသည်။ ဟွာချင်းချင်းက ဒွန်ဟွာကလန်ထံသို့ လျှောက်သွားလျှင် သူမက ရှုပ်ထွေးသော ခံစားချက်ဖြင့် သူတို့အား ကြည့်သည်။
“သမီး တောင်ပေါ်ကို မရောက်ခဲ့ဘူးလား….” သခင်မ ယွီရှောင်က မေးသည်။ ပြင်ပမှ လူအနည်းငယ်မျှသာ သူမသမီး၏ ပါရမီကို သိသည်။ ဟွာချင်းချင်းက တိုက်ခိုက်သည်ကို မနှစ်သက်ရာ လူအနည်းငယ်ကသာ သူမ၏ ပါရမီကိုသိသည်။ သို့သော် အမှန်တကယ်အားဖြင့် ချိန်ရှင်းမူကား သူမထက် အဆမတန် ပါရမီ နိမ့်နေပေသေးသည်။ သူမက သန့်စင်လွန်းရာ မကောင်းဆိုးဝါး အငွေ့အသက်များက သူမအား မစွန်းထင်း စေနိုင်ပေ။ သူမက တောင်ထိပ်ပေါ်ကို ရောက်ရန် လွန်စွာ ဖြစ်နိုင်ပေသည်။
ဟွာချင်းချင်းက ခေါင်းယမ်းကာ တိုးတိုးလေးပြောသည်… “သမီးတက်ခဲ့တယ်….”
သခင်မယွီရှောင်၏ နှလုံးက တုန်ယင်သွားသည်။ ဟွာချင်းချင်းက တောင်ထိပ်ကို ရောက်ခဲ့သည်။ “အဲဒီမှာ ဘာတွေ ရှိလဲ…” သူမက မေးသည်။ ကောလာဟလများအရ တောင်ထိပ်တွင် ဧကရာဇ်နှစ်ပါး၏ အမှတ်အသားများ ရှိသည်။ သူတို့က လောကကို အုပ်ချုပ်ခဲ့ကြ၏။ သူတို့က ဘာတွေ ချန်ထားခဲ့သလဲ…။ ကောင်းကင်တောင်တွင် ခေါင်းလောင်းက ဘာလို့ မြည်သလဲ…။
“ဧကရာဇ်နှစ်ပါးက ကောင်းကင်တောင်ထိပ်မှ တစ်ချိန်က သီချင်းတစ်ပုဒ်ကို တီးခတ်ခဲ့ကြတယ်….” ဟွာချင်းချင်းက ပြောသည်… “သူတို့ရဲ့ အသိက ပုံရိပ်ယောင် တစ်ခုကို ချန်ထားခဲ့တယ်….သူတို့က ကောင်းကင်ဒေသရဲ့ အကောင်းဆုံး သံစဉ်ဆယ်ခုထဲက တစ်ခုဖြစ်တဲ့ အူကီယိုကို ချန်ထားခဲ့ကြတယ်….”
သခင်မ ယွီရှောင်၏ နှလုံးက ခုန်သွားသည်။ သူမကဟွာချင်းချင်းနှင့် ချိန်ရှင်းမူတို့အား မှော်ဂီတပညာကို သင်ပေးသူဖြစ်သည်။ သူမက ငယ်စဉ်ကတည်းက လွန်စွာ ကျော်ကြားသူ ဖြစ်ကာ လက်ရှိ အရှေ့မြေရိုင်းဒေသ အလှဆုံး မိန်းမျိုသုံးယောက်ထက် များစွာ အရည်အချင်း ရှိပေသည်။ အရှေ့မြေရိုင်းဒေသ၌ မှော်ဂီတပညာတွင် သူမထက် ပိုသိသည်ဟု မည်သူကမှ မပြောရဲပေ။ သူမက ကောင်းကင်ဒေသ၏ အကောင်းဆုံး သံစဉ်ဆယ်ခုကို ကောင်းကောင်း သိပေသည်။ ထိုအရာများက ဂီတကို လိုက်စားသူများ၏ ရည်မှန်းချက် တစ်ခုလည်းဖြစ်သည်။
“သမီး ကြားခဲ့တာလား….” သခင်မယွီရှောင်၏အသံက ပြောင်းလဲသွားသည်။
“ဟုတ်ကဲ့…” ဟွာချင်းချင်းက ခေါင်းညိတ်ကာ ပြောသည်… “အဲဒါက လှပတယ်..ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတယ်….သမီးက ပထမပိုင်းကိုပဲ မတီးနိုင်ဘူး….” သခင်မယွီရှောင်က အနည်းငယ် စိတ်ပျက်သွားသော်လည်း ချက်ချင်း ပြန်လည် သတိဝင်လာသည်။ ဟွာချင်းချင်းက ပါရမီကောင်းသော်လည်း ထိုအရာက နားလည်နိုင်ဖွယ် အချက်ဖြစ်သည်။ သူမက ထိုသံစဉ်ကို မတီးနိုင်မှတော့ ထိုသံစဉ်၏ အနုပညာရသသိက လွန်စွာ အားကောင်းရပေမည်။
“ဘယ်လောက် ဆိုးလိုက်သလဲ….” သခင်မ ယွီရှောင်က သက်ပြင်းချသည်…” ကောလာဟလတွေအရ အူကီယိုက တိမ်မြုပ်သွားတာ ကြာပြီတဲ့…. လူတိုင်းက ဒီသံစဉ်ကို မတီးခတ်နိုင်ဘူး… အရှေ့မြေရိုင်းဒေသက အကောင်းဆုံး သံစဉ်ဆယ်ခုကို တွေ့မြင်ရဖို့ ကံပါလာပုံ မရဘူး….. အရှင်ဒွန်ဟောင်က ဒီသီချင်းကို မတီးခတ်တော့ဘူး….. ဒီသီချင်းက ဒီလိုပဲ သေဆုံး သွားတော့မှာလား….”
“သေဆုံးသွားမယ်…” ဟွာချင်းချင်းက တိတ်တခိုး သက်ပြင်းချသည်။ အူကီယိုက မကြာမီ အရှေ့မြေရိုင်းဒေသတွင် ပေါ်ပေါက်လာပေတော့မည်။ သူမက ဘာမှ ထပ်မပြောတော့ပေ။ ရီဖူရှင်းကလည်း တောင်ထိပ်ပေါ်ကို ရောက်ရှိခဲ့ကာ အူကီယိုအား တီးခတ်နိုင်သည်ကို မပြောတော့။ သူမ၏ နှလုံးသားက အခုထိ ဒဏ်ရာ မကျက်သေးပေ။
သူမ၏အမေနှင့် စီနီယာအစ်ကိုတို့က တောင်ထိပ်ပေါ်တွင် ဖြစ်ပျက်ခဲ့သည်တို့ကို သိခဲ့လျှင် သူမက ချိန်ရှင်းမူကို မည်သို့ မျက်နှာချင်းဆိုင်ရမည်နည်း။
***
တောင်ထိပ်ပေါ်တွင် ဂီတသံစဉ်များက နှင်းပွင့်များ နှင့်အတူ စီးမျောနေသည်။ ရီဖူရှင်းက အူကီယိုအား တစ်ကြိမ်ပြီး တစ်ကြိမ် တီးသည်။
သူက တစ်ကြိမ်ပြီးတစ်ကြိမ် တီးလျှင် သူ၏ စိတ်အသိကလည်း နှင်းပွင့်များနှင့် တဖြည်းဖြည်း ပိုမိုပေါင်းစပ်လာသည်။ သူက မဆုံးနိုင်သော သဘာဝစွမ်းအင်များကို ခံစားရသည်။ သူ၏စိတ်ဝိညာဉ် စွမ်းအားက လုံလောက်အောင် အားကောင်းပါက သူက ကောင်းကင်တောင်မှ သဘာဝစွမ်းအင်များ အားလုံးကို ထိန်းချုပ်နိုင် လောက်ပေသည်။
နှင်မြေပြင်ပေါ်တွင် ထိုင်နေလျက်က ရီဖူရှင်း၏အနီးတွင် အလင်းရောင်များ လက်သွားသည်။ လေထဲမှ နှင်းဖွဲများ သူ့အပေါ် ဖုံးလွှမ်းသွား၏။သူက မျက်လုံးအား တင်းတင်းမှိတ် ထားသည်။ သူ၏ အာရုံကို ဖြန့်ကြက်လိုက်လျှင် သူက ဧကရာဇ်နှစ်ပါး၏ အသိက နေရာတိုင်းတွင် ရှိသည်ကို ခံစားရသည်။ ကြည့်ရသည်မှာ ထိုအရာများက နှင်းများထဲတွင် ပျော်ဝင်နေပုံရသည်။
တဖြည်းဖြည်းနှင့် သူ၏အာရုံထဲကို ထူးခြားသော မြင်ကွင်းတစ်ခု ပေါ်လာသည်။ သူက တောင်ထိပ်ပေါ်တွင် ထိုင်ကာ မဆုံးနိုင်သော သဘာဝစွမ်းအင်များ ကျဆင်းနေသည်ကို ခံစားနေသည်။ ထိုအရာက သဏ္ဌာန်မဲ့ ခေါင်းလောင်း တစ်လုံးဖြစ်သည်။ ထိုအရာက ထက်ရှကာ မျက်လုံးဖြင့် မမြင်နိုင်ပေဘဲ နှင်းများ နှင့်အတူ ကျဆင်းနေသည်။ ထိုအရာက ကောင်းကင်တောင်အား ဖုံးအုပ်ကာ ဖိနှိပ်ထားသည်။ ဖြစ်နိုင်သည်မှာ ဖိအားက ထိုနေရာမှ လာသည်။
သူ၏ စိတ်အသိက နှင်းပွင့်များနှင့် ပေါင်းစပ်သွားလျှင် သူ၏အာရုံက ပိုမိုကျယ်ပြန့်လာပြီး ရှင်းလင်းလာသည်။ ကောင်းကင်တောင်အား ဖုံးအုပ်ထားသော သိဒ္ဓိဝင် ခေါင်းလောင်းတစ်လုံးကိုသာ မဟုတ်ဘဲ သူက လွန်စွာ နက်မှောင်သော မိစ္ဆာနတ်ငှက်ကိုလည်း ခံစားမိသည်။ ထိုသတ္တဝါဆန်းကလည်း ကောင်းကင်တောင်တွင် ရှိနေသည်။
***