ရီဖူရှင်းနှင့် ဟွာချင်းချင်းတို့ နှစ်ယောက်လုံးက ဂီတသံစဉ်ထဲတွင် နစ်မျောနေကြသည်။ သူတို့က တူညီသော သံစဥကို တီးခတ် နေကြသော်လည်း အနုပညာရသသိက ကွဲပြားနေသည်ကို ခံစားကြရသည်။ သံစဉ်အား နှစ်ပိုင်း ခွဲခြားနိုင်ပြီး တစ်ယောက်တည်းက တီးခတ်နိုင်သလို နှစ်ယောက်ပေါင်းလည်း တီးခတ်နိုင်သည်။
ကောင်းကင်တွင် နှင်းပွင့်များ ပေါလောမျောကာ ဆင်းသက် လာကြသည်။ ထိုအပိုင်းအစ တစ်ခုစီက စိတ်ခံစားချက် အပိုင်းအစများ ဖြစ်ကြသည်။ ရွှေရောင် အလင်းများ ဖြန်းပက်လျက် ကောင်းကင်တောင်အား သဘာဝ စွမ်းအင်များ ရွာသွန်းနေသကဲ့သို့ ထင်ရသည်။ သဘာဝ စွမ်းအင်များက ဂီတသံစဉ် နှင့်အတူ တောင်တစ်ခုလုံးကို ဖုံးအုပ်ထားသည်။
ရီဖူရှင်း တီးခတ်နေသော သံစဉ်က မာန်ပြင်းကာ အားကောင်းပေသည်။ ထိုနေရာတွင် ထိုင်နေသော ရီဖူရှင်း၏ ခန္ဓာကိုယ်က အလင်းများ ဖြာထွက်နေသည်။ သူ၏ နိုဘယ်အသိက သူမသိလိုက်မီတွင် သူ့ခန္ဓာကိုယ်၌ လှည့်ပတ်နေသည်။ မိုးထိုးနေသော ကောင်းကင် တောင်ပေါ်တွင် ရီဖူရှင်းက ဘုရင်တစ်ပါးလို သဘာဝ စွမ်းအင်များအား သူ၏ဂီတဖြင့် နိုးထစေသည်။ ထိုနေရာတွင် သူကား တစ်လောကလုံးတွင် တစ်ယောက်တည်း အလား ထိုင်နေ၏။
ချပ်…
ကု့ချင်းကြိုးများအား လက်တင်ကာ အသံကို တိတ်ဆိတ်စေလျက် ဟွာချင်းချင်းက ထရပ်သည်။ သူမ၏ရှေ့မှ ကု့ချင်းကို ကြည့်ကာ အတန်ကြာ တွေဝေ ငေးမောနေသည်။ သူမက ဆက်လက် တီးနိုင်စွမ်း မရှိတော့ပေ။
ကု့ချင်းဝိညာဉ် ကွယ်ပျောက်သွားလျှင် သူမက သက်ပြင်းတစ်ချက် ရှိုက်၏။ ရုတ်တရက် ပတ်ဝန်းကျင်၌ မဆုံးနိုင်သော သဘာဝစွမ်းအင်များ ထူထပ်စွာ ဖြစ်ပေါ်နေသည်ကို သတိထားမိသည်။
သူမက ခေါင်းငုံ့လျက် ကြည့်လျှင် ရီဖူရှင်းက ဂီတထဲတွင် နစ်မျောလျက် တီးခတ်နေဆဲ ဖြစ်သည်ကို တွေ့ရသည်။ သံစဉ်မှ ပေးသော အနုပညာရသသိများအရ အရှင်ဒွန်ဟောင်နှင့် ဧကရာဇ်ရီချင်တို့က သူမ၏ရှေ့တွင် ထိုသံစဉ်အား တီးခတ်နေပုံဖြစ်သည်။ လောကကြီးကား အံ့ဖွယ် ထူးဆန်းသော နေရာဖြစ်ကာ သူ့အား ထိန်းချုပ်သူက ဘယ်သူလဲ….။
ကြည့်ရသည်မှာ ဤလောကတွင် ရီဖူရှင်း တစ်ယောက်သာ ရှိပေသည်။
ချောမောသော လူငယ်လေး၊ ဂီတသံစဉ်နှင့် နှင်းဖွဲများက အရာခပ်သိမ်း ဖြစ်သည်။
ပြောကြသည်မှာ အရှင်ဒွန်ဟောင်က ဤသီချင်းအား ရေးဖွဲ့သူဖြစ်ပြီး သူ့ဘဝအား ခြယ်မှုန်း သီကုံးထားခြင်း ဖြစ်သည်။ သူက တလောကလုံးအား စည်းလုံး ညီညွှတ်စေပြီးနောက်တွင် ဤသံစဉ်က လောက၏ အကောင်းဆုံး သံစဉ်ဆယ်ခုတွင် နံပါတ်ကိုးချိတ်ခဲ့ကာ သံစဉ်၏နာမည်ကို အူကီယို ဟုပေးခဲ့သည်။
အရှင်ဒွန်ဟောင်နှင့် ပတ်သက်ပြီး ပုံပြင်များစွာ ရှိရာ ဤသံစဉ်အား လူအများက သိပ်သတိမထားမိခဲ့ကြပေ။ ဤသံစဉ်ထဲတွင် အရှင်ဒွန်ဟောင်၏ ဘဝတစ်ပိုင်း တစ်စကို ရှာဖွေ တွေ့ရှိနိုင်သည်။ သူက လောကအား အုပ်ချုပ်ပြီး နောက်ပိုင်းတွင် ဤသီချင်းအား လူမြင်ကွင်းတွင် တစ်ခါမှ မတီးခတ်တော့ဟု ပြောကြသည်။
မှန်သည်… အရှေ့မြေရိုင်းဒေသမှ လူများအတွက် အမှန်တရားအား သိရန် ခက်ခဲပေသည်။ သို့သော် ကောင်းကင်ဒေသ၏ အကောင်းဆုံး သံစဉ်ဆယ်ခုထဲမှ တစ်ခုဖြစ်သော အူကီယိုကား အမှန်တကယ် ရှိပေသည်။ ရီဖူရှင်းက ထိုသံစဉ်ကို တီးခတ်သည်နှင့် သီချင်းနာမည်က အလိုအလျှောက် သူမ၏ ခေါင်းထဲကို ဝင်ရောက်လာသည်။ အထူးသဖြင့် တောင်ထိပ်ပေါ်တွင် ဧကရာဇ်နှစ်ပါး၏ အာရုံဝင်စားမှုကို ကိုယ်တွေ့ ခံစားရသောအခါ ထိုအရာက အူကီယိုဖြစ်သည်ကို သူမက သေသေချာချာ ပြောနိုင်သည်။ သူမက ဝမ်းနည်းမှု၊ လှုပ်ရှား ရုန်းကန်မှုများကို သံစဉ်ထဲတွင် ခံစားတွေ့ရှိနိုင်သည်။
လောကတွင် လူတစ်ယောက်၏ ရည်မှန်းချက်က ဘာဖြစ်မည်နည်း။ သို့သော် အရှင်ဒွန်ဟောင်က သူက လောကကို စုစည်း ညီညွတ်စေတော့မည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။
အကယ်၍ အရှင်ဒွန်ဟောင်၏ ဘဝအား မှတ်တမ်း ရှိပါက ထိုအရာက လွန်စွာ ထူးခြား ကောင်းမွန်သော ပုံပြင်တစ်ပုဒ် ဖြစ်ရပေမည်။
ရုတ်တရက် ရီဖူရှင်းက တီးခတ်နေသည်ကို ရပ်တန့်လိုက်သည်။ အနုပညာရသသိက ပျောက်ကွယ် သွားသော်လည်း ကောင်းကင်တွင် နှင်းများ ကျဆင်းနေဆဲ ဖြစ်သည်။ မျောလွင့်နေသော နှင်းပွင့်များကို မြင်လျှင် ရီဖူရှင်းက သက်ပြင်းတစ်ချက် ရှိုက်လျက် သူ၏ မျက်လုံးများကို ပိတ်လိုက်သည်။ သူက သံစဉ်အား အစမှ တစ်ဖန်ပြန်လည် တီးခတ်မည် ဖြစ်သည်။ သူက ဤသီချင်း၏ ထူးခြား လေးနက်မှုကို ခံစား၍ ရသည်။ သံစဉ်၏ ပထမပိုင်းက အာရုံအား စုစည်းခြင်း ဖြစ်ကာ ဒုတိယပိုင်းက ခံစားသက်ဝင်ခြင်း ဖြစ်သည်။ ပထမပိုင်းက တီးခတ်ရန် လွယ်ကူသော်လည်း ဒုတိယ ပိုင်းက လွန်စွာ ခက်ခဲပေသည်။
သူက ကမ္ဘာကြီးနှင့် ပျက်စီးခြင်း ကမ္ဘာကို ပေါင်းစပ် တီးခတ်ခဲ့သည်။ သို့သော် ထိုသံစဉ်များက အူကီယိုနှင့် အနည်းငယ်မျှ နှိုင်းယှဉ်နိုင်စွမ်း မရှိပေ။
ရီဖူရှင်း၏ လက်ရှိ ဓမ္မအဆင့်က နိမ့်ကျခြင်း မရှိသလို သူက ဧကရာဇ် အသိကိုပင်လျှင် အသုံးပြုခဲ့သည်။ သို့သော် သူက သံစဉ်၏ တကယ့် အနှစ်သာရမှ ဆယ်ပုံတစ်ပုံသော အနုပညာရသသိကိုသာ တီးခတ်နိုင်ခဲ့သည်။ သူက သံစဉ်အား ပြီးဆုံးသည် အထိပင် တီးခတ်နိုင်စွမ်း မရှိဘဲ ပြန်လည် စတင်ရသည်။
ဂီသံစဉ်အား တစ်ဖန် ပြန်ကြားရပြန်သည်။ ဤတစ်ကြိမ်ကား ရီဖူရှင်းက ပထမတစ်ကြိမ်ထက် ပိုမို ချောမွေ့စွာ တီးခတ်နိုင်သည်။ အနုပညာရသသိက ပိုမို အားကောင်းလာ၏။ သံစဉ်အား နားထောင်ရင်း ရီဖူရှင်းနှင့် ဟွာချင်းချင်းတို့ နှစ်ယောက်လုံးက သံစဉ်တွင် ပါဝင်သော ဝိညာဉ်၏ တွေ့ကြုံ ခံစားမှုများကို ထပ်ခါထပ်ခါ ခံစားကြရသည်။ ဧကရာဇ်အသိက ရီဖူရှင်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာကာ ဂီတသံစဉ်နှင့် ပေါင်းစပ်သည်။ ကောင်းကင် တောင်ထိပ်တွင် သူတစ်ယောက်တည်းသာ ရှိနေသည်ဟု ထင်ရသည်။ နှင်းပွင့်နှင်းဖတ်များ အားလုံးက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်။ သူက သူ၏ဝိညာဉ်အား နှင်းပွင့်များနှင့် ပေါင်းစပ် လိုက်သည်။ သဘာဝ စွမ်းအင်များက ဂီတ၏ ဟန်ချက်နှင့်အတူ ကခုန်ကြ၏။ သံစဉ်က ထိုအခိုက်တွင် သဘာဝ စွမ်းအင်များ၏ အချုပ်ဖြစ်သည်။
တီးခတ်နေစဉ် အတွင်းတွင် ရီဖူရှင်းက သူ၏ စိတ်နှင့် နှင်းများက တစ်သားတည်း ဖြစ်သွားသလို ခံစားရကာ တောင်ပေါ်မှ ဆင်းသက်သွားသည်။ သူ၏အတွေးများက နှင်းပွင့်များအတိုင်း စီးဆင်းကာ ကောင်းကင်တောင် တစ်ခုလုံးကို စတင်ပျံ့နှံ့သည်။ ရီဖူရှင်းက နှင်းပွင့်များမှ တစ်ဆင့် တောင်ပေါ် ရှုခင်းများကို မြင်ရသည်။ တောင်ပေါ်ကို သူတို့ တက်လာသော လမ်းကို မြင်ရသည်။ သူက ချင်းရွှီဘုရားကျောင်းမှ ဘုန်းတော်ကြီးများ တောင်တက်လမ်း အတိုင်းအပေါ်ကို တက်နေကြသည်ကို မြင်ရ၏။ ဗုဒ္ဓအလင်းများက ကာကွယ် ပေးထားသည့်တိုင် သူတို့က အပေါ်ကို တစ်လှမ်းလှမ်းရန် ခက်ခဲပင်ပန်းစွာ ကြိုးစားနေကြရသည်။ သူတို့၏ မျက်နှာများက အနည်းငယ် တွန့်လိမ်နေကာ မျက်လုံးများက မကောင်းဆိုးဝါး အငွေ့အသက် အနည်းငယ် ထွက်ပေါ်နေကြသည်။
နှင်းပွင့်များက သူ့အပေါ်ကို ကျဆင်းလျက် အဟံက တစ်စုံတစ်ခုအား သတိထားမိဟန် ရသည်။ သူက တောင်ထိပ်ပေါ်သို့ ကြည့်ကာ အော်ဟစ်သည်… “ဘယ်သူလဲ….” တစ်စုံတစ်ယောက်က သူ့အား ကြည့်နေသည်ဟု အဟံက ခံစားရသည်။
နှင်းပွင့်များက ဆက်လက် ကျဆင်းလျှင် ရီဖူရှင်းက လို့လန်ရွှီနှင့် ချူယောင်ယောင်ကို မြင်ရသည်။ သူတို့ကလည်း ခက်ခဲ ပင်ပန်းစွာဖြင့် တောင်ပေါ်ကိုတက်နေကြသည်။ သူက ယိရှောင်ရှီနှင့် ပေ့ထင်ရှင်းအာတို့ကိုလည်း မြင်ရ၏။ သူတို့က ရီဝူချင်း၊ လျိုချန်းယွီနှင့် လျိုဖေးယွန်တို့နှင့် ပူးပေါင်းထားပြီး ဖြစ်သည်။ ရီဝူချင်းကို တွေ့သောအခါ ရီဝူချင်း၏ ဒဏ်ရာ ပိုမိုပြင်းထန် လာမည်ကို စိုးရန်သော ယိရှောင်ရှီက တောင်အောက်ကို ပြန်ဆင်းရန် ဆုံးဖြတ်ခဲ့ကြသည်။
နှင်းများ အကြားတွင် ရီဖူရှင်းက လမ်းပေါ်မှ လူ အများအပြားကို မြင်ရသည်။ သူက အရာအားလုံးကို ရှင်းလင်းစွာ မြင်ရ၏။ တဖြည်းဖြည်းဖြင့် သူက နှင်းပွင့်များကို သုံးလျက် အရာခပ်သိမ်းသော အနုပညာရသသိနှင့် ကောင်းကင်တောင်မှ အရာအားလုံးကို ခံစားသိရှိနိုင်လာသည်။ သို့သော်လည်း သူ၏ အာရုံခံစားမှုက လွန်စွာ ကျယ်ပြန့်လာသောအခါ သူက တီးခတ်နေသည်ကို ရပ်လိုက်သည်။ သူ့အတွက် ဧကရာဇ်နှစ်ပါး၏ လမ်းညွှန်မှုနှင့်ပင်လျှင် သူ့အတွက် ဆက်ရန်မှာ လွန်စွာ ခက်ခဲပေသည်။
ဂီတသံစဉ်က ရပ်တန့်သွားသည်ကို ကြားပြီး ဟွာချင်းချင်း၏ နှလုံးသားက မသဲကွဲသော ခံစားချက် တချို့ကို ရသည်။ ရီဖူရှင်းက သူမအား လှမ်းကြည့်သည်။ ဟွာချင်းချင်းကလည်း သူမ၏ လှပသော မျက်လုံးများဖြင့် သူ့အား ပြန်ကြည့်သည်။ သူမက နောက်လှည့်ကာ ကောင်းကင်တောင်၏ အစွန်းသို့ လျှောက်သွား လိုက်သည်။ ထို့နောက် သူမက မျက်လုံးကို မှိတ်လိုက်သည်။ မဆုံးနိုင်သော နှင်းပွင့်များက အဆက်မပြတ် ကျဆင်းနေဆဲ ဖြစ်သည်။ သူမ၏ မျက်လုံးမှ မျက်ရည်တစ်စက ပါးပြင်ပေါ်ကို ဖြတ်လျက် စီးဆင်းလာသည်။
သူမက ကောင်းကင်တောင်ထပ် အစွန်းမှ အောက်ကို ခုန်ချလိုက်သည်။ အေးစက်သော လေထုက သူ၏ မျက်နှာအား ဖြတ်ပြေးနေသည်။ လောကတွင် အခက်ခဲဆုံးအရာကား မိမိကိုယ်တိုင်၏နှလုံးသားကို လှည့်စားခြင်းပင်။
သူမက အဘယ်ကြောင့် ထိုသံစဉ်ကို ကြားခဲ့ရသနည်း။ တီးခတ်သူက အဘယ်ကြောင့် သူမ၏ ရန်ဖက်ဖြစ်နေရသနည်း။
သူမက သူ့အား သတ်ရန် ဝန်လေးနေမိသည်။
ဟွာချင်းချင်း ခုန်ဆင်းသွားသည်ကို မြင်လျှင် ရီဖူရှင်းက အံ့အားသင့် သွားသည်။ သူမက ထိုသို့ နည်းလမ်းကို ရွေးချယ်သွားမည်ဟု သူက တစ်ခါကမှ မတွေးမိဖူးပေ။ ယခု သူနှင့် ယူချင်းသာ တောင်ထိပ်ပေါ်တွင် ကျန်နေတော့သည်။ သိမ်းငှက်ကလေးကရော ဘယ်မှာလဲ….။
သူက ကု့ချင်းပေါ်သို့ လက်ကို တင်ကာ သံစဉ်အား ပြန်လည် တီးခတ်သည်။ ထူးခြားလေးနက်လှသော သံစဉ်ကို တစ်ဖန်ကြားရပြန်သည်။
***
တောင်ခြေတွင် ထိပ်သီး အင်အားစုများက နောက်ဆုံးတွင် ကောင်းကင် တောင်ပေါ်မှ ဆင်းလာသော တစ်ယောက်ကို တွေ့ကြရသည်။ သူက ထိတ်လန့်ဖွယ် သတင်းများအား ယူဆောင်လာ၏။ ရီဖူရှင်းက ချင်လီနှင့် ချင်ပြည်ထောင်မှ အဆင့်မြင့် အကာနာတန်ခိုးရှင် နှစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။
ကောင်းကင်တောင်၏ မကောင်းဆိုးဝါး အငွေ့အသက်ကြောင့် မကောင်းဆိုးဝါး ပူးကပ်ခံရသော ယူချင်းက ချင်မုံရိုနှင့် ဖူယွန်ဓားကလန်မှ ဓားဝိဇ္ဇာများကို သတ်ဖြတ်ခဲ့သည်။
ရီဝူချင်းက ဖူယွန်ဓားကလန်မှ ချီဟောင်အား သတ်ဖြတ်ခဲ့သည်။
မရေမတွက်နိုင်သော မျက်လုံးများက ချင်ယွီနှင့် ဖူယွန်ဓားကလန် ခေါင်းဆောင်တို့ထံ ရောက်သွားကြသည်။ ချင်ယွီက ဤသတင်းအား စောင့်ဆိုင်းနေသည်ကို သူတို့ သိကြသည်။ လူတိုင်းက မျှော်လင့်ထားသလို ချင်လီအား ကော့တေး၏ တပည့်က သတ်ခဲ့သည်။ ရီဖူရှင်းနှင့် ယူချင်းက မည်သို့ လုပ်ခဲ့သနည်း။
ချင်ပြည်ထောင်၊ ဒွန်ဟွာကလန်နှင့် ဖူယွန်ဓားကလန်တို့က စတင်လှုပ်ရှား ကြတော့သည်။ သူတို့က ကော့တေးမှ အုပ်စုကို သွားရောက် ဝန်းရံကြသည်။ တခြားလူများက အဝေးကို ကမန်းကတန်း ဆုတ်ခွာကြသည်။ ထိပ်သီး အင်အားစုများပင်လျှင် ထိုအနီးတွင် နေရန် မလိုလားပေ။
ကောင်းကင် တောင်ပေါ်တွင် ရှိနေသူများ အားလုံးက နိုဘယ်အဆင့်အောင်မှ ဖြစ်ကာ ထိုမျှ ကြီးမားသော ကိစ္စများ ဖြစ်ပွားခဲ့သည်။ ယခု တောင်ခြေတွင်လည်း အလားတူ တိုက်ပွဲ ဖြစ်ပွားတော့မည် ဖြစ်သည်။
ချင်ယွီ၏ မျက်လုံးများက မီးဟုန်းဟုန်း တောက်နေသည်။ သူက ကျူးကော့ဟွေနှင့် ဂူတုံးလျိုအား ကြည့်ကာ မေးသည်… “မင်းတို့က ဒါကို ဘယ်လိုလုပ်မလဲ….”
ချင်လီက တောင်ပေါ်ကို မတက်မီ ချင်ယွီက သူ့အား ရီဖူရှင်းကို သတ်ရန် သတိပေးခဲ့သည်။ အဆုံးသတ်တွင် ရီဖူရှင်းက မသေဘဲ ချင်လီကသာ အသက်ဆုံးရှုံးခဲ့ရသည်။ သူ၏ ညီမပင်လျှင် သေဆုံးခဲ့ရ၏။
“ငါတို့က ဘာလုပ်ရမှာလဲ….” ဂူတုံးလျိုက ချင်ယွီအား အထင်သေးစွာ ကြည့်သည်။ စစ်ပွဲက နှစ်ဖက် အင်အားစု အကြား ဖြစ်ပျက်နေကာ သူတို့က ဘာလုပ်ရမလဲ မေးနေသည်။
“ငါ့အနားမှာ မနေနဲ့….” ကျူးကော့ဟွေက ချင်ယွီအား ထူးမခြားနားစွာ ပြောသည်။ ကော့တေးအား ရီဖူရှင်းကို ထုတ်ပေးရန် သူကပြောနေသည်လား။
ချင်လီအား သူတို့၏ လူများက သတ်ခြင်း ဖြစ်ရမည်ဟု ကျူးကော့ဟွေနှင့် ဂူတုံးလျိုတို့ကခန့်မှန်းထားခဲ့ကြသည်။ သို့သော် ရီဖူရှင်းဖြစ်နေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။ သူက ဘယ်လိုလုပ် ထိုမျှ အားကောင်းရသနည်း။ သို့သော် ထိုအရာက အဓိပ္ပာယ်ရှိပေသည်။ ကော့တေး၏ တပည့်များက တစ်ခါမှ မရှုံးနိမ့်ပေ။ တစ်ယောက်ယောက်က သေဆုံးရမည် ဆိုလျှင် ထိုသူက ရန်သူဖြစ်ရပေမည်။
“အာ…” လူအများအပြားက ကျူးကော့ဟွေ၏ စကားကို ကြားကာ အံ့အားသင့် ကြရ၏။ ကော့တေးမှ ဒုတိယ တပည့်က ချင်ပြည်ထောင်ကို ရန်စနေသည်လား။
***