Switch Mode

အပိုင်း (၃၅၅)

တောင်ထိပ်ကို ကြည့်လျက်

ဟွချင်းချင်းက သိမ်းငှက်နက်အား ကြည့်သည်။ သူမ၏ မျက်လုံးများက သွေးဆာသော အငွေ့အသက်များနှင့် ပြည့်နေသည်။ မကောင်းဆိုးဝါး အတွေးများက သူမ၏ စိတ်ထဲကို တိုးဝင်လာသည်။ မကောင်းဆိုးဝါး အငွေ့အသက်များက သိမ်းငှက်နက်အား စီးဆင်းနေသည်။ ထိုအရာက ဆင့်ကဲ ပြောင်းလဲနေပုံရ၏။ သိမ်းငှက်နက်၏ အပေါ်တွင် မိစ္ဆာနတ်ငှက်၏ အရိပ်တစ်ခု ဖြစ်ပေါ်နေသည်။

သံစဉ်က သူမ၏ စိတ်အသိအား ကာကွယ်သည်။ ဟွာချင်းချင်း၏ ဝတ်စုံက တဖျပ်ဖျပ် ခတ်နေသည်။ သူမက နတ်သမီး တစ်ပါးလို ဖြူစင်သန့်ရှင်း သည်။ သူမ၏အနီးမှ နတ်သမီးများက ပုံရိပ်များ အလားပင်။ မြင့်မြတ်သော အရောင်အဝါများက သိမ်းငှက်နက်ပေါ်ကို ဖြန်းပက်ကာ သူ့အား သန့်စင်ရန် ကြိုးစားသည်။

သိမ်းငှက်နက်၏ပုံစံက တဖြည်းဖြည်းနှင့် မိစ္ဆာနတ်ငှက် အလား ပြောင်းလဲလာနေသည်။ မကောင်းဆိုးဝါး အငွေ့အသက်များက ကောင်းကင်မှ နေမင်းကိုပင်လျှင် ဖုံးကွယ်သွားသည်။ သူ၏အတောင်ပံများကို အနက်ရောင် စွမ်းအင်များ စုစည်းလာနေပြီး အတောင်ပံကို ခတ်လျှင် ထိုအရာများက ဟွာချင်းချင်းထံသို့ လျှပ်စီးလက် သကဲ့သို့ လေထုကို ခွင်းလျက် တိုးဝင်လာသည်။ ထို့နောက် သိမ်းငှက်နက်က သူ၏ လက်သည်းများဖြင့် ဟွာချင်းချင်းအား ကုတ်ခြစ်ရန် ကြိုးစားသည်။

ဟွာချင်းချင်းက မြန်ဆန်စွာပင် သူ၏ ကု့ချင်းကြိုးများကို တီးခတ်သည်။ နတ်သမီး ပုံရိပ်များက သူတို့၏ လက်ဝါးများကို ဆန့်ထုတ်လျှင် ရှေးဟောင်း သင်္ကေတများ ထွက်ပေါ်လာပြီး လက်သည်းများနှင့် ရင်ဆိုင်တွေ့သည်။ သို့သော် ထိုအရာများက လက်သည်းကို တားဆီးနိုင်ခြင်း မရှိပေ။ နတ်ငှက်မိစ္ဆာ၏ အရှိန်အဝါအောက်တွင် ဟွာချင်းချင်း၏ ဖြစ်တည်မှုက အမှန်တကယ်ပင် အားနည်းကာ သေးငယ်ပေသည်။ သူမက အားကောင်းသော မကောင်းဆိုးဝါး၏ လက်အောက်တွင် သတ်ဖြတ်ခံရတော့မည့် အားနည်းသည့် မိန်းကလေး တစ်ယောက်ပုံစံနှင့် တူသည်။

သို့သော်လည်း ဟွာချင်းချင်း၏ အမူအရာက ပြောင်းလဲခြင်း မရှိပေ။ သူမက သွယ်လျသော လက်ချောင်းများက ကု့ချင်းကြိုးများကို ဆက်လက် တီးခတ်နေသည်။ သူမ၏ ခန္ဓာကိုယ်မှ မြင့်မြတ် ထည်ဝါသော ရောင်ခြည်များ ထွက်ပေါ်လာကာ ပိုမို သိပ်သည်း လာနေသည်။ သံစဉ်များက သူမအား ရစ်ပတ်ကာ နတ်သမီး ရောင်ခြည်များအဖြစ် ပြောင်းလဲသွားသည်။ ထိုအရာများက သိမ်းငှက်နက်ထံသို့ စီးဆင်းသွားကာ မိစ္ဆာနတ်ငှက်၏ အရိပ်ကို သွားရောက် ရစ်ပတ်သည်။ သူ၏ မကောင်းဆိုးဝါး အငွေ့အသက်များက မြင့်မြတ် ထည်ဝါသော အလင်းများအောက်တွင် သန့်စင်ခံရတော့မည့် ပုံရနေသည်။

ဟွာချင်းချင်းက ခေါင်းငုံ့လိုက်သည်။ သူမ၏ သေးသွယ်သော လက်ချောင်းများက ကု့ချင်းကြိုးများ ပေါ်တွင် ကခုန်သွားသည်။ သူမက သံစဉ်ထဲတွင် လုံးဝ နစ်မြောသွားကာ ဘာကိုမှ သတိရတော့ဟန် မတူပေ။ သူမ၏ ခန္ဓာကိုယ်ကလည်း ပိုမိုလင်းလက် တောက်ပလာနေသည်။ သူမက အညစ်အကြေးများ လုံးဝ ကင်းစင်သော ရှန့်ထို တန်ခိုးရှင်နှင့် တူသည်။

မိစ္ဆာငှက်၏ အလင်းများက မှေးမှိန်သွားလိုက် လင်းလာလိုက် ဖြစ်နေသည်။ သို့သော် သိမ်းငှက်နက်၏ လက်သည်းများက ဟွာချင်းချင်း၏ အလင်း အရံအတားကို ဆက်လက်၍ ကုတ်ခြစ်နေဆဲဖြစ်သည်။ သို့သော် သူက ထိုအလင်းများအား ဖျက်ဆီး မရနိုင်ဘဲ ရှိနေသည်။

တစ်ချက် အော်ဟစ်ကာ သိမ်းငှက်နက်က လေထဲကို ပျံတက်သွားပြီး ပြန်လည်ကာ တစ်ဟုန်ထိုးဆင်းလာသည်။ သူ၏ မိစ္ဆာ အငွေ့အသက်များက ကောင်းကင်တစ်ခွင် ဖုံးလွှမ်းနေသည်။ သူက အဆက်မပြတ် တိုက်ခိုက် နေသော်လည်း ဟွာချင်းချင်း၏ ခံစစ်ကို ကျော်ဖြတ်နိုင်စွမ်း မရှိပေ။

မြင့်မြတ်သော ရောင်ဝါများက ဟွာချင်းချင်းအား အပြည့်အဝ ကာကွယ် ပေးထားသည်။

သိမ်းငှက်နက်က ကောင်းကင်သို့ တစ်ဖန် ပျံတက်သွားပြန်သည်။ သူက ဆင်းသက် လာသောအခါ သူ့ခန္ဓာကိုယ်မှ မကောင်းဆိုးဝါး အငွေ့အသက်များ ပိုမို ပြင်းထန်စွာ ထွက်ပေါ်လာသည်ကို တွေ့ရသည်။ သူက အရာအားလုံးကို မောက်မာစွာ ငုံ့ကြည့်သည်။ သူ၏ မျက်လုံးများက ပိုမို နက်မှောင်နီရဲ လာနေသည်။ သူ့အား မိစ္ဆာနတ်ငှက်၏ အရိပ်က ဝါးမျိုတော့မည်ဖြစ်သည်။ သူ၏ စိတ်ထဲတွင် နောင်ဆုံး ကျန်နေသော အသိစိတ် အနည်းငယ်က ပျောက်ကွယ်တော့မည်ဖြစ်သည်။  မိစ္ဆာနတ်ငှက်၏ အသိက သူ့အား အပြည့်အဝ အပိုင်စီး သွားတော့မည်။

သိမ်းငှက်နက်က ရီဖူရှင်းအား နောက်ဆုံး တစ်ခေါက် ကြည့်သည်။ ထို့နောက် သူ၏မျက်လုံးများက စတင် လောင်ကျွမ်း လာသည်။ သူက ဟွာချင်းချင်းအား ကြည့်ကာ တစ်ဖန် အားကောင်းသော အရှိန်အဟုန်ဖြင့် ဆင်းသက် လာပြန်သည်။ သိမ်းငှက်နက်၏ ခန္ဓာကိုယ်က မိစ္ဆာနတ်ငှက်အဖြစ် လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူကား လက်ရှိတွင် ကောင်းကင် အမှောင်ထု၏ ဘုရင်ဖြစ်သည်။ သူက အရာအားလုံးအား ဖျက်ဆီးနိုင်သော လျှပ်စီးတစ်ခုနှင့် ဆင်တူသည်။

ဟွာချင်းချင်းက မော့ကြည့်လိုက်သည်။ သူမ၏ရှေ့တွင် မဆုံးနိုင်သော အလင်းများ စုစည်းလာနေကြကာ ဓားတစ်လက်အဖြစ် ပြောင်းလဲလာနေသည်။ ထိုအရာက မကောင်းဆိုးဝါးများ အားလုံးကို ဖြတ်တောက်နိုင်သည်။ ထိုဓားက သူမထံဆင်းသက်လာသော အမှောင်ထုထံသို့ ပစ်ခွင်းသွား၏။ ထိုအခိုက်တွင် အလင်းနှင့် အမှောင်က ရင်ဆိုင်မိသည်။ လေထုများ ပေါက်ကွဲသံ နှင့်အတူ မြင့်မြတ်သော အလင်းက အနက်ရောင် ထုထည်ကြီးအား ထွင်းဖောက်ရန် ကြိုးစားသည်။ အနက်ရောင် စွမ်းအားများက ပြန်ကန်ထွက်သွား သော်လည်း အနက်ရောင်ရဲရဲ မျက်လုံးတစ်စုံက ဆက်လက် ဆင်းသက်လာသည်။ သူ၏အကြည့်က လွန်စွာ ဆုံးဖြတ်ချက် ခိုင်မာသည့် ပုံစံရှိနေသည်။ သူ၏ လက်သည်းများက ဟွာချင်းချင်းထံသို့ အရှိန်အဟုန်နှင့် ကုတ်ဆွဲသည်။ ဝုန်းခနဲ မြည်သံ နှင့်အတူ အဝတ်စ တချို့ လေထဲ လွင့်သွားကာ ဟွာချင်းချင်း အဝေးကို လွင့်စဉ်သွားသည်။ နှင်းမြေပြင်ကို သွေးများ စွန်းထင်းသွားပြီး သူမ၏ မျက်နှာက ပြာနှမ်းသွားသည်။

သိမ်းငှက်နက်မှ ပြောင်းလဲသွားသော မိစ္ဆာနတ်ငှက်က ချက်ချင်း ကောင်းကင်သို့ ထိုးတက်သွားကာ ယူချင်းနှင့် တိုက်ခိုက်နေသော အဟံထံ ဆင်းသက်လာပြန်သည်။ ယူချင်းကား ယခင်ကတည်းက အားအင် ကုန်ခန်းနေပြီး ဖြစ်သည်။ သူက သူ၏အားကောင်းသော စိတ်အသိဖြင့် အားတင်းကာ တိုက်ခိုက်နေခြင်း ဖြစ်သည်။ အဟံက သူ့အား အဆက်မပြတ် ဖိအားပေးနေသည်။ သူ့အား ဗုဒ္ဓအလင်းနှင့် အဆက်မပြတ် အရိုက်ခံနေရသော်လည်း အံတင်းတင်း ကြိတ်ကာ ဆက်လက် တိုက်ခိုက်နေသည်။

အဟံက တိုက်ပွဲအား အဆုံးသတ်မည် လုပ်ခါနီးတွင်ပင် သူက အမှောင်ထု၏ ဘုရင်က ဆင်းသက်လာသည်ကို မြင်သည်။ အဟံ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ဗုဒ္ဓအလင်းများက သူ့အားလောင်ကျွမ်းကာ လက်ဝါးတစ်ထောင် တံဆိပ်တော် ထွက်ပေါ်လာသည်။ ထိုအရာများက ကောင်းကင်အား ဖုံးအုပ်လျက် မိစ္ဆာနတ်ငှက်အား ထိန်းချုပ်ရန် ကြိုးစားသည်။

တဝုန်းဝုန်း မြည်သံများ အဆက်မပြတ် ကြားရသည်။ မိစ္ဆာနတ်ငှက်က လက်ဝါးများ အားလုံးကို ဖြတ်တောက် ဖျက်ဆီးကာ ဆက်လက် ဆင်းသက်လာသည်။ သူ၏ ထက်ရှသော လည်သည်းများက လောက၏ ကြောက်မက်ဖွယ် အကောင်းဆုံးသော လက်နက်အလား ထင်မှတ်ရသည်။ အဟံက တစ်စုံတစ်ခုကို ရေရွတ်လိုက်လျှင် ဗုဒ္ဓအလင်းက သူ့အား ဖုံးအုပ် ကာကွယ်၏။ သို့သော် ထက်ရှသော လက်သည်းများက သူ့ခန္ဓာကိုယ်ကို ရောက်လာလျှင် အဟံအား အဝေးကို လွင့်စဉ်စေ၏။ သူ၏ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျလာကာ ဒဏ်ရာပြင်းထန်စွာ ရသည်။

သိမ်းငှက်နက်က အဆက်မပြတ် အော်ဟစ်သည်။ အနက်ရောင် အငွေ့အသက်များက သူ့အား လုံးဝ ဖုံးအုပ်သွားကာ သူ၏ခန္ဓာကိုယ်က လုံးဝ ပြောင်းလဲသွားသည်။ သူ၏ အသိစိတ်က ပျောက်ကွယ်နေပြီ ဖြစ်သည်။ သူက အော်ဟစ်ကာ ကောင်းကင် တောင်ထိပ်ပေါ်သို့ ပျံသန်းထွက်ခွာ သွားသည်။ သူက ဤနေရာတွင် ဆက်နေလျှင် ယူချင်းနှင့် ရီဖူရှင်း အပါအဝင် အားလုံးကို သတ်ဖြတ်မည် ဖြစ်ပေသည်။

“သိမ်းငှက်ကလေး….” ရီဖူရှင်းက ကောင်းကင်မှ မိစ္ဆာငှက်အား ကြည့်သည်။ သူနှင့် သိမ်းငှက်နက်တို့အကြား ဆက်သွယ်ထားသော စိတ်ဝိညာဉ် ဆက်နွယ်မှုက ပြတ်တောက် သွားသည်ကို ခံစားရသည်။ သူက ထပ်မံ၍ ထိန်းချုပ် မရတော့ပေ။ သိမ်းငှက်နက်က သူ့အတွက် တိုက်ခိုက်ပေးရန် မိစ္ဆာငှက်အဖြစ် ပြောင်းလဲခဲ့သည်ကို သူသိသည်။

ဝုန်း…

ထိုအချိန်တွင် ယူချင်းက မြေပြင်ပေါ်ကို ပြိုလဲကျသည်။ သူ၏ အားအင်များကား အားလုံး ကုန်ခန်းသွားပြီဖြစ်ကာ ထပ်မံ၍ မရပ်နိုင်တော့ပေ။ သူ၏ခန္ဓာကိုယ်မှ မိစ္ဆာ အငွေ့အသက်များကလည်း ပျက်ပြယ်နေပြီဖြစ်ကာ သူ၏ မူလပုံစံသို့ ပြောင်းလဲနေပြီး ဖြစ်သည်။ သူက မြေပြင်တွင် ငြိမ်သက်စွာ လဲလျောင်းနေသည်။ ရီဖူရှင်းက သူ့ထံသို့ လျှောက်သွားသည်။ သူက ယူချင်းအား ဆွဲထူကာ သူ၏ကျောတွင် ပိုးလိုက်သည်။ ထို့နောက် သူက ရီဝူချင်းဘက်ကို လှည့်လိုက်သည်။ ရီဝူချင်းက ပြုံးလျက်ပြောသည်… “ယူချင်းကို တောင်ပေါ်ကို ခေါ်သွားလိုက်…ငါ ဆက် မသွားနိုင်တော့ဘူး….”

“အင်း..သတိထား…” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည်။ ထို့နောက် သူက တောင်ပေါ်ကို ဆက်တက်သည်။

“မင်းက အရမ်းလေးတာပဲ….” ရီဖူရှင်းက ရေရွတ်သည်။

သူတို့ ဆက်တက် သွားသည်ကို ရီဝူချင်းက ကြည့်နေသည်။ သူက နောက်လှည့်ကာ တောင်အောက်ကို စဆင်း၏။ သူက ဆက်မတက် နိုင်တော့ပေ။ သူက ဒဏ်ရာမှ ပြန်လည် သက်သာလာလျှင်ပင် သူက တောင်ထိပ်ကို မရောက်နိုင်ပေ။ ရီဖူရှင်းက ယူချင်းကို စောင့်ရှောက် ရဦးမည်။ သူက လက်လျှော့ရမည်။ သူက ဟွာချင်းချင်းအနီးကို ရောက်သောအခါ သူမက ထရပ်လိုက်သည်ကို တွေ့ရသည်။ သူတို့က တစ်ယောက်ကို တစ်ယောက်ကြည့်သည်။ ရီဝူချင်းကမေးသည်… “ချင်လီနဲ့ ချင်ပြည်ထောင်ကလူတွေက မသေသင့်ဘူးလား…..” ထို့နောက် သူက တောင်အောက်ကို ဆက်ပြီး ဆင်းသွားသည်။

ဟွာချင်းချင်းက သူ၏နောက်ကျောအား စိုက်ကြည့်သည်။ ချင်ပြည်ထောင်အပေါ် ရီဝူချင်း၏ အမုန်းတရားအား သူမက သိသည်။ ချင်ပြည်ထောင်က လျိုနိုင်ငံအား ဖျက်ဆီးရန် စနစ်တကျ စီစဉ်ခဲ့ကာ အရှေ့မြေရိုင်း ဒေသအား အုပ်စိုးလိုသည်။ လျိုနိုင်ငံ၏တော်ဝင်မိသားစုများ အားလုံး အသတ်ခံရသည်။ ရီဝူချင်းနှင့် ရီဖူရှင်းတို့က လျိုချန်းယွီအတွက် လက်စားချေရန် အကြောင်းပြချက် ရှိပေသည်။ ချင်ပြည်ထောင်မှ လူများက သေရန် မထိုက်တန်ဘူးလား။

သူမ၏နှလုံးက တုန်ယင်သွားသည်။ သို့သော် သူမက ဒွန်ဟွာကလန်မှ ဖြစ်သည်။ သူမက ကလန်ခေါင်းဆောင်၏ သမီးဖြစ်သည်။ ယူချင်းက ချိန်ရှင်းမူ၏ဇနီး ချင်မုံရိုကို သတ်ခဲ့သည်။ သူမနှင့် ချိန်ရှင်းမူတို့က ရင်းနှီးခင်မင်ကြကာ ငယ်စဉ်ကတည်းက သူမတို့၏ အမေထံတွင် အတူတူ ပညာသင်ယူ ခဲ့ကြသူများဖြစ်ကြသည်။ ထိုသို့တွေးကာ သူမက တောင်ပေါ်ကို ဆက်တက်သည်။ သူမ၏ အဝတ်အစားများက သွေးစွန်းနေသော်လည်း သန့်စင်နေဆဲဖြစ်၏။

အဟံက ခက်ခဲစွာ ပြန်လည် ထထိုင်ပြီး တရားထိုင်သည်။ ဟွာချင်းချင်းက အဟံအား ကြည့်သည်။ ထို့နောက် ရီဖူရှင်းကို ကြည့်သည်။ သူမက နားမလည်ပေ။ ဘာက တရားမျှတမှုလဲ…။ ဘာက မကောင်းဆိုးဝါးလဲ….။

အဟံက ရီဖူရှင်းအားတားကာ မကောင်းဆိုးဝါးကို သတ်ရန် ကြိုးစားသည်။ သို့သော် မကောင်းဆိုးဝါး ပူးကပ်နေသော ယူချင်းက အရာအားလုံးကို စွန့်ကာ ရီဖူရှင်းအား ကာကွယ်သည်။

သူ၏ သတ္တဝါဆန်းကပင်လျှင် မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲကာ မိမိကိုယ်ကို စတေးပြီး သူ၏သခင်ကို ကာကွယ်ပေးသွားခဲ့သည်။

တစ်စုံတစ်ယောက်က ကောင်းခြင်းနှင့် ဆိုးခြင်းကို မည်သို့ သတ်မှတ် နိုင်မည်နည်း။

ယူချင်းကို သယ်ဆောင် သွားနေသော ထိုကောင်လေးက မည်သို့ ဆွဲဆောင်အား ကောင်းလှသနည်း။ သူက သူငယ်ချင်းများဖြစ်သော ရီဝူချင်းနှင့်လျိုချန်းယွီတို့အတွက် အားလုံးကို စွန့်စားကာ ချင်လီကို သတ်သည်။ ရီဝူချင်းနှင့် လျိုချန်းယွီတို့ အမြင်တွင် သူငယ်ချင်းများက ဘဝဖြစ်သည်။ ထို့ကြောင့်ပင်လျှင် သူတို့က သေအတူ ရှင်အတူ ဖြစ်ကြရသည်။

ဟွာချင်းချင်းက ငယ်စဉ်ကတည်းက ဂီတကို ချစ်မြတ်နိုးကာ ဖြူစင်သန့်ရှင်းသည်။ သူမတွင် ရှုပ်ထွေးသော အတွေးများ ဘာမှ မရှိသလို လောကမှ ပြိုင်ဆိုင်မှုများကိုလည်း စိတ်မဝင်စားပေ။ ထို့ကြောင့် သူမ၏ စိတ်က တွန့်ဆုတ်ရသည်။

သူမ၏ အမေပြောသည်က မှန်ကန်ပေသည်။ တန်ခိုးရှင်လောကတွင် သန့်စင်သော နှလုံးသားအား ထိန်းသိမ်းရန် လွန်စွာ ခက်ခဲပေသည်။ သူမက အပြစ်ကင်းမှုအား ထိန်းသိမ်းနိုင်သည်မှာ သူမ၏ မြင့်မားသော အဆင့်အတန်းနှင့် သူမမိဘများ၏ ကာကွယ်မှုများကြောင့် ဖြစ်သည်။

တောင်ပေါ်လမ်းထဲတွင် လူသုံးယောက်က လုံးဝ အားပြတ်သွားမည့်ပုံ မပေါ်ပေ။ သူတို့က လွန်စွာ မောပန်းနေသော်လည်း ဆက်သွားနေကြသည်။

နှင်းများက ကောင်းကင်ပေါ်မှ ကျဆင်းနေဆဲဖြစ်သည်။ ရီဖူရှင်းက မှော်စွမ်းအင် တချို့ကို မကြာမကြာသုံးကာ ယူချင်း၏ ခန္ဓာကိုယ်ပေါ်မှ အအေးဓာတ်များအား ဖယ်ရှားသည်။

ဟွာချင်းချင်းက သူ့နောက်မှ ဆက်လိုက်ပါလာနေသည်။ အချိန်များ လွန်စွာ ကြာမြင့်ပြီးနောက် ရီဖူရှင်းက ဟွာချင်းချင်းအား ပြန်လည်ကာ လှည့်ကြည့်သည်။ ရေခဲတမျှ အေးစက်သော လေက သူ့မျက်နှာအား ဖြတ်ပြေးသွားသည်။ သူ၏ မျက်လုံးများက မောပန်းဟန် ရနေသော်လည်း သူ၏ အပြုံးက နေမင်းအလင်းရောင်လို တောက်ပသည်။

“ငါ့မှာချစ်သူရှိတယ်…မင်း ငါ့နောက်ကို ဒီလို ဆက်လိုက်မနေသင့်ဘူး….” ရီဖူရှင်းက ပြောသည်။ ဟွာချင်းချင်း အေးခဲသွားသည်။ သူက ပြုံးကာ ရှေ့ကို ဆက်လျှောက်ပြန်သည်။

“အာ…ရုပ်ချောတာ တော်တော် စိတ်အနှောင့်အယှက် ဖြစ်စရာပဲ….” ရီဖူရှင်းက စိတ်ပျက်သွားရ၏။ သူက ဆက်လျှောက်သည်။ သူကား အမှန်ပင် မောပန်းနေပြီဖြစ်သည်။

အချိန်များ ကုန်ဆုံးသွားသည်။ နှင်းခင်းလမ်းတွင် လျှောက်နေသော လူနှစ်ယောက်က အမှန်တကယ်အားဖြင့် သေးငယ်ကာ အထီးကျန် ဆန်လှသည်။ သူတို့က တောင်ပေါ်သို့ တဖြည်းဖြည်း တက်ရောက်လာကြသည်။ နောက်ဆုံးတွင် သူတို့က နှင်းဖွဲများအား ကျော်ဖြတ်လျက် ကောင်းကင်ကို ဝေဝါးစွာ မြင်လာရသည်။

တောင်ထိပ်အား သိပ်ဝေးတော့ဟန် မတူပေ။

ဤနေရာတွင် မိစ္ဆာအသိက လွန်မင်းစွာ အားကောင်းပေသည်။ မမြင်ရသော ဖိအားက သူတို့ထံ ဆင်းသက်လာနေသည်။ ထိုအရာက ကောင်းကင်တောင် တစ်ခုလုံးကို ထမ်းပိုး ထားရသလို လေးလံလှသည်။

ရီဖူရှင်းက အတန်ကြာ ရပ်တန့်ပြီးမှ ဆက်တက်သည်။ ခြေတစ်လှမ်းစီက နှင်းမြေပြင်ပေါ်တွင် နက်ရှိုင်းသော ခြေရာကို ထင်စေသည်။ ခြေတစ်လှမ်းစီက လွန်စွာ လေးလံသည်။ သို့သော် သူက ဆက်သွားသည်။

သူ့နောက်မှ ဟွာချင်းချင်းကလည်း လိုက်ပါလာသည်။ သူမကား လွန်စွာ နှေးကွေးသည်။ သန့်စင်သော နှလုံးသား ပိုင်ရှင်များသာ ကောင်းကင်တောင်ပေါ်ကို တက်ရောက်နိုင်သည်ဟု သူမက ကြားဖူးသည်။

ဤသို့ဆိုလျှင် ရီဖူရှင်းကရော….။

သူမက ယူချင်းအား  သယ်ဆောင်ကာ သွားနေသော လူငယ်လေးအား ကြည့်သည်။ သူက ဘယ်လိုလူမျိုးလဲ….။

***


Comment

Leave a Reply

Options

not work with dark mode
Reset