Switch Mode

အပိုင်း (၃၅၄)

မိစ္ဆာမျက်လုံးများ

ကောင်းကင်တောင်၏ တောင်ခြေတွင် အင်အားစုများစွာက ချင်လီနှင့် ချင်မုံရို သေဆုံးသည့်သတင်းကို ရရှိကာ လွန်စွာ ထိတ်လန့်ကြရသည်။

ချင်လီက ထိုနေရာတွင် ရပ်နေလျက်က သူ့ထံမှ လွန်စွာ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်။ သူ့ထံ ကျဆင်းလာသော နှင်းဖွဲများက အမှုန့်များ ဖြစ်သွား၏။ လူအများအပြားက မုန်တိုင်းတစ်ခုကို ခံစားနေကြရသည်။

ချင်လီနှင့် ချင်မုံရိုတို့ အတူတူ သေဆုံးခဲ့ကြသည်။ ဘာကို ဆိုလိုသနည်း။

သူတို့က ကောင်းကင်တောင်၏ ရေမြေသဘာဝကြောင့် သေဆုံးခဲ့ပါက ချင်ပြည်ထောင်က သူတို့၏ ကံကြမ္မာကို လက်ခံရုံမှအပ ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။ သို့သော် အကယ်၍ သူတို့က အသတ်ခံခဲ့ရပါက…..။ သူတို့က အမှန်ပင် အသတ်ခံခဲ့ရသည်မှာ ဖြစ်နိုင်ပေသည်။

အရှေ့မြေရိုင်းဒေသတွင် ချင်ပြည်ထောင်မှ လူကို ဘယ်သူက သတ်ရဲသနည်း။

ကျောင်းတော်နှင့် ကော့တေးမှ လူများသာ လုပ်ရဲပေသည်။ ထိုအင်အားစုနှစ်ခုက စစ်ဖြစ်နေကြသည်။ ထိုအင်အားစုနှစ်ခုက တောင်ပေါ်တွင် တိုက်ပွဲဖြစ်မည်မှာ သေချာလှသည်။

ကျူးကော့ဟွေနှင့် ဂူတုံးလျိုတို့ကလည်း ကောင်းကင်တောင်ခြေတွင် ရှိနေကြသည်။ သူတို့ကလည်း သတင်းကို ကြားရသော်လည်း သိပ်ထူးခြားသည့် ပုံစံ မရှိကြပေ။ ချင်လီနှင့် ချင်မုံရိုတို့က ရီဖူရှင်းနှင့် သူ့သူငယ်ချင်းများ၏ သတ်ဖြတ်ခြင်းကို ခံရခြင်း ဖြစ်နိုင်သည်ဟု သူတို့ တွေးမိကြသည်။ ချင်လီက ချင်ပြည်ထောင်မှ လူအများအပြားအား တောင်ပေါ်ကို ခေါ်သွားရာ သူက ရီဖူရှင်းကို သတ်ရန် ကြိုးစားမည်မှာ သေချာပေသည်။

ရီဖူရှင်းတို့က ချင်လီနှင့် ချင်မုံရိုတို့အား အမှန်တကယ် သတ်ဖြတ်ခဲ့လျှင်လည်း ကျူးကော့ဟွေနှင့် ဂူတုံးလျိုတို့က ဂရုစိုက်မည်လည်း မဟုတ်ပေ။ သူတို့က စစ်ဖြစ်နေမှတော့ တစ်ဖက်ကတော့ သေရမည်ဖြစ်သည်။

ထို့ကြောင့် ချင်ပြည်ထောင်မှ လူများ သေခြင်းက ပိုကောင်းပေသည်။ သူတို့၏ ဂျူနီယာလေးအား တစ်စုံတစ်ခုဖြစ်ရန် သူတို့ မလိုလားပေ။

ချင်ပြည်ထောင်မှ လူများက ဆက်လက်၍ အစီအရင်ခံ ကြသည်။ သူတို့၏ စကားကို နားထောင် ပြီးသောအခါ ချင်လီနှင့် ချင်မုံရိုတို့အပြင် နောက်ထပ် ချင်ပြည်ထောင် တော်ဝင် သွေးမျိုးဆက်ဖြစ်သော အဆင့်မြင့် အကာနာတန်ခိုးရှင် နှစ်ယောက်တို့လည်း သေဆုံးသွားသည်ဟု သိကြရသည်။ ထိုအဖြစ်က လူတိုင်းအား မယုံကြည်နိုင်စရာ ဖြစ်သွားစေသည်။ ကော့တေး တပည့်များက ထိုမျှ စွမ်းသည်လား…။

ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့က ကောင်းကင်တောင်သို့ သူတို့၏ အထက်မြက်ဆုံး ပါရမီရှင်များအား စေလွှတ်ခဲ့ခြင်း ဖြစ်သလို သူတို့၏ မဟာမိတ် အင်အားစုများ ဖြစ်သော ဖူယွန်ဓားကလန်နှင့် တော်ဝင်ချန် ကျောင်းတော်တို့ကလည်း ကောင်းကင်တောင်ကို တက်ရောက်ကြသည်။ အကယ်၍ သေရေးရှင်ရေး အခြေအနေကို ကြုံလာပါက ထိုမဟာမိတ်များကလည်း လက်ပိုက် ကြည့်နေမည် မဟုတ်သည်မှာ သေချာသည်။

ချင်ယွီက ထိုနေရာတွင်ပင် ရပ်နေဆဲဖြစ်သည်။ သူက လက်အား တင်းကျပ်စွာ ဆုပ်ကိုင်ကာ သူ့မျက်လုံးများမှ လူသတ်လိုသော အခိုးအငွေ့များ ပြင်းထန်စွာ ထွက်ပေါ်လာသည်။

“ချင်လီ… တကယ်လို့ မင်းကို တစ်ယောက်ယောက်က သတ်ခဲ့တယ်ဆိုရင် ငါက အဲဒီလူ ဘယ်သူပဲ ဖြစ်နေပါစေ… ငါသူ့ကို အစိတ်စိတ် အပိုင်းပိုင်း ဖြစ်အောင် လုပ်ပြစ်မယ်လို့ မင်းကိုငါ ကတိပေးတယ်….” ချင်ယွီ၏ အသံက အုံ့မှိုင်းကာ အေးစက်နေသည်။ ထိုအခိုက်တွင် ချင်လီ၏သေခြင်းက ဘယ်သူ့ကြောင့် ဖြစ်သည်ကို သူလည်း မသေချာပေ။ သို့သော်လည်း တောင်ပေါ်တွင် တကယ်တမ်း တိုက်ပွဲဖြစ်ပါက ကျောင်းတော်မှ လူတချို့နှင့် တခြား အင်အားစုများမှ လူများလည်း သေရပေမည်။ သေချာစွာပင် တစ်ယောက်ယောက်က သတင်းပို့လိမ့်မည်။

တောင်ခြေမှ လူတိုင်းက ချင်ယွီ၏ ဆုံးဖြတ်ချက် ခိုင်မာမှုကို ခံစား၍ ရသည်။

ချင်ယွီက တောင်ပေါ်မှ သတင်ပေး၏ သတင်းကို မရရှိသော်လည်း ဖူယွန်ဓားကလန်က သတင်းတစ်ခု ရသည်။ ထိုလူသယ်လာသော သတင်းအရ ဖူယွန်ဓားကလန်မှ ချီဟောင်နှင့် ဓားဝိဇ္ဇာ နှစ်ယောက်တို့က တောင်ပေါ်တွင် သေဆုံးခဲ့သည်။ ချက်ချင်းပင် ဓားစွမ်းအင်က ထိုနေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။

ချင်ပြည်ထောင်နှင့် ဖူယွန်ဓားကလန်တို့က ထိုမျှ ကြီးမားစွာ ဆုံးရှုံးခဲ့ကြသည်။ ထိုအရာက ဘာကို ဆိုလိုသနည်း။ ထိုအင်အားစု နှစ်ခုက မဟာမိတ်များ ဖြစ်ကြသည်။ ကြည့်ရသည်မှာ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပုံရသည်။ သို့သော်လည်း ကျောင်းတော်နှင့် ဓားသခင်တောင်က မည်သူမှ မသေဆုံးခဲ့သည်ကို သူတို့ အံ့အားသင့် ကြရသည်။

“တောင်ပေါ်ကို လူလွှတ်ပြီး စုံစမ်းချေ….” ချင်ပြည်ထောင်နှင့် ဖူယွန်ဓားကလန်တို့က တောင်ခြေတွင် ဆက်လက် စောင့်ဆိုင်းနိုင်သော်လည်း သူတို့ မစောင့်နိုင်ကြတော့ပေ။ သူတို့၏ လူများကို တောင်ပေါ်သို့ စေလွှတ်ကာ လေ့လာစုံစမ်း စေသည်။ သူတို့၏လူများ သေဆုံးခြင်း၏ တရားခံကို သူတို့ သိရမှဖြစ်မည်။

ထိုလူများက ကော့တေးမှ လူများကြောင့် သေဆုံးခဲ့ခြင်းဆိုလျှင် တောင်ခြေမှ လူများက မည်သို့ ဖြစ်ပျက်မည်ကို တွေးတောနေကြသည်။ အင်အားစုတိုင်း၏ စွမ်းအားအမြင့်ဆုံး လူများက ဤနေရာတွင် စုစည်းနေကြသည်။ အကယ်၍ တိုက်ပွဲသာ ဖြစ်ပွားပါက လွန်စွာ ကြောက်မက်ဖွယ် တိုက်ပွဲဖြစ်မည်မှာ သေချာနေသည်။

***

ကောင်းကင်တောင်ပေါ်တွင် နှင်းများ ပိုမိုထူထပ်စွာ ကျဆင်းနေသည်။ တောင်ပေါ်ကို တက်သော လမ်းကလေးတွင် ယူချင်းက လူနှစ်ယောက်အား သူ၏ လက်ဖြင့် ပွေ့ဖက်ထားသည်။ သူ့နောက်တွင်ကား သိမ်းငှက်နက် တစ်ကောင် လိုက်ပါလာသည်။ သူတို့အုပ်စုက တစ်နည်းနည်းဖြင့် အထီးကျန်လှသည်။ သူတို့က အချိန်ကြာမြင့်စွာ လျှောက်လာပြီး ဖြစ်သည်။ မကောင်းဆိုးဝါး ပူးကပ်နေသော ယူချင်းကား ဘာခံစားမှုမှ ရှိဟန်မတူဘဲ အပေါ်ကို ဆက်တက်နေသည်။ ဤလောကတွင် ရီဖူရှင်းအား အကောင်းဆုံး သိနားလည်သူမှာ ယူချင်း ဖြစ်သည်ကို သံသယ ရှိစရာ မလိုပေ။ သူတို့က ငယ်ရွယ်စဉ် ကတည်းက အတူတူ ကြီးပြင်းလာကာ ဧကရာဇ်ရီချင်၏ အမွေအနှစ်များ အပါအဝင် ရီဖူရှင်း၏ လျှို့ဝှက်ချက်များ အားလုံးကို သူသိသည်။

ကောလာဟလများအရ ဧကရာဇ်နှစ်ပါးက တောင်ထိပ်ပေါ်တွင် တစ်စုံတစ်ခု ချန်ထားခဲ့ကြသည်။ ကောင်းကင်တောင်မှ ခေါင်းလောင်းက ဧကရာဇ်များ၏ ခေါ်သံဖြစ်သည်။ ကောလာဟလသာ အမှန်ဆိုပါက ကောင်းကင်တောင်က ရီဖူရှင်းအား ဆင့်ခေါ်ခြင်း ဖြစ်မည်ဟု ယူချင်းက ခိုင်မာစွာ ယုံကြည်ထားသည်။ သူက ရီဖူရှင်းအား တောင်ပေါ်သို့ ခေါ်သွားရမည် ဖြစ်သည်။ ထိုအရာက သူ၏ ခေါင်းမာသော ခံယူချက်ဖြစ်သည်။

သိမ်းငှက်နက်က ယူချင်း၏ ဘေးတွင် ဖြစ်သည်။ ယခုတွင် သူ၏မျက်လုံးများက အနီရောင်မျှသာ မဟုတ်တော့ဘဲ အနက်ရောင် အငွေ့အသက် တချို့ ယှက်သန်းနေပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်တွင် လွန်စွာ အားကောင်းသော မကောင်းဆိုးဝါး အငွေ့အသက်များ ခိုအောင်းနေပြီး ဖြစ်သည်။ ဤရက်ပိုင်းတွင် သူ၏ စိတ်နယ်ပယ်ထဲကို ကောင်းကင် တစ်ခုလုံးကို ဖုံးအုပ် ထားနိုင်အောင် ကြီးမားသော မိစ္ဆာငှက်ကြီး တစ်ကောင်က နေရာယူလာနေသည်။

ထိုမိစ္ဆာငှက်၏ ခန္ဓာကိုယ်က ရွှေအိုရောင် အလင်းများ ဖြာထွက်နေသည်။ သူ့ထံမှ ထွက်ပေါ်နေသော အနက်ရောင် အရှိန်အဝါများက သိမ်းငှက်နက်အား ကြောက်ရွံ့စေသည်။ မိစ္ဆာငှက်၏ မျက်လုံးကြီးများက လောကမှ သွေးများ ကြီးမားစွာ စွန်းထင်းထားသလို မကောင်းဆိုးဝါး အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်နေသည်။

ထိုသတ္တဝါကား မိစ္ဆာငှက်ဖြစ်သည်။ သူ၏မူလပုံစံက သန္ဓေပြောင်း နတ်ငှက်ဖြစ်ကာ သူ၏ အတောင်ပံများက လွန်စွာ ထက်ရှသည်။ သူက မည်သည့် သက်ရှိမဆို အထင်သေးကာ လွန်စွာ မောက်မာသော နတ်ငှက်တစ်ကောင် ဖြစ်သည်။

သိမ်းငှက်နက်က မိစ္ဆာငှက်၏အသိက တောင်တစ်ခုလုံးအား ဖုံးလွှမ်းနေကာ သူ၏ပုံရိပ်ကလည်း စိတ်နယ်ပယ်ထဲတွင် ပိုမိုကြီးမား လာနေသည်ဟု ခံစားရသည်။ ရီဖူရှင်းက ဧကရာဇ် အသိအား သူ၏စိတ်ထဲတွင် မစိုက်ပျိုး ထားခဲ့လျှင် သူက ဤမျှလောက်အထိ ခံနိုင်မည် မဟုတ်ပေ။

တောင်ကြားလမ်းတွင် သူတို့က မှော်ကလန်မှ ဂူကျီချူအား တွေ့ရသည်။ ဂူကျီချူက ဖြည်းညင်းစွာ လျှောက်နေပြီး သူ၏ မျက်လုံးများကလည်း နီရဲနေသည်။ သူက သူ့ကို ဖြတ်လျှောက်သွားသော ယူချင်းအား ကြည့်ကာ ထူးဆန်းသော အမူအရာ ဖြစ်ပေါ်လာသည်။ ထို့နောက် သိပ်မကြာခင် ဟွာချင်းချင်းကလည်း သူ့ကို ဖြတ်ကျော် သွားသည်။

ဂူကျီချူက ခေါင်းမော့ကာ သူ့ရှေ့မှ မဆုံးနိုင်သော လမ်းကြောင်းအား ကူရာမဲ့စွာ ကြည့်သည်။ သူက တောင်ထိပ်ကို မရောက်နိုင်တော့ဘူးလား….။

ယူချင်းက မောပန်းခြင်း မရှိသလို ဆက်လျှောက်နေသည်။

ဟွာချင်းချင်းက သူတို့နောက် မလှမ်းမကမ်းမှ လိုက်ပါလာနေသည်။ သူမက ရှေ့မှ လူများကို ကြည့်လိုက်သည်။ ယူချင်းက နတ်ဆိုးပုံစံ ပြောင်းထားရာ သူ၏စွမ်းအားများက အဆက်မပြတ် ကုန်ခန်းနေသည်။ သူက ဤမျှလောက် အချိန်အထိ မည်သို့ ခံနိုင်ရသနည်း။

ယူချင်းက ချင်မုံရို အပါအဝင် လူများစွာကို သတ်ဖြတ်ခဲ့သော်လည်း ဤရက်ပိုင်း ယူချင်းထံမှ ပေးသော ထိတ်လန့်မှုက ပိုမိုပြင်းထန် ပေသည်။

တောင်ကြားလမ်းမှ ကျောက်တုံးကြီး တစ်တုံးပေါ်တွင် လူတစ်ယောက် ထိုင်နေသည်။ သူကား ချင်းရွှီဘုရားကျောင်းမှ အဟံဖြစ်သည်။ ဗုဒ္ဓစွမ်းအားများက ထူးဆန်းပြီး မကောင်းဆိုးဝါး စွမ်းအားများ အားလုံးကို တိုက်ခိုက်နိုင်သည်။ ချင်းရွှီဘုရားကျောင်းကား ကောင်းကင်တောင်နှင့် အနီးဆုံးဖြစ်သည်။ သူတို့၏တပည့်များက ကောင်းကင်တောင်မှ စိတ်အသိကို သုံးလျက် သူတို့၏ ကိုယ်ပိုင် အသိကို လေ့ကျင့်ကြသည်။ ထို့ကြောင့် အဟံက ကောင်းကင်တောင်ကို တက်ရာတွင် ရှေ့ဆုံးမှ သွားနိုင်ခဲ့သည်။ သို့သော် ယခုတွင် သူကလည်း ကျောက်တုံးကြီး တစ်တုံးပေါ်တွင် ထိုင်ကာ အနားယူနေသည်။

ရုတ်တရက် အဟံက မျက်လုံးကို ဖွင့်ကာ နှင်းတောထဲမှ တစ်လှမ်းချင်း လျှောက်လာနေသော ယူချင်းကို ကြည့်သည်။ သူက ယူချင်းနှင့် သိမ်းငှက်နက်တို့၏ မျက်လုံးများကို သေသေချာချာ မြင်သည်။ သူတို့က မကောင်းဆိုးဝါး ပူးကပ်ခံနေရပြီး ဖြစ်သည်။ ထို့အပြင် သူတို့နောက်မှ လိုက်ပါလာနေသော ဟွာချင်းချင်းကိုလည်း သတိထားမိသည်။

ယူချင်းက သူ့ထံသို့ ဖြည်းဖြည်းချင်း လှမ်းလာနေသည်။ အဟံက မျက်မှောင်ကြုတ် လိုက်ကာ အေးစက်စွာ ပြောသည်…  “ငမိုက်သား….”

ယူချင်းက သူ့အား လျစ်လျူရှုထားသော အချိန်တွင် သိမ်းငှက်နက်က သူ့အား မိစ္ဆာမျက်လုံးများနှင့် ကြည့်သည်။

“အရင်တုန်းက မင်းက မိစ္ဆာအဖြစ် ပြောင်းလဲသွားပြီးတော့ လူတွေကို ဒုက္ခပေးလိမ့်မယ်လို့ ငါပြောဖူးတယ်…. ကြည့်ရတာ ဒါက တကယ်ဖြစ်လာတာပဲ….” အဟံက ဆက်ပြောသည်… “ငမိုက်သား…ရပ်စမ်း….”

ယူချင်းနှင့် သိမ်းငှက်နက်တို့က ဆက်သွားနေကြကာ ရပ်တန့်မည့်ဟန် မရှိပေ။

“ဒီလိုဆိုရင် ငါက မိစ္ဆာကို သတ်ပေးရတာပေါ့….” အဟံက ထိုသို့ ပြောပြီးသည်နှင့် ထိုနေရာ တစ်ခုလုံးအား ရွှေဝါရောင် အလင်းများ တောက်ပလာသည်။ ကောင်းကင်တွင် များစွာသော သင်္ကေတများ ဖြစ်ပေါ်လာကာ ဟန်ချက်ညီစွာ လှည့်ပတ်လျက် ယူချင်းနှင့် သိမ်းငှက်နက်ထံ ဆင်းသက် လာသည်။ ဗုဒ္ဓစွမ်းအားများက လွန်စွာ အားကောင်းကာ အရာအားလုံးကို ဖိနှိပ်နိုင်သည်။

ယူချင်းက ရုတ်တရက် ရပ်တန့်လိုက်ကာ မိစ္ဆာဟိန်းသံ ပေးသည်။ သူ့ခန္ဓာကိုယ်မှ များစွာသော မိစ္ဆာပုံရိပ်များ ထွက်ပေါ်လာကာ ထိုရှေးဟောင်း သင်္ကေတများနှင့် ထိပ်တိုက်တွေ့ကာ စွမ်းအားများကို ပျက်ပြယ်စေသည်။

အဟံက ကျောက်တုံးပေါ်မှ မတ်တတ်ရပ်ကာ အပေါ်မှနေ၍ ယူချင်းကို ကြည့်သည်။

“ယူချင်း…ငါတို့ကို အောက်ချလိုက်….” ရီဖူရှင်းက ပြောသည်။ ယူချင်းက ရီဖူရှင်းနှင့် ရီဝူချင်းကို အောက်ကို အသာအယာ ချသည်။ သူတို့နှစ်ယောက်က နိုးနေပြီး ဖြစ်သည်။ သို့သော် ယူချင်းက အားအင် ကုန်ခန်းနေဆဲဖြစ်ပြီး ရီဝူချင်း၏ ဒဏ်ရာကလည်း ပြင်းထန်သည်။ ကောင်းကင်တောင်၏ ဆိုးဝါးသော ဖိအားများအရ သူတို့က တိုက်ခိုက်နိုင်စွမ်း မရှိသေးပေ။

ရီဖူရှင်းက အဟံအား အေးစက်စွာ ကြည့်သည်။ အဟံက သူတို့၏လမ်းအား ပိတ်ဆို့မည်ဟု သူလုံးဝ မထင်မှတ်ထားပေ။

“ငါတို့က တစ်ယောက်နဲ့ တစ်ယောက် ပြဿနာမရှိဘူး…ဟုတ်တယ်မလား….” ရီဖူရှင်းက ခံစားချက် ကင်းမဲ့စွာ ပြောသည်။ အဟံကို သူတစ်ခါမျှသာ တွေ့ဖူးကာ ထိုအချိန်က ယန်မိသားစု၏ မိစ္ဆာတိုင်ကို သွားမခဲ့စဉ်က ဖြစ်သည်။ သူတို့က တစ်ယောက်ကို တစ်ယောက် သဘောမကျသော်လည်း သူတို့က ပြဿနာ ဖြစ်ဖူးခြင်း မရှိပေ။

“ဗုဒ္ဓက မကောင်းဆိုးဝါးရဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်တယ်…သူက မိစ္ဆာ ဖြစ်သွားမှတော့ ငါက သူ့ကို သတ်မှ ရမယ်….ဒါပေမဲ့ မင်းတို့က တောင်အောက်ကို ဆင်းသွားမယ် ဆိုရင်တော့ ငါက အခွင့်အရေး ပေးလို့ရတယ်….” အဟံက ခံစားချက် ကင်းမဲ့စွာ ပြောသည်။ သူ့ထံမှ လင်းလက် တောက်ပသော ဗုဒ္ဓအလင်းရောင်များ ထွက်ပေါ်လာကာ သူ့အား ထည်ဝါ မြင့်မြတ်စေသည်။

ရီဖူရှင်းက နောက်လှည့်ကာ တဖြည်းဖြည်း နီးကပ်လာသော ဟွာချင်းချင်းကို မြင်သည်။ အဟံက ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်နေပုံရသည်။

ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာအားလှိုင်းများ ယူချင်း အနီးတွင် စတင်လှည့်ပတ် လာသည်။ များစွာသော မိစ္ဆာပုံရိပ်များ သူ့အနီးတွင် ပေါ်လာကာ သူ၏ခန္ဓာကိုယ်နှင့် ပူးကပ်သွားကြသည်။ သူ၏ နတ်ဆိုး အတောင်ပံများအား ဖြန့်ကာ သူက လျှပ်စီး အလင်းတန်းအလား အဟံထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားသည်။ သူ၏ခန္ဓာကိုယ်တွင် လှည့်ပတ်နေသော မိစ္ဆာစွမ်းအင်က ပုဆိန်ရှည်အဖြစ် ပြောင်းလဲသွားကာ အဟံထံသို့ ပစ်လွင့်သွားသည်။

အဟံက သူ၏လက်နှစ်ဖက်အား ပူးကပ်ကာ သူ၏ပါးစပ်မှ ထူးဆန်းသော အသံတချို့ကို ရေရွတ်သည်။ သူ၏လည်ပင်းတွင် ဝတ်ထားသော ပုတီးကုံးမှ ရောင်ခြည် ရောင်ဝါများ လင်းလက်လာကာ ရွှေရောင်ခန္ဓာ ဖြစ်ပေါ်လာသည်။ ထို့နောက် ကြီးမားသော လက်ဝါး တံဆိပ်တော်က ယူချင်းထံ တိုးဝင်သွား၏။

ယူချင်းက တောင်ပေါ်ကို ဆက်တိုက် မောပန်းခြင်း မရှိဘဲ တက်နေသော်လည်း အမှန်တကယ် အားဖြင့် သူ၏ အားအင်များက လွန်စွာ ကုန်ခန်းနေပြီး ဖြစ်သည်။ အဟံက ဗုဒ္ဓနည်းစနစ်ကို လေ့ကျင့်ကာ သူက ချင်းရွှီဘုရားကျောင်း၏ ပါရမီရှင်ဖြစ်သည်။ သူက ယူချင်း၏ တိုက်ခိုက်မှုများကို ကြောက်ရွံ့ခြင်း မရှိပေ။

နှစ်ဖက်လုံး၏ အားလှိုင်းများက ရင်ဆိုင်တွေ့ကာ ပျက်ပြယ်သွားကြသည်။ အဟံက ထိုနေရာတွင် မြဲမြံစွာ ရပ်နေသည်။ သူ့ထံမှ ရောင်ခြည်ရောင်ဝါများ ထွက်ပေါ်နေကာ ဘယ်အရာကမှ သူ့အား တုန်လှုပ်စေနိုင်ပုံ မရပေ။ သူက ပြင်းထန်စွာ တိုက်ခိုက်ခြင်းလည်း မရှိပေ။ သူ၏ တကယ့် ရည်ရွယ်ချက်က ယူချင်းအား သတ်ရန် မဟုတ်ပေ။

သူတို့နောက်မှ ဟွာချင်းချင်းက တဖြည်းဖြည်း နီးကပ်လာသည်။ သူက တိုက်ခိုက်ရန်အတွက် ကု့ချင်း ဝိညာဉ်ကိုပင်လျှင် ထုတ်လွှတ်ထားပြီး ဖြစ်သည်။ ရီဖူရှင်းက ဟွာချင်းချင်းထံသို့ လျှောက်သွားသည်။ သူ၏ အားအင်အများစုအား ပြန်လည် ရရှိခြင်း မရှိသေးသော်လည်း သူက ယူချင်းအား ဟွာချင်းချင်းနှင့် အဟံတို့ နှစ်ယောက်လုံးကို တိုက်ခိုက်စေရန် ခွင့်မပြုနိုင်ပေ။ ယူချင်းက နောက်ထပ် ဖိအားများကို ခံနိုင်ရည် မရှိတော့သည်ကို သူသိသည်။

မြင့်မြတ်သံစဉ် ထွက်ပေါ်လာပြန်သည်။ သို့သော်လည်း သိမ်းငှက်နက်က ရီဖူရှင်းရှေ့ကို ရုတ်တရက် ရောက်လာသည်။ သူက အတောင်ပံများကို ဖြန့်ကားလျက် သူ၏ မိစ္ဆာမျက်လုံးဖြင့် ဟွာချင်းချင်းကို ကြည့်သည်။

သိမ်းငှက်နက်က မကောင်းဆိုးဝါး စိတ်ကို ခုခံခြင်း မရှိတော့ရာ သူ၏စိတ်အား မိစ္ဆာငှက်က စတင် နေရာယူနေသည်။ သူက မျက်လုံးအား မှိတ်လိုက်လျှင် သူ၏စိတ်ထဲတွင် မိစ္ဆာနတ်ငှက် ပေါ်လာသည်။ ထိုအခိုက်တွင် ကောင်းကင်တောင် တစ်ခုလုံး၏ မိစ္ဆာစွမ်းအင်များက သူ့ထံကို စီးဝင်လာသည်ကို ခံစားရသည်။

သိမ်းငှက်နက်က ဘာလုပ်လိုနေသည်ကို ရီဖူရှင်းက သိသည်။ သူက လွန်စွာ နာကျင်သော ဒဏ်ကို ခံနေရဟန်တူသော သိမ်းငှက်နက်အား ကြည့်သည်။ ထိုအခိုက်တွင် ကောင်းကင်မှ လွန်စွာ အားကောင်းသော မိစ္ဆာစွမ်းအင် တစ်ခုက သိမ်းငှက်နက်၏ ခေါင်းထဲကို စတင်စီးဆင်းသည်။ ထို့နောက် ကောင်းကင်မှ ကြီးစွာသော သဘဝစွမ်းအင်များက သူ၏ခန္ဓာကိုယ်ထဲကို စီးဝင်သည်။ ရီဖူရှင်းက သိမ်းငှက်နက်အား ထပ်မံ၍ ထိန်းချုပ်ရန် ကြိုးစားကြည့်သော်လည်း သူက မလုပ်နိုင်တော့သည်ကို တွေ့ရသည်။

သိမ်းငှက်နက်က သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်နှင့်  ဟွာချင်းချင်းက မကောင်းဆိုးဝါး မျက်လုံးအစုံက သူမအား ငုံ့ကြည့်နေသည်ဟု ခံစားရသည်။ ထိုအရာက မူလသိမ်းငှက်နက် မဟုတ်တော့ဘဲ ကောင်းကင်၏သခင်၊ ကံကြမ္မာကို ထိန်းချုပ်သူအဖြစ်ပြောင်းလဲသွားဟန်ရသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset