Switch Mode

အပိုင်း (၃၅၃)

ခေါင်းမာသော ခံယူချက်

ယူချင်းက ချင်မုံရိုထံ ပြေးသွားလျှင် သူမ၏ အမူအရာက ပြောင်းလဲသွားသည်။ သူမက ချက်ချင်း နောက်ဆုတ်ရန် ကြိုးစားသည်။ တစ်ချိန်တည်းမှာပင် ချိန်ရှင်းမူက ချင်မုံရို၏ရှေ့တွင် ပေါ်လာသည်။ သူ၏ဗျပ်စောင်းက လက်ထဲတွင်ပေါ်လာကာ စတင် တီးခတ်သည်။

ထိုအခိုက်တွင် ယူချင်း၏မျက်လုံးက အနီရောင်အလင်းများ ထွက်ပေါ်နေသည်။ သူ၏ လက်အား မြှောက်လိုက်လျှင် မိစ္ဆာအသိက သူ့လက်တွင် လှည့်ပတ်ကာ များစွာသော ထက်ရှသော ဓားသွားများ ဖြစ်ပေါ်လာပြီး ချိန်ရှင်းမူထံ ပစ်လွင့်သွား၏။

ဂီတသံစဉ်များ ထွက်ပေါ်လာကာ မိစ္ဆာဓားသွားများကလည်း ပျက်စီးသွားသည်။ ဘုန်းခနဲမြည်သံနှင့်အတူ ယူချင်းက ချိန်ရှင်းမူ၏ရှေ့ကို ရောက်လာသည်။ ချက်ချင်းပင် ချိန်ရှင်းမူက လွန်စွာကြီးမားသော ဖိအားကို ခံစားရသည်။ သူ့အနီးမှ လူတိုင်းက ကြောက်မက်ဖွယ် ဖိအားကို ခံစားရ၏။

ဘန်း….

ယူချင်းက လက်ဝါးရိုက်ချက်ကို ထုတ်လိုက်လျှင် သူ၏လက်ဝါးတံဆိပ်က လေထုကိုခွင်းလျက် ထွက်ပေါ်လာသည်။ ရိုက်ချက်အား ခုခံပြီးနောက် ချိန်ရှင်းမူ၏ သက်စောင့်ဝိညာဉ်ပင်လျှင် ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွားသည်။ ညည်းသံ တစ်ချက်နှင့်အတူ သူ၏ပါးစပ်မှ သွေးများ စီးကျလာ၏။

ဟွာချင်းချင်း၏ သံစဉ်က နောက်ဆုံးတွင် ရောက်ရှိလာသည်။ များစွာသော လင်းလက် တောက်ပသော ပုံရိပ်ယောင်များက ယူချင်း၏အနီးတွင် ပေါ်လာသည်။ ထိုပုံရိပ်များ အားလုံးက နတ်သမီးများနှင့်တူသည်။

ဘန်း…

သို့သော်လည်း ယူချင်းက ထိုအရာများအား သတိထားမိပုံ မရပေ။ သူက မြေပြင်အား ဆောင့်နင်းကာ နှင်းမြေပြင်အား အက်ကွဲစေသည်။ သူ၏ မိစ္ဆာ အတောင်ပံများအား ဖြန့်ကာ လျှပ်တစ်ပြက် ချင်မုံရိုထံသို့ ပြေးဝင်သွားသည်။ သူ၏မျက်လုံများမှ အလင်းတန်းများကို စိုက်ကြည့်မိလျက် ချင်မုံရိုက ငရဲပြည်မှ ငရဲသားက သူ့ကို စိုက်ကြည့်နေသလို အမှန်တကယ် ခံစားရသည်။ ချက်ချင်းပင် သူမက ကြောက်ရွံ့ ထိတ်လန့်မှုကို ခံစားရသည်။ သူမက အဘယ်ကြောင့် ဤမျှ အားကောင်း နေရသနည်း။

ဟွာချင်းချင်း၏ အမူအရာက ပြောင်းလဲသွားကာ အော်ဟစ်လိုက်သည်…“ရပ်…” ထိုအခိုက်တွင် သူမ၏မျက်လုံးများပင် အေးစက်သွားသည်။

ချင်ပြည်ထောင်မှ ချင်လီက သေဆုံးသွားပြီး ဖြစ်သလို ဖူယွန်ဓားကလန်မှ ချီဟောင် အပါအဝင် နောက်ထပ် ဓားဝိဇ္ဇာ နှစ်ယောက်တို့လည်း သေဆုံးသွားပြီး ဖြစ်သည်။ ယခု ယူချင်းက ချင်မုံရိုကိုလည်း သတ်တော့မည်လော။

ချင်မုံရိုကား ချိန်ရှင်းမူနှင့် လက်ထပ်ထားပြီး ဖြစ်ကာ ဒွန်ဟွာကလန်ဝင် တစ်ယောက်ဟု ပြော၍ ရနေပြီဖြစ်သည်။ အကယ်၍ သူမကသာ ဤနေရာတွင် သေဆုံးခဲ့လျှင်….

မြင့်မြတ်သံစဉ်ထဲတွင် များစွာသော နတ်သမီးများ ပေါ်ထွက်လာသည်။ ကိုယ်ရောင်ကိုယ်ဝါများ တောက်ပလျက် သူတို့က ယူချင်းထံသို့ တိုးဝင်သွားကြသည်။ သူ့အနီးမှ မကောင်းဆိုးဝါး အငွေ့အသက်များက ဖိနှိပ်ခြင်း ခံရသော်လည်း သူက ချင်မုံရိုအား စိုက်ကြည့်နေဆဲ ဖြစ်သည်။ ကျယ်လောင်စွာ မာန်သွင်းလျှင် သူ၏ခန္ဓာကိုယ်မှ မိစ္ဆာအသိက ချင်မုံရိုထံ တိုက်ရိုက် တိုးဝင်သွားသည်။ မိစ္ဆာအသိက လွန်စွာ ထက်ရှကာ သူမ၏ခန္ဓာကိုယ်အား ထွင်းဖောက် သွား၏။ ထိုအခိုက်တွင် သူမ၏ မျက်နှာက ပြာနှမ်းသွားသည်။ မိစ္ဆာအသိက ချက်ချင်းပင် သူမ၏တစ်ကိုယ်လုံးအား စီးဆင်းသွားပြီး မကောင်းဆိုးဝါး အငွေ့အသက်များ ဖြာထွက်လာသည်။

“မဟုတ်ဘူး….”

ချင်မုံရို၏လွန်စွာ လှပသောမျက်နှာက တစ်မုဟုတ်ချင်း ပျက်စီး ယိုယွင်းလာကာ မကြာမီ သူမက မြေပြင်ပေါ်သို့ ပြိုလဲသွားသည်။

မိန်းမလှတစ်ယောက်က ထိုသို့ ဆိုးရွားစွာ သေဆုံးခဲ့ရသည်။

“ရက်စက်လိုက်တာ…” လူတိုင်းက ထိုမြင်ကွင်းအား ထိတ်လန့်စွာ ကြည့်သည်။ ယူချင်းကား လူသတ်ခြင်းတွင် ခုံမင်နေပုံရနေကာ တကယ့်နတ်ဆိုးအဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။ သူက မိန်းမလှများအား သနားညှာတာ ရမည်ဟူသောစိတ် လုံးဝ မရှိတော့ပေ။ ချင်မုံရိုက ရီဖူရှင်းအား သေစေလိုမှတော့ သူက သူမအား သတ်မည်။

ချိန်ရှင်းမူ၏ မျက်နှာက ပြာနှမ်းသွားကာ သူ၏ ဂီတသံစဉ်က ပိုမို၍ ပရမ်းပတာ ဖြစ်လာသည်။ ဟွာချင်းချင်းကလည်း သူမ၏သံစဉ်ကို ပိုမိုလျင်မြန်စွာ တီးခတ်သည်။ ရောင်ခြည် ရောင်ဝါများက ယူချင်းထံ လာရောက် ဖြန်းပက်ကာ သူမ၏ အားကောင်းသော စိတ်အသိက သူ၏ခန္ဓာကိုယ်အား ထွင်းဖောက်ရန် ကြိုးစားသည်။ ယူချင်းက ထိုရောင်ခြည်များ အောက်တွင် အမှန်တကယ် နာကျင်မှုကို ခံစားလာရ၏။

မြင့်မြတ်သံစဉ်ကား လွန်စွာ အားကောင်းသော တိုက်ခိုက်ရေး သံစဉ်တစ်ခုဖြစ်သည်။ စိတ်ဝိညာဉ် တိုက်ခိုက်မှုများက အရပ်မျက်နှာမျိုးစုံမှ လာသည်။ မည်သို့ပင်ဆိုစေ ယူချင်း၏ အဆင့်ကား လွန်စွာနိမ့်ကာ သူ၏စိတ်အင်အားက ဟွာချင်းချင်းထက် နိမ့်ပေသည်။ ထို့ကြောင့် သူ၏မိစ္ဆာအရှိန်အဝါက ဖိနှိပ်ခြင်း ခံရ၏။

ဒုန်း…

ယူချင်းက မြေပြင်အား ဆောင့်နင်းကာ တုန်ခါစေသည်။ သူက နောက်ဆုတ်ကာ ရီဖူရှင်းနှင့် ယူချင်းတို့ဘေးကို ရောက်သွားသည်။ သူတို့နှစ်ယောက်အား လက်တစ်ဖက်စီဖြင့် ဆွဲကိုင်ကာ ကောင်းကင်သို့ ခုန်တက်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်က တောင်ပေါ်သို့ အနက်ရောင် အလင်းတန်းအလား ထိုးတက်သွားသည်။

သိမ်းငှက်နက်ကလည်း စူးရှစွာ အော်ဟစ်လျက် သူတို့နောက်ကို ပျံသန်း လိုက်ပါသွားသည်။

ဟွာချင်းချင်းနှင့် ချိန်ရှင်းမူတို့က မျက်လုံးပြူးသွားကာ ထိုအုပ်စုနောက်မှ လိုက်ပါသွားသည်။

လို့လန်ရွှီကလည်း ကောင်းကင်သို့ ပျံသန်းလျက် သူတို့နောက်ကို လိုက်ပါသည်။

တခြားလူများက သူတို့နောက်ကို လိုက်လိုသော်လည်း ဓားသခင်တောင်နှင့် ကျောင်းတော်မှ လူများ၏ တားဆီးခြင်းကို ခံရသည်။

ရှောင်ဝူကျိက ကောင်းကင်သို့ ပျံသန်း ထွက်ခွာသွားသော လေးယောက်ကို ကြည့်သည်။ ရှေးဟောင်း မြေရိုင်းဒေသတွင် သူက ရီဖူရှင်း၊ ရီဝူချင်း၊ ယူချင်းနှင့် လို့လန်ရွှီတို့ကို တွေ့ဆုံးခဲ့ဖူးပြီး ဖြစ်သည်။ ကောင်းကင်တောင်တွင် သူတို့၏ ကြောက်မက်ဖွယ် တိုက်ခိုက်ရေး စွမ်းရည်များကို သူက လက်တွေ့ မြင်တွေ့ခဲ့ရသည်။ သူတို့က ဓမ္မအဆင့်မျှသာ ရှိသေးသော်လည်း လွန်စွာ အားကောင်းလွန်း လှသည်။

ရုတ်တရက် အဝေးမှ ယိရှောင်ရှီ ရောက်ရှိလာသည်။ သူက ပေ့ထင်ရှင်းအာ အနီးကို တိုးလာကာ မေးသည်…“ရှင်းအာ…ဖူရှင်း ဘယ်မှာလဲ….”

ကောင်းကင်သို့ ထိုးပြလျက် ပေ့ထင်ရှင်းအာက ပြန်ပြောသည်…“သူက တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘူး… ယူချင်းက သူ့ကို အပေါ်ကို ခေါ်သွားတယ်… ဟွာချင်းချင်းက သူတို့နောက်ကို လိုက်သွားတယ်….”

ယိရှောင်ရှီက တိုက်ပွဲနေရာအား ကြည့်သည်။ ချင်လီ၊ ချင်မုံရိုနှင့် ချီဟောင်တို့၏ အလောင်းများကို မြင်လျှင် သူက အံ့အားသင့်ရသည်။ ဖူရှင်းတို့က မည်သို့ လုပ်လိုက်သနည်း။

“ငါ သူတို့နောက်ကို လိုက်သွားမယ်…” ယိရှောင်ရှီကလည်း ကောင်းကင်သို့ ပျံသန်းကာ တောင်ပေါ်သို့ တက်သည်။ ကောင်းကင်တွင် နတ်ဆိုး အတောင်ပံအား ဖြန့်ကာ ယူချင်းက အပေါ်ကို တည်ငြိမ်စွာ တက်ရောက် ပျံသန်းနေသည်။ ကောင်းကင် တစ်ခုလုံးကို နှင်းများ ပြည့်နေကာ အပူချိန်က ရေခဲမှတ်အောက်ကို ရောက်နေသည်။ သို့သော် ယူချင်းက ဘာကိုမှ ခံစားမိဟန် မတူပေ။ သူက ရီဖူရှင်းနှင့် ရီဝူချင်းတို့အား သူ၏လက်ထဲတွင် ပွေ့ဖက်ထားသည်။ မိစ္ဆာအသိက သူတို့နှစ်ယောက်အား အအေးဒဏ်မှ ကာကွယ် ပေးထားသည်။

“ယူချင်း…ငါတို့ကို ဘယ်ကို ခေါ်သွားနေတာလဲ…” ရီဝူချင်းက မေးသည်။

ယူချင်းက ပြန်မပြောပေ။ သူ၏ မျက်လုံများက နီရဲနေဆဲ ဖြစ်သည်။

“သူက ငါတို့ကို တောင်ပေါ်ကို ခေါ်သွားနေတာ….” ရီဖူရှင်းက ဆွံ့အစွာပြောသည်။ သူတို့နှစ်ယောက်အား ထိုသို့ဖက်ထားသည်က မသင့်တော်မှန်း သူမသိဘူးလား…။ ငါတို့ရဲ့ သဘောထားကိုလည်း မမေးဘူး….။

ထိုအရာက လွန်စွာ ကသိကအောက် ဆန်လှသည်။

ယူချင်းကအပေါ်ကို ရောက်လေလေ ပိုမို၍ နှေးကွေးလေးလံလာကာ နောက်ဆုံးတွင် တောင်ကြားလမ်းပေါ်သို့ ဆင်းသက်လိုက်သည်။ ထို့နောက် သူက တောင်ပေါ်သို့ ခြေကျင် တက်ရောက်သည်။ သူ့နောက်မှ သိမ်းငှက်နက်က နီးကပ်စွာ လိုက်ပါလာနေသည်။ သူ၏ မျက်လုံများက နီရဲနေပြီဖြစ်သည်။ ရီဖူရှင်းက ဧကရာဇ်အသိအား သူ၏ခန္ဓာကိုယ်ထဲတွင် စိုက်ပျိုးထားခဲ့ခြင်း မရှိလျှင် သူက ဤမျှအထိ ခံနိုင်မည် မဟုတ်ပေ။

သိမ်းငှက်နက်အား တစ်ချက်ကြည့်ကာ ရီဖူရှင်းက ပြောသည်… “ငှက်ကလေး… အားတင်းထား…” သိမ်းငှက်နက်က ခေါင်းညိတ်ကာ သူ၏လက်သည်းများဖြင့် ကုတ်ခြစ် တွယ်ကပ်ကာ တောင်ပေါ်ကို တက်သည်။

“အရမ်း ပင်ပန်းတယ်.. ငါ အိပ်ပြီ….” ရီဖူရှင်းက မျက်လုံးကို ပိတ်လိုက်သည်။ သူကား အားပြတ်နေပြီ ဖြစ်သည်။ ချင်လီအား သတ်ခြင်းက သူ၏ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ခွန်အားများ အားလုံးကို ခန်းခြောက် သွားစေသည်။ သူက အမှန်ပင် အိပ်စက် အနားယူရန် လိုနေသည်။

ယူချင်းအား မကောင်းဆိုးဝါး ပူးကပ်နေကာ စိတ်ရိုင်းများ ဝင်နေသော်လည်း တခြားလူများအတွက် သူက လူသတ်ကောင် ဖြစ်သော်လည်း ရီဖူရှင်း အတွက်မူကား သူက အမြဲတမ်း ခေါင်းမာသော လူငယ်လေး တစ်ယောက်သာ ဖြစ်သည်။

ယူချင်း၏ ခန္ဓာကိုယ်ထက် လုံခြုံသော နေရာ မရှိသည်ကို ရီဖူရှင်း သိသည်။ အကယ်၍ သူ့အား သတ်လိုပါက ထိုလူက ယူချင်းအား ဦးစွာ သတ်ရန်လိုသည်။

ရီဝူချင်း သက်ပြင်းချသည်။ သူက အမှန်တကယ်ပင် ယောက်ျား တစ်ယောက်၏ ရင်ခွင်ထဲတွင် အိပ်စက်ရတော့မည်။ သို့သော် သူ့တွင် ရွေးချယ်စရာ မရှိပေ။ သူကလည်း မျက်လုံးကို မှိတ်ကာ အိပ်စက်လိုက်သည်။ ထိုအခိုက်တွင် သူတို့က ကူညီလိုလျှင်ပင် ဘာမှ အကူအညီ ပေးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ယူချင်းအား ထိုဖိအားများကို ခံစားခိုင်းရ ပေဦးမည်။

လက်ရှိတွင် ရီဖူရှင်းနှင့် ယူချင်းတို့က အစွမ်းများ ပျက်ပြယ်နေသည်။ ယူချင်းက သူတို့အား အအေးဒဏ်က ကာကွယ်ပေးရုံမျှက သူတို့ကောင်းစွာ အိပ်စက်ဖို့ လုံလောက်ပေသည်။

ယူချင်းက အာရုံခံစားမှုများ အားလုံး ပျောက်ကွယ် သွားပုံရကာ သူက ရှေ့ကိုသာ လျှောက်နေသည်။ သူ၏ခန္ဓာကိုယ်က လွန်စွာ ကြီးမားနေကာ နတ်ဆိုးပုံစံ ပေါက်နေသည်။ သူက လူနှစ်ယောက်အား ပွေ့ဖက်ထားသော်လည်း သူ့အတွက် ထိုအရာက လွန်စွာ လွယ်ကူနေပုံရ၏။

ဟွာချင်းချင်းက သူတို့နောက်မှ လိုက်ပါလာနေသည်။ သူမကလည်း တူညီစွာပင် ကြီးမားသော ဖိအားကို ခံစားနေရသည်။ အေးစက်မှုနှင့် မကောင်းဆိုးဝါး အငွေ့အသက်က ပိုမိုအားကောင်း လာနေသည်။ ထိုအငွေ့အသက် နှစ်ခုက ပေါင်းစပ်နေကာ ကြီးစွာသော ဖိအားကို ဖြစ်ပေါ်စေသည်။

သူမက ရှေ့မှ ကြီးမားသော လူငယ်လေးအား ကြည့်ကာ သူမ၏မျက်လုံးမှ ထူးဆန်းသော အမူအရာဖြစ်နေသည်။ ယူချင်းက မကောင်းဆိုးဝါး အငွေ့အသက်များအား ခုခံခြင်း မရှိတော့ဘဲ သူ၏မိစ္ဆာအသိနှင့် ပေါင်းစပ်ခွင့် ပေးလိုက်ပြီ ဖြစ်သည်ကို သူမကလည်း သိသည်။ ယခုတွင် ယူချင်းအား လုံးဝ ကွဲပြားခြားနား နေပြီဖြစ်သည်။ သို့သော် ယူချင်းက ထိုမျှသော အခြေအနေတွင်ပင် အဘယ်ကြောင့် ဆင်ခြင်တုံတရား အနည်းငယ်ကို ထိန်းထား နိုင်သေးသည်ကို သူမနားမလည်ပေ။ သူက ရီဝူချင်းနှင့် ရီဖူရှင်းတို့ကို ကာကွယ်ကာ တောင်ပေါ်သို့ ခေါ်သွားနေသည်။

သူမက နားမလည်နိုင်ပေ။

ကောင်းကင်တောင်တွင် သူမက နားမလည်သော အရာများစွာကို ကြုံတွေ့ရသည်။ ရီဖူရှင်းက ချင်လီနှင့် အဆင့်မြင့် အကာနာ တန်ခိုးရှင် နှစ်ယောက်ကို မည်သို့ သတ်နိုင်သည်ကို သူမက နားမလည်ပေ။ ရီဝူချင်းက ချီဟောင်ကို အဘယ်ကြောင့် အနိုင်ယူနိုင်သည်ကို သူမက နားမလည်ပေ။ ယူချင်းက ထိုမျှ ကြောက်စရာ ကောင်းသော ပုံစံဖြစ်သွားသည့်တိုင် သူ၏ခေါင်းမာသော အသိအား ထိန်းထားနိုင်သည်ကို သူမက နားမလည်နိုင်ပေ။ ရီဖူရှင်းအား ကာကွယ်လိုသော ထိုခေါင်းမာသော စိတ်ကို မည်သည့် မကောင်းဆိုးဝါး စိတ်ကမှ တုန်လှုပ်စေနိုင်ပုံ မရပေ။

ချိန်ရှင်းမူနှင့် လို့လန်ရွှီတို့က ဟွာချင်းချင်း၏ နောက်တွင်ဖြစ်သည်။ သူတို့က ဟွာချင်းချင်းလောက် ပါရမီမကောင်းရာ သူမထက် ပိုမိုနှေးကွေးပေသည်။ ပြင်းထန်သော အမုန်းတရားက ချိန်ရှင်းမူ၏ နှလုံးအားဖုံးလွှမ်းနေကာ သူ၏မျက်လုံးများကလည်း မကောင်းဆိုးဝါး အငွေ့အသက်၏ လွှမ်းမိုးမှုကြောင့် နီရဲနေသည်။ သူက အပေါ်ကို ဆက်တက်ရမလား တွေးကာ အနည်းငယ် တွန့်ဆုတ်နေသည်။

သူ၏ဇနီးကား ယူချင်း၏ သတ်ဖြတ်ခြင်းကို ခံရသည်။

ကော့တေးနှင့် ချင်ပြည်ထောင်က စစ်ဖြစ်နေသော်လည်း တကယ်တမ်း သေဆုံးရသည်မှာ သူ၏ဇနီးဖြစ်သည်။

လို့လန်ရွှီကလည်း သူမ၏ရတနာစာအုပ်မှ စွမ်းအားများကို ထုတ်လွှတ်ကာ ကောင်းကင်တောင်မှ မကောင်းဆိုးဝါး အငွေ့အသက်များအား ကာကွယ်လျက် ဆက်လျှောက်နေသည်။ ကောင်းကင်တောင်ပေါ်မှ လမ်းကလေးက ရှည်လျားလှကာ အဆုံးရှိပုံမရပေ။ ကောင်းကင်ပေါ်မှ ကျဆင်းနေသော နှင်းဖွဲများပင် ရပ်တန့်မည့်ပုံ မရှိပေ။

***

ဤရက်ပိုင်းတွင် လူများက တောင်ပေါ်ကို တစ်ယောက်ပြီး တစ်ယောက် တက်နေခဲ့ကြသည်။ သို့သော်လည်း အချိန် ကြာလာသည်နှင့်အမျှ တောင်ပေါ်ကို တက်ရောက်သူ တဖြည်းဖြည်း နည်းသွားသည်။ ထိုအစား တောင်ပေါ်မှ ဆင်းလာသူ ပိုများလာနေသည်။

လူအများက သက်ပြင်းချရုံမျှသာ တတ်နိုင်သည်။ ကောင်းကင် တောင်ပေါ်ကို တက်ရန်မှာ အမှန်တကယ် ကောင်းကင်သို့ တက်ရောက်သည်ထက် ခက်ခဲသည်ကို တစ်လောကလုံး သိကြသည်။ အရှေ့မြေရိုင်းဒေသ၏ အကျော်ကြားဆုံး တောင်ကား သူ၏နာမည်နှင့် လိုက်ဖက်ပေသည်။ ခေါင်းလောင်းသံက ဧကရာဇ်များ၏ ခေါ်သံဟု ကောလာဟလများက ပြောကြသော်လည်း မည်သူမှ တောင်ထိပ်ကို မရောက်ဖူးကြပေ။ ဘယ်သူက တောင်ထိပ်ပေါ်ကို ရောက်မည်ကိုလည်း မည်သူကမှ တိတိကျကျ မပြောနိုင်ပေ။

အင်အားစုများစွာက တောင်ခြေမှာ စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။ သူတို့၏ မျိုးဆက်များက အောင်မြင်မှု တစ်စုံတစ်ရာရရန် လူတိုင်းက မျှော်လင့်ကြသည်။ အကယ်၍ တစ်စုံတစ်ယောက်က ကံကောင်းပြီး ဧကရာဇ်များ၏ အမွေအနှစ်များကို ဆက်ခံရရှိပါက သူ၏ကံကြမ္မာက ပြောင်းလဲ သွားနိုင်ပေသည်။

သူ၏သားက ထိုအရာများအား ရရှိလိမ့်မည်ဟု ချင်ယွီက မျှော်လင့်သည်။ ကောင်းကင်တောင်ပေါ်မှ ခေါင်းလောင်းသံက ကံကောင်းမှုတစ်ခု၏ ခိုင်မာစွာ ယုံကြည်ထားသည်။ ကောင်းကင်တောင်က ချင်ပြည်ထောင်၏ ခေတ်သစ်ကို မြင်တွေ့ရတော့မည်။

ဖူယွန်ဓားကလန်၊ တော်ဝင် ချန်ကျောင်းတော်နှင့် တခြား အင်အားစုများကလည်း သူတို့၏ မျိုးဆက်များက ကံကောင်းမှု တစ်စုံတစ်ရာနှင့် တွေ့ကြုံမည်ကို မျှော်လင့်နေကြသည်။ ဤနည်းဖြင့် သူတို့က ချင်ပြည်ထောင်၏ ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်မည်။ အဓိက အင်အားစုသုံးခုက စစ်ပွဲစတင်သည်နှင့် တခြား အင်အားစုများကလည်း ပါဝင် ပတ်သက်ရသည်။

ရုတ်တရက် တန်ခိုးရှင်တစ်စု လေထဲမှ ပျံသန်းလာကာ ကောင်းကင်တောင်ခြေသို့ ရောက်လာသည်။ လေးနက်သော အမူအရာများဖြင့် သူတို့က ချင်ယွီထံသို့ လျှောက်လာကြသည်။

ချင်ယွီက သူတို့အား မြင်လျှင် မျက်မှောင်ကြုတ် လိုက်သည်…“ဘာလဲ…”

ထိုလူများက ခေါင်းငုံ့ကာ ချင်ယွီ၏ မျက်လုံးအား တိုက်ရိုက်ကြည့်ရဲခြင်း မရှိကြပေ။

ချင်ယွီက အေးစက်စွာ မေးသည်…“ပြောစမ်း….”

ထိုအုပ်စုက မြေပြင်တွင် ဒူးထောက်လိုက်ကြကာ တစ်ယောက်က ပြောသည်… “အရှင့်သား… ချင်လီနဲ့ ချင်မုံရိုတို့ရဲ့ စိတ်ဝိညာဉ် အမှတ်အသားက…. ပျောက်ကွယ်သွားပါတယ်….” ထိုစကားများက မိုးခြိမ်းသံအလား ချင်ယွီ၏ နားထဲကို ဝင်လာသည်။ ချင်ယွီ တုန်ယင်သွားကာ သူ့တစ်ကိုယ်လုံး အေးစက်မှုများ လွှမ်းခြုံလာသည်။

“မင်း ဘာပြောလိုက်တာလဲ….” ချင်ယွီက မြေပြင်တွင် ဒူးထောက် ထိုင်နေသော သူများအား အေးစက်စွာ ထပ်မေးသည်။

ထိုလူများက ဘာမှ ထပ်မပြောရဲတော့ဘဲ ခေါင်းကိုသာ ငုံ့ထားကြသည်။

ချင်လီကား သူ၏သားဖြစ်သလို သူ၏ ဆက်ခံသူလည်း ဖြစ်သည်။ တခြား တစ်ဖက်တွင် ချင်မုံရိုက သူ၏ညီမဖြစ်ကာ ဒွန်ဟွာကလန်မှ ချိန်ရှင်းမူနှင့် လောလောလတ်လတ် လက်ထပ်ထားသူ ဖြစ်သည်။

ယခု သူတို့နှစ်ယောက်လုံး သေဆုံးသွားသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset