Switch Mode

အပိုင်း (၃၅၁)

ကောင်းကင်တောင်မှ လေပြင်းများ

နှင်းဖွဲများ အကြားတွင် ချူယောင်ယောင်က သူမ၏ရှေ့မှ လူငယ်လေးအား ကြည့်နေဆဲဖြစ်သည်။ သူမက ဘယ်အချိန်ကစပြီး သူ့အား စတင်ကာ သဘောကျမိသွားလဲ မသိပေ။ ဟွာဂျီယူကြောင့် သူ့ကိုစတင် သတိထားမိခြင်းလည်း ဖြစ်နိုင်သည်။ ချင်ပြည်ထောင်၏ အိမ်ရှေ့စံ နှင်းအပ်ပွဲ အခမ်းအနားတွင် ချူယောင်ယောင်က သူ့အား ပထမဆုံး မြင်ဖူးခဲ့သည်။ သူမက ရှေးဟောင်း မြေရိုင်းဒေသတွင် ထိုမောက်မာသော စကားကို ပြောခဲ့သော၊ မှော်ဂီတပညာတွင် ချိန်ရှင်းမူအား အနိုင်ယူခဲ့သော ကော့တေး၏ တပည့်သစ်အား စမြင်ဖူးခဲ့သည်။

သူမက သူ့အပေါ် ချစ်ခင် နှစ်သက်မှုအား လိပ်မင်းတောင်တွင် သိရှိခဲ့ရသည်။ ပုံရိပ်ယောင်ထဲတွင် သူမ၏စိတ်ထဲတွင် ပေါ်လာသူကား ရီဖူရှင်းဖြစ်သည်။ ထိုအခိုက်တွင် သူမက သူ့အား အမှန်တကယ် ချစ်နေပြီ ဖြစ်သည်ကို သိလိုက်ရသည်။

သူမ၏အလှဆုံး အရွယ်တွင် သူမက မချစ်သင့်သောသူကို ချစ်မိသည်။ သူမ၏အချစ်က မူလကတည်းက မဖြစ်နိုင်ခဲ့ပေ။ ယနေ့ သူမက ထိုစကားများကို အဘယ်ကြောင့် ပြောဖြစ်ခဲ့သည်ကို သူမကိုယ်သူမပင် မသိပေ။ သူမက သူ့မျက်လုံးထဲမှ လူသတ်လိုသော ငွေ့အသက်ကို ခံစားမိသောအခါ နောင်တွင် ပြောခွင့် မကြုံတော့မည်ကို စိုးရိမ်သောကြောင့် ပြောဖြစ်ခဲ့သည် ထင်၏။

ရီဖူရှင်းကလည်း ချူယောင်ယောင်အား ကြည့်သည်။ သူက ထိုမိန်းကလေးကား သဘောမကျသော်လည်း သူမ၏အလှကို ဝန်ခံရသည်သာ။ မည်သို့ဆိုစေ သူမကား အလှဆုံး မိန်းကလေး သုံးယောက်ထဲက တစ်ယောက် မဟုတ်ပါလား။ နှင်းဖွဲများက သူမ၏ချစ်စဖွယ် မျက်နှာလေးကို ကျဆင်းနေရာ သနားစရာ ကောင်းလှသော သူမ၏ အမူအရာက လူတိုင်း၏ နှလုံးသားကို အရည်ပျော်နိုင်စွမ်း ရှိသည်။ သို့တိုင်အောင် သူက သူမအား သဘောမကျနိုင်သေးပေ။ သူတို့နှစ်ယောက်က မူလကတည်းက အဆက်အဆံ သိပ်ရှိသည် မဟုတ်သလို သူမက ဟွာဂျီယူနှင့်လည်း ကတောက်ကဆ ဖြစ်ထားသေးသည်။ ထို့အပြင် သူမက ချင်လီ၏ ချစ်သူဖြစ်၏။

ရီဖူရှင်းက နှင်တံအား တင်းတင်း ဆုပ်ကိုင်သည်။ သူ၏ခန္ဓာကိုယ်မှ အားအင်များက စတင် ယုတ်လျော့လာပြီ ဖြစ်သည်။ ချူယောင်ယောင်အား ယခုမသတ်လျှင် နောက်ထပ် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

သူက နှင်တံအား ဖြည်းညင်းစွာ မြှောက်လိုက်သည်။ သူ၏ အပြုအမူကို မြင်လျှင် ချူယောင်ယောင်၏ မျက်လုံးထဲတွင် နာကျင်မှုတချို့ကို မြင်ရသည်။ သူမက နာကျင်စွာ တစ်ချက် ပြုံးလိုက်ကာ မျက်လုံးများအား မှိတ်လိုက်သည်။

ငါက တကယ်ပဲ ဒီလောက် သနားစရာ ကောင်းနေပြီလား….။

ရီဖူရှင်းက နှင်တံအား မြှောက်လိုက်သော်လည်း နှလုံးသား ကွဲအက်နေသော အကြည့်အား မြင်လျှင် သူ တွန့်ဆုတ်မိသည်။ အဝေးမှ ခြေသံတချို့ကို ကြားရ၏။ ရီဖူရှင်းက ထိုအရပ်ကို လှမ်းကြည့်ကာ ချူယောင်ယောင်အား ကြည့်သည်။

“အားလုံးကို မေ့လိုက်တော့…” ရီဖူရှင်းက တိုးညင်းစွာ ပြောသည်။ ထို့နောက် သူက မြေပြင်တွင် ထိုင်ကာ သူ၏အရှိန်အဝါအား ဖြည်းညင်းစွာ ရုပ်သိမ်းသည်။ တောက်ပ လင်းလက် နေသော ဧကရာဇ် အရောင်အဝါများ မှေးမှိန် ပျောက်ကွယ် သွားသည်။ ရီဖူရှင်းက မဆုံးနိုင်သော မောပန်းမှုကို ခံစားရကာ ထိုနေရာတွင်ပင် အိပ်ပစ်ချင်စိတ် ဖြစ်ပေါ်လာ၏။

သူ ထိန်းချုပ်နိုင်သည်ထက် လွန်ကဲစွာ အားကောင်းသော ဧကရာဇ် အသိအား အဆုံးစွန်အထိ မြှင့်တင်ခဲ့ခြင်းက သူ၏အားအင်များကို လျင်မြန်စွာ ကုန်ဆုံးစေသည်။ ထိုစွမ်းအင်က သူ့အား လွန်စွာ ကြောက်မက်ဖွယ် ကောင်းသော တိုက်ခိုက်ရေး စွမ်းရည်အား ပေးသော်လည်း ထိုစွမ်းအင် ပျောက်ကွယ် သွားပြီးလျှင် ဘယ်သူမဆို သူ့အား သတ်လို့ရပေသည်။

ချင်လီအား သတ်ခြင်းက သူ့အတွက် လွန်စွာ စွန့်စားရာ ကျသော်လည်း သူလုပ်ခဲ့သည်။ လျိုနိုင်ငံ၏ပျက်စီးမှု၊ လျိုချန်းယွီနှင့် လျိုဖေးယွန်တို့၏ နာကျင်ခံစားရမှုတို့က ချင်လီအား သတ်ရန် လုံလောက်သော အကြောင်းပြချက် ဖြစ်သည်။ ကောင်းကင် တောင်ပြင်ပတွင် ချင်လီအား သတ်ရန် လွန်စွာ ခက်ခဲပေသည်။ ထို့ကြောင့် ရီဖူရှင်းက တွန့်ဆုတ်ခဲ့ခြင်း လုံးဝ မရှိပေ။

ချူယောင်ယောင်က မျက်လုံးကို ဖွင့်ကာ မြေပြင်တွင် ထိုင်နေသော သူ့အား ကြည့်သည်။ ထိုအခိုက်တွင် သူမက မည်သို့ ခံစားရသည်ကို ဖော်ပြနိုင်စွမ်းပင် မရှိပေ။

အဝေးမှ နှင်းဖွဲများအကြား လေတိုးသံနှင့်အတူ အနက်ရောင် သတ္တဝါဆန်း တစ်ကောင် ပျံသန်းလာသည်။ ထိုအရာက မျက်လုံးများ နီရဲနေသော သိမ်းငှက်နက်ဖြစ်သည်။ သူ၏အတောင်ပံများအား ကြမ်းတမ်းစွာ ခတ်လျက် သူက ရီဖူရှင်းအနီးကို ကပ်သွားသည်။ ထို့နောက် အနီးမှ ချူယောင်ယောင်အား ကြည့်သည်။

ရီဖူရှင်းက စိတ်ဝိညာဉ် ဆက်နွှယ်မှုကိုသုံးလျက် သိမ်းငှက်နက်အား ဤနေရာကို ခေါ်ခဲ့ခြင်းဖြစ်သည်။ ချင်လီအား သတ်ပြီးသည်နှင့် သူ့စွမ်းအင်များ ကုန်ခန်းသွားမည်ကို သူက ကြိုတွက်ပြီးဖြစ်ရာ သူအားပြတ်နေသော အခိုက်တွင် တစ်စုံတစ်ယောက်က သူ့အား ကာကွယ်ပေးရန် လိုပေသည်။

နှင်းမုန်တိုင်းအထဲမှ တစ်ယောက်ပြီး တစ်ယောက် ထိုနေရာကို ရောက်လာကြသည်။ ဒွန်ဟွာကလန်၊ ဓားသခင်တောင်၊ ကျောင်းတော်၊ တော်ဝင်ချန်ကျောင်းတော်၊ လို့လန်ရွှီ၊ ယူချင်း၊ ရီဝူချင်းနှင့် ပေ့ထင်ရှင်းအာတို့ အားလုံး ရောက်လာကြသည်။

သူတို့က ရှေ့မှ မြင်ကွင်းကို မြင်တွေ့ရလျှင် ကြီးစွာသော ထိတ်လန့်ခြင်း ဖြစ်ရ၏။ သူတို့၏အရှေ့တွင် လူငါးယောက် ရှိသည်။ တစ်ယောက်က ရပ်နေကာ တစ်ယောက်က ထိုင်နေသည်။ နောက်သုံယောက်က မြေပြင်တွင် လဲလျောင်း နေကြသည်။ သိသာစွာပင် လဲလျောင်းနေသော သူသုံးယောက်က သေဆုံးသွားပြီး ဖြစ်သည်။

မြေပြင်ပေါ်တွင် လဲလျောင်းနေသူ သုံးယောက်မှာ အမှန်တကယ်ပင် ချင်လီနှင့် ချင်ပြည်ထောင်မှ အဆင့်မြင့် အကာနာတန်ခိုးရှင် နှစ်ယောက်ဖြစ်သည်။

ဒွန်ဟွာကလန်နှင့် ဖူယွန်ဓားကလန်က ထိုမြင်ကွင်းကို မြင်လျှင် သူတို့၏ မျက်နှာများ ပြာနှမ်းသွားကြသည်။ မည်သို့ဆိုစေ သူတို့က ချင်ပြည်ထောင်နှင့် မဟာမိတ်များ ဖြစ်ကြသည်။ ချင်လီက သူတို့၏ရှေ့တွင် သေဆုံးသွားခြင်းက သူတို့အား မည်မျှ ထိတ်လန့်စေသည်ကို တွေးကြည့်နိုင်သည်။ ချင်ပြည်ထောင် အိမ်ရှေ့စံမင်းသား၏ သားက ကောင်းကင်တောင်တွင် သေဆုံးခဲ့သည်။ ကောင်းကင်တောင်တွင် ဖြစ်ပျက်သမျှထဲတွင် အဆိုးရွားဆုံး ကိစ္စဟု ပြော၍ ရသည်။ ဤကိစ္စ၏ အကျိုးဆက်က မည်သို့လာမည်ကို ဘယ်သူမှ မပြောနိုင်ပေ။ သို့သော် ရီဖူရှင်းက မည်သို့ လုပ်ခဲ့သနည်း။

သူတို့က မြေပြင်ပေါ်တွင် ထိုင်နေသော လူငယ်အား ကြည့်လိုက်ကြသည်။ ထိုအခိုက်တွင် ရီဖူရှင်း၏ မျက်နှာက လွန်စွာ ဖြူလျော့နေကာ ပင်ပန်းနေပုံရသည်။ သိသာစွာပင် သူက တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။ သို့သော် သူ့ခန္ဓာကိုယ်တွင် ဒဏ်ရာအနာတရ လုံးဝ မရှိပေ။ သူက ချင်လီကို မည်သို့ သတ်ခဲ့သနည်း။

ဤနေရာတွင် ချင်လီ တစ်ယောက်တည်းသာဆို သူတို့က သည်ရလဒ်အား လက်ခံမိမည် ဖြစ်သည်။ သို့သော်လည်း ချင်လီအပြင် သူ့ထံတွင် ချင်ပြည်ထောင်မှ အဆင့်မြင့် အကာနာ တန်ခိုးရှင် နှစ်ယောက်လည်း ရှိသေးသည်။

မှန်သည်… လက်ရှိ အခြေအနေတွင် ရီဖူရှင်းက ချင်လီအား မည်သို့ သတ်ခဲ့သည်ကို လေ့လာစုံစမ်းရန် အချိန်မရှိပေ။

“မဟုတ်ဘူး….” သူတို့နောက်မှ နောက်တစ်ယောက် ရောက်လာသည်။ သူမကား ချင်ပြည်ထောင်၏ မင်းသမီး ချင်မုံရိုဖြစ်သည်။ အရှေ့မြေရိုင်းဒေသ၏ နောက်ထပ် မိန်းမလှတစ်ဦး ရောက်ရှိလာသည်။

ချင်မုံရိုက ရှေ့ကို တက်လာသည်။ သူမက အလောင်း သုံးလောင်းအား ကြည့်ကာ ရီဖူရှင်းနှင့် ချူယောင်ယောင်အား အေးစက်စွာ ကြည့်သည်… “မင်းက သူ့ကို ဘာလို့ မသတ်ခဲ့တာလဲ….” သူမက ချူယောင်ယောင်အား ပြောနေခြင်း ဖြစ်သည်။

ထိုအခိုက်တွင် ယူချင်း၊ ရီဝူချင်းနှင့် တခြားလူများ အားလုံးက ရီဖူရှင်းရှေ့တွင် ရပ်ကာ ကာကွယ်ထားကြပြီး ဖြစ်သည်။ သို့သော်လည်း ထိုနေရာတွင် မူလကတည်းက ရီဖူရှင်းနှင့် ချူယောင်ယောင်တို့ နှစ်ယောက်သာ ရှိသည်ကို အားလုံးက မြင်သည်။ ရီဖူရှင်းက တိုက်ခိုက်ရန် စွမ်းရည်မရှိတော့ရာ ချူယောင်ယောင်က ဘာကြောင့် သူ့အား မသတ်ခဲ့သနည်း။

ချူယောင်ယောင်က ဘာမှ ပြန်မပြောပေ။ သူမက ဘာပြောနိုင်မည်နည်း။

အမှန်တကယ်အားဖြင့် ရီဖူရှင်းက သူမအား မသတ်ခဲ့ခြင်း ဖြစ်သည်။

“ရှင်တို့က ဒီလိုပဲ ကြည့်နေကြတော့မှာလား….” ချင်မုံရိုက လူအုပ်အား ကြည့်ကာ အေးစက်စွာပြောသည်…“သူ့ကိုသတ်….”

ထိုအခိုက်တွင် လူတိုင်း၏ စိတ်အတွေးထဲကို လူသတ်လိုသော အငွေ့အသက်များ ဖုံးလွှမ်းလာသည်။ သူတို့အားလုံးအား ကောင်းကင်တောင်၏ မကောင်းဆိုးဝါးစိတ်က လွှမ်းမိုးထားရာ ချင်မုံရို၏စကားကို ကြားသည်နှင့် သူတို့၏ ကိုယ်ရောင် ကိုယ်ဝါများအား ထုတ်လွှတ်လိုက်ကြသည်။ ချင်လီက ရီဖူရှင်း၏သတ်ဖြတ်ခြင်းကို ခံရရာ စစ်က ရှောင်ဖယ်၍ မရတော့ပေ။ လက်ရှိတွင် မည်သူမှ ဘေးကင်းမည် မဟုတ်တော့ပေ။

ချင်လီက သူတို့၏ မျက်လုံးရှေ့တွင် သေဆုံးသွားရာ သူတို့က ရီဖူရှင်းအား မတိုက်ခိုက်ဘဲ မည်သို့ နေရမည်နည်း။ ချင်လီ သေဆုံးသွားသည်ကို သိလျှင် ချင်ယွီ မည်မျှ ပေါက်ကွဲမည်ကို ဘယ်သူမှ မသိပေ။ ချင်ယွီက ချင်လီအား သူ၏ဆက်ခံသူအဖြစ် သတ်မှတ်ထားသည်ကို လူတိုင်းက သိသည်။ သူက ချင်လီအား သူ့ကိုယ်စား တာဝန်များစွာကိုပင် လွှဲပြောင်း စေခိုင်းခဲ့သည်။ ထို့ကြောင့် ချက်ချင်းပင် တန်ခိုးရှင် အများအပြားက ရီဖူရှင်းထံ ပြေးဝင် သွားကြသည်။

လက်ရှိ နှစ်ဖက်လုံး၏ အင်အားက တူညီသလို ရှိသော်လည်း တိုက်ခိုက်ရန်ထက် တစ်စုံတစ်ယောက်အား ကာကွယ်ရန် အမှန်ခက်ခဲပေသည်။ ရီဖူရှင်းက တိုက်ခိုက်နိုင်သော စွမ်းအား မရှိပေ။ ထို့ကြောင့် မှော်တိုက်ကွက် တစ်ခုကပင် သူ့အား သတ်နိုင်သည်။ ထို့ကြောင့် ရီဖူရှင်းအား သတ်ရန် မခက်ပေ။

ကျောင်းတော်၊ ဓားသခင်တောင်နှင့် တခြား လူများအားလုံးက ရီဖူရှင်း၏ရှေ့တွင် ရပ်ကာ အဆင်သင့် ပြင်ထားကြသည်။ မကြာမီ တိုက်ပွဲ စတင်ဖြစ်ပွားတော့သည်။ လူတိုင်းက အတန်ကြာက တိုက်ခိုက်ခဲ့သော ပြိုင်ဘက်များနှင့် ယှဉ်ပြိုင် တိုက်ခိုက်ကြသည်။

ဓားတစ်လက်က နှင်းဖွဲများအား ဖြတ်ကျော်လျက် ရီဖူရှင်းထံ တိုးဝင်လာသည်။ ရီဝူချင်းက ပြေးထွက်သွားကာ တိုးဝင်လာသော ဓားချက်အား ကာကွယ်လိုက်သည်။

ချီဟောင်က မူလကတည်းက ရီဝူချင်း၏ အကူအညီကို မျှော်လင့်ထားပြီးသား ဖြစ်သည်။ သူက ဓားကို ဝှေ့ယမ်းလျှင် ကောင်းကင်တွင် ဓားပုံရိပ်များဖြင့် ပြည့်သွားသည်။

ရီဝူချင်းကလည်း သူ့ရှေ့တွင် ဓားအရံအတားတစ်ခု ဖန်တီးသည်။

ချီဟောင်က သူ၏ရန်သူအား အေးစက်စွာ ကြည့်သည်။ သူ၏ ဓားအား ချောမွေ့စွာ ဝှေ့ယမ်းသည်။ သူ၏ ဓားချက်တိုင်းက လေဟာနယ်ထဲ အားလှိုင်းတစ်ခုကို ဖန်တီးသည်။ မကြာမီ ဓားမုန်တိုင်းထဲတွင် မရေမတွက်နိုင်သော ဓားများ ပေါ်လာသည်။ ထိုတိုက်ကွက်ကား လွန်စွာ အားကောင်းသော ဓားချက်ဖြစ်သော အိုက်ထို ဖြတ်တောက်ချက် ဖြစ်သည်။

အိုက်ထိုဖြတ်တောက်ချက်က ကောင်းကင်တစ်ခွင် ပြည့်နှက်သွားလျှင် ရီဝူချင်း၏ ဓားအရံအတားက တဖြည်းဖြည်း ပျက်စီးသွားသည်။ ရီဝူချင်း၏ ဓားအရံအတားက လုံးဝ ပျက်စီးသွားလျှင် ရီဝူချင်းကလည်း အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားနိုင်ပေသည်။

ဓားအရံအတားအောက်တွင် ရီဝူချင်းက တည်ငြိမ်စွာ ကြည့်သည်။ မဆုံးနိုင်သော ဓားအသိများက သူ့ခန္ဓာကိုယ်အား စီးဆင်းသွားလျှင် သူကိုယ်တိုင်က ဓားတစ်လက် ဖြစ်သွားသည်။ သူက ဓားခန္ဓာကိုယ်အား လေ့ကျင့်ရာ ထိုအရာက ပုံမှန်ဖြစ်သည်။

ဝှစ်…

ရီဝူချင်းက ခုခံမှုကို ရပ်တန့်လိုက်ကာ အမှန်တကယ်ပင် ဓားအလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲသွားသည်။ အိုက်ထို ဓားချက်များကို ဖြတ်ကျော်လျက် သူက ချီဟောင်ထံသို့ တိုက်ရိုက် တိုးဝင်သွားသည်။

“ဘယ်လောက် မိုက်မဲသလဲ….” ချီဟောင်၏ အကြည့်က လွန်စွာ အေးစက်နေသည်။ ရုတ်တရက် ရီဝူချင်း၏ မျက်လုံးမှ ကြောက်မက်ဖွယ် ကောင်းသော ဓားအသိတစ်ခု ထွက်ပေါ်လာသည်။ သူက ကောင်းကင်ဓား မျက်လုံးနည်းစနစ်ကို ထုတ်လွှတ်လျှင် ချီဟောင်၏ မြင်ကွင်းထဲကို ဓားတစ်လက် ဝင်ရောက်လာသည်။

ချီဟောင်က သူ၏မျက်လုံးအား ချက်ချင်း ပိတ်လိုက်သော်လည်း သူ၏လှုပ်ရှားမှုများက ရပ်တန့်သွားခြင်း မရှိပေ။ ရီဝူချင်းထံသို့ ကွန်ချာအလား တိုးဝင်သွားသော အိုက်ထို ဖြတ်တောက်ချက်များအား အဆက်မပြတ် ထုတ်လွှတ်သည်။ ထိုဓားက ကောင်းကင်ဓားမျက်လုံးမှ ဖန်တီးလိုက်သော ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်သည်ကို သူသိသည်။ ရီဝူချင်းက သူ့ထံသို့ ထိုနည်းဖြင့် တိုးဝင်လာပါက သူ့သေသွင်းကိုသူ တူးခြင်း ဖြစ်ပေသည်။

ဓားသမားနှစ်ယောက် ရင်ဆိုင်တွေ့ခြင်း၏ ရလဒ်က အတွေးတစ်ချက် အပေါ် မူတည်ပေသည်။

ရီဝူချင်းက ဓားကွန်ချာအား ဖြတ်ကျော်လျက် တိုးဝင်လာသည်။ သူက လိပ်မင်းတောင်တွင် လေ့ကျင့်စဉ်က မြင်ကွင်းကို ပြန်လည် သတိရမိသည်။ သူက သူ့ဓားချက်က လေကတစ်ခုလုံးတွင် တစ်ခုတည်းသော ကျန်သည့်အရာကဲ့သို့ ရှေ့ကို တိုးဝင်သွားသည်။ သူကိုယ်တိုင်က ဓားတစ်လက်အလား ပြောင်းလဲသွားဟန် ရသည်။ ဓားချက်များစွာက သူ့ခန္ဓာကိုယ်အား ဖြတ်ကျော် သွားသော်လည်း သူက ဘာမှ ခံစားရဟန် မရပေ။ သူက ဓားကွန်ချာအား ဖြတ်ကျော်သွားပြီး သူ့နဖူးမှ အလင်းတန်းတစ်ခု လင်းလက်သွားသည်။

ထိုအခိုက်တွင် ချီဟောင်က သူ၏စိတ်နယ်ပယ်ထဲကို ဓားတစ်လက် တိုးဝင်လာသည်ကို မြင်ရသည်။ ထို့နောက် သူ၏အမူအရာက ပြောင်းလဲသွားကာ သူ၏မျက်လုံးများအား ဖွင့်လိုက်သည်။ ထိုအခိုက်တွင်ပင် ငွေရောင် အလင်းတန်းက သွေးစတချို့နှင့်အတူ သူ့အား ဖြတ်ကျော်သွားသည်။

ချီဟောင်၏နဖူးက ထွင်းဖောက်ခံရသည်။ သူက မျက်လုံများ ပြူးကျယ်လျက် ရီဝူချင်းအား ကြည့်ပြီးမှ မြေပြင်ပေါ်သို့ ပြိုလဲကျသည်။

ရီဝူချင်းက နောက်လှည့်သည်။ သူ၏ခန္ဓာကိုယ်အား တရွတ်တိုက်ဆွဲလျက် သူက ဖူရှင်းထံကို လျှောက်သွားသည်။ သူ၏ခန္ဓာကိုယ်ရှိ ဒဏ်ရာများမှ သွေးများ အဆက်မပြတ် စီးကျနေသည်။ နောက်ဆုံးတွင် ရီဝူချင်းက ရီဖူရှင်းဘေးတွင် ခက်ခဲစွာထိုင်သည်။ သူတို့က အတူတူထိုင်ကာ တစ်ယောက်ကို တစ်ယောက် ပြုံးလျက် ကြည့်ကြသည်။

“ကျေးဇူးပဲ….” ရီဝူချင်းက ပြောသည်။ သူက ဘာကို ရည်ရွယ်သည်ကို ရီဖူရှင်း သိသည်။ ချင်လီ၏သေဆုံးခြင်းကို သူက ကျေးဇူးတင်ခြင်း ဖြစ်သည်။

ရီဝူချင်းက ကိုယ်တိုင် လက်စားချေရမည် ဖြစ်သော်လည်း ရီဖူရှင်းက သူ့အတွက် လုပ်ခဲ့သည်။ သူက ကောင်းကင်တောင်တွင် ချင်လီအား သတ်ခဲ့သည်။

“ငါတို့က ညီအစ်ကိုတွေပဲ….” ရီဖူရှင်းက တိုးညင်းစွာ ပြောသည်။ ရီဝူချင်းက ခေါင်းညိတ်ကာ ရှေ့မှ တိုက်ပွဲကို ကြည့်သည်။

လေပြင်းများက တိုက်ခတ်နေဆဲ ဖြစ်ကာ ကောင်းကင်တွင် နှင်းများ ထူထပ်စွာ ကျဆင်းနေ၏။ ကောင်းကင်တောင် တစ်ခုတွင်သာ သိပ်သည်းသော နှင်းများက တစ်ခါမှ ရပ်တန့်ဟန် မရှိပေ။

***


Comment

Leave a Reply

Options

not work with dark mode
Reset