Switch Mode

အခန်း ( ၈၁ )

ကြွေပုလင်းတစ်လုံးကို အရင်းခံ၍

“ ဒီနေရာလား ”

“ ဟုတ်တယ်… ချန်နေရာကို နောက်သုံးလက်မလောက် ထပ်ရွှေ့လိုက်။ မန္တန်အစီအရင်ရဲ့ အောက်ခြေက တောင်ဘက်ကို မျက်နှာလှည့်နေရမှာ။ မြေအောက်ကို သုံးလက်မဝင်ရမယ် ”

“ ငါတွေ့ပြီ…အာ..ဟေး… ”
ကျိုးကျိုးသည် အခန်းအောင်ကျင့်ကြံရာမှ ထွက်လာသည်မှာ သုံးလပြည့်ပြီးနောက် လူသုံးဦးသည် ချုံတောင်လေးရှိ ဆေးဖော်ဆောင်အပြင်တွင် အလုပ်ရှုပ်နေကြ၏။ လီချန်ရှို့သည် ညွှန်ကြား၍ လင်းအယ်သည် ဘေးမှကူပေးနေသည်။ ကျိုးကျိုးမှာမူ အလုပ်မျိုးစုံလုပ်နေရ၏။ သူမသည် မန္တန်အစီအရင်များအတွင်းမှ စိတ်တန်ခိုးများကို ဖိနှိပ်ခြင်း၊ နေရာအနှံ့တွင် မန္တန်အစီအရင်များ မတည်မငြိမ်ဖြစ်နေမှုကို ထိန်းချုပ်ခြင်း၊ မန္တန်အစီအရင်များ၏ အောက်ခြေကို စစ်ဆေးခြင်းနှင့် ဆင်ပြီးသွားသည့် မန္တန်အစီအရင်များကို နတ်တန်ခိုးဖြင့် လွှမ်းခြုံခြင်းတို့ ပြုလုပ်နေရလေသည်။ ထို့သို့ပြုလုပ်ပြီး‌နောက် မန္တန်အစီအရင်များ၏ အောက်ခြေကို မြေအောက်ထဲတွင် ဖြည်းဖြည်းချင်းမြှုပ်လိုက်၏။

ဤလုပ်ငန်းစဉ်တွင် အမှားအယွင်းမရှိနိုင်ပေ။

မန္တန်အစီအရင်များ၏ အောက်ခြေကို မြှုပ်ပြီးသွားသောအခါ ကျိုးကျိုးသည် အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး သစ်ပင်ပင်စည်တစ်ခုကို မှီ၍ ဟောဟဲလိုက်နေလေသည်။

“ ဘယ်နှစ်ခုလောက် ကျန်သေးလဲ ”
လီချန်ရှို့သည် သူ၏ ရတနာအိတ်ကိုကြည့်လိုက်သည်။ မန္တန်အစီအရင် သုံးပုံတစ်ပုံစာကျန်သေးရာ ခြောက်ဆယ်ခန့်ကျန်သေး၏။

သို့ရာတွင်…

သူသည် ကျိုးကျိုးကို အကူအညီတောင်းခြင်းမှာ အမည်ခံသာဖြစ်၍ သူမကို အနည်းငယ်သာ ဆင်ခိုင်းလိုခြင်းဖြစ်သည်။ သူမကို မန္တန်အစီအရင်အကုန်လုံးကို ဆင်ခိုင်းရန်မလိုပေ။

အမှန်တွင် ယခုဆင်နေသော မန္တန်အစီအရင်များကိုလည်း ပြီးလျှင် သူ အနည်းငယ်ပြန်ပြင်ရမည်သာဖြစ်၏။

လီချန်ရှို့ က ပြုံး၍ ပြောလိုက်သည်။
“ သုံးခုပဲကျန်တော့တာပါ။ ကျေးဇူးတင်ပါတယ်…ဆရာဒေါ်လေး ”
သူမသည် သုံးခုသာကျန်တော့သည်ဟု ကြားလိုက်သောအခါ သူမ၏ မျက်လုံးများတွင် ကပ်‌ဘေးတစ်ခုကို ကျော်လွှားသွားနိုင်သဖြင့် စိတ်အေးသွားဟန်အရိပ်အယောင်များပေါ်လာလေသည်။
“ နောက်ဆုံးတော့လည်း… လနည်းနည်းတောင်ကြာသွားပြီ။ ငါပြီးတော့မှာပဲ ”

ဘေးတွင် ရပ်နေသော လင်းအယ်သည် လီချန်ရှို့၏ မျက်နှာထားကိုကြည့်၍ အစ်ကိုကြီးတစ်ယောက် အခြားအကြံရှိနေကြောင်း သိလေ၏။
‘ အစ်ကိုကြီးက ဆရာဒေါ်လေးရဲ့အကူအညီကို မယူဘဲ မန္တန်အစီအရင်တွေကို ဆင်နိုင်နေပြီလား ’

ကျိုးကျိုးသည် ဝိညာဉ်သေရည်ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။ တဂျွတ်ဂျွတ်ဝါးစားပြီးသောအခါ သူမသည် အားအင်များ ပြန်ပြည့်လာ၏။
“ တစ်ခါတည်း အပြီးဆင်ကြတာပေါ့ ”

ကျိုးကျိုးသည် ခုန်ထ၍ မန္တန်အစီအရင် အောက်ခြေများကို မြှုပ်ရမည့် နောက်တစ်နေရာသို့ လျင်မြန်စွာသွားလိုက်လေသည်။

လင်းအယ်သည် သူမ၏ ဆံပင်ကိုသပ်၍ ရယ်လိုက်သည်။ သူမသည် ဝါးခြင်းလေးကိုကောက်၍ အနောက်မှလိုက်သွားလိုက်သည်။
“ ဆရာဒေါ်‌လေး… သစ်သီးနည်းနည်းစားပြီး အနားယူပါဦး ”

“ လင်းအယ်လေးက အရမ်းသိတတ်တာပဲ မင်းရဲ့အစ်ကိုကြီးလိုမဟုတ်ဘူး။ မင်းအစ်ကိုကြီးကတော့ သူ့အလုပ်တွေကို ဘာမှမလုပ်ဘဲ ငါ့ကိုပဲ ဟိုလာလေးလုပ် ဒီဟာလေးလုပ်ဆိုပြီး အမိန့်ပေးနေတာ ”

“ အစ်ကိုကြီးက ချုံတောင်လေးရဲ့ လုံခြုံရေးအတွက် လုပ်နေရတာပါ။ ကျေးဇူးတင်ပါတယ်…ဆရာဒေါ်လေး။ လင်းအယ် ပခုံးတွေ နှိပ်ပေးမယ် ”

“ အာ… ဘယ်ဘက်နည်းနည်းတိုးနှိပ်… ငါတို့နှစ်ယောက်လုံးရဲ့ ဘဝတွေက ခက်ခဲတာပဲ ”
လင်းအယ်နှင့် ကျိုးကျိုးတို့သည် ရယ်မောလိုက်ပြီး တောအုပ်အပြင်ကို ထွက်သွားလိုက်သည်။

လီချန်ရှို့သည် သူတို့နောက်မှ ဖြည်းဖြည်းချင်းလိုက်သွား၏။ သူသည် မန္တန်အစီအရင်နှိုးရန် ကိစ္စများနှင့် ဆက်စပ်မန္တန်အစီအရင်၏ သဘောတရားများအား ပြီးပြည့်စုံအောင်မည်သို့လုပ်ရမည်များကို တွေးတောနေလေသည်။

သူတို့သည် နေ့ဝက်ခန့် ထပ်၍ အလုပ်လုပ်လိုက်ကြသည်။ နေဝင်ချိန်တွင် ကျန်နေသေးသော မန္တန်အစီအရင်အောက်ခြေသုံးခုကို မြှုပ်ပြီးခဲ့လေပြီ။

ကျိုးကျိုးသည် အလုပ်ပြီးသွားသောအခါ အခြားလူတစ်ယောက်ကဲ့သို့ ဖြစ်သွား၏။ သူမသည် စိတ်တက်ကြွနေလေသည်။ သူမသည် ‘နတ်ဘုရားများနှင့်တိုက်ခိုက်ခြင်း’ ကိုဆော့ရန် လင်းအယ်နှင့် လီချန်ရှို့ကို ကောက်ရိုးတဲသို့ ဆွဲခေါ်သွား၏။

လီချန်ရှို့သည် ရင်ထဲမှနေ၍ သက်ပြင်းသဲ့သဲ့ချလိုက်သည်။ မန္တန်အစီအရင်များကို အချိန်ယူ၍ အသေးစိတ်ပြန်ပြင်ရဦးမည်ဖြစ်၍ သူအလျင်မလိုပေ။

လီချန်ရှို့သည် သစ်တောအတွင်းမှ ထွက်သွားသောအခါ ရှုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။

‘ ဒါက… ’
လီချန်ရှို့သည် သူ့ရှေ့တွင် မြူးတူးခုန်ပေါက်၍ သွားနေသော ညီမလေးနှင့် ဆရာဒေါ်‌လေးတို့ကို ကြည့်လိုက်သည်။ သူသည် လက်ယာလက်ကို အင်္ကျီလက်အတွင်းထည့်၍ လက်ချောင်းများကို ထိကာ ချက်ချင်း တွက်ချက်လိုက်သည်။ လျင်မြန်စွာပင် သူတစ်စုံတစ်ခုကို သဘောပေါက်သွား၏။

သူကျိုးဝူကို ပေးလိုက်သော ကြွေပုလင်းအတွင်းမှ ဆေးလုံးများကို ထုတ်လိုက်ပေပြီ။ ထိုကြွေပုလင်းသည် သာမန်ကြွေပုလင်းမဟုတ်ပေ။ ၎င်းသည် နတ်ဆေးလုံးများကို အာနိသင်မပြယ်သွားစေရန် ထိန်းသိမ်းပေးထားနိုင်သော ဓမ္မရတနာတစ်ခုဖြစ်သည်။

လီချန်ရှို့သည် ထိုကြွေပုလင်းတွင် တံဆိပ်တော်နှစ်ခု ရိုက်နှိပ်ထားပြီး သူ၏ စိတ်အာရုံတချို့ကိုလည်း ထည့်သွင်းထား၏။ အကယ်၍ ထိုကြွေပုလင်းအတွင်းမှ ဆေးလုံးများကို ထုတ်လိုက်လျှင် သူအာရုံခံမိမည်ဖြစ်၏။
‘ ဘာဖြစ်နေတာလဲ… ’

‘ ဆရာဦးလေးကျိုးဝူ ဒီ နတ်ဝိညာဉ်ဆွေးမြေ့ဆေးလုံးကို အန္တရာယ်ကြုံလို့ ထုတ်လိုက်တာလား… ’

‘ ဒါမှမဟုတ် ဆရာဦးလေးကျိုးဝူက ဆေးလုံးကို တခြားသူတွေကိုပြဖို့ ထုတ်လိုက်တာလား… ’
ကြွေပုလင်းသည် လွတ်ကျ၍ကွဲသွားနိုင်သည့် ဖြစ်နိုင်ချေကိုလည်း သူချန်ခဲ့၍ မရပေ။
‘ ဆရာဦးလေးကျိုးဝူက တစ်ခါတလေ မယုံရပေမယ့် သူအပြင်ကိုသွားတိုင်းတော့ သတိကြီးကြီးထားတာပါပဲ ’

‘ မဟုတ်ရင် ဂိုဏ်းကလည်း သူ့ကို ဒီလို အရေးကြီးတဲ့ ကျောင်းတော်သုံးကျောင်းက ဂိုဏ်းတွေတွေ့ဆုံဖို့ ဆွေးနွေးပွဲကို လွှတ်မှာမဟုတ်ဘူး။ ဆရာဦးလေးက သတိရှိပြီး ပါးနပ်လို့သာ သူ့ကိုလွှတ်လိုက်တာ… ’

‘ ဆရာဦးလေးကျိုးဝူ ကိစ္စတစ်ခုခုတော့ ကြုံနေရပြီထင်တယ်… ’

‘ အလယ်ကျွန်းက ဒီနေရာနဲ့ တော်တော်လေးဝေးတယ်။ ငါချက်ချင်း ဘာမှလုပ်လို့ မရဘူး ’
လီချန်ရှို့ ခေါင်းထဲတွင် အကြံတစ်ခုလက်သွား၏။

သူအော်ခေါ်လိုက်သည်။
“ ဆရာဒေါ်လေးကျိုး… ”

“ အာ… ဘာလဲ… ဒီကိုလာပြီး ပျော်ပျော်နေစမ်းပါ… ဟီးဟီးဟီး… ”

လီချန်ရှို့သည် ချောင်းဟန့်၍ ကျိုးကျိုးကို လေးလေးနက်နက်ပြောလိုက်သည်။

သူ၏ စကားကို ကြားပြီးသောအခါ ကျိုးကျိုးနှင့် လင်းအယ်တို့၏ မျက်နှာထားများ ပြောင်းလဲသွားကြသည်။

ကျိုးကျိုးသည် မယုံနိုင်ဟန်ဖြင့် မေးလိုက်၏။
“ တကယ်ကြီးလား… ”

“ တကယ်ပါ…”
လီချန်ရှို့သည် တည်တည်ငြိမ်ငြိမ်် ခေါင်းညိတ်ပြလိုက်သည်။

“ ဒါဆို… ”
ကျိုးကျိုးသည် မျက်တောင်ခတ်၍ ပြောလိုက်၏။ သူမသည် လက်မြှောက်ကာ သူမ၏ ပါးလွှာသော နားရွက်လေးကို ကိုင်လိုက်၏။
“ မင်းမနေ့က ငါ့အစ်ကိုငါး အန္တရာယ်နဲ့ ကြုံနေတယ်လို့ အိပ်မက်မက်တယ်ပေါ့… သူ့နောက်ကို ဘာ… ဝက်ဝံကြီးလို ကြီးမားထွားကြိုင်းတဲ့ လူခုနှစ်ယောက်၊ ရှစ်ယောက်လောက်က လိုက်နေတယ်လို့ မက်တာပေါ့ ဟုတ်လား… ”

“ ဟုတ်ပါတယ်… ”
လီချန်ရှို့သည် လေးနက်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။
“ ကျွန်တော့် အဲ့အကြောင်းကို ဒီနေ့ပြန်စဉ်းစားကြည့်တော့ စိုးရိမ်မိလာလို့… ကျွန်တော်ကလည်း ချီကျင့်ကြံသူတစ်ယောက်ဆိုတော့ အကြောင်းမရှိဘဲ အိပ်မက်မမက်လောက်ဘူးလေ… ကျွန်တော့်ရဲ့ အာရုံတွေက ကျွန်တော့်ကို တစ်ခုခုပြောချင်နေတာထင်တယ် ”

ကျိုးကျိုးက မျက်မှောင်ကြုတ်၍ တီးတိုးပြောလိုက်သည်။
“ ဒါပေမဲ့ မင်းက… ”

“ တကယ်လို့ အစ်ကိုငါးသာ အန္တရာယ်ကြုံနေမယ်ဆိုရင် အိပ်မက်မက်ရမယ့်သူက အစ်မလေး မဟုတ်ဘူးလား။ မဟုတ်ရင်လည်း ငါမက်ရမှာပေါ့။ ငါသာ အစ်ကိုငါးကို အိပ်မက်မက်တယ်ဆိုရင် အကျိုးအကြောင်းညီသေးတယ်။ အစ်ကိုငါးက ငါ ငယ်ငယ်လေးကတည်းက ငါ့ကိုစောင့်ရှောက်လာတာမလား။ သူက ငါ့အစ်ကိုဆိုလည်းဟုတ်တယ်… အဖေဆိုလည်း ဟုတ်တယ်… ”

“ အဲဒါကို မင်းကဘာလို့ အစ်ကိုငါးကို အိပ်မက်မက်ရတာလဲ… ဘာတွေဖြစ်နေတာလဲ ”

“ ဆရာဦးလေးကျိုးဝူနဲ့ ကျွန်တော်နဲ့က တော်တော်ရင်းနှီးပြီး မိတ်ဆွေကောင်းတွေလို့ ပြောလို့ရတဲ့ အဆင့်ရှိပါတယ် ”
လီချန်ရှို့က ခါးသက်သက်ပြုံး၍ ပြောလိုက်သည်။

“ အသေးစိတ်တွေ လျှောက်စဉ်းစားမနေပါနဲ့တော့… ”

“ ဆရာဦးလေးကျိုးဝူကို ဆက်သွယ်နိုင်မယ့် နည်းတစ်နည်းနည်းတော့ ရှိမှာပါ။ ဆရာဒေါ်လေး… ကျွန်တော့်ကို တစ်ခါလောက် ယုံကြည်ပေးလို့ ရမလား ”

“ ဒါပေါ့… ငါမင်းကို ယုံပါတယ် ”
ကျိုးကျိုးသည် လေးလေးနက်နက်ပြောလိုက်၏။
“ မယုံရင် မင်းပေးတာမှန်သမျှကို ဘာလို့ယူမှာလဲ ”

လင်းအယ်သည် သူမ၏ ခေါင်းကို ဘေးသို့လှည့်လိုက်၏။ လီချန်ရှို့သည် အရေးကြီးကိစ္စကို ပြောနေကြောင်း သူမ သိနေ၍ ကြိတ်၍သာ ရယ်လိုက်ရ၏။

“ ဆရာဒေါ်လေး… ဒီကိစ္စကို လေးလေးနက်နက်သဘောထားပါ ”
လီချန်ရှို့ ပြောလိုက်သည်။
“ ကျွန်တော်က အိပ်မက် မက်ခဲပါတယ်။ ကျွန်တော်မက်ရင်လည်း မှန်တာများတယ် ”

ကျိုးကျိုးတစ်ယောက် အနည်းငယ် တွေဝေသွားပြီး ညင်ညင်သာသာပြောလိုက်သည်။
“ မင်းရဲ့အိပ်မက်ကြောင့် အစ်မလေး အခန်းအောင်းကျင့်ကြံနေတာကို သွားနှောင့်ယှက်ရတော့မှာပဲ။ ကောင်းပြီလေ ငါ အစ်မလေးကို သွားပြောလိုက်ပါမယ် ”

လီချန်ရှို့ ထပ်ပြောလိုက်သည်။
“ သူ့ကိုပြောရင် ဆရာဒေါ်လေးရဲ့အိပ်မက်ထဲမှာ မြင်ခဲ့တာတွေလို့ပြောနော် ”

“ ဘာလို့လဲ… မှားသွားရင် အဆူခံရမှာကြောက်လို့လား ”

“ ကျွန်တော် အဆူခံရမှာ မကြောက်ပါဘူး။ နားလည်မှုလွဲသွားမှာ စိုးလို့ပါ။ ပြီးတော့… ဂိုဏ်းကလူတွေ ကျွန်တော့်ကို အာရုံစိုက်မှာကို မလိုချင်ဘူး ”

ကျိုးကျိုးသည် လှောင်၍ အပြစ်ပြောလိုက်သည်။
“ မင်းပြောပုံက ဂိုဏ်းကလူတွေကပဲ မင်းကို မျက်စိဒေါက်ထောက်ကြည့်နေသလိုလို… အေးပါ.. ငါ အစ်မလေးကို အခုသွားပြောလိုက်ဦးမယ်။ ငါ့ကို ဒီကပဲစောင့်နေ ”

“ ငါပြန်လာရင် ‘နတ်ဘုရားများနှင့်တိုက်ခိုက်ခြင်း’ ဆက်ဆော့မယ် ”

လီချန်ရှို့နှင့် လင်းအယ်သည် တစ်ပြိုင်တည်း သဘောတူလိုက်၏။ ကျိုးကျိုးသည် သမ်းဝေလိုက်ပြီး အရက်အိုးကြီးစီးကာ ထွက်သွားလေသည်။

ကျိုးကျိုးထွက်သွားပြီးနောက် လင်းအယ်သည် လက်နောက်ပစ်၍ လီချန်ရှို့ထံလျှောက်သွား၏။ သူမသည် လီချန်ရှို့ကို ပုခုံးလေးဖြင့် တိုက်လိုက်၏။
“ အစ်ကိုကြီး… အတည်ပြောနေတာလား ”

“ ဘာကိုလဲ ”

“ ဆရာဦးလေးကျိုးဝူနောက်ကို လူသန်ကြီးတွေ လိုက်နေတယ်လို့ အစ်ကိုကြီး အိပ်မက်မက်တယ်ဆိုတာလေ ”

“ အိပ်မက်မက်တယ်ဆိုတာတော့ မဟုတ်ဘူးပေါ့ ”
လီချန်ရှို့သည် လက်နောက်ပစ်၍ ရပ်နေ၏။ သူ၏ မျက်လုံးများထဲတွင် စိတ်ပူနေသောဟန်ဖြင့် ဆက်ပြောလိုက်သည်။
“ ဒါပေမဲ့ ဆရာဦးလေး အန္တရာယ်ကြုံနေနိုင်တာကတော့ အမှန်ပဲ ”

“ သွားပြီးတော့ ညီမလေးရဲ့ ပစ္စည်းပစ္စယတွေကို ထုတ်ပိုးထားလိုက်။ အသုံးဝင်တဲ့ပစ္စည်းတွေအကုန် ထုတ်ပိုးထား… ”

လင်းအယ်ကြောင်သွားသည်။
“ ဘာဖြစ်လို့လဲ အစ်ကိုကြီး ”

“ လိုရမယ်ရပေါ့ ”
လီချန်ရှို့၏ မျက်လုံးများသည် အတန်ငယ် ကျဉ်းမြောင်းသွားသည်။ သူ၏ မျက်ဝန်းများထဲတွင် အရောင်နည်းနည်းလက်သွား၏။
“ အကုန်လုံးကို ကြိုတင်ပြင်ဆင်ထားဖို့လိုတယ် ”

လန်လင်းအယ်သည် နှုတ်ခမ်းစေ့၍ မျက်တောင်ခတ်လိုက်သည်။ သူမသည် ခေါင်းငုံ့၍ နာခံသည့်မျက်နှာထားဖြင့် သူမ၏ တဲအိမ်လေးဆီသို့ ထွက်သွားလေ၏။

*****

လီချန်ရှို့၏ အိပ်မက်ကြောင့် တုနတ်ဝိဇ္ဇာဂိုဏ်းထဲတွင် လှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။

ကျိုးကျိုးသည် ကောင်းကင်ခွင်းတောင်သို့ပြန်၍ ကျိုးဝူ၏အနောက်သို့ လူသန်ကြီးများ လိုက်နေသည်ဟု အိပ်မက်မက်ကြောင်း ကျိုးရှစ်ကို ပြောပြလိုက်သည်။ ကျိုးရှစ်သည် တာအိုဉာဏ်အလင်းပွင့်အခြေအနေတွင် လာရောက်နှောင့်ယှက်ခံလိုက်ရသော်လည်း စိတ်မဆိုးပေ။ သူမသည် ကျိုးကျိုး၏ရှေ့တွင် “ လီသောင်းချီကြိုး ”ကို ထုတ်ယူလိုက်သည်။ ထိုအရာသည် သူမကြိုးဝူနှင့်အတူ ပြုလုပ်ခဲ့သော ဆက်သွယ်ရေးအဆောင်ဖြစ်၏။

ထို့နောက်…

မည်သည့်တုန့်ပြန်မှုမှ ပြန်မလာပေ။

ကျိုးရှစ်သည် အစတွင် ကြောင်သွားသော်လည်း ရတနာကြေးမုံပြင်တစ်ချပ်ကို ထပ်ထုတ်လိုက်၏။ ထိုကြေးမုံပြင်ကို နှလုံးသားကြေးမုံပြင်ရတနာဟု ခေါ်၏။ ထိုကြေးမုံပြင်တွင် ကျိုးဝူ၏ နှလုံးသွေးအနည်းငယ်ပါလေသည်။ သူမသည် ထိုကြေးမုံပြင်ကို အသက်သွင်း၍ ကျိုးဝူမည်သည့်အရာများကို ကြည့်နေကြောင်း မြင်နိုင်၏။

ထိုအရာသည် တာအိုလက်တွဲဖော်အချင်းချင်း တစ်ယောက်လုပ်နေသည့်အရာကို တစ်ယောက်ကကြည့်နိုင်သည်ဖြစ်ရာ သူတို့၏ ဆက်ဆံရေးတွင် ကြားလူမရှိစေရန် ကာကွယ်ပေးနိုင်သည့် ပစ္စည်းကောင်းတစ်ခုပင်။

သို့သော် ထိုကြေးမုံပြင်သည် ကျိုးရှစ် မည်မျှအသက်သွင်းသည်ဖြစ်စေ မည်သို့မှ မတုန့်ပြန်ပေ။

ထိုအချိန်တွင် ကျိုးရှစ်သည် အလွန်အမင်းစိုးရိမ်နေပေပြီ။ သူမသည် ကျိုးကျိုးကို ဆွဲ၍ ဆရာ့ထံတွင် အကူအညီသွားတောင်းရန် စေလွှတ်လိုက်သည်။

တစ်နာရီခန့်ပင်မကြာမီ ကောင်းကင်ခွင်းတောင်၌ အရေးပေါ်ခေါင်းလောင်းသံများ ထွက်ပေါ်လာ၏။

ကောင်းကင်ခွင်းတောင်ပေါ်တွင် တန်ခိုးစွမ်းအားကြီးမားသော ဖိအားတစ်ခု ရုတ်ခြည်း ထွက်ပေါ်လာလေသည်။ အစိမ်းရောင်အလင်းများ လွှမ်းခြုံနေသော လူရိပ်တစ်ခုသည် တောင်ကာမန္တန်အစီအရင်အပြင်သို့ထွက်ကာ အနောက်အရပ်သို့ ဦးတည်သွားလိုက်လေသည်။

ခေတ္တမျှကြာပြီးနောက် လူရိပ်လေးခုသည် တောင်ကာမန္တန်အစီအရင်အပြင်သို့ထွက်၍ အရပ်လေးမျက်နှာကို လူခွဲ၍ သွားလိုက်ကြ၏။ ထိုလူလေးဦးအတွင်းမှ တစ်ဦးသည် လီချန်ရှို့ မြင်ဖူးသည့် အရှင်ဝမ်ချင်းပင်။

တချိန်တည်းမှာပင် တောင်အသီးသီးမှ ကောင်းကင်နတ်မင်း အရောင်အဝါများ ထွက်ပေါ်လာကြသည်။ ဂိုဏ်းမှ အကြီးအကဲများသည် အသင့်ဖြစ်နေပေပြီ။

ကောင်းကင်ပေါ်သို့ပျံသန်း၍ အလယ်ကျွန်းသို့ ပျံသန်းသွားသူမှာ တုနတ်ဝိဇ္ဇာဂိုဏ်း၏ ဂိုဏ်းချုပ်ပင်။

လီချန်ရှို့သည် တဲအိမ်လေးအရှေ့တွင်ရပ်၍ တစ်စုံတစ်ရာကို ခေတ္တမျှ ဂရုတစိုက်အာရုံခံနေ၏။ သူသည် အာကာသနတ်မင်းအဆင့်ရှိသူတွင်သာ ရှိနိုင်သည့် ဆန်းကြယ်သော တာအိုအရောင်အဝါများကို အာရုံခံမိလိုက်သည်။

တုနတ်ဝိဇ္ဇာဂိုဏ်းတွင် အမှန်ပင် အာကာသနတ်မင်းအဆင့်ရှိသူ ရှိလေ၏။

အာကာသနတ်မင်းများသည် အသက် အတိုင်းအဆမရှိရှည်ပြီး သူတို့၏ တာအိုကိုလည်း ကောင်းကင်တာအိုက အသိအမှတ်ပြုထားပြီးဖြစ်သည်။ အကယ်၍ သူတို့သည် ကပ်‌ဘေးတစ်ခုခုနှင့် မကြုံခဲ့ပါက သူတို့၏ တာအိုကို သုံး၍ ထာဝရအသက်ရှင်နိုင်လေသည်။

သို့သော် အာကာသနတ်မင်းအဆင့်သည် ကျင့်ကြံခြင်းအဆင့်တစ်ခုသာ ဖြစ်သည်။ အာကသနတ်မင်းအချင်းချင်းသည်ပင် တစ်ဦးနှင့်တစ်ဦးတို့၏ အစွမ်းများသည် ကွာခြားလေ၏။ တချို့တလေသည် မိုးနှင့်မြေလောက်ပင် ကွာခြားကြ၏။ တာအိုအဆင့်များသည် ပညာရှင်တစ်ယောက်ဖြစ်လာရန် အခြေခံလက်မှတ်များနှင့်တူ၏။ အာကာသနတ်မင်းများ၏ အစွမ်းသည် သူတို့တွင်ရှိသော မှော်အတတ်များ၊ ရတနာများကိုလိုက်၍ ကွဲပြားမှုရှိလေသည်။

တုနတ်ဝိဇ္ဇာဂိုဏ်း၏ ဂိုဏ်းချုပ်သည် အာကာသနတ်မင်းတစ်ပါးဖြစ်သော်လည်း ချန်ကျောင်းတော်မှ အာကာသနတ်မင်း ဆယ့်နှစ်ပါးနှင့်ယှဉ်လျှင် သူတို့၏ အစွမ်းသည် မိုးနှင့်မြေလို ကွားခြားကြ၏။ ထို့ပြင် ချန်ကျောင်းတော်မှ အာကာသနတ်မင်း ဆယ့်နှစ်ပါးသည် လွန်ခဲ့သော နှစ်( ၁၂၉,၆၀၀)ကပင် အာကာသနတ်မင်း အစောပိုင်းအဆင့်ကို ရောက်ခဲ့ခြင်းပင်။

တန်ခိုးရှင်၏ စောင့်ရှောက်မှုကို ခံရသော ကွမ်းချန်ကျီနှင့် ချီကျင်းကျီတို့ကဲ့သို့ သူများသည် အာကာသနတ်မင်း နောက်ဆုံးအဆင့်ကိုပင် ရောက်နေနိုင်ပေပြီ။

အာကာသနတ်မင်း နောက်ဆုံးအဆင့် ရောက်နေသူများ၏ တာအိုသည် ပြီးပြည့်စုံသည် အဆင့်သို့ ရောက်ရန် နည်းကပ်နေပြီဖြစ်သည်။ သို့သော်သူတို့သည် ကောင်းကင်တာအိုပြစ်ဒဏ်ကို မကျော်လွှားနိုင်လျှင် တာ့လော်နတ်မင်းအဆင့်သို့ တက်နိုင်မည်မဟုတ်ပေ။

ကျဲကျောင်းတော်၏ အပြင်ဂိုဏ်းရှိ တပည့်ရှစ်ဦးနှင့် နတ်မင်းခုနှစ်ပါးသည် တာ့လော်နတ်မင်းအဆင့်သို့ ရောက်ရှိနေနိုင်ပေပြီ။

လီချန်ရှို့၏ ဦးနှောက်ထဲတွင် ထိုအတွေးများပြည့်နေသော်လည်း နှလုံးသားထဲတွင်မူ ဆရာဦးလေးကျိုးဝူကို စိုးရိမ်နေ၏။

ကျိုးဝူသည် အတုမဲ့နတ်ဝိဇ္ဇာလေးသာဖြစ်သည်။ အာဒိကပ္ပလောကထဲတွင် သူသည် မြေစာပင် အဆင့်ပင်မရှိချေ။ အကယ်၍ တစ်ခုခုဖြစ်လာပြီး ဆိုးဝါးသော အန္တရာယ်နှင့် ရင်ဆိုင်ရလျှင် သူသေသွားနိုင်မည်ကို ခန့်မှန်းကြည့်နေရန်ပင်မလိုချေ။ အာဒိကပ္ပလောကသည် ထိုမျှ အန္တရာယ်များလေ၏။
“ အစ်ကိုကြီး… ဆရာဦးလေးကျိုးဝူက တကယ်အန္တရာယ်ကြုံနေရတာလား ”
လင်းအယ်က စိုးရိမ်တကြီးမေးလိုက်သည်။

“ ဟုတ်တယ်… ”
လီချန်ရှို့သည် တည်တည်ငြိမ်ငြိမ်ပြန်ဖြေလိုက်သည်။
“ ညီမလေး စိတ်ပူစရာမလိုပါဘူး။ ဒီကိစ္စက ကျောင်းတော်သုံးကျောင်းနဲ့ပတ်သတ်နေရင် ရန်ကျောင်းတော်က သူ့လက်အောက်က နတ်ဝိဇ္ဇာဂိုဏ်းတွေကို ကာကွယ်ဖို့ ပညာရှင်တွေ လွှတ်လိုက်မှာပါ ”

သူစကားဆုံးသွားချိန်တွင် ကျိုးကျိုးတစ်ယောက် ကောင်းကင်ခွင်းတောင်မှနေ၍ ပြန်‌ရောက်လာ၏။

ကျိုးကျိုးသည် မြေပြင်ပေါ်သို့ မဆင်းရသေးခင်မှာပင် တဲအိမ်အပြင်၌ ရပ်နေသော လီချန်ရှို့နှင့် လင်းအယ်ကို အမောတကော အော်ပြောလိုက်သည်။
“ ချန်ရှို့…လင်းအယ်… တစ်ခုခုတော့ဖြစ်နေပြီ ”

လီချန်ရှို့သည် မျက်မှောင်ကြုတ်၍ လျင်မြန်စွာ မေးလိုက်၏။
“ ဘာဖြစ်နေတာလဲ။ ဆရာဒေါ်လေး…ဖြည်းဖြည်းပြောပါ ”

ကျိုးကျိုးတစ်ယောက် အဘယ်သို့ ဖြည်းဖြည်းပြောနိုင်မည်နည်း။

သူမသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ အခုကတော့ အစ်ကိုငါးရဲ့ ဆက်သွယ်ရေးအဆောင်ကို ဆက်သွယ်လို့မရသေးဘူး။ ဆွေးနွေးပွဲကို သွားတဲ့ အကြီးအကဲနှစ်ယောက်ထဲက တစ်ယောက်ရဲ့ ဆက်သွယ်‌ရေးအဆောင်နဲ့ အခြား ဂိုဏ်းတာဝန်ရှိသူနှစ်ယောက်ရဲ့ ဆက်သွယ်ရေးအဆောင်ကိုတော့ ဆက်သွယ်လို့ရပြီ။ ဒါပေမဲ့ အဲဒီအဆောင်တွေကနေပြီး တိုက်ခိုက်သံတွေကြားနေရတယ် ”

“ အဲဒါကြောင့် ဂိုဏ်းချုပ်နဲ့ အဆင့်မြင့်အကြီးအကဲတွေကိုပါ အကြောင်းကြားလိုက်တာ။ ဂိုဏ်းချုပ်က အခန်းအောင်းကျင့်ကြံတာကထွက်ပြီး အလယ်ကျွန်းကိုသွားနေပြီ။ ငါတို့ ရွှေနန်းတော်ဂိုဏ်းကိုလည်း ဆက်သွယ်ပြီးပြီ။ ရွှေနန်းတော်ဂိုဏ်းကလည်း ပညာရှင်တွေလွှတ်ပြီး လိုက်ရှာပေးဖို့ သဘောတူလိုက်တယ်… ”

လီချန်ရှို့ ခပ်သွက်သွက်ပြောလိုက်၏။
“ ဒီလိုဆိုရင်တော့ သိပ်စိုးရိမ်စရာ မရှိတော့ပါဘူး ”

“ ဆရာဒေါ်လေး… တဲထဲဝင်ပြီး နားပါဦး။ အလယ်ကျွန်းနဲ့ ကျွန်တော်တို့နဲ့ကအဝေးကြီး… ကျွန်တော်တို့ လုပ်ပေးနိုင်တာလည်း ဘာမှမရှိပါဘူး ”

“ ငါ ဘယ်လိုလုပ် မစိုးရိမ်ဘဲ‌ နေနိုင်မှာလဲ။ ငါ့မှာ စိုးရိမ်လို့သေတော့မယ် ”
ကျိုးကျိုးသည် ခြေဆောင့်၍ ခေါက်တုန့်ခေါက်ပြန် လျှောက်နေလေသည်။ ထို့နောက် သူမသည် လီချန်ရှို့ကို တောင်းပန်သည့်ဟန်ဖြင့်ကြည့်၍ လေသံဖျော့ဖျော့ဖြင့်‌ ပြောလိုက်သည်။
“ ငါမင်းကို မအော်လိုက်သင့်ပါဘူး။ ကျေးဇူးတင်ပါတယ်…ချန်ရှို့… မင်းသာဒီအကြောင်းကို အိပ်မက်မမက်ခဲ့ရင် အခြေအနေတွေက ဒီထက်ပိုဆိုးသွားနိုင်တယ် ”

လီချန်ရှို့ က သက်ပြင်းချ၍ ပြောလိုက်သည်။
“ ဆရာဦးလေးကျိုးဝူနဲ့ ကျွန်တော်နဲ့က တော်တော်ရင်းနှီးပါတယ်။ ဒီကိစ္စအတွက် ကျွန်တော့်ကို ကျေးဇူးတင်ဖို့မလိုပါဘူး။ ဒါပေမဲ့ ဆရာဒေါ်လေး… အိပ်မက် မက်တဲ့သူက ဆရာဒေါ်လေးလို့ ပြောရမှာကို မမေ့နဲ့နော် ”

“ အင်း… ငါသိပါတယ်… ”
ကျိုးကျိုးသည် လီချန်ရှို့ကိုကြည့်၍ တီးတိုးပြောလိုက်သည်။
“ တကယ်တော့ ငါမင်းကို အကူအညီတောင်းစရာ ရှိသေးတယ် ”

“ ဘာအကူအညီလဲ… ပြောလေ ”

ကျိုးကျိုး မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“ မင်းထပ်အိပ်လို့ရမလား။ အဲဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ မင်းအိပ်မက်ထပ်မက်ချင် မက်မှာပေါ့ ”

“ ဒါက မင်းအတွက် နည်းနည်းခက်ခဲမှန်းသိပါတယ်။ အိပ်မက်ဆိုတာ မက်ချင်သလိုမက်တာဆိုတော့… ဒါပေမဲ့… ”

လီချန်ရှို့ ချက်ချင်းပင် ခေါင်းညိတ်၍ သဘောတူလိုက်သည်။
“ ဟုတ်ကဲ့ပါ။ ကျွန်တော် အိပ်မက်ထပ်မက်ဖို့ ကြိုးစားကြည့်ပါမယ် ”

“ လင်းအယ်… ညီမလေးက ဆရာဒေါ်လေးကို အဖော်ပြုပေးနေလိုက်နော်… ဆရာဒေါ်လေးကို အရမ်းမစိုးရိမ်လာစေနဲ့… ”

“ ကျေးဇူးတင်ပါတယ် ရှို့ရှို့လေး…. ”
ကျိုးကျိုးသည် လေသံတိုးတိုးဖြင့်ပြောလိုက်သည်။ သူမသည် စိုးရိမ်နေသဖြင့် မျက်နှာလေးညှိုးနေလေသည်။

လီချန်ရှို့သည် ခေါင်းငုံ့၍ ကျေးဇူးတင်ရန်မလိုကြောင်း ပြလိုက်ပြီး သူ၏ တဲအိမ်ဆီသို့လျှောက်သွားလိုက်သည်။ လင်းအယ်သည် ကျိုးကျိုး၏ လက်မောင်းလေးကို ကိုင်၍ နှစ်သိမ့်လိုက်၏။

လီချန်ရှို့သည် မည်သည်ကိုမှ အိပ်မက်မက်ခဲ့ခြင်းမဟုတ်ပေ။ သူသည် မိမ၏ တဲသို့ပြန်သွား၍ ကုတင်ပေါ်တွင် လှဲနေခြင်းသာ။ သူသည် တုနတ်ဝိဇ္ဇာဂိုဏ်းကြုံတွေ့နိုင်သော အန္တရာယ်များကို တည်တည်ငြိမ်ငြိမ် သုံးသပ်လိုက်ပြီး ထိုအန္တရာယ်များကို အမှန်တကယ်ကြုံတွေ့လာလျှင် မည်သို့ပြန်၍ တုံ့ပြန်ရမည်ကို တွေးတောနေလိုက်သည်။

လီချန်ရှို့အတွက် စိုးရိမ်ပူပန်နေမှုသည် အသုံးမဝင်သော ခံစားချက်သာဖြစ်သည်။ ယင်းသည် ဒေါသထွက်ခြင်း၊ နာလိုခံခက်ဖြစ်ခြင်းထက် ပို၍ ဆိုးဝါးသော ခံစားချက်ဖြစ်သည်ဟု တွေးမိ၏။

ဤအကြိမ်တွင် လီချန်ရှို့သည် ဆရာဦးလေးကျိုးဝူနှင့် အကြီးအကဲနှစ်ဦးတို့၏ အသက်ကို မတော်တဆကယ်နိုင်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

အဆိပ်ဆေးလုံးကို ကြွေပုလင်းအတွင်းမှ ထုတ်လိုက်သည်ကို သိသိချင်း သူ ဆရာဒေါ်လေးကျိုးကျိုးကို ပြောပြခဲ့သည်။

ကျိုးကျိုးသည် ကျိုးရှစ်ကိုအသိပေး၍ ကျိုးဝူတစ်ခုခုဖြစ်နေနိုင်ကြောင်း သေချာသောအခါ သူတို့သည် ဂိုဏ်းကိုအသိပေးခဲ့၏။

ဂိုဏ်းမှတာဝန်ရှိသူများသည်လည်း ကျိုးဝူကို ဆက်သွယ်ကြည့်ရာ မရသဖြင့် ဂိုဏ်းချုပ်ကို တင်ပြခဲ့သည်။

တုနတ်ဝိဇ္ဇာဂိုဏ်း၏ ဂိုဏ်းချုပ်သည် အခန်းအောင်းကျင့်ကြံနေရာမှ ထွက်လာပြီး အလယ်ကျွန်းသို့ မတုံ့မဆိုင်းပင် ထွက်ခွာခဲ့၏။ အဆင့်မြင့် အကြီးအကဲများသည်လည်း ရွှေနန်းတော်ဂိုဏ်းရှိ အသိများကို လှမ်းအကြောင်းကြားခဲ့သည်။

ရွှေနန်းတော်ဂိုဏ်းမှ ပညာရှင်များသည် ဂိုဏ်းမှထွက်၍ ရှာဖွေခဲ့ရာ ခေတ္တမျှရှာပြီးနောက် သူတို့ဂိုဏ်းနှင့် လီထောင်ကျော်ကွာဝေးသောနေရာတွင် အတွင်းသို့မမြင်ရအောင်ကာရံထားသော မန္တန်အစီအရင်ကြီးတစ်ခုကိုတွေ့ခဲ့၏။ ထိုမန္တန်အစီအရင်ကြီးထဲသို့ ထိုးဖောက်ဝင်သွားရာတွင် တုနတ်ဝိဇ္ဇာဂိုဏ်းမှသူများကို ရန်သူများ ဝိုင်းထားကြောင်း တွေ့ခဲ့ရ၏။

ပညာရှင်အချို့သည် လျင်မြန်စွာပင် ထိုဝိုင်းထားသော ရန်သူများကို တိုက်ခိုက်လိုက်ပြီး ရန်သူတချို့ကို တမင်ပင် အသက်ရှင်လျှက်ချန်ထားလိုက်၏။ သို့တစေ ရန်သူများသည် အရှင်အဖမ်းခံလိုက်ရသည်နှင့် တစ်ပြိုင်နက် သူတို့၏ မူလဝိညာဉ်များသည် ထူးဆန်းစွာ ပျက်ဆီးကုန်ကြလေသည်။

တုနတ်ဝိဇ္ဇာဂိုဏ်းမှလူများသည်လည်း ထိုရန်သူငါးယောက်အုပ်စုသည် အဘယ်ကြောင့် သူတို့ကို ဝန်းရံတိုက်ခိုက်ကြောင်း မသိကြချေ။ ကောင်းကင်နတ်မင်းအဆင့်အကြီးအကဲနှစ်ဦးသည် ဒဏ်ရာရထား၏။ ကျိုးဝူသည်လည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့၏။ အခြား ဂိုဏ်းမှတာဝန်ရှိသူ အတုမဲ့နတ်ဝိဇ္ဇာနှစ်ပါးမှာ သေဆုံးခဲ့လေသည်။

ကျောင်းတော်သုံးကျောင်းလုံးမှ ဂိုဏ်းများသည် ဒေါသထွက်နေကြ၏။

မည်သည့်ဂိုဏ်းမှ လူ သေသွားသည်ဆိုခြင်းမှာ အရေးမပါပေ။ မည်သူပင်သေသေ ထိုသို့တိုက်ခိုက်ခြင်းသည် သူတို့အကုန်လုံးကို စော်ကားခြင်းသာဖြစ်၏။

ရန်ကျောင်းတော်မှ ပညာရှင်များသည် ချက်ချင်းပင် ကျိုးဝူနှင့် အခြားသူများ၏ ရှေ့မှမားမားမတ်မတ်ရပ်ကာ အကာအကွယ်ပေးလိုက်သည်။ သူတို့သည် တုနတ်ဝိဇ္ဇာဂိုဏ်းတိုက်ခိုက်ခံရမှုကို စုံစမ်းမည်ဟု ကျိန်ဆိုလိုက်ကြသည်။

ထိုအကြောင်းအရာများကို လီချန်ရှို့တစ်ယောက် ကျိုးကျိုးထံမှ သိရချိန်တွင် ကျိုးဝူနှင့် အကြီးအကဲနှစ်ဦးကို ဂိုဏ်းချုပ်နှင့် အခြားပညာရှင်များမှ တုနတ်ဝိဇ္ဇာဂိုဏ်းသို့ ပြန်ခေါ်လာကြပြီဖြစ်သည်။

သူတို့သည် ရန်သူက မည်သူဖြစ်ကြောင်း မသိကြရသေးပေ။

လီချန်ရှို့သည် ဆေးဖော်ဆောင် တံခါးအပြင်တွင်ရပ်၍ စိတ်ပေါ့သွားဟန် သက်ပြင်းလေးလေးတစ်ချက် မှုတ်ထုတ်လိုက်သည်။

သူ ထူးဆန်းသောအကြံရ၍ ပြုလုပ်ထားသော ထိုကြွေပုလင်းလေးသည် အရေးကြုံချိန်တွင် ဤမျှ အသုံးဝင်လာမည်ဟု မထင်ထားခဲ့ပေ။ သူသည် နောင်တွင် ထိုကဲ့သို့ ကြွေပုလင်းများကို အမြောက်အမြားလုပ်ထားရန် ဆုံးဖြတ်လိုက်သည်။

‘ ပြီးတော့… ’

‘ ချုံတောင်လေးအောက်က မြေဝိညာဉ်ကြော ကိုယ်ယောင်ဖျောက်မန္တန်အစီအရင်နဲ့ လုံခြုံရေးအခန်းကိုလည်း မြန်နိုင်သမျှ မြန်မြန် စလုပ်ဖို့ ပြင်ရမယ်… ’

Comment

Leave a Reply

Options

not work with dark mode
Reset