အပိုင်း (၃၅၀)

နှင်းများကခုန်ခြင်း

တိုက်ပွဲထဲမှ ချင်လီ၏ အကူအညီ တောင်းသံက တောင်နံရံများအား ပဲ့တင်ထပ်လျက် တောင်ပေါ်မှ တိုက်ပွဲဝင်နေသူများထံသို့ ရောက်ရှိ သွားသည်။

တိုက်ပွဲထဲမှ လူများအားလုံး၏ စိတ်နှလုံးများ တုန်ခါသွားကြသည်။ အကူအညီ တောင်းသံက အမှန်တကယ် ချင်လီထံမှ လာသည်။ ချင်ပြည်ထောင်မှ တန်ခိုးရှင် သုံးယောက်က ရီဖူရှင်း၏နောက်ကို လိုက်ပါသွားသော အထဲတွင် နှစ်ယောက်က အဆင့်မြင့် အကာနာ တန်ခိုးရှင်များ ဖြစ်ကြသည်။ တခြားတစ်ဖက်တွင် ရီဖူရှင်းက အကာနာ အဆင့်ကိုပင်လျှင် မဝင်သေးပေ။ မည်သို့တွေးတွေး ရလဒ်က လွန်စွာ သိသာနေကာ တိုက်ပွဲက ချက်ချင်း အဆုံးသတ် ရမည်ဖြစ်သည်။

ချင်လီက အဘယ်ကြောင့် အကူအညီ တောင်းရသနည်း။

ခုနက ရီဖူရှင်းက ချင်လီတို့ သုံးယောက်ကြောင့် ဒဏ်ရာရကာ ပါးစပ်မှ သွေးများပင် ထွက်လာသည်။ ထို့ကြောင့်လည်း သူက ထွက်ပြေးခြင်း ဖြစ်သည်။ ချင်လီက တခြားလူများအား ရီဖူရှင်း၏လူများကို တားဆီးရန်သာ ပြောကြားခဲ့ခြင်းက သူ၏ယုံကြည်မှုကို ဖော်ပြနေသည်။

“သွားစို့…” ဒွန်ဟွာကလန်က လူများက တိုက်ပွဲမှ နောက်ဆုတ်ကြသည်။ ထို့နောက် ဖူယွန်ဓားကလန်မှလည်း နောက်ဆုတ်ကာ တောင်ပေါ်သို့ တစ်ဖန် တက်ကြသည်။

ချင်လီကား ချင်ယွီ၏ သားဖြစ်သည်။ ချင်လီက သူတို့ အားလုံးအတွက် လွန်စွာ အရေးပါသည်။ သူက တခြား အင်အားစုများ၏ရှေ့တွင် သေဆုံးခဲ့ပါက သူတို့က ချင်ယွီကို မည်သို့ ရှင်းပြရမည်နည်း။

ကော့တေး၊ ကျောင်းတော်နှင့် ဓားသခင်တောင်မှ တပည့်များကလည်း တောင်ပေါ်ကို ဆက်တက်ကြသည်။ လူတိုင်းက ကြီးမားသော ဖိအားကို ခံစားနေကြရသည်။

ရှေ့မှ တောင်ကြားလမ်းတွင် အမှန်တကယ် တိုက်ပွဲတစ်ခု ဖြစ်ပျက်နေသည်။ တော်ဝင် ချန်ကျောင်းတော်မှ တန်ခိုးရှင်နှစ်ယောက်နှင့် မိန်းကလေးတစ်ဦးတို့ ဖြစ်သည်။

မိန်းကလေးက လို့လန်ရွှီဖြစ်သည်။ သူမ၏တန်ခိုးအဆင့်က ရန်သူထက် နိမ့်သော်လည်း သူမတိုက်ခိုက်လျှင် လို့လန် ရတနာစာအုပ်က သူမအား အထောက်အပံ့ ပေးသည်။ စာအုပ်၏ ကြီးမားသော စွမ်းအားများကြောင့် သူမက တော်ဝင် ချန်ကျောင်းတော်မှ တန်ခိုးရှင်များအား ရင်ဆိုင်နေနိုင်သည်။

လူအများအပြားက သူတို့နေရာကို ရောက်လာသည်ကို မြင်လျှင် လို့လန်ရွှီတို့ကလည်း တိုက်ခိုက်နေသည်ကို ရပ်တန့်လိုက်ကြသည်။ လန့်လန်ရွှီက သူမ၏ ပြိုင်ဘက်ကို တစ်ချက်ကြည့်ကာ တောင်ပေါ်သို့ တက်သည်။ သူမ၏ စိတ်အင်အားက အားသိပ် မကောင်းသော်လည်း ရတနာစာအုပ်၏ စွမ်းအားကြောင့် သူမ၏စိတ်အား မကောင်းဆိုးဝါးစိတ် လွှမ်းမိုးခံရခြင်းမှ ကာကွယ် ထားနိုင်သည်။

အငူစွန်းအနီးတွင် ရီဖူရှင်းက ချင်လီ၏အော်သံကြောင့် အောက်မှ လူများ၏ အာရုံစိုက်မှုကို ခံရမည်ဟု သိသည်။ ချင်လီအား ဤနေရာသို့ အဘယ်ကြောင့် သွေးဆောင် ခေါ်လာသနည်း။ ဦးစွာ သူက ချင်လီထံ ရောက်လာမည့် စစ်ကူများအား ဖြတ်တောက်လိုကာ ဒုတိယအနေဖြင့် သူ၏စွမ်းရည်များအား လူအများ၏ရှေ့တွင် မဖော်ထုတ်လိုသောကြောင့် ဖြစ်သည်။ သူ၏ခန္ဓာထဲတွင် ဧကရာဇ် အသိရှိခြင်းက လွန်စွာ ထူးခြားလှသည်။ ဧကရာဇ်ရီချင်နှင့် ပတ်သက်ခြင်းက သူ့အတွက် ကြီးမားသော လျှို့ဝှက်ချက်ဖြစ်ကာ လူအများရှေ့တွင် ဖော်ထုတ်၍ လုံးဝ မရပေ။

ထို့အပြင် လက်ရှိစွမ်းအင်ကို သူက ကြာမြင့်စွာ ထိန်းထားနိုင်ခြင်း မရှိပေ။ ဧကရာဇ်အသိအား အမြင့်ဆုံး မြှင့်ထားရာ သူ၏ခန္ဓာကိုယ်က ထိုမျှကြီးမားသော အားအင်ကို ခံနိုင်ခြင်း မရှိပေ။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်က စွမ်းအင်များက လျင်မြန်စွာ ကုန်ဆုံးနေသည်။ လက်ရှိတွင် သူ၏တိုက်ခိုက်ရေး စွမ်းအားက လွန်စွာ မြင့်မားနေရာ သူက ထိုအတွက် ပေးဆပ်မှုတော့ ရှိသည်သာ။ သို့သော် မည်သို့သော ပေးဆပ်မှုကိုမဆို လုပ်ရပါစေ သူက ချင်လီအား သတ်ရန် ဆုံးဖြတ်ထားသည်။ ထိုအရာက သူ၏ခိုင်မာသော ဆုံးဖြတ်ချက် ဖြစ်သည်။

အဆင့်မြင့်အကာနာ တန်ခိုးရှင်တစ်ယောက်အား သတ်ပြီးနောက် ရီဖူရှင်းက ချင်လီနှင့် နောက်ထပ် ချင်တန်ခိုးရှင် တစ်ယောက်ထံ လျှောက်လာသည်။ သူ့အနီးတွင် သဘာဝ စွမ်းအင်များက လှည့်ပတ် စုစည်းနေကြသည်။

ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော နှင်းပွင့်များက အမှန်တကယ် လှပလွန်းသော်လည်း ချင်ပြည်ထောင် တန်ခိုးရှင်များ၏ မျက်လုံးထဲတွင် ထိုအရာက သူတို့၏ ဈာပနအတွက် အလှဆင်နေသည့်အလား ခံစားနေရသည်။ သူ လေ့ကျင့်သည်က ရေခဲဓာတ်ဖြစ်သည်။ သူက ရီဖူရှင်းဘက်သို့ ရေခဲနှင်တံဖြင့် ချိန်လိုက်လျှင် လေထဲတွင် ရေခဲနဂါးတစ်ကောင် ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ကောင်းသော ရေခဲစွမ်းအင်များက ရီဖူရှင်းထံ  လာရောက် ရစ်ပတ်သည်။

“သတ်စမ်း…” ချင်လီက ဒေါသတကြီး အော်သည်။ မြေပြင်မှ များစွာသော ထက်ရှသော ရေခဲဓားသွားများ ထွက်ပေါ်လာကာ ရီဖူရှင်းထံ တိုးဝင်သွားကြသည်။ သို့သော်လည်း သူကိုယ်တိုင်ကပင် ယုံကြည်မှု သိပ်မရှိပေ။

ရီဖူရှင်းက လက်ရှိတွင် ဧကရာဇ်ချပ်ဝတ်ကို ဝင်ဆင်ထားပြီး သူ့ခန္ဓာမှ ရွှေဝါရောင်များ ဖြာထွက်နေသည်။ သူက ချင်တန်ခိုးရှင် တစ်ယောက်အား သတ်ဖြတ်ပြီးနောက် သူ၏ဟန်ချက်က ပျက်သွားခြင်း မရှိသေးပေ။ သူက ပိုမို၍ အားကောင်း လာသည်ဟုပင် ထင်ရသည်။ သူက ဓာတ်ငါးမျိုးနှင်တံအား ဝှေ့ယမ်းလျှင် သူ့အနီးမှ လေလှိုင်းများက ကြမ်းတမ်းစွာ စီးဆင်းကြသည်။

ဘုန်း….

များစွာသော ဆူညံသံများ ထွက်ပေါ်လာသည်။ ဓာတ်ငါးမျိုးနှင်တံက ရှေ့ကို တိုးဝင်သွားလျှင် ရေခဲဓားများအားလုံး တစ်ချောင်းပြီး တစ်ချောင်း ပျက်စီးသွားသည်။ ရီဖူရှင်းက နှင်တံအား ထူးခြားသော နည်းစနစ်တစ်ခုဖြင့် ဝှေ့ယမ်းနေခြင်း ဖြစ်သည်။ နောက်ဆုံးတွင် သူ၏နှင်တံက တိကျသော နေရာတစ်ခုသို့ ဆင်းသက်လာသည်။ သူ၏လှုပ်ရှားမှုများက လွန်စွာ နှေးကွေးသွားသည်။ နှေးကွေးလွန်းရကား သူ၏လှုပ်ရှားမှုကို အသေးစိတ်မြင်ရ၏။ သို့သော် ထိုနှေးကွေးမှုတွင် သိမ်မွေ့ညင်သာမှု၊ ထူးခြား ထက်မြက်မှုများကို ခံစားမိစေသည်။ ထိုရိုက်ချက်က လေဟာနယ် တစ်ခုလုံးကို ပေါက်ကွဲစေ၏။

နောက်ဆုံးတွင် ဓာတ်ငါးမျိုးနှင်တံက ရေခဲနဂါးအား ရိုက်မိသည်။ များစွာသော ပေါက်ကွဲမှုများနှင့်အတူ ရေခဲနဂါး ပျက်စီးသွား၏။ နှင်တံက သူ၏ဟန်ချက်အတိုင်း ချင်တန်ခိုးရှင်ထံသို့ ဆက်လက် တိုးဝင်လာသည်။

ရေခဲနှင်တံအား ဆုပ်ကိုင်လျက် ချင်တန်ခိုးရှင်က အော်သည်… “ရေခဲအစောင့်အရှောက်… နိုးထစမ်း….” ကောင်းကင်တွင် ကခုန်နေသော ရေခဲမှုန်များက သူ့အနီးတွင် စုစည်း လှည့်ပတ်ကာ သူ၏ခန္ဓာကိုယ်က နှင်းနဂါးပုံစံကို ပြောင်းလဲသွားသည်။ ဓာတ်ငါးမျိုးနှင်တံက ရောက်ရှိလာလျှင် ရေခဲနဂါး အတားအဆီးက ပြိုကွဲသွားကာ နှင်တံက ခေါင်းအား ရိုက်မိသည်။ သွေးများ လေထဲ စွန်းထင်းသွားကာ ချင်တန်ခိုးရှင်က ရေခဲပြင်သို့ တအိအိ ပြိုလဲသွားသည်။

“မဟုတ်ဘူး….” ချင်လီက ကြောက်ရွံ့စွာဖြင့် ကမူစွန်းသို့ ပြေးသည်။

ရီဖူရှင်းက ချင်လီ၏နောက်ကျောကို ခံစားချက် ကင်းမဲ့စွာဖြင့် ကြည့်သည်။ သူက အလောင်းကောင်ပေါ်သို့ တက်လျှောက်ကာ ချင်လီထံသို့ လျှောက်သွားသည်။

ဟူး…

ချင်လီက မြေပြင်အား ဆောင့်နင်းကာ ကမူစွန်းသို့ ခုန်လွားသွားသည်။ သို့သော် ရီဖူရှင်းက သူ့အား ပြေးခွင့်ပေးမည် မဟုတ်ပေ။ သူ၏လက်ချောင်းအား သင်္ကေတတစ်ခု လှုပ်ရှားလိုက်လျှင် ကြောက်မက်ဖွယ် ရေခဲ အစီအရင်တစ်ခုက ချင်လီအား ရစ်ပတ်သွားကာ ထိုနေရာတွင်ပင် အေးခဲသွားစေသည်။

ရီဖူရှင်းက လေထဲကို ခုန်တက်ကာ နှင်တံဖြင့် သူ့အား အပေါ်မှ ရိုက်ချလိုက်သည်။

“မင်းငါ့ကို သတ်လို့မရဘူး….” ချင်လီက ကြုံးဝါးသည်။ တစ်ပြိုင်နက်တည်းမှာပင် သူ၏ခန္ဓာကိုယ်မှ နဂါးသက်စောင့်ဝိညာဉ်နှင့် ဓမ္မထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်က နဂါးချပ်ဝတ် ဖြစ်ပေါ်လာကာ လက်နှစ်ဖက်အား မြှောက်လျက် နှင်တံကို ကာကွယ်သည်။

ဓာတ်ငါးမျိုးနှင်တံက ဆင်းသက်လာလျှင် အက်ကွဲသံအား ပီသစွာ ကြားရသည်။ ချင်လီ၏ လက်က သိဒ္ဓိဝင် လက်နက်ဖြင့် ကာကွယ် ထားသော်လည်း နှင်တံ၏ရိုက်ချက်က သူ့အား လွင့်စဉ်စေကာ ပါးစပ်မှ သွေးများ စီးကျလာစေသည်။ မြေပြင်တွင် လဲလျောင်းရင်းက သူ၏မျက်နှာက ပြာနှမ်းသွားသည်။

ရီဖူရှင်းက နှင်တံအား ကိုင်လှည့်ကာ ရှေ့ကို ဆက်လျှောက် လာသည်။ သူက ချင်လီအား လူသေ တစ်ယောက်ကဲ့သို့ ကြည့်၏။ ချင်လီ အသက် ဆက်ရှင်စရာ အကြောင်းမရှိပေ။

“ခုနကပဲ ငါမင်းကို မေးတယ်… မင်းက သေတော့မယ် ဆိုရင်တောင် နောင်တ မရဘူးလား…..” ရီဖူရှင်းက ချင်လီအနီးသို့ တစ်လှမ်းပြီး တစ်လှမ်း တိုးကာလာကာ အေးစက်စွာ ပြောသည်… “ဒါက ဟာသပြောနေတာ မဟုတ်ဘူး….”

“ငါ့ကို သွားခွင့်ပေး… မင်း ငါ့ကို သတ်ရင် အဖေက မင်းကို ရအောင် သတ်မှာပဲ… ကော့တေးလည်း မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး…” ချင်လီက ပြောသည်။

“ကြည့်ရတာ ငါမင်းကို ဒါတွေ ပြောတာ အချိန်ဖြုန်း နေတာပဲ….” ရီဖူရှင်းက နှင်တံအား မြှောက်လိုက်လျှင် ချင်လီ၏မျက်လုံးက ကြောက်ရွံ့မှုများနှင့် ပြည့်နှက် သွားသည်။

ရုတ်တရက် လေတိုးသံကို ကြားလျှင် ရီဖူရှင်းက မျက်မှောင်ကြုတ်ကာ နောက်ကို လှည့်ကြည့်လိုက်သည်။ နှင်းဖွဲများ အကြားမှ မိန်းကလေး တစ်ယောက် လျှောက်လာသည်ကို ရီဖူရှင်း တွေ့ရ၏။ သူမကား အမှန်တကယ်ပင် ချူယောင်ယောင် ဖြစ်သည်။ သူမက တိုက်ပွဲများအား ဖြတ်ကျော်လျက် ဤနေရာသို့ ရောက်လာသည်။

“ယောင်ယောင်… ငါ့ကိုကယ်ပါ….” ချင်လီအား မျှော်လင့်ချက် ကင်းမဲ့နေသော အခြေအနေကို ရောက်နေပြီ ဖြစ်သည်။ ရီဖူရှင်းက လူသတ်လိုသော အငွေ့အသက်များဖြင့် ချူယောင်ယောင်ကို ကြည့်သည်။

ရီဖူရှင်း၏အကြည့်ကို မြင်လျှင် ချူယောင်ယောင်၏ ရင်ဘတ်နေရာက နာကျင်မှုကို ခံစားရသည်။ မည်သို့ဆိုစေ သူမက ချင်လီ၏ ချစ်သူဖြစ်သည်။ ရီဖူရှင်းက သူမအား ရန်သူဟုသာ သဘောထားပေမည်။

ချူယောင်ယောင်က သူမ၏ရှေ့မှ ကိုယ်ရောင်ကိုယ်ဝါများ အားကောင်းစွာ တောက်ပ လင်းလက်နေသော ရီဖူရှင်းကို ကြည့်သည်။ အရှေ့မြေရိုင်း ဒေသ၏ ပါရမီရှင် ချင်လီကား သူ့ရှေ့တွင် လဲလျောင်းနေသည်။ ချင်ပြည်ထောင်မှ အားကောင်းသော တန်ခိုးရှင် နှစ်ယောက်မှာ သူ၏သတ်ဖြတ်ခြင်းကို ခံရပြီး ဖြစ်သည်။

သို့သော် အဘယ်အရေးနည်း။ ချင်လီအား အေးဆေးစွာ သတ်ရဲသော ပါရမီကောင်းကာ ကြည့်ကောင်းသော သူမ၏ဘဝတွင် ပထမဆုံး ချစ်ခင် နှစ်သက်မိသော လူငယ်လေးက ချင်လီ၏ချစ်သူဖြစ်သော သူမအား သတ်လိုနေသည်။

ထိုသို့တွေးကာ ချူယောင်ယောင်က ခေါင်းငုံ့လိုက်သည်။ သူမက လစန္ဒာကလန်မှ မိန်းကလေးအား တွေးမိသည်။ သူမက အမှန်တကယ် မနာလိုဖြစ်မိရ၏။ အဘယ်ကြောင့် သူမထက်အရင် သူ့အား မရင်းနှီးခဲ့ရ သနည်း။

သူမက ခေါင်းမော့လျက် ရီဖူရှင်းအား သူမ၏လှပသော မျက်လုံးဝိုင်းများဖြင့် ကြည့်ကာ တိုးညင်းစွာ ပြောသည်… “ငါနင့်ကို ကြိုက်တယ်…” နှင်းများက သူမ၏ ချောမွေ့လှပသော မျက်နှာကို ကျဆင်းနေကြသည်။ သို့သော် ချူယောင်ယောင်၏ စကားက ထိုနေရာ တစ်ခုလုံးကို အေးခဲသွားစေပုံ ရသည်။ ရီဖူရှင်းနှင့် ချင်လီတို့က လွန်စွာ အံ့အားသင့်သွားသည်။ ဤသို့သော အချိန်တွင် ချူယောင်ယောင်က ထိုသို့ပြောရန် လုံးဝ သင့်တော်ခြင်း မရှိပေ။ ထိုအရာက အဓိပ္ပာယ် ကင်းမဲ့ကာ ဆိုးရွားလွန်းလှ သည်ဟုပင် သတ်မှတ်နိုင်သည်။ သို့သော်လည်း ဤသို့သော အချိန်တွင် သူမက ပြောခဲ့သည်။ သူမက ယခုမပြောလျှင် ထိုစကားကို နောင်တွင် ပြောခွင့် မရတော့မည်ကို သိနေသည်။ အဘယ်ကြောင့်ဆိုသော် သူမချစ်သောသူက သူမအား သတ်လိုနေသည်။

ဝေါ့….

ချင်လီက ရင်ဘတ်ထဲမှ လှိုက်တက်လာသော သွေးများအား အန်ချလိုက်သည်။ သူ၏ရင်ဘတ်က ပြင်းထန်စွာ တုန်ခါကာ ချူယောင်ယောင်အား မီးတောက်မီးလျှံများ ဖုံးလွှမ်းနေသော မျက်လုံးများဖြင့် ကြည့်သည်။

“ခွေးမ….”

သူက ချူယောင်ယောင်အား ဒေါသတကြီး အော်ဟစ်သည်။ သူက ဤသို့သော မျှော်လင့်ချက် ကင်းမဲ့နေသော အခြေအနေတွင်၊ သူ၏ ကံကြမ္မာအား ရီဖူရှင်း၏ လက်ထဲတွင် ရောက်နေသော အချိန်တွင် သူ၏ ချစ်သူက ရီဖူရှင်းအား ကြိုက်နှစ်သက်သည်ဟု ပြောခဲ့သည်။ ယခု သူက မည်မျှ ခံရခက်ကာ အရှက်ရမည်ကို တွေးကြည့်၍ ရသည်။ အမှန်တကယ်အားဖြင့် သာမန်လူကပင် ထိုသို့သော အရှက်ရမှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

အတန်ကြာ မှင်တက်နေပြီးမှ ရီဖူရှင်းက မေးသည်… “ငါမင်းကို သတ်မှာ ကြောက်နေတာလား….” ထိုအရာက လွန်စွာ အဓိပ္ပာယ် ကင်းမဲ့သည်ဟု သူခံစားရသည်။ သူမက ချင်လီတို့သုံးယောက်၏ အဖြစ်ကို မြင်ကာ သူမကိုလည်း သတ်မည်ဟု တွေးထင်ကာ ကြောက်ရွံ့စွာ ပြောခဲ့သည်လည်း ဖြစ်နိုင်သည်။

ချူယောင်ယောင်၏ နှလုံးသားက ကောင်းကင်မှ ကျဆင်းလာသော နှင်းပွင့်နှင်းဖတ်များလို အေးစက်သွားသည်။ သူမက ရီဖူရှင်းအား ကြည့်ကာ သူမ၏မျက်နှာပေါ်တွင် မိမိကိုယ်ကို သရော်သော အပြုံးတစ်ခု ပေါ်လာသည်… “နင့်အပေါ် ငါ့အချစ်က ဒီလောက် သနားစရာ ကောင်းနေလား….”

သူမက လစန္ဒာကလန်၏ ပါရမီရှင်ဖြစ်ကာ အရှေ့မြေရိုင်းဒေသမှ အလှဆုံး မိန်းမပျို သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ သူမဘဝတွင် ပထမဆုံး ချစ်မိသော ယောက်ျားအား သူမက ချစ်သည် ဟုပြောသည်။ သို့သော် ရီဖူရှင်းက သူမက အသက်ရှင်လို၍ ပြောသည်ဟု တွေးထင်သည်။ မည်မျှ ဝမ်းနည်းစရာ ကောင်းသနည်း။

“ခွေးမ….” ချင်လီက တုန်ယင်စွာ ဖြင့် ချူယောင်ယောင်ကို ကြည့်ကာ အော်သည်။

ရီဖူရှင်းက ဘာမှ မပြောတော့ပေ။ သူက နောက်ဘက်ကို လှည့်ကာ ချင်လီကို ကြည့်သည်။ သူ၏လက်တွင် ဆုပ်ကိုင်ထားသော ဓာတ်ငါးမျိုး နှင်တံအား လေထဲကို မြှောက်လိုက်သည်။

“ငါ့ကို လွှတ်ပေး… အဲဒီခွေးမကို မင်းကိုငါ အလကားပေးမယ်…. မင်းလိုချင်တာ ရမယ်….ငါ့ကို မသတ်နဲ့….” ချင်လီက ရီဖူရှင်းအား ထိတ်လန့်စွာ ကြည့်သည်။ လောကတွင် သေရန် မကြောက်သောသူ မည်သူရှိသနည်း။ မောက်မာလေလေ သေမှာ ကြောက်လေလေ ဖြစ်သည်။ ချင်လီက မွေးကတည်းက အဆင့်အတန်းမြင့်ကာ အနာဂတ်တွင် ရရှိမည့် စည်းစိမ် အာဏာများက သတ်မှတ်ထားပြီး ဖြစ်သည်။ သူက မည်သို့ သေလိုမည်နည်း။

“မင်းက လုံလောက်အောင် နေပြီးပြီ….” ရီဖူရှင်းက ထိုသို့ ပြောပြီးသည်နှင့် နှင်တံဖြင့် ရိုက်ချလိုက်သည်။ သူ၏နှင်တံက ချင်လီ၏ခေါင်းအား သွားရောက် ရိုက်မိလျှင် အက်ကွဲသံ တစ်ခုကြားကာ ချင်လီ တုန်ယင်သွားသည်။ သူ၏မျက်လုံးများက ရီဖူရှင်းအား စိုက်ကြည့်နေဆဲ ဖြစ်သည်။ သူ၏ခေါင်းမှ သွေးများ စီးကျလာကာ ဖြူဖွေးသော ရေခဲပြင်အား နီရဲစေသည်။ သို့သော် ထိုအရာများ အားလုံးက မကြာမီ နှင်းများအကြား ဖုံးလွှမ်းသွားသည်။

နောက်ဆုံးတွင် ချင်လီ၏ခေါင်းက မြေပြင်ပေါ်ကိုကျကာ ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ လဲလျောင်းနေသည်။

သူကိုယ်တိုင်က ဤသို့သေမည်ဟု တစ်ခါမှ မမျှော်လင့်ထားပေ။

ကောင်းကင်တောင်မှ နှင်းများက အမှန်တကယ်ပင် အေးစက်သည်။

ချူယောင်ယောင်က ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်ဟန် မပြပေ။ သူမက ထိုလူငယ်လေးအား စိုက်ကြည့်နေဆဲ ဖြစ်သည်။ သူကား ယခု နှင်းဖွဲများကြားတွင် ဝင့်ကြွားစွာ ရပ်နေသည်။ သူ၏ အင်္ကျီက နှင်းများကဲ့သို့ ဖြူဆွတ်ကာ ဧကရာဇ် အရောင်အဝါများ လင်းလက်နေသည်။ ပြောစရာမလိုပဲ သူက ထူးထူးခြားခြား ယခင်ကထက် ကြည့်ကောင်းနေသည်။

အချိန်များပင် ရပ်တန့်သွားဟန် ရ၏။ ထိုနေရာတွင်ကား အဆုံးအစ ကင်းမဲ့သော နှင်းများကြားတွင် လူငယ်လေး တစ်ယောက်နှင့် မိန်းမပျို တစ်ယောက်တို့က တိတ်ဆိတ်စွာ ရပ်နေကြ၏။

***


Comment

Leave a Reply

Options

not work with dark mode
Reset