ချင်လီ၏ အမူအရာ ပြောင်းလဲသွား၏။ သူ၏အပေါ်မှ နဂါးတစ်ကောင်၏ အော်သံ ထွက်လာ၏။ သူ့လက်က နဂါးတစ်ကောင်၏ လက်အဖြစ် ပြောင်းလဲသွားကာ ရောက်ရှိလာသော နှင်တံအား ပိတ်ဆို့သည်။ သူက ရီဖူရှင်းအား သတ်ရန် အခွင့်အရေး ရှာနေသော်လည်း ရီဖူရှင်းက သူ့ကို ဦးစွာ တိုက်ခိုက်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ဝုန်း….။ နှင်တံက ဆင်းသက်လာလျှင် ကျယ်လောင်သော အသံတစ်ခု မြည်ဟည်းသည်။ ချင်လီ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသည်။ သူ၏ လက်မှ နဂါးကြေးခွံများ အစိတ်အစိတ် ကွဲထွက်သွားကာ သူက ဒူးထောက် သွားရသည်။ သူ ရပ်နေရာ မြေပြင်က အက်ကွဲသွား၏။
လူတိုင်း ထိတ်လန့်သွားကြ၏။ ရီဖူရှင်းက ပြုံးရယ်ကာ စကားပြော နေရင်းက ရုတ်တရက် ချင်လီကိုသတ်ရန် ကြိုးစားခဲ့သည်။ သွေးအေး ရက်စက်လွန်း လှသည်။
ထိုအခိုက်တွင် နဂါးကြေးခွံများက ချင်လီ၏ လက်တွင် ထပ်မံ ပေါ်ထွက်လာသည်။ ထိုအရာများက သဘာဝ စွမ်းအင် အငွေ့အသက်များ ထွက်ပေါ်နေရာ သိဒ္ဓိဝင် လက်နက်များ ဖြစ်သည်မှာ သေချာသည်။ ထိုအရာများက သူ၏လက်အား ကာကွယ်ထားခြင်း မရှိလျှင် ရီဖူရှင်း၏ ရိုက်ချက်ကြောင့် သူ့လက်ကျိုး သွားနိုင်ပေသည်။
ဟူး… ဟူး… ဟူး…
နှင်တံကို ဝှေ့ယမ်းလျှင် လေတိုးသံများ ကျယ်လောင်စွာ ထွက်လာသည်။ လေလှိုင်းများ ပြင်းထန်စွာ တုန်ခါသည်။ ရီဖူရှင်းထံမှ နွယ်ပင်များ ထွက်ပေါ်လာကာ ချင်လီ၏ပြေးလမ်းများကို ပိတ်ဆို့သည်။
“ရပ်စမ်း…” ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်မှ လူများက ချက်ချင်း သတိဝင်လာကာ ပြေးလာကြသည်။ သူတို့က အဝေးမှပင် မှော်တိုက်ကွက်များ လှမ်းသုံးကြသည်။
ရီဖူရှင်းက ဂရုစိုက်ပုံမရပေ။ အေးစက်သော မျက်လုံးဖြင့် ကြည့်ကာ သူ၏နှင်တံအား ကိုင်ဆောင်လျက် တစ်ဖန် ရိုက်ချလိုက်ပြန်သည်။ တစ်လောကလုံး၏ အလေးချိန်က ချင်လီထံ ဆင်းသက် လာပုံရ၏။
သူ့ဘက်တွင် အခွင့်အရေး မရှိတော့သည်ကို ချင်လီက နားလည်သွားသည်။ လက်ရှိတွင် အရေးအကြီးဆုံးကား သူ၏အသက်ကို ကယ်တင်ရန် ဖြစ်သည်။ သူ၏ခန္ဓာကိုယ်တွင် နဂါးချပ်ဝတ် အပြည့်အစုံ ပေါ်လာသည်။ သူက လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံစံဖြင့် မိမိကိုယ်ကို ကာကွယ်လိုက်သည်။
ဝုန်း….
နောက်ထပ် ကျယ်လောင်စွာ မြည်ဟည်းသံ တစ်ခု ကြားရပြန်သည်။ ချင်လီအဝေးကို လွင့်စဉ်သွားကာ အနီးရှိ တောင်နံရံတွင် သွားရိုက်မိသည်။ တောင်နံရံတွင် အက်ကွဲရာတစ်ခု ဖြစ်ပေါ်လာသည်။ ချင်လီ၏ပါးစပ်မှ သွေးများ စီးကျလာ၏။ သိဒ္ဓိဝင်ပစ္စည်း၏ အကာအကွယ်ဖြင့်ပင်လျှင် သူက ဒဏ်ရာရသည်။
နဂါးများ လေထုကို ခွင်းလျက် ပြေးဝင်လာသည်။ ရီဖူရှင်းက သူမအောင်မြင် နိုင်တော့သည်ကို သိလျှင်သိချင်း နှင်တံအား ဝှေ့ယမ်းလျက် နောက်ဆုတ်သည်။
“အရှင့်သား….” ချင်ပြည်ထောင်မှ လူများက ချင်လီအား ဝန်းရံ ကာကွယ် လိုက်ကြသည်။ ချင်လီ၏ခန္ဓာကိုယ်က တုန်ယင်နေဆဲ ဖြစ်သည်။ အတန်ကြာလျှင် သူက အနည်းငယ် တည်ငြိမ်သွားပုံရ၏။ သူက ဖြည်းညင်းစွာ ထရပ်ကာ ရီဖူရှင်းအား လူသတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ကြည့်သည်။
“မင်းက အသက်ရှင်တာ ကံကောင်းတာပဲ…” ရီဖူရှင်းက ရယ်မောလျက် ပြောသည်။ သူ၏ အပြုံးက ဘာမှ မဖြစ်ခဲ့သလို ညင်သာသည်။
လူတိုင်းက ဆွံ့အသွားသည်။
“မင်းကတော့ ကံကောင်းမှာ မဟုတ်ဘူး….” ချင်လီက အမိန့်ပေးသည်…“သူ့ကို သတ်….”
ချင်ပြည်ထောင်မှ လူများက ရှေ့ကို တက်လာကြသည်။ ကျောင်းတော်မှ လူများကလည်း ရှေ့ကို တက်လာကြသည်။ မည်သို့ဆိုစေ ကျောင်းတော်နှင့် ကော့တေးက တစ်အုပ်စုတည်း ဖြစ်သည်။ ချင်ပြည်ထောင်က ရီဖူရှင်းအား သတ်ပြီးလျှင် သူတို့ကိုလည်း သတ်မည်ဖြစ်သည်။
ဒွန်ဟွာကလန်မှ လူများကလည်း ရှေ့ကို တက်လာသည်။ ဓားသခင်တောင်မှ လူများကလည်း ရှေ့ကို တက်လာကြ၏။
ကြီးမားသော တိုက်ပွဲတစ်ခု ဖြစ်လာတော့မည်။
ပတ်ဝန်းကျင်မှ လူများက အသက်ပင် ဝဝ မရှူရဲကြတော့ပေ။ ထိုအင်အားစု နှစ်ခုက စစ်ကြေညာထားပြီး ဖြစ်သည်။ ကောင်းကင်တောင်တွင် စစ်ပွဲက အမှန်တကယ် ဖြစ်ပျက်တော့မည်လော။
ဟွာချင်းချင်းက သူမ၏ သံစဉ်အား ရပ်တန့်လိုက်ကာ တိုက်ပွဲနေရာအား လှမ်းကြည့်သည်။
ချူယောင်ယောင်က ရီဖူရှင်းကို လှမ်းကြည့်သည်။ သူမက မည်သို့တွေးရမည် မသိတော့ပေ။ လစန္ဒာကလန်က ဝင်ပါ၍ မရပေ။
“ဒါက ချင်ပြည်ထောင်နဲ့ ကော့တေးအကြားက ကိစ္စပဲ… ဓားသခင်တောင်က ဘာလုပ်နေတာလဲ…” ဖူယွန်ဓားကလန်မှ ချီဟောင်က ပြောသည်။
ဒူမင်က မျက်မှောင်ကြုတ် လိုက်သည်… “ဒါကမင်းနဲ့ ဘာဆိုင်လို့လဲ….”
“ကျောင်းတော်က ရီဝူချင်းကို ထုတ်မပေးသင့်ဘူးလား… ဖူယွန်ဓားကလန်ရဲ့ သစ္စာဖောက်ကို….” ချီဟောင်က ပြုံးလျက်ပြောသည်။
ရီဖူရှင်းက သူ့ကို အေးစက်စွာ ကြည့်သည်။ သူတို့က ရီဝူချင်းအား လုံးဝ ထုတ်ပေးမည် မဟုတ်သည်ကို ချီဟောင်က သိသည်။ သူက တိုက်ပွဲထဲကို ဝင်ပါရန် အကြောင်းပြချက် ရှာနေခြင်းသာ ဖြစ်သည်။
နှင်းများက ဆက်လက်၍ ကျဆင်းနေသည်။ အခြေအနေက တင်းမာလာ၏။
“အစ်ကိုကြီးက ဖူယွန်ဓားကလန်ကို သွားခဲ့တုန်းက မင်းတို့က ဘာမှ မသင်ခဲ့တာလား…” ယိရှောင်ရှီက မေးသည်။
ရီဖူရှင်းက လူအုပ်အား အကဲခတ်လိုက်သည်။ တော်ဝင် ချန်ကျောင်းတော် ကလည်း အေးစက်စွာ လှမ်းကြည့်နေသည်။ သူတို့က ဘာမှမပြောသော်လည်း တိုက်ပွဲမှာ ဝင်ပါမည်မှာ သေချာသည်။
ကော့တေးက အရေအတွက်အားဖြင့် အရေးနိမ့်နေသည်။
ရီဖူရှင်းက ကောင်းကင်တောင်၏ အရှိန်အဝါကို ဆန့်ကျင်လျက် အပေါ်လေထဲကို တဖြည်းဖြည်း မြောက်တက် နေသည်။ သူ့အနီးတွင် လေဓာတ်သဘာဝများ စုစည်းလာနေ၏။ နတ်ငှက် အတောင်ပံများက နိုဘယ် အသိကြောင့် တလက်လက် ထနေသည်။ လူတိုင်းက သူ့ကို လှမ်းကြည့်ကြသည်။ သူ ဘာလုပ်နေသနည်း။
“တိုက်စရာ မလိုဘူး… ချင်လီနဲ့ ကျုပ်အကြားက ပြဿနာက ပုဂ္ဂိုလ်ရေးကိစ္စပဲ…” ရီဖူရှင်းက ရုတ်တရက် ပြောကာ ကောင်းကင်ပေါ်သို့ အလင်းတန်းအလား ထိုးတက် သွားသည်။ လူအများအပြားက အံ့အားသင့် သွားကြသည်။ ရီဖူရှင်းက တိုက်ခိုက်ခြင်း မရှိဘဲ တစ်ယောက်တည်း ထွက်ပြေးသွားသည်။
“ထွက်ပြေးချင်တာလား…”
ချင်လီက တောင်ပေါ်သို့ ပျံသန်း ထွက်ခွာသွားသော ရီဖူရှင်းကို လှမ်းကြည့်သည်။ “သူ့နောက်ကို လိုက်စမ်း…” သူက ထိုသို့ ပြောလိုက်သည်နှင့် သူ့လူများက ကောင်းကင်သို့ တစ်ယောက်ပြီး တစ်ယောက် တက်ရောက် ပျံသန်းကာ ရီဖူရှင်းနောက်ကို လိုက်ကြသည်။
“တောင်ပေါ်ကို….” ယိရှောင်ရှီ၏ ခန္ဓာကိုယ်က ဝှီးခနဲ အပေါ်ကို ထိုးတက်သွားသည်။ တခြား အင်အားစုများမှ စွမ်းအားမြင့် တန်ခိုးရှင်များ ကလည်း တောင်ပေါ်ကို ယခင်ကထက် မြန်ဆန်စွာ တက်ကြသည်။
ရီဖူရှင်း၏ ရုတ်တရက် ထွက်ခွာမှုက တိုက်ပွဲအား ရပ်တန့်စေခဲ့သည်။
“သွားမယ်…” ဖူယွန်ဓားကလန်နှင့် ဓားသခင်တောင်မှ လူများကလည်း တောင်ပေါ်ကို တက်ကြပြန်သည်။ ရီဖူရှင်းက ကြီးမားသော ကျောက်ဆောင်ကြီး တစ်ခုပေါ်သို့ တက်လိုက်သည်။ ထို့နောက် မိစ္ဆာ အငွေ့အသက်များက သူ့အား သက်ရောက်နိုင်စွမ်း မရှိသည့်အလား အပေါ်ကို ဆက်တက်သည်။
“ဖေးယွန်… ချန်းယွီကို ဂရုစိုက်….” ရီဝူချင်းက ပြောသည်။ ထို့နောက် သူက ဓားတစ်လက်အလား အပေါ်သို့ ထိုးတက်သွားသည်။
“ငါသွားကြည့်မယ်….” ချူယောင်ယောင်က ပြောကာ တောင်ပေါ်သို့ မြန်ဆန်စွာ တက်သည်။
ရီဖူရှင်းက ရှေ့ကို တစ်ဟုန်ထိုး ပြေးနေသည်။ သူကား အလွန် လျင်မြန်စွာ ပြေးနေကာ ချင်ပြည်ထောင်မှ တန်ခိုးရှင်များက သူနှင့်အနီးဆုံး ပြေးလိုက်နေကြသည်။ ကောင်းကင်တောင်၏ အရှိန်အဝါကြောင့် မဟုတ်လျှင် သူတို့က မီနေလောက်ပြီဖြစ်သည်။ မည်သို့ပင်ဆိုစေ သူကား တန်ခိုးအဆင့် လွန်စွာနိမ့်သည်။
နောက်မှ များစွာသော ချင်ပြည်ထောင် တန်ခိုးရှင်များ လိုက်ပါ လာသော်လည်း ရီဖူရှင်းက ဂရုစိုက်ဟန် မရပေ။ သူက လှုပ်ရှားပြီးမှတော့ သူက ဖြစ်နိုင်ဖွယ် အခြေအနေများ အားလုံးကို တွက်ချက်ပြီး ဖြစ်သည်။ ဖိအားများကို အန်တုရန် နိုဘယ်ကံစွမ်းအား များက သူ့ထံမှ ဖြာထွက်လာသည်။ ဧကရာဇ်အသိက သူ့အား တောင်ပေါ်မှ ဖိအားများကို သက်သာစေသည်။
ဖိအားများ ပိုမိုအားကောင်း လာသည်။ နှင်းဖွဲများ အကြားတွင် လျှပ်စီး အနည်းငယ်က တစ်ခါတစ်ခါ လင်းလက်နေသည်ကို တွေ့ရသည်။ ကျောက်ဆောင်များ ပင်လျှင် လျှပ်စီးများ တဖျတ်ဖျတ် လက်နေသည်။ ရီဖူရှင်းက ထိုအပေါ်ကို တက်နင်းမိသည်နှင့် အားကောင်းသော လျှပ်စီးအသိက သူ့ထံ ဆင်းသက် လာသည်ကို ခံစားရသည်။ ထိုအရာက သူ၏ခန္ဓာကိုယ်ကို စီးဆင်းသွားလျှင် မိစ္ဆာအငွေ့အသက်က ပိုမို အားကောင်း လာသည်ဟု ခံစားရသည်။ ရီဖူရှင်းက ထိုလျှပ်စီး ကမ္ဘာထဲကို ဆက်လျှောက် သွားသည်။
“မင်းက ပြေးလွတ်မယ် ထင်လား…” သူ့နောက်မှ ချင်လီက လျှောက်လာသည်။ သူ၏တစ်ကိုယ်လုံးအား နဂါးချပ်ဝတ်များ ဖုံးကွယ်ထားသည်။ သူ့အနီးတွင် ချင်ပြည်ထောင်မှ စွမ်းအားမြင့် တန်ခိုးရှင်များက ဝင်္ကပါတစ်ခု ဖန်တီးနေရာယူကြသည်။ သူတို့က လျှပ်စီး ကမ္ဘာထဲကို အတူတူ ဝင်လာကြသည်။
ရီဖူရှင်းက သူတို့အား လျစ်လျူရှု ထားသည်။ သူက ချင်လီအား တိုက်ခိုက် ကတည်းက ထွက်ပြေးရန် စဉ်းစားထားသည် မဟုတ်ပေ။ သူက ချင်လီအား တိုက်ခိုက်ခြင်း၏ ရည်ရွယ်ချက်ကပင် သူ့ကို သတ်ရန် ဖြစ်သည်။
လျိုနိုင်ငံမှာတုန်းက ချင်ယွန်က လျိုချန်းယွီအား လူမဆန်စွာပြုမူခြင်း၊ လျိုချန်းယွီ၏ မိမိကိုယ်ကို သတ်သေရန် ကြိုးစားခြင်း၊ ရီဝူချင်း၏ ကူရာမဲ့ အခြေအနေ၊ ချင်လီ၏ မောက်မာသော စကားများ စသည်များကြောင့် သူက ချင်လီအား လွန်စွာ သတ်လိုနေခဲ့သည်။ ထိုစဉ်ကလည်း သူက ဘာမှ မတတ်နိုင်ခဲ့ပေ။ ဧကရာဇ်လျိုက သူ့အား မသတ်နိုင်သလို သူကလည်း မသတ်နိုင်ပေ။
ယခု သူတို့က ကောင်းကင်တောင်တွင် ဖြစ်သည်။ ချင်လီ၏ဘေးမှ အားအကောင်းဆုံး သူမှာ အဆင့်မြင့် အကာနာ အဆင့်တွင်သာ ဖြစ်သည်။ အပေါ်ကို တက်လေလေ တန်ခိုး အဆင့်မြင့်သူက ဖိအားကို ပိုမိုခံစားရလေလေ ဖြစ်သည်။ နောက်ဆုံးတွင် ရီဖူရှင်းအတွက် အခွင့်အရေး ရလာပြီ ဖြစ်သည်။ ယခုသူတို့က စစ်ဖြစ်နေရာ သူက ချင်လီကို မသတ်လျှင်ပင် ချင်လီက သူ့ကို သတ်မည် ဖြစ်သည်။ ယခု သူက မည်သို့ လုပ်ရမည်ကိုသာ စဉ်းစားနေသည်။
ယိရှောင်ရှီနှင့်အတူ တခြား ဒွန်ဟွာကလန်မှ လူတချို့လည်း ရောက်လာသည်။ တခြား အင်အားစုများမှ လူများကကလည်း လျှပ်စီးကမ္ဘာထဲကို ရောက်ရှိ လာကြသည်။ သို့သော် အတော်များများ မှာလည်း ရှေ့ကို ဆက်မတိုးနိုင်တော့ဘဲ ကျန်နေခဲ့ကြသည်။ ယခု ရောက်ရှိ လာသူများမှာ များစွာ ပါရမီမြင့်သူများ ဖြစ်ကြသည်။
ချူယောင်ယောင် ကလည်း လျှပ်စီးကမ္ဘာထဲကို ရောက်လာသည်။ အဝေးမှ ထီးထီးတည်း ပြေးနေသော သူ့ကို မြင်လျှင် သူက အမှန်တကယ် အားဖြင့် ပြေးခြင်း မဟုတ်ကြောင်း သူမ ခံစားရသည်။ သူ၏နောက်ကျောမှပင် ဆုံးဖြတ်ချက် ခိုင်မာမှုကို သူမက မြင်နေရသည်။
ရီဝူချင်း၊ ယူချင်း၊ လို့လန်ရွှီနှင့် တခြား လူများကလည်း လျှောက်လာကြသည်။
“ရှင်တို့ မခံနိုင်တော့ရင် ကိုယ့်ကိုယ်ကိုယ် တွန်းအားမပေးနဲ့…” ဟွာချင်းချင်းက သူမ၏ဘေးမှ လူများကို ပြောသည်။
ချင်းရွှီ ဘုရားကျောင်းနှင့် မှော်ကလန်တို့က ရီဖူရှင်း၏ အရှေ့တွင် ဖြစ်သည်။ ထိုအခိုက်တွင် ဂူဘိုင်ယွီက ရပ်တန့်လိုက်သည်။ သူမက လက်လျှော့လိုက် လိုသော်လည်း ရုတ်တရက် သူမ၏ဘေးမှ ရီဖူရှင်း ဖြတ်ပြေးသွားသည်။ သူမက အံ့အားသင့်စွာ လှမ်းမေးသည်… “နင်ရူးနေလား….”
ရီဖူရှင်းက သူမအား လျစ်လျူရှုကာ ရှေ့ကို ဆက်ပြေး သွားသည်။
ချင်လီ၏ အမူအရာက ပိုမို၍ အရုပ်ဆိုးလာသည်။ သူ၏ စိတ်က ပိုမို၍ ဖိနှိပ်မှုကို ခံစားလာရသည်။ သူက ဤနေရာတွင် ရှိနေသော ဖိအားကို သိသည်။ သို့သော် ရီဖူရှင်းက ရှေ့ကို ဆက်ပြေးနေသည်။ သူနှင့်အတူ လိုက်ပါလာသော ချင်ပြည်ထောင်မှ စွမ်းအားမြင့် တန်ခိုးရှင်များကား စိတ်မတည်မငြိမ် ဖြစ်လာကြပြီ ဖြစ်သည်။ သူတို့ အတွင်းစိတ်မှ လူသတ်လိုသော အငွေ့အသက်များက တားမရ ဆီးမရ ဖြစ်လာကာ မျက်လုံးများ နီရဲလာကြသည်။
“ငါတို့ ဆက်လိုက်နေလို့ မရဘူး… သူ့ကို သတ်စမ်း….” ချင်လီက အေးစက်စွာ အမိန့်ပေးသည်။ သူ၏လူများက ရုတ်တရက် ရှေ့ကို တစ်ဟုန်ထိုး ပြေးသွားကြသည်။ သူတို့၏ မျက်လုံးများက သွေးရောင်ထနေကာ လွန်စွာ လူသတ် လိုနေကြသည်။
ဝှီး…
ဤသည်ကို မြင်လျှင် ယိရှောင်ရှီကလည်း အမြန်နှုန်း မြှင့်လိုက်ရာ အမှန်ပင် လျှပ်စီး အလင်းတန်းအလား ပြောင်းလဲသွားပြီး အားလုံး၏ ရှေ့ကို ရောက်သွားသည်။ သူက လက်ဆန့်တန်းလျှင် နွယ်ပင်များစွာ ထွက်ပေါ်လာပြီး ရီဖူရှင်းနောက်ကို လိုက်လာသော သူများထံသို့ တိုးဝင်သွားသည်။
“သူ့ကိုသတ်…” ချင်လီက အော်ဟစ်သည်။ ချင်ပြည်ထောင်မှ လူများက ကောင်းကင်သို့ ထိုးတက်သွားကြကာ ယိရှောင်ရှီထံသို့ ဆင်းသက် လာသည်။
ယိရှောင်ရှီက သူ့နောက်ကျောတွင် မျက်လုံးရှိသည့်အလား နောက်ပြန် ကန်ချက်တစ်ချက် ထုတ်လိုက်သည်။ သူ၏ ခြေဖဝါးက အမှန်တကယ်ပင် ကြီးမားသော တောင်ကြီးတစ်ခုအလား ပုံရိပ်ကို ဖြစ်ပေါ်စေကာ ရွှေရောင်အလင်းများ ဖြာဆင်းလျက် ထိုလူများထံ ဆင်းသက်လာသည်။ ထိုလူများ တဖန်နောက်ကို ပြန်လွင့်စဉ် သွားကြ၏။
“ပြန်လာခဲ့…” ယိရှောင်ရှီက လက်ဝှေ့ယမ်းလျှင် ရှေ့မှ လူများကို နွယ်ပင်များနှင့် ပြန်လည် ဆွဲချသည်။
ရီဖူရှင်းမူကား နောက်မှာ ဖြစ်ပျက်နေသော တိုက်ပွဲများကို မသိသည့်အလား ရှေ့ကို ဆက်ပြေးနေသည်။
ချင်လီ၏ အမူအရာက အရုပ်ဆိုးသွားသည်။ “သူ့ကို ထိန်းထားစမ်း…” သူက အေးစက်စွာ ပြောသည်။ ထို့နောက် သူက လူတချို့ကိုခေါ်ကာ ရီဖူရှင်းနောက်ကို ဆက်လိုက်သည်။ ကျန်သောသူများက ယိရှောင်ရှီအား ဝန်းရံကြသည်။
***