Switch Mode

အပိုင်း (၃၄၆)

ငါမင်းကို မေးစရာ တစ်ခုရှိတယ်

“ဒါ….” နံရံပေါ်မှ မကောင်းဆိုးဝါးငှက်များက သူ့အား ဘာမှ သက်ရောက်မှု မရှိသည့်အလား ရီဖူရှင်းက နံရံနှစ်ခုအကြားမှ အေးအေးလူလူ လျှောက်သွားနေသည်။ ငှက်ဆိုးများက သူ့ကို ဖြတ်ကျော် သွားသော်လည်း သူ၏ အင်္ကျီက တဖျတ်ဖျတ် ခတ်သွားကာ သူ၏ ဆံပင်က တလွင့်လွင့် ဖြစ်သွားသည်။ နိုဘယ်အသိက သူ့ထံမှ မွေးဖွားလာကာ သူ့တစ်ကိုယ်လုံး အရောင်အဝါများ ထွန်းလင်းလာရာ မကောင်းဆိုးဝါးများက သူ့အား ထိခိုက်နိုင်စွမ်း မရှိတော့။

လူတိုင်း ထိတ်လန့်သွား၏။ ရီဖူရှင်း၏ စိတ်အသိက မည်မျှ အားကောင်းသနည်း။ သူ၏ တန်ခိုးအဆင့်က နိမ့်ရာ ထိုအရာများက သူ့ကို ကြီးစွာ မထိခိုက်စေနိုင်သည် များလား။ မည်သို့ဆိုစေ ရီဖူရှင်း၏ အားကောင်းသော လမ်းလျှောက်ဟန်က လူတိုင်း၏ သံသယကို ပျက်စီးစေခဲ့၏။ ယိရှောင်ရှီနှင့် ဓားသခင်တောင်မှ လူများက သူ့ကို ချန်ထားခဲ့သည်မှာ သူ့အား လုံးဝ ယုံကြည်မှု ရှိခြင်းကြောင့် ဖြစ်ပေသည်။

သူတို့ အမှန်တကယ်ပင် ရူးသွပ်ပေသည်။ ရီဖူရှင်းက မကြိုးစားကြည့်ရ သေးခင်ပင် သူတို့က ရီဖူရှင်းကို အပြည့်အဝ ယုံကြည်ကြသည်။

ချီဟောင်နှင့် ဖူယွန်ဓားကလန်မှ လူများက တစ်ဖက်ခြမ်းကို ရောက်ရှိနေပြီး ဖြစ်သည်။ ရီဖူရှင်း၏ လှုပ်ရှားမှုကို မြင်လျှင် ချီဟောင်၏ အမူအရာက ပျက်ယွင်းသွားသည်။ ထိုအရာက သူ့အား အရှက်ရစေ၏။

“သူက အကာနာအဆင့်ကို မရောက်သေးဘူး… သူက တန်ခိုး အဆင့်နိမ့်လို့ သူ့အတွက် မခက်ခဲတာ ဖြစ်မယ်….” ချီဟောင်၏ အမူအရာကိုမြင်လျှင် အနီးမှ တစ်ယောက်က ပြောသည်။

ချူယောင်ယောင်က ရီဖူရှင်းအား တစ်ချက် လှမ်းကြည့်ကာ ရှေ့ကို ဆက်သွားသည်။

“သမီးတော်…” တစ်စုံတစ်ယောက်က ခေါ်သည်။

“ငါစမ်းကြည့်ချင်တယ်…” တောက်ပ လင်းလက်သော အရောင်အဝါများက သူမကို ဖုံးလွှမ်းသွား၏။ သူမ၏ ခန္ဓာကိုယ်က ဖျတ်ခနဲ ဖြစ်သွားကာ များစွာသော ကိုယ်ပွားများ ထွက်ပေါ်လာသည်။ ကိုယ်ပွားများက ငှက်ဆိုးများ၏ ဖျက်ဆီးခြင်းကို ခံရသော်လည်း သူမက ရှေ့ကို ဆက်သွားသည်။ သူမ၏လှုပ်ရှားမှုများက နတ်သမီးတစ်ပါးအလား လူအများကို မှင်တက်စေသည်။

ပထမက ဟွာချင်းချင်း ယခု ချူယောင်ယောင်…။ အရှေ့မြေရိုင်းဒေသမှ အလှဆုံး မိန်းကလေး သုံးယောက်ကား ရုပ်ရည်သာ ချောမောသည် မဟုတ်ပေ။

သူတို့နောက်မှ လိုက်ပါလာသူများ ကလည်း အတူတူ ပူးပေါင်းလျက် လမ်းကြားထဲ ဝင်ကြသည်။ များစွာသော လူများက အောင်မြင်စွာ ဖြတ်ကျော် နိုင်ကြ၏။ အသက် သေဆုံးသူများ တစ်ခါတစ်ရံမျှသာ ဖြစ်ပေါ်သည်။ ဦးဆုံး ကြိုးစားသူများကား လွန်စွာ အလျင်စလို နိုင်ကြရာ သေဆုံးသည်အထိ ဖြစ်စေခဲ့သည်။

ရှေ့တွင်ကား ချင်းရွှီဘုရားကျောင်းနှင့် မှော်ကလန်မှလူများက တောင်ပေါ်ကို ဆက်တက်သွားပြီး ဖြစ်သည်။

ရီဖူရှင်း လျှောက်လာသည်ကို ချင်လီက အေးစက်စွာ ကြည့်သည်။ ထို့နောက် သူက အနီးကို လျှောက်လာသော ချူယောင်ယောင်ကို မေးသည်… “ယောင်ယောင်… မင်း အဆင်ပြေလား…”

“အင်း…” သူမက အသာအယာ ခေါင်းညိတ်သည်။

“ငါနဲ့လိုက်ခဲ့…” ချင်လီက ပြောသည်။

“ငါ့ညီအစ်မတွေကို စောင့်ရဦးမယ်… နင် အရင်သွားနှင့်….” ချူယောင်ယောင်၏ အသံက ညင်သာလွန်းရကား လူအများက သူမအား ကာကွယ်ပေးလို စိတ်များကိုပင် ဖြစ်စေသည်။

“ကောင်းပြီ…” ချင်လီက ခေါင်းညိတ်သည်။ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန် တို့ကလည်း ရှေ့ကို ဆက်တက်ကြသည်။

ရီဖူရှင်းတို့ အုပ်စုလည်း ဆက်သွားကြသည်။ ဖူယွန်ဓားကလန်နှင့် တော်ဝင် ချန်ကျောင်းတော်တို့က သူတို့နှင့် သိပ်မဝေးပေ။ သူတို့၏နောက်တွင်လည်း လူအများအပြား ရှိသည်။ သူတို့က အခြေအနေကို တွက်ဆနေကြသည်။ ထိပ်သီး အင်အားစုနှစ်ခုက စစ်ဖြစ်နေသည်။ ယခု တောင်ပေါ်တွင် တိုက်ပွဲဖြစ်လာနိုင်ခြေ လွန်စွာများရာ ကော့တေး၊ ကျောင်းတော်၊ ချင်ပြည်ထောင်၊ ဓားသခင်တောင်၊ ဖူယွန်ဓားကလန်နှင့် တော်ဝင် ချန်ကျောင်းတော်တို့၏ လှုပ်ရှားမှုများကို လူအများက မျက်ခြည်မပြတ် အကဲခတ် နေကြသည်။

ဤမျှလောက်အထိ တိုက်ပွဲမဖြစ်ဘဲ ရောက်လာသည်ကပင် အံ့ဖွယ်ကောင်းနေပြီ ဖြစ်သည်။

တောင်တက်လမ်းက ပိုမို၍ ခက်ခဲ ကြမ်းတမ်းလာသည်။ နှင်းများက နေရာတိုင်းတွင် ရှိသည်။ သူတို့က တောင်အပြင်ဘက်ကို မမြင်ရတော့ပေ။ သူတို့က အပေါ်ကို မော့ကြည့်ကာ ဆက်လျှောက်ရန်သာ တတ်နိုင်တော့ပေ။ ဘယ်လောက်ကြာအောင် ထပ်လျှောက်ရမည်ကို ဘယ်သူမှ မသိပေ။

နှင်းများက ပိုမို ထူထပ်လာ၏။ လူတိုင်းအား နှင်းများ ဖုံးအုပ်ထားသည်။ တချို့က မီးဓာတ်စွမ်းအင်ကိုသုံးလျက် ခန္ဓာကိုယ်ပေါ်မှ နှင်းများကို အေးခဲရန် ကြိုးစားကြသော်လည်း သိပ်မကြာခင် အေးစက်မှုကို ခံစားကြရသည်သာ ဖြစ်သည်။ ထို့အပြင် မိစ္ဆာစိတ် ခံစားချက်ကလည်း ပိုမို အားကောင်း လာသည်။ ထိုအရာက တောင်ပေါ်မှ လာနေဟန်ရကာ လူတိုင်းအား သက်ရောက်နိုင်စွမ်း ရှိသည်။

သိမ်းငှက်နက်က ရီဖူရှင်းအနီးမှ ကပ်ပါလာသည်။ သူ၏ လက်သည်းများက မြေပြင်အား ကုတ်ခြစ်ကာ ဆက်သွားနေရင်းက သူ၏ခေါင်းအားလည်း မော့ထားသည်။ ရီဖူရှင်းက သိမ်းငှက်နက်၏ စိတ်အသိထဲကို ဧကရာဇ်အသိမှ ခွဲဝေပေးသော အားလှိုင်းတစ်ခုအား အထောက်အပံ့ ပေးထားရာ သူက ကြောက်ရွံ့ခြင်း မရှိဘဲ ဆက်သွားနိုင်သည်။

တဖြည်းဖြည်းဖြင့် လူများက လက်လျှော့ လာကြသည်။ သူတို့က တောင်ပေါ်ကို ဆက်တက်လျှင် သူတို့အား မကောင်းဆိုးဝါးစိတ်က ထိန်းချုပ် သွားတော့မည်ဟု ခံစားရသည်။ တောင်ပေါ်ကို ဆက်တက်နိုင်သော သူကား လွန်စွာ စိတ်ဓာတ် ခိုင်မာသူများ ဖြစ်ကြသည်။ သူတို့က ထိပ်သီး အင်အားစုများမှ ပါရမီရှင်များ၏နောက်မှ လိုက်ပါနေကြသည်။ မမျှော်လင့်သော အန္တရာယ်နှင့် ကြုံရပါက ထိုထိပ်သီးပါရမီရှင်များက ဖြေရှင်း ပေးနိုင်သည်။ သူတို့ကလည်း သင်ယူ၍ ရသည်။

ရက်များ ကုန်ဆုံးသွားသည်။ သူတို့က ခုနစ်ရက်တိတိ လမ်းလျှောက်နေကြပြီး ဖြစ်ကာ ဘယ်နေရာကို ရောက်နေမှန်းလည်း မသိကြတော့ပေ။ တောင်ခြေတွင်ကား စွမ်းအားမြင့် တန်ခိုးရှင်များက စောင့်ဆိုင်း နေကြဆဲဖြစ်သည်။ တဖြည်းဖြည်းဖြင့် လူများက လက်လျှော့ကာ တောင်ပေါ်မှ ပြန်ဆင်း လာနေကြသည်။

နှင်းတောထဲတွင် နေရာတိုင်း၌ လူများ ရှိသည်။ အရှေ့မြေရိုင်း ဒေသမှ တစ်ဝက်မျှသော တန်ခိုးရှင်များ အားလုံး ဤနေရာကို ရောက်နေသည်။

ခေါင်းလောင်းသံက ထပ်မမြည်တော့ပေ။ မဟုတ်လျှင် သူတို့က ဤနေရာတွင် နေနိုင်တော့မည် မဟုတ်ပေ။

ကျူးကော့ဟွေက ကောင်းကင်တောင်ကို တိတ်ဆိတ် ငြိမ်သက်စွာ ငေးကြည့်နေသည်။

“ငါတို့ရဲ့ မောင်ငယ်လေးက ဆရာရှာနေတဲ့လူလို့ နင်ထင်လား….” သူမက တိုးညင်းစွာ ပြောသည်။ ကော့တေးမှ တပည့်များသာ ထိုစကားကို နားလည်ပေသည်။

ဂူတုံးလျိုက နှင်းတောင်ထိပ်ကို ကြည့်သည်။ ပထမဆုံး တပည့်သုံးယောက်က ဆရာ၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ အသိနားလည်ဆုံး ဖြစ်သည်။ သို့သော်လည်း ထိုရည်ရွယ်ချက်ကား လွန်စွာ မြင့်မားလွန်းလှသည်။ သူတို့၏ ပါရမီဖြင့်ပင် လိုက်မမီပေ။ ထိုရည်မှန်းချက်က မြင့်လွန်းရကား ယခု သူတို့က မည်သည့် ခြေလှမ်းကို ရောက်နေသည်ကိုပင် မသိကြတော့ပေ။

ယခု အရှေ့မြေရိုင်း ဒေသမှ အနည်းငယ်မျှသော သူများကသာ သူတို့အား ခြိမ်းခြောက် နိုင်သည်။

“ငါမသိဘူး…” ဂူတုံးလျိုက တိုးညင်းစွာ ပြောသည်။ ရီဖူရှင်းက ရှေးဟောင်းမြေရိုင်း ဒေသတွင် ကြိမ်းဝါးခဲ့သော စကားကို သူက ကြားကြားချင်း တွန့်ဆုတ်ခြင်း မရှိဘဲ ကန်ယီကို သွားခဲ့သည်။

“မောင်ငယ်လေးက တောင်ပေါ်မှာ တစ်ခုခု ရမလား ငါသိချင်တယ်…” ကျူးကော့ဟွေက ပြုံးလျက်ပြောသည်။ အရှေ့မြေရိုင်းဒေသတွင် ဧကရာဇ်နှစ်ပါးနှင့် ပတ်သက်သော ဒဏ္ဍာရီများရှိသည်။ ရီဖူရှင်းကသာ တစ်စုံတစ်ခုအား စွမ်းဆောင်နိုင်ပါက သူတို့၏ဆရာက သေချာပေါက် ဝမ်းသာပေမည်။ ထိုအဘိုးကြီးက ယခု ဘာများ လုပ်နေမလဲ…။ သူက သူမအား ဤနေရာတွင် လိမ်ညာ ထားရစ်ခဲ့ကာ ကော့တေး တစ်ခုလုံးအား သင်ပေးခြင်းမရှိဘဲ သူမနှင့်ပစ်ထားသည်။ ယခု သူက တစ်ယောက်တည်း သာသာယာယာ ဘဝကို ဖြတ်သန်းနေသည်။ ထိုအဘိုးကြီး…။

ကောင်းကင် တောင်ပေါ်တွင် သိမ်းငှက်နက်က ရပ်တန့် လိုက်ပြန်သည်။ သူ၏ခြေထောက်များက တုန်ယင်နေပြီး အတောင်ပံများမှ အမွေးများက ထောင်မတ်နေသည်။ သူတို့၏အရှေ့မှ တောင်နံရံများတွင် များစွာသော အမှတ်အသားများကို တွေ့ရသည်။ ထိုအရာများက ကုတ်ခြစ်ရာများ၊ လျှပ်စီးရာများနှင့် မီးလောင်ကျွမ်းရာများ ဖြစ်သည်။ ထိုအရာများ အားလုံးထံမှ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများ ထွက်နေသည်။ ထိုအရာများက ဧကရာဇ်နှစ်ပါးနှင့် မိစ္ဆာငှက်တို့က တိုက်ခိုက်ခဲ့သော ခြေရာ လက်ရာများ ဖြစ်ပေမည်။

သူတို့၏ ခန္ဓာများက လေးလံ လာသည်ဟု လူတိုင်းက ခံစားကြရသည်။ မမြင်ရသော ဖိအားများက သူတို့ထံ ဆင်းသက် လာနေသည်။ တောင်နံရံများတွင် အနက်ရောင် မီးငှက်များ ပြေးနေသည်ကို ရေးရေးမြင်ရသည်။ သူတို့၏ နှလုံးခုန်သံများ ပိုမို ကျယ်လောင် လာသည်ဟု ခံစားကြရ၏။

“ပြန်ဖိထား….” ရီဖူရှင်းက သိမ်းငှက်နက်အား ကြည့်လိုက်သည်။ သိမ်းငှက်နက် စိတ်ထဲတွင် သူထားခဲ့သော အမှတ်အသားက အားကောင်းသော အရှိန်အဝါ ထွက်ပေါ်လာသည်။ သိမ်းငှက်နက်၏ မျက်လုံးများက မိစ္ဆာ အငွေ့အသက်များ ပိုမို ပြင်းထန်လာသည်ကို သူမြင်ရသည်။

“အား….” နာကျင်စွာ အော်ဟစ်သံ တစ်သံ ကြားရသည်။ လူအများ၏ စိတ်နှလုံးများက တုန်ယင်သွားကြကာ နောက်ကို လှည့်ကြည့်ကြသည်။ အကာနာအဆင့်မှ စွမ်းအားမြင့် တန်ခိုးရှင် တစ်ယောက်က မိစ္ဆာ အငွေ့အသက်များကို ထပ်မံ၍ ခံနိုင်ရည်ရှိပုံ မရတော့ပေ။ သူတို့၏ မျက်လုံးများက အနက်ရောင် အငွေ့အသက်များ ထွက်လာနေသည်။ သူ၏ လက်မှလည်း ကြောက်မက်ဖွယ် ရွှေရောင်ဓားတစ်လက် ပေါ်လာကာ ဘေးမှလူအား လှမ်းခုတ်လေသည်။

ဖြူဖွေးသော နှင်းပြင်ကြီးတွင် သွေးများ ဖြာထွက် သွားသည်။ သွေးစိမ်းများကို မြင်လျှင် လူအများအပြားက မကောင်းဆိုးဝါး စိတ်အား ထပ်မံ၍ ထိန်းချုပ်နိုင်ဟန် မတူတော့ပေ။ ထိုနေရာတစ်ခုလုံး အော်ဟစ်သံများ ဆူညံသွားသည်။ သူတို့၏ အသိစိတ်များ လွတ်ထွက်သွားပြီ ဖြစ်သည်။ ထိပ်သီး အင်အားစုများပင်လျှင် မနည်း ထိန်းချုပ်နေရသည်။ သူတို့၏ စိတ်ထဲတွင် လာရောက် စုစည်းနေသော မကောင်းဆိုးဝါး အငွေ့အသက်များက ထိန်းချုပ်ရန် လွန်စွာ ခက်ခဲပေသည်။ သူတို့က အသိစိတ်လွတ်ကာ ဘေးမှလူများကို ကြမ်းတမ်းစွာ တိုက်ခိုက်တော့သည်။

လူအများအပြားက ဟွာချင်းချင်း၊ ချူယောင်ယောင်နှင့် ချင်မုံရိုထံသို့ ပြေးသွားကြသည်။ သူတို့ကား လွန်စွာ ချောမော လှပလွန်းရာ လူအများအတွက် မကောင်းသော စိတ်များ အလွယ်တကူ ဖြစ်စေနိုင်သည်။

“သူတို့ကို သတ်…” ချင်လီက အေးစက်စွာ ပြောသည်။ ချက်ချင်းပင် ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်က စတင်၍ လှုပ်ရှားကြသည်။ အခြေအနေက အနည်းငယ် ပရမ်းပတာ ဖြစ်နေသည်။

နှင်းတောထဲတွင် သွေးများ ထပ်မံစွန်းထင်းလာလျှင် မကောင်းဆိုးရွား အငွေ့အသက်များက ပိုမို ပြင်းထန်လာသည်။ လျိုဖေးယွန်နှင့် လျိုချန်းယွီတို့ပင် မကောင်းဆိုးဝါး စိတ်များ ဖြစ်ပေါ်လာကြသည်။ သူတို့က လောလောလတ်လတ် မိသားစုများကို ဆုံးရှုံးခံထားရရာ အမုန်းတရားက လွန်စွာ ကြီးမားနေသည်။ ထိုသို့သော အနှုတ်သဘော ဆောင်သော စိတ်က မကောင်းဆိုးဝါး စိတ်ကို အလွယ်တကူ ဖြစ်စေနိုင်သည်။

ဤသည်ကိုမြင်လျှင် ဟွာချင်းချင်းက ရှေ့ကို တက်လာကာ မြေပြင်တွင် ထိုင်ချလိုက်သည်။ သူမ၏ ကု့ချင်းဝိညာဉ် ပေါ်လာလျှင် စတင်၍ တီးခတ်သည်။

ဂီတသံစဉ်က လွန်စွာ သန့်စင်လွန်းရကား သူတို့၏ ဝိညာဉ်ကိုပင်လျှင် သန့်စင်စေကာ မကောင်းသော စိတ်အတွေးများအား ဖယ်ရှားနိုင်သည်။ သူမထံ ပြေးဝင်လာသူများ အားလုံး ရပ်တန့်လိုက်ကြသည်။

အရှေ့ဆုံးမှ အဟံနှင့် ချင်းရွှီဘုရားကျောင်းမှ ကိုယ်တော်များက ရပ်ကာ နောက်ဘက်ကို လှည့်ကြည့်ကြသည်။ စိတ်ထား သန့်စင်သော သူများသာ မကောင်းသော အငွေ့အသက်များ ဖုံးလွှမ်းခြင်းမှ ကာကွယ်နိုင်ပေသည်။ ဟွာချင်းချင်းက ထိုသို့သောသူ ဖြစ်ရပေမည်။

သန့်စင်သော သံစဉ်က ထွက်ပေါ်လာလျှင် လူတချို့၏ အသိစိတ်များက ပြန်လည် ဝင်ရောက်လာသည်။ သို့သော် အတော်များများက အသိစိတ်မဝင်ရာ တိုက်ခိုက်မှုများက ဆက်ရှိနေသည်။

ချင်လီက လျိုဖေးယွန်နှင့် လျိုချန်းယွီအား ကြည့်သည်။ သူတို့၏ လူသတ်လိုသော မျက်လုံးများကို မြင်လျှင် သူက ရယ်မောလိုက်သည်…“မင်းတို့ကငါ့ကို သတ်ချင်တာလား…”

“ချင်းချင်းက သနားတတ်တယ်…ဒါပေမဲ့ မကောင်းဆိုးဝါးစိတ် လွှမ်းမိုးတာ ခံရတဲ့လူတွေက ဒီလောက် သနားစရာ မကောင်းဘူး…ဘာလို့ သူတို့ကို ကယ်တာလဲ…” ချင်လီက ဟွာချင်းချင်းအား ကြည့်သည်။

“မကောင်းတဲ့ လူတွေမှာပဲ မကောင်းတဲ့ စိတ်တွေ မွေးဖွားလာတာ… သူတို့ကို ကယ်စရာမလိုဘူး..” ချီဟောင်ကလည်း ပြောသည်။

“ငါ့မှာ မင်းအတွက် မေးခွန်းတစ်ခု ရှိတယ်…” ရီဖူရှင်းက ရှေ့ကို တိုးသွားသည်။ အခြေအနေက အနည်းငယ် ရှုပ်ထွေးနေသည်။ ယခုကား ချင်လီက လစန္ဒာကလန်ဘက်တွင် ရှိနေသည်။

“ဘာမေးခွန်းလဲ…” ချင်လီက နှာခေါင်းရှုံ့ကာ မေးသည်။

ရီဖူရှင်းက ချင်လီနှင့် မလှမ်းမကမ်းတွင် ရပ်ကာ ပြုံးလိုက်သည်…“မင်းက ဘယ်တော့မှ နောင်တမရဘူးလား…. သေတော့မယ် ဆိုရင်တောင်မှလေ…”

ချင်လီက မျက်မှောင်ကြုတ် လိုက်သည်။ သူ၏ ထက်ရှသော မျက်လုံးများက ရီဖူရှင်းကို စိုက်ကြည့်နေသည်။ ထိုအချိန်တွင် ကြမ်းတမ်းသော ကိုယ်ရောင်ကိုယ်ဝါက ရီဖူရှင်းထံမှ ထွက်ပေါ်လာသည်။ သူက ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားကာ လေထဲကိုကို မြားတစ်စင်းအလား ထိုးတက်သွားသည်။

ဝုန်း…ချင်လီ၏ ကိုယ်ရောင်ကိုယ်ဝါလည်း ထွက်ပေါ်လာသည်။ ထို့နောက် နတ်လူဝံနှင့် နဂါးတို့၏ အော်ဟစ်သံနှင့်အတူ တန်ချိန် ထောင်ပေါင်းများစွာ လေးလံသော နှင်တံတစ်ချောင်း ကောင်းကင်မှ ဆင်းသက်လာသည်ကို မြင်သည်။ ထိုအရာက အရာအားလုံးကို ထက်ခြမ်း ခွဲတော့မည့်ဟန် ရှိနေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset