Switch Mode

အပိုင်း (၃၄၄)

ကောင်းကင်တောင်ပေါ်မှ တစ်စုံတစ်ယောက်

ကောင်းကင်တောင်တွင် ခေါင်းလောင်းသံ မြည်သည်။ အရှေ့မြေရိုင်း ဒေသမှ စွမ်းအားမြင့် တန်ခိုးရှင်များ အားလုံးက တောင်ပေါ်ကို တက်ရန် ချူမြို့တွင် လာရောက် စုစည်းကြသည်။ ချင်ယွီပြောခဲ့သော စကားမှာ ရီဖူရှင်းအတွက် ထောင်ချောက် တစ်ခုဖြစ်သည်။ အရှေ့မြေရိုင်း ဒေသကား လွန်စွာ ကျယ်ပြောသည်။ ကောင်းကင် တောင်တွင် တစ်စုံတစ်ယောက်က ရီဖူရှင်းအား သတ်နိုင်ရန် အခွင့်အရေး ရှိပေသည်။

အရှေ့မြေရိုင်း ဒေသ၏ တန်ခိုးရှင်များ အများစုမှာ အတူတူဖြစ်သည်။ ထိပ်သီး အင်အားစု၏ တပည့်ဖြစ်ရန် သို့မဟုတ် ချင်ပြည်ထောင်မှ မင်းသမီးအား လက်ထပ်ခွင့်ရရန်မှာ လွန်စွာ ရှားပါးလှပေသည်။ အန္တရာယ်ရှိသည့်တိုင် သူတို့က ထိုအခွင့်အရေးအား အသုံးချကာ သူတို့၏ အဆင့်အတန်းကို မြှင်တင်နိုင်ပေသည်။

လူသားများကား အရှုပ်ထွေးဆုံးသော ဖြစ်တည်မှုပင်။ ထိုလူများ တောင်ပေါ်တွင် ဘာတွေ ကြုံတွေ့ရမည်ကို မည်သူမှ မခန့်မှန်းနိုင်ပေ။ ချင်ယွီက ဤနေရာတွင် နေခြင်းက ခြိမ်းခြောက်မှု တစ်ခုဖြစ်သည်။ ထိုအရာက ချင်ပြည်ထောင်၏ ဟန်ပန်လည်းဖြစ်သည်။

သို့သော် ကော့တေးက ထိုသို့ မဟုတ်ပေ။

ချင်ယွီနှင့် ချင်လီ၏ နောက်ကျောကို ကြည့်နေသော ရီဖူရှင်း၏ မျက်လုံးများကလည်း လူသတ်လိုသော အငွေ့အသက်များ ဖုံးလွှမ်းနေသည်။ သူကလည်း အခွင့်အရေးရလျှင် သူတို့အား သက်ညှာခြင်း မရှိဘဲ သတ်မည်ဖြစ်သည်။ ပတ်ဝန်းကျင်မှ လူများက ထိပ်သီးအင်အားစု နှစ်ခု၏ ရင်ဆိုင် ပြောဆိုမှုများကို ကြားကြရသည်။ ချင်ပြည်ထောင်က ကော့တေးအား အနိုင်ယူရန် ယုံကြည်ချက် မရှိသည်ကို လူအများက သိကြသည်။ မဟုတ်လျှင် ချင်ယွီက နောက်ဆုတ် သွားမည် မဟုတ်ပေ။

“သွားစို့….” ကျူးကော့ဟွေက ပြောသည်။ သူတို့အုပ်စု ခေါင်းညိတ်ကာ လေထက်ကို တက်ပြီး အရှေ့မြေရိုင်း ဒေသ၏ နာမည် အကျော်ကြား ဆုံးသော တောင်သို့ ခရီးဆက် လာကြသည်။

မကြာမီ ချူမြို့မှ စွမ်းအားမြင့် တန်ခိုးရှင်များ ကလည်း စတင်၍ ထွက်ခွာကြသည်။ ကောင်းကင်နှင့် မြေပြင်မှ မရေမတွက်နိုင်သော တခိုးရှင်များက ကြောက်မက်ဖွယ် စစ်တပ်တစ်တပ် ချီတက်သည်နှင့်ပင် တူနေသည်။

နဂါးနက်က လေထဲ ပျံဝဲနေသည်။ ကျူးကော့ဟွေ၊ ဂူတုံးလျိုနှင့် တခြားလူများ အားလုံးက နဂါးနက်၏ ကျောပေါ်တွင် ဖြစ်သည်။ သူတို့က တောင်နှင့် နီးကပ်လာသည်နှင့် နဂါးနက်က ရုတ်တရက် ဟိန်းဟောက်ကာ အောက်ကို ဆင်းသည်။

တောင်နှင့် တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ သူတို့၏ စိတ်အသိအား လာရောက်ကာ ထိန်းချုပ် ကန့်သတ်မှုက ပိုမို အားကောင်းလာသည်။ တောင်ပေါ်မှ လူအများ၏ စိတ်အသိအား လာရောက် ဖိအားပေးသော မိစ္ဆာစိတ်အင်အားက ပိုမို အားကောင်းလာသည်ကို သူတို့ ခံစားရသည်။

ရုတ်တရက် ထိုနေရာက နှင်းများကျလာကာ လေထုက အေးစက်သွားသည်။ နဂါးနက်က တောင်ခြေတွင် ဆင်းသက်လိုက်သည်။ မရေမတွက်နိုင်သော လူများကား နှင်းမြေပေါ်တွင် ရပ်ကာ ထိုနေရာတွင် ရောက်နေကြပြီး ဖြစ်သည်။

“အဲဒီတုန်းက မိစ္ဆာငှက်က ဘယ်အဆင့်ကို ရောက်ပြီလဲ မသိဘူး….” လျိုဖန်းက တိတ်ဆိတ်စွာ ရေရွတ်သည်။ သူကလည်း မမြင်ရသော အားလှိုင်းကို ခံစားရသည်။ တောင်ခြေတွင် ရပ်နေလျက်ကပင် တောင်တစ်ခုလုံးက သူတို့အား လာဖိကာ အကျဉ်းချ ထားတော့မည့်အလား ခံစားရသည်။ ထိုအရာက ဧကရာဇ်များ၏ စိတ်အသိ စွမ်းအားများလား။

“ရှေးဟောင်းစာအုပ် တချို့မှာတော့ အမှောင်ခေတ်မှာ ရှီတန်ခိုးရှင်တွေ ရှိခဲ့တယ်တဲ့…. သူတို့အားလုံးက မိစ္ဆာငှက်ရဲ့ ဝါးမျိုမှုကို ခံခဲ့ကြရတယ်… ဒါကြောင့် မိစ္ဆာငှက်ကလည်း အဲဒီအဆင့်မှာ ရှိမှာပဲ….” ဂူတုံးလျိုက ကောက်ချက်ချသည်။

“ဒီလို အတားအဆီး အားလှိုင်းနဲ့ ငါတို့ရဲ့ တန်ခိုးအဆင့်နဲ့ဆို အပေါ်ကို တက်ဖို့ အရမ်း ခက်လိမ့်မယ်….” ကျူးကော့ဟွေက သက်ပြင်းချသည်။ တောင်ပေါ်သို့ တက်ရန် ထိုလူက လွန်ခဲ့သော ရာစုနှစ် အနည်းငယ်က ဧကရာဇ်တို့၏ တန်ခိုးအဆင့်ထက် မြင့်ခြင်း သို့မဟုတ် အတားအဆီး အားကို သိပ်မသက်ရောက် စေသော အလွန်အမင်း တန်ခိုးအဆင့် နိမ့်ခြင်းကသာ အဆင်ပြေပေသည်။

တန်ခိုး အဆင့်နိမ့်သူများက ထိုအတားအဆီး အားလှိုင်းကို သိပ်မခံစားရပေ။ ထိုစိတ်အင်အားက တောင်ကုန်းထဲတွင် ရှိနေခြင်းဖြစ်သည်။ တန်ခိုး အဆင့်မြင့်လေလေ သူက ထိုစိတ်အင်အားကို ခံစားမိလေလေဖြစ်ရာ သူ့အား လာရောက် သက်ရောက်သော အတားအဆီးအားက ပိုများလေလေ ဖြစ်သည်။ တစ်စုံတစ်ယောက်က တစ်ခါမှ တန်ခိုးလေ့ကျင့်ဖူးခြင်း မရှိလျှင် သူက ဘာမှ ခံစားရမည် မဟုတ်ပေ။

တောင်ပေါ်ခြေတွင်ကား  ယခင်နှစ် ရာစုနှစ်များစွာ ကတည်းက ရှိနေဟန်ရသော တောင်တက်လမ်း တစ်ခု ရှိသည်။

ထိုတစ်ချိန်တွင် လူတစ်စုက တောင်တက် လမ်းပေါ်သို့ လျှောက်သွားကြသည်။ သူတို့က ချင်းရွှီ ဘုရားကျောင်းမှ ဘုန်းတော်ကြီးများ ဖြစ်ကြသည်။ ရီဖူရှင်း သိသော အဟံလည်း ထိုအုပ်စုထဲတွင် ရှိသည်။ သိသာစွာပင် သူတို့က ချင်းရွှီဘုရားကျောင်းမှ စွမ်းအားမြင့် တန်ခိုးရှင်များ ဖြစ်ကြသည်။

ဗုဒ္ဓစွမ်းအင်က သူတို့အား မိစ္ဆာစွမ်းအင်ကို သက်ရောက်ခြင်းမှ ကာကွယ်ပေးသည်။ ကောင်းကင်တောင်မှ ခေါင်းလောင်းသံ မြည်ခဲ့သည်။ တစ်စုံတစ်ယောက်က တောင်ပေါ်ကို တက်နိုင်သည် ဆိုပါက ထိုလူက ချင်းရွှီ ဘုရားကျောင်းမှ ဖြစ်ရပေမည်။ မည်သို့ဆိုစေ သူတို့ကား ကောင်းကင်တောင်နှင့် အနီးဆုံး အင်အားစု ဖြစ်ပေသည်။

နောက်ထပ် တစ်အုပ်စုက တောင်တက်လမ်း အတိုင်း တက်သည်။ သူတို့က မှော်ကလန်မှ ဖြစ်ပေသည်။

ရီဖူရှင်းက တောင်ပေါ်ကို လှမ်းကြည့်သော်လည်း တောင်ထိပ်ကို မမြင်ရပေ။ ထိုအရာက တောင်ထိပ်က ကောင်းကင်နှင့် ပူးကပ်နေသည့် အလားပင်။ သူ၏ တန်ခိုးအဆင့်က သိပ်မမြင့်သော်လည်း သူက တောင်ပေါ်မှ လာသော အတားအဆီး အားလှိုင်းကို ခံစားရသည်။ မမြင်ရသော အင်အားက သူ၏ စိတ်အသိအား လာရောက် ဖိအားပေးနေသည်။ တောင်ပေါ်ကို တက်လေလေ ထိုဖိအားက ပိုအားကောင်းလေလေ ဖြစ်ပေမည်။ ထိုဖိအားအောက်တွင် သူတို့က တောင်ပေါ်ကို တက်ရန် လွန်စွာ ခက်ခဲပေမည်။

ဤနေရာတွင် စုစည်းနေသော လူများက တွေးထင်ကြသည်မှာ ခေါင်းလောင်းသံက ဧကရာဇ်များ၏ ခေါ်သံဟူ၏။ မဟုတ်လျှင် သူတို့ ရောက်လာမည် မဟုတ်ပေ။ ယခင် မျိုးဆက်များကလည်း ကြိုးစားဖူးကြသည်။

ထိုအခိုက်တွင် လူအများက တောင်ပေါ်သို့ တဖြည်းဖြည်း တက်နေကြသည်။

“မင်းတို့က သွားမှာမလား မသွားဘူးလား… ဘာလို့ ငါတို့ကို ကြည့်နေတာလဲ….” ထိုအခိုက်တွင် မိုရှီက လှည့်ကြည့်လျှင် ဖူယွန်ဓားကလန်မှ လူများကို မြင်သည်။ ကော့တေးနှင့် ဓားသခင်တောင်က တစ်ပြိုင်နက်တည်း ရောက်ရှိ လာခြင်းက ဖူယွန်ဓားကလန်၏ အာရုံကို ဆွဲဆောင်စေသည်။

ဖူယွန်ဓားကလန်၏ ခေါင်းဆောင်လည်း ပါလာသည်။ ရီဝူချင်းအား ကြည့်လျက် သူက ပြောသည်… “ကော့တေးက ဖူယွန် ဓားကလန်က စွန့်ပစ်လိုက်တဲ့ လူကိုလည်း လက်ခံတာပဲလား…”

ကျောင်းတော်မှ တောင်ကုန်း အကြီးအကဲများက သူ့အား ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် ကျူးကော့ဟွေက ပြုံးလျက် ပြောသည်… “ရှင်က အသက်လည်း မငယ်တော့ဘူး…. ဘာလို့ ပါးစပ်မပိတ် သေးတာလဲ…. ဒါက အနောက်ဘက် နယ်မြေ ဖြစ်တယ်… ရှင့်ရဲ့ ပါးစပ်က စည်းကမ်းမရှိရင် နောင်တ ရလိမ့်မယ်….”

ဖူယွန် ဓားကလန်၏ ခေါင်းဆောင် အေးစက်သွားသည်။ ထိုအရာက ခြိမ်းခြောက်မှု တစ်ခုလား။

“ဟာသပဲ…” သူက အေးစက်စွာ ပြောကာ လှည့်ထွက် သွားသည်။ ဖူယွန် ဓားကလန်က ရှေ့ကို ဆက်လျှောက် သွားကြသည်။ ဤနေရာက ဓားသခင်၏ နယ်မြေဖြစ်ရာ သူက အချိန်မရွေး ရောက်လာနိုင်ပေသည်။ ဖူယွန် ဓားကလန်က ပိုမိုအင်အား နည်းပေသည်။ သို့သော်လည်း ဓားသခင်က ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန် နှစ်ခုလုံးကို ရင်ဆိုင်နိုင်မည် မဟုတ်ဟု သူယူဆသည်။ အကယ်၍ ကော့တေးက တိုက်ခိုက်ရဲလျှင် ထိုအင်အားစုနှစ်ခုက ဘေးမှ ရပ်ကြည့်နေမည် မဟုတ်ပေ။

သူ့ဘေးမှ ကျဲဆွန်နှင့် ချီဟောင်တို့ကလည်း ကော့တေးအား အေးစက်စွာ ကြည့်ကြသည်။

ရီဖူရှင်းတို့ အုပ်စုက ထိုနေရာတွင်သာ ရပ်နေသည်။ မကြာမီ ဖူယွန်ဓားကလန်၊ တော်ဝင် ချန်ကျောင်းတော်၊ ဒွန်ဟွာကလန်နှင့် တော်ဝင် ချန်ကျောင်းတော်တို့ အားလုံး စုစည်းမိကြသည်။ ထိုအင်အားစုများ အားလုံးက ချင်ပြည်ထောင်နှင့် မဟာမိတ်ပြုကြောင်း တရားဝင် ထုတ်ဖော်ထားသည်။ ဓားသခင်ကြောင့် သူတို့က သိပ်မလှုပ်ရှား ရဲကြပေ။ ယခု သူတို့က ချင်ပြည်ထောင်နှင့် ပိုမိုနီးစပ် နေပြီဖြစ်သည်။ ကော့တေးက လက်စားချေမည်ကို သူတို့ စိုးရိမ်နေသည်။

“အပေါ်ကို တက်ရအောင်…” ကျူးကော့ဟွေက ထိုသို့ပြောကာ ရှေ့ကို လျှောက်သွားလိုက်သည်။

ဒေါင်….။ ရုတ်တရက် တောင်ပေါ်မှ ခေါင်းလောင်းသံက ကြောက်မက်ဖွယ် အသံလှိုင်း တစ်ခုနှင့်အတူ ဆင်းသက် လာသည်။ ပိုမိုသော နှင်းပွင့်များ ကျဆင်း လာသည်။ လူတိုင်းက သူတို့၏ မျက်လုံးများကို မှိတ်လိုက်ကြသည်။

ထိုအသံကို ကြားခြင်းက သူတို့၏ နှလုံးသားအား ပြင်းထန်စွာ တုန်ခါမှုကို ခံစားရသည်။ သူတို့အားလုံး၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါ၏။ တချို့က ပါးစပ်မှ သွေးများ စီးကျလာကြသည်။

ကော့တေးမှ ဒုတိယ တပည့်နှင့် တတိယ တပည့်တို့ အားလုံး ပါးစပ်မှ သွေးများ စီးကျလာသည်။ ကျူးကော့ဟွေ ဒဏ်ရာရသည်ကို မြင်လျှင် ဂူတုံးလျိုက ထက်ရှသော မျက်လုံးဖြင့် တောင်ပေါ်ကို ဖြတ်ခနဲ လှမ်းကြည့်သည်။

ရွှီယီ၊ လျိုဖန်း၊ တောင်ကုန်း အကြီအကဲများနှင့် ကျောင်းတော်မှ အဆင့်မြင့် နိုဘယ်များ အားလုံး ဒဏ်ရာရကြသည်။

“အစ်ကိုသုံး… အစ်မနှစ်….” ရီဖူရှင်းက ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်ရသည်။ ခေါင်းလောင်းသံ တစ်ခုက မရေမတွက်နိုင်သော လူများကို ဒဏ်ရာရစေသည်။ ချင်ယွီ၊ သခင်မယွီရှောင်၊ လုနန်ထျန်းနှင့် ဖူယွန်ဓားကလန် ခေါင်းဆောင်တို့အားလုံး ဒဏ်ရာ ရကြသည်။ စွမ်းအားမြင့်လေလေ ဒဏ်ရာပြင်းလေလေ ဖြစ်သည်။

ရီဖူရှင်းကလည်း သူ့ထံ ဆင်းသက်လာသော အတားအဆီး စွမ်းအားကို ခံစားမိသော်လည်း သိပ်အားကောင်းခြင်း မရှိပေ။ သူ၏ ခန္ဓာကိုယ်က အနည်းငယ် လေးလံကာ ထက်ရှသော စိတ်အသိတစ်ခု သူ့ထံ ထွင်းဖောက် လာသည်ကိုသာ ခံစားရသည်။

နှင်းများက ကျဆင်းနေဆဲ ဖြစ်သည်။ လေထုက ပိုမို သိပ်သည်းလာသည်။ ခေါင်းလောင်းသံ တစ်ချက်က အရှေ့မြေရိုင်း ဒေသမှ နာမည်ကျော် တန်ခိုးရှင် များစွာကို ဒဏ်ရာရစေသည်။

ထိုအသံက အမှန်ပင် ဧကရာဇ်များ၏ ခေါ်သံလား။ ကောင်းကင်တောင်တွင် ဘာဖြစ်နေသနည်း။ ခေါင်းလောင်းသံက ဘယ်က လာသနည်း။

တိတ်ဆိတ်စွာပင် လူတိုင်းက တောင်ပေါ်ကို မော့ကြည့်ကြသည်။ ထိုမြင့်မားလှသော တောင်ကို တက်ရန် ဖြစ်နိုင်ပါသလော။ တောင်က တိမ်များကိုပင် ထွင်းဖောက်ကာ ကောင်းကင်သို့ ထိုးတက်နေသည်။ တောင်ထိပ်တွင် နှင်းများက ပိုမို ထူထပ်နေကာ ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရပေ။

ထိုအခိုက်တွင် တောင်ထိပ်ပေါ်တွင် လူတစ်ယောက်က မတ်တတ်ရပ်နေကာ ထိုအရာများ အားလုံးကို တိတ်ဆိတ်စွာ ကြည့်နေသည်။ လူအများက ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်က တောင်ထိပ်ကို ရောက်ရှိနေသည်။

နှင်းထုထဲတွင် ထိုလူ၏ တည်ရှိမှုက လွန်စွာ အထီးကျန်ဆန်ဟန် ရသည်။

သူက ဘူးသီးခြောက် တစ်လုံးကို ထုတ်ကာ ဝိုင်အနည်းငယ်ကို မော့သောက် လိုက်သည်။ ထို့နောက် သူက ဝိုင်အနည်းငယ်ကို နှင်းမြေပြင်သို့ ထွေးထုတ်လိုက်၏။

ထိုအရာက သူက လောကတွင် သူတစ်ယောက်တည်း ရှိနေသည့်အလားပင်။

***

Comment

Leave a Reply

Options

not work with dark mode
Reset